← Chapters

အခြေတည်အဆင့်အတွက် အပြင်ထွက်ခြင်း ( ၂ )

Vol. 13 Ch. 201

အခြေတည်အဆင့်အတွက် အပြင်ထွက်ခြင်း ( ၂ )

Vol. 13 Ch. 201

ကျန်းစန်းက ရွှီချင်း၏ မှော်လှေကို စစ်ဆေးကြည့်လိုက်ပြီး ကြိတ်၍ သက်ပြင်းချလိုက်သည်။

ရွှီချင်းက တွေးတောလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ကျန်းစန်းကို အခြေတည်အဆင့်သို့ ဖောက်ထွက်မည့်ကိစ္စနှင့် ပတ်သက်၍ သူ မေးမနေတော့ပေ။ သူတို့နှစ်ယောက်ဆက်ဆံရေးက မည်သို့ပင်ဖြစ်နေစေကာမူ ထိုကိစ္စမျိုးကို မေးမြန်းခြင်းသည် တစ်ဖက်သား၏ ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်ရောက်စွက်ဖက်လိုက်ခြင်း ဖြစ်သည်။

သူက လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်စကားပြောလိုက်သည်။

မှောင်ရီပျိုးစအချိန်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်က မလိုအပ်ဘဲ အသက်ဝင်မည် မဟုတ်ပေ။ အနည်းငယ် တွေးတောပြီးနောက် ရွှီချင်းက တည်းခိုခန်းမှာ မနေတော့ဘဲ လူဆိုးထိန်းဌာနသို့ သွားလိုက်သည်။

လက်ထောက်ခေါင်းဆောင်အဖြစ်သို့ ရာထူးတိုးသွားပြီးနောက် ရွှမ်ဌာနခွဲတွင် သူ့အတွက် အခန်းတစ်ခန်း ရှိလာခဲ့သည်။ သို့သော်လည်း ထိုအခန်းသို့ သူ သွားခဲသည်။ ယခုတွင် နေစရာနေရာမရှိတော့သည့်အတွက် ထိုအခန်းတွင် တစ်ညနေရန် သူ စီစဉ်ထားသည်။

အပြင်ဘက်ရှိ တည်းခိုခန်းနှင့်ယှဉ်ပါက လူဆိုးထိန်းဌာနက ပို၍ လုံခြုံသည် မဟုတ်ပါလား။

ရွှမ်ဌာနခွဲတွင် တစ်ယောက်မှ ရှိမနေဘဲ ခေါင်းဆောင်လည်း ရှိမနေပေ။ ရွှီချင်းက အခန်းထဲ ဝင်လိုက်ပြီး သူ ဝယ်ခဲ့သည့် အကာအကွယ်မန္တန်အစီအရင်ကို အသက်သွင်းလိုက်သည်။ ထို့နောက် မျက်လုံးများကို မှိတ်၍ တရားထိုင်လိုက်သည်။

ညက တိတ်ဆိတ်စွာ ကုန်လွန်သွားသည်။

နောက်တစ်နေ့မနက်ခင်း မိုးသောက်ချိန်၌ ရွှီချင်း၏ မျက်လုံးများ ပွင့်လာသည်။ သူက မန္တန်အစီအရင်ကို သိမ်းဆည်းလိုက်ပြီး လူဆိုးထိန်းဌာနမှ အလျင်အမြန် ထွက်ခွာကာ ပင်မမြို့ကြီး၏ အလယ်ဗဟိုရှိ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

သူက အလွန် လျင်မြန်သည်။ နောက်ဆုံးတွင် တစ်နာရီကြာပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ရသည်။

တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အသုံးပြုနေကြသည့် လူများစွာ ရှိသည်။ ထိုလူအုပ်ထဲတွင် လူနှစ်ယောက်က သိသိသာသာ ပေါ်လွင်နေသည်။ တစ်ယောက်က ကျန်းစန်းဖြစ်ပြီး တခြားတစ်ယောက်မှာ ကျန်းစန်း၏ ပခုံးပေါ်ရှိ ခေါင်းဆောင်ဖြစ်သည်။

