အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) အစည်းအဝေးလုပ်ခြင်း၊ စကားပြောခြင်းနှင့် ဇာတ်လမ်းဆင်ခြင်း
ထိုလူနှစ်ယောက်၏ ချီးကျူးစကားများကြောင့် လျူအာကျူးသည် အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သော်လည်း သူ၏လုပ်ရပ်မှာ အတော်လေး ရှက်စရာကောင်းသည်ဟု တိတ်တဆိတ် ခံစားနေရသည်။
ခရိုင်ခေါင်းဆောင်များထံမှ ချီးကျူးစကား အနည်းငယ်မျှသာဖြစ်သဖြင့် ဤမျှလောက် စိတ်လှုပ်ရှားနေရန် မလိုပေ။
သို့သော်လည်း သူ၏ဘေးရှိ လျူဟိုင်ကို ကြည့်လိုက်သောအခါ ထိုသူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး မည်သည့်အချိန်တွင်မဆို လဲကျသွားနိုင်သည့်အလား ခြေထောက်များ တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ ဤသည်က လျူအာကျူးအား သူသည် ထိုမျှလောက် ရှက်စရာမကောင်းလှဟု ခံစားရစေတော့သည်။
ခေါင်းဆောင်များသည် လျူအာကျူးကို တစ်လှည့်စီ ချီးကျူးပြီးသွားသောအခါ ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးက အလျင်အမြန် ပြောလိုက်သည်။
"အားလုံးပဲ မတ်တတ်ကြီး ရပ်မနေကြနဲ့ ထိုင်ကြပါဦး..."
လျူအာကျူးသည် ထိုင်ရမည်ဟု ကြားလိုက်သည်နှင့် အဓိကအစီအစဉ် စတင်တော့မည်ကို သိလိုက်သည်။
ထိုအရာမှာ လူကြီးများ၏ကမ္ဘာတွင် အကြောက်ရဆုံးအရာများထဲမှ တစ်ခုပင်ဖြစ်၏။
ခေါင်းဆောင်များ၏ မိန့်ခွန်းများပင် ဖြစ်သည်။
ယခင်ဘဝက အစည်းအဝေးများနှင့် ပတ်သက်၍ အတွေ့အကြုံများစွာ ရှိခဲ့ဖူးသဖြင့် လျူအာကျူးသည် သရေစာမုန့်များ ယူမလာခဲ့မိသည်ကို တိတ်တဆိတ် နောင်တရနေမိသည်။
ဤမနက်တွင် သူသည် အလျင်စလို လာခဲ့ရသဖြင့် အစာစားချိန် မရခဲ့ပေ။ ခေါင်းဆောင်များ၏ မိန့်ခွန်းများမှာ သေချာပေါက် ရှည်လျားမည်ဖြစ်ရာ သူသည် ဗိုက်ဆာလွန်း၍ လဲကျသွားနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း သေချာပြန်စဉ်းစားကြည့်ရာ ထိုအခြေအနေအထိတော့ ရောက်မည်မထင်ပေ။ နောက်ပိုင်းတွင် မက်လုံးကြီးများဖြင့်ပင် ဗိုက်ပြည့်သွားနိုင်လောက်သည်။
မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များသည် အစည်းအဝေးများတွင် မိန့်ခွန်းပြောဆိုသောအခါ သူတို့ အနှစ်သက်ဆုံးအရာမှာ မက်လုံးကြီးများ ပေးခြင်းပင် ဖြစ်သည်။
