အခန်း ၂၈၅
Vol. 15 Ch. 285
အပိုင်း(၂၈၅) အံ့ဖွယ် စကားစု လမ်းစဉ်
ချန်းရီတို့ နောက်ဆက်တွဲ အစီအစဉ်များကို တိုင်ပင်ဆွေးနွေးကြရာတွင် ချန်းဟောင်ကို တမင်ချန်ထားခဲ့ခြင်းတော့ မဟုတ်ပေ။
ပထမအချက်အနေဖြင့် ချန်းဟောင်နှင့် ယခုမှ စတင်သိကျွမ်းခါစဖြစ်၍ အားလုံးက ယာယီအားဖြင့် သိပ်မရင်းနှီးကြသေးပေ။
ချန်းဟောင်က ထယ်ရှီးတို့ ကားတစ်စီးလုံးကို ကယ်တင်ခဲ့သည် ဆိုစေကာမူပင်။
ဒုတိယအချက်အနေဖြင့် ချန်းဟောင် စကားပြောလျှင် ကြားရသူအဖို့ အတော်လေး စိတ်မရှည်ချင်စရာ ကောင်းနေသောကြောင့် ဖြစ်သည်။
ချန်းဟောင်က ရုတ်တရက် စကားထပြောလိုက်ရာ အားလုံး၏ အကြည့်များက သူ၏အပေါ်သို့ စုပြုံရောက်ရှိသွားကြသည်။
ချန်းရီက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး အံ့ဩသွားသော မျက်နှာဖြင့် "မင်း... လမ်းစဉ် အဆင့် (၃) ကို ရောက်သွားပြီလား"
ချန်းဟောင်က ဘာမှ ပြန်မပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။
ထိုစကား ထွက်လာသည်နှင့် လူတိုင်း တပြိုင်နက်တည်း အံ့ဩတုန်လှုပ်သွားကြသည်။
ဤ သာမန်ရိုးအသော လူက မသိမသာဖြင့် လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းသွားလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြပေ။
သူတို့ရှေ့ရှိ ဤလူသည် မည်သည့်အချိန်က လမ်းစဉ် အဆင့် (၂) သို့ ရောက်ရှိသွားခဲ့မှန်း မသိရသော်လည်း...
လမ်းစဉ် အဆင့် (၂) မှ အဆင့် (၃) သို့ တက်လှမ်းရန် အချိန်မည်မျှ ယူခဲ့ရသနည်း ဆိုသည်ကိုလည်း မည်သူမျှ မသိကြပေ။
သို့သော် ဤကိစ္စက လူတိုင်းကို အနည်းငယ်တော့ အံ့ဩသွားစေခဲ့သည်။
"ကျွန်တော်... သူ သေသွားပြီ... ကျွန်တော်... ကတိတည်ခဲ့တယ်"
"အဲဒါနဲ့ ကျွန်တော်... အဆင့်တက်သွားတာ"
ချန်းဟောင်သည် သူ၏ လမ်းစဉ် အဆင့်တက်သွားသည့် ကိစ္စကို ထစ်အထစ်အဖြင့် ပြောပြလိုက်သည်။
ချန်းရီသည် ခဏမျှ ဘာပြောရမှန်းပင် မသိတော့ချေ။
စကားစု လမ်းစဉ်မှ လူများအားလုံးသည် အစွဲအလမ်းကြီးသူများ ဖြစ်ကြသည်။
သို့သော် ထိုကဲ့သို့သော အစွဲအလမ်းက သူတို့၏ လမ်းစဉ် အဆင့်ကို မြှင့်တင်ပေးနိုင်သည် ဟုတ်လား။
ချန်းဟောင်သည် ယခင်က ထို "စိတ်ရောဂါသည်" နှင့် အလောင်းအစား လုပ်ခဲ့ပြီး သူတို့နှစ်ဦးကြား ကတိတစ်ခု ရယူထားခဲ့ပုံရသည်။
ထိုကတိက ချန်းဟောင်ကို အမြဲတမ်း ချည်နှောင်ထားခဲ့ပြီး ထို "စိတ်ရောဂါသည်" ၏ တောင်းဆိုချက်အချို့ကို မလွှဲမရှောင်သာ လိုက်နာခဲ့ရခြင်း ဖြစ်မည်။
