အခန်း ၂၈၃
Vol. 15 Ch. 283
အပိုင်း(၂၈၃) အငြိုးနဂါး၏ အကြေးခွံ
ချန်းရီက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါကြီးကို ရင်ဆိုင်ရချိန်တွင် တစ်စုံတစ်ယောက်က သွားရောက်တိုက်ခိုက်ရဲလောက်အောင် ရူးသွပ်နေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ချေ။
အလွန်တုံးအလှသော အရူးတစ်ယောက်ပင်လျှင် မျက်စိရှေ့ရှိ ဤသတ္တဝါကြီးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်း၍ မရနိုင်ကြောင်းကို သိရှိပေလိမ့်မည်။
ထိုအရာဆီမှ ထွက်ပေါ်နေသော အငွေ့အသက်မျှဖြင့်ပင် ချန်းရီ၏ လက်ဖဝါးများတွင် ချွေးစေးများ ပျံလာစေခဲ့သည်။
သူကိုယ်တိုင်က လမ်းစဉ် အဆင့် (၉) မဟုတ်ဘဲ လမ်းစဉ် အဆင့် (၂) အစွမ်းပိုင်ရှင် တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော။
ချန်းရီ တစ်ယောက်တည်း ထင်မှတ်မထားခဲ့ခြင်း မဟုတ်ပေ။
ထိုနေရာ၌ ရှိနေကြသူ အားလုံးထဲတွင် မည်သူကမျှ ထိုသို့ ဖြစ်လာမည်ဟု တွေးထင်မထားခဲ့ကြချေ။
အမြောက်ဆံက နက်မှောင်နေသော နဂါးကြီး၏ ကျောပြင်ပေါ်ရှိ အလွန် ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာပေါ်သို့ တည့်မတ်စွာ ကျရောက်ပေါက်ကွဲသွားသည်။
ယမ်းငွေ့အနံ့များက လေထဲတွင် လွင့်ပျံ့လာ၏။
နက်မှောင်သော နဂါးကြီးက အလွန်အမင်း ဒေါသထွက်သွားပြီး ကြီးမားလှသော နဂါးခေါင်းကြီးကို ညင်သာစွာ ခါယမ်းလိုက်ကာ ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးဆီသို့ ကြီးမားသော နဂါးပါးစပ်ကြီးကို ဖြဲဟလိုက်သည်။
"ဂါး... ဝေါ..."
အနက်ရောင် မီးတောက်လုံးကြီး တစ်ခုက ချက်ချင်း ပန်းထွက်လာသည်။
ချန်းရီ၏ သူငယ်အိမ်ထဲတွင် ထိုအနက်ရောင် မီးတောက်များထဲ၌ မရေမတွက်နိုင်သော စူးရှစွာ အော်ဟစ်နေကြသည့် အငြိုးကြီး ဝိညာဉ်များ ရောနှောပါဝင်နေသည်ကို တွေ့လိုက်ရ၏။
မီးတောက်ပုံစံ ဖြစ်တည်နေသော်လည်း မည်သည့် အပူချိန်မျှ ရှိမနေခဲ့ပေ။
အရိုးထဲထိ စိမ့်ဝင်သွားမတတ် အေးစက်မှုကိုသာ ခံစားလိုက်ရသည်။
ဤကဲ့သို့သော အနက်ရောင် မီးတောက်များကပင် ချန်းရီကို ကြီးမားလှသော ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။
ထိုအနက်ရောင် မီးတောက်များထဲတွင် ခုခံ၍မရနိုင်လောက်အောင် အားပြင်းလှသော စွမ်းအင်များ သေချာပေါက် ကိန်းအောင်းနေကြောင်း ချန်းရီ ရဲရဲဝံ့ဝံ့ပင် အတည်ပြုရဲ၏။
အနက်ရောင် မီးတောက်၏ ပစ်မှတ်မှာ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ တတိယထပ်ပင် ဖြစ်သည်။
