အခန်း ၁၂၃
Vol. 13 Ch. 123
123 01
Chapter 123 နင်တို့လည်း အချင်းချင်းသိကြတာလား။
ဟိုက်တက္ကသိုလ်ရဲ့ မိန်းကလေးအဆောင်ကို ရောက်တော့ နန်ကျဲ့ဟာ ကားပါကင်ထိုးပြီး စာရင်းသွင်းကာ နန်ကောကို အပေါ်ကို လိုက်ပို့ပေးတယ်။
အဆောင်ခန်း၅၁၈မှာတော့ နန်ကောဟာ ပထမဆုံးရောက်တဲ့သူ ဖြစ်တယ်။စုဟွေးရဲ့ ကျည်ဆန်ရထားဟာတော့ ဟိုက်မြို့ကို နေ့လည်ပိုင်းလောက် ရောက်လာမှာ ဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ အနီးအနားမြို့တွေကနေ မနက်ဖြန်မနက်မှ ရောက်လာလိမ့်မယ်။
တကယ်လို့ စုဟွေးသာ အဖော်မလုပ်ပေးဘူးဆိုရင် နန်ကောဟာ ဒီည အဆောင်မှာ နေဖြစ်မှာ မဟုတ်ဘူး။
သူမပစ္စည်းတွေကို နေရာတောင်မချရသေးခင် နန်ကျဲ့ဟာ သူမကို ဖော်ပြလို့မရတဲ့ အထင်အမြင်သေးမှုနဲ့ ကြည့်လာတယ်။
အဆုံးမှာတော့ သူ သည်းမခံနိုင်တော့ဘူး။ဝေယျ၀စ္စတွေ မလုပ်တတ်တဲ့ သခင်ငယ်လေးဟာ သူမကို ကိုယ့်ဟာကိုယ် အိပ်ရာကိုသာ သန့်ရှင်းရေးလုပ်ဖို့ အမိန့်ပေးလာပြီး တံမြက်စည်းတစ်ချောင်းယူကာ အဆောင်ကို ကူလှဲပေးသွားတယ်။
နန်ကောကို ကူနေရာချပေးပြီးတဲ့နောက် နန်ကျဲ့တစ်ယောက် ပြန်သွားတော့တယ်။
နေ့လည်ရောက်တော့ နန်ကောရဲ့ကားကို ပြန်လာပို့သွားတယ်။စုဟွေးကို သွားကြိုဖို့ သူမဘူတာရုံကို သွားလိုက်တယ်။
သူမကို တစ်လကျော်ကျော်လောက် မတွေ့ရတော့ နန်ကောဟာ အလွန်အမင်း စိတ်လှုပ်ရှားနေတယ်။
ကားပါကင်မှာ မိနစ်၂၀လောက် စောင့်နေခဲ့ပြီးတဲ့နောက် စုဟွေးကို အခုထိ အရိပ်အယောင်တောင် မမြင်ရသေး။နန်ကော မနေနိုင်ဘဲ သူမကို မြန်မြန်လုပ်ဖို့ စာထပ်ပို့လိုက်တယ်။စာပို့ပြီး ၂မိနစ်လောက်ကြာတော့ သူမရဲ့ဖုန်း အသံမြည်လာတယ်။စုဟွေးတစ်ယောက် စက္ကန့်၄၀ကြာတဲ့ အသံဖိုင်ကို ပို့လာတာ ဖြစ်တယ်။
“ငါလူး! ငါတစ်ခါမှ ဒီလောက် မဆွံ့အဖူးဘူး။ စိတ်တိုလိုက်တာ! ချီး ဒီခေတ်ကြီးထဲ ဘာလို့သောက်တုံးတွေက ရှိနေသေးတာလဲ။ ဒေါသကြောင့် ခေါင်းတောင် မူးလာပြီ။ ငါ ထွက်ပေါက်မှားသွားတာ။ ကျစ်! နန်ကော ငါ့ကို စောင့်နေ နင့်ဆီလာနေတယ်”