မကြာမီမှာပင် လူတိုင်း နေရာယူပြီးသွားကြ၏။
ခရိုင်ခေါင်းဆောင်များသည် မျက်နှာချင်းဆိုင်ရှိ စင်မြင့်ပေါ်တွင် ထိုင်ကြပြီး ပြည်သူ့ကွန်မြူနစ်အဖွဲ့ ခေါင်းဆောင်များနှင့် လျူအာကျူးတို့ကမူ ပထမတန်းတွင် ထိုင်ကြသည်။
လျူဟိုင်မှာ ဒုတိယတန်းတွင် ထိုင်ရသော်လည်း များစွာ စိတ်လှုပ်ရှားနေဆဲပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အတိတ်ကာလက သူ ဤနေရာသို့ အစည်းအဝေးလာတက်သည့်အခါတိုင်း ပထမသုံးတန်း၌ တစ်ကြိမ်မျှပင် မထိုင်ခဲ့ရဖူးသောကြောင့် ဖြစ်သည်။
အတိတ်ကာလက ထိုခုံတန်းများကို ပြည်သူ့ကွန်မြူနစ်အဖွဲ့ရှိ ကျေးရွာအသီးသီးမှ ထူးချွန်သော တပ်မဟာခေါင်းဆောင်များကသာ နေရာယူထားခဲ့ကြခြင်းဖြစ်သည်။ ထိုသူများမှာ တစ်မူလျှင်ထွက်ရှိမှု ကျင်းတစ်ထောင်၊ တစ်သောင်း၊ သို့မဟုတ် တစ်သိန်းအထိပင် ရဲရဲဝံ့ဝံ့ တင်ပြရဲသူများ ဖြစ်ကြသည်။
လူတိုင်း နေရာယူပြီးသွားသောအခါ ခရိုင်ခေါင်းဆောင်များသည် သူတို့၏ မိန့်ခွန်းများကို စတင်ပြောကြားလာသည်။
မျှော်လင့်ထားသည့်အတိုင်း ထိုအရာများမှာ တရားဝင် ရုံးသုံးစကားများနှင့် ထပ်တလဲလဲ ပြောနေကျစကားများသာ ဖြစ်ပြီး ၎င်းနောက်တွင်တော့ ရင်းနှီးနေပြီးဖြစ်သော မက်လုံးကြီးများ ပေးခြင်း ကပ်ပါလာလေသည်။
သို့တိုင်အောင် ပြည်သူ့ကွန်မြူနစ်အဖွဲ့မှ လူများမှာ မှတ်စုများကို အလွန်ကြိုးစားပမ်းစား မှတ်ယူနေကြသည်။ လျူဟိုင်ပင်လျှင် ဧကရာဇ်၏ အမိန့်တော်တစ်ခုကဲ့သို့ နားထောင်နေပြီး ခဲတံနှင့် စက္ကူကို ထုတ်ကာ အရာအားလုံးကို မှတ်တမ်းတင်နေသည်။
လျူအာကျူးကမူ မှတ်စုများ မမှတ်သည့်အပြင် အနည်းငယ်ပင် ငိုက်မျဉ်းနေခဲ့သည်။ သို့သော်လည်း ထိုလူများကို လေးစားမှုပြသရန်အတွက် သူသည်လည်း အလွန်အာရုံစူးစိုက်၍ နားထောင်နေပုံ ဖမ်းထားရသည်။
ခရိုင်အရာရှိများက သူတို့၏ ရပ်တည်ချက်ကို ဖော်ပြပြီးသွားသောအခါ ပြည်သူ့ကွန်မြူနစ်အဖွဲ့ ခေါင်းဆောင်များ၏အလှည့် ရောက်လာလေပြီ။
၎င်းမှာ တရားဝင် ရုံးသုံးစကားများ၏ နောက်ထပ် တစ်ကျော့ပင် ဖြစ်သော်လည်း ဤအကြိမ်တွင်မူ ခရိုင်ခေါင်းဆောင်များအား ဖားယားခြင်းပါ ပါဝင်လာသည်။
