အခန်း ၂၈၄
Vol. 15 Ch. 284
အပိုင်း(၂၈၄) ငါမင်းတို့နဲ့ အချိန်ကုန်မခံတော့ဘူး
ချန်းရီက ဘာကိုမှ ဂရုမစိုက်သည့်ဟန်ဖြင့် လမ်းလျှောက်သွားပြီး "အင်း... လူတွေက ဒီလောက်များနေတာ... ငါတို့ ယာဉ်တန်းက ဒီလူတွေအကုန်လုံးကို ခေါ်သွားနိုင်မှာ မဟုတ်ဘူး"
"ဟူး... ကိစ္စတွေက ဒီလိုဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားမှာလဲ... ဒီလူတွေကို ပစ်ထားခဲ့လို့လည်း မရဘူးလေ"
ချူချယ်သည် တကယ်ကို စိတ်ညစ်နေပုံရ၏။
သူ၏ အာရုံခံနိုင်စွမ်းအရ ယခု လက်ရှိနေရာသည် လုံးဝ လုံခြုံမှုမရှိဟု ခံစားနေရသည်။
ထို့အပြင် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရသည်မှာ ဤမြေပြင်အနေအထားကို သူ လုံးဝ မရင်းနှီးပေ။
အနီးအနားတွင် မြို့ရှိ၊ မရှိကိုလည်း အတတ်မပြောနိုင်ပေ။
ကိစ္စရပ်များက ထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေသည်။
ချန်းရီကမူ ပြုံးဖြီးဖြီး လုပ်နေပြီး သူ့ရှေ့မှ ပြဿနာများကို လုံးဝ ဂရုစိုက်နေပုံမပေါ်ချေ။
မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော ကိစ္စများကို ချူချယ်ကသာ စိတ်ပူနေလိမ့်မည် ဖြစ်ပြီး သူကတော့ သူ့အလုပ်သူ သေချာလုပ်နေရန်သာ လိုအပ်သည်။
ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ ချူချယ်ကို မည်သို့ လှည့်စားပြီး ထွက်သွားစေမည်နည်း ဆိုသည့် အချက်ပင် ဖြစ်သည်။
သူ့ဘေးနားရှိ ပြဿနာကောင် နှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်သွားစေနိုင်လျှင် အကောင်းဆုံးပင်။
ချန်းရီက ခဏမျှ တွေးတောလိုက်ပြီးနောက် မေးလိုက်သည်။
"ခေါင်းဆောင်ချူ... မင်းက အဲဒီအရာအကြောင်းကို ဘယ်လိုလုပ် သိနေတာလဲ"
"အဲဒီအရာ" ဆိုသည်မှာ စောစောက အငြိုးနဂါးကြီးကို ရည်ညွှန်းခြင်း ဖြစ်သည်။
စောစောကသာ ချူချယ်၏ သတိပေးချက် မရှိခဲ့ပါက သူသည် စောစောစီးစီးပင် လှုပ်ရှားမိလောက်ပြီ ဖြစ်သည်။
တိုက်ခိုက်သည်ဖြစ်စေ၊ ထွက်ပြေးသည်ဖြစ်စေ အဆုံးသတ် ကောင်းလှမည်တော့ မဟုတ်ပေ။
ချူချယ်၏ သတိပေးချက်ကြောင့်သာ လူတိုင်းက ထိုအရာကို ရုတ်တရက် မတိုက်ခိုက်မိခြင်း ဖြစ်ပြီး သို့မဟုတ်ပါက ထို "အရူး" ကဲ့သို့ပင် အဆုံးသတ်သွားပေလိမ့်မည်။
ချူချယ်သည် ထိုအငြိုးနဂါးကြီးနှင့် ပတ်သက်၍ သာမန်ထက်ပိုသော ဗဟုသုတများ ရှိနေသည်မှာ အလွန် သိသာနေသည်။
ချူချယ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"အဲဒါက အငြိုးနဂါးကြီးပဲ... ရင်ဆိုင်ရ အရမ်းခက်တယ်... ငါလည်း တိုက်ဆိုင်မှုတစ်ခုကြောင့် နည်းနည်းပါးပါး သိထားတာပါ"
"ကျွတ်... ကျွတ်... ခေါင်းဆောင်ချူ... မင်းပုံစံက နည်းနည်းပါးပါး သိထားတဲ့ လူနဲ့တော့ မတူပါဘူး"
ချူချယ်က ချန်းရီကို မျက်စောင်းထိုးလိုက်ပြီး "နောက်ပိုင်း မင်း သိသင့်တာတွေကို ပေးသိမှာပါ... အခုလောလောဆယ်တော့ ဘယ်လိုရှင်းပြရမလဲ ငါလည်း မသိသေးဘူး"
ကောင်းပြီလေ... မည်သို့ပင်ဖြစ်စေ ချူချယ်တွင် လျှို့ဝှက်ချက် အများဆုံး ရှိနေသည်။
