ဟန်ရန်
Vol. 3 Ch. 284
ပိုင်ရှောင်ချန်းက ခြိမ်းခြောက်လိုက်မှသာလျှင် လူတိုင်းမှာ သူ့ပါးစပ်မှ စကားလုံးတိုင်းကို နားထောင်ဖို့က လွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် သူက မြောက်ခြမ်း၏ တိုက်ပွဲဝင်သားရဲအားလုံးကို ထိန်းချုပ်နိုင်သည့် ကောင်းကင်တာအိုပညာရှင် ၊ အမွေဆက်ခံသူအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ထိုအကြောင်းကြောင့် ဂိုဏ်းကသူ့ကို ပေါ့သေးသေးသဘောထားမရပေ။အမှန်အားဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံပင်မပါပဲ လူတိုင်းကို ဖိနှိပ်ချုပ်ထိန်းပစ်နိုင်လေသည်။ သူက ဂိုဏ်းတစ်ခုလုံး၏ ပင်မကျောရိုးဖြစ်လာနိုင်သည့်အလားအလာရှိလေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက်မူ ပိုင်ရှောင်ချန်းက သူ၏ သွေးနတ်ဆိုးစွမ်းအားများကို ဖော်ထုတ်သည်နှင့် သူက ဂိုဏ်းရှိအခြားသူများထက် ပို၍အရေးပါအရာရောက်သွားလေသည်။
သူ၏အပိုင်းကို တွေးကြည့်ပါက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အတိုက်အခိုက်စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းအထိမြှင့်တင်နိုင်ပြီး သို့မဟုတ် တစ်ဝက်ပင်လျှော့ချပစ်နိုင်လေသည်။
သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိကခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကို ကြည့်ပြီး ကောင်းကင်တံတားမြစ်အောက်တွင် လှဲလျောင်းနေသည့် အံ့မခန်းသွေးဘိုးဘေးကြီးအကြောင်းတွေးလိုက်မိသည်။
"သွေးသခင်က သွေးဘိုးဘေးကြီးကို တကယ်ပဲ ထိန်းချုပ်နိုင်မှာလား'' သူကတွေးလိုက်သည်။ တွေဝေ တုံ့ဆိုင်းနေခြင်းက သူ့နှလုံးသားကိုချုပ်ကိုင်သွားပြီး သွေးနတ်ဆိုးကို ဖိနှိပ်ရန်သို့မဟုတ် မလိုအပ်သောအကြောင်းများကို မလုပ်ဝံ့ပေ။ အသေးအဖွဲ့ချွတ်ချော်မှုလေးတစ်ခုကပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကို ပျက်စီးသွားစေနိုင်လေသည်။
"ငါတို့ ဂိုဏ်းအသစ်ထောင်ရင် ဌာနချုပ်က ဘာဖြစ်မှာလဲ'' စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ခေါင်းဆောင်ကြီးထျယ်မုကမေးသည်။
ပိုင်ရှောင်ချန်း၏အကြံမှာ သူ့စိတ်ထဲတွင် ပို၍ ရှင်းလင်းလာပြီး သူ၏မျက်လုံးတို့မှာ စစ်ခင်းလိုသည့် အလိုဆန္ဒအလင်းများဖြင့် တောက်ပလာလေသည်။
" ကျုပ်တို့ဂိုဏ်းအသစ်ထောင်ရင် ဌာနချုပ်ကို ဂိုဏ်းအဟောင်းတွေရဲ့ နေရာမှာ မတည်ဘူး.. ။ ကုံမြစ်ဂိုဏ်းခွဲသိမ်းယူထားတဲ့ မြစ်လက်တက်က ကျုပ်တို့ရဲ့ ဌာနချုပ်ဖြစ်မယ်''
