အခန်း ၁၂၂
Vol. 13 Ch. 122
122 01
Chapter 122 ကြိုက်တဲ့လူရယ်လို့တော့ မဟုတ်ဘူး။
“အဓိပ္ပာယ် မရှိတာ”
နန်ကျဲ့ဟာ မထီမဲ့မြင်နဲ့ “နင့်အစ်ကိုက နင် ထင်ထားသလောက် အားယား မနေဘူး”
သူ ၀န်ခံဖို့ ငြင်းပေမဲ့လည်း သူ ခေါင်းမာနေရုံ သက်သက်ပဲ ဆိုတာကို နန်ကော သိတယ်။သူမ မထိန်းနိုင်ဘဲ ပြုံးလိုက်မိကာ နန်ကျဲ့ဟာ သူမကို မြင်သွားတယ်။ “နင် ဘာကို ရယ်နေတာလဲ”
“ဒီတိုင်း...” နန်ကောဟာ နှုတ်ခမ်းကို ဖိကိုက်လိုက်မိပေမဲ့ သူမဟာ မထိန်းထားနိုင်ပါဘူး။သူမ မပြောပြတတ်အောင်ကို ပျော်ရွှင်နေတယ်။ “ငါ အရမ်းပျော်နေတယ်”
ပြင်းထန်တဲ့ တိုက်ပွဲဖြစ်လိမ့်မယ်လို့ သူမ ထင်ထားခဲ့တာ။အခု သူမတို့ နှစ်ယောက်ကို သူမအစ်ကို ခွင့်ပြုပြီဆိုတော့ ရှန်ရန်ချင်းကို သူ မမုန်းဘူးလို့တော့ မဆိုလိုဘူး။ဒါပေမဲ့လည်း အခု သူမအရင်က အရမ်းအတွေးလွန် နေခဲ့တာလို့သာ ခံစားရတယ်။
ဖြစ်နိုင်တာက အစကတည်းက သူမအစ်ကို ရှန်ရန်ချင်းကို အမြင်ကြည်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ်။
တကယ်လို့ ဒီအကြောင်းအရာသာ ဆက်သွားမယ်ဆိုရင် သူမအစ်ကိုဆီက စကားကောင်းကောင်း တစ်လုံးမှ ထွက်လာမှာတော့ မဟုတ်ဘူး။နန်ကောဟာ အချိန်ကိုက်ပဲ စကားလမ်းကြောင်းလွှဲကာ မနေ့က သူနဲ့ချီယန်ရဲ့ ဒိတ်အကြောင်းကို မေးလိုက်တယ်။
“ထမင်းစားရုံပဲ။ ဒိတ်မဟုတ်ဘူး” နန်ကျဲ့ဟာ ၀တ်ကျေတမ်းကျေသာ ပြောတယ်။
“ငါ အရမ်းသိချင်နေတယ်။ အစ်ကို နင် သူ့ကို အကြာကြီးနေမှ ပြန်တွေ့ရတော့ ချီယန့်အပေါ် ခံစားချက် ရှိသွားတာလား။ ဒါမှမဟုတ် အစကတည်းက ကြိုက်နေခဲ့တာလား”
နန်ကောဟာ ဘေးကို လှည့်လိုက်တယ်။သူမ စကားဆုံးတာနဲ့ မနေနိုင်ဘဲ သူမအကြည့်ဟာ သူ့မျက်နှာအပေါ် တွယ်ကပ် နေတယ်။အမူအရာ သေးသေးလေးတောင်မှ လက်လွှတ်မခံချင်ဘူး။တခဏလောက် မောင်နှမနှစ်ယောက် နေရာ လဲသွားပြီး စစ်ကြောရေး၀င်တဲ့သူဟာ နန်ကောဖြစ်သွားတယ်။