ဤကောင်သည် အလွန် ကောက်ကျစ်စဉ်းလဲပြီး အမြဲတမ်း တစ်ဝက်ဖုံးကွယ်ကာ တစ်ဝက်သာ ပြောတတ်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ချန်းရီက အလျှော့မပေးဘဲ ဆက်ပြောလိုက်သည်။
"ခေါင်းဆောင်ချူ... ငါတို့က အဖွဲ့သားတွေ ဖြစ်လာတာ ဒီလောက်တောင် ကြာနေပြီကို... ဒီလောက် လျှို့ဝှက်ချက်လေး တစ်ခုကိုတောင် မပြောပြဘူးဆိုတာကတော့ သိပ်တော့ မဟန်ဘူးနော်"
ချူချယ်သည် လျှို့ဝှက်ချက်များပြားသူ ဖြစ်သော်လည်း အခြားသူများက အရင်းအမြစ်ကို တူးဆွပြီး အသေးစိတ် မေးမြန်းသည်ကို အမုန်းဆုံး ဖြစ်သည်။
အင်း...။
ငါသာ ဒီလိုမျိုး ဆက်တိုက်မေးနေရင် ချူချယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး ထွက်သွားလောက်တယ်။
"ချန်းချန်း... နင်ကရော တကယ် စိတ်မဝင်စားဘူးလား"
"ပြောရမယ့်အချိန်ကျရင် သူ့ဟာသူ ပြောပြမှာပေါ့... ဘာတွေ လောနေတာလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက လုံးဝ မလှုပ်ရှားဘဲ တုံ့ပြန်လိုက်သည်။
"နေပါဦး... မင်းတို့က ဘာမှလုပ်စရာမရှိဘူးလား... ဒီမှာ ရပ်ပြီး ဘာလုပ်နေကြတာလဲ"
ချူချယ်က အတင်းအကြပ် မေးမြန်းခံရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရကာ ချန်းရီကို စိတ်မရှည်စွာ ကြည့်လိုက်သည်။
ချန်းရီက ပျင်းရိပျင်းတွဲဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"မင်းအလုပ် မဟုတ်ပါဘူး"
ချူချယ်က မျက်လုံးပြူးပြလိုက်သော်လည်း လုံးဝ ထွက်မသွားချေ။
ချန်းရီက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးနားရှိ အေးတိအေးစက် မျက်နှာထားနှင့် တင်းတုံကို လှည့်ကြည့်လိုက်သည်။
တင်းတုံကလည်း မျက်မှောင်ကြုတ်ကာ အဝေးရှိ လူအုပ်ကြီးကို လှမ်းကြည့်နေသည်။
သူမ၏ ခြေလှမ်းများကလည်း လုံးဝ ရွေ့လျားသွားခြင်း မရှိပေ။
ဒီသူတောင်းစားတွေကတော့...။
ထိုသို့ဖြင့် လူလေးယောက်သည် ဤနေရာတွင် ရပ်ကာ ထယ်ရှီးက အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်ကို တစ်ယောက်ချင်းစီ ဆုံးမနေသည်ကို ရပ်ကြည့်နေကြသည်။
ယခင်က ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် အသက်ရှင်ကျန်ရစ်သူများကို လူတန်းစား နှစ်ရပ် ခွဲခြားထားခဲ့သည်။
တစ်ခုမှာ ဒုတိယထပ်တွင် နေထိုင်သော မြင့်မြတ်သူများဟု ခေါ်ဆိုသူများ ဖြစ်သည်။
အခြားတစ်ခုမှာ တတိယထပ်တွင် နေထိုင်သော "အောက်ခြေလူတန်းစား" များ ဖြစ်သည်။
ထို့ကြောင့် ထိုလူတန်းစား နှစ်ခုကြားတွင် ပဋိပက္ခများစွာ ရှိနေဆဲ ဖြစ်သည်။
ယခုအခါ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးပင် မရှိတော့သဖြင့် အခြေခံ လူမှုရေး စည်းမျဉ်းများ ကျိုးပေါက်သွားသည်နှင့် တူညီနေသည်။
ထို့ကြောင့် ပစ္စည်းများကို လုယက်မှုများနှင့်အတူ အငြိုးဟောင်း အငြိုးသစ်များပါ ပေါင်းစပ်သွားသောအခါ အလွန် ဆူပူရှုပ်ထွေးနေတော့သည်။
ယခင်က ယာဉ်တန်း၏ စည်းမျဉ်းစည်းကမ်းများကို အမြဲ တာဝန်ယူခဲ့သော ရှောင်တယ်ဇီမှာမူ...