ယခုတွင် ပိုင်ရှောင်ချန်းနှင့် ညမုဆိုးတို့သရုပ်များက အတူတကွ ပေါင်းစပ်သွားပြီး လူတိုင်းက သူ့ကို ယခင်ကရှိခဲ့သည်နှင့် ကွဲပြားခြားနားသောအလင်းများထဲတွင် မြင်လိုက်ရလေသည်။
"ကျုပ်ရဲ့ သွေးကိုယ်တော် စွမ်းအားတွေနဲ့သာဆိုရင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့ တိုက်ပွဲဝင်စွမ်းအားကို သုံးဆယ်ရာခိုင်နှုန်းအထိ တိုးပေးနိုင်တယ်..။ ကျုပ်ရဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက တိုက်ပွဲဝင်သားရဲတွေကို ထိန်းချုပ်မှုနဲ့ဆိုရင် ဖြုံသွားစေရမယ်''
"ကျုပ်တို့ဂိုဏ်းနှစ်ဂိုဏ်းသာ အတူတကွပေါင်းစည်းလိုက်ရင် အဆုံးမရှိထက်မြက်တဲ့ဓားသွားနှစ်ချောင်းနဲ့ တူလိမ့်မယ် ။ ကျုပ်တို့ဆန်းကြယ်နတ်ရေစင်ဂိုဏ်း နဲ့ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့ကို သိမ်းသွင်းနိုင်လို့ကတော့ ပိုပြီး အင်အားတောင့်လာမှာ။ ကျုပ်တို့ ကုံမြစ်ဂိုဏ်းခွဲကို အပိုင်စီးပြီး အလယ်ပိုင်းဒေသကို သိမ်းပိုက်နိုင်မယ်လေ''
"အလယ်ပိုင်းဒေသက ကျုပ်တို့အတွက် မရင်းနှီးတဲ့နေရာဖြစ်ပေမယ့်လည်း ကျုပ်တို့အတူအဲ့နေရာမှာ အမြစ်ချအခြေစိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြဲ ယုံကြည်နိုင်မယ်''
ပိုင်ရှောင်ချန်းပြောသဖြင့် ဂိုဏ်းနှစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးတို့က ရံဖန်ရံခါသက်ပြင်းချလျက် သူတို့မျက်နှာတွင် စဥ်းစားနေသော အမူအရာတို့ဖြင့် ကြည့်လိုက်ကြသည်။
ဤအခိုက်တန့်တွင် သူတို့နှစ်ဖက်လုံး တိုက်ပွဲက ရွေးစရာမဟုတ်မှန်းသိလေသည်။ ပိုင်ရှောင်ချန်းက သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှစ်ခုလုံးအတွက် အလွန်အရေးပါလွန်းသည်။ သူ့လိုလူတစ်ယောက်ကသာလျှင် ဂိုဏ်းနှစ်ဂိုဏ်းကြား အချိတ်အဆက်ဖြစ်ပေးနိုင်ပြီး အမှန်စင်စစ်အတူပေါင်းစပ်ရန်အခွင့်အရေးဖန်တီးပေးနိုင်သည့် အဆင့်ရှိလေသည်။
မရေမတွက်နိုင်သောလူများက အတွေးထဲနစ်မြောလျက်ရပ်နေသဖြင့် တိတ်ဆိတ်မှုကလွှမ်းမိုးသွားလေသည်။ တဖြည်းဖြည်းနှင့် လူတို့က အချင်းချင်းတီးတိုးပြောလာကြပြီး ထိုကိစ္စအား လေသံတိုးတိုးဖြင့် ဆွေးနွေးလာကြသည်။ လွန်ခဲ့သော တခဏက နှစ်ဖက်လုံး ဟိုးလေးတကျော်ကျော်ဓားများဆွဲထုတ်၍ မျက်နှာချင်းဆိုင်နေခဲ့ကြပြီး ယခုအချိန်တွင်မူ ထိုအထာများ ပျောက်ကွယ်လာ၏။
ကြာလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ စိတ်အေးလက်အေးဖြစ်လာ၏။
သို့သော်...
