အခန်း ၂၈၇
Vol. 15 Ch. 287
အပိုင်း(၂၈၇) မျိုးစေ့များ ပွားယူခြင်းနှင့် ခေါင်းဆောင်၏ မှတ်စုစာအုပ်
တင်းတုံက သူမ၏ အဖိုးတန် မျိုးစေ့လေးများကို ဝိုင်းရံထားပြီး ပန်းအိုးများဆီမှ အာလူးနှင့် ဆလတ်ပင်များကို အလွန် သတိထားကာ နုတ်ယူလိုက်သည်။
အချိန်ကြာမြင့်စွာ စိုက်ပျိုးခဲ့ပြီးနောက် တင်းတုံတွင် ဤမျိုးစေ့များကို စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ လုံလောက်သော အတွေ့အကြုံများ ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအတွေ့အကြုံများကို ချူချယ် လက်ဆောင်ပေးထားသော မှတ်စုစာအုပ်လေးထဲတွင် အသေးစိတ် မှတ်တမ်းတင်ထားသည်။
ဥပမာအားဖြင့် နေ့စဉ် မည်သည့်အချိန်တွင် သဘာဝလွန် အစွမ်းကို အသုံးပြု၍ ပျိုးထောင်ပေးပါက ဤအာလူးများနှင့် ဆလတ်ပင်များ၏ ကြီးထွားမှု အခြေအနေကို ပိုမို ကောင်းမွန်စေမည် စသည်တို့ ဖြစ်သည်။
သို့မဟုတ်ပါက နေ့စဉ် နေရောင်ခြည် အချိန်မည်မျှ ပြသပေးပါက မျိုးစေ့ အောင်မြင်နှုန်းကို မြင့်တက်စေနိုင်မည် စသည်တို့ပင်။
သို့မဟုတ်ပါကလည်း နေ့စဉ် ရေမည်မျှ လောင်းပေးရန် အသင့်တော်ဆုံး ဖြစ်မည် စသည်တို့ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ဤမျိုးစေ့များတွင် ရေဒဏ်၊ မိုးခေါင်ဒဏ်နှင့် ပိုးမွှားဒဏ် ခံနိုင်ရည်ရှိခြင်း စသည့် အားသာချက်များစွာ ရှိပေသည်။
စိုက်ပျိုးမည့် ပတ်ဝန်းကျင် အခြေအနေကိုလည်း သိပ်ပြီး ရွေးချယ်လေ့ မရှိပေ။
လှုပ်ခါနေသော အခြေအနေမျိုးတွင်ပင် ကျန်းမာသန်စွမ်းစွာ ကြီးထွားနိုင်ကြသည်။
သို့သော်လည်း ကောင်းမွန်သော ပတ်ဝန်းကျင် အခြေအနေသည် မျိုးစေ့အောင်မြင်နှုန်းကို မြင့်တက်စေနိုင်သည့် အကျိုးသက်ရောက်မှုတော့ အမှန်တကယ်ပင် ရှိနေသည်။
သဘာဝလွန် အစွမ်းကိုပင် တုံ့ပြန်မှု ရှိကြလေသည်။
ကံမကောင်းစွာဖြင့် သူမက အပင်ကျွမ်းကျင်သူ လမ်းစဉ်မှ မဟုတ်ပေ။ သို့မဟုတ်ပါက ယာဉ်တန်းထဲရှိ မျိုးစေ့အောင်မြင်နှုန်းမှာ ယခုထက် များစွာ ပိုမို မြင့်တက်လာနိုင်မည် ဖြစ်သည်။
တင်းတုံက ဤတစ်ကြိမ် စိုက်ပျိုးမှုမှ အထွက်နှုန်း မည်မျှ ရရှိသည်၊ မျိုးစေ့အောင်မြင်နှုန်း မည်မျှ ရှိသည်တို့ကို မှတ်စုစာအုပ်ထဲတွင် တစ်ခုချင်းစီ သေချာ မှတ်တမ်းတင်လိုက်သည်။
သဘာဝလွန် အစွမ်းကို တုံ့ပြန်မှုရှိသော အရာများအားလုံးမှာ အရည်အသွေးပြည့်မီသော မျိုးစေ့များ ဖြစ်ကြပြီး ၎င်းတို့ကို တင်းတုံကိုယ်တိုင် သတိထားကာ သိမ်းဆည်းလိုက်သည်။ ခဏကြာလျှင် ထိုမျိုးစေ့များကို ပြန်လည် စိုက်ပျိုးရမည် ဖြစ်သည်။