ထိုနောက်တွင်တော့ လျူဟိုင်၏ အလှည့် ရောက်လာသည်။
သူ၏ ပညာအရည်အချင်းအရ လျူဟိုင်တွင် ထိုမျှလောက် ပြောစရာစကား ရှိမည်မဟုတ်ဟု လျူအာကျူးက ထင်ထားခဲ့သော်လည်း ထိုလူသည် စင်ပေါ်သို့ တက်သွားပြီး သူ၏မိန့်ခွန်းအတွက် မှတ်စုစာရွက် လေးရွက်ကို ထုတ်ယူလိုက်သည်။
သူသည် နိုင်ငံတော်ကို ကျေးဇူးတင်ပြီးနောက် ပါတီ၊ ထို့နောက် ပြည်သူများ၊ ထို့နောက် ခရိုင်ခေါင်းဆောင်များကို ကျေးဇူးတင်စကား ဆိုလေသည်။ ထိုမှတစ်ဆင့် ပြည်သူ့ကွန်မြူနစ်အဖွဲ့ ခေါင်းဆောင်များကို ချီးကျူးပြီး နောက်ဆုံးတွင် လျူအာကျူးကိုပါ ချီးကျူးလေသည်။ ထိုအချိန်က ကောင်လေး၏ အလားအလာကို သူသည် အစောကြီးကတည်းက မြင်တွေ့ခဲ့ပြီး သူ၏ပညာရေးကို မည်သို့မည်ပုံ ခိုင်ခိုင်မာမာ ထောက်ခံပေးခဲ့ကြောင်းကိုပင် အနည်းငယ် ထည့်သွင်းပြောကြားသွားသေးသည်။
လျူအာကျူးအား ကျောင်းထွက်ပြီး လယ်ပြန်လုပ်သင့်သည်ဟု အစကတည်းက မည်သူပြောခဲ့မှန်း မသိတော့ပေ။
နောက်ဆုံးတွင်မူ လူတိုင်း စကားပြော၍ ပြီးသွားကြလေပြီ။ သူတို့၏လည်ချောင်းများကို စိုစွတ်စေရန် ရေသောက်ခြင်းကပင် ဓာတ်ဘူး ငါးဘူး ကုန်သွားစေခဲ့သည်။ နောက်ဆုံးတွင်တော့ လျူအာကျူး၏ အလှည့် ရောက်ရှိလာလေသည်။
လျူအာကျူးသည် စင်ပေါ်သို့ ဖိတ်ခေါ်ခံလိုက်ရပြီး လူတိုင်းက သူ့အား မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်မှာ ဒေသခံတို့၏ ဓလေ့ထုံးစံအတိုင်း လိုက်နာရမည့်အချိန်ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ သူသည် သက်ပြင်းချလိုက်ပြီး စတင်ပြောလိုက်သည်။
"ပထမဦးဆုံးအနေနဲ့ နိုင်ငံတော်ရဲ့ ပြုစုပျိုးထောင်ပေးမှုအတွက် ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်... ဒုတိယအနေနဲ့ ခရိုင်ခေါင်းဆောင်တွေရဲ့ ခိုင်မာတဲ့ ထောက်ခံအားပေးမှုအတွက်လည်း ကျေးဇူးတင်ချင်ပါတယ်... ခရိုင်အတွင်းမှာ သန့်ရှင်းတဲ့ အုပ်ချုပ်ရေးဖြစ်အောင်နဲ့ ပြည်သူတွေရဲ့ဘဝ စည်ပင်ဝပြောအောင် ခင်ဗျားတို့သာ မလုပ်ဆောင်ပေးခဲ့ဘူးဆိုရင် ဒီနေ့ဒီနေရာကို ရောက်လာဖို့ဆိုတာ မပြောနဲ့ ဘေးကင်းကင်းနဲ့တောင် ကြီးပြင်းလာနိုင်မှာ မဟုတ်ပါဘူး..."