မဟာဖုတ်ကောင်ကြီးဆင့်ခေါ်ခြင်းကိုဦးဆောင်ခဲ့သည့် ခေါင်းဆောင်ကြီးဖြစ်သော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးငါးဦးထဲကတစ်ယောက်ဖြစ်သည့် ခေါင်းဆောင်ကြီး၏ဟန်ရန်က သူ၏မျက်လုံးများတွင် အလွန်အမင်း သတ်ဖြတ်လိုစိတ်များတောက်လောင်လျက် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေတော်လိုက်တော့''
သူ၏ အသံက ရေခဲတမျှအေးစက်နေလျက် ထွက်ပေါ်လာသည်။
'' မင်းက ညမုဆိုးကို လုပ်ကြံ သတ်ပြီး သူ့နေရာယူထားတာလေ။ မင်းလိုကောင်က ငါတို့အားလုံးကို လှည့်စားဖို့ ကြိုးစားနေတာပဲ။ သေဖို့ပြင်ထား ''
သူ၏အသံကြီးဟိန်းထွက်သွားသည်နှင့် ရိပ်ခနဲလှုပ်ရှားသွားပြီး ပိုင်ရှောင်ချန်းထံ မယုံကြည်နိုင်ဖွယ်အရှိန်ဖြင့် တဟုန်ထိုးဦးတည်သွား၏။ သူက ညာလက်ကို ဆန့်တန်းလိုက်သဖြင့် သူ၏ ယင်ယန်ဝိညာဥ်ကျင့်ကြံခြင်းအခြေခံက ကောင်းကင်ကိုဖျက်စီးပြီး မြေပြင်ကို အဆုံးသတ်သွားစေသော စွမ်းအားကြီးနှင့်အတူ ပေါ်ထွက်လာသည်။ဧရာမေလပွေကြီးက သူ့ပတ်လည်တွင်ပေါ်လာကယ အရာအားလုံး ပြင်းပြင်းထန်ထန်တုန်ခါလာလေသည်။
လေပွေကြီးက လည်နေကာ အလွန်ကြီးမားသောသေမင်းအငွေ့အသက်တစ်ခုထွက်ပေါ်လာပြီး ဓားချီအဖြစ်ပြောင်းသွားကာ ပိုင်ရှောင်ချန်းထံ တဟုန်ထိုးပြေးဝင်သွား၏။ ပိုင်ရှောင်ချန်းက ထိုနေရာတွင်ချုပ်နှောင်ခံလိုက်ရပြီး လှုပ်ရှားရုန်းကန်၍ပင်မရတော့ချေ။ တချိန်တည်းမှာပင် သူ၏ စိတ်ထဲတွင် မကြုံစဖူး ပြင်းထန်သော သေမင်း အငွေ့အသက်များကို အာရုံရလိုက်လေသည်။
သေခြင်းတရားနှင့် နီးစပ်လာမည်ဟု သူဘယ်သောအခါမှ မခံစားဖူးချေ။ သူ့မှာ ကျင့်ကြံခြင်းအခြေခံက အလယ်ပိုင်းအခြေခိုင်မာခြင်းအဆင့်မှာပဲရှိနေစဥ် ယင်ယန်ဝိညာဥ်အဆင့်ခေါင်းဆောင်ကြီး၏တိုက်ခိုက်ခြင်းကို ခံနေရလေသည်။
သူတို့နှစ်ဦး၏ ခြားနားချက်မှာ သမုဒ္ဒရာကြီးနှင့် ဗွက်အိုင်လေးတစ်ခုကဲ့သို့ပင်။
သို့သော်လည်း အသေတိုက်ကွက်က ပိုင်ရှောင်ချန်းဆီ မရောက်သေးဘဲ ခေါင်းဆောင်ကြီးဟန်ရန်၏ ဖြန့်ကားထားသောလက်ဝါးပုံစံမှ ထွက်လာလေသည်။
သူ၏လက်ဝါးက မီးများဟုန်းဟုန်းတောက်လျက် အနီးပတ်ဝန်းကျင်ရှိအရာခပ်သိမ်းကို မီးလောင်ကျွမ်းသွားကာ လက်ကြီးတစ်ခုအသွင်ပြောင်းသွားပြီး အရာအားလုံးကို ပြင်းပြင်းထန်ထန်တုန်လှုပ်သွားသည်။ မီးလျှံလက်ဝါးကြီးက ခန္ဓာကိုယ်နှင့် ဝိညာဥ်တွဲနေသည့်အရာမှန်သမျှကို သတ်ပစ်နိုင်သည့် အဖျက်စွမ်းအားများကို ထုတ်လွှတ်နေသည်။
