← Chapters

အခန်း ၂၉၅

Vol. 15 Ch. 295

အခန်း ၂၉၅

Vol. 15 Ch. 295

အပိုင်း(၂၉၅) ကျွန်တော် မလုပ်ရဲပါဘူး

"ဒီနေရာက ကမ္ဘာမပျက်ခင် အချိန်တုန်းကလို့များ ထင်နေသေးတာလား"

"ဒီငတုံးကတော့"

"ငါက ကားရတာနဲ့ သူ့ဆီ လာရှာရဦးမယ်တဲ့... သွားပြီး အဲမှာ စိတ်ကူးယဉ်နေလိုက်"

"အခု ငါ့မှာ ကားလည်းရှိပြီ... အင်းစာရွက်လည်း ရပြီဆိုတော့... ဟဲဟဲဟဲ"

"ဒီလောက်ကျယ်ဝန်းတဲ့ လောကကြီးထဲမှာ... ငါ မသွားနိုင်တဲ့ နေရာဆိုတာ မရှိတော့ဘူး"

လောင်ဟယ်က စိတ်လှုပ်ရှားစွာဖြင့် မိစ္ဆာပစ်ကပ်ကားကြီး၏ စတီယာရင်ကို ပွတ်သပ်နေပြီး သူ၏ မျက်လုံးများထဲတွင် တောက်ပသော အရောင်အဝါများ ပြည့်နှက်နေ၏။

အစ်ကိုကောက်က သူ့ကို ကားရှာတွေ့သည်နှင့် တစ်ပြိုင်နက် ပြန်လာရှာရန် မှာကြားထားခဲ့သည်။

အမှန်တကယ်တော့ အစ်ကိုကောက်သည် ချန်းရီထံ သွားရောက် သတင်းပို့နိုင်ရန်အတွက် လောင်ဟယ်ကို ခြေချုပ်ဖမ်းကာ အချိန်ဆွဲထားခြင်းသာ ဖြစ်၏။

သို့သော် လောင်ဟယ်ကရော အစ်ကိုကောက်ကို အချိန်ဆွဲနေခြင်း မဟုတ်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။

အစ်ကိုကောက်နှင့် လမ်းခွဲပြီးနောက်တွင် လောင်ဟယ်သည် ချက်ချင်းပင် လက်တွေ့ စတင်လှုပ်ရှားခဲ့သည်။

သို့သော် ဤမျှလောက် အဆင်ချောမွေ့လိမ့်မည်ဟုတော့ သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သေချာသည်မှာ လောင်ဟယ်သည် အစ်ကိုကောက်၏ လှုပ်ရှားမှုကလည်း သူနှင့်အပြိုင် လျင်မြန်နေလိမ့်မည်ဟု မထင်ထားခဲ့ခြင်းပင်။

သူ ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် အစ်ကိုကောက်က သူ့ကို ချက်ချင်း သစ္စာဖောက်ကာ ရောင်းစားလိုက်လိမ့်မည်ဟု တွေးမထားခဲ့ပေ။

ယခင်က ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲတွင် နေထိုင်ခဲ့ရသော ဘဝကြောင့်လားတော့ မသိ၊ လောင်ဟယ်၏ ထူးဆန်းသောအရာများနှင့် ပတ်သက်သည့် အသိပညာမှာ အနည်းငယ် ကျဉ်းမြောင်းနေခဲ့သည်။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးနှင့် ယာဉ်တန်း ဆိုသည်မှာ လုံးဝ တူညီမှု မရှိပေ။

ယာဉ်တန်း၏ ဘဝဆိုသည်မှာ အဆက်မပြတ် ပြောင်းရွှေ့နေရခြင်း၊ အဆက်မပြတ် ထွက်ပြေးပုန်းရှောင်နေရခြင်း ဖြစ်သည့်အတွက် ယာဉ်တန်းတစ်ခုလုံးတွင် အမြဲတမ်း သတိဝီရိယရှိနေရသော ဖိအားမျိုး ရှိနေတတ်သည်။

အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ထူးဆန်းသောအရာများနှင့် ပတ်သက်လာလျှင် အလွန်တရာ အန္တရာယ်ကြီးမားကြောင်းကို ပိုမို နားလည်သဘောပေါက်ထားကြ၏။

ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထဲရှိ ဘဝမှာလည်း ဖိအားများ ရှိတတ်သော်လည်း အသက်လု၍ ထွက်ပြေးရသော ခံစားချက်မျိုးတော့ မရှိခဲ့ချေ။

ခံတပ်ကားကြီးအနေဖြင့် ထူးဆန်းသောအရာများကို ရှောင်ကွင်းနိုင်သော နည်းလမ်းမှာ သံမဏိနံရံများပေါ်တွင် ထွင်းထုထားသည့် အင်းစာရွက်များကို အားကိုးရခြင်းပင် ဖြစ်သည်။

ထိုအင်းစာလုံးများသည် သက်ရှိလူသားများ၏ အသက်စွမ်းအင်နှင့် အနံ့အသက်များကို ဖုံးကွယ်တားဆီးပေးနိုင်သည်။

အကြိမ်ပေါင်းများစွာပင် ခံတပ်ကားကြီးသည် ထူးဆန်းသောအရာများနှင့် အလွန် နီးကပ်စွာ ထိပ်တိုက်တွေ့ခဲ့ရသော်လည်း အကြိမ်တိုင်း၌ သီသီလေးလွတ်ကာ ဘေးကင်းစွာ ရှောင်ရှားနိုင်ခဲ့သည်။

ဤအချက်ကပင် ခံတပ်ကားကြီးထဲရှိ အသက်ရှင်ကျန်ရစ်သူများအား ထူးဆန်းသောအရာများအပေါ် ကြောက်ရွံ့မှုကို ယာဉ်တန်းရှိ အသက်ရှင်ကျန်ရစ်သူများထက် များစွာ လျော့ကျသွားစေခဲ့သည်။

သို့သော် လုံခြုံရေးအပိုင်းကို ပြောရမည်ဆိုလျှင် လမ်းပြသူ ပါဝင်သော ယာဉ်တန်းသည် ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးထက် အဆပေါင်းများစွာ ပို၍ လုံခြုံစိတ်ချရသည်ကတော့ အသေအချာပင် ဖြစ်၏။

အကယ်၍သာ ချန်းဟောင်က ဘေးမှနေ၍ ကူညီပေးခြင်း မရှိခဲ့ပါက ဤခံတပ်ကားကြီးထဲတွင် လူဤမျှလောက် အသက်ရှင်ကျန်ရစ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ပြင် အထူး ထူးဆန်းသောအရာ တစ်ချို့နှင့်သာ ရင်ဆိုင်တွေ့ခဲ့ရပါက ခံတပ်ကားကြီးထဲမှ တစ်ယောက်မျှပင် အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။

ဤသည်ကပင် ဟွမ်တီတစ်ယောက် ချန်းဟောင်ကို အတင်းအကျပ် ချည်နှောင်ဖမ်းဆီးထားရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။

ထို့အပြင် အခြားသော အရေးကြီးသည့် အကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။ ခံတပ်၏ သံမဏိနံရံများပေါ်ရှိ လူ၏အငွေ့အသက်များကို ဖုံးကွယ်ပေးသော အင်းစာလုံးများသည် အလိုအလျောက် ထာဝရအလုပ်လုပ်နေသော စက်ယန္တရားများ မဟုတ်ပေ။

၎င်းတို့၏ အစွမ်းသတ္တိများကို ထိန်းသိမ်းထားနိုင်ရန်အတွက် စွမ်းအင်များ ဖြည့်တင်းပေးရန် လိုအပ်လှသည်။

သေချာသည်မှာ ဤအကြောင်းအရာများအားလုံးကို လောင်ဟယ်က လုံးဝ မသိရှိထားခြင်းပင်တည်း။

ဟွမ်တီကလည်း ဤကိစ္စရပ်များကို သာမန် အသက်ရှင်ကျန်ရစ်သူများအား ပြောပြထားမည် မဟုတ်ပေ။

လောင်ဟယ် ရရှိထားသော ဤအင်းစာရွက်သည် ရန်ငြိုးနဂါးက ခံတပ်ကားကြီးကို ဝင်ရောက်ဖျက်ဆီးပြီးနောက် ကံကောင်းထောက်မစွာဖြင့် သူ ရှာဖွေတွေ့ရှိခဲ့သော စာရွက်တစ်ရွက်မျှသာ ဖြစ်သည်။