ဒါကို ကြားတော့ နန်ကျဲ့ဟာ အသာစုတ်သပ်လိုက်တယ်။သူ ဒီအကြောင်း မဆွေးနွေးချင်ဘူး။
ဒါပေမဲ့ သူ အရင်က မကောင်းတာတွေ တော်တော်လေး လုပ်ခဲ့ပြီးပြီ။ဒီတစ်ခါတော့ နန်ကောဟာ သူ့ကို အလွတ်မပေးတော့ဘဲ အရင်းအမြစ်ထိပါ သိရဖို့ကို ဖိအားပေးနေတော့တယ်။
နန်ကောဟာ ပြီးခဲ့တဲ့နှစ်တွေထဲ သူမအစ်ကိုဟာ သူ့သီလကို ထိန်းထားပြီး ဘယ်သူနဲ့မှ မတွဲခဲ့ဖူးတဲ့ အကြောင်းကို ပြန်တွေးကြည့်တယ်။ဒီလူဆိုတာ သူမပိုတောင် သေချာသွားပြီ။
သူမ အံ့ဩတကြီးနဲ့ အသံထွက် ပြောမိသွားတယ်။
“ဖြစ်နိုင်တာက သူ တကယ်ကြီး သူမကို မမေ့နိုင်ခဲ့တာလား”
နန်ကျဲ့ဟာတော့ ရှေ့တည့်တည့်ကိုသာ ကြည့်နေပြီး ကားမောင်းတာကို အာရုံစိုက်ထားတယ်။သူဟာ သူမကို မကြားသလိုမျိုး အကြာကြီး ပြန်ဖြေမလာဘူး။
ဒါပေမဲ့ နန်ကော သိနေတယ်။ဒါကြောင့်သာ မဟုတ်ရင် သူမအစ်ကိုရဲ့အကျင့်စရိုက်အရ ငြိမ်နေမှာ မဟုတ်ဘူး။ရိုင်းရိုင်းစိုင်းစိုင်းနဲ့ ပြန်ခံပက်နေမှာ။
ဒါကြောင့် ဒါဟာ အသံတိတ် ၀န်ခံတာပဲ။
“!!!” နန်ကောဟာ ရှော့ရစရာ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားပုံရပြီး ချက်ချင်းမတ်မတ် ထထိုင်လိုက်တယ်။ “အစ်ကို နင်အဲဒီတုန်းက ဂျူနီယာတန်းပဲ ရှိသေးတယ်! ဂျူနီယာအထက်တန်းနော်! နင် နင် နင်...ငယ်ရွယ်တဲ့အရွယ်မှာ ချစ်မိသွားခဲ့တာမလား”
သူမအစ်ကို ကျောင်းတုန်းက သူမကို ဘယ်လိုတွေ သင်ပြခဲ့လဲဆိုတာ သူမ မမေ့သေးဘူး။
နောက်ကျတော့ သူ နိုင်ငံခြားထွက်သွားတာတောင်မှ ဖုန်းဆက်ပြီး သူမကို ငယ်ငယ်လေးနဲ့ ရည်းစားမထားဖို့ကို နေ့တိုင်း လှမ်းမှာတယ်။
ဒါပေမဲ့ သူကျ တကယ်တော့...
နန်ကောတွေးလေ ပိုစိတ်လှုပ်ရှားလေပဲ။ “၁၀နှစ်တောင် ရှိပြီပေါ့။ အစ်ကို နင် ငယ်ငယ်လေးနဲ့ ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်ပေါ့လေ”
“ဒါ နင့်ပုံစံနဲ့လည်း မတူဘူး!”