သဘာဝလွန် အစွမ်းကို မည်သည့် တုံ့ပြန်မှုမျှ မရှိသော အရာများကိုမူ အရန်စားနပ်ရိက္ခာအဖြစ်သာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။
ဒီနေ့ညတော့ တစ်ယောက်ယောက်ကို ဆလတ်ရွက်ကြော်လေး တစ်ပွဲလောက် ကြော်ခိုင်းလို့ ရပြီ။
ထိုသို့ တွေးလိုက်မိရုံဖြင့်ပင် တင်းတုံမှာ သွားရည်ကျလာတော့သည်။
ဤမျိုးစေ့လေးများ ရရှိလာပြီးနောက်ပိုင်းတွင်...
တင်းတုံ၏ ယခင်က မိုးကြိုးပစ်လျှင်ပင် မပျက်မကွက် ပြုလုပ်လေ့ရှိသော တရားထိုင် ကျင့်ကြံသည့် အချိန်များအားလုံးသည် ဤမျိုးစေ့လေးများကို ဂရုစိုက် ပြုစုသည့် အချိန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဆရာ... ကိုချန်း ရောက်လာပါပြီရှင်"
ထိုအချိန်မှာပင် ကျိုးရှောင်ရှောင်က ချန်းဟောင်ကို ခေါ်ဆောင်လာခဲ့သည်။
တင်းတုံသည် မှတ်စုစာအုပ်ကို အမြန်ချထားလိုက်ပြီး အံ့ဩဝမ်းသာစွာဖြင့် လျှောက်လာခဲ့သည်။
"ကိုချန်း... မင်္ဂလာပါရှင်"
ချန်းဟောင်က ကျိုးရှောင်ရှောင် ခေါ်လာချိန်တွင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။
ဤမျှ များပြားလှသော အာလူးများနှင့် ဆလတ်ပင်များကို မြင်လိုက်ရချိန်တွင်တော့ ချန်းဟောင် အနည်းငယ် သဘောပေါက်သွားခဲ့သည်။
သူ့၏ စကားစုများထဲတွင် စာကြောင်းတစ်ကြောင်း ပါရှိလေသည်။
"ငါ၏အမည်နာမဖြင့် အမိန့်ပေးတယ်... ပွားယူစေ"
ငါ့ကို အစားအသောက်တွေ များများ ပွားယူပေးစေချင်တာ ဖြစ်ရမယ်။
ခုနက ငါ့ရဲ့ စကားစု မှတ်စုစာအုပ်ကို သူတို့ မြင်သွားကြတာ ဖြစ်နိုင်တယ်။
ဤကိစ္စသည် သူ့အတွက်တော့ သိပ်ပြီး ခက်ခဲသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သို့သော်... ဒီအာလူးတွေနဲ့ ဆလတ်ပင်တွေကို ဘယ်လို စိုက်ပျိုးထားတာလဲ။
အခုချိန်ကြီး ယာဉ်တန်းထဲမှာ ဒါတွေကို စိုက်ပျိုးလို့ ရနေသေးတာလား။
ချန်းဟောင်မှာ အနည်းငယ် နားမလည်နိုင် ဖြစ်နေမိသည်။ သို့သော် သူကိုယ်တိုင်လည်း ဤအရာများကို တစ်ခါမှ မစိုက်ပျိုးဖူးသဖြင့် သေချာ ဂဃနဏတော့ မသိရှိပေ။
တကယ်တမ်းလည်း ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် တင်းတုံက သူမ၏ တောင်းဆိုချက်ကို တစ်ကြိမ် ပြောပြလိုက်သည်။
တင်းတုံ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်းဟောင်ပင် အံ့ဩသွားခဲ့ရသည်။
ဤအာလူးများနှင့် ဆလတ်ပင်များသည် နာရီအနည်းငယ် ကြာရုံဖြင့် ရင့်မှည့်နိုင်ကြောင်း ကြားလိုက်ရသောအခါ...
