အခန်း ၁၁၅
Vol. 12 Ch. 115
115 01
Chapter 115 အကြံအစည်တွေချည်းပဲ။
“ထင်တာပဲ”
ရှန်ရန်ချင်း ၀န်မခံချင်ဘူးဆိုရင်တောင်မှ သူ လိမ်လို့ မရဘူး။
“အဲဒီတော့ ဘာကြောင့် ဖြစ်ကြတာလဲ” နန်ကောဟာ နားမလည်ဘူး။ရှန်ရန်ချင်းရဲ့ အကျင့်စရိုက်နဲ့ ဘယ်လိုလုပ် သူ တစ်ယောက်ယောက်ကို ထိုးနိုင်မှာလဲ။
နန်ကျဲ့နဲ့ ဖြစ်တာက တကယ် မတော်တဆလေးဟာကို။ဒီတော့ ဥက္ကဌ၀မ်နဲ့က ဘာပဋိပက္ခ ဖြစ်ခဲ့တာလဲ။
ရန်ဖြစ်ရတဲ့ အကြောင်းအရင်းတော့ ရှိရမယ်မလား။ နန်ကျဲ့သာဆိုရင်တော့ ဘာအကြောင်းအရင်းမှ မလိုပါဘူး။ဒါပေမဲ့ ရှန်ရန်ချင်းဆိုရင်တော့ အကြောင်းအရင်း ရှိမယ်ဆိုတာ သူမ ယုံကြည်တယ်။
“ဥက္ကဌ၀မ်က မူးပြီး အိုဗာ ဖြစ်သွားတာနေမှာပါ။ ကိုယ်ကလည်း အဲဒီအချိန်တုန်းက ခေါင်းထဲ သိပ်ကြည်မနေဘူး။ ချုံပြောရရင်တော့ အဲဒီတုန်းကအခြေအနေက နည်းနည်းတော့ ကမောက်ကမ နိုင်တယ်”
“ဟမ်...” နန်ကော သိပ်နားမလည်ဘူး။
ရှန်ရန်ချင်းဟာ အတိအကျ မရှင်းပြဘူး။သူမ သေချာတွေးတော ကြည့်လိုက်ပြီး အဆုံးမှာတော့ အကြောင်းအရင်းကို မေးမနေတော့ဘဲ “ဒါဆို ရှင်အခု ခေါင်းကြည်နေပြီလား။ ရှင် တစ်ခုခု မှားတာလုပ်ခဲ့တယ်လို့ ထင်လား။ တကယ်လို့ ထပ်ဖြစ်လာရင် ရှင်သူ့ကို ထပ်ထိုးမှာလား”
သူမ သူ့ကို ခိုင်မာတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။သူမရဲ့ တည်ကြည်တဲ့ အကြည့်အောက်မှာ ရှန်ရန်ချင်းရဲ့ရင်ထဲ ပူနွေးသွားပြီး လည်စလုတ်ဟာ လှုပ်ခတ်သွားတယ်။
သူမအကြည့်ဟာ အရမ်းထိုးစစ် ဆင်နေတာကို ခံစားမိလို့လားတော့ မသိ။ သူအကြည့်လွှဲကာ တအောင့်လောက်ကြာမှ ပြန်ဖြေလာတယ်။ “ကိုယ် ထပ်လုပ်မှာ”
ဒါကို ကြားတဲ့အခါ နန်ကောဟာ စိတ်မဆိုးရုံတင် မကဘဲ ပြုံးပါ ပြုံးလိုက်မိတယ်။ “ကောင်းတယ်။ ဒါက ရှင် စိတ်မြန်ခဲ့တာ မဟုတ်သလို နောင်တ မရတာလည်း မဟုတ်ဘူးဆိုတဲ့ သဘောမဟုတ်လား”
“ပြီးတော့ ရှင့်ကို ဒီလိုလုပ်ရလောက်အောင်အထိ ဖြစ်စေတာက တစ်ဖက်လူရဲ့ ပြဿနာလို့ပဲ ထင်တယ်။ ကျွန်မလည်း ဥက္ကဌ၀မ်ကို မကြိုက်ဘူး တော်တယ်!”
“သူ့ကြောင့် ရှင် အရင်နေ့က အလတ်ဂျစ် ဖြစ်ခဲ့တာမလား။ ဒါက လူသတ်ဖို့ ကြံစည်တာနဲ့ အတူတူပဲ!