ယခုမူ ထို "စိတ်ရောဂါသည်" သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ချန်းဟောင်က ကတိကို ဖြည့်ဆည်းပြီးသွားသည်ဟု ယူဆရမည်။
ယင်းနှင့်အတူ လမ်းစဉ် အဆင့်လည်း မြင့်တက်သွားခြင်းပင် ဖြစ်သည်။
ဘေးထွက်ဆိုးကျိုးက ချန်းဟောင်ကို ချည်နှောင်ထားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ အထောက်အပံ့လည်း ဖြစ်လာခဲ့သည်။
ယခင်က တွေ့ခဲ့ရသော စိတ်ကူးယဉ်သမား လမ်းစဉ်တွင်မူ သူ၏ ဘေးထွက်ဆိုးကျိုးက စိတ်ကူးယဉ်သမား လမ်းစဉ် အစွမ်းပိုင်ရှင်ကို ဖန်တီးပေးခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ့ကို ဖျက်ဆီးပစ်ခဲ့သည်။
ကျဆုံးရခြင်းကလည်း အစွဲအလမ်းကြောင့်ပင် ဖြစ်ပြီး အောင်မြင်ရခြင်းကလည်း အစွဲအလမ်းကြောင့်ပင် ဖြစ်သည်။
"မင်းမှာ ကားရနိုင်မယ့် နည်းလမ်း ရှိလို့လား"
လူအများမှာ အနည်းငယ် အံ့ဩသွားကြပြီးနောက် လက်ရှိ အရေးအကြီးဆုံး ကိစ္စအပေါ်သို့ ချက်ချင်း အာရုံစိုက်လိုက်ကြသည်။
ချန်းဟောင်က ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် အားလုံး၏ အံ့ဩနေသော အကြည့်များကြားတွင် သူ၏ ရင်ခွင်ထဲမှ အနက်ရောင် သားရေဖုံး မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ထိုမှတ်စုစာအုပ်ငယ်၏ ရှေ့ဆုံးစာမျက်နှာများတွင် အလွန် ထူးဆန်းသော စကားလုံးအချို့ ရေးသားထားသည်ကို အားလုံးက မြင်တွေ့လိုက်ရသည်။
အများစုမှာ "ငါ၏အမည်နာမဖြင့်... အစားအစာ" ၊ "ငါ၏အမည်နာမဖြင့်... သန့်ရှင်းခြင်း" အစရှိသည်တို့ ဖြစ်ကြသည်။
ယခင်က တောင်ပေါ်လမ်းတွင် ဤစကားထစ်သူက လူကယ်စဉ်က ပြောခဲ့သော စကားကို အားလုံးက ပြန်သတိရသွားကြသည်။
ထို့ကြောင့် ဤမှတ်စုစာအုပ်၏ အသုံးဝင်ပုံကို အားလုံးက အကြမ်းဖျင်း နားလည်သွားကြတော့သည်။
သို့သော် ဤစကားစုများကို အဘယ်ကြောင့် မှတ်စုစာအုပ်ထဲတွင် မှတ်သားထားရသနည်း။
ခဏမျှ ဤစကားထစ်သူအား ကြည့်ရင်း အားလုံးမှာ အနည်းငယ် အံ့ဩနေမိကြသည်။
ချန်းဟောင်ကမူ လူအများ၏ မျက်နှာပေါ်ရှိ အမူအရာများကို ဂရုမစိုက်ပေ။
မှတ်စုစာအုပ်၏ ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်။
ထိုစာမျက်နှာပေါ်တွင် "ငါ၏အမည်နာမဖြင့်... ကားရောက်လာစေ" ဟု ရေးသားထား၏။
ချန်းရီတို့ အဖွဲ့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ပို၍ပင် ထူးဆန်းသွားတော့သည်။
"ခင်ဗျားတို့... ခင်ဗျားတို့ ဘယ်လို... ဘယ်လို ကားမျိုးကို... လိုချင်တာလဲ"
"ဘာ... ဘာများ... လိုအပ်ချက် ရှိလဲ"
ခေါင်းဆောင်ချူက သူ၏ လိုအပ်ချက်များကို ချန်းဟောင်အား တစ်ခေါက် ပြောပြလိုက်သည်။
