← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

146 01

Chapter 146 မိဘတွေကို တွေ့ဆုံခြင်း။

နန်ကျဲ့ ဘာလုပ်ချင်တာလဲဆိုတာ ချီယန်ဟာ တကယ်နားမလည်‌တော့ဘူး။

အစက သူ ဒီမေးခွန်းကို မေးတော့ နည်းနည်း တည်တည်တံ့တံ့ ဖြစ်နေသေးတယ်။ဒါပေမဲ့ သူတို့ ပြောရင်းပြောရင်း ပိုပိုပြီးဟာသနဲ့ တူလာတယ်။

နန်ကျဲ့ဟာ ခဏ ငြိမ်ကျသွားပြီး နောက်ထပ် ရွေးချယ်မှုကို ပေးလာတယ်။ “ဘာလို့ဟိုက်မြို့ကို မရွေးတာလဲ?”

ချီယန် “.....”

အခြားလူသာဆို သူမ သေချာပေါက် ဆူမိနေပြီ။

“‌ဟုတ်ပြီ ဟုတ်ပြီ” သူမဟာ အနည်းငယ်ဆွံ့အနေခဲ့ပြီး ကလေးတစ်ယောက်ကို အလိုလိုက်နေသလိုမျိုး ၀တ်ကျေတန်းကျေသာ ခေါင်းညိတ်လိုက်တယ်။

သူ ပြောချင်ရာ ပြောပါစေတော့။

သူမရဲ့အပြုအမူနဲ့ ပတ်သက်ပြီး တစ်ခု ခုမှားနေတယ်လို့ နန်ကျဲ့ဟာ ခံစားသွားရတယ်။

“ဒါအရမ်းအရေးကြီးပြီး လေးနက်တဲ့ အကြောင်းအရာနော်”

ချီယန်တစ်ယောက် အော်ရယ်မိလုနီးနီး။ “နင် အတည်ပြောနေတာလား?”

သူ့ကြည့်ရတာ သူမကို ရွေးချယ်မှု ပေးနေတယ်လို့ ထင်ရပေမဲ့ တကယ်က သူ သူမကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း တွန်းပို့နေတာလေ။

နန်ကျဲ့ဟာ လက်ဖြန့်လိုက်ပြီး “မဟုတ်လို့လား?”

“အင်းပါ အင်းပါ”

ဒီအကြောင်းအရာကို အမြန် အဆုံးသတ်ရအောင်။

နောက်တော့ နန်ကျဲ့ဟာ တစ်ခုခုပြောချင်ပေမဲ့ တုံ့ဆိုင်းနေခဲ့တယ်။နောက်ဆုံးမှာတော့ သူ ဘာမှ မပြောဖြစ်ခဲ့ဘူး။

“နောက်ကျနေပြီ ငါ အရင်ပြန်တော့မယ်”

၁၁နာရီ ထိုးတော့မယ်ဆိုပေမဲ့ သူ မအိပ်ချင်သေးဘူး။အဓိကကတော့ ချီယန်ပေါ့။ “ငါ မနက်ဖြန် မလာနိုင်လောက်ဘူး ငါကျန်းမြို့ကို ပြန်ရဦးမယ်”

“နင် လုပ်စရာရှိတာသာ လုပ်။ ငါ့လုပ်ဖော်ကိုင်ဖက်တွေ မနက်ဖြန်လာလိမ့်မယ်။ ငါက သဘက်ခါမှ အလုပ်ပြန်လုပ်နိုင်မှာ။ ငါအခု တော်တော် သက်သာနေပါပြီ”

သူ့အတွက် သူမကို ဂရုစိုက်ဖို့အတွက်နဲ့ သွားလိုက်ပြန်လိုက် လုပ်နေတာက အရမ်းဒုက္ခများလွန်းတယ်လို့ ချီယန် ခံစားရတယ်။

သူမကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေခဲ့ပြီးတဲ့နောက်မှာတော့ နန်ကျဲ့ဟာ ကုတ်အင်္ကျီကို ၀တ်ကာ တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်ခဲ့တယ်။