ယခင်က လူ့ဘီလူးကြီးပင်လျှင် မည်သို့မျှ မတတ်နိုင်ခဲ့သော ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ တတိယထပ်သည် ထိုအနက်ရောင် မီးတောက်နှင့် ထိတွေ့လိုက်ရသည့် တစ်ခဏအတွင်းမှာပင် အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားခဲ့သည်။
ယခင်က တတိယထပ်ရှိ မျက်နှာကြက်မှ ကြမ်းပြင်အထိ ကျယ်ဝန်းသော မှန်ပြတင်းပေါက်ရှေ့တွင် ခံ့ညားထည်ဝါစွာ ရပ်နေခဲ့သည့် အဖြူရောင်ဝတ်စုံနှင့် လူမှာမူ အနက်ရောင် မီးတောက်များ ရောက်ရှိလာချိန်တွင် အသံတစ်ချက်မျှပင် မထွက်နိုင်ခဲ့ချေ။
"ငြိမ်ငြိမ်လေးနေ"
ချန်းရီက ကြောက်လန့်တကြားဖြင့် မီးခိုးအသွင် ပြောင်းလဲကာ ဤပြဿနာများရှိရာ နေရာမှ ဝေးရာသို့ ထွက်ပြေးရန် ပြင်ဆင်လိုက်ချိန်မှာပင်...
စကားပြောစက်ထဲမှ ခေါင်းဆောင်ချူ၏ စကားသံ ထွက်ပေါ်လာသည်။
ချန်းရီ၏ လှုပ်ရှားမှုများ ချက်ချင်း တောင့်တင်းသွား၏။
"ဂါးးးးးးး"
နက်မှောင်သော နဂါးကြီးက အနက်ရောင် မီးတောက် တစ်ချက်မှုတ်ထုတ်ရုံဖြင့် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ အထပ်သုံးထပ်လုံးကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ကောင်းကင်သို့ မော့ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ နဖူးနှင့် ကျောပြင်တစ်ခုလုံးတွင် ချွေးစေးများ ပြန်နေ၏။
သူမ၏ စိတ်ထဲတွင် ခုနက အရူးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကျိန်ဆဲနေမိသည်။
တင်းတုံက လက်သီးကို တင်းတင်းဆုပ်ထားသည်။
အေးတိအေးစက် နေတတ်သော သူမလို လူမျိုးပင်လျှင် ယခုအချိန်၌ ထိုအရူးကို ဆွဲထုတ်ပြီး အသေအကြေ ရိုက်နှက်ချင်စိတ်များ ပေါ်ပေါက်နေခဲ့သည်။
ထယ်ရှီး၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ တင်းမာနေပြီး သူ၏ ခေါင်းနှစ်လုံးစလုံး လုံးဝ နိုးကြားလာကာ မျက်လုံးလေးလုံးဖြင့် မျက်စိရှေ့ရှိ ကြောက်မက်ဖွယ် နဂါးကြီးကို စူးစိုက်ကြည့်နေ၏။
နက်မှောင်သော နဂါးကြီး၏ ခန္ဓာကိုယ်က ဆွဲငင်အား မရှိတော့သည့်အလား ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ဟိန်းဟောက်သံများက အဆက်မပြတ် ထွက်ပေါ်နေ၏။
အလွန် ဒေါသထွက်နေပုံ ရသည်။
"ဂါးးးးးးး"
"ဂါးးးးးးး"
အသံကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေပြီး ကြားရသူတိုင်း၏ ရင်ထဲတွင် တသိမ့်သိမ့် တုန်လှုပ်သွားစေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှသာ နက်မှောင်သော နဂါးကြီးက ခေါင်းခါယမ်းကာ အမြီးကို ဝှေ့ယမ်းရင်း တိမ်တိုက်များထဲသို့ တိုးဝင်သွားပြီး လူတိုင်း၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ထိုအချိန်ကျမှသာ လူတိုင်းက တိုင်ပင်ထားခြင်း မရှိဘဲ တစ်ပြိုင်နက်တည်း အသက်ဝဝ ရှူထုတ်လိုက်ကြသည်။