“အဲဒါကြောင့် အဆင်ပြေတယ်လို့ ပြောတာ။ ရှင့်ကိုယ်ရှင် အပြစ်တင်စရာမလိုဘူး။ ရှင့်အမှား မဟုတ်ဘူး။ အကောင်းပြောတာ! ကျွန်မဆိုလည်း သူ့ကို ကျွေးခဲ့မှာပဲ!”
ရှန်ရန်ချင်းခမျာ မတတ်နိုင်ပါဘဲ ရယ်လိုက်မိတယ်။
“ရှင် ထိခိုက်သွားသေးလား” နန်ကောဟာ တစ်ခုခုအရေးကြီးတာကို တွေးမိသွားပြီး သူ့ကို သေချာကြည့်လာတယ်။ “ပြီးတော့ ကျွန်မအစ်ကို သူရော အဆင်ပြေရဲ့လား”
နန်ကျဲ့တစ်ယောက် မနေ့ညက အသက်ရှင်ပြီး ပိတ်ကန်ခဲ့ပုံ ရတယ်။ဒီနေ့ သူ့စိတ်အခြေအနေ မူမမှန်တာကလွဲရင် ကျန်တာတော့ အဆင်ပြေပုံပါပဲ။
ဒါပေမဲ့ နန်ကျဲ့ အတွင်းဒဏ်ရာတွေ ဘာတွေများ ရလာလားဆိုတာ နန်ကော မသေချာဘူး။
“ဟင့်အင်း ကိုယ်တို့ တစ်ယောက်မှ ဘာမှမဖြစ်ဘူး။ တစ်ဖက်လူကသာ နည်းနည်းလေးပိုဒဏ်ရာရသွားတာ သူက အဆင်ပြေတယ်”
“တကယ်တော့ အကုန်လုံး မင်းအစ်ကိုကို ကျေးဇူးတင်ရမှာ”
နန်ကောဟာ လက်ခံတဲ့သဘောနဲ့ ခေါင်းညိတ်တယ်။ “ကျွန်မအစ်ကို နောက်ဆုံးတော့ မှန်တာတစ်ခုခု လုပ်ခဲ့ပြီပဲ။ အဲဒါပြီးတော့ ရှင်တို့ ဘာအကြောင်း ပြောခဲ့ကြတာလဲ။ သဟဇာတရော ဖြစ်ခဲ့ရဲ့လား”
“အင်း ကိုယ်တို့ ထိုင်ပြီး နည်းနည်းပါးပါး စကားပြောခဲ့ကြတယ်။ သူက ကိုယ် မင်းကို ဘာလို့ ကြိုက်တာလဲဆိုတာနဲ့ ကိုယ်တို့ ဘယ်အခြေအနေထိ ရောက်နေပြီလဲဆိုတာကို မေးခဲ့တာ။ အဲဒါအကုန်ပါပဲ”
“ဒါဆို ကျွန်မအစ်ကို ရှင့်အပေါ်မှာရှိတဲ့ အမြင်ကို အဲဒီလိုပဲ ပြောင်းလိုက်တယ်ပေါ့။ အဲဒီလောက်တောင် ရိုးရှင်းသလား”
“အင်း” ရှန်ရန်ချင်းဟာ ခေါင်းညိတ်ပြပြီး ဆက်ပြောတယ်။ “အဲဒါကြောင့် မင်းအစ်ကိုက ကိုယ်ထင်ထားသလောက် ပြောဆိုဆက်ဆံရတာ မခက်ပါဘူးလို့ ပြောတာပေါ့”
“အရင်က ကိုယ်တို့ကြား စခရင် ခြားနေတာကြောင့် အချို့အရာတွေက စာရိုက်ရုံနဲ့ သေချာ ရှင်းပြလို့မရဘဲ နှစ်ဖက်လုံး တစ်ခါတလေ အထင်လွဲကြတာမျိုး ဖြစ်ခဲ့တာ။ မျက်နှာချင်းဆိုင် ပြောတာရဲ့ ထိရောက်မှုက အရမ်းကို မြင့်နေတုန်းပဲ”