ချီယန့် အိမ်ကနေ ထွက်လာတော့ နန်ကျဲ့ဟာ နန်ကောကို ‌ဖုန်းခေါ်လိုက်တယ်။

ကျောင်းမှာတော့ နန်ကောဟာ အနားယူရုံပဲ ရှိသေးတယ်။ကံကောင်းစွာနဲ့ သူမ အခန်းဖော်တွေဟာလည်း မအိပ်ချင်သေးတာမို့ သူမ သူတို့ကို သွားခေါ်နေစရာ မလိုဘူး။

နန်ကျဲ့ဟာ ကားမောင်းလာပြီး သူမအတွက်နဲ့ လေကုန်မခံဘူး။သူဟာ အဓိက အကြောင်းအရာကို တန်းသွားလိုက်ပြီး မေးတယ်။ “မား ပြောတာ နင် ဒီအပတ် ရှန်ရန်ချင်း အိမ်သွားမယ်ဆို?”

“ဟုတ်တယ်။ ပါး နင့်ကို ငါ့အတွက် ပစ္စည်းတွေ ကူပြင်ခိုင်းထားတယ်”

“ဘာလို့ ရုတ်တရက်ကြီး?”

“ထမင်းသွားစားရုံပဲ ရုတ်တရက်ကြီး မဟုတ်ပါဘူး”

သူမအစ်ကို စပြီး သူမကို သင်ခန်းစာ ပို့ချတော့မယ်လို့ နန်ကော ထင်လိုက်မိတယ်။

မထင်မှတ်ထားဘဲ တစ်ဖက်လူဟာ ခဏလောက် တိတ်သွားပြီး ပြောလာတယ်။ “ငါ ဒီည ပြန်လိုက်မယ်။ သဘက်ခါကျ ငါ နင့်အတွက် ယူလာပေးမယ်”

“အာ” နန်ကောဟာ မျက်တောင် ခတ်မိတယ်။ “အရမ်းနောက်ကျနေပြီကို နင် အိမ်ပြန်ဦးမလို့လား?”

“အင်း.. ငါ ဒီနေ့ အိမ်ပြန်ပြီး လူအိုကြီးဆီ မနက်ဖြန် သွားလည်ရမယ်”

ခဏလောက် နားပြီးတော့ နန်ကျဲ့ဟာ ထပ်မေးလာတယ်။ “ရှန်ရန်ချင်း သူ့မိသားစုအကြောင်း နင့်ကို အကုန် ပြောပြထားလား?”

“အင်း” အခြေခံအားဖြင့်တော့ နန်ကော သူ့မိသားစုအကြောင်း သိပါတယ်။

“ကောင်းပြီ တစ်ခုခု ဖြစ်ရင် ငါ့ကိုခေါ်လိုက် ငါ ဒီတစ်ပတ်လုံး ဟိုက်မြို့မှာ ရှိမှာ”

ဒီအပတ်ရဲ့ အစောပိုင်းမှာတော့ နန်ကောဟာ နန်ကျဲ့ဆီကနေ ဖုန်း လက်ခံရရှိတယ်။သူမဟာ အမွေးပွညအိပ်၀တ်စုံနဲ့ပဲ အောက်ထပ်ကို မြန်မြန် ဆင်းသွားတယ်။

နန်ကျဲ့ဟာ အောက်ထပ်မှာ သူမကို စောင့်နေခဲ့ပြီး တစ်ချက်ကြည့်ရုံနဲ့ အမွေးပွပွနဲ့ ပုံရိပ်ကို မြင်သွားတယ်။

သူဟာ ကားနောက်ဖုံးကို ဖွင့်ပြီး ပစ္စည်းတွေကို ထုတ်လိုက်တယ်။ “နင့်ကားသော့ ဘယ်မှာလဲ။ နင့်ကားထဲ ထည့်ပေးထားမယ်”

နန်ကောဟာ ကားသော့ကို ပေးလိုက်ပြီး နန်ကျဲ့ဟာ သူမကို ပစ္စည်းတွေ ကူရွှေ့ပေးတယ်။

နန်ကောဟာ သူမကားထဲက ပစ္စည်းတွေကို ကြည့်ပြီး ရုတ်တရက် နိုးထလာတော့တယ်။ “ဒါ‌ဘာတွေလဲ?”

