အခန်း ၂၈၆
Vol. 15 Ch. 286
အပိုင်း(၂၈၆) လူဝကြီး
အငြိုးနဂါး အကြေးခွံကို တစ်ယောက်တည်း သိမ်းပိုက်ထားချင်ခဲ့သော်လည်း ယခုအခြေအနေအရမူ အလွန်ခဲယဉ်းလှကြောင်း သိသာနေသည်။
ယာဉ်တန်းထဲတွင် ထယ်ရှီးမှလွဲ၍ မည်သူမျှ အရူးမဟုတ်ကြပေ။
အနက်ရောင်နဂါးကြီးကို ယခင်က "စိတ်အမှန်သော" စိတ်ကူးယဉ်သမား လမ်းစဉ် အစွမ်းပိုင်ရှင်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယုတ္တိအရဆိုလျှင် ၎င်းအကြေးခွံသည် ထိုသူနှင့်သာ သက်ဆိုင်ရမည် ဖြစ်သည်။
သို့သော် ကံဆိုးစွာဖြင့် ထိုကောင်မှာ စောစောစီးစီးပင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါ ဤအငြိုးနဂါး အကြေးခွံသည် ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
ထို့ကြောင့် ယာဉ်တန်းထဲရှိ သူတို့ငါးယောက်လုံးက ဤနဂါးအကြေးခွံအား ငါးယောက်စလုံးနှင့် သက်ဆိုင်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြပြီး လောလောဆယ်တွင် ခေါင်းဆောင်ဖြစ်သူထံ၌ ခေတ္တသိမ်းဆည်းထားရန် အပ်နှံလိုက်ကြသည်။
အဘယ်ကြောင့် လေးယောက်မဟုတ်ဘဲ ငါးယောက် ဖြစ်နေရသနည်း။
ဘယ်လိုပဲဖြစ်ဖြစ်... ထယ်ရှီးကိုလည်း လူတစ်ယောက်အနေဖြင့် ထည့်သွင်းစဉ်းစားပေးသင့်သည် မဟုတ်ပါလော။
ဤအခွင့်အရေးကို အသုံးချကာ ချန်းရီက အငြိုးနဂါး အကြေးခွံအချို့ကို ထိတွေ့ကြည့်ခဲ့သော်လည်း ရလဒ်အနေဖြင့် လုံးဝ အကဲဖြတ်၍ မရနိုင်ခဲ့ချေ။
အကြောင်းရင်းမှာ သတ်ဖြတ်မှတ်များ မလုံလောက်သောကြောင့် ဖြစ်သည်။
ယခင်က ကမ္ဘာပျက်ကပ် ပစ်ကပ်ကားကို အဆင့်မြှင့်တင်ခဲ့စဉ်က သူ၏ လက်ဝယ်ရှိ သတ်ဖြတ်မှတ်အားလုံးနီးပါး ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။
အငြိုးနဂါး အကြေးခွံကို အကဲဖြတ်ရန်အတွက်မူ သတ်ဖြတ်မှတ် နှစ်သောင်းတိတိ လိုအပ်ပေသည်။
အကဲဖြတ်ရုံသက်သက်ဖြင့်ပင် သတ်ဖြတ်မှတ် နှစ်သောင်း လိုအပ်နေခြင်း ဖြစ်သည်။
ထိုအချက်က ချန်းရီကို အလွန်အမင်း အံ့ဩမှင်တက်သွားစေခဲ့သည်။
သိထားရမည်မှာ... ယခင်က ခြေလက်ရှစ်ဖက် လူမျက်နှာ ရေဘဝဲ၏ ရေဘဝဲလက်တံများကို အကဲဖြတ်စဉ်ကပင် သတ်ဖြတ်မှတ် သုံးထောင်ခန့်သာ လိုအပ်ခဲ့ခြင်း ဖြစ်သည်။
"အကြွင်းအကျန်များ" ဟု ခေါ်ဆိုနိုင်သော အခြားပစ္စည်းများဆိုလျှင် သတ်ဖြတ်မှတ် ဆယ်ဂဏန်းခန့်သာ လိုအပ်ခဲ့သည်။
သတ်ဖြတ်မှတ် နှစ်သောင်းဆိုသည်မှာ လမ်းစဉ်နံပါတ်စဉ်များထဲတွင် ရှေ့ဆုံးပိုင်းသို့ပင် သေချာပေါက် ရောက်ရှိနိုင်ပေသည်။
သို့ဖြင့် အငြိုးနဂါး အကြေးခွံ ကိစ္စရပ်မှာ လောလောဆယ်၌ ခေတ္တရပ်နားသွားခဲ့ရသည်။
ချန်းရီအနေဖြင့် အငြိုးနဂါး အကြေးခွံကို တစ်ယောက်တည်း သိမ်းပိုက်လိုလျှင်ပင် လက်ရှိအချိန်၌ တန်ဖိုးညီမျှသော ပစ္စည်းတစ်ခုခုကို ထုတ်ပေးကာ လဲလှယ်နိုင်စွမ်း လုံးဝမရှိသေးပေ။
......