အကောင်းဆုံးကတော့ နှစ်ထပ် ဘတ်စ်ကားကြီး နှစ်စီး ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ အသက်ရှင်ကျန်ရစ်သူ (၁၅၀) ကို တင်ဆောင်နိုင်မည့် ကားဖြစ်လျှင် ရပြီဖြစ်သည်။
ချန်းဟောင်က ခေါင်းညိတ်လိုက်ပြီးနောက် မှတ်စုစာအုပ်၏ ပထမဆုံး စာမျက်နှာကို ငုံ့ကြည့်လိုက်သည်။
ထို့နောက် ထစ်အထစ်အ လေသံဖြင့် ရွတ်ဆိုလိုက်၏။ "ငါ၏အမည်နာမဖြင့်... ကားရောက်လာစေ"
ချန်းဟောင်က ရှေ့မှ "ငါ၏အမည်နာမဖြင့်" ဟူသော စကားလုံးများကို ရွတ်ဆိုလိုက်သည်နှင့် တစ်ပြိုင်နက်...
မှတ်စုစာအုပ်ပေါ်ရှိ ထိုစကားလုံးများသည် အသက်ဝင်လာသကဲ့သို့ ဖြစ်သွားပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ ကြည့်ရှုသူ၏ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေသည်ကို ချန်းရီက မြင်တွေ့လိုက်ရသည်။
"ကားရောက်လာစေ" ဟူသော ကလေးဆန်ဆန် စကားလုံးများကို ပြောဆိုလိုက်သည့် အချိန်တွင်မူ...
စကားလုံးများပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် စာလုံးများပေါ်မှ ချက်ချင်း ရုန်းထွက်သွားသည်ကို ချန်းရီ မြင်လိုက်ရ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...
ထိုရွှေရောင်အလင်းတန်းများသည် လျှပ်စီးတန်းတစ်ခုအလား အဝေးသို့ ပျံသန်းသွားတော့သည်။
လူတိုင်းမှာ ပါးစပ်အဟောင်းသားနှင့် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
"ဒါဆို ရပြီလား"
ချန်းဟောင်က သူ၏ နောက်စေ့ကို ကုတ်လိုက်ရင်း "ကျွန်တော်... ကျွန်တော်လည်း မသိဘူး... ဒီ... ဒီတစ်ကြောင်းက မသုံးဖြစ်တာ ကြာ... အတော်ကြာနေပြီ"
"ဟာ"
"ကားက ဘယ်တော့လောက် ရောက်လာမှာလဲ"
ခေါင်းဆောင်ချူက အရေးအကြီးဆုံး ကိစ္စကို မေးမြန်းလိုက်သည်။
ချန်းဟောင်က အနည်းငယ် စဉ်းစားလိုက်ပြီး "အမြန်ဆုံး... အမြန်ဆုံးဆို တစ်ရက်ပေါ့... နောက်ကျ... နောက်ကျရင်တော့... နှစ်ရက်"
နှစ်ရက်...
နှစ်ရက်ဆိုလျှင် မိစ္ဆာပစ်ကပ်ကားလည်း အဆင့်မြှင့်တင်မှု ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။
ချန်းရီက စိတ်ထဲမှ တွက်ချက်လိုက်၏။
ခေါင်းဆောင်ချူက အနည်းငယ် တွေးတောလိုက်သည်။
သာမန်အချိန်များတွင်ဆိုလျှင် တစ်ရက် နှစ်ရက် စောင့်ရသည်က သိပ်ပြီး ပြဿနာ မရှိလှပေ။
လုံခြုံသော နေရာတစ်ခုကို ရှာဖွေပြီး လျှို့ဝှက်အကာအကွယ်ကို ဖွင့်ကာ စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။
သို့သော် ဤနေရာတွင်မူ...