ချန်းဟောင်၏ မျက်ဝန်းများပင် အရောင်ပြောင်းသွားတော့သည်။
"ဒါ... ဒါက"
"ကိုချန်း... စိတ်ချပါရှင်... ကျွန်မတို့ တိုင်ပင်ထားပြီးပါပြီ... ကိုချန်းက ကျွန်မတို့ကို ဒီမျိုးစေ့တွေ ပွားယူဖို့ ကူညီပေးနိုင်မယ်ဆိုရင် ပွားယူလို့ရလာတဲ့ မျိုးစေ့တွေထဲက တစ်စိတ်တစ်ပိုင်းကို ကိုချန်းကို ခွဲပေးပါ့မယ်ရှင်"
"အလကား အကူအညီတောင်းတာမျိုး လုံးဝ မဟုတ်ပါဘူးရှင်"
တင်းတုံက အရည်အသွေးပြည့်မီသော အာလူးမျိုးစေ့ တစ်ခုနှင့် ဆလတ်မျိုးစေ့ တစ်ခုကို လျင်မြန်စွာ ယူဆောင်လာပြီး ချန်းဟောင်၏ ရှေ့တွင် ချထားလိုက်သည်။
တကယ်တော့ တင်းတုံကိုယ်တိုင်လည်း ချန်းဟောင် တကယ် လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို မသေချာပေ။
ခုနက ချန်းဟောင်သည် စကားစုကို အသုံးပြု၍ ကားနှစ်စီး ဖန်တီးယူခဲ့ချိန်က...
နေရာရှိ အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤအစွမ်း၏ အခြေခံ သဘောတရားမှာ သယ်ဆောင်ခြင်းသာ ဖြစ်ရမည်။
အနီးအနားရှိ လိုအပ်ချက်နှင့် ကိုက်ညီသော ပစ္စည်းများကို သယ်ဆောင်လာခြင်း ဖြစ်သည်။
မရှိရာမှ ရှိလာအောင် ဖန်တီးယူခြင်းမျိုး မဟုတ်ပေ။
သို့သော် ဤအဆင့်မြှင့်တင်ထားသော မျိုးစေ့မျိုးမှာ နတ်ဆင်ရွာမှလွဲ၍ အခြား မည်သည့်နေရာတွင်မှ ထပ်ရှိနိုင်ရန် အလွန် ခဲယဉ်းလှသည်။
ယခုဆိုလျှင် နတ်ဆင်ရွာမှာ အလွန် ဝေးကွာသော နေရာသို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။
သယ်ဆောင်လာရန် ဆိုသည်မှာလည်း လက်တွေ့မဆန်လှပေ။
ထို့ကြောင့် တင်းတုံလည်း အောင်မြင်မည်၊ မအောင်မြင်မည်ကို သေချာ မသိနိုင်ခြင်း ဖြစ်သည်။
သို့သော် စမ်းသပ်မကြည့်ဘဲ နေလိုက်ရန်မှာမူ သူမ၏ စိတ်ထဲတွင် ကျေနပ်နိုင်မည် မဟုတ်ပေ။
အကယ်၍များ တကယ် အောင်မြင်သွားခဲ့ရင်ရော...