ထိုအချိန်တွင် ချန်းရီ၏ အကြည့်များက ရှုပ်ထွေးနေသော လူအုပ်ကြီးထဲမှ လူဝကြီးတစ်ယောက်ထံသို့ ကျရောက်နေပြီး ကြည့်လေလေ ထူးဆန်းနေလေလေ ဖြစ်နေသည်။
ကမ္ဘာပျက်ကပ်၏ ပတ်ဝန်းကျင်အခြေအနေနှင့် လုံးဝကိုက်ညီမှုမရှိသော သူ၏ ဝဖြိုးနေသည့် ခန္ဓာကိုယ်ကို ဖယ်ထားလိုက်ဦး။
ထိုလူဝကြီး၏ အပြုအမူနှင့် အနေအထိုင်သက်သက်ကပင် လူကို အလွန် သံသယဖြစ်ဖွယ် ကောင်းနေစေသည်။
ဥပမာအားဖြင့်... ထိုလူဝကြီးသည် လူအုပ်၏ နောက်ဆုံးတန်းတွင်သာ အမြဲတစေ ရပ်နေလေ့ရှိပြီး အစွမ်းပိုင်ရှင်များ၏ အကြည့်များကို တမင်တကာ ရှောင်ရှားနေသကဲ့သို့ ဖြစ်နေသည်။
ထို့အပြင် ထိုလူဝကြီး၏ ခွန်အားသည်လည်း အခြားသော အသက်ရှင်ကျန်ရစ်သူများထက် များစွာ ပိုမို ကြီးမားနေပုံရသည်။
ဥပမာအားဖြင့်... စောစောကပင် ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း ရှိလှသော ယောကျ်ားတစ်ယောက်က လူဝကြီး၏ ရင်ဘက်ထဲမှ ပစ္စည်းကို လုယူရန် ကြိုးစားခဲ့သော်လည်း လူဝကြီးက သူ့ကို မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ဖိချထားလိုက်နိုင်ခဲ့သည်။
နောက်ဆုံး ထူးဆန်းသော အချက်တစ်ခုမှာ ထိုလူဝကြီးသည် အလွန် ဖြူဖွေးနေပြီး အသားအရေမှာလည်း နူးညံ့ချောမွေ့နေခြင်းပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် မတိုင်မီကဆိုလျှင် ဤကဲ့သို့သော လူဝကြီးများမှာ မနည်းလှပေ။
သို့သော် ယခုအချိန်သည် ကမ္ဘာပျက်ကပ်ကာလ ဖြစ်ရာ သာမန် အသက်ရှင်ကျန်ရစ်သူ တစ်ယောက်အနေဖြင့် ဤကဲ့သို့သော ခန္ဓာကိုယ်နှင့် အသားအရေ အခြေအနေကို ထိန်းသိမ်းထားနိုင်ရန်မှာ အလွန် ခဲယဉ်းလှသည်။
ရှုလီနာ ပင်လျှင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အသားအရေကို ထိန်းသိမ်းထားနိုင်ရန်အတွက် သူမ၏ ရိက္ခာများကို အခြားသော အသက်ရှင်ကျန်ရစ်သူများနှင့် အသားအရေ ထိန်းသိမ်းသည့် ပစ္စည်းများ လဲလှယ်ရန်ပင် ဝန်မလေးခဲ့ပေ။
ဤအချက်က လုံးဝကို ယုတ္တိမတန်လွန်းလှပေ။
ချန်းရီ၏ အကြည့်များကို သတိထားမိသွားပုံရကာ လူဝကြီးသည် လူအုပ်ထဲသို့ ပို၍ တိုးဝင် ပုန်းကွယ်သွားပြန်သည်။
ချန်းရီက တဟဲဟဲ ရယ်မောလိုက်ပြီး ဘေးရှိ ယာဉ်တန်းဘက်သို့ လက်ယပ်ခေါ်လိုက်သည်။
ရှုလီနာက ချန်းရီ သူမကို လက်ယပ်ခေါ်နေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် ဝမ်းသာသွားသည့် အရိပ်အယောင်များ လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
ထို့နောက် သူမသည် နားရွက်နားရှိ ဆံပင်များကို သပ်တင်လိုက်ပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများကို အနည်းငယ် သပ်ရပ်သွားအောင် ပြင်ဆင်လိုက်ကာ လှပသော ခြေတံရှည်ကြီးများကို လှမ်း၍ လျှောက်လာခဲ့သည်။