ပိုင်ရှောင်ချန်းအပေါ် ခေါင်းဆောင်ကြီးဟန်ရန်၏လက်ဝါးသိုင်းက မည်သည့်သတိပေးချက်မှမပါပဲရုတ်တရက်ကျရောက်လာခြင်းဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကျင့်ကြံသူများသာ မမျှော်လင့်ထားခြင်းမဟုတ် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းခေါင်းဆောင်ကြီးများပင်လျှင် လုံးဝမပြင်ဆင်လိုက်ရပေ။ နှစ်ဦးနှစ် ဖက်လုံး မျက်နှာပျက်သွားကြလေသည်။
"ဟန်ရန်... မင်းလက်ကို ဖယ်လိုက်စမ်း '' သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အဓိကခေါင်းဆောင်ကြီးမှာ ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီး အလောတကြီးအသံဖြင့် အော်ဟစ်လိုက်သည်။ သူက ချက်ချင်းပင် ခေါင်းဆောင်ကြီးဟန်ရန်ကိုတားရန် ညာလက်ကိုလှမ်းထုတ်လိုက်သည်။
သို့သော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုအချိန်တွင် ဖိနှိပ်ခံထားရပြီး သူကခေါင်းဆောင်ကြီးဟန်ရန်ထံရောက်သွားသော်လည်း မတားဆီးနိုင်ဘဲ အရှိန်အနည်းငယ်သာ လျော့သွားစေခဲ့သည်။
အဓိကခေါင်းဆောင်ကြီး၏မျက်လုံးတို့တွင် သွေးအေးရက်စက်မှုများတောက်ပလာသည်။ ပိုင်ရှောင်ချန်းက အရေးပါလွန်းနေသည်။ သူသေပါက ဂိုဏ်းနှစ်ဂိုဏ်း တိုက်ခိုက်ရန် တွန်းအားဖြစ်သွားလိမ့်မည်။ သူတို့၏ ရန်ပွဲကြေအေးရန် မျှော်လင့်ချက်ပျက်သုဥ်းသွားလိမ့်မည်။
သူတို့၏အဆက်အသွယ်များသည်လည်း ပို၍ဆိုးရွားသွားမည်။
စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏ မျက်လုံးများပြူးကျယ်လာပြီး သူ၏သတ်ဖြတ်လိုစိတ်များထတောက်လာ၏။ မည်သို့ပင်ဆိုစေ ပိုင်ရှောင်ချန်းက သူ၏မွေးစားသားဖြစ်ပြီး သူ့ကို သူ့မျက်စိရှေ့တွင်သတ်ရန်ကြိုးစားနေသည်မှာ လုံးဝသည်းမခံနိုင်သည့်အရာဖြစ်သည်။ သူ၏ညာလက်က မန္တန်လက်ကွက်တစ်ခု ရုတ်ခြည်း ဖြစ်ပေါ်လာပြီး ပြင်းထန်သောရောင်ခြည်တန်း တစ်ခုထွက်ပေါ်လာကာ ဓားချီတစ်ချောင်းကို ဆင့်ခေါ်လိုက်ပြီး ဟန်ရန်ကိုခုတ်ပိုင်းပစ်လိုက်၏။
ကံဆိုးစွာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း တစ်ဝက်ဖိနှိပ်ခံထားရသဖြင့် သူ၏ဓားချီမှာ ခပ်မြန်မြန်ပင် ပျက်စီးသွား၏။ ခေါင်းဆောင်ကြီးဟန်ရန်၏ မီးတောက်လက်မှာ အနည်းငယ်မှေးမှိန်သွားသော်လည်း ပိုင်ရှောင်ချန်းထံ တဟုန်ထိုးသွားနေဆဲပင်။