နေ့စဉ်ရက်ဆက် မြင်တွေ့နေရသော အင်းစာရွက်ဖြစ်ရာ လောင်ဟယ်သည် သဘာဝကျစွာပင် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေခဲ့သည်။

ဤအင်းစာရွက်သည် လောင်ဟယ် ယာဉ်တန်းမှ ထွက်ခွာရဲသည့် ရဲတင်းမှုနှင့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

"ငတုံးတွေ... ကားတံခါးကိုတောင် သော့ခတ်မသွားကြဘူး... ဟဲဟဲ... ဒီတစ်ခေါက်တော့ ငါ ကံထတာပဲ"

လောင်ဟယ်က စိတ်လှုပ်ရှားစွာဖြင့် ကားအတွင်းပိုင်းကို အကဲခတ် ကြည့်ရှုလိုက်သည်။

သို့သော် သူ၏ ခေါင်းထက်တည့်တည့်၌ ကလေးငယ်တစ်ယောက်၏ လက်မောင်းအရွယ်ခန့်ရှိသော စုပ်ခွက်ပါ လက်တံတစ်ခုက တွဲလောင်းကျနေသည်ကိုတော့ သူ လုံးဝ သတိမထားမိခဲ့ပေ။

လောင်ဟယ်၏ ခေါင်းလှုပ်ရှားမှုနှင့်အတူ ထိုလက်တံကြီးကလည်း အဆက်မပြတ် လိုက်ပါရွေ့လျားနေပြီး လောင်ဟယ် မမြင်တွေ့နိုင်စေရန် သတိထား၍ နေရာယူနေသည်။

ထိုအချိန်မှာပင် ယာဉ်မောင်းခုံ၏ အောက်ဘက် လီဗာနှင့် ဘရိတ်အောက်ရှိ ကွက်လပ်များမှနေ၍ လက်တံအများအပြား ထွက်ပေါ်လာ၏။ ဤလက်တံများသည် သက်ရှိလူသား၏ အငွေ့အသက်များကြောင့် စိတ်လှုပ်ရှားနေသကဲ့သို့ ကြောက်ရွံ့နေသည့်ပုံလည်း ပေါ်နေသည်။

လက်တံတစ်ခုက လောင်ဟယ်၏ ဘောင်းဘီကို အလွန် သတိထားကာ ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။

ထိုလက်တံများပေါ်ရှိ စုပ်ခွက်များက အဆက်မပြတ် ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသည့်အလား ထင်မှတ်ရ၏။

လောင်ဟယ်မှာ ထိုအချိန်တွင် ဤအသေးစိတ် အချက်အလက်များကို လုံးဝ သတိမပြုမိဘဲ ကားနောက်ခန်းရှိ အစားအသောက်များကိုသာ မျက်လုံးများ အရောင်လက်ကာ ကြည့်ရှုနေတော့သည်။

"တောက်... စားစရာတွေက ဒီလောက်တောင် များပါလား... ဒီအစွမ်းပိုင်ရှင်တွေက တကယ်ကို ဇိမ်ကျကျ နေနိုင်တာပဲ"

ဤကားသည် ကမ္ဘာမပျက်မီက ဇိမ်ခံ အိမ်စီးကားများနှင့် ယှဉ်လျှင် အများကြီး ကွာခြားနေသေးသည် မှန်သော်လည်း...

လောင်ဟယ်၏ မျက်လုံးထဲတွင်မူ အလွန်တရာ ကျေနပ်စရာ ကောင်းနေပြီ ဖြစ်သည်။

အထူးသဖြင့် ကားနောက်ခန်းမှ အစားအသောက်များကြောင့်ပင်။

လောင်ဟယ်က ပေါင်မုန့်တစ်ထုတ်ကို ယူကာ မစောင့်နိုင်တော့ဘဲ အလျင်စလို ဆွဲဖြဲလိုက်ပြီး ပေါင်မုန့်ကို အားရပါးရ ကိုက်စားလိုက်သည်။

နူးညံ့ပြီး မွှေးကြိုင်ချိုမြိန်သော အရသာက လောင်ဟယ်၏ လျှာပေါ်တွင် ပြည့်နှက်သွားလေသည်။