ယခုအချိန်တွင် မြေပြင်ပေါ်၌ ထိုင်ကာ အသံကျယ်ကြီးဖြင့် ငိုကြွေးနေပြီး မျက်ရည်များက ပုတီးစေ့များကဲ့သို့ တသွင်သွင် စီးကျနေသည်။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကို ဂရုမစိုက်ကြချေ။
သူသည် ယခင်ကလို ဩဇာတိက္ကမကြီးမားသော မန်နေဂျာချုပ်ကြီး မဟုတ်တော့ပေ။
ချူချယ်၏ လက်မောင်းလေးဖက်က လူလေးယောက်ကို တစ်ဖက်တစ်ယောက်စီ ဖမ်းဆုပ်ထားသည်။
ထိုလူလေးယောက်မှာ စောစောက အကြမ်းတမ်းဆုံး ခိုက်ရန်ဖြစ်ပွားခဲ့သူများ ဖြစ်သည်။
ချန်းရီက ရှေ့မှ ရှုပ်ထွေးနေသော မြင်ကွင်းကို ကြည့်နေသော်လည်း သူ့စိတ်ထဲတွင်မူ အကြံအစည်များကို တွက်ချက်နေသည်။
ဒီကောင်တွေ ဒီမှာ ရပ်နေတာ မိနစ်အတော်ကြာနေပြီပဲ။
ဘာလို့ ထွက်မသွားကြသေးတာလဲ။
သူတို့ ထွက်မသွားရင် ငါက နဂါးအကြေးခွံကို ဘယ်လိုလုပ် ယူရမလဲ။
မီးခိုးငွေ့ သုံးရမလား။
မဖြစ်သေးဘူး... အားလုံးက အစွမ်းပိုင်ရှင်တွေဆိုတော့ သဘာဝလွန်အစွမ်းကို အရမ်း အာရုံခံနိုင်ကြတယ်။
အမုန်းတရား မိုးမခကိုင်းကို သုံးပြီး ကောက်ရမလား။
အရမ်း နီးလွန်းတယ်။
ဒါမှမဟုတ် ဖိနပ်ကြိုး ပြုတ်သွားသလို ဟန်ဆောင်ရမလား။
ထားလိုက်ပါတော့... တခြားနည်းလမ်းမှ မရှိတော့တာ။
ချန်းရီသည် သူ၏ မျက်လုံးထောင့်မှနေ၍ အခြားသူများ၏ မျက်နှာပေါ်ရှိ အမူအရာများကို အကဲခတ်လိုက်ရာ လူတိုင်း၏ အမူအရာများမှာ မတူညီကြသော်လည်း သူ့ကို သတိမထားမိကြောင်း တွေ့ရှိလိုက်ရသည်။
အင်း...။
ဒါ အခွင့်အရေးကောင်းပဲ။
ချန်းရီက ဖြည်းညင်းစွာ ခါးကိုကိုင်းလိုက်ပြီး ဖိနပ်ကြိုးချည်မည့်ဟန် ပြင်လိုက်သည်။
သူ၏ အကြည့်များက မြေပြင်ပေါ်ရှိ အနက်ရောင် နဂါးအကြေးခွံဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့အနေဖြင့် လက်ကို အနည်းငယ် လှမ်းလိုက်ရုံဖြင့် ရယူနိုင်ပြီ ဖြစ်သည်။
ထိုအကြေးခွံပေါ်တွင် အော်ဟစ်နေသော ထိတ်လန့်နေသည့် အမျိုးသမီးတစ်ဦး၏ ပုံကြွတစ်ခု ပါရှိပြီး အလွန် ထူးဆန်းကျောချမ်းဖွယ် ကောင်းလှသည်။
ဤအရာမှာ စောစောက အငြိုးနဂါးကြီး၏ ကျောဘက် ဒဏ်ရာမှ ကျကျန်ခဲ့သော အကြေးခွံပင် ဖြစ်သည်။
အငြိုးနဂါးကြီးမှာ မူလကတည်းက ဒဏ်ရာရထားပြီး ဒဏ်ရာအနီးရှိ အကြေးခွံများမှာ အနည်းငယ် လျော့ရဲနေကာ အချိန်မရွေး ကွာကျတော့မည့်ပုံ ပေါက်နေခဲ့သည်။
ထိုအရူး၏ ပစ်ခတ်မှုကို ခံလိုက်ရသောကြောင့်...