သူမအသံဖိုင်ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် ဆဲဆိုသရော်မှု တသီတစ်သန်းကြီးကို ကြားလိုက်ရတယ်။
နောက်ဆုံးတော့လည်း ပြဿနာက ဘာလဲဆိုတာ နန်ကော အဖြေရှာမတွေ့ဘူး။
သူမတို့ တွေ့တော့မှာပဲဆိုတော့ ဖုန်းထဲကနေ လေကုန်ခံနေဖို့ မလိုပါဘူးလေ။သူမ ဘာမှထပ်မေးမနေဘဲ စာပဲ ပြန်လိုက်တယ်။ [အလျင်မလိုဘူး။အေးဆေးလုပ်။ငါ ကားပါကင်မှာ။နင် ထွက်လာရင် ငါ့ကို တွေ့ရမှာပဲ။]
နောက်ထပ် ၇မိနစ်၊၈မိနစ်လောက် စောင့်ပြီးတဲ့အခါ နန်ကော နောက်ဆုံးတော့ စုဟွေးကို ကြိုလိုက်ရပြီ။
သူမတို့ချင်းတွေ့တာနဲ့ ချက်ချင်းပဲ စုဟွေးဟာ ခရီးဆောင်အိတ်ကို ပစ်ပြီး သူမဆီ ခုန်၀င်ကာ ဖက်လာတယ်။ “နန်ကော ငါ နင့်ကို အရမ်းလွမ်းနေတာ!”
နန်ကောဟာ ရယ်ပြီး “ငါလည်း နင့်ကို လွမ်းနေတာ!”
“ကန်တင်းကို ပြန်ပြီး စားရအောင်။ ငါ အဲဒီမှာ မစားရတာ တစ်လကျော်ပြီ။ လွမ်းသလိုလိုတောင် ဖြစ်နေပြီ” စုဟွေးဟာ လမ်းထဲက လူမိုက်လိုမျိုး လက်တစ်ဖက်နဲ့ ခရီးဆောင်အိတ်ကြီးကို မပြီး ကျန်လက်တစ်ဖက်ကိုတော့ နန်ကောရဲ့ပုခုံးပေါ် တင်ထားတယ်။
ကားပေါ်ရောက်တော့ ခုနက အသံဖိုင်အကြောင်းမေးဖို့ နန်ကောဟာ နည်းနည်း အချိန်ယူလိုက်တယ်။ “နင် ဘယ်သူနဲ့ တွေ့ခဲ့တာလဲ။ ဘာလို့အရမ်းဒေါသထွက်နေတာလဲ”
“ငါပြောတောင် မပြောချင်ဘူး။ ငါငတုံးတစ်ကောင်နဲ့ တွေ့ခဲ့တာ မဟုတ်ဘူး နှစ်ကောင်” စုဟွေးဟာ ဘေးက နန်ကောရဲ့ပီကေတစ်ပိုင်းကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်တယ်။သူမဟာ ဝါးနေရင်း ဆက်ပြောတယ်။ “ငါ ဘူတာရုံကနေ ထွက်လာတော့ အတွဲတစ်တွဲက ရှေ့မှာ ပိတ်ရပ်နေတာ”
“တောက်လျှောက်ဖက်တွယ်နေပြီး စိတ်ရှုပ်စရာကောင်းတယ်”
“နင် သူတို့ကို မဖယ်ခိုင်းဘူးလား။ မဟုတ်လည်း ရှောင်မသွားလိုက်ဘူးလား” နန်ကောဟာ သူမ ဒါလေးနဲ့တင် ဒေါသထွက်လိမ့်မယ်လို့တော့ မထင်ဘူး။စုဟွေးက ဒီလိုလူစားမျိုး မဟုတ်ဘူး။
စုဟွေးဟာ လက်ဖျောက် တီးလိုက်တယ်။သေချာပေါက် နောက်ဆက်တွဲ အကြောင်းအရာ ရှိနေခဲ့တာပဲ။
