အခန်း ၂၉၂
Vol. 15 Ch. 292
အပိုင်း(၂၉၂) ယာဉ်တန်း၏ စည်းမျဉ်းများ
ညအချိန် ထပ်မံ ရောက်ရှိလာပြန်၏။
အသက်ရှင်ကျန်ရစ်သူများကြားရှိ လေထုမှာ အနည်းငယ် ပြေလျော့သွားသည်။
ရုပ်ဆိုးဆိုး အမျိုးသား ရွှီနန်၏ လုပ်ရပ်များက ချန်းရီလောက် ရက်စက်ကြမ်းကြုတ်မှု မရှိသော်လည်း ကြမ်းတမ်းပြီး အေးစက်လွန်းလှသည်ဟု ဆိုနိုင်ပေသည်။
စကားနားမထောင်သူများ သို့မဟုတ် မရိုးမသား ကြံစည်သူများ ရှိပါက တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ရွှီနန်၏ ကြမ်းတမ်းစွာ နှိမ်နင်းမှုကို ခံရမည် ဖြစ်သည်။
ယာဉ်တန်း၏ တာဝန်ခံကြီး တစ်ယောက်အနေဖြင့် ရွှီနန်၏ နေ့စဉ် စားသောက်မှုသည် သာမန်လူများထက် အနည်းငယ် ပိုမို ကောင်းမွန်နေခဲ့သည်။
ကာလရှည်ကြာ အာဟာရချို့တဲ့နေသော ထိုအသက်ရှင်ကျန်ရစ်သူများနှင့် နှိုင်းယှဉ်လျှင် အများကြီး ပိုကောင်းနေခြင်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းရန်မှာ သူ့အတွက် အလွန်ပင် လွယ်ကူလွန်းလှသည်။
ထို့အပြင် ထယ်ရှီးဆိုသော မိစ္ဆာကောင်ကြီးလည်း ရှိနေသေးသည် မဟုတ်ပါလော။
လောလောဆယ်တွင် မည်သူကမျှ မိမိတို့၏ မရိုးမသား အကြံအစည်များကို ဗြောင်ကျကျ ထုတ်ဖော်ရဲခြင်း မရှိကြပေ။
သူတို့၏ ယခင် စီမံအုပ်ချုပ်မှု စနစ်ကို အနည်းငယ် လေ့လာသိရှိပြီးနောက်တွင်မူ ရွှီနန်မှာ စကားပင် မပြောနိုင်အောင် ဖြစ်သွားခဲ့ရသည်။
ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး၏ စီမံအုပ်ချုပ်မှု စနစ်မှာ အလွန် ရိုးရှင်းလှသည်။ ပထမထပ်မှ "အောက်ခြေလူတန်းစား" များသည် "မြင့်မြတ်သူ" များ၏ အမိန့်ကို ခြွင်းချက်မရှိ နာခံကြရမည် ဖြစ်သည်။
ထို့ကြောင့် ယခင်က ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် ထို "မြင့်မြတ်သူ" များသည် "အောက်ခြေလူတန်းစား" များအပေါ် ပြောပြ၍ပင် မရနိုင်လောက်အောင် လွန်ကျူးသော ကိစ္စရပ်များကို ကျူးလွန်ခဲ့ကြသည်။
ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး ပြိုကျသွားပြီးနောက်တွင်မူ "အောက်ခြေလူတန်းစား" များဟု အခေါ်ခံရသူ အများအပြားက ဒုတိယထပ်မှ ထို "မြင့်မြတ်သူ" များကို ကလဲ့စားချေရန် တွေးတောခဲ့ကြသည်။
၎င်းက ယခင် ပရမ်းပတာ ဖြစ်ရပ်များ ပေါက်ကွဲဖြစ်ပေါ်လာရခြင်း၏ အကြောင်းအရင်းပင် ဖြစ်သည်။
အချို့သော အသက်ရှင်ကျန်ရစ်သူများက ပစ္စည်းများ လုယက်သည့် အခွင့်အရေးကို အသုံးချကာ ထို "မြင့်မြတ်သူ" များကို သေလောက်အောင် တိုက်ခိုက်ခဲ့ကြသည်။
ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် ဒုတိယထပ်၏ "မြင့်မြတ်သူ" တစ်ယောက် ဖြစ်လာရန်အတွက်...