“ဒါ လက်ဖက်ခြောက်တွေ။ ပါးဆီက ရတာ။ ငါ လူအိုကြီးဆီကနေ လက်ဖက်ရည်ခွက် တစ်စုံရလာတယ်။ အစက ငါ အလှထားမလို့ပေမဲ့ လူအိုကြီးက လက်မခံနိုင်ဘူးလေ။ သူ မြေကြီးပေါ် လဲပြီး ငါနဲ့ စကားများလုနီးနီးပဲ”

နန်ကော “.....”

ဖြစ်နိုင်တာက အကြီးဆုံး မြေးကြီးကပဲ ဒီလိုဆက်ဆံမှုမျိုးကို ရနိုင်တာ ဖြစ်မယ်။

သူမကို ထည့်မပြောနဲ့ဦး။အခြား၀မ်းကွဲနှစ်ယောက်က ပစ္စည်းတွေကို သွားယူရင်တောင်မှ လူအိုကြီးက သူတို့အနောက်ကို တုတ်ကောက်တစ်ချောင်းနဲ့ တကောက်ကောက် လိုက်လောက်တယ်။

“ဒါက မား ရွေးပေးလိုက်တာ လည်စည်းလား ဘာလားလို့တော့ ထင်တာပဲ။ ဘာပဲ ဖြစ်ဖြစ် ဒါ ရှန်ရန်ချင်းအမေအတွက် ဒီဟာတွေရောပဲ”

146 02

“အိုကေ” နန်ကောဟာ ချမှတ်ထားလိုက်တယ်။

“ရော့” နန်ကျဲ့ဟာ သူမကို ကတ်တစ်ကတ် ပေးလာတယ်။ “လျို့ဝှက်နံပါတ်က အရင်အတိုင်းပဲ”

နန်ကောဟာ ကြောင်တောင်တောင် မျက်နှာထားနဲ့ အဲဒါကို ယူလိုက်တယ်။နည်းနည်း အထူးအဆန်းလည်း ခံစားနေရတယ်။ “နင် ငါ့ကို ဘာလို့ အကြောင်းမရှိဘဲ ကတ်ပေးတာလဲ?”

သူမမှာ ကားအသစ် ရပြီးပြီ။သူမမိဘတွေကလည်း သူမကို ပုံမှန် မုန့်ဖိုးပေးမှာပဲ။

လောလောဆယ် သူမ နည်နည်း ချမ်းသာနေတယ်ရယ်။

များသောအားဖြင့် သူမ တကယ် ပိုက်ဆံကို အများကြီး မသုံးပါဘူး။သူမ အောက်ခံအ၀တ်တွေက လွဲလို့ အခြားအ၀တ်အစားတွေနဲ့ ဖိနပ်တွေကို သူမရဲ့မားက ကူပြင်ဆင် ပေးတတ်တယ်။တစ်ခါတလေ သူမအစ်ကိုဟာ ဒီဇိုင်းအသစ်တွေကို သူမအတွက် ကူ၀ယ်ပေးပြီး ပို့ပို့ပေးတတ်တယ်။

သူမရဲ့ နေ့စဉ် အသုံးစရိတ်က တကယ်မများပါဘူး။ပြီးတော့ သူမမှာ ပိုက်ဆံ အများကြီးကုန်တဲ့ ဝါသနာမျိုးလည်း မရှိဘူး။အများဆုံးမှ သူမရဲ့အခန်းဖော်တွေနဲ့ ထမင်းစားတာပဲ ရှိမယ်။

“ယူထားလိုက်။ နင် အခြားတစ်ခုခု ပြင်ဆင်ချင်သေးရင် နေ့လည်ကျ ဈေး၀ယ်ထွက်လိုက်”