ယမန်နေ့က ကျန်းစန်းက ထိုအကြောင်းကို ပြောပြထားခဲ့ပြီးဖြစ်၍ ရွှီချင်းမှာ အံ့သြမနေတော့ပေ။ ကျန်းစန်း၏ ပခုံးပေါ်ရှိ ပန်းသီးကိုစားကာ ဘေးဘီဝဲယာကို ကြည့်နေသည့် ခေါင်းဆောင်ကတော့ ရွှီချင်းကို မြင်သွားပြီး လက်ကိုဝှေ့ယမ်းပြလိုက်သည်။

ရွှီချင်း အနီးရောက်သွားသည်နှင့် ခေါင်းဆောင်က ဟန်ဆောင်အပြုံးဖြင့် ကြည့်လိုက်သည်။

“ ဂိုဏ်းထဲမှာ မနေရဲလို့ အပြင်ထွက်ပြီး အဆင်တက်ဖို့ နေရာရှာနေတာမလား။ ငါ မင်းကို နေရာနည်းနည်းလောက် မိတ်ဆက်ပေးလို့ရတယ်နော် ”

ကျန်းစန်းသည်လည်း ရွှီချင်းကို ကြည့်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ခေါင်းဆောင်၏ စကားကို သူ ကြားသွားပြီး မျက်လုံးများ ဝင်းလက်သွားသည်။ ထို့နောက် ရွှီချင်းကို ပျော်ရွှင်နေသည့်မျက်နှာဖြင့် ကြိမ်ဖန်များစွာ လှမ်းကြည့်လိုက်သည်။

“ ကျနော် တာဝန်ထမ်းဆောင်ဖို့ အပြင်သွားမလို့ ”

ရွှီချင်းက လူတန်းကြီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ လက်ထောက်ခေါင်းဆောင်ရွှီ၊ မင်းဟန်ဆောင်တာ နည်းနည်းညံ့သေးတယ်။ နောက်ကျ မင်း လိမ်တဲ့အခါ တစ်ဖက်လူရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရတယ်။ အဲဒါမှ ပိုပြီး ယုံသွားမှာ။ မင်းက ဒီလောက်တောင် ဖုန်းကွယ်နေတယ်ဆိုတော့ ကြည့်ရတာ ကျွန်းပေါ်ကနေ တော်တော်များများ ရလာတဲ့ပုံပဲ ”

“ လာ၊ လာ၊ လာ … ဒီပန်းသီးလောက် အဖိုးတန်လား ကြည့်ရအောင် ထုတ်လိုက်စမ်းပါ ”

ခေါင်းဆောင်က လက်ထဲမှ ပန်းသီးကို လက်စသတ်လိုက်ပြီး ကျူးယင်ကျွန်းပေါ်တွင် ရွှီချင်းပေးခဲ့သည့် ပန်းသီးကြီးကို ထုတ်လိုက်သည်။ ထို့နောက် ပန်းသီးကို ခါလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

“ အဲ … ခေါင်းဆောင် ဘယ်သွားမှာလဲ ”

ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံမှ အကြည့်လွှဲ၍ မေးမြန်းလိုက်သည်။

“ ငါလား၊ ငါ ဒဏ်ရာတွေကုရအောင် သွားမှာကွ။ ပြန်ရောက်ရင်တော့ ပိုပြီး အစွမ်းထက်လာမှာပဲ။ အဲဒီအချိန်ရောက်လို့ ငါ့ကို ဝိညာဉ်ကျောက်တုံးတစ်သောင်း အကြွေးမပေးရင် ရက်စက်တယ်လို့ အပြစ်မတင်နဲ့နော် ”

ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဓိပ္ပာယ်ရှိသောအကြည့်ဖြင့် စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ အကြည့်ရုတ်သိမ်းလိုက်ပြီး ပန်းသီးကို ခပ်ကြီးကြီး ကိုက်လိုက်သည်။