ချန်းရီလည်း ထိုအခါမှသာ လက်ကိုင်ဖုန်းထဲရှိ ဗီဒီယိုရိုက်ကူးမှု လုပ်ဆောင်ချက်ကို ပိတ်လိုက်၏။
ဖုန်းကလည်း ကွက်တိပင် အားကုန်သွားခဲ့သည်။
သူတို့ အားလုံး၏ မျက်လုံးများထဲတွင် မပျောက်ကွယ်သေးသော ကြောက်ရွံ့ထိတ်လန့်မှုများ ကိန်းအောင်းနေဆဲပင်။
"ဒီခွေးမသားက... လုံးဝ ရူးနေတာပဲ"
"တောက်"
ချန်းရီက အမောတကောဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"စိတ်ကူးယဉ်... စိတ်ကူးယဉ်သမား လမ်းစဉ်ရဲ့... ဘေးထွက်ဆိုးကျိုး"
ဘေးနားရှိ စကားထစ်တတ်သော ချန်ဟောင်က တစ်စုံတစ်ရာကို ပြောပြရန် ကြိုးစားနေ၏။
"တော်တော့... မင်းပြောချင်တာက ဒါဟာ စိတ်ကူးယဉ်သမား လမ်းစဉ်ရဲ့ ဘေးထွက်ဆိုးကျိုးလို့ ပြောချင်တာ မဟုတ်လား"
"ဟု... ဟုတ်တယ်"
"စိတ်ကူးယဉ်... စိတ်ကူးယဉ်သမား လမ်းစဉ်တွေ အကုန်လုံးက... အရူးတွေချည်းပဲ... အကုန်လုံးက"
ချန်ဟောင်က စကားတစ်ခွန်းကို အနိုင်နိုင် ပြောပြီးနောက် ပါးစပ်ပိတ်ကာ ဆက်မပြောတော့ချေ။
ကျန်လူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
ထိုအချိန်မှာပင် ဘေးနားဆီမှ အာမေဍိတ်သံများ ထွက်ပေါ်လာ၏။
ချန်းရီက လှည့်ကြည့်လိုက်သည်။
အလွန် ခံ့ညားထည်ဝါလှသော ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးက တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေသည်။
ဟုတ်ပေသည်... ပျောက်ကွယ်သွားခြင်းပင်။
ရှိနေခဲ့သမျှသော သတ္တုများ၊ မှန်များ၊ တာယာများနှင့် အရာအားလုံးသည် ဤအချိန်တွင် အလင်းစက်လေးများအဖြစ် တဖြည်းဖြည်း ပြောင်းလဲကာ လွင့်စင်ပျောက်ကွယ်သွားကြသည်။
ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးသည် စိတ်ကူးယဉ်သမား လမ်းစဉ်မှ အစွမ်းပိုင်ရှင်က သူ၏ စိတ်ကူးယဉ် ကမ္ဘာထဲမှနေ၍ လက်တွေ့ဘဝသို့ ပုံဖော် ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။
သူ သေဆုံးသွားပြီးနောက်...
ဤကမ္ဘာပျက်ကပ် ခံတပ်ကားကြီးသည်လည်း လက်တွေ့ဘဝမှနေ၍ စိတ်ကူးယဉ် ကမ္ဘာထဲသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားရသည်။
ကြောက်လန့်နေကြသော အသက်ရှင်ကျန်ရစ်သူများက ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲမှ အလုအယက် ထွက်ပြေးလာကြသည်။
ခဏချင်းမှာပင် ကွင်းပြင်ထဲ၌ ကြောက်ရွံ့တုန်လှုပ်နေသော အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်ခန့် ရောက်ရှိလာ၏။
တကယ်ကို...