“မလိုတော့ပါဘူး။ ဒါတွေက တော်တော်လေးပြည့်စုံနေပြီ” နန်ကောဟာ ကတ်ကို ပြန်ပေးတယ်။

သူမအစ်ကိုဟာ ကတ်ကို မယူဘူး။အဲ့အစား သူဟာ လေးလေးနက်နက် ကြည့်လာတယ်။ “နင့်ကို ငါအရင်က တင်းကြပ်တယ်ဆိုတာ နင့်ကို ငယ်သေးတယ်လို့ ထင်လို့ပဲ။ ယွီနဲ့ အခြားလူတွေလို အသုံးအဖြုန်း ကြီးသွားမှာစိုးလို့”

“ဒါပေမဲ့ အခုက မတူတော့ဘူး”

“ရှင်းရှင်းပြောရရင် နင် အဲဒါကို သုံးဖို့မလိုဘူး။ ဒါပေမဲ့ အဲဒါ မရှိဘဲတော့ နေလို့မရဘူး”

နန်ကျဲ့ဟာ နန်ကောကိုဆို လေး‌လေးနက်နက်နဲ့ စကားပြောတာ ရှားတယ်။

အရင်တုန်းက သူ သင်တန်းပို့ချတယ်ဆိုရင်တောင်မှ စစနောက်နောက်နဲ့ လုပ်ခဲ့တာ။လေထုက အရမ်းလေးလံလာဖို့ဆိုတာ ရှားတယ်။နန်ကောခမျာ ကြောက်လွန်းလို့ မျက်လုံး ပြူးသွားရပြီး ကူကယ်ရာမဲ့စွာနဲ့ပဲ သူ့ကို ကြည့်နေရတယ်။ပြန်လည်း မပြောရဲဘူး။

ဒါကို မြင်တဲ့အခါ နန်ကျဲ့ဟာ လက်မြှောက်ပြီး သူမခေါင်းလေးကို ပုတ်လာတယ်။

“နင် အကူအညီ လိုတာနဲ့ ငါ့ကို အမြဲခေါ်နေလို့ မရတော့ဘူး။ နောင်တစ်ခုခုဖြစ်လာရင် ကိုယ့်ဟာကိုယ် ဖြေရှင်းတတ်ဖို့ သင်ယူထား”

“...အိုး” နန်ကောဟာ ခေါင်းညိတ်တယ်။သေချာတော့ နားမလည်ဘူး။

အဆောင်ကို ပြန်ရောက် သွားတာတောင်မှ နန်ကောဟာ နန်ကျဲ့စကားတွေ နောက်ကွယ်က သဘောတရားကို နားမလည်သေးဘူး။

အမှတ်တမဲ့ ကြုံရာကျပန်းလိုမျိုး ခံစားရတယ်။

နေ့လည်ရောက်တော့ သူမ ရှန်ရန်ချင်းကို ဖုန်းခေါ်ပြီး စကားပြောနေရင်း ဒီအကြောင်းကို ပြောပြလိုက်တယ်။

အမျိုးသားဟာ စက္ကန့်အနည်းလောက် တိတ်ဆိတ်သွားပြီး‌တဲ့နောက် ဖြည်းဖြည်းချင်း ပြောလာတယ်။ “သူ့မျက်လုံးထဲမှာ မင်းက အမြဲ သူ့ရဲ့အမြှီးသေးသေးလေး ဖြစ်နေခဲ့တာလေ။ ဒါပေမဲ့ အခု မင်းက ရုတ်တရက် ကြီးပြင်းလာပြီး မင်းကောင်လေးရဲ့ မိသားစုနဲ့ပါ တွေ့တော့မယ်ဆိုတော့ သူ နည်းနည်း ခံစားသွားရတာနေမယ်”

ရှန်ရန်ချင်း ဒါကို ပြောတဲ့အခါ နန်ကောဟာ ချက်ချင်းပဲ ဒီမနက် နန်ကျဲ့ သူမကို ကြည့်တုန်းက နန်ကျဲ့မျက်လုံးထဲက တွန့်ဆုတ်နေတဲ့အကြည့်ကို နားလည်သွားတယ်။

ညနေရောက်တော့ ရှန်ရန်ချင်းဟာ နန်ကောကို လာခေါ်တယ်။

သွားတဲ့လမ်းမှာတော့ နန်ကောဟာ စိတ်လှုပ်ရှားစွာနဲ့ ထိုင်နေပြီး သူမလက်တွေကို မသက်မသာနဲ့ ယှက်ထားမိတယ်။