ရိုးရိုးသားသားပြောရလျှင် ထိုခေါင်းဆောင်များသည် အချိန်အတန်ကြာပြီးနောက် သူတို့က စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာသည်ကို မသိကြဘူးလားဟု လျူအာကျူးက အမြဲတွေးမိသည်။ သူတို့ ဘာကြောင့်များ နည်းနည်းပါးပါး ထိန်းထိန်းသိမ်းသိမ်း မလုပ်ကြသနည်း။
ယနေ့တွင် အဆင့်ဆင့်သော ခေါင်းဆောင်များကို ချီးကျူးပြီးနောက် သူသည် နာရီကို ခိုးကြည့်လိုက်ရာ ဤစကားလုံးအကြီးကြီးများကို ပြောဆိုခြင်းအပေါ်တွင် သူသည် ဆယ်မိနစ်တိတိ အချိန်ကုန်ခဲ့ကြောင်း တွေ့လိုက်ရသည်။
ခေါင်းဆောင်များ၏ မိန့်ခွန်းများမှာ အဘယ်ကြောင့် ဤမျှကြာရှည်ရသည်ကို လျူအာကျူး နောက်ဆုံး၌ နားလည်သွားလေသည်။
သူ၏ ကပေါက်တိကပေါက်ချာ စကားများ ပြီးဆုံးသွားသောအခါ ချီးကျူးခံရသဖြင့် ကျေနပ်နေသော ခရိုင်ပါတီအတွင်းရေးမှူးသည် လက်ခုပ်တီးရန် ချက်ချင်း ဦးဆောင်လိုက်ပြီး အခြားသူများကလည်း စိတ်အားထက်သန်စွာဖြင့် လိုက်လံလက်ခုပ်တီးကြသည်။
ထိုသူများအထဲတွင် လျူဟိုင်သည် လက်ခုပ်ကို အကျယ်ဆုံး တီးနေလေ၏။ အဘယ်ကြောင့်ဆိုသော် လျူအာကျူးက သူ့အား ချီးကျူးစကားများ ပြောကြားပေးခဲ့ခြင်းကြောင့် ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးက သူ့အား သဘောကျသော အကြည့်များဖြင့် အကြိမ်ကြိမ် ကြည့်ခဲ့သောကြောင့် ဖြစ်သည်။
ဤနှစ်အတွက် ထူးချွန်တပ်မဟာခေါင်းဆောင်ဘွဲ့မှာ သေချာသွားပြီဟု ထင်ရသည်။
ထို့နောက် လျူအာကျူးသည် လုံခြုံရေးတပ်မှူးကိုပါ အကြိမ်အနည်းငယ် ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူ့ကွန်မြူနစ်အဖွဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဌာနမှူးမှာ တွေးတောသွားပြီး သူ့အား ရာထူးတိုးပေးရမည်လား သို့မဟုတ် ဆုချီးမြှင့်ရမည်လားဟု တွေဝေနေမိသည်။
ကျေးဇူးတင်စကားများ ပြောရလွန်းသဖြင့် လျူအာကျူး၏ လည်ချောင်းမှာ ခြောက်သွေ့သွားချိန်တွင် သူသည် ရေတစ်ငုံမျှသာ သောက်ရသေးသည်။
ခရိုင်ပါတီအတွင်းရေးမှူးက ရုတ်တရက် ထပြောလေသည်။
"ကောင်းတယ်... ကျူးဇီရဲ့ စကားပြောစွမ်းရည်က တကယ့်ကို ထူးချွန်လွန်းတယ်... အလယ်တန်းကျောင်းသားတစ်ယောက်ဆိုတဲအတိုင်းပဲ... နောက်ထပ်အနေနဲ့ မင်း သူလျှိုကို ဘယ်လိုဖမ်းမိခဲ့တယ်ဆိုတဲ့ လုပ်ငန်းစဉ်အကြောင်းကို ပြောပြပါဦး..."
"ဟမ်..."
လျူအာကျူးမှာ အံ့အားသင့်သွားပြီး မပြီးသေးဘူးလားဟု တွေးလိုက်မိသည်။
ခရိုင် ယဉ်ကျေးမှုဗျူရို ညွှန်ကြားရေးမှူးက ပြုံးကာ လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ရဲဘော်လျူအာကျူး... ပြည်နယ်အဆင့် အာဏာပိုင်တွေက မင်းရဲ့ လုပ်ရပ်တွေကို လူထုဆီမှာ ရန်သူ့သူလျှိုတွေကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့အနေနဲ့ ရိုးရာအော်ပရာပြဇာတ်တစ်ခုအဖြစ် ပြောင်းလဲတင်ဆက်ဖို့ ဆုံးဖြတ်ထားတယ်... ဒါက ကိစ္စကြီးတစ်ခုပဲ... ပြီးတော့ အနာဂတ်မှာ ရုပ်ရှင်အဖြစ်တောင် ပြောင်းလဲရိုက်ကူးကောင်း ရိုက်ကူးနိုင်တာမို့ မင်း ကောင်းကောင်း ပြောပြရမယ်နော်..."