နောက်ဆုံး တာယာဘီးတစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားချိန်တွင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး ရပ်နားထားခဲ့သော နေရာ၌ မျိုးစုံသော ရိက္ခာပစ္စည်း အပုံလိုက်ကြီးသာ ကျန်ရစ်နေခဲ့တော့သည်။
၎င်းတို့ထဲမှ အများစုမှာ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲရှိ အသက်ရှင်ကျန်ရစ်သူများ၏ ပိုင်ဆိုင်မှုများ ဖြစ်ကြသည်။
ဤအရာများသည် အသက်ရှင်ကျန်ရစ်သူများက ပင်ပန်းဆင်းရဲစွာ စုဆောင်းထားခဲ့ကြခြင်း ဖြစ်ပြီး စိတ်ကူးယဉ်သမား လမ်းစဉ်ဖြင့် ဖန်တီးထားသော အရာများ မဟုတ်ကြပေ။
ကျန်တစ်စိတ်တစ်ပိုင်းမှာမူ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် သိုလှောင်ထားသော ရိက္ခာများ ဖြစ်သည်။
ချန်းရီက ထိုပစ္စည်းများထဲတွင် ဝိုင်နီပုလင်း အချို့နှင့် အဆင့်အတန်းမြင့်မားလှသည့် ဝတ်စုံအချို့ကိုပင် တွေ့လိုက်ရသေး၏။
ထိုအရူးကြီး ကျန်ရစ်ခဲ့သော ပစ္စည်းများ ဖြစ်ပေလိမ့်မည်။
လူအားလုံးက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
တစ်ခဏမျှ မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။
ခေါင်းဆောင်ချူချယ် တစ်ယောက်သာလျှင် ခေါင်းနပန်းကြီးနေသကဲ့သို့ ခံစားနေရ၏။
ခုနက အရူးသည် မည်သည့်အကြောင်းကြောင့် ရူးကြောင်ကြောင် လုပ်သွားမှန်း မသိရဘဲ နက်မှောင်သော နဂါးကြီးကို သွားရောက် ရန်စပြီးနောက် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သို့သော် အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်ကိုတော့ ချန်ရစ်ထားခဲ့၏။
ယခင်က အမည်ခံ "ဧကရာဇ်" နှင့် အသက်ရှင်ကျန်ရစ်သူ အချို့ကို လဲလှယ်ရန် သဘောတူခဲ့သည်။
ထိုသို့ သဘောတူခဲ့ခြင်းမှာ ယခုလက်ရှိ ယာဉ်တန်းတွင် လူအင်အား နှစ်ဆယ်ကျော်သာ ရှိပြီး သူကိုယ်တိုင်ကလည်း လမ်းစဉ် အဆင့် (၂) သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်တည်း။
ယာဉ်တန်းအနေဖြင့် လူအနည်းငယ် ထပ်မံ ခေါ်ဆောင်သွားရန်မှာ ဖြစ်နိုင်သေးသည်။
ထို့အပြင် မကြာမီ အချိန်အတွင်းတွင် သူသည် လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းနိုင်တော့မည်ဟု ကြိုတင် ခံစားနေရ၏။
ဤမျှလောက်သော အသက်ရှင်ကျန်ရစ်သူများကို အကာအကွယ်ပေးရန်မှာ ပြဿနာ မဟုတ်ပေ။
သို့သော်...