“ မြန်မြန် သက်သာပါစေ ခေါင်းဆောင် ”

ရွှီချင်းက ခေါင်းဆောင်၏ မျက်လုံးများကို ကြည့်၍ အလေးအနက် ပြောလိုက်သည်။

ခေါင်းဆောင်သည်လည်း ရွှီချင်း၏ မျက်လုံးများထဲသို့ ကြည့်လိုက်သည်။ ရွှီချင်း၏ စကားလုံးများထဲရှိ ကြင်နာမှုများကို ဆန်းစစ်နေသည့်အလား သူ့မျက်နှာပေါ်တွင် စဉ်းစားနေသည့်အမူအရာတစ်ခု ပေါ်လာသည်။

ကျန်းစန်းက သက်ပြင်းချလိုက်သည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့အရူးနှစ်ယောက်က သူတို့ဆုံသည့်အခါတိုင်း ယခုလို ပြောတတ်ကြသည်ကို သူ သိထားပြီး ဝင်ပြောရန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအချိန်၌ ချီရွှဲ့ထုံဂိုဏ်းတစ်ဂိုဏ်းလုံး ကောင်းကင်ကြီး ရုတ်ခြည်း ပြောင်းလဲသွားသည်။ မူလက ကြည်လင်တောက်ပနေရာမှ ရုတ်ခြည်း မှောင်မည်းသွားသည်။ မယုံနိုင်စရာကောင်းသည့် ဖိအားကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးတစ်ခုလုံး တုန်ခါသွားသည်။ တောင်ထိပ်ခုနစ်လုံးသည်ပင် ဖိအားအောက်တွင် ယိမ်းခါသွားသည်။

ကျင့်ကြံသူများဖြစ်စေ၊ သာမန်လူများဖြစ်စေ ပင်မမြို့ကြီးထဲရှိ လူအားလုံး ရင်တဒိန်းဒိန်းခုန်သွားကြပြီး ခေါင်းများ ပြိုင်တူမော့၍ ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။ ဆိပ်ကမ်းရှိ ပင်လယ်ရေသည်ပင် ဝပ်တွားနေသည့်အလား လှိုင်းလုံးကြီးများ ထလာသည်။

ရွှီချင်း၏ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားသည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ ကောင်းကင်ကြီး မည်းမှောင်သွားရသည့်အကြောင်းရင်းကို မြင်လိုက်ရသည်။

ဖီးနစ်တားမြစ်ဒေသရှိရာအရပ်မှနေ၍ မှောင်မည်းနေသည့် တိမ်စိုင်တစ်ခု လွင့်ပျံလာသည်။ ၎င်းက ချီရွှဲ့ထုံဂိုဏ်းအထက်သို့ ဖြတ်ကျော်သွားသည့်အခါ နေမင်းကြီးကို ဖုံးကွယ်သွားပြီး လောကကြီး မှောင်မည်းသွားသည်။

ထိုတိမ်မည်းကြီးသည် လျှပ်စီးများ ပြိုးပြိုးပြက်ပြက်ဝင်းလက်နေလျက် ဝေဟင်တစ်ခွင် ပျံသန်းသွားသည်။ ထိုတိမ်မည်းကြီးထံမှနေ၍ နှိုင်းယှဉ်၍မရအောင် ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်လာပြီး သက်ရှိသတ္တဝါအားလုံးအပေါ် လွှမ်းခြုံသွားသည်။

ယင်းကို မြင်လိုက်ရသည့်လူတိုင်း သေရေးရှင်ရေးနှင့် ကြုံတွေ့လိုက်ရသည့်အလား အလိုလို ခံစားလိုက်ကြရသည်။

ထိုတိမ်မည်းထဲတွင် နတ်ဘုရားတစ်ပါးကဲ့သို့ သတ္တဝါတစ်မျိုး ရှိနေဟန်တူပြီး ထိုသတ္တဝါက ဖီးနစ် သို့မဟုတ် လင်းယုန်ငှက်ကြီးတစ်ကောင်နှင့် ဆင်တူသည်။