ပုံမှန်ဆို သူမဆီက ရင်းနှီးတဲ့စကားတွေ ထွက်လာတာကို ကြားရင် နန်ကျဲ့ရဲ့ ပထမဆုံးတုံ့ပြန်ချက်ဟာ ပြန်ပြောပြီး သူမနားရွက်ကို ဆွဲတာပဲ။ဒါပေမဲ့ ဒီနေ့ သူ အရမ်းတိတ်ဆိတ်နေတယ်။
သူဟာ နန်ကောမေးသမျှ မေးခွန်းတွေကို ဆက်တိုက် အသံတိတ် ၀န်ခံနေသလိုပဲ။
ကားဟာ ရုတ်တရက် တိတ်ကျသွားတယ်။သူ မဖြေဘူးဆို နန်ကောလည်း ရှည်ရှည်ဝေးဝေးတော့ ထပ်မမေးရဲဘူး။
122 02
သူမ သူမအစ်ကိုရဲ့ ဘေးတဇောင်းပုံစံကို ကြည့်ပြီး ရုတ်တရက် သူ့အတွက် စိတ်မကောင်း ဖြစ်သွားတယ်။
အဲဒီခံစားချက်ဟာ ဖော်ပြလို့ မရဘူး။
မသိရင် သူမ တိတ်တဆိတ် ၀င်တိုက် ခံလိုက်ရသလိုမျိုး။အသက်ရှူတိုင်း သူမနှလုံးသားကို အပ်တွေ တစ်ချောင်းပြီးတစ်ချောင်း လာစိုက်နေသလိုမျိုး။
သူမအစ်ကိုလို မောက်မောက်မာမာနဲ့ မထီမဲ့မြင် နေတတ်တဲ့လူဟာ နောက်ကွယ်မှာတော့ တကယ်နှိမ့်ချ ခဲ့တယ်ဆိုတာကို တွေးမိတဲ့အခါ နန်ကောဟာ ခါးပတ်ကို တင်းတင်းကိုင်ပြီး စိတ်မသက်မသာနဲ့ ခေါင်းငုံ့သွားကာ စကားမပြောနိုင် ဖြစ်နေတယ်။
အရင်က သူမအစ်ကို ဘယ်လို ကောင်မလေးမျိုး ရှာတွေ့လိမ့်မလဲလို့ သူမ တွေးဖူးတယ်။
သူမ ထင်ခဲ့တာက သူမအစ်ကိုရဲ့အကျင့်အရ မိန်းကလေးဟာ သူမအစ်ကိုကို မဆုတ်မနစ် လိုက်မှာပဲဆိုပြီး။အဲဒီနောက် သူတို့ နေ့တိုင်း စကားပြောဆို ဆက်ဆံရင်း ဖြည်းဖြည်းချင်း ချစ်မိသွားကြမယ်လို့ ထင်ခဲ့တယ်။
အခုတလော သူမအစ်ကို အစ်မချီယန်အပေါ် ခံစားချက် ရှိနေတယ်ဆိုတာကို သူ မခန့်မှန်းမိတယ်ဆိုပေမဲ့ အမှန်တရားက သူမ စိတ်ကူးထားတာထက် ပိုပြီး လွန်ကဲနေလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး။
ဘယ်လိုလုပ်များ လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ် နှစ်တွေအများကြီး ကြိုက်နေနိုင်တာလဲ...။
မိနစ်အနည်းငယ် လောက်ကြာတော့ နန်ကောဟာ ၀မ်းနည်းမှုထဲ နစ်မြုပ်သွားပြီး မရုန်းထွက်နိုင်တော့ဘဲ ဖြစ်သွားတယ်။သူမဟာ နန်ကျဲ့ကို တစ်ချက် ခိုးကြည့်လိုက်ကာ အမြန်အကြည့်ပြန်လွှဲသွားတယ်။
အကြာကြီး တိတ်ဆိတ်နေခဲ့ပြီးတဲ့နောက် သူမဟာ နှုတ်ခမ်းဆူပြီး အသံတိုးတိုးလေးနဲ့ ပြောလာတယ်။ “အစ်ကို ငါ တောင်းပန်ပါတယ်”
အစကတော့ သူမဟာ သူမအစ်ကိုကို သူ့လုပ်ရပ်သူ ပြန်ခံစား စေချင်တာဖြစ်ပြီး အနောက်ကနေ အလိုက်ခံရခြင်းနဲ့ စစ်ဆေးမေးမြန်းခံရခြင်းရဲ့ ခံစားချက်တွေကို နည်းနည်း ကြုံတွေ့ရစေချင်တာ။