“တစ်ခုပဲ ဒီတစ်ခါ အရမ်းအလျင်စလို ဖြစ်သွားတယ်။ ကိုယ်တို့ ဟိုက်မြို့ကို ပြန်ရောက်တဲ့အခါကျရင် မင်းအစ်ကိုကို အတူတူ ထမင်းတစ်နပ်လောက် စားဖို့ မေးကြည့်ရမယ်”
“အင်း ရှင် အရင်ဆုံး ရက်ချိန်းတွေ ဘာတွေ ယူထားရလိမ့်မယ်”
“ဟမ်”
“အခုတလော ကျွန်မအစ်ကို တစ်ယောက်ယောက်ကို လိုက်နေတယ်။ သူဟိုက်မြို့ကို လာတိုင်း ကောင်မလေးတစ်ယောက်ကို တွေ့ဖို့လာတာရယ်။ ကျွန်မတို့နှစ်ယောက်နဲ့ အတူစားဖို့ အချိန်ရှိမှာ မဟုတ်ဘူး”
115 02
ကျန်းမြို့မှာတော့ နန်ကျဲ့တစ်ယောက် ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်ပြီးသွားပြီ ဖြစ်တယ်။သူ ချီယန်နဲ့တွေ့ဖို့ ဖြစ်လာပြီး သူမကို ညစာအတူစားဖို့ တိုက်ရိုက်ပဲ မေးလိုက်တယ်။
နေ့လည်ဘက် နန်ကောဟာ နန်ကျဲ့ကို စာပို့ပေမဲ့ ညဘက် ရောက်တဲ့အထိ စာပြန်မလာဘူး။
သူမလည်း အတင်း လုပ်မနေတော့ပါဘူး။
မောင်နှမတွေအနေနဲ့ နန်ကျဲ့ သူမကို သိတယ်။ဒီတော့ သူမလည်း နန်ကျဲ့ကို သိတာပေါ့။
သူမ ခုဏက ပြောခဲ့သလိုပဲ နန်ကျဲ့ရဲ့နှလုံးသားလေးထဲ အစ်မချီယန်နဲ့ ပြည့်နေတာမို့ သူမကို ဂရုစိုက်ဖို့ သူ အချိန်မရှိဘူး။
ဒါပေမဲ့ နန်ကောဟာ အလျင်အမြန် တုံ့ပြန်တယ်။နန်ကျဲ့ဟာ ရှန်ရန်ချင်းကို ခပ်မြန်မြန်ပဲ လက်ခံပေးလိုက်တယ်။သူမနဲ့ ရှန်ရန်ချင်းရဲ့ အချစ်ကြောင့် ရင်ထဲ ထိသွားတာမျိုးတော့ ဖြစ်ပုံ မရဘူး။
နန်ကျဲ့ဟာ သူမတို့အကြောင်းကို စိုးရိမ်ဖို့ အရမ်းပျင်းလွန်းသွားပြီး သူမနဲ့လည်း ဖက်ပြော မနေနိုင်တော့တာမျိုး ဖြစ်ပုံရတယ်။ဒီတော့ သူအကုန်လုံးကို လွှတ်ချပစ်ကာ သူမကို ရှန်ရန်ချင်းဆီ လက်လွှဲ ပေးလိုက်တော့တာ။
ဒီလိုမှ နန်ကျဲ့ အရာရာကို အခြားလူတွေဆီ လွှဲထားခဲ့ပြီး သူ့အာရုံကို သူ့ဇနီးဆီ လုံး၀ပြောင်းနိုင်တော့မှာလေ။
အမ်း...
ဒါကို တွေးကြည့်မိတော့ အရာအားလုံး အဓိပ္ပာယ်ရှိသွားပြီ!