တချိန်တည်းမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတည်ထောင်သူခေါင်းဆောင်ကြီးက ပြင်းပြင်းထန်ထန်ဟိန်းဟောက်လိုက်ပြီး ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်လေသည်။ ရုတ်ခြည်း မီတာသုံးဆယ်အရွယ်ရှိသည့် ဧရာမသံကြိုးကြီးပေါ်လာကာ ဟန်ရန်၏တိုက်ကွက်ကို ကြားဝင်ခံရန်သွားလေသည်။
၄င်းက မီးတောက်လက်ဖြင့်ထိလိုက်သောအခါ မီးတောက်လက်မှာ စုန့်မျိုးနွယ်ခေါင်းဆောင်ကြီးသို့မဟုတ် အဓိက ခေါင်းဆောင်ကြီး၏သိုင်းကွက် ထက်ပို၍ ပျက်စီးသွားသည်။ ဧရာမလက်ကြီးမှာ တစ်ဝက်ပျက်စီးသွားလေပြီ။ သို့တိုင်အောင် ခေါင်းဆောင်ကြီးဟန်ရန်က လျှပ်တပြက်တိုက်ခိုက်ပြီးလက်ဦးမှုရထားသဖြင့် ဆက်တိုက်တိုးဝင်လာသော သိုင်းကွက်များက သူ့ကို မတားဆီးနိုင်ချေ။
နှစ်ဖက်လုံးမှကျင့်ကြံသူများက အထိတ်တလန့်ကျယ်လောင်စွာ အော်ဟစ်လိုက်ကြစဥ် တစ်ဝက်ပျက်စီးနေသော လက်ကြီးက ပိုင်ရှောင်ချန်းထံ တိုးဝင်သွားလေသည်။
" ရှောင်ချန်း ''
" ညမုဆိုး ''
မီးလုံးကြီးကအနားကပ်လာနေသည်ကို ကြည့်ပြီး ပိုင်ရှောင်ချန်း၏မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားလေသည်။သေမင်းအငွေ့အသက် အန္တရာယ်အာရုံလှိုင်းများပြည့်သွားပြီး သူက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားလုမတတ် ဟိန်းဟောက်လိုက်သည်။
သူ၏ခေါင်းတွင် သွေးကြောပြာကြီးများထောင်လာပြီး အက်ကွဲသံများက သူ့ကိုယ်ထဲတွင် ပြည့်သွားလေသည်။ ပြင်းထန်သော စွမ်းအားကြောင့် သူ၏အရိုးများမှာ ကွဲကြေတော့မည်။ ထိုအခိုက်တွင် သူအသက်ရှင်နိုင်ခြေအခွင့်အရေးမှာ အလွန့်အလွန် နည်းပါးလေသည်။
သို့သော် ထိုကံကြမ္မာတွင် သူ့ကိုယ်သူ အရှုံးမပေးချင်ပေ။ သူ၏မျက်လုံးများ ရုတ်ချည်းနီရဲလာသည်။ အော်ဟစ်လျက် သူက လက်နှစ်ဖက်ဖြင့်လက်ကွက်ဖော်လိုက်ရာ သူ၏လက်ထဲတွင် ခရမ်းရောင်မီးအိမ်ပေါ်လာကာ မီးတောက်များဘက်သို့ ဝှေ့ယမ်းပစ်လိုက်လေသည်။
ဝုန်းးးးး
မီးအိမ်မှာ ခရမ်းရောင်အလင်းများ အရပ်မျက်နှာတစ်ခွင် ဖြာထွက်လာပြီး ဧရာမမျက်နှာကြီးပုံစံဖြစ်သွားကာ မီးတောက်များကို တစ်ဟုန်ထိုး ရင်ဆိုင်လိုက်လေသည်။ ထိုခရမ်းရောင်မီးအိမ်မှာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းကိုပေးထားသည့်လက်ဆောင်ဖြစ်သည်။ ၄င်းက မည်မျှပင် စွမ်းအားကြီးလင့်ကစား ခေါင်းဆောင်ကြီးဟန်ရန်ကဲ့သို့ ထူးဆန်းသောအဘိုးကြီးနှင့် မယှဥ်နိုင်ပေ။
ပြေးလာနေသော မီးတောက်လက်ကြီးက ခရမ်းရောင်အလင်းများနှင့် ထိခိုက်သွားသောအခါ မီးပင်လယ်ကြီးဖြစ်သွားကြီး လက်ဝါးကြီးမှာ အတော်များများပျက်စီးသွား၏။ သို့တိုင်အောင် ၄င်းက ပိုင်ရှောင်ချန်းထံ ဆက်လက်သွားနေဆဲဖြစ်သည်။