၎င်း၏ အညိုရောင်ခန္ဓာကိုယ်က ကျောက်တုံးတစ်တုံးနှင့် ဆင်တူပြီး ၎င်း၏အမွေးအတောင်များက မီးတောက်မီးလျှံများနှင့် ဆင်တူသည်။

၎င်းက ဒေါသအမျက်ချောင်းချောင်း ထွက်နေလျက် တားမြစ်ပင်လယ်ထဲသို့ တဟုန်ထိုး သွားနေသည့်အလားပင်။ ၎င်း သွားသည့်အခါတိုင်း လှိုင်းလုံးကြီးများ တဝုန်းဝုန်း ရိုက်ခတ်သွားသည်။

အရှိန်အဝါချင်း ယှဉ်လျှင်ပင် ကျူးယင်က ၎င်းအောက် သိသိသာသာ နိမ့်ကျနေပေသည်။

ရွှီချင်းမှာ အဝေးမှာ လှမ်းကြည့်ရုံဖြင့်ပင် ခေါင်းတဆစ်ဆစ် ကိုက်ကာ တဝီဝီမြည်နေသလို ခံစားလိုက်ရသည်။ ဘေးပတ်လည်မှ တခြားသူများသည်လည်း သူကဲ့သို့ ခံစားနေရသည်။ တချို့ဆိုလျှင် ဒွါရခုနစ်ပါးမှ သွေးများပင် စီးကျလာ၏။

ရွှီချင်းမှာ တုန်လှုပ်သွားရပြီး ထိုသတ္တဝါကို မှတ်မိလိုက်သည်။

ယင်းတိမ်မည်းကြီးထဲရှိ သတ္တဝါမှာ ယခင်တစ်ခေါက် ပင်လယ်ထဲသို့ သွားရာတွင် သူ ကြုံတွေ့ခဲ့ရသည့် နန်းဟွမ်ဒေသကြီးထဲရှိ နံပါတ်တစ် တားမြစ်ဒေသ၏ ဧကရာဇ်ဖြစ်သော မီးလျှံဖီးနစ်ငှက်ကြီးမှလွဲ၍ တခြားမဟုတ်ပေ။

ထိုစဉ်က မီးလျှံဖီးနစ်ငှက်ကြီးမှာ တည်ငြိမ်နေဟန်တူ၍ ခေါင်းတဆစ်ဆစ်ကိုက်ခြင်းမျိုး သူ မခံစားခဲ့ရပေ။ ယခုတစ်ခေါက်တွင် မီးလျှံဖီးနစ်ငှက်ကြီးက ဒေါသအမျက်ချောင်းချောင်း ထွက်နေပြီး ယင်း၏ ခံစားချက်များက အားလုံးအပေါ် သက်ရောက်သွားလေသည်။

“ ပင်လယ်ထဲကို မီးလျှံဖီးနစ်ငှက်ကြီး သွားတယ်ဆိုတော့ ကိစ္စကြီးတစ်ခုခု ဖြစ်တော့မှာပဲ။ ရုပ်အလောင်းတားမြစ်ဒေသရဲ့ ဧကရာဇ်က တားမြစ်ဒေသအပြင်ဘက်ကို ထွက်လာလို့လား ”

ခေါင်းဆောင်က ချီရွှဲ့ထုံဂိုဏ်း၏ အပေါ်မှ ကျော်ဖြတ်သွားသည့် တိမ်မည်းကို ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။ တဖြည်းဖြည်းနှင့် ၎င်းထွက်သွားပြီးနောက် ချီရွှဲ့ထုံဂိုဏ်း၏ ကောင်းကင်က ပြန်လည်ကြည်လင်လာသည်။ သို့သော်လည်း လူအားလုံး ရင်တဒိန်းဒိန်းခုန်နေဆဲပင်။