“ငါဘေးကနေ ရှောင်ပြီး သွားမလို့ကို အဲဒီမိန်းမက သူ့အကောင်ပေါ်ကို ခုန်လိုက်ဆွလိုက် လုပ်နေတာ ချီး သူ့လက်ထဲက ကော်ဖီက ငါ့အပေါ် ဖိတ်ကျသွားရော”
“...ဟမ်” နန်ကောဟာ အာရုံတစ်ချက်လွင့်သွားပြီး သူမကို သေချာကြည့်လာတယ်။ “နင် အဆင်ပြေရဲ့လား။ အပူလောင်သွားသေးလား”
123 02
“မလောင်ဘူး ကံကောင်းလို့။ ငါတုံ့ပြန်တာ မြန်လို့။ ဒါပေမဲ့ ငါ့ဖိနပ်တော့ ပေသွားတယ်”
သူမကိုတော့ မစင်သွားပေမဲ့ အဖြူရောင် ဖိနပ်တစ်ရံကတော့ ကံမကောင်းသွားရှာ။
“အဲဒါ ဟိုဘက်က မတောင်းပန်ဘူးလား။ ပြန်လျော်တာရော”
“ဟင့်အင်း အဲဒီဟာမက မတရားခံရတဲ့ မျက်နှာထားနဲ့ သူ့အကောင်ကို ဖက်ထားပြီး မလွှတ်ဘူး။ မသိရင် ငါကပဲ သူ့အနိုင်ကျင့်နေသလိုလို။ နောက်တော့ အကောင်က ငါ့ကို တောင်းပန်ပါတယ်။ ဒါပေမဲ့ သူ့ကြည့်ရတာလည်း ကောင်းတဲ့လူတော့ မဟုတ်ဘူး။ ငါ့ကို တောင်းပန်တော့ စိတ်ရင်းနဲ့တောင် မဟုတ်ဘူး”
“လျော်တဲ့ကိစ္စကတော့...ငါ သူတို့နဲ့ ထပ်ပြီး စိတ်ရှုပ် မခံနိုင်ဘူးလေ နောက်ထပ်တစ်စက္ကန့်လေး နေဖို့တောင် စိတ်ရှုပ်ရလို့ ငါလှည့်ထွက်လာလိုက်တာ”
“ဒေါသထွက်တာ ရပ်လိုက်တော့ စိတ်မဆိုးနဲ့တော့” နန်ကောဟာ သူမရဲ့ခံစားချက်ကို ကောင်းကောင်း နားလည်တယ်။သူမ အမြန်လေး သူမကို နှစ်သိမ့်လိုက်တယ်။ “ပြီးရင် ကန်တင်းမှာ ငါနင့်ကို ဖက်ထုပ်စွတ်ပြုတ်၀ယ်ကျွေးမယ်!”
အစက စုဟွေးဟာ သူမရဲ့ဘ၀မှာ ထပ်ပြီး ဟိုငတုံးနှစ်ကောင်နဲ့ တွေ့စရာအကြောင်း မရှိတော့ဘူးလို့ တွေးထားခဲ့တာ။ဒါပေမဲ့ အဲဒီညက နန်ကောနဲ့အတူ ဘားကို သွားတော့ သူမ သူတို့နဲ့ ထပ်တွေ့ရပြန်တယ်။
တကယ်တော့ နန်ကောဟာ အဲဒီညက အပြင်မသွားချင်ဘူး။ဒါပေမဲ့ စုဟွေးကပဲ သွားဖို့ ဆုံးဖြတ်လိုက်တာ။
ဈေး၀ယ်ထွက်ပြီးတော့ သူမတို့နှစ်ယောက် ဘားထဲ၀င်လာပြီး ထိုင်ကြတယ်။
တော်သေးတာက ဒီဘားဟာ အသန့်ဘား ဖြစ်တယ်။နန်ကောဟာ အအေးတစ်ခွက်မှာပြီး တိတ်တိတ်လေး သီချင်းနားထောင်နေတယ်။
စုဟွေးကတော့ ဝိုင်တစ်ခွက်သောက်ပြီး သန့်စင်ခန်းသွားတာ အခုထိ ပြန်ရောက် မလာသေးဘူး။
“နန်ကော”
ရင်းနှီးနေတဲ့ယောက်ျားအသံဟာ ဂစ်တာသံကို ဖြတ်ပြီး နန်ကောရဲ့နားစည်ကို လာရိုက်ခတ်တယ်။