ချန်းဟောင်သည် တင်းတုံ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အံ့ဩနေသော စိတ်ကို အနည်းငယ် ထိန်းချုပ်လိုက်ပြီး ရင်ခွင်ထဲမှ စကားစု မှတ်စုစာအုပ်ကို ထုတ်ယူလိုက်သည်။
စာမျက်နှာ အနည်းငယ် လှန်လိုက်ပြီးနောက် ပွားယူခြင်း စကားစုရှိသော စာမျက်နှာတွင် အတိအကျ ရပ်တန့်သွားသည်။
"ငါ့... ငါ၏အမည်နာမဖြင့် အမိန့်ပေးတယ်... ပွားယူစေ"
စကားစုပေါ်ရှိ စာလုံးများတွင် ကပ်တွယ်နေသော ရွှေရောင်အလင်းတန်းများက စာလုံးများပေါ်မှ လျင်မြန်စွာ ရုန်းထွက်လာပြီး မျက်မှောက်တွင် ပေါ်လာခဲ့သည်။
စက္ကန့်အနည်းငယ်သာ ကြာလိုက်သည်။
ပုံစံတူ အာလူးမျိုးစေ့ နှစ်ခုက လူအားလုံး၏ ရှေ့တွင် ပေါ်လာခဲ့သည်။
တင်းတုံ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ အတိုင်းသား ပေါ်လွင်သွားသည်။
နှစ်ခုတည်း ဆိုလျှင်တောင်မှ ၎င်းက အံ့ဩဝမ်းသာစရာများထဲမှ အံ့ဩဝမ်းသာစရာ တစ်ခုပင် ဖြစ်နေသေးသည်။
ဤကဲ့သို့သော မျိုးစေ့မျိုးမှာ တစ်ခု ပိုလာတိုင်း အာလူးအထွက်နှုန်း ထာဝရ မြင့်တက်သွားခြင်းကို ကိုယ်စားပြုကြောင်း သိထားရမည် ဖြစ်သည်။
အထွက်နှုန်း မြင့်တက်လာခြင်းသည် ယာဉ်တန်း၏ စားနပ်ရိက္ခာ သိုလှောင်မှု အခြေအနေကို အနည်းငယ် ပိုမို သက်သာချောင်ချိသွားစေမည် ဖြစ်သည်။
သူမကိုယ်တိုင် မျိုးစေ့အောင်မြင်နှုန်း မြင့်တက်လာစေရန်နှင့် အရည်အသွေးပြည့်မီသော အာလူးမျိုးစေ့ တစ်ခု ပိုရလာစေရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ခက်ခဲလှကြောင်း သိထားသင့်သည်။
နတ်ဆင်ရွာမှ ထွက်လာခဲ့သည့် အချိန်မှစ၍ ယခုအထိ အစကထက် အာလူးမျိုးစေ့ တစ်ခု၊ ဆလတ်မျိုးစေ့ တစ်ခုသာ ပိုရခဲ့သေးခြင်း ဖြစ်သည်။
အသစ်ပေါ်လာသော အာလူးမျိုးစေ့ နှစ်ခုကို သဘာဝလွန် အစွမ်းဖြင့် လှုံ့ဆော်ကြည့်လိုက်သည်။
ရရှိလာသော ရလဒ်မှာ အရည်အသွေးပြည့်မီသော မျိုးစေ့များ ဖြစ်နေခဲ့သည်။
"ကိုချန်း... ရှင်... ရှင် ဘယ်လိုလုပ်လိုက်တာလဲ... ရှင် အရမ်းတော်တာပဲရှင်"
ချန်းဟောင်၏ မျက်နှာပေါ်တွင် ပြုံးရွှင်သော အမူအရာတစ်ခု ပေါ်လာသည်။
သို့သော် မှတ်စုစာအုပ်ပေါ်ရှိ "ငါ၏အမည်နာမဖြင့် အမိန့်ပေးတယ်... ပွားယူစေ" ဟူသော စာကြောင်းလေးမှာမူ အလင်းရောင်များ မှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။
ဤစကားစုကို မူလက အခြားပစ္စည်းများကို ပွားယူရန်အတွက် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သော်လည်း ဒီနေ့တွင် အသုံးပြုရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထို့အပြင် ဤစကားစုမှာလည်း အချိန်အတော်ကြာအောင် စွမ်းအင်များ စုဆောင်းထားခဲ့ရခြင်း ဖြစ်သည်။
ချန်းဟောင်၏ ရှင်းပြမှုကြောင့် စကားစု၏ အစွမ်းမှာ သယ်ဆောင်ခြင်း သက်သက်သာ မဟုတ်ကြောင်း တင်းတုံ သိသွားခဲ့သည်။
ဥပမာအားဖြင့် ယခင်က သူ ယာဉ်တန်းအတွက် ကားရှာပေးခဲ့စဉ်က...