သို့သော် ရုတ်တရက်ကြီး လူဦးရေ တစ်ရာ့ငါးဆယ်ခန့် ထပ်တိုးလာခဲ့သည်။
ဤသည်က ချူချယ်၏ အစီအစဉ်များကို လုံးဝ ပျက်ပြားသွားစေခဲ့ပြီ ဖြစ်သည်။
လူများလေလေ၊ ထူးဆန်းသည့် အရာများ၏ မျက်စိကျခြင်းကို ခံရရန် ပိုလွယ်ကူလေလေ ဖြစ်ကြောင်း သိထားရမည်။
ထို့အပြင် ယာဉ်တန်းထဲတွင် ရုတ်တရက် လူတွေ ဤမျှ များပြားလာသည်။
ယာဉ်တန်းတွင် ထိုမျှလောက် များပြားသော ကားများ မရှိပေ။
လုံးဝကို လက်တွေ့မဆန်သော ကိစ္စကြီးပင်။
လူတစ်ရာကျော်ရှိသော လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး ချန်ရစ်ထားခဲ့သော ရိက္ခာပစ္စည်းများဆီသို့ ရုတ်တရက် ပြေးသွားသည်။
လူတစ်ယောက် စတင် လှုပ်ရှားလိုက်၏။
မကြာမီ အခြားသူများလည်း စတင် လှုပ်ရှားလာကြသည်။
တစ်ခဏအတွင်းမှာပင် ကွင်းပြင်တစ်ခုလုံးသည် ဆူညံပွက်လောရိုက်နေသော ဈေးတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
လူတိုင်းက အဝေးတွင် ကျန်ရစ်နေခဲ့သော ရိက္ခာပစ္စည်းများဆီသို့ အရူးအမူး ပြေးသွားကြသည်။
"ဒါ ငါ့ဟာ... လွှတ်စမ်း"
"မင်းမေလင်ကိုလွှတ်ရမှာလား... ရတဲ့သူ ယူခွင့်ရှိတယ်ကွ"
"တောက်... မင်းကိုယ်မင်း အထက်တန်းလွှာလို့ ထင်နေတုန်းလား... ဧကရာဇ်လည်း မရှိတော့ဘူးကွ"
"လွှတ်... မလွှတ်ရင် သေအောင် ထိုးပစ်မယ်"
မကြာမီ လူနှစ်ယောက် လုံးထွေး သတ်ပုတ်ကြတော့သည်။
ပထမဆုံး ခိုက်ရန်ဖြစ်ပွားမှု စတင်ပြီးနောက် ဒုတိယမြောက် ခိုက်ရန်ဖြစ်ပွားမှုက ချက်ချင်း ဆိုသလို လိုက်ပါလာ၏...
ခဏချင်းမှာပင် ယခင်က ယာဉ်တန်းတစ်ခုတည်းတွင် အတူရှိခဲ့ကြသော အသက်ရှင်ကျန်ရစ်သူများသည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ရိုက်နှက် သတ်ပုတ်လာကြတော့သည်။
ချူချယ်က ကားပေါ်မှ ဆင်းလာချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ခေါင်းနပန်းကြီးသွားရုံသာ တတ်နိုင်တော့၏။
"ထယ်ရှီး... မင်းပဲ ရှင်းလိုက်တော့"
ချူချယ်သည် မည်သည့်အချိန်ကတည်းက ဘေးတွင် ရောက်နေမှန်း မသိသော ထယ်ရှီးကိုသာ ပြောလိုက်ရသည်။
ထယ်ရှီးက ရိုးအအ ပြုံးလိုက်ရင်း...
"သိပြီ"
သံမဏိမျှော်စင်ကြီးအလား ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ပရမ်းပတာ ဖြစ်နေဆဲဖြစ်သော လူအုပ်ကြီးဆီသို့ လျှောက်သွားသည်။
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ရန်ဖြစ်နေသူ မှန်သမျှကို ထယ်ရှီးက အလွယ်တကူပင် အဝေးသို့ လွှင့်ပစ်လိုက်၏။
အစပိုင်းတွင် အချို့က မကျေမနပ် ဖြစ်နေကြသေးသော်လည်း ထယ်ရှီး၏ ခေါင်းနှစ်လုံးနှင့် လက်လေးဖက် ပါရှိသော ပုံစံကြီးကို မြင်လိုက်ရသောအခါ အားလုံး ငြိမ်ကျသွားကြတော့သည်။
ချန်းရီကမူ ကားပေါ်မှ ဆင်းဆင်းချင်း စိတ်လှုပ်ရှားမှုများကို လျှော့ချရန် ဆေးလိပ်တစ်လိပ် မီးညှိလိုက်ချိန်တွင်...