"ဆရာချန်း... ရှင် ကျွန်မကို ခေါ်လိုက်တာလား"
ရှုလီနာ၏ မျက်နှာပေါ်တွင် ပြီးပြည့်စုံသော အပြုံးတစ်ခု ပေါ်လွင်နေသည်။
အတိတ်တုန်းက ဤအပြုံးလေးကို ရရှိရန်အတွက် သူမသည် စံပြပုံစံ အမြောက်အမြားကို ရှာဖွေကာ မှန်ရှေ့တွင် အချိန်အကြာကြီး လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။
ကျက်သရေရှိပြီး တည်ငြိမ်ကာ အနည်းငယ် ဖြူစင်ရိုးသားသည့် အသွင်လေးလည်း ပါဝင်နေသည်။
ချန်းရီက လူအုပ်ထဲရှိ လူဝကြီးကို လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
"လူတချို့ ခေါ်သွား... အဲဒီလူဝကြီးကို ဖမ်းခေါ်လာခဲ့"
"လူဝကြီး..."
ရှုလီနာက ခေါင်းလှည့်ကာ အဝေးရှိ လူအုပ်ကြီးထဲသို့ လှမ်းကြည့်လိုက်သော်လည်း လူဝကြီး၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။
သို့သော် ထိုအချက်က ရှုလီနာ ချက်ချင်း သဘောတူ လက်ခံလိုက်ခြင်းကို အဟန့်အတား မဖြစ်စေခဲ့ပေ။
"စိတ်ချပါ... ဒီကိစ္စ ကျွန်မတာဝန် ထားလိုက်"
ရှုလီနာက ခြေတံရှည်ကြီးများကို လှမ်းကာ ထွက်သွားလေသည်။
ဆရာချန်းက ရှိသည်ဟု ပြောလျှင် သေချာပေါက် ရှိရမည်သာ ဖြစ်သည်။
သူမ အသက်ရှင်ကျန်ရစ်သူ လူအုပ်ကြီးထဲသို့ ပြန်ရောက်လာချိန်၌။
ချက်ချင်းပင် လူအချို့က စူးစမ်းလိုသော အကြည့်များဖြင့် လှမ်းကြည့်လာကြသည်။
ယခုအခါ ယာဉ်တန်းထဲရှိ လူတိုင်းသည် ရှုလီနာတစ်ယောက် ချန်းရီနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် တစ်စိုက်မတ်မတ် ကြိုးစားနေကြောင်းကို အားလုံး သိထားကြသည်။
ချန်းရီက ဤအမျိုးသမီးအပေါ် သိပ်ပြီး စိတ်ဝင်စားမှု မရှိလှကြောင်းကို လူတိုင်း သိထားကြလျှင်ပင်။
မည်သူမျှ သူမကို အထင်သေးရဲခြင်း မရှိကြသေးပေ။
ရှုလီနာသည် ချန်းရီ၏ အမျိုးသမီး မဟုတ်လျှင်တောင်မှ ဆက်ဆံရေးကောင်းမွန်သော အမျိုးသမီးတစ်ဦးအဖြစ် သေချာပေါက် သတ်မှတ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ သူမက အလွန် ချောမောလှပသည့် မိန်းမချောလေးတစ်ဦး ဖြစ်နေသည် မဟုတ်ပါလော။
ဤအမျိုးသမီးသည် အခွင့်အရေးကို အသုံးချရန် အလွန် ကျွမ်းကျင်ပြီး ကိစ္စရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ချန်းရီ၏ အနီးသို့ အမြဲ ကပ်သွားတတ်သည်။
ထို့ကြောင့် အခြားသူများက ရှုလီနာအပေါ် စိတ်ဝင်စားမှု ရှိနေလျှင်ပင် အလွယ်တကူ မဆင်မချင် မလုပ်ရဲကြပေ။
သူမနှင့် ချန်းရီကြားတွင် အမှန်တကယ် မည်သို့သော ဆက်ဆံရေးမျိုး ရှိနေသနည်းဆိုသည်ကို မည်သူကမျှ အတိအကျ မခန့်မှန်းနိုင်ကြချေ။
အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ရှုလီနာသည် သူမကိုယ်တိုင်ပင် သေချာရေရာမှု မရှိသော သတင်းအချို့ကို ထုတ်လွှင့်တတ်ပြီး လူအများအား ပို၍ ထင်ကြေးပေးလာစေရန် ဖန်တီးတတ်သေးသည်။
သေချာသည်မှာ ထိုသတင်းများသည် ချန်းရီ၏ နားထဲသို့ ရောက်သွားလျှင်တောင်မှ ချန်းရီကို စိတ်အနှောင့်အယှက် မဖြစ်စေမည့် သတင်းမျိုးများသာ ဖြစ်သည်။
ချန်းရီက သူမကို အလုပ်ခိုင်းစေခြင်းသည် သံသယဖြစ်ဖွယ်မရှိ အလွန် အားကောင်းသော အချက်ပြမှုနှင့် အခွင့်အရေးတစ်ခုပင် ဖြစ်သည်။
ချန်းရီသည် အမျိုးသမီးများကို မြင်သည်နှင့် အသိစိတ်လွတ်သွားတတ်သည့် ယောကျ်ားမျိုး မဟုတ်ကြောင်း ရှုလီနာလည်း သဘောပေါက်ထားသည်။
သို့သော် ချန်းရီက သူမကို တစ်ခုခု လုပ်ခိုင်းမည်ဆိုလျှင် ချန်းရီ၏ အသုံးချခံ ကိရိယာလေးတစ်ခု ဖြစ်ရမည်ကိုလည်း သူမ အလွန် ကျေနပ်နေမိသည်။
ရှောင်ယွီနှင့် ရှောင်ဖူတို့ကဲ့သို့ပင် လက်ထောက်တစ်ယောက် ဖြစ်လာခြင်းကလည်း ကောင်းမွန်လှပေသည်။
"အမလီနာ... ဆရာချန်းက အမကို ဘာကိစ္စ ခေါ်တာလဲ"
အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက အနည်းငယ် မြှောက်ပင့်သော လေသံဖြင့် မေးလိုက်သည်။
ရှုလီနာက အဖက်မလုပ်ဘဲ ဘေးဘက်ရှိ ရုပ်ရည်ကြမ်းတမ်းသော ထိပ်ပြောင် ယောကျ်ားတစ်ယောက်ဆီသို့ ခေါင်းလှည့် ကြည့်လိုက်သည်။
ကမ္ဘာပျက်ကပ် ကာလအတွင်း လူအများစုမှာ အချိန်ကြာမြင့်စွာ ဆံပင်မပြုပြင်ရသဖြင့် ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေကြပြီး ဆံပင်ပုံစံဟု ပြောရန်ပင် မရှိတော့ပေ။
သို့သော် သူမရှေ့ရှိ ဤထိပ်ပြောင် ယောကျ်ားမှာမူ အနည်းငယ် ထူးခြားနေသည်။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ဤယောကျ်ားက ထက်မြက်အောင် သွေးထားသော ဓားငယ်တစ်လက်ဖြင့် သူ့ခေါင်းပေါ်တွင် လိုက်လံရိတ်သင်ကာ အသစ်ထွက်လာသော ဆံပင်များကို ပြောင်စင်နေအောင် ရိတ်ပစ်လေ့ရှိသည်။
ထို့ကြောင့် အကြိမ်တိုင်းတွင် ထိုယောကျ်ား၏ ခေါင်းပေါ်၌ သွေးစွန်းနေသော ဒဏ်ရာများ ပြည့်နှက်နေတတ်သည်။
ဤအချက်က ထိုယောကျ်ားကို ပိုမို ရက်စက်ကြမ်းတမ်းသည့် အသွင်အပြင်ကို ဖြစ်စေပြီး ယာဉ်တန်းထဲတွင် မည်သူကမျှ သူ့ကို ပြဿနာ မရှာရဲကြပေ။
ထိုယောကျ်ားမှာ အခြားသူမဟုတ်... ယခင်က လူလေးယောက်အဖွဲ့မှ ခေါင်းဆောင် ဖြစ်သည်။
အခြား သုံးယောက်မှာ ချန်းရီ၏ လက်ချက်ဖြင့် သေဆုံးခဲ့ခြင်း သို့မဟုတ် ကမ္ဘာပျက်ကပ် ပစ်ကပ်ကား၏ မျိုချခြင်းခံခဲ့ရခြင်း၊ သို့မဟုတ်ပါက ရုံမြို့မှ ထွက်မလာနိုင်ခဲ့ခြင်းတို့ ဖြစ်ကြသည်။
ယခုတော့ ဤတစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး သူက ကမ္ဘာပျက်ကပ် မတိုင်မီက ဒေသခံများကြား နာမည်ကြီးခဲ့သော အစ်ကိုကောက် ပင်ဖြစ်သည်။