ရိုးရာအော်ပရာပြဇာတ်အဖြစ် ပြောင်းလဲတင်ဆက်မည်လော။ ရုပ်ရှင်ရိုက်မည်လော။
ထိုအခါမှသာ လျူအာကျူး သဘောပေါက်သွားလေတော့သည်။ ယဉ်ကျေးမှုဗျူရိုမှလူများ ဤနေရာသို့ ရောက်နေပြီး ဤခေါင်းဆောင်များ အစုံအလင် စုရုံးနေကြခြင်းမှာ အံ့သြစရာမရှိတော့ပေ။
ထို့ပြင် ယဉ်ကျေးမှုဗျူရို၏ ရည်ရွယ်ချက်ကို ကြည့်ရသည်မှာ ဇာတ်လမ်းဆင်ရန် လွယ်ကူစေရေးအတွက် သူသည် ယင်းကို ပြောင်မြောက်စွာ ပြောပြရမည် ဖြစ်သည်။
မှောင်ခိုဈေးကွက်တွင် အရောင်းအဝယ်လုပ်ရန် မြို့သို့သွားခဲ့ကြောင်း၊ သန်းခေါင်ယံအချိန်တွင် ပြည့်တန်ဆာရုံသို့ သွားခဲ့ကြောင်းနှင့် မွေးနေ့ပွဲကျင်းပပြီးနောက် နောက်ကျမှ ပြန်လာခဲ့သောကြောင့်သာ ရန်သူ့သူလျှိုနှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သူ သေချာပေါက် ပြော၍မရနိုင်ပေ။
ကံကောင်းစွာဖြင့် လျူအာကျူးက သူ၏ယခင်ဘဝက ဝတ္ထုများစွာကို ဖတ်ရှုခဲ့ဖူးလေသည်။
စကားပုံတစ်ခုရှိသကဲ့သို့ ဖျားနာမှု ကြာရှည်လာပါက ဆရာဝန်ကောင်းတစ်ယောက် ဖြစ်လာတတ်ပြီး စာများများဖတ်ပါက ကြွားလုံးထုတ်ရာတွင် ကျွမ်းကျင်လာတတ်သည်။ ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးရခြင်းမှာ သူ၏ စွမ်းဆောင်နိုင်ရည်အတွင်း၌ ရှိနေဆဲပင် ဖြစ်၏။
လျူအာကျူးသည် ခဏတာ စဉ်းစားတွေးတောလိုက်ပြီးနောက် လေးနက်စွာဖြင့် ပြောလေသည်။
"သူလျှိုကို ဖမ်းမိခဲ့တဲ့အကြောင်း ပြောရမယ်ဆိုရင် တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်... အဲဒါက ကျွန်တော် မြို့ကိုသွားခဲ့တဲ့အချိန်ကစပြီး ဖြစ်လာခဲ့တာပါ..."
"အဲဒီနေ့က ကျွန်တော့်ရဲ့ ခြေထောက်ကျိုးနေတဲ့ အဖေ့အတွက် အားဆေးတချို့ ဝယ်ချင်လို့ မြို့ကို သွားခဲ့တာပါ..."
"ခဏလေး..."
ယဉ်ကျေးမှုဗျူရို ညွှန်ကြားရေးမှူး၏ မျက်လုံးများ အရောင်လက်သွားသည်။
"မင်းအဖေက မသန်စွမ်းဘူးလား..."
"...အဖေက အလုပ်လုပ်ရင်း ခြေထောက်ကျိုးသွားရုံပါ..."
လျူအာကျူးသည် အသာအယာ ချောင်းဟန့်လိုက်သည်။
"မသန်စွမ်းဘူးလို့တော့ သတ်မှတ်လို့မရပါဘူး..."