ဤနေရာက လုံးဝ လုံခြုံစိတ်ချရသော နေရာတစ်ခု မဟုတ်ပေ။
ပထမအချက်အနေဖြင့် အားလုံးက ဤနေရာတွင် ရပ်နားနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သည်။
ဤနေရာရှိ သက်ရှိလူသားများ၏ အငွေ့အသက်က အနည်းငယ် ပြင်းထန်နေမည် ဖြစ်ရာ ထူးဆန်းသည့် အရာများ၏ အာရုံစိုက်မှုကို အလွယ်တကူ ဆွဲဆောင်နိုင်ပေသည်။
လျှို့ဝှက်အကာအကွယ်ကို ဖွင့်ထားလျှင်ပင် လုံးဝ လုံခြုံစိတ်ချရရန် ခဲယဉ်းလှသည်။
သို့သော် လက်ရှိတွင် ဤထက် ပိုကောင်းသော ရွေးချယ်စရာလည်း မရှိတော့ချေ။
လူပေါင်း တစ်ရာကျော်လေ။
အားလုံး ခြေလျင်လျှောက်ပြီး ရွှေ့ပြောင်းကြမည်ဆိုလျှင် လုံးဝ အဝေးကြီး ရောက်နိုင်မည် မဟုတ်ပေ။
အစွမ်းပိုင်ရှင်များမှလွဲ၍ ကျန်သူများအားလုံးမှာ သာမန်လူများသာ ဖြစ်ကြသည်။
သာမန်လူတစ်ယောက်အနေဖြင့် တစ်ရက်အတွင်း အဝေးကြီး လျှောက်နိုင်မည် မဟုတ်ပေ။
ထိုမျှမက လူအများအပြား စုပေါင်းပြီး ဖြစ်သလို ရွှေ့ပြောင်းသွားလာခြင်းက ထူးဆန်းသည့် အရာများ၏ အာရုံစိုက်မှုကို ပို၍ပင် ဆွဲဆောင်နိုင်သေးသည်။
သူ၏ အာရုံခံစားမှုထဲတွင် မိုင်ဆယ်နှင့်ချီ ဝေးသောနေရာ၌ အလွန် မြန်ဆန်လှသော ထူးဆန်းသည့်အရာ တစ်ကောင်သည် နေရာအနှံ့ သောင်းကျန်းနေကြောင်း သိရှိနေရသည်။
ထို ထူးဆန်းသည့် အရာ၏ မြန်နှုန်းမှာ လေပြင်းတစ်ရပ်အလား လျင်မြန်လှသည်။
ထို ထူးဆန်းသည့်အရာ ရှိနေသောကြောင့်ပင်...
ခေါင်းဆောင်ချူတစ်ယောက် အနည်းငယ် ဝေခွဲမရ ဖြစ်နေရခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ရွေးချယ်စရာ မရှိတော့ပေ။
သွားသည်ဖြစ်စေ နေသည်ဖြစ်စေ အန္တရာယ်ကတော့ ရှိနေမည်သာ ဖြစ်သည်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ချန်းဟောင်၏ ကားရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်းက ပို၍ အခြေအနေကောင်းမည် ဖြစ်သည်။
ထို့ကြောင့် ခေါင်းဆောင်ချူက ခေါင်းညိတ် သဘောတူလိုက်ရတော့သည်။
ထို့နောက် ထိုနေရာတွင်ပင် စခန်းချရန် အမိန့်ပေးလိုက်၏။