လောင်ဟယ်က ယခုအချိန်တွင် နတ်ပြည်ဆိုသည်မှာလည်း ဤမျှသာ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိပြီး အရသာခံရင်း "ဟင်း... ဟင်း" ဟူသော အသံကိုပင် ပြုလုပ်မိကာ မျက်လုံးများ မှေးကျဉ်းသွားသည်အထိ သာယာနေတော့သည်။

သို့သော် လောင်ဟယ်၏ ဤအပြုအမူက လက်တံများအားလုံးကို အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည်ကို သူ မသိခဲ့ချေ။

လက်တံတစ်ခုက လောင်ဟယ်၏ မျက်စိရှေ့သို့ ဖြည်းညှင်းစွာ တိုးကပ်လာသည်။ လောင်ဟယ်မှာ မွှေးကြိုင်နူးညံ့သော ပေါင်မုန့်အရသာတွင် ယစ်မူးသာယာနေဆဲ ဖြစ်၏။

ဤပေါင်မုန့်သည် သက်တမ်းကုန်ဆုံးနေသည်မှာ ကြာပြီဖြစ်ပြီး အရသာမှာလည်း အနည်းငယ် ထူးဆန်းနေသော်လည်း...

လောင်ဟယ်၏ ပါးစပ်ထဲတွင်တော့ အလွန်တရာ ချိုမြိန်နေဆဲ ဖြစ်သည်။

သူ နောက်ဆုံး ပေါင်မုန့်စားခဲ့ရသည်မှာ ကမ္ဘာမပျက်မီက ဖြစ်ပြီး ဤကဲ့သို့သော အစားအသောက်မျိုးကို မစားရသည်မှာ အနည်းဆုံး တစ်နှစ်ကျော်ခန့် ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် လောင်ဟယ်၏ အာရုံစိုက်မှု အားလုံးသည် သူ၏ လျှာပေါ်ရှိ အရသာခံနိုင်စွမ်းထံသို့သာ ရောက်ရှိနေခဲ့သည်။

သူ၏ ပါးစပ်မှလည်း "အင်း... ဟင်း... ဟင်း" ဟူသော ကျေနပ်နေသည့် အသံများ ထွက်ပေါ်နေသည်။

လောင်ဟယ်၏ မျက်စိရှေ့တွင် တွဲလောင်းကျနေသော လက်တံပေါ်ရှိ စုပ်ခွက်များက တဖြည်းဖြည်း ပွင့်ဟလာပြီး သေးငယ်လှသော သွားချွန်ချွန်လေးများက အထပ်လိုက် အထပ်လိုက် ပေါ်လာတော့သည်။

နောက်တစ်စက္ကန့်တွင်ပင်။

လက်တံများအားလုံးသည် အမိန့်တစ်ခု ရရှိလိုက်သကဲ့သို့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ကြလေတော့သည်။

ပထမဆုံး လက်တံတစ်ခုက လောင်ဟယ်၏ ခေါင်းနှင့် မျက်မှန်ကို တိုက်ရိုက် ရစ်ပတ်လိုက်သည်။

ထို့နောက် အခြား လက်တံတစ်ခုက လောင်ဟယ်၏ လည်ပင်းကို ရစ်ပတ်လိုက်ပြန်၏။

အခြားသော လက်တံများကလည်း လောင်ဟယ်၏ ခါးနှင့် ခြေထောက်များကို ရစ်ပတ်ချည်နှောင်လိုက်ကြသည်။

လောင်ဟယ် လန့်နိုးသွားကာ ရူးသွပ်စွာ ရုန်းကန်တော့သည်။ မိစ္ဆာပစ်ကပ်ကားကြီးမှာလည်း လောင်ဟယ်၏ ရုန်းကန်မှုကြောင့် ဘယ်ညာ ယိမ်းထိုးလှုပ်ရှားသွား၏။

လောင်ဟယ်သည် သူ၏ မျက်လုံးနှစ်လုံးကို တစ်စုံတစ်ခုက ကိုက်ခဲထားသကဲ့သို့ ခံစားလိုက်ရသည်။

ခါး၊ လက်နှင့် ခြေထောက်များပေါ်တွင်လည်း သေးငယ်သော သွားချွန်လေးများက ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်နေသည်။