အစ်ကိုကောက် တစ်ယောက် ယနေ့တိုင် အသက်ရှင်နေနိုင်ခြင်းကလည်း အံ့ဖွယ်တစ်ခုဟု ဆိုရပေမည်။
အစ်ကိုကောက်က မျက်လုံးများကို မော့ကြည့်လိုက်ရာ သူ၏ အကြည့်များထဲတွင် သဘာဝမကျသော ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသဖြင့် ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများကို သူ့အနားမှ ခပ်ခွာခွာ နေသွားစေသည်။
အစ်ကိုကောက်က ဤရက်စက်ကြမ်းကြုတ်မှုကို တမင်တကာ ထိန်းသိမ်းထားသောကြောင့်လည်း ယာဉ်တန်းထဲတွင် အတော်အသင့် ကောင်းမွန်စွာ ရှင်သန်နိုင်နေခြင်း ဖြစ်ကောင်းဖြစ်ပေမည်။
သေချာသည်မှာ အစ်ကိုကောက်ကို အရေးမစိုက်သော လူအချို့လည်း ရှိနေသေးသည်။
ဥပမာအားဖြင့်... ရှုလီနာ ဖြစ်သည်။
ရိုးရှင်းသည်ဟု ထင်ရသော ဤအသက်ရှင်ကျန်ရစ်သူ အဖွဲ့ငယ်လေး၏ နောက်ကွယ်ရှိ အခြေအနေများမှာ ချန်းရီတို့လို အစွမ်းပိုင်ရှင်များကြားထက်ပင် အဆမတန် ပိုမို ရှုပ်ထွေးနေသည်။
"ရှုလီနာ... ငါတို့က ကိုယ့်လမ်းကိုယ်လျှောက်နေကြတာပဲ... ငါ ပြဿနာ မဖြစ်ချင်ဘူး"
အစ်ကိုကောက်၏ လေသံတွင် သတိပေးချက် အနည်းငယ် ပါဝင်နေသည်။
ရှုလီနာနှင့် ချန်းရီကြားရှိ သေချာရေရာမှုမရှိသော ဆက်ဆံရေးကို စိုးရိမ်နေသဖြင့် အစ်ကိုကောက်နှင့် ရှုလီနာကြားရှိ ချိန်ခွင်လျှာမှာ အမြဲတမ်း သိမ်မွေ့လွန်းနေခဲ့သည်။
ရှုလီနာက ညို့ဓာတ်ပြင်းစွာ ပြုံးလိုက်ပြီး ချိုအီနေသော လေသံဖြင့် ပြောလိုက်သည်။
"ဆရာချန်းက လူတချို့ရှာပြီး ဟိုလူဝကြီးကို ဖမ်းခေါ်လာခဲ့ဖို့ ပြောလိုက်တယ်... အစ်ကိုကောက်... ရှင်ပဲ ကြည့်ကျက် စီစဉ်လိုက်တော့"
ပြောပြီးသည်နှင့် ရှုလီနာက သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ နေရာတစ်ခုကို ရှာ၍ ထိုင်ချလိုက်ကာ သူမ၏ အိတ်ထဲမှ မှန်လေးတစ်ချပ်ကို ထုတ်ယူပြီး မျက်ခုံးမွေးဆွဲကာ မိတ်ကပ် လိမ်းခြယ်နေတော့သည်။
ခဏနေလျှင် အစ်ကိုကောက် လူဖမ်းမိလာသည့်အခါ ချန်းရီရှေ့တွင် သူမကိုယ်တိုင် မျက်နှာပြရဦးမည်ဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ ချန်းရီအပေါ် ကောင်းမွန်သော အထင်အမြင်တစ်ခု ချန်ထားနိုင်ရန် သေချာပေါက် ကြိုးစားရမည် ဖြစ်သည်။
အစ်ကိုကောက်က ရှုလီနာကို သံသယမျက်လုံးများဖြင့် တစ်ချက် ကြည့်လိုက်ပြီး သူ၏ အကြည့်များမှာ ဟိုဟိုဒီဒီ ရွေ့လျားနေကာ သူ၏ စိတ်ထဲတွင် လုံးဝ ငြိမ်သက်မနေကြောင်း သိသာလှပေသည်။
ရှုလီနာသည် ချန်းရီ၏ နာမည်ကို အသုံးပြုကာ သူ့အပေါ် အနိုင်ယူဖိနှိပ်နေခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိထားသည်။
သို့သော် ဤကဲ့သို့သော ကိစ္စမျိုးတွင် သူ ဘာမှ မတတ်နိုင်ပေ။
သူက ချန်းရီနှင့် ခပ်ဝေးဝေးတွင် နေချင်ခဲ့သော်လည်း ယခုတော့...