ထယ်ရှီးက ရွှီနန်ကို ကူညီပြီး ထိုလူများကို စီမံအုပ်ချုပ်ပေးသည်။
ထိုအထဲတွင် စကားနားမထောင်သူများ ရှိနေလျှင်ပင် မည်သူကမျှ ပြဿနာရှာရဲမည် မဟုတ်ပေ။
ခေါင်းဆောင်ချူက တုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ လူအများအလယ်သို့ လျှောက်သွားပြီး အားကုန်သုံး၍ မြေကြီးထဲသို့ စိုက်ချလိုက်သည်။
ဖန်ခွက်ကို မှောက်ချလိုက်သကဲ့သို့ ပွင့်လင်းမြင်သာသော အကာအကွယ်တစ်ခုက အပေါ်မှ ဖုံးအုပ်ကျလာရာ လူအများအပြား၏ အံ့ဩချီးကျူးသံများကို ထွက်ပေါ်လာစေသည်။
ရွှီနန်သည် လူအချို့ကို ဦးဆောင်ကာ ၎င်းတို့၏ ရိက္ခာပစ္စည်းများကို စတင် စာရင်းကောက်ယူတော့သည်။
စခန်းအတွင်း၌ တစ်ခဏချင်းမှာပင် အလုပ်ရှုပ်သွားကြသည်။
သို့သော် ထိုအရာများက ချန်းရီနှင့် မည်သို့မျှ မသက်ဆိုင်ပေ။
သူ၏ မျိုးရိုးတူဖြစ်သော ဤလူနှင့် အတော်ကြာအောင် စကားပြောပြီးမှသာ စကားစု လမ်းစဉ်၏ ထူးခြားချက်များကို နားလည်သွားခဲ့သည်။
ထို့အပြင် ချန်းဟောင်က သူ့တွင် နည်းလမ်းရှိနိုင်သည်ဟု စောစောက အဘယ်ကြောင့် ပြောခဲ့ရသနည်း ဆိုသည်ကိုလည်း သိရှိသွားခဲ့သည်။
ချန်းဟောင်၏ လက်ရှိ လမ်းစဉ်အမည်မှာ အသံတိတ်ခြင်း ဟုခေါ်သည်။
စကားစု လမ်းစဉ်တွင် စကားစုများစွာ ရှိပြီး ထိုစကားစု အများစု၏ ဝါကျတည်ဆောက်ပုံများမှာ "ငါ၏အမည်နာမဖြင့်... " ဟူသော ပုံစံမျိုးနှင့် ဆင်တူကြသည်။
ထိုဝါကျကို ရွတ်ဆိုလိုက်ရုံဖြင့် စကားပြောလိုက်သည်နှင့် တပြိုင်နက် ဖြစ်လာစေသည့် အစွမ်းကို ရရှိစေသည်။
သို့သော် ထိုစကားစုများကို မှတ်စုစာအုပ်ထဲတွင် မဖြစ်မနေ မှတ်သားထားရန် လိုအပ်သည်။
မှတ်စုစာအုပ်သည် ဤစကားစုများ၏ သယ်ဆောင်ရာ ကြားခံနယ်တစ်ခု ဖြစ်သည်။
ထိုစကားစုများသည် စကားစု လမ်းစဉ်၏ လက်နက်များကဲ့သို့ပင် ဖြစ်ကြသည်။
သင့်လျော်သော အချိန်တွင် သင့်လျော်သော လက်နက်ကို ထုတ်ယူအသုံးပြုရခြင်း ဖြစ်သည်။
လမ်းစဉ် အဆင့် (၃) သို့ တက်လှမ်းသွားပြီးနောက်တွင်...