နည်းလမ်း နှစ်သွယ်သာ ရှိသည်။ တစ်ခုမှာ "ဧကရာဇ်" ၏ အမိန့်ကို ခြွင်းချက်မရှိ နာခံပြီး ထိုလူနှစ်ယောက်က မိမိအပေါ် ယုံကြည်လာအောင် လုပ်ဆောင်ကာ ဒုတိယထပ်သို့ တက်ရောက်ပြီး "မြင့်မြတ်သူ" ဖြစ်လာခြင်း ဖြစ်သည်။
အခြားတစ်နည်းမှာ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး သို့မဟုတ် ဧကရာဇ်အတွက် ထူးခြားပြောင်မြောက်သော စွမ်းဆောင်မှုများ ပြုလုပ်ပေးခြင်းပင်။
သာမန်လူတစ်ယောက်အနေဖြင့် အစွမ်းပိုင်ရှင်တစ်ယောက်အတွက် အသုံးဝင်သူဖြစ်လာရန် ဆိုသည်မှာ ဤကဲ့သို့သော ကမ္ဘာပျက်ကပ် နောက်ခံအခြေအနေတွင် အလွန် ခက်ခဲလှသည်။
ထို့ကြောင့် လူအများစုက ပထမနည်းလမ်းကိုသာ ရွေးချယ်ခဲ့ကြသည်။
ဤမျှ ရိုးရှင်းပြီး ကြမ်းတမ်းသော အုပ်ချုပ်မှုပုံစံကို ကြားလိုက်ရသောအခါ ချူချယ်သည်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤကဲ့သို့သော စနစ်သည် ရိုးရှင်းပြီး ကြမ်းတမ်းလွန်းလှရာ စီမံအုပ်ချုပ်မှုဟူ၍ ပြောစရာပင် မရှိပေ။
"ခေါင်းဆောင်... အဲဒီအထဲမှာ လူအများစုရဲ့ အမုန်းခံနေရတဲ့ လူတချို့လည်း ရှိသေးတယ်"
ရွှီနန်က သူ သိရှိထားသော သတင်းများကို ချူချယ်အား တစ်ခုချင်း ပြန်လည် တင်ပြလိုက်သည်။
ထိုအထဲမှ "မြင့်မြတ်သူ" ဟု ဆိုကြသော လူအချို့သည် ယခင် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် အလွန်တရာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။
ဥပမာအားဖြင့် "မြင့်မြတ်သူ" တစ်ယောက်သည် "အောက်ခြေလူတန်းစား" တစ်ယောက်၏ ဇနီးနှင့် သမီးဖြစ်သူကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့ရုံသာမက...
ထို "အောက်ခြေလူတန်းစား" ၏ ရှေ့မှောက်တွင်ပင် သူ၏ ဇနီးနှင့် သမီးကို စော်ကားခဲ့သေးသည်။
ရွှီနန်၏ စုံစမ်းမှုများအရ ထို "မြင့်မြတ်သူ" နှင့် အစော်ကားခံရသော "အောက်ခြေလူတန်းစား" တို့သည် ယခင်က အလုပ်ဖော်များ ဖြစ်ခဲ့ကြသည်။
ထို့အပြင် ကမ္ဘာပျက်ကပ် မတိုင်မီက ထို "မြင့်မြတ်သူ" သည် "အောက်ခြေလူတန်းစား" ၏ အကူအညီများကို အကြိမ်ကြိမ် ရရှိခဲ့ဖူးသည်။
ဤ "မြင့်မြတ်သူ" သည် "အောက်ခြေလူတန်းစား" ထံတွင် ငွေခုနစ်သောင်း၊ ရှစ်သောင်းခန့် အကြွေးတင်နေပြီး ယခုတိုင် ပြန်မဆပ်ရသေးပေ။