ယဉ်ကျေးမှုဗျူရို ညွှန်ကြားရေးမှူးကမူ ဂရုမစိုက်ဘဲ မှတ်စုမှတ်ရန် တာဝန်ကျသော ယဉ်ကျေးမှုဗျူရို စာရေးအား စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
"ဒါကို မှတ်ထားလိုက်... သူရဲကောင်းလေးရဲ့ အဖေက ရွာထဲက လူကြီးလူငယ်တွေ အဝစားနိုင်ဖို့အတွက် တောင်တွေ ရေတွေပေါ်မှာ နေ့ရောညပါ အလုပ်လုပ်ခဲ့ရလို့ ခြေထောက်ကျိုးသွားခဲ့တယ်... မိသားစုရဲ့ဘဝက အလွန်ခက်ခဲခဲ့တယ်... အဖေ့အတွက် အားဆေးတွေ ဝယ်ပေးဖို့ သူရဲကောင်းလေးဟာ အလုပ်ရမှတ်တွေရဖို့ နေ့ရောညပါ အလုပ်လုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ ငွေလုံလောက်အောင် စုဆောင်းနိုင်ခဲ့တယ်... သူက အဖေ့ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ပေါက်စီဖြူတစ်လုံးလောက် ဝယ်ချင်ရုံနဲ့ ခရိုင်ကို သွားခဲ့ရာကနေ အဲဒီအချိန်မှာ ရန်သူ့သူလျှိုနဲ့ ဆုံတွေ့ခဲ့တယ်လို့ ရေးလိုက်..."
လျူအာကျူးခမျာ ဆွံ့အစွာဖြင့် နားထောင်နေမိသည်။ ထိုသူသည် ယဉ်ကျေးမှုဗျူရို ညွှန်ကြားရေးမှူး ဖြစ်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ယဉ်ကျေးမှုဗျူရို ညွှန်ကြားရေးမှူးက သူ့အား ဆက်ပြောရန် အချက်ပြလိုက်သောအခါ လျူအာကျူးသည် အတွေ့အကြုံမှ သင်ခန်းစာယူကာ ဇာတ်လမ်းကို ထပ်မံဖြည့်စွက်လိုက်သည်။
"အဲဒီအချိန်တုန်းက လမ်းဘေးမှာ လူတစ်ယောက် လဲကျနေတာကို ကျွန်တော် တွေ့လိုက်ရတယ်... သူက အရမ်းဗိုက်ဆာနေလို့တောင် မထနိုင်ဘူးဖြစ်နေတာလေ... ဒီလောက် ဉာဏ်ပညာကြီးမားတဲ့ ခရိုင်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေဟာ အေးအေးချမ်းချမ်း နေထိုင်အလုပ်လုပ်ကိုင်နေကြတာဆိုတော့ ထမင်းမစားနိုင်တဲ့သူ ဘယ်လိုလုပ် ရှိနေနိုင်မှာလဲဆိုပြီး ကျွန်တော် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်သွားမိတယ်... အဲဒါနဲ့ ကျွန်တော်လည်း သိချင်စိတ်နဲ့ အနားကို ချဉ်းကပ်သွားခဲ့တယ်..."
ဇာတ်လမ်းကို ပြောပြအပြီးတွင် လျူအာကျူးသည် မြောက်မြားစွာသော ဖားယားမှုများထဲသို့ ဇာတ်အိမ်အနည်းငယ်ကို ရောနှောထည့်သွင်းခဲ့သည်။ သူသည် သူတို့ကို အလွန်အမင်း ချီးကျူးခဲ့သဖြင့် မူးဝေအော့အန်ချင်သလိုပင် ဖြစ်လာခဲ့သော်လည်း ခေါင်းဆောင်များကမူ အလွန်ပျော်ရွှင်နေကြသည်။
ဇာတ်လမ်းအပြည့်အစုံကို မှတ်တမ်းတင်ပြီးသွားသောအခါ ယဉ်ကျေးမှုဗျူရို ညွှန်ကြားရေးမှူးသည် လျူအာကျူးအား သဘောကျသော အကြည့်ဖြင့် ကြည့်လိုက်သည်။ တကယ့်ကို သင်လွယ်တတ်လွယ်သော လူငယ်လေးပင် ဖြစ်၏။