ဤသည်မှာ မည်သည့်အရာမှန်း လောင်ဟယ် မသိခဲ့ချေ။

သူ အကျယ်ကြီး အော်ဟစ်ချင်သည်၊ စူးစူးဝါးဝါး အော်ဟစ်ချင်သည်။

သို့သော် ပါးစပ်ကို ဟလိုက်သည်နှင့် တစ်ပြိုင်နက် လက်တံတစ်ခုက ပါးစပ်ထဲသို့ တိုးဝင်လာကာ လည်ချောင်းပြွန်မှတစ်ဆင့် အစာအိမ်ထဲအထိ တိုက်ရိုက် ရောက်ရှိသွားလေတော့သည်။

ထိုလက်တံက ပါးစပ်ထဲတွင် အသေအချာ မဝါးရသေးသော ပေါင်မုန့်အစအနများကိုပါ အစာအိမ်ထဲသို့ တစ်ပါတည်း တွန်းပို့ပေးလိုက်၏။

အသက်ရှင်လျက် ရှိနေသော လူတစ်ယောက်သည် ဤလက်တံများ၏ ရစ်ပတ်ချည်နှောင်မှုနှင့် လိမ်ဆွဲမှုတို့ကြောင့် ခရီးသည်ခုံရှိ လက်အိတ်ထည့်သော သေတ္တာငယ်လေးဆီသို့ ဆွဲသွင်းခံလိုက်ရသည်။

မှန်ပါသည်။ ထို သေတ္တာငယ်လေးပင် ဖြစ်သည်။

ထိုသေတ္တာငယ်လေး၏ အရွယ်အစားသည် အရွယ်ရောက်ပြီး လူတစ်ယောက် ဝင်ဆံ့နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

သို့သော် ယခုအချိန်၌ တစ်စုံတစ်ယောက်ကသာ ထိုသေတ္တာငယ်လေးကို ကြည့်နေမည်ဆိုပါက သေတ္တာထဲတွင် အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ အမိုက်အမှောင်များသာ ဖုံးလွှမ်းနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

မရေမတွက်နိုင်သော လက်တံများက ရိုင်းစိုင်းကြမ်းတမ်းသော လူသန်ကြီးတစ်ယောက်ကဲ့သို့ လောင်ဟယ်၏ ခန္ဓာကိုယ်အား သေတ္တာအဝတွင် ညပ်နေချိန်၌...

ထိုလက်တံများက အားကို ပိုမို တိုးမြှင့်လိုက်ပြီး အရွယ်ရောက်ပြီး လူတစ်ယောက်ဖြစ်သော လောင်ဟယ်အား အကြင်နာကင်းမဲ့စွာဖြင့် ရက်ရက်စက်စက် အတင်းအကျပ် ဆွဲသွင်းလိုက်ကြသည်။

လောင်ဟယ်သည် မိမိ၏ ခန္ဓာကိုယ်ရှိ အရိုးများက ထိုအမည်မသိ အရာများ၏ ဖိညှစ်မှုကြောင့် "ကျွတ်... ကျွတ်" မြည်ကာ ကျိုးကြေသွားသည်ကို ခံစားလိုက်ရသည်။

မိနစ်အနည်းငယ် ကြာပြီးနောက်...

မိစ္ဆာပစ်ကပ်ကားကြီးသည် ဘယ်ညာ ယိမ်းထိုးလှုပ်ရှားနေမှုများ ရပ်တန့်သွားကာ ငြိမ်သက်သွားပြီး ထိုမထင်မရှားသော နေရာလေးတွင် တိတ်ဆိတ်စွာ ရပ်နားနေလေတော့သည်။

ထိုင်ခုံပေါ်တွင်တော့ တစ်ကိုက် ကိုက်ထားသော သက်တမ်းလွန် ပေါင်မုန့်တစ်တုံးသာ ကျန်ရစ်နေခဲ့သည်။

ထို့ပြင် အဝါရောင် အင်းစာရွက် တစ်ရွက်ကလည်း ကားကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ကျကျန်ရစ်နေ၏။

လောင်ဟယ် ရုန်းကန်စဉ်က မတော်တဆ ပွင့်သွားခဲ့သော ကားတံခါးမှာလည်း...