အစ်ကိုကောက်က အံကြိတ်လိုက်ပြီး လူအချို့ကို လက်ညိုးထိုးကာ ခေါ်လိုက်သည်။
"မင်းတို့... ပြီးတော့ မင်း... ငါနဲ့ လိုက်ခဲ့"
ထိုလူများ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ဂရုမစိုက်တော့ဘဲ အစ်ကိုကောက်က မတ်တတ်ရပ်ကာ အသစ်ရောက်လာသော လူအုပ်ကြီးရှိရာသို့ လျှောက်သွားလေသည်။
ခေါင်းဆောင်ချူ တစ်ယောက် လမ်းစဉ် အဆင့် (၃) သို့ ပို၍ နီးကပ်လာသည်နှင့်အမျှ...
ယခုလက်ရှိ လျှို့ဝှက်အကာအကွယ်၏ ဧရိယာသည် ယခင်ကထက် များစွာ ပိုမို ကျယ်ဝန်းလာခဲ့ပြီ ဖြစ်သည်။
ယခင်က အချင်း ပေတစ်ထောင်ခန့်သာ ရှိခဲ့သည်။
သို့သော် ယခုအခါ ခေါင်းဆောင်ချူ၏ လျှို့ဝှက်အကာအကွယ်သည် အချင်း ပေသုံးထောင်ခန့်အထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်နေပြီ ဖြစ်သည်။
ခန့်မှန်းရသလောက် အချင်း ပေ ၃၃၀၀ ခန့်အထိ ရောက်ရှိသွားချိန်သည် ခေါင်းဆောင်ချူ၏ လမ်းစဉ် အဆင့် (၃) သို့ ရောက်ရှိသွားမည့် အချိန်ပင် ဖြစ်ပေလိမ့်မည်။
ဤအသစ်ဝင်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများကိုလည်း ယခုအခါ ရွှီနန်က လျှို့ဝှက်အကာအကွယ်အတွင်းသို့ အတင်းအကျပ် မောင်းသွင်းထားခဲ့သည်။
ထို့ကြောင့် လူတစ်ရာ့ငါးဆယ်ခန့် ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဝင်ရောက်လာခဲ့လျှင်ပင်...
ခေါင်းဆောင်ချူ၏ လျှို့ဝှက်အကာအကွယ် နယ်ပယ်မှာ လုံလောက်စွာ အသုံးပြုနိုင်သေးသည်။
အသစ်ရောက်လာသော ထိုလူများသည် အစ်ကိုကောက်တို့ ရောက်ရှိလာမှုအပေါ် အနည်းငယ် သတိထားနေကြပြီး စိုးရိမ်ပူပန်နေကြသည်။
သို့သော် ကံကောင်းသည်မှာ ရွှီနန်က အမြဲတစေ ထိန်းချုပ်ပေးထားသဖြင့် မည်သည့် ပြဿနာမျှ မပေါ်ပေါက်ခဲ့ပေ။
အစ်ကိုကောက်က ချန်းရီ၏ ကိစ္စကို ပြောပြလိုက်သောအခါ ရွှီနန်က ချန်းရီရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လူအုပ်ထဲတွင် ဝင်ရောက်၍ ကူညီရှာဖွေပေးလေသည်။
တကယ်ပင် လူအုပ်ထဲမှ မထင်ရှားသော နေရာတွင် ဆောင့်ကြောင့်ထိုင်နေသည့် ဖြူဖြူဝဝ လူဝကြီးတစ်ယောက်ကို တွေ့လိုက်ရပြီး သူ၏ ပုံစံမှာ အလွန် စက်ဆုပ်ဖွယ် ကောင်းနေလေသည်။
ဆက်ရန်...