ခရိုင်ခေါင်းဆောင်များသည်လည်း အလွန် ပျော်ရွှင်နေကြပြီး နောက်ဆုံးတွင် လျူအာကျူးအတွက် ဆုလာဘ်များကို စတင်ကြေညာကာ ချီးကျူးဂုဏ်ပြုလွှာ ကိုင်ဆောင်ထားသော သူနှင့်အတူ ဓာတ်ပုံတွဲရိုက်ရန်ပင် တောင်းဆိုခဲ့ကြသည်။
ဆုကြေးငွေမှာ ယံမ်တစ်ရာအထိ များပြားကြောင်း ကြားလိုက်ရသဖြင့် လျူအာကျူးမှာ အလွန် အံ့အားသင့်သွားလေသည်။
ယွမ်တစ်ရာဆိုသည်မှာ ယခုအခါ သူ့အဖို့ တကယ့်ကို ဘာမှမဟုတ်တော့ပေ။
သို့သော်လည်း ဤငွေမှာ အရောင်းအဝယ်လုပ်၍ ရလာခြင်းမဟုတ်ဘဲ နိုင်ငံတော်က ပေးအပ်ခြင်း ဖြစ်သည်။
ဤကာလတွင် နိုင်ငံတော်မှ ပေးအပ်သော ဆုလာဘ်များမှာ လပြားအနည်းငယ်မျှသာ ဖြစ်လေ့ရှိပြီး အများဆုံးမှာ ငါးယွမ် သို့မဟုတ် ဆယ်ယွမ်ခန့်သာ ရှိလေသည်။ အရေးကြီးဆုံးမှာ ဂုဏ်သိက္ခာနှင့် လက်မှတ်ပင်ဖြစ်၏။
ထို့ကြောင့် ဤယွမ်တစ်ရာဆိုသည်မှာ တကယ့်ကို မှင်တက်အံ့သြစရာ ကောင်းနေသည်။
လျူဟိုင်သည်လည်း ဆွံ့အသွားပြီး ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးအား တိတ်တဆိတ် မေးလိုက်လေသည်။
"ဒါက နည်းနည်း များလွန်းမနေဘူးလား..."
"နည်းနည်းတော့ များပါတယ်... ဒါပေမဲ့ ခရိုင်ပါတီအတွင်းရေးမှူးက တိုက်ပွဲဝင်ပေးခဲ့လို့ပါ... စိတ်အေးချမ်းသာစွာနဲ့ပဲ ယူထားလိုက်ပါ..."
အတွင်းရေးမှူးက လျူဟိုင်အပေါ် အမြင်ကောင်းရှိသဖြင့် ရှင်းပြလေသည်။
"ဘာဖြစ်လို့လဲ..."
လျူဟိုင်မှာ စဉ်းစား၍ မရသေးပေ။
အတွင်းရေးမှူးသည် သူ့အား တစ်ချက်ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့ အတွင်းရေးမှူးက အခု မြူနီစပယ်ပါတီကော်မတီရဲ့ ဒုတိယအတွင်းရေးမှူးရာထူးအတွက် အရွေးခံနေလို့ပဲ... ဒီအောင်မြင်မှု ထွက်လာတာနဲ့ သူ့ရဲ့မျှော်လင့်ချက်က နည်းနည်းပါးပါးလေးလောက် တက်လာတာမျိုး မဟုတ်ဘူးလေ... ဒါ့အပြင် ခရိုင်ရဲစခန်းကလည်း သူ့ကို ဂုဏ်ပြုဖို့ အများကြီး ကြိုးစားပေးခဲ့တယ်လို့ ငါ ကြားတယ်... အထည်အလိပ်စက်ရုံကလည်း ဩဇာလွှမ်းမိုးမှုတချို့ လုပ်ပေးခဲ့ပုံရတယ်... ဒီကောင်လေးက အဆက်အသွယ် တော်တော်များတာပဲ..."
ထိုအခါမှသာ လျူဟိုင် သဘောပေါက်သွားသည်။ ခရိုင်ပါတီအတွင်းရေးမှူးသည် မျက်နှာပေါ်တွင် အမြဲအပြုံးတစ်ပွင့်ဖြင့် လျူအာကျူးအား ဤမျှမျက်နှာသာပေးကြည့်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
သို့သော်လည်း သူ နားမလည်နိုင်သည်မှာ အထည်အလိပ်စက်ရုံက လျူအာကျူးအား အဘယ်ကြောင့် ကူညီပေးနေသနည်း။ ထို့အပြင် သူတို့က တကယ်ရော ဘယ်လိုကူညီပေးနိုင်သနည်းဆိုသည်ပင် ဖြစ်သည်။