ပြင်းထန်သော တန်ပြန်အားလှိုင်းကြောင့် ပိုင်ရှောင်ချန်း၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး နောက်သို့ ယိမ်းယိုင်သွားလေသည်။ သွေးအတော်များများ ထပ်မံအန်ထုတ်လိုက်သော်လည်း သူက အံတင်းတင်းကြိတ်ကာ ပြန်မျိုချလိုက်သည်။ ထို့နောက် လေးရောင်ခြယ်ကျောက်စိမ်းလည်ဆွဲဆုပ်ကိုင်ထားသည့် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်သည်။ လေးရောင်ခြယ်အလင်းတို့က အရပ်မျက်နှာတစ်ခွင်ထိန်ထိန်လင်းသွားကာ လေးလွှာဒိုင်းအကာအကွယ်တစ်ခုဖြစ်သွားလေသည်။
ထိုအခိုက်မှာပင် မီးတောက်လက်ကျိုးကြီးက ဒိုင်းကို ဒုန်းခနဲဝင်တိုက်လိုက်ကာ တဂျွတ်ဂျွတ် အက်ကွဲသံများနှင့် တဖောက်ဖောက်မြည်သံများက လေထဲပဲ့တင်ထပ်သွားကာ ဒိုင်းလေးခုလုံးပျက်စီးသွားလေသည်။
အကာအကွယ်တစ်လွှာချင်းက မီးတောက်လက်ကြီး၏ စွမ်းအားကို လျော့ပါး သွားစေသည့်တိုင်အောင် လုံးဝရပ်မသွားစေပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဒိုင်းအကာအကွယ်အားလုံး ပျက်စီးသွားလေသည်။ ထို့ကြောင့် နှစ်ဂိုဏ်းလုံးမှ ခေါင်းဆောင်ကြီးများနှင့် အရေမတွက်နိုင်သော ပိုင်ရှောင်ချန်း၏ မိတ်ဆွေအပေါင်းအသင်းတို့က အလောတကြီးအော်လိုက်ကြသည်။
မီးတောက်လက်ကြီးက ဓားပူပူဖြင့် ထောပတ်ကိုလှီးနေသကဲ့သို့ သူ၏လမ်းတွင်ရှိသမျှအကုန်လုံးကို ဖျက်စီးသွားသည်။ သို့သော်လည်း မထိမိခင်အချိန်တခဏလေးတွင် ပိုင်ရှောင်ချန်းက စက္ကူအဆောင်လက်ဖွဲ့ကိုထုတ်ဖော်ရန် ညာလက်ကို ဆန့်တန်းလိုက်သည်။
၄င်းက တခြားမဟုတ်ချေ။
နတ်ဘုရားလက်ဖွဲ့အဆောင်ပင်။
သူက အဆောင်ကို ရင်ဘတ်မှာ ကပ်လိုက်ပြီး မာန်သွင်းကြုံးဝါးလိုက်ရာ အရပ်မျက်နှာတခွင် ပဲ့တင်ထပ်သွားသည်။ သူ၏ထာဝရအသက်ရှည်နည်းပညာရပ်ပေါ်ထွက်လာသဖြင့် သူ၏ဆံပင်များမှာ ခပ်ကြမ်းကြမ်းလွင့်နေသည်။ သူ၏နောက်တွင် ဧရာမကောင်းကင်နတ်ဆိုးကြီးနှစ်ကောင်ပေါ်လာကာ ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည့် ထစ်ခြုန်းမြည်ဟည်းသံများပေါ်ထွက်လာလေသည်။ သူတို့က ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားအဆောင်လက်ဖွဲ့ကျေးဇူးဖြင့် ပိုင်ရှောင်ချန်း၏ အပြင်အားမှာ တဟုန်ထိုးမြင့်တက်သွားပြီး ယခင်အဆင့်ထက် နှစ်ဆကိုပင်ရောက်သွားလေသည်။