တကယ်ကိုပဲ အကြေးခွံတစ်ခု ကွာကျလာခဲ့ခြင်း ဖြစ်သည်။
လက်ထဲသို့ မရောက်သေးလျှင်ပင် ထိုအကြေးခွံ၏ ထူးခြားမှုကို ချန်းရီ ခံစားနေရသည်။
စောစောက ဖုန်းဖြင့် ဗီဒီယို ရိုက်ကူးထားခဲ့ပြီး ပြန်ရောက်လျှင် သေချာ လေ့လာရပေမည်။
နောင်တစ်ချိန်တွင် ထိုအနက်ရောင် နဂါးကြီးကို ပုံတူကူးယူနိုင်မည် ဆိုပါက ဤအကြေးခွံကို ဝိညာဉ်သွင်းခြင်းအတွက် အသုံးပြုနိုင်ပေလိမ့်မည်။
အငြိုးနဂါးကြီး၏ စွမ်းအား တစ်ရာရာခိုင်နှုန်းတွင် တစ်ရာခိုင်နှုန်းမျှသာ ပါရှိလျှင်ပင် ၎င်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်လက်နက် တစ်ခု ဖြစ်လာပေမည်။
အကယ်၍ သဘာဝလွန်ပစ္စည်းများကို အဆင့်မြှင့်တင်ရန် အသုံးပြုပါက အဆုံးသတ်တွင် ထွက်ပေါ်လာမည့် ပစ္စည်းသည် မည်သည့် အဆင့်နံပါတ်သို့ ရောက်ရှိသွားမည်ကို ချန်းရီ အတိအကျ မသိနိုင်ပေ။
သို့သော် မိစ္ဆာပစ်ကပ်ကားထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာမည်မှာ အသေအချာပင်။
ချန်းရီက ဖိနပ်ကြိုးချည်သလို ဟန်ဆောင်လိုက်ပြီး အလွန် သတိမထားမိစေရန် လက်ကို အနည်းငယ် မြှောက်လိုက်ကာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သော အဟုန်ဖြင့် လှုပ်ရှားလိုက်သည်။
တစ်ခဏအတွင်းမှာပင် အနက်ရောင် နဂါးအကြေးခွံသည် သူ့လက်ထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
လက်ချောင်းများက နဂါးအကြေးခွံနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ချန်းရီမှာ မနေနိုင်ဘဲ တုန်တက်သွားပြီး လက်ခုံပေါ်တွင် ကြက်သီးများ ထသွားလေသည်။
သူ၏ ရင်ထဲမှ တုန်လှုပ်ချောက်ချားမှုက ချန်းရီကို သတိလွတ်သွားစေမတတ် ဖြစ်စေခဲ့သည်။
ချန်းရီ၏ နားထဲတွင် အလွန်တရာ အငြိုးကြီးမားပြီး မလိုမုန်းထားမှုများ ပြည့်နှက်နေသော အမျိုးသမီးတစ်ဦး၏ စူးစူးဝါးဝါး အော်ဟစ်သံကြီးကိုပင် ကြားလိုက်ရသည်။
အမှန်တကယ်တော့ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်း မရှိပေ။
သို့သော် ၎င်းက ချန်းရီကို ထိတ်လန့်ကြောက်ရွံ့သွားစေရန် လုံလောက်နေခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။
ဤအရာအားလုံးကို ချန်းရီက အတင်းအကြပ် ဖိနှိပ်ထိန်းချုပ်ထားလိုက်သည်။
ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး...။
အင်း... ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ထားမယ်... ဘာမှ မဖြစ်ခဲ့ပါဘူး...။
သို့သော်...။
ဒီ မျက်လုံးတွေက ဘာဖြစ်နေတာလဲ။
ဘာလို့ အကုန်လုံးက ငါ့ကို ကြည့်နေကြတာလဲ။
ပြီးတော့ ဒီလို အကြည့်မျိုးတွေနဲ့...။
နေပါဦး... ဘာလို့ သူတို့အကုန်လုံးက ငါ့ရဲ့ ညာဘက်လက်ကို ကြည့်နေကြတာလဲ။
"မင်းတို့... ဒါက..."
