← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

101 01

Chapter 101 အစ်ကိုရောက်နေတယ်။

ချန်းအန်အင်တာနေရှင်နယ်ဥက္ကဌရဲ့ မျက်နှာဟာ သိပ်မကောင်းတော့ဘူး။ သူ တစ်ခုခုပြောဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ သူ့ဘေးက လူဟာ အင်္ကျီလက်ကို ဆွဲပြီး တိုးတိုးလေး ကပ်ပြောတယ်။

မကြာဘူး။ ဥက္ကဌကြီးရဲ့ မျက်နှာဟာ အပြုံးတစ်ပွင့် ပြန်ပေါ်လာပြီး အရင်ကထက် စာရင် ရိုးရိုးသားသား ဖြစ်နေတယ်။

“ကြည့်ပါဦး။ ငါ ခုဏက ဝိုင်တွေ အများကြီးသောက်ပြီး နည်းနည်းမူးနေတာ ငါတောင်းပန်တယ် ဥက္ကဌရှန်” သူ အပြုံးနဲ့ လက်ခံ ပေးလိုက်တယ်။ “ဥက္ကဌရှန် ကိုယ့်ဟာကိုယ် ပေါ့ပေါ့ပါးပါးနေဦး။ ငါ သွားပြီး သောက်လိုက်ဦးမယ်”

ပွဲကို ကြည့်နေတဲ့လူတွေဟာ နည်းနည်း စိတ်ပျက်သွားကြတယ်။

ဥက္ကဌကြီးရဲ့ အကျင့်စရိုက်အရဆို သူ မျက်နှာ ပျက်ရတာမို့ ရှန်ရန်ချင်းကို ကျိန်းသေပေါက် အရှက်ခွဲလိမ့်မယ်လို့ ထင်ထားတာ။

မမျှော်လင့်ထားစွာဘဲ သူဟာ စိတ်ပျက်ပျက်နဲ့ ထွက်သွားတယ်။

ဒါဟာ တကယ် ဥက္ကဌကြီးရဲ့ပုံစံ မဟုတ်ဘူး။

ဒါပေမဲ့ ထပ်တွေးကြည့်လိုက်တော့ ဒီနေ့က ဥက္ကဌကြီးရဲ့ မွေးနေ့ပွဲလေ။ သူ ဘာပြဿနာမှ မတက်စေချင်တာလည်း ဖြစ်လောက်မယ်။ ဘာပဲ ဖြစ်ဖြစ် ရှန်ရန်ချင်းဟာ သွားရှုပ်လို့ရတဲ့လူ မဟုတ်ဘူးလေ။

ချန်းအန်နဲ့ ဟွားရှန်အတူ လက်တွဲလုပ်နေတာကို ခဏဖယ်ထားဦး။ တကယ်လို့ သူတို့စီးပွားရေးဆက်နွယ်မှုကို ဖယ်ထားမယ်ဆိုရင်တောင်မှ သူတို့ခွာပြဲသွားရင် ချန်းအန်အတွက် ဘာကောင်းကျိုးမှ ရှိမှာ မဟုတ်ဘူး။

ဟွားရှန်ရဲ့ အခုလက်ရှိ အခြေအနေအရ ချန်းအန်က ကိုင်တွယ် နိုင်လောက်ပါတယ်။ ဒါပေမဲ့ ရှန်ရန်ချင်းမှာက ဟွားရှန်ထက် ပိုတာတွေ ရှိ‌တယ်။

နိုင်ငံထဲ ရှန်ရန်ချင်း စီးပွားရေးလောကထဲ ‌စခြေကုပ်မိကတည်းက လူအများအပြားဟာ သူ့ရဲ့ တခြားသရုပ်မှန်ကို တကယ်ကြီး မေ့သွားကြပြီ။

လူတိုင်းဟာ သူက ဟွားရှန်အဖွဲ့အစည်းရဲ့ ဥက္ကဌလို့ပဲ မှတ်မိကြတော့တာ။ ဒါပေမဲ့ သူဟာ ဟိုက်မြို့မှာရှိတဲ့ ရှန်မိသားစုရဲ့ တစ်ဦးတည်းသောသား ဆိုတာကိုတော့ မေ့သွားကြတယ်။