သူ စုဆောင်းထားခဲ့သော စွမ်းအင်များအရဆိုလျှင် လူတစ်ရာ့ငါးဆယ် တင်ဆောင်နိုင်သော ကားနှစ်စီးကို သဘာဝလွန် အစွမ်းဖြင့် ဖန်တီးယူရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် လိုအပ်ချက်နှင့် ကိုက်ညီသော ပစ်မှတ်များကို ရှာဖွေကာ သယ်ဆောင်လာခြင်းသာ ဖြစ်သည်။
သို့သော် ယခု မျက်မှောက်ရှိ တစ်ခါမှ မကြားဖူးသော ဤမျိုးစေ့မျိုးမှာ အနီးအနား တစ်ဝိုက်တွင် အစားထိုးစရာ မရှိသဖြင့် သယ်ဆောင်လာရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် သဘာဝလွန် အစွမ်းကို အသုံးပြု၍သာ ဖန်တီးယူရတော့မည် ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် အိမ်နီးချင်းတွင် ရှိပါက အိမ်နီးချင်းဆီမှ အရင်ယူသုံးမည်၊ အိမ်နီးချင်းတွင် မရှိပါက ပိုက်ဆံဖြင့် ဝယ်ရမည် ဖြစ်သည်။
သေချာပေါက် အိမ်နီးချင်းဆီမှ ယူသုံးရသည်က များစွာ ပိုမို လွယ်ကူရိုးရှင်းပေသည်။
ကုန်ကျမည့် သဘာဝလွန် အစွမ်းမှာလည်း များစွာ လျော့နည်းသွားမည် ဖြစ်သည်။
သို့သော် တိုက်ရိုက် သဘာဝလွန် အစွမ်းဖြင့် ဖန်တီးယူမည် ဆိုပါက ကုန်ကျမည့် သဘာဝလွန် အစွမ်းမှာ ဆပွားအချိုးကျ မြင့်တက်သွားမည် ဖြစ်သည်။
တင်းတုံသည် နားထောင်ပြီးနောက် အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်တော့ပေ။
ဒီကမ္ဘာပေါ်မှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ လမ်းစဉ်မျိုး ရှိနေသေးတာလား။
ထို့နောက် ချန်းဟောင်က ပွားယူခြင်း အစွမ်းကို ဆက်လက် အသုံးပြုသည်။
ဤတစ်ကြိမ်တွင် အသုံးပြုသည်မှာ စကားစုပေါ်ရှိ စုဆောင်းထားသော စွမ်းအင် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် သဘာဝလွန် အစွမ်းပင် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ အာလူးမျိုးစေ့ နှစ်ခုနှင့် ဆလတ်မျိုးစေ့ တစ်ခုကို စုစုပေါင်း ပွားယူနိုင်ခဲ့သည်။
တင်းတုံမှာ အလွန်အံ့ဩဝမ်းသာသွားသဖြင့် မျက်လုံးများပင် နီရဲလာတော့သည်။
သေချာသည်မှာ ထိုသို့ ပြုလုပ်လိုက်ခြင်း၏ တန်ဖိုးအဖြစ် ချန်းဟောင်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သဘာဝလွန် အစွမ်းများအားလုံး ကုန်ခမ်းသွားခဲ့ရခြင်း ဖြစ်သည်။
သုံးရက် သို့မဟုတ် ငါးရက်ခန့် အချိန်မယူဘဲနှင့် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ချန်းဟောင်၏ စွမ်းဆောင်ရည် ညံ့ဖျင်းလွန်း၍ ဤမျှသာ ပွားယူနိုင်ခြင်းတော့ မဟုတ်ပေ။