သူတို့နှစ်ယောက်သည် မူလက ညီအစ်ကိုများကဲ့သို့ ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့ကြသည်။
ရွှီနန်၏ စုံစမ်းမှုများအရ ဤကဲ့သို့သော အခြေအနေမျိုး အများအပြား ရှိနေသေးသည်။
ဒုတိယထပ်ရှိ "မြင့်မြတ်သူ" အများစုမှာ ကမ္ဘာပျက်ကပ် မတိုင်မီက သာမန်လူများသာ ဖြစ်ကြပြီး ဥပဒေကင်းမဲ့နေသော ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် အခွင့်အာဏာ အနည်းငယ်ကို ရုတ်တရက် ရရှိသွားခဲ့ကြခြင်း ဖြစ်သည်။
လူအများအပြား၏ လုပ်ရပ်များမှာ ရုပ်ရှင်နှင့် ဝတ္ထုများထဲတွင် ရေးသားထားသည်ထက်ပင် ပိုမို ရက်စက်ကြမ်းကြုတ်ကာ ထိန်းချုပ်မှု ကင်းမဲ့နေခဲ့သည်။
အထက်တွင် ပြောခဲ့သော "မြင့်မြတ်သူ" မှာ ထိုအထဲမှ အလွန် သာမန်ကျသော သူတစ်ယောက်သာ ဖြစ်သည်။
ချူချယ်က လက်ယမ်းကာ ရွှီနန်၏ စကားကို ဖြတ်လိုက်သည်။
"ဒီလိုလူမျိုးတွေကို မင်းဘာသာ ကြည့်ပြီးသာ ရှင်းလိုက်တော့"
"အခု ယာဉ်တန်း တည်ငြိမ်ဖို့က အရေးအကြီးဆုံးပဲ... အစွမ်းပိုင်ရှင်တွေ ရှိနေရင်တောင် အချိန်တိုင်း သူတို့အပေါ်မှာချည်းပဲ အာရုံစိုက်နေလို့ မရဘူး"
"ဒီလူသစ်တွေကို ယာဉ်တန်းရဲ့ စည်းမျဉ်းတွေနဲ့ အမြန်ဆုံး အသားကျအောင် မင်း လုပ်ရမယ်"
"ဟုတ်ကဲ့ပါ"
ရွှီနန်၏ ရုပ်ဆိုးဆိုး မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခုက ဖြတ်သန်းသွားသည်။
အရင်တုန်းက ဦးလေးအားပေါင်သည် ဤကဲ့သို့သော အခြေအနေမျိုးကို မည်သို့ ဖြေရှင်းခဲ့သည်ကို သူ ကောင်းကောင်း သိထားသည်။
ဦးလေးအားပေါင်က အမြဲတမ်း သဘောကောင်းသော လူကြီးတစ်ယောက်ပုံစံ ဖမ်းနေတတ်သော်လည်း ယာဉ်တန်း၏ အတွင်းပိုင်း တည်ငြိမ်မှုကို ထိခိုက်စေမည့် အကြောင်းရင်းများအပေါ်တွင်မူ မည်သည့်အခါမျှ သနားညှာတာလေ့ မရှိပေ။
မကြာမီမှာပင် စခန်းချရာ နေရာ၌ အုတ်အော်သောင်းနင်း အသံများ ထွက်ပေါ်လာခဲ့သည်။
လူအများစု၏ အမုန်းအခံရဆုံးသော ထိုလူများကို ရွှီနန်က အေးစက်စွာ ရယ်မောရင်း လူအုပ်ထဲမှ ဆွဲထုတ်လာခဲ့သည်။
စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် အဝေးရှိ တောင်ကုန်းလေးပေါ်တွင် မြေပုံအသစ် အချို့ တိုးလာခဲ့လေသည်။