သူဟာ သာမန်လူချမ်းသာ ဒုတိယမျိုးဆက် ဆက်ခံသူတွေနဲ့ ကွာခြားတယ်။ သူ့မိသားစုဟာ ချမ်းသာလွန်းအားကြီးလို့ ပိုက်ဆံကို သုံးချင်တိုင်းသုံးနေကြတဲ့ အနည်းငယ်ချမ်းသာတဲ့ လူချမ်းသာတွေနဲ့ လုံး၀ မတူညီတဲ့အဆင့်မှာ ရှိတယ်။

ရှင်းရှင်းပြောရရင် ဟွားရှန်အဖွဲ့အစည်း ဒေ၀ါလီ ခံလိုက်ရရင်တောင် ရှန်ကော်ပိုရေးရှင်းက သူပြန်လာတာကို အဆင့်သင့် စောင့်နေမှာ။

ရှန်မိသားစုဟာ နက်နဲပြီး သိုဝှက်တယ်။ ဒါပေမဲ့လည်း သူတို့ ထုတ်ဖော်ပြထားတဲ့ ရေခဲတောင်ထိပ်ဟာ တော်တော်လေးပဲ လူတိုင်းကို ချေမှုန်းနိုင်တယ်။

သူတို့ ထွက်သွားတော့ အခုလေးတင် အရမ်းမောက်မာနေမိတဲ့ နန်ကောတစ်ယောက် စိတ်လျှော့ပြီး သက်ပြင်းချလိုက်တယ်။

သူမ ကြောက်ရွံ့စိတ် အနည်းငယ်နဲ့ ရှန်ရန်ချင်းနောက်မှာ ပုန်းနေခဲ့တာ။

ရှန်ရန်ချင်းဟာ ယဉ်ကျေးပြီး ဘာမှ သိပ်ပြောမှာ မဟုတ်ဘူး။ သူမ ကျတော့ မတူဘူးလေ။

ဘာပဲဖြစ်ဖြစ် ဒီကလူတွေ သူမကို သိမှ မသိတာလေ။

နန်ကျဲ့ သူ့အတွင်းရေးမှူးနဲ့အတူ ရောက်လာတဲ့အခါ ချန်းအန်အင်တာနေရှင်နယ်ရဲ့ ဥက္ကဌဟာ သူ့ကိုလည်း အပြုံးနဲ့ နှုတ်ဆက်ပြီး ဝိုင်တစ်ခွက်ကမ်းပေးတယ်။

နန်ကျဲ့ဟာ ပုံမှန်ဆို ဒီလိုပွဲမျိုးမှာ ဘယ်သူ့ကိုမှ မငြင်းတတ်ဘူး။

ဒါပေမဲ့ မနေ့က ချီယန်ဟာ သူ့ကို အများကြီးသောက်မိအောင် လုပ်ထားပြီးပြီ။ သူဟာ မူးဝေနေဆဲ ဖြစ်ပြီး တကယ်ကို ထပ်ပြီး မသောက်နိုင်တော့ဘူး။

“ဟင့်အင်း ကျေးဇူးပဲ။ ဒါပေမဲ့ ဒီနေ့ ကျွန်တော် နေလို့ သိပ်မကောင်းလို့” နန်ကျဲ့ဟာ ဝိုင်ခွက်ကို ပြန်ထားလိုက်တယ်။

ချက်ချင်းဆိုသလိုပဲ ဥက္ကဌကြီးရဲ့ မျက်နှာထားဟာ အေးစက်သွားတယ်။

ဒီနေ့ ဘာဖြစ်နေကြတာလဲ။ သူတို့ ဘာလို့ သူ့ကို မျက်နှာသာ မပေးကြတာလဲဟ။

ချန်းအန်အင်တာနေရှင်နယ်ရဲ့ ဥက္ကဌ သိပ်ပျော်မနေတာကို မြင်တော့ အတွင်းရေးမှူးဟာ အသာချောင်းဟန့်ပြီး နန်ကျဲ့ကို မျက်လုံးနဲ့ အမူအရာပြတယ်။

101 02

နန်ကျဲ့ဟာ သူ့ကို တစ်ချက်ကြည့်ပြီး ဆန့်ကျင်ဘက်က ချန်းအန်ဥက္ကဌကို တစ်ချက် ကြည့်တယ်။ သူဟာ “အာ” လို့ အသံထွက်မိသွားပြီး ဉာဏ်အလင်း ပွင့်သွားတယ်။