စကားစု လမ်းစဉ် ပိုင်ရှင်များတွင် "ကြာရှည် အသံတိတ်ခြင်း" ဟုခေါ်သော အစွမ်းတစ်ခု ရှိလာသည်။
မှတ်စုစာအုပ်ပေါ်တွင် မှတ်သားထားသော ဤစကားစုများထဲမှ အချို့စကားစုများသည် အချိန်အတော်ကြာသည်အထိ တစ်ကြိမ်မျှ အသုံးမပြုဖြစ်သည်များ ရှိနိုင်သည်။
သာမန်အချိန်များတွင် ထိုစကားစုများကို အသုံးမပြုဘဲ ထားရှိပါက ၎င်းတို့သည် စွမ်းအင်များကို အမြဲတမ်း စုဆောင်းနေမည် ဖြစ်သည်။
အမှန်တကယ် အသုံးပြုရမည့် နေ့ရက်သို့ ရောက်လာသောအခါ စုဆောင်းထားသော စွမ်းအင်များကို တစ်ကြိမ်တည်းဖြင့် ပေါက်ကွဲထွက်ပေါ်လာစေမည် ဖြစ်သည်။
ဥပမာအားဖြင့် ချန်းဟောင် စောစောက အသုံးပြုခဲ့သော "ငါ၏အမည်နာမဖြင့်... ကားရောက်လာစေ" ဟူသော စကားစုမျိုးပင် ဖြစ်သည်။
ထိုစကားစုကို တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသည်။ ဥပမာ သူ့တွင်ရှိသော ထို ပျော်ရွှင်သော မင်းသားလေး ကားလေးပင် ဖြစ်သည်။
လက်ရှိအချိန်အထိ စွမ်းအင်မည်မျှ စုဆောင်းမိနေပြီကို ချန်းဟောင် ကိုယ်တိုင်လည်း မသိပေ။
ချန်းရီသည် ချန်းဟောင်၏ စကားကို ကြားပြီးနောက် ခဏမျှ အံ့ဩချီးကျူးနေမိသည်။
ဤ စကားစု လမ်းစဉ်၏ အဆင့်က အလွန်ပင် အံ့ဖွယ်ကောင်းလွန်းလှသည်။
"မင်းသာ မှတ်စုစာအုပ်ထဲမှာ... ငါ၏အမည်နာမဖြင့် ပြိုင်ဘက်ကင်းစေ... လို့ ရေးထားပြီးတော့ ဆယ်နှစ်လောက် အဲဒီစကားစုကို မသုံးဘဲ ထားပြီး... တစ်ချိန်ချိန်မှာ အဲဒါကို သုံးလိုက်ရင် တကယ့်ကို ပြိုင်ဘက်ကင်း ဖြစ်မသွားဘူးလား"
ချန်းဟောင်က ခေါင်းကို ကုတ်လိုက်ရင်း "ကျွန်တော်... ကျွန်တော်လည်း... မ"
"ရပြီ... ရပြီ... မင်းဆိုလိုတာကို ငါ နားလည်တယ်... မင်းလည်း မသိဘူး မဟုတ်လား"
"ဒါဆိုရင် လူတိုင်းက မှတ်စုစာအုပ်ထဲမှာ ရေးထားတဲ့ စကားစုတွေက တူနိုင်မှာ မဟုတ်ဘူးပေါ့... အဲဒီတော့ စကားစု လမ်းစဉ် ပိုင်ရှင်တိုင်းရဲ့ အစွမ်းတွေကလည်း မတူနိုင်ဘူးပေါ့နော်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အံ့ဩတကြီး ဝင်ပြောလိုက်သည်။
"ဟုတ်... ဟုတ်တယ်"
ခေါင်းဆောင်ချူက ဘောပင်တစ်ချောင်းကို ကိုင်ကာ စကားစု လမ်းစဉ်၏ ထူးခြားချက်များကို မှတ်စုစာအုပ်ထဲတွင် မှတ်သားထားလိုက်သည်။
ချန်းရီက မိစ္ဆာပစ်ကပ်ကား၏ အချိန်မှတ်စနစ်ကို တစ်ချက်ကြည့်လိုက်ရာ မနက်ဖြန်ဆိုလျှင် အဆင့်မြှင့်တင်မှု ပြီးဆုံးနိုင်မည်ဟု ခန့်မှန်းရသည်။
မိစ္ဆာပစ်ကပ်ကားက ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲဆိုတာကို တကယ်ကို မျှော်လင့်မိပါရဲ့။
ရုတ်တရက် ချန်းရီက လူအုပ်ကြားထဲတွင် လူဝကြီးတစ်ယောက် ဟိုပုန်းဒီပုန်း လုပ်နေသည်ကို မြင်လိုက်ရ၏။
လူဝကြီး...။
ဒါက ကမ္ဘာပျက်ကပ်ကြီးပင် ဖြစ်သည်။ မည်သည့်အချိန်ကများ လူဝကြီးဆိုသော သတ္တဝါမျိုး ကျန်နေသေးသနည်းဟု သူ တွေးမိလိုက်သည်။
ဆက်ရန်...