ထိုအခါမှသာ လူအများက ဤရုပ်ဆိုးဆိုး လူသည် ရုပ်ဆိုးရုံသာမက လုပ်ရပ်များကလည်း အလွန် ရက်စက်တတ်ကြောင်း သတိပြုမိသွားကြသည်။
ချက်ချင်းဆိုသလိုပင် အသက်ရှင်ကျန်ရစ်သူများကြား၌ ရွှီနန်၏ ကြောက်မက်ဖွယ်ကောင်းမှု အညွှန်းကိန်းမှာ တဟုန်ထိုး မြင့်တက်သွားခဲ့သည်။
"အရှင်မင်းကြီး... ရွှီနန်ဆိုတဲ့ ဟိုရုပ်ဆိုးကောင်က အရှင်မင်းကြီးရဲ့ ပြည်သူတွေအပေါ် ဒီလောက်တောင် ရိုင်းစိုင်းရဲတယ်... အရှင်မင်းကြီး... ဒီကောင့်ကို မသတ်ရင် ပြည်သူတွေရဲ့ ဒေါသကို ပြေစေမှာ မဟုတ်ဘူး"
တဲအတွင်း၌ ရှောင်တယ်ဇီသည် ထိုရင်းနှီးနေသော အော်ဟစ်သံများကို ကြားလိုက်ရသောအခါ မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် ညိုမည်းစွဲနေသော ဒဏ်ရာများ ရှိနေသော်လည်း မျက်လုံးများထဲမှ ဒေါသကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။
လူဝကြီးက နောက်ကျောတွင် လက်ကိုပိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
"ဒီလူတွေက သူတို့ လုပ်ရပ်နဲ့ သူတို့ ထိုက်တန်တဲ့ အပြစ်ကို ခံရတာပဲ... ငါကိုယ်တော့်ရဲ့ ရည်ရွယ်ချက်က လူတွေကို ယှဉ်ပြိုင်လိုစိတ် ရှိလာစေဖို့နဲ့ ငါကိုယ်တော့်ရဲ့ ပြည်သူတွေ ဒီလို ကမ္ဘာပျက်ကပ်ကြီးထဲမှာ ပိုပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်ဖို့ပဲ"
"ဒါပေမဲ့ တချို့လူတွေက ငါကိုယ်တော် ပေးထားတဲ့ အခွင့်အာဏာကို အသုံးချပြီး မောက်မာရိုင်းစိုင်းစွာနဲ့ ငါကိုယ်တော့် ပြည်သူတွေကို ဖိနှိပ်ခဲ့ကြတယ်... ဒီနေ့တော့... ငါကိုယ်တော်က ချူချယ်ရဲ့ လက်ကို ငှားပြီး ပိုးမွှားတွေကို ရှင်းလင်းလိုက်တာလို့ပဲ သဘောထားလိုက်"
ဧကရာဇ်က ဤမျှ သဘောထားကြီးလိမ့်မည်ဟု ရှောင်တယ်ဇီ ထင်မှတ်မထားခဲ့သဖြင့် ဒူးနှစ်ဖက်ဖြင့် ကပျာကယာ ဒူးထောက်ချလိုက်သည်။
"အရှင်မင်းကြီးက ဒီလောက် မေတ္တာတရား ကြီးမားတာ... တကယ့်ကို ကောင်းကင်ဘုံရဲ့ ကျေးဇူးတော်ပါပဲ"
ထိုလူနှစ်ယောက်၏ အမေးအဖြေ စကားဝိုင်းသည် သူတို့၏ ထူးဆန်းသော ဝတ်စားဆင်ယင်မှုနှင့် ယခု လက်ရှိ ပတ်ဝန်းကျင် အခြေအနေတို့နှင့် လုံးဝ ကိုက်ညီမှု မရှိသည်ကို မကြည့်မိပါက...