ဒါကို မြင်တော့ ချန်းအန်ဥက္ကဌဟာ ကျေနပ်အားရစွာနဲ့ ဝိုင်ခွက်ကို တစ်ဖန် ပြန်ကမ်းပေးတယ်။ မထင်မှတ်ထားဘဲ နန်ကျဲ့က ရုတ်တရက် မေးလာတယ်။ “အော် ဟုတ်သား ဥက္ကဌ၀မ် ရှန်ရန်ချင်းကို တွေ့မိလား”

“ကျွန်တော် သူ့ကို လိုက်ရှာနေတာ ကြာပြီ ဘာလို့ မတွေ့တာလဲ။ သူ ဒီကိုလာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား”

တကယ်လို့ အခြားလူသာဆို ဥက္ကဌကြီး မီးတောက်နေလောက်ပြီဆိုပေမဲ့ တစ်ဖက်လူက နန်ကျဲ့ဖြစ်နေတယ်။

ရှန်မိသားစုနဲ့ ယှဥ်ရင် နန်မိသားစုဟာ တကယ်တော့ နည်းနည်းလေး အင်အားနည်းတယ်။ ဒါပေမဲ့ ရှန်ရန်ချင်းထက် စာရင် သူ နန်ကျဲ့ကို ပိုကြောက်တယ်။

ရှန်ရန်ချင်းက လူကြီးလူကောင်းဆန်လို့ နာမည်ကြီးတာ။ သူ လူမြင်ကွင်းမှာ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူ သူ့ကို လေးစားသမှုရှိဦးမှာပဲ။ သူက ယဉ်ကျေး သိမ်မွေ့တာမို့။

တစ်ဖက်မှာတော့ နန်ကျဲ့။ ဟူး...

ပထမတော့ သူ ဒီကလေးကို အတည်ကြီး မမှတ်ဘူး။ နန်ကျဲ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ အပြုအမူတွေ ဒီအသိုင်းအဝိုင်းထဲ စပျံ့မလာသေးခင်အထိပေါ့။

အခုဆို နန်ကျဲ့ဟာ ထိန်းကွပ်မှု မရှိကြောင်း ဒီအသိုင်းအဝိုင်းမှာ လူသိထင်ရှား အသိအမှတ် ပြုခံထားရပြီ။

ထိန်းကွပ်မှု မရှိဘူးဆိုတာ ယုတ်မာရမ်းကားတာမျိုးကို ဆိုလိုတာ မဟုတ်သလို စီးပွားရေးပရောဂျက်တွေကို ကလေးကစားစရာ လုပ်တာမျိုးကို ဆိုလိုတာလည်း မဟုတ်ဘူး။

ဖြစ်နိုင်တာက သူဟာ ငယ်ငယ်ကတည်းက နန်မိသားစုထဲ အမြဲအာရုံစိုက် ခံခဲ့ရတာမို့ အထူးသဖြင့် ဒီသခင်ငယ်လေးဟာ မောက်မာနေတာ ဖြစ်မယ်။ သူ့ဒေါသက တကယ် နည်းနည်းကြီးတယ်။ သူ ဒေါသထွက်ပြီဆိုရင် သာမန်လူတွေ သူ့ဒေါသကို မငြှိမ်းနိုင်တော့ဘူး။

ဘာပွဲပဲ ဖြစ်ဖြစ်၊ တစ်ဖက်လူက ဘယ်သူပဲ ဖြစ်ဖြစ် သူတို့ သူ့ကို သွားဆွပြီဆို လို့ကတော့ သူဟာ နေရာမှာတင် ချက်ချင်း သူတို့နဲ့ ထချလိမ့်မယ်။ ဘယ်သူမဆို သူ့ကို တားတာက အသုံးမ၀င်ဘူး။

ဒီအသိုင်းအ၀ိုင်းထဲ အဓိပ္ပာယ်မရှိဆုံး ကောလဟလ တစ်ခုကတော့ တစ်နှစ်တုန်းက နန်ကျဲ့ဟာ ဆုပေးပွဲအခမ်းအနားကို တက်ဖို့ ဖိတ်ကြား ခံခဲ့ရဖူးတယ်။ သူ့သရုပ်ဆောင်တွေအတွက် အကြီးစား အခမ်းအနားကြီး ဖြစ်ခဲ့တယ်။