သူမ ပိုက်ကို ကိုက်ပြီး သတိလက်လွတ် လှည့်ကြည့်လိုက်တယ်။
တကယ်ကြီး သူမဖြစ်နေတာမြင်ရတော့ ယွီဟာ သူ့သူငယ်ချင်းတွေကို အမြန်ပဲ လစ်လျူရှုလိုက်ပြီး အရှေ့ကို လျှောက်သွားတယ်။ “နင်ဘာလို့ဒီရောက်နေတာလဲ”
နန်ကောဟာ ယွီကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး။သူမက မဖြေဘဲ မေးလိုက်တယ်။ “နင် ဘာလို့ ဒီရောက်နေဝာာ။ ကျောင်းတက်နေရပြီမဟုတ်ဘူးလား”
ယွီဟာ ကျန်းမြို့မှာ တက္ကသိုလ်တက်နေတာဖြစ်တယ်။
“မဟုတ်ဘူး သဘက်ခါမှ” ယွီဟာ ဘားဘောင်ကို မှီလိုက်ကာ “ငါ ဒီနေ့ ဟိုက်မြို့မှာ လူတစ်ယောက်ကို လာကြိုတာ။ မနက်ဖြန် ကျန်းမြို့ကို မပြန်ခင် နည်းနည်းလောက် အတူလျှောက်လည်မလို့”
“အော်” သူမတစ်ခုခုပြောမလို့ လုပ်လိုက်တဲ့အချိန်မှာပဲ ယွီ့အနောက်ကနေ မိန်းကလေးတစ်ယောက် လမ်းလျှောက်လာတာကို နန်ကော တွေ့ရတယ်။သူမဟာ သူမရဲ့ပိုင်ဆိုင်မှုကို ကြေငြာပြနေသလိုမျိုး ယွီရဲ့လက်ကို ဖက်လိုက်တယ်။သူမဟာ ရန်ထောင်တဲ့အကြည့်မျိုးနဲ့ ကြည့်လာပြီး သူမ ဘယ်သူလဲလို့ ယွီကို ချိုချိုသာသာနဲ့ မေးတယ်။
“အိုး မိတ်ဆက်ပေးမယ် ဒါ ငါ့ရဲ့ ငယ်သူငယ်ချင်းလည်း ဟုတ်သလို အချစ်ရဆုံး ညီမလေးလည်း ဟုတ်တယ်။ ငါတို့အတူကြီးပြင်းလာတာ”
သူ သူမကို အခွင့်ကောင်း ယူလိုက်တာပဲ။မိန်းကလေးက သူနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်းကို မြင်ရတော့ နန်ကော သူ့ကို မျက်နှာသာ နည်းနည်းပေးလိုက်ပြီး ဖော်ကောင်လု ပ်မနေတော့ဘူး။
“ဒါ နင့်...ကောင်မလေးလား” နန်ကောတစ်ယောက် စပ်စပ်စုစုနဲ့။
“ဟုတ်တယ်” ယွီက ခေါင်းညိတ်ပြီး အခြားဘာမှတော့မပြောဘူး။သူဟာ စကားလမ်းကြောင်း လွှဲလိုက်ပြီး ပူပန်စွာနဲ့ မေးလာတယ်။ “နင်တစ်ယောက်တည်း လာတာလား။ အဲဒါဆို ငါတို့နဲ့ လာထိုင်လေ”
“မဟုတ်ဘူး ငါ့အတန်းဖော် နဲ့လာတာ” သူမ သူမဘေးက ဝိုင်ခွက်ကို ထိုးပြလိုက်တယ်။ “သူ အိမ်သာသွားနေလို့။ ပြီးရင် ပြန်ရောက်လာလိမ့်မယ်။ သွားပျော်ပါ။ ပြီးရင် ငါ အဆောင်ပြန်တော့မှာ”