အကယ်၍ ချန်းဟောင်ကို ဝက်သားခေါက်ဆွဲ တစ်ပွဲ ပွားယူခိုင်းမည် ဆိုပါက သူသည် သဘာဝလွန် အစွမ်း သိပ်အများကြီး မသုံးရဘဲ မရှိရာမှ ရှိလာအောင် ဖန်တီးယူနိုင်မည် ဖြစ်သည်။
သို့သော် ယခု မျက်မှောက်ရှိ ဤမျိုးစေ့များမှာ မူလမျိုးစေ့များနှင့် ကြီးမားသော ကွာခြားချက်များ ရှိနေပြီး ၎င်းတို့အတွင်းတွင် ကိန်းအောင်းနေသော အံ့ဖွယ်စွမ်းအားများမှာ သာမန်အရာများနှင့် နှိုင်းယှဉ်၍ ရနိုင်မည် မဟုတ်ပေ။
သေချာပေါက် တင်းတုံက ဤတစ်ကြိမ် လုပ်ဆောင်မှု၏ အကျိုးအမြတ်အဖြစ် ချန်းဟောင်ကို အာလူးတစ်လုံးနှင့် ဆလတ်တစ်ပင်အား ရက်ရက်ရောရော ပေးအပ်ခဲ့သည်။
ချန်းဟောင်က တင်းတုံအား အထစ်ထစ်အငေါ့ငေါ့ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဤအရာများ ရှိနေပါက နောက်ပိုင်းတွင် သူ၏ နေ့ရက်များမှာ များစွာ ပိုမို အဆင်ပြေလာမည် ဖြစ်သည်။
...
"ဒါက နင်ဂျာ လမ်းစဉ်လား"
"ဒီလမ်းစဉ်က အရမ်း အစွမ်းထက်တာပဲ"
"အင်း... နောက်ပိုင်း ဒီလမ်းစဉ်နဲ့ တွေ့ရင် သေချာပေါက် သတိထားရမယ်"
"မှော်စာလုံး လမ်းစဉ်က ဒီလောက်တောင် အံ့ဩစရာကောင်းတာပဲ... နောက်ပိုင်း တွေ့ရင် သက်ရှိတွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်ပေးနိုင်တဲ့ မှော်စာလုံးတွေ လဲလှယ်ပြီး ကားပေါ်မှာ အပြည့်ကပ်ထားရမယ်... ဒါမှ ခရီးသွားရတာ ပိုပြီး လုံခြုံမှာ"
"သက်ရှိတွေရဲ့ အငွေ့အသက်ကို ဖုံးကွယ်နိုင်တယ် ဟုတ်လား"
"ဒီလိုဆိုရင် လုံလောက်တဲ့ မှော်စာလုံးတွေသာ ရှိမယ်ဆိုရင် ဒီအစွမ်းကို အသုံးပြုပြီး အသက်ရှင်ကျန်ရစ်သူ စခန်းတစ်ခု တည်ဆောက်လို့ မရနိုင်ဘူးလား"
ထိုအချိန်တွင် ခေါင်းဆောင်ချူ ခေါ် ချူချယ်သည် တဲအိမ်လေးထဲတွင် ထိုင်နေပြီး သူ၏ လက်ထဲတွင် လှန်လှောနေသည်မှာ ခေါင်းဆောင်၏ မှတ်စုစာအုပ် တစ်အုပ် ဖြစ်သည်။
အတိအကျ ပြောရလျှင် ယခင်က ထို "အရူး" ၏ မှတ်စုစာအုပ်ပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် ခံတပ်ကြီးထဲမှ ကျလာသော ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် ဤ "ခေါင်းဆောင်၏ မှတ်စုစာအုပ်" ကသာ သူ အလေးအနက် အထားဆုံး အရာဖြစ်သည်။
ယခုအချိန်တွင် အင်တာနက် မရှိ၊ စာအုပ်စာတမ်းများ မရှိတော့ဘဲ လူသားတို့၏ ယဉ်ကျေးမှုများပင်လျှင် များများစားစား မကျန်ရစ်တော့ပေ။