အဆုံးကျတော့ ဘာမှန်းမသိရတဲ့ အကြောင်းတစ်ခုခုကြောင့် ဒါမှမဟုတ် ဖြစ်နိုင်တာက တရားမ၀င်တဲ့ အပေးအယူ တစ်ခုခုကြောင့်လားတော့ မသိဘူး။ သူ့ကုမ္ပဏီက သရုပ်ဆောင်တစ်ယောက် အစက ဆုရမယ်လို့ မျှော်လင့်ထားတဲ့တစ်ယောက်ဟာ ရုတ်တရက် အမည်မသိရတဲ့ အနိမ့်တန်းအနုပညာရှင် တစ်ယောက်ဆီကနေ ကြားဖြတ် ယူခံလိုက်ရတယ်။ အဲဒီအနိမ့်တန်းအနုပညာရှင်ရဲ့ အနောက်မှာ ဖျော်ဖြေရေးလောကရဲ့ အကောင်အကြီးစား ရှိနေခဲ့တာလို့တော့ ပြောကြတယ်။

ပိုဆိုးတာက ဒီအနိမ့်တန်းသရုပ်ဆောင် ဆုယူဖို့ စင်ပေါ်တက်တော့ သူဟာ နန်ကျဲ့ကုမ္ပဏီက သရုပ်ဆောင်ကို မသိမသာ လှောင်သွားသေးတယ်။

နန်ကျဲ့ဟာ ဆုပေးပွဲကို ချက်ချင်းလက်ငင်း တန်းရပ်ပြီး တုံ့ဆိုင်းခြင်းမရှိ အရေခွံနွှာဖို့ စင်ပေါ်ကို တက်သွားတယ်။

Deonle Mesent ရဲ့ ပြောပုံအရတော့ အဲဒီနေ့က မြင်ကွင်းဟာ မျောက်ဘုရင် ကောင်းကင်ဘုံမှာ တစ်စစီ ဖျက်စီးနေသလိုပဲတဲ့။ ပွဲစီစဉ်တဲ့သူဆို နေရာမှာတင် ဒူးထောက် ကျသွားချင်တဲ့အထိပဲတဲ့။

ဒါကြောင့် သူ ဒီကမူးရှူးထိုး လူငယ်လေးကို ဆွမဲ့အစား ရှန်ရန်ချင်းကိုသာ ဆွရင်ဆွလိုက်မယ်။

“ဥက္ကဌရှန်” ဥက္ကဌ၀မ်ဟာ အတင်းလုပ် ပြုံးလိုက်တယ်။ “ဥက္ကဌနန်လည်း သူ့ကို သိတာလား။ အရင်က ကုမ္ပဏီ၂ခု အတူတူတွဲလုပ်တယ်လို့ ငါ မကြားမိပါဘူး ပရောဂျက်အသစ်များ ရှိလို့လား။ ငါရော ပါလို့ ရလား”

သူ ဒီအကြောင်း တွေးကြည့်လိုက်တယ်။ ဟိုက်မြို့က ရှန်မိသားစုနဲ့ ကျန်းမြို့က နန်မိသားစုဟာ ပြီးခဲ့နှစ်တွေထဲ သိပ်ပြီးအဆက်ဆံ မရှိကြသလိုပါဘဲ။

ဒါကို ကြားတော့ နန်ကျဲ့ဟာ အကြည့်ကို ဝေးဝေး ပြန်ရုတ်ပြီး ပြုံးကာ ပုခုံးတွန့်ပြတယ်။ “ကျွန်တော်တို့ အချင်းချင်း မရင်းနှီးပါဘူး။ ဒါပေမဲ့ လုပ်ငန်းအနေနဲ့ကတော့...သိပ်မကြာခင်မှာ ရေရှည်ပရောဂျက်တစ်ခု ဆွေးနွေးဖို့ ရှိလာနိုင်တယ်”

“ဒါပေမဲ့ ကျွန်တော်တို့ မိသားစုတွေပဲ ပါဝင်ပတ်သက်လို့ ရပါတယ်။ ဆောရီးပဲ ဥက္ကဌ၀မ် ဒီပရောဂျက်ကိုတော့ ခင်ဗျားပါလို့ မရဘူး”