ကံကောင်းစွာနဲ့ ရှန်ရန်ချင်းဟာ သူမလက်ကို အချိန်မှီပဲ ကိုင်လာတယ်။ “စိတ်မပူပါနဲ့ ထမင်းစားရုံပါပဲ။ ကိုယ့်အဖေနဲ့ အခြားလူတွေက အရမ်းပေါ့ပေါ့ပါးပါး ရှိပါတယ်။ သူတို့ မင်းအတွက် ခက်ခဲအောင် မလုပ်ပါဘူး”

“ဟုတ် ဟုတ်” နန်ကောဟာ စကားမပြောနိုင်ဘဲ ထပ်ခါထပ်ခါ ခေါင်းညိတ်ပြတယ်။

146 03

ကားထဲကနေ ထွက်လာပြီးတဲ့နောက် နန်ကောဟာ တံခါးရှေ့ရပ်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်တယ်။ဒါပေမဲ့ အသုံးမ၀င်ဘူး။

သူမဟာ တုန်နေတဲ့ အသံနဲ့ “ရှန်ရန်ချင်း ကျွန်မစိတ်လှုပ်ရှားလွန်းလို့ စကားကောင်းကောင်း ဘယ်လိုပြောရမလဲတောင် မသိတော့ဘူး ထင်တယ်။ ဘယ်လိုလုပ်ရမလဲ?!”

“ရပါတယ် သူတို့ မေးတာမှန်သမျှ ကိုယ် ဖြေပေးမယ်။ ကိုယ့်ဘေးမှာ ထိုင်”

“အိုကေ အိုကေ ဟုတ်ပြီ”

ဒီနေ့ နန်ကောဟာ အဖြူရောင်ဂါ၀န်လေးကို ၀တ်ဆင်ထားပြီး အထူးတလည် ငယ်ရွယ်နေပုံ ပေါ်တယ်။မစ္စတာရှန်ဟာ အတော်လေး အဝေးမှုန်တာမို့ သူမ အထဲ၀င်လာတာနဲ့ သူဟာ လှမ်းကြည့်လာပြီး ရှန်ရန်ချင်း ကလေးတစ်ယောက်ကို ခေါ်လာတယ်လို့ ထင်သွားတယ်...

အထဲမ၀င်ခင် တစ်ယောက်သော သူရဲ့မျက်နှာဟာ အရေးအကြောင်းတွေနဲ့ ရှုံ့တွနေခဲ့တယ်။အထဲ ၀င်လာပြီးတဲ့နောက်တော့ သူ့ကြည့်ရတာ အခြားလူတစ်ယောက်လို ဖြစ်သွားတယ်။

ရှန်ရန်ချင်းတစ်ယောက် သူ့ကိုယ်သူ မနှုတ်ဆက် နိုင်သေးခင်မှာဘဲ သူမဟာ အရင်အစပျိုးပြီး သူ့မိဘတွေကို နှုတ်ဆက်လိုက်တယ်။ “ကောင်းသောညနေခင်းပါ အန်တီနဲ့အန်ကယ် ကျွန်မက နန်ကောပါ!”

သူမ စိတ်လှုပ်ရှားနေမှာကို ရှန်ရန်ချင်းရဲ့မိဘတွေဟာလည်း စိုးရိမ်တယ်။ဒီတော့ သူတို့ သူမနဲ့ ပေါ့ပေါ့းပါးပါးပဲ စကားပြောကြတယ်။

နန်ကောဟာ မတ်မတ်ထိုင်ပြီး မေးတာမှန်သမျှကို မရပ်မနား အကုန်ဖြေနေတော့တယ်။

ဖြစ်စဉ်တစ်ခုလုံးဟာ သဘာ၀ဆန်ပြီး အတားအစည်း မရှိသလိုဘဲ။

ရှန်ရန်ချင်းခမျာ ဘေးနားမှာ ထိုင်‌နေရရှာပြီး ကြားဖြတ် ၀င်စကားပြောဖို့တောင် အချိန်မရရှာ...။

******

All Chapters