ထိုအချိန်တွင် အတော်များများပျက်စီးနေပြီဖြစ်သည့် လက်ကြီးက သူ့ကို အုန်းခနဲဝင်တိုက်လေသည်။
အကယ်၍ ထိုမြင်ကွင်းကိုသာ ပန်းချီရေးခြယ်နိုင်ပါက မြင်မြင်သမျှလူတိုင်းကို ပင့်သက်ရှိုက်သွားစေမည့် စုတ်ချက်တစ်ခုပင်။ ပိုင်ရှောင်ချန်းကို တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအောက်တွင် မမြင်ရချေ။ မယုံကြည်နိုင်ဖွယ် ကောင်းကင်မိစ္ဆာနှစ်ကောင်ကိုသာ မြင်ရလေသည်။
ဝုန်းးးး
ပြင်းထန်သော တဝုန်းဝုန်းမြည်သံကြီးများဟိန်းထွက်သွားလေသည်။ မီးတောက်လက်ကြီးများက ဆင့်ကဲဆင့်ကဲ အားအင်လျော့နည်းလာပြီးနောက် နောက်ဆုံးတွင် ပေါက်ကွဲသွားလေသည်။ မီးတောက်များ နေရာအနှံ့လွင့်စင်လာပြီး တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ကောင်းကင်နတ်ဆိုးကြီးနှစ်ကောင်တွင် အက်ကွဲကြောင်းများပြန့်လာလေသည်။ တခဏကြာပြီးနောက် သူတို့မှာ အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားလေသည်။
ပိုင်ရှောင်ချန်းမှာ မြေပြင်ပေါ်သို့ ဥက္ကာခဲတစ်ခုသဖွယ် တရှိန်ထိုးကျသွားလေသည်။ သူကျရောက်သည်နှင့် ဒုန်းခနဲ အသံကျယ်ကြီးကြားလိုက်ရကာ မီတာသုံးဆယ်ရှိသည့် ချိုင့်ခွက်ကြီးဖြစ်သွားလေသည်။
ချိုင့်ခွက်ကြီး၏အောက်ခြေတွင် ပိုင်ရှောင်ချန်းမှာ လဲနေ၏။ သူ့မျက်နှာမှာ သေခါနီးကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သွေးတို့က သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ လွင့်ထွက်မှုအားကြောင့် သူ့မှာ သတိလစ်သွားလေသည်။ ထို့အပြင် အခြားသူများ သတိမမူမိသည့်အရာတစ်ခုရှိသည်။ ၄င်းမှာ သူ၏ညာလက်တွင် အမည်းရောင်အလင်းတစ်ခု လက်နေခဲ့ပြီး ယခုအချိန်တွင်ပျောက်ကွယ်လာလေသည်။
ပိုင်ရှောင်ချန်းက သတိလစ်သွားသည့်အချိန်မှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ ကျင့်ကြံခြင်းအခြေခံများအပေါ်ဖိနှိပ်ထားမှုတို့ ပျောက်ကွယ်သွားလေသည်။
မည်သူမှ သတိမထားမိသည့်အခြားတစ်ခုရှိသေးသည်။ ဟန်ရန်က ပိုင်ရှောင်ချန်းကို တိုက်ခိုက်လိုက်သည့် အခိုက်တွင် လောချိန်တောင်တန်းတစ်နေရာ၌ ပြတ်သားသောအလင်းများဖြင့်တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် မျောက်တစ်ကောင်ကိုတွေ့နိုင်လေသည်။ တချိန်တည်းမှာပင် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းရပ်နေသည့်သွေးတိမ်တိုက်ကြီးများထဲတွင် အနီရောင်မျက်လုံးတစ်စုံက တဖျပ်ဖျပ်လက်သွားလေသည်။