“ဟမ်” ဥက္ကဌ၀မ်ဟာ သိလိုစိတ်နဲ့ မေးတယ်။

101 03

နန်ကျဲ့ဟာ လက်စွပ်ကို လှည့်ပြီး လှောင်သံ နည်းနည်းပါတဲ့ လေးတေးတေးလေသံနဲ့ ပြောလိုက်တယ်။ “ဟူး အခုတလော ရှန်ရန်ချင်း ကျွန်တော့်ညီမကို လိုက်နေတာ။ သူတို့နှစ်ယောက် ချစ်နေကြတာ ရှန်ရန်ချင်းက သေချာပေါက် သင့်တော်တဲ့လူပါ။ ကျွန်တော့်ညီမလေးအတွက် သူက ကောင်းမွန်တယ်လို့ ယူဆတယ်”

“ရှန်ရန်ချင်းလည်း ဒီနေ့ပွဲတက်မယ် ကြားတော့ ကျွန်တော် သူနဲ့ စကားပြောချင်လို့”

“ခဏလေး နေဦး” ဥက္ကဌကြီးဟာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တယ်။ ရှန်ရန်ချင်းက အရမ်းနာမည်ကြီးတယ်ဆိုတာ သူသိတယ်။ စီနီယာတွေအများကြီးက သူ့ကို သူတို့သမက် ဖြစ်လာဖို့ မျှော်လင့်နေကြတာ။

ဒါပေမဲ့ နှစ်တွေ အများကြီး ကြာလည်း ဘယ်သူပဲ လာပြောပြော ရှန်ရန်ချင်းဟာ အဆုံးမှာ သူတို့ကို အမြဲငြင်းလွှတ်ခဲ့တယ်။

နန်မိသားစုမှာ မင်းသမီးငယ်လေး ရှိတယ်ဆိုတာ ဒီအသိုင်းအဝိုင်းမှာ လျှို့ဝှက်ချက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမက လူမြင်ကွင်းကို တစ်ခါမှ မလာသလောက်ဘဲ။

နန်ကျဲ့လည်း သူ့ညီမကို ရှန်ရန်ချင်းနဲ့ အတူဖြစ်စေချင်တယ်။ ဒါက ပုံမှန်ပါပဲ။

ဒါပေမဲ့ ရှန်ရန်ချင်းဘက်ကနေစပြီး သူ့ညီမကို လိုက်တယ်လို့ နန်ကျဲ့ပြောတာကတော့ မှားနေသလို ခံစားရတယ်။ ဒါက နည်းနည်း မယုံကြည်နိုင်စရာဘဲ။

“ဘာဖြစ်လို့လဲ”

ဥက္ကဌ၀မ်ကြည့်ရတာ ပွဲကို နှစ်သက်နေပုံရတယ်။ “ဥက္ကဌရှန် ဒီနေ့ မိန်းကလေးအဖော် ခေါ်လာတယ်။ သူတို့နှစ်ယောက် လက်ချင်း ချိတ်ပြီး လာတာ”

“အော် ဟုတ်သားပဲ ငါ ခုဏကတင် မေးလိုက်သေးတယ်။ ဥက္ကဌရှန်က သူ့ကောင်မလေးလို့ ၀န်ခံတယ်။ ပြီးတော့ သူ့ကောင်မလေးက ငယ်သေးတယ် နာမည်က ဘာပါလိမ့်။ ကောဆိုလား တစ်ခုခုပဲ”

“ဟူး ကြည့်ရတာ မင်းညီမအတွက် အခွင့်အရေး မရှိတော့ဘူး ထင်တယ်” သူ မျှော်လင့်ထားတဲ့အတိုင်းပဲ နန်ကျဲ့ရဲ့ မျက်နှာဟာ မဲမှောင်သွားတယ်။

ဒါပေမဲ့ နန်ကျဲ့မျက်နှာထားက ဖော်ပြလို့မရအောင် ထူးဆန်းနေတယ်။

သူ့ကြည့်ရတာ သူလှည့်စားခံရတယ်လို့ ခံစားနေရပုံ မပေါ်ဘူး။ အဲဒီအစား ၁၀နှစ်လောက် သူ ဂရုတစိုက်နဲ့ ပျိုးထောင်ပြီး ဖွက်ထားတဲ့ ဂေါ်ဖီထုပ်လေး တစ်ထုပ် အခိုးခံရတာကို သိသွားသလိုမျိုး။ သူဟာ ဒေါသထွက်ပြီး ၀မ်းနည်းနေခဲ့တာ...။

******

All Chapters