ချန်းရီက အံကြိတ်လိုက်ပြီး ရှက်ရွံ့သော ခံစားချက်တစ်ခုက သူ့ရင်ထဲသို့ ချက်ချင်း ဝင်ရောက်လာသည်။
သဘောပေါက်သွားပြီ။
စောစောက လောဘကြောင့် ဦးနှောက်ကို အစိုးမိုးရခံလိုက်ရပြီး ကံကောင်းနိုင်မည်ဟု အမြဲ တွေးထင်နေခဲ့မိသည်။
ဒီကောင်တွေ ဒီမှာ အမြဲ ရပ်နေပြီး ထွက်မသွားတာ အံ့သြစရာ မဟုတ်တော့ဘူး။
တကယ်တော့ အားလုံးက မြင်နေခဲ့ကြတာပဲ။
ဒီကောင်တွေ...
"ငါ... မင်းတို့နဲ့ အချိန်ကုန်မခံတော့ဘူး"
ချန်းရီက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လှည့်ထွက်သွားလေသည်။
"နေပါဦး... အငြိုးနဂါးကြီးရဲ့ အကြေးခွံကို ထုတ်ပြီး ငါတို့ကို ပြပါဦး"
"ချန်းရီ... အစ်ကိုချန်းရီ"
"မသွားခင် အကြေးခွံကို အရင် ထုတ်ပေးခဲ့ဦးလေ... အဲဒါက အငြိုးနဂါးကြီးရဲ့ အကြေးခွံရှင့်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချက်ချင်း ဝင်ရောက်လာပြီး ချန်းရီ၏ လက်မောင်းကို ဆုပ်ကိုင်ထားကာ လုံးဝ မလွှတ်ပေးဘဲ လူဆိုးမလေး တစ်ယောက်လို ပြုမူနေသည်။
ချန်းရီ "... "
...
အငြိုးနဂါးကြီး၏ အကြေးခွံကိစ္စမှာ သေးငယ်သော ဇာတ်ဝင်ခန်းလေး တစ်ခုသာ ဖြစ်သည်။
နောက်ထပ် လာမည့်အရာများကသာ တကယ့် ပြဿနာအစစ် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ရာကျော် ရှိနေသဖြင့် ဘယ်လိုပဲဖြစ်ဖြစ် လူအားလုံးဆံ့ရန် ဘတ်စ်ကားကြီး နှစ်စီးတော့ လိုအပ်ပေလိမ့်မည်။
ထိုကားများကလည်း နှစ်ထပ် ဘတ်စ်ကားကြီးများ ဖြစ်ရန် လိုအပ်သည်။
ဒါက လူတစ်ရာ့ငါးဆယ်ခန့် ရှိနေသည် မဟုတ်ပါလော။
ဒီလူတွေကို လျစ်လျူရှုပြီး ပစ်ထားခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပေ။
ဒါမှမဟုတ် အစတုန်းကလိုပဲ ဒီလူတွေကို ယာဉ်တန်းနောက်ကနေ ခြေလျင် လိုက်ခိုင်းရမလား။
ဒီလူတွေ တဖြည်းဖြည်း သေဆုံးကုန်တာကို စောင့်ကြည့်ရမလား။
ဒီအကြံအစည်မျိုးသာ ကမ္ဘာပျက်ကပ် မစတင်ခင် အချိန်လေးကသာ ဆိုလျှင် ချူချယ်က ရက်စက်စွာ ဆုံးဖြတ်နိုင်ကောင်း ဆုံးဖြတ်နိုင်ပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ...
ချူချယ်သည် ဤဆုံးဖြတ်ချက်ကို ချမှတ်ရန် အလွန် ခက်ခဲနေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ချူချယ်သည် လူသားအရေအတွက် အလွန် နည်းပါးကြောင်းကိုသာ သိရှိထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုလောက်အထိ နည်းပါးသွားလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။
ဒီအတိုင်း ဆက်သွားနေမည် ဆိုပါက လူသားများ မျိုးသုဉ်းပျောက်ကွယ်ခြင်း ဆိုသည်မှာ ဖြစ်နိုင်ချေ ဆိုသည့် စကားစုတစ်ခုမျှသာ မဟုတ်တော့ပေ။
၎င်းသည် အမှန်တကယ် ပြဿနာတစ်ရပ် ဖြစ်လာနိုင်ချေ အလွန် မြင့်မားနေပြီ ဖြစ်သည်။
"ကျွန်တော်... ကျွန်တော့်မှာ... နည်းလမ်းရှိကောင်း ရှိနိုင်တယ်"
သူတို့လေးယောက် ဆွေးနွေးတိုင်ပင်နေစဉ်မှာပင် အနည်းငယ် စကားထစ်နေသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
ဆက်ရန်...