ဒါပေမဲ့ ရလဒ်က ဒီလိုဖြစ်လာလိမ့်မယ်လို့ သူမ မထင်ထားမိဘူး။
သူမ အစကတည်းကသာ သိရင် မမေးခဲ့ပါဘူး။တကယ်ကို လူတစ်ယောက်ဟာ အရမ်းမစပ်စုသင့်ဘူး။
“ဘာလို့ တောင်းပန်နေတာလဲ” နန်ကျဲ့ဟာ မျက်လုံးထောင့်ကနေ သူမကို လှမ်းကြည့်ပြီး ရယ်တယ်။ “နင် ပြောတာ ဘာမှားသွားလဲ”
နန်ကောဟာ ခေါင်းကို ငုံ့ထားပြီး စကားမပြောရဲဘဲ ဖြစ်နေတယ်။
နန်ကျဲ့မျက်၀န်းတွေထဲ အချစ်တွေနဲ့ ပြည့်လျှံလုနီးနီး ဖြစ်သွားတယ်။သူဟာ လက်တစ်ဖက်ကို လွှတ်ကာ သူမခေါင်းကို ပွတ်လိုက်တယ်။ “ခေါင်းမော့ ငါ နင့်ကို အရင်က ပြောခဲ့တာကို မေ့သွားပြီလား”
နန်ကောဟာ မလှုပ်မယှက်နဲ့ ငြိမ်နေတယ်။
“နင် ဒီလိုလုပ်ရင် လူတွေက ငါနင့်ကို အနိုင်ကျင့်နေတယ်လို့ ထင်လိမ့်မယ်” နန်ကျဲ့ဟာ သူမရဲ့ခေါင်းသေးသေးလေးကို တွန်းလိုက်တယ်။ “နင့်စိတ်ကူး ယဉ်တာကို မလွန်စေနဲ့။ နင့်အစ်ကိုက နင် ထင်သလောက်လည်း ဖြစ်ပျက်နေတာ မဟုတ်ဘူး”
“မြင်မြင်ချစ်မိတာမျိုး မဟုတ်ဘူး”
“ကြိုက်တယ်လို့တောင် သတ်မှတ်လို့ မရပါဘူး”
“ဟမ်” နန်ကောဟာ ရှင်းရှင်းလင်းလင်းကိုပဲ သူ့ကို မယုံကြည်ဘဲ သူ ခေါင်းမာနေတာလို့သာ ခံစားနေရတယ်။
“အဲဒီတုန်းက ငါ အဲဒီလိုအတွေးမျိုးတွေ မရှိပါဘူး။ ငါတို့က သူငယ်ချင်းကောင်းတွေလို့သာ ခံစားခဲ့ရတာ။ နောက်တော့ သူ ကျန်းမြို့ကနေ ဘာမပြော ညာမပြောနဲ့ ထွက်သွားတော့မှ ငါ သူ့ကို တကယ် မမေ့နိုင်ဘူးဆိုတာ ဖြည်းဖြည်းချင်း သဘောပေါက်လာတာ”
ဒါဟာ နန်ကျဲ့ ဒီအကြောင်းကို ပြောတာ ပထမဆုံးအကြိမ်ပဲ။
အရင်က သူ ယွမ်ချီကို ချီယန်အကြောင်း မေးပြီး သူတို့အချင်းချင်း အဆက်အသွယ်ရှိမရှိကို မေးခဲ့ဖူးတယ်။ယွမ်ချီဟာ ဉာဏ်ကောင်းတာမို့ သူ ချီယန့်ကိုဆို နည်းနည်း ထူးထူးခြားခြား ဆက်ဆံတာကို ခံစားရတယ်။ဒါပေမဲ့ သူ အဲဒါကို ၀န်မခံဘဲ ဘာမှလည်း သိပ်မပြောခဲ့ဘူး။နောက်တော့ ယွမ်ချီလည်း သူ့ကို တပူပူတဂျီဂျီနဲ့ မေးလာခဲ့တယ်။ဒါပေမဲ့ သူအဆုံးသတ်မှာတော့ ကြုံရာကျပန်း ဆင်ခြေတွေသာ ပေးခဲ့တယ်။
ဒီနှစ်တွေအားလုံး သူ ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ချီယန့်အပေါ် ရှိတဲ့ သူ့ခံစားချက်တွေကို ထုတ်မပြောပြခဲ့ဖူးဘူး။
122 03
ချီယန့်အပေါ် သူ့ခံစားချက်တွေဟာ ကျောင်းတုန်းက တကယ်ကို ဖြူစင်ခဲ့တယ်။