သူမအစ်ကိုဟာ ထင်ထားတဲ့အတိုင်းပါပဲ။သူ သူမအကြောင်း ဂရုစိုက်ခဲ့တာ မဟုတ်ဘဲ အဲဒီအစား အကြံအစည်တွေနဲ့ ပြည့်နေခဲ့တာ။
တစ်ဖက်မှာတော့ နန်ကျဲ့ဟာ အိမ်ပြန်ကာ အ၀တ်အစား လဲလိုက်တယ်။ညရောက်တော့ သူချီယန်ရဲ့အိမ်မှာ အချိန်မီ ပေါ်လာတယ်။
ချီယန့်မိသားစုဟာ ကျန်းမြို့ကနေ ပြောင်းသွားတာ ကြာပြီဆိုပေမဲ့ ဒီမှာ သူမရဲ့အဒေါ် ရှိနေသေးတယ်။သူမကျန်းမြို့ကို ပြန်ရင် သူမအဒေါ်ရဲ့အိမ်မှာ နေတယ်လို့ ချီယန် ပြောခဲ့တယ်။
နန်ကျဲ့ဟာ တိတ်တဆိတ်ပဲ လိပ်စာကို ချရေးလိုက်ပြီး အနာဂတ်မှာ ကျိန်းသေပေါက် အသုံး၀င်လာလိမ့်မယ်လို့ ခံစားရတယ်။
ဒီနေရာဟာ ထုံးစံအတိုင်း ဟောင်းနွမ်းနေပြီး သေးငယ်တယ်။လမ်းမီးတွေကလည်း မလင်းတော့ဘူး။ပတ်၀န်းကျင်လည်း သိပ်မကောင်းဘူး။ချီယန်ထွက်လာတော့ လျှောက်လမ်းဟာ မှောင်နေခဲ့ပြီး မီးတွေလည်း ပိတ်ထားတယ်။
သူမဖုန်းကို အသုံးပြုကာ အလင်းရောင်ကို ဖွင့်တယ်။သူမ တံခါးကို တွန်းဖွင့်လိုက်တဲ့အခါ ကားရှေ့မှာ နန်ကျဲ့ သူမကို စောင့်နေတာကို မြင်လိုက်ရတယ်။
ကားထဲရောက်တော့ နန်ကျဲ့ဟာ ကျောင်းသားဟောင်းတွေ့ဆုံပွဲအကြောင်း ပြောဖို့ စကားစလိုက်တယ်။
“ကျောင်းသားဟောင်းတွေ့ဆုံပွဲ”
“ဟုတ်တယ် သူတို့ ဒီရက်ပိုင်း စီစဉ်နေကြတယ်။ ငါ ဂရုထဲမှာ တွေ့လိုက်တာ စကားမစပ် နင်ဂရုထဲမှာ မရှိဘူး ဟုတ်။ ငါ ထည့်ပေးရမလား”
“အိုကေ” ချီယန်ဟာ ခေါင်းညိတ်ပြတယ်။သေချာပေါက်ကို သူမ ဂျူနီယာအထက်တန်းဂရုထဲမှာ မရှိဘူး။သူမကျန်းမြို့ကနေ ထွက်လာတော့ အလျင်စလို ဖြစ်သွားခဲ့တယ်။အဲဒီအချိန်တုန်းက သူမမှာ ဖုန်းရော ဝီချက်ရော မရှိခဲ့ဘူး။
အလိုလိုပဲ သူမအတန်းဖော်တွေ အားလုံးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။
မကြာဘဲ ချီယန်ဟာ ဂရုထဲ ၀င်လိုက်တယ်။နန်ကျဲ့ ထည့်လိုက်တဲ့လူက ဘယ်သူလဲဆိုတာကို တစ်ယောက်ယောက်က မေးမလာခင်အထိ ဂရုဟာ တိတ်ဆိတ် ငြိမ်သက်နေခဲ့တယ်။
နန်ကျဲ့ဟာ ကားမောင်းနေတာမို့ ဖုန်းထဲ အာရုံမရှိဘူး။ချီယန်ဟာ စကားပြောဖို့ကို ရှက်မနေဘူး။သူမကိုယ်သူမ မိတ်ဆက်ပြီးတဲ့အခါ သူမဟာ အားလုံးနဲ့ စာရိုက်နေတယ်။အဲဒီတုန်းက သူမဟာ အမြဲနန်ကျဲ့အနောက် လိုက်ခဲ့ပြီး ကျောင်းမှာ ဩဇာရှိတဲ့ လူတစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားလို့ ရတယ်။ပြီးတော့ သူမမှာ ကောင်းမွန်တဲ့ အကျင့်စရိုက်လည်း ရှိတာမို့ အတန်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိခဲ့တယ်။