“ဟုတ်ပါပြီ လိုအပ်တာရှိရင် ငါ့ကိုခေါ် လိုက်။ ငါ ဟိုနားမှာ ရှိတယ်”
ယွီဟာ တည်နေရာကို လက်ညိုးထိုးပြတယ်။သူမ ကိုင်တွယ်ရခက်တဲ့ လူတွေဘာတွေနဲ့ ကြုံနေမှာကို စိုးလို့။
နန်ကောဟာ ခေါင်းညိတ်ပြပြီး သူ ထွက်သွားတာကို ကြည့်နေတယ်။
123 03
သူမအကြည့်ဟာ သူနဲ့သူ့ကောင်မလေးအပေါ် တွယ်ကပ်နေတယ်။ကောင်မလေးက သူ့လက်ကို တရင်းတနှီး ဆုပ်ကိုင်ထားတယ်။ဒါပေမဲ့ နန်ကော မနာလိုတော့ မဖြစ်ပါဘူး။အဲဒီအစား သက်ပြင်းသာချမိတယ်။
ယွီရဲ့ ကောင်မလေးဆိုတာ လတိုင်း ပြောင်းလဲနေတာ။သူမ ရာသီလာခြင်းမှု ထက်တောင် ပုံမှန်ဖြစ်သေး။
သူမကတော့ ရိုးနေပါပြီ။
ဒါဟာ ယွီတစ်ယောက် ကောင်မလေးကို မိတ်မဆက်ပေးတဲ့ အကြောင်းအရင်းဆိုလည်း ဟုတ်တယ်။
သူမ အကြည့် ပြန်ရုတ်တော့မဲ့ အချိန်မှာပဲ သူမ စုဟွေးကို တွေ့လိုက်တယ်။
စုဟွေးနဲ့ ယွီတို့ အချင်းချင်း၀င်တိုက်မိသွားတယ်။အစကတော့ ကိစ္စကြီးရယ်လို့ မဟုတ်ပါဘူး။
သူတို့နှစ်ယောက် အချင်းချင်းမှ မသိကြတာဘဲလေ။ဒါပေမဲ့ ချက်ချင်းဆိုသလို နန်ကောဟာ သူတို့နှစ်ယောက်လုံး ပြိုင်တူရပ်တန့်သွားတာကို သတိထားမိသွားတယ်။
သူတို့နှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ရပ်နေကြတာဖြစ်တယ်။စုဟွေးတစ်ယောက် ရုတ်တရက်ကြီး မျက်မှော င်ကြုတ်လိုက်တာကို သူမ မြင်လိုက်ရတယ်။အဲဒီအခိုက်အတန့်မှာ လေထဲမီးပွားတွေ ထွက်လာသလိုပဲ။
ဘာဖြစ်နေလဲ နန်ကော မသိပေမဲ့ သူမ ခွက်ကိုချကာ ချက်ချင်း အဲဒီကို အမြန်သွားလိုက်တယ်။သူမ သူတို့နှစ်ယောက်ကြား ၀င်ရပ်လိုက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်သူလေး ဖြစ်သွားတယ်။
ယွီဟာ တစ်ချက်ကြည့်ရုံနဲ့ သူမတို့ အချင်းချင်းသိကြတာကို ပြောနိုင်တယ်။ “နင့်အတန်းဖော်”
“ဟုတ်တယ်” သူမ သူတို့နှစ်ယောက်ကို အချင်းချင်းမိတ်ဆက်ပေးလိုက်တယ်။ “ဒါ ငါ့အခန်းဖော် စုဟွေး ဒါက ငါ့ငယ်သူငယ်ချင်း ယွီ”
မရေရာစွာနဲ့ မိတ်ဆက်ပေးရင်း နန်ကောရဲ့ သိချင်စိတ်များနေတဲ့ အကြည့်တစ်စုံဟာ သူတို့နှစ်ယောက်ဆီ တွယ်ကပ်နေတော့တယ်...
******