ရုတ်တရက်... ချန်းရီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စရာ တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ချူချယ်၏ ခြေဗလာနားတွင် အနက်ရောင်... အကြေးခွံ တစ်ခု ရှိနေသည် မဟုတ်ပါလော။
ဒါက...။
ဒါ... နဂါးအကြေးခွံပဲ...။
ပြန်စဉ်းစားကြည့်လိုက်မှ ခုနက နက်မှောင်သော နဂါးကြီး၏ ကျောပြင်တွင် ဒဏ်ရာရထားပြီး အကြေးခွံ အတော်များများက အချိန်မရွေး ကွာကျတော့မည့် အနေအထား ဖြစ်နေခဲ့သည်။
ထို "အရူး" ၏ အမြောက်ဆံဖြင့် ပစ်ခတ်ခံရပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် နဂါးအကြေးခွံ တစ်ခု ကွာကျလာခြင်း ဖြစ်သည်။
ထိုအချိန်တွင် ချူချယ်ကမူ ခပ်လှမ်းလှမ်းတွင် သတ်ပုတ်နေကြသော လူအုပ်ကြီးကို စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ကြည့်နေဆဲပင်။
သူက ဤလူများကို မည်သို့ စီစဉ်နေရာချထားပေးရမည်ကို စိတ်ပူနေပုံ ရသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း ထိုအချိန်တွင် လျှောက်လာပြီး ချူချယ်၏ ဘေး၌ ရပ်လိုက်ကာ သူမ၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။
"ခေါင်းဆောင်ချူ... ဘယ်လို လုပ်ကြမလဲ... လူတွေ အရမ်းများနေတယ်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသာ ရှေ့သို့ နောက်တစ်လှမ်း ထပ်တိုးလိုက်ပါက ထိုနဂါးအကြေးခွံပေါ်သို့ ခြေချမိသွားတော့မည် ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ချန်းရီ၏ ရင်ထဲတွင် တထိတ်ထိတ် ဖြစ်လာရ၏။
တင်းတုံကလည်း လျှောက်လာပြီး ထိုနဂါးအကြေးခွံနှင့် ၆ ပေခန့် အကွာတွင် ရပ်လိုက်သည်။
"ကားတွေ မလောက်ဘူး... ထယ်ရှီးရဲ့ ကျောင်းကားပေါ်မှာ အလွန်ဆုံး လူဆယ်ယောက်ကျော်ပဲ ထပ်တင်လို့ ရတော့မယ်... ကျွန်မဘက်က ကုန်တင်ခန်းထဲမှာလည်း နည်းနည်းပါးပါး ထပ်ထည့်ပေးလို့ ရတယ်"
"ဒါပေမဲ့ မလောက်သေးဘူး... ကားတွေ ရှာမှဖြစ်မယ်... ဒီလူတွေကို ယာဉ်တန်းနောက်ကနေ ခြေလျင် လိုက်ခိုင်းလို့မှ မရတာ"
ချန်းရီက ဘာမှ မဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ပါးစပ်တွင် ဆေးလိပ်ကို ကိုက်လျက် လျှောက်သွားလိုက်သည်။
ဒါက နဂါးအကြေးခွံနော်။
ခုနက နဂါးကြီးက ကြည့်လိုက်ရုံဖြင့် ရိုးရှင်းသော သတ္တဝါမျိုး မဟုတ်မှန်း သိသာလှသည်။
ဤနဂါးအကြေးခွံကို စွမ်းအင်သွင်းရာတွင် အသုံးပြုသည်ဖြစ်စေ၊ ထူးဆန်းသော ပစ္စည်းများကို အဆင့်မြှင့်တင်ရာတွင် အသုံးပြုသည်ဖြစ်စေ အလွန် ရှားပါးပြီး တန်ဖိုးကြီးမားသော ပစ္စည်းကောင်း တစ်ခု ဖြစ်သည်။
ငါ့လက်ထဲ မဖြစ်မနေ ရအောင် ယူရမယ်... ပြီးတော့ တခြားသူတွေ သိသွားလို့ မဖြစ်ဘူး။
မဟုတ်လျှင် နောက်ကျ ဝေစု ခွဲဝေနေရဦးမည်။
ချန်းရီသည် ဤနဂါးအကြေးခွံကို တစ်ယောက်တည်း သိမ်းပိုက်ချင်နေခဲ့သည်။
ဆက်ရန်...