ထို့ကြောင့် အသိပညာများကို သယ်ဆောင်ထားသော ဤ "ခေါင်းဆောင်၏ မှတ်စုစာအုပ်" မှာ အထူးပင် အရေးပါလာတော့သည်။
ကမ္ဘာပျက်ကပ်ကြီးက အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
လူသားများအနေဖြင့် ထူးဆန်းသည့် အရာများနှင့် သဘာဝလွန် လမ်းစဉ်များအကြောင်းကို သိရှိနားလည်မှု အလွန် နည်းပါးလွန်းလှသည်။
ဥပမာအားဖြင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဓားနတ်ဘုရား လမ်းစဉ်ကို ကြည့်ပါ။
ဤလမ်းစဉ်ရှိ အဆင့်တိုင်းတွင် အဆင့်အမည် တစ်ခုနှင့် လမ်းစဉ်အမည် တစ်ခုစီ ရှိကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည် ယခုအခါ လမ်းစဉ် အဆင့် (၃) ဓာတ်အစွမ်း ဓားသခင် ဖြစ်သည်။
ဓာတ်အစွမ်း သည် အဆင့်အမည် ဖြစ်သည်။
ဓားသခင် သည် လမ်းစဉ်အမည် ဖြစ်သည်။
တင်းတုံသည် ယခုအခါ လက်ဝှေ့သမား လမ်းစဉ် အဆင့် (၂) ဖြစ်သည်။
သူမ၏ လမ်းစဉ်အမည်မှာ တောင်ဖြိုခွင်းခြင်း ဖြစ်သည်။
ဤလမ်းစဉ်အမည်ကို သူမ၏ အစွမ်းများထဲမှ တစ်ခုကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့သောအခြေအနေမျိုးမှာ လူတိုင်းတွင် ဖြစ်ပေါ်နေသည်တော့ မဟုတ်ပုံရပေ။
သူ၏ လမ်းပြသူ လမ်းစဉ်တွင်မူ အဆင့်အမည်ဟူ၍ မရှိချေ။
ဥပမာအားဖြင့် သူသည် ယခုအခါ လမ်းပြသူ လမ်းစဉ် အဆင့် (၂) ဖြစ်ပြီး လမ်းစဉ်အမည်မှာ လျှို့ဝှက်အကာအကွယ် ပညာရှင် ဖြစ်သည်။
သဘာဝလွန် လမ်းစဉ်နှင့် ပတ်သက်သော အသိပညာများ လိုအပ်နေမှုကြောင့် ၎င်း၏ နောက်ကွယ်ရှိ အကြောင်းရင်းများနှင့် စည်းမျဉ်းများကို လုံးဝ နားမလည်နိုင် ဖြစ်နေရသည်။
ထို့အပြင် ခွဲထွက်လမ်းစဉ် ဆိုသည့် အရာမျိုးလည်း ရှိသေးသည်။
လမ်းစဉ်တိုင်းတွင် ခွဲထွက်လမ်းစဉ် ရှိနေသလား ဆိုသည်မှာလည်း မသေချာပေ။
သို့တည်းမဟုတ် တိုက်တန် လမ်းစဉ်တွင်သာ ခွဲထွက်လမ်းစဉ် ရှိနေတာလား။
ဤအရာကိုလည်း သေချာစွာ မသိရှိရပေ။
ထို့ကြောင့် ချူချယ်အနေဖြင့် ဤအသိပညာများကို မည်မျှ ငတ်မွတ်နေမည်ဆိုသည်ကို ခန့်မှန်းကြည့်၍ ရနိုင်သည်။
ချူချယ်၏ စာမျက်နှာများကို လှန်လှောနေသော လက်က ရုတ်တရက် ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ရင်းနှီးကျွမ်းဝင်နေသော စကားစုတစ်စုကို မြင်တွေ့လိုက်ရသောကြောင့်ပင်တည်း။
"သဘာဝလွန်လမ်းစဉ်... မီးခိုးတမန်တော်လမ်းစဉ်"