အချင်းချင်း နှစ်အနည်းငယ်လောက် မဆက်သွယ်ဘဲ နေခဲ့ပြီးတဲ့နောက် လူတိုင်းဟာ သဘာ၀ကျကျပဲ မေးခွန်းတွေ အများကြီး ရှိနေခဲ့တယ်။
ဒါပေါ့။သူမ နန်ကျဲ့နဲ့ ဘယ်လို ထပ်တွေ့ခဲ့လဲဆိုတာကို သူတို့ ပိုအသိချင်ကြဆုံး ဖြစ်နေတော့တာပေါ့။
[နည်းနည်း တိုက်ဆိုင်သွားတာ။အစ်ကိုကြီးနန်နဲ့ ငါ ဘလိုင်းဒိတ်မှာ ပြန်တွေ့တာ။ဟားဟားဟား။]
115 03
သူမ ဒါကို ပြောလိုက်တာနဲ့ ဂရုကြီးဟာ တစ်ဖန် ပြန်ငြိမ်သက်သွားတယ်။
သူတို့ဟာ ရှင်းရှင်းလင်းလင်းကိုပဲ လန့်သွားတာ။
ချီယန်တစ်ယောက် ဖုန်းကိုင်ပြီး ဂရုထဲ စိတ်အားထက်သန်စွာနဲ့ စာရိုက်နေတာကို မြင်တော့ နန်ကျဲ့ဟာ အခွင့်အရေးယူကာ ထပ်မေးလိုက်တယ်။ “မင်း ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သွားမှာလား”
“သွားမယ်လေ” ကြေညာစာထဲက နေ့စွဲကို အခုလေးတင် ချီယန်တွေ့ပြီးတာ။ “ငါ အဲဒီနေ့ အားလောက်တယ်”
“ဒါဆို ငါ နင့်ကို ဟိုက်မြို့မှာ လာခေါ်ပေးမယ်လေ”
“မလိုဘူး မလိုဘူး။ ငါ့ဟာငါ သွားလိုက်မယ်။ ငါ လမ်းမသိတာလည်း မဟုတ်ဘူးလေ”
“ဟုတ်ပြီ” နန်ကျဲ့ဟာ အကြည့်ကို ပြန်သိမ်းပြီး ဘာမှထပ်မပြောဘူး။
ချီယန်ဟာ အနောက်တိုင်း စားသောက်ဆိုင်တွေရဲ့ လေထုကို မကြိုက်ဘူး။နန်ကျဲ့ဟာ သူမဆန္ဒအတိုင်း သာမန် ဟောပေါ့ဆိုင်လေး တစ်ဆိုင်ကိုပဲ ရွေးလိုက်တယ်။
သူတို့နှစ်ယောက် ထိုင်ရုံပဲ ရှိသေးကာ မီနူးတောင် မကြည့်ရသေးခင် ခပ်လှမ်းလှမ်းကနေ တစ်ယောက်ယောက်ဟာ နန်ကျဲ့နာမည်ကို လှမ်းခေါ်လိုက်တယ်။
နန်ကျဲ့ဟာ တစ်ချက်လှမ်းကြည့်လိုက်ပြီး သီးသန့်အခန်းကနေ လူတစ်ယောက် သူ့ဆီ လက်ပြနေတာကို တွေ့ရတယ်။ “အစ်ကိုကြီးနန် ဒီမှာ!”
မကြာဘူး။အဲဒီလူဟာ အနားကို အပြေးအလွှားရောက်လာတယ်။ “အစ်ကိုကြီးနန်! တကယ်ကြီး မင်းပဲ တိုက်ဆိုင်ချက်!”
“ယွမ်ချီ” တစ်ချက်ကြည့်ရုံနဲ့ ချီယန် သူ့ကို မှတ်မိသွားတယ်။
တစ်ယောက်ယောက် သူ့နာမည်ခေါ်တာကို ကြားတဲ့အခါ ယွမ်ချီဟာ ဘေးကို လှည့်ကြည့်လိုက်တယ်။ချက်ချင်းပဲ သူ့မျက်လုံးတွေ ပြူးကျယ်သွားကာ “နင်...ချီယန်။! နင် ဘာလို့ ဒီရောက်နေတာလဲ။!”
ယွမ်ချီဟာ ချီယန်ဘေးမှာ ၀င်ထိုင်လိုက်တယ်။ သူတို့နှစ်ယောက်လုံးဟာ တက်တက်ကြွကြွနဲ့ စကားပြောနေခဲ့ကြပြီး နန်ကျဲ့ရဲ့ မဲမှောင်နေတဲ့ မျက်နှာထားကို မမြင်ခဲ့ကြဘူး...။
******