အသံကိုသာ နားထောင်မိလျှင် ပုံစံမကျသော သမိုင်းနောက်ခံ ဇာတ်လမ်းတွဲ တစ်ခုဟုပင် ထင်မှတ်သွားနိုင်ပေသည်။
"အရှင်မင်းကြီး... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်... အရှင်မင်းကြီး သိတော်မူ မမူ မသေချာလို့ပါ"
"စကားချီးတွေ ပြောမနေနဲ့... ပြောစရာရှိတာ မြန်မြန်ပြော"
"အရှင်မင်းကြီး... အရင်တုန်းက အရှင်မင်းကြီး ဟိုနဂါးနက်ကြီးကို တိုက်ခိုက်တုန်းက... နဂါးနက်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကနေ အကြေးခွံတစ်ခု ပြုတ်ကျသွားတာကို ကျွန်တော်မျိုး မြင်လိုက်ပါတယ်"
အစပိုင်းတွင် ရှောင်တယ်ဇီက အခြားကိစ္စများကို ပြောမည်ဟု ထင်မှတ်ကာ လူဝကြီးက သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။
သို့သော် နားထောင်ရင်း နားထောင်ရင်းဖြင့် လူဝကြီး၏ မျက်လုံးများက တဖြည်းဖြည်း အရောင်တောက်လာခဲ့သည်။
နောက်ဆုံးတွင် သူ၏ မျက်လုံးတစ်စုံမှာ မီးသီးတစ်လုံးကဲ့သို့ လင်းထိန်သွားကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရောင်လက်သွားလေတော့သည်။
"အရှင်မင်းကြီး... အဲဒီလူတွေက ကျွန်တော်မျိုး သတိမထားမိဘူးလို့ ထင်နေကြတာ... ဒါပေမဲ့ ကျွန်တော်မျိုး အသေအချာကို မြင်လိုက်ပါတယ်... အဲဒီအရာကို သူတို့ပဲ ယူသွားခဲ့တာပါ"
"အရှင်မင်းကြီး... ဒါက အရင်က အရှင်မင်းကြီး ပြောဖူးတဲ့ သဘာဝလွန်ပစ္စည်း ကုန်ကြမ်းများ ဖြစ်နေမလားလို့ ကျွန်တော်မျိုး သံသယရှိမိပါတယ်"
"အရှင်မင်းကြီး... ဒါက ကျွန်တော်တို့ရဲ့ ပစ္စည်းပါ... ဟိုအောက်တန်းစားတွေ ယူသွားတာကို ခွင့်ပြုလို့ မဖြစ်ဘူးနော်"
"အရှင်မင်းကြီး"
………
ရွှီနန်၏ ခြောက်လှန့်မှုများကြောင့် ယခင်က ယာဉ်တန်းအပေါ် ဂရုမစိုက်ခဲ့သူများသည် ယခုအခါ အားလုံး လေးလေးနက်နက် ဖြစ်လာကြသည်။
သူတို့သည် ယာဉ်တန်း၏ စည်းမျဉ်းများကို စုံစမ်းမေးမြန်းလိုလာကြသည်။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံးသည် နောက်ပိုင်းတွင် ယာဉ်တန်းနှင့်အတူ လိုက်ပါပြီး အသက်ရှင်သန်ကြရမည် မဟုတ်ပါလော။
"ရှောင်ဖူ... ရှောင်ဖူ... ငါတို့ကို နည်းနည်းလောက် ပြောပြပါလား... ယာဉ်တန်းမှာ ဘယ်လို စည်းမျဉ်းတွေ ရှိလဲ... နောက်ပိုင်း ငါတို့ ချိုးဖောက်မိရင် မင်းလည်း အခက်တွေ့မှာ စိုးလို့ပါ"
ပိန်ပိန်သေးသေး အမျိုးသားတစ်ယောက်က လည်ပင်းကို ပုကာ ဖားယားယားဖြင့် ရယ်မောရင်း မေးလိုက်သည်။
ရှောင်ဖူက လက်ထဲရှိ အလုပ်ကို ရပ်လိုက်ပြီး ပြောပြလိုက်လျှင်လည်း ကောင်းမည်ဟု တွေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤမျှ များပြားသော လူများသည် နောက်ပိုင်းတွင် အားလုံး အတူတကွ နေထိုင်ကြရမည် မဟုတ်ပါလော။