သူတို့ဟာ ကောင်းမွန်တဲ့ သူငယ်ချင်းအရင်းကြီးတွေ သက်သက်ပဲ။အဲဒီတုန်းက လူတိုင်းဟာ ငယ်သေးပြီး ကျောင်းကလည်း ဒီလိုကိစ္စတွေကို တားမြစ်ထားတယ်။
သူ့မှာ ဘာအတွေးရယ်လို့မှ မရှိခဲ့ဘူး။
ချီယန်ကျန်းမြို့ကနေ ထွက်သွားတော့ တစ်ဖက်လူဟာ သူ့ကို သူငယ်ချင်း တစ်ယောက်အနေနဲ့ မသတ်မှတ်ဘူးလို့ ခံစားခဲ့ရတယ်။မဟုတ်ရင် ဘာလို့ သူ့ကို ဘာမှမပြောမဆိုဘဲ ထွက်သွားတာလဲ။
ဒီလိုလူမျိုးကို သူအမြန်ပဲ မေ့နိုင်တယ်လို့ သူ တွေးခဲ့တယ်။သူ့မှာ တစ်ခါမှ သူငယ်ချင်းမရှိတဲ့ အဖြစ်မျိုးဆိုတာ မရှိဘူးလေ။
ဒါပေမဲ့ အထက်တန်းမှာရော တက္ကသိုလ်မှာရော ချီယန်ဟာ သူ့မှတ်ဉာဏ်တွေထဲ ပုံထွင်းထားသလို ဖြစ်ပုံရပြီး မမေ့နိုင်ခဲ့ဘူး။
အဲဒီနောက်မှ သူ ချီယန့်ကို ဘယ်တုန်းကမှ သာမန်သူငယ်ချင်းတစ်ယောက်လို မဆက်ဆံ ခဲ့ဖူးတာကို တဖြည်းဖြည်းချင်း သဘောပေါက်သွားခဲ့တယ်။
သူတို့ဂျူနီယာအထက်တန်း အတန်းဖော်တွေဟာ မကြာခဏ လူစုတတ်ကြတယ်။အခြားအတန်းတွေလိုမျိုး ၁၀နှစ်ကြာမှ တစ်ခါလူစုကြတာမျိုး မဟုတ်ဘူး။အချင်းချင်းက အရမ်းရင်းနှီးကြပြီး အကုန်လုံးနီးပါးကလည်း ကျန်းမြို့မှာနေကြတော့ သူတို့ ပုံမှန်အားဖြင့် ဂရုချက်ထဲ အချိန်ရတာနဲ့ လူစုဖို့ကို စီစဥ်ကြတယ်။
သူ အမြဲတမ်းပါ၀င်နိုင်အောင်လို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။သူ့မှာ အချိန်မရှိဘူးဆိုရင်လည်း သူ ယွမ်ချီနဲ့ အခြားလူတွေကို တစ်ချက် ကြည့်ကြည့်ပေးထားဖို့ကို မှာခဲ့တယ်။
ချီယန် ပြန်လာမယ်ဆိုတဲ့ ခံစားချက်ကို သူ ရနေခဲ့တာလေ။
သူမ တကယ်ကြီး အဲဒီလိုပဲ ပျောက်ကွယ် မသွားနိုင်ဘူး မဟုတ်လား။
ဘာပဲ ဖြစ်နေ ဖြစ်နေ သူမက ကျန်းမြို့မှာ ကြီးပြင်းလာတာ။နောက်ဆုံးကျရင် သူမ ပြန်လာရမှာပဲ။
ဒါကြောင့် သူတို့အချင်းချင်း ထပ်တွေ့လိမ့်မယ်လို့ သူ အခိုင်အမာ ယုံကြည်ထားခဲ့တယ်။
ခဏလောက်နားပြီးတော့ နန်ကျဲ့ဟာ အေးဆေးပဲ ဆက်ပြောတယ်။ “တကယ်တော့ အရင်က ငါလည်း ငါ သူ့ကို တကယ်ကြိုက်လားဆိုတာ မသေချာခဲ့ဘူး။ ဒီတိုင်း ငါ သူ့ကို ထပ်တွေ့ချင်တယ်လို့ ခံစားရရုံပဲ”
“နင်တို့ ပြန်တွေ့ပြီးတဲ့နောက် ဘာဖြစ်ခဲ့လဲ” နန်ကောဟာ သိလိုစိတ်နဲ့ မေးကြည့်လိုက်တယ်။
နန်ကျဲ့ဟာ ရုတ်တရက် ပြုံးသွားကာ သူမဘက်ကို လှမ်းကြည့်လာတယ်...”နင် ဘယ်လို ထင်လဲ”
******