ရွှီချင်းက သက်ပြင်းရှိုက်လိုက်သည်။ နောက်ဆုံးတစ်ခေါက် သူ ပြန်ရောက်စဉ်က မီးလျှံဖီးနစ်ငှက်ကြီးအကြောင်းကို ကျန်းစန်းအား မေးမြန်းခဲ့ပြီး ထိုကြောက်မက်ဖွယ်သတ္တဝါကြီးတွင် ရက်စက်ကြမ်းကြုတ်သော စရိုက်မရှိဘဲ အချိန်အများစု၌ အိပ်နေလေ့ရှိကြောင်း သူ သိခဲ့ရသည်။

၎င်းက လူသားမျိုးနွယ်နှင့် လူသားမဟုတ်သော မျိုးနွယ်များကို သာတူညီမျှ ဆက်ဆံပြီး နန်းဟွမ်ဒေသကြီးရှိ သတ္တဝါများကို အတိုင်းအတာတစ်ခုအထိပင် ကာကွယ်ပေးသည်။

ယင်းအတွက်ကြောင့် ယခုအချိန်တိုင်အောင် လူသားမျိုးနွယ် အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။

မီးလျှံဖီးနစ်ငှက်ကြီး ထွက်သွားသည်မှာ အချိန်အတော်ကြာပြီးနောက် ချီရွှဲ့ထုံဂိုဏ်းက ပုံမှန်အတိုင်း လည်ပတ်လာသည်။ ရွှီချင်းက အကြည့်လွှဲ၍ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ရှိရာသို့ လျှောက်သွားသည်။ သူက မန္တန်အစီအရင်ထဲ ဝင်လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။

“ ဒီကလေးက ငါ့ကို မယုံဘူးကွ။ သူ့ကို ကြည့်ရတာ ဒီတစ်ခေါက် အဖိုးတန်ပစ္စည်းတစ်ခုခု ရလာတဲ့ပုံပဲ။ ဘယ်လောက်အဖိုးတန်တဲ့ပစ္စည်းဖြစ်ဖြစ် ငါ့ကျူးယင်အသားလောက်တော့ အံ့သြဖို့မကောင်းပါဘူးကွာ ”

ခေါင်းဆောင်က ဝင့်ကြွားစွာပြုံး၍ ကျန်းစန်း၏ ခေါင်းကို ပုတ်လိုက်သည်။

“ သွားကြစို့ ကျန်းစန်း၊ ငါ မင်းကို အသားကျွေးမယ် ”

ကျန်းစန်းက သက်ပြင်းချလိုက်ပြီး တစ်ကိုယ်တည်း တွေးတောလိုက်သည်။

‘ ရွှီချင်းတစ်ယောက်တည်း ခေါင်းဆောင်ကို မယုံတာ မဟုတ်ဘူး။ ကျုပ်လည်း မယုံဘူး ’

သို့သော်လည်း နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်ကို ဆက်တွေးမိလိုက်ပြီး သူ့ကံကြမ္မာကို လက်ခံရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။

‘ ရင်းနှီးမြှုပ်နှံထားတော့လဲ ရွှေပေါ်မြတင်ထားရတော့တာပဲ ’

ကျန်းစန်းက ခေါင်းယမ်းကာ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ထံ ခေါင်းဆောင်ကို သယ်သွားသည်။

ရွှီချင်း၊ ကျန်းစန်းနှင့် ခေါင်းဆောင်တို့သုံးယောက် အဝေးသို့ တည်နေရာရွှေ့ပြောင်းသွားစဉ် ချီရွှဲ့ထုံဂိုဏ်းက တဖြည်းဖြည်းနှင့် ပုံမှန်ပြန်ဖြစ်လာသည်။ အချိန်တစ်ခုအကြာတွင် ကောင်းကင်ကြီး မှိုင်းညို့လာသည်။

ယင်းမှာ မုန်တိုင်းတစ်ခု လာနေသည့်အလားပင်။

All Chapters