"တကယ်တော့ ကျွန်တော်တို့ ယာဉ်တန်းက နှိုင်းယှဉ်ကြည့်ရင် တော်တော်လေး လွတ်လပ်ပါတယ်"
"ဒါပေမဲ့ မဖြစ်မနေ မှတ်ထားရမယ့် သံမဏိစည်းမျဉ်း တချို့တော့ ရှိတယ်"
"ပြောပြပါဦး... ဘယ်လို သံမဏိစည်းမျဉ်းမျိုးတွေလဲ"
ပတ်ဝန်းကျင်ရှိ အသစ်ဝင်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများက ချက်ချင်းဆိုသလို နားစွင့်လိုက်ကြသည်။
ဤစည်းမျဉ်းများသည် နောင်တစ်ချိန်တွင် သူတို့ ယာဉ်တန်းထဲ၌ အသက်ရှင်သန်နိုင်ရန်အတွက် အခြေခံအုတ်မြစ်များ ဖြစ်လာနိုင်သည်ကို သိထားရမည် ဖြစ်သည်။
"အဟမ်း... ကျွန်တော်တို့ ယာဉ်တန်းရဲ့ ပထမဆုံး သံမဏိစည်းမျဉ်းကတော့... နောက်ကျန်မရစ်စေနဲ့... နောက်ကျန်မရစ်စေနဲ့... လုံးဝ နောက်ကျန်မရစ်စေနဲ့"
"ယာဉ်တန်းထဲမှာ နောက်ကျန်ရစ်ခဲ့တယ်ဆိုတာ အခြေခံအားဖြင့် သေဆုံးတာနဲ့ အတူတူပဲ"
"ကျွန်တော်တို့ ယာဉ်တန်းက ခင်ဗျားတို့ အရင်တုန်းကနဲ့ မတူဘူး"
"ခင်ဗျားတို့လည်း သိကြတဲ့အတိုင်းပဲ... ကမ္ဘာပျက်ကပ် ကျပြီးကတည်းက နေရာတိုင်းမှာ ထူးဆန်းတဲ့ အရာတွေ အပြည့်ပဲ... နောက်ကျန်ရစ်ခဲ့ပြီဆိုတာနဲ့ အသက်ရှင်ဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တော့ဘူး"
"ဒီလိုကိုး"
ထိုအသစ်ဝင်ရောက်လာသော အသက်ရှင်ကျန်ရစ်သူများထံမှ ချက်ချင်းဆိုသလို အံ့သြတုန်လှုပ်သံများ ထွက်ပေါ်လာခဲ့သည်။
"ကျွန်တော် ထင်တာကတော့... အခုချိန်က ကမ္ဘာပျက်ကပ် ဆိုတော့ စားစရာက အရေးအကြီးဆုံးပဲ မဟုတ်ဘူးလား... ဘာလို့ ခင်ဗျားတို့ ယာဉ်တန်းက ဒီလို ထူးဆန်းတဲ့ စည်းမျဉ်းမျိုး ထုတ်ထားရတာလဲ"
တစ်ယောက်က ဝင်ရောက် ချေပလိုက်သည်။
အကယ်၍သာ ရွှီနန်သာ ဆိုပါက တစ်စုံတစ်ယောက်က ဤကဲ့သို့ ဝင်ရောက် ချေပလျှင် အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ခံရမည်မှာ သေချာပေသည်။
ဤသည်က ကမ္ဘာပျက်ကပ်ဖြစ်ပြီး ယာဉ်တန်းမှ သတ်မှတ်ထားသော စည်းမျဉ်းသည် စည်းမျဉ်းပင် ဖြစ်သည်။ မည်သည့် ငြင်းခုံမှုနှင့် သံသယဝင်မှုမျိုးကိုမျှ လက်ခံခွင့်ပြုမည် မဟုတ်ပေ။
ရှောင်ဖူက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
"ဒီလို မဟုတ်ဘူး"
"ခင်ဗျားက ယာဉ်တန်းထဲမှာ ရှိနေသရွေ့ စားစရာ မရှိရင်တောင် တခြားလူတွေက နည်းနည်းပါးပါး ခွဲဝေပေးကြလိမ့်မယ်... တာဝန်ခံ ရွှီနန်ဆီ သွားရှာရင်လည်း သူက လုံးဝ ပစ်ထားမှာ မဟုတ်ဘူး"
တချို့က ခေါင်းညိတ် ထောက်ခံကြသော်လည်း တချို့ကမူ အထင်သေးဟန် ပြကြပြီး တချို့မှာမူ မျက်လုံးများ အရောင်လက်သွားကြလေသည်။
ဆက်ရန်...