လက်တံတစ်ခုက တိတ်တဆိတ် ထွက်လာကာ ကားတံခါးလက်ကိုင်ကို ချိတ်ဆွဲပြီး တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။

ဤအရာအားလုံးသည် မည်သည့်အခါကမှ မဖြစ်ပျက်ခဲ့ဖူးသကဲ့သို့ပင်။

ထိုလောင်ဟယ် ဆိုသူမှာလည်း လုံးဝ မရှိခဲ့ဖူးသူ တစ်ယောက်အလား ဖြစ်သွားခဲ့၏။

သူ ရှိနေခဲ့သည့် ခြေရာလက်ရာ အားလုံးသည် ယနေ့ညတွင် လုံးဝ ပြောင်စင်သွားအောင် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။

ရွှီနန်တစ်ယောက် ယာဉ်တန်းတစ်ခုလုံးကို ပြောင်းပြန်လှန်ရှာမည် ဆိုလျှင်တောင် ဤလူကို ရှာတွေ့ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။

...

"ဆရာချန်း... လောင်ဟယ်နဲ့ ကျွန်တော်က မရင်းနှီးပါဘူး... သူနဲ့ ကျွန်တော်နဲ့ ဘာမှ မပတ်သက်ပါဘူး"

အစ်ကိုကောက်က ချန်းရီ၏ ဘေးတွင် အလွန် သတိထားကာ အဖော်ပြုပေးနေ၏။

ကမ္ဘာမပျက်မီက ဩဇာအာဏာကြီးမားခဲ့သော လူကြီးတစ်ယောက်သည် ချန်းရီ၏ ရှေ့တွင်တော့ အသက်ကိုပင် ပြင်းပြင်း မရှူရဲရှာပေ။

သူတို့နှစ်ဦးသည် စကားပြောရင်းဖြင့် မိစ္ဆာပစ်ကပ်ကားကြီး ရပ်ထားရာဘက်သို့ လျှောက်လာခဲ့ကြသည်။

"ဒီအစီအစဉ်က နားထောင်လို့တော့ ကောင်းသားပဲ... ဘာလို့ မင်းက သူနဲ့ မပူးပေါင်းဘဲ ငါ့ဆီ လာပြောရတာလဲ"

ချန်းရီသည် အစ်ကိုကောက်ဘက်သို့ လှည့်မကြည့်ခဲ့သော်လည်း ဤမေးခွန်းက အနည်းငယ် စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မိ၏။

အကယ်၍ အခြားကားသာ ဖြစ်ခဲ့မည်ဆိုပါက ယနေ့တွင် ဤ 'လောင်ဟယ်' ဆိုသူ၏ အကြံအစည် အမှန်တကယ် အောင်မြင်သွားနိုင်မည် ဖြစ်သည်။

"ကျွန်တော်... ကျွန်တော် မလုပ်ရဲပါဘူး"

အစ်ကိုကောက်က အမှန်အတိုင်း ဖြေကြားလိုက်သည်။

ကိုယ့်ညီအစ်ကို နှစ်ယောက်လုံး သူ့လက်ထဲမှာ အသတ်ခံခဲ့ရတာလေ... ငါက သူ့ကို ရန်ရှာရဲပါ့မလား။

ကျွန်တော်က အရူးများ မှတ်နေလို့လား။

လက်စားချေဖို့ ဆိုတာကတော့...။

ဟက်... ဟက်... ဟက်...။

"မင်းရဲ့ ညီအစ်ကို နှစ်ယောက် သေဆုံးခဲ့တာက ငါနဲ့ နည်းနည်းတော့ ပတ်သက်နေတယ်လို့ မှတ်မိတယ်... မင်း လက်စားမချေချင်ဘူးလား"

အစ်ကိုကောက်၏ ခေါင်းမှာ ပို၍ပင် အောက်သို့ ငိုက်ကျသွားလေသည်။

"ပထမအချက်က... ကျွန်တော် မလုပ်ရဲပါဘူး... ဒုတိယအချက်ကတော့... အဲဒီလို လုပ်ဖို့လည်း မလိုအပ်ပါဘူး"

ချန်းရီက အစ်ကိုကောက်၏ ပခုံးကို ပုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"မဆိုးဘူး... မင်းက ဉာဏ်ကောင်းတဲ့လူပဲ"

ကားအနီးသို့ ရောက်သောအခါ ချန်းရီက မိစ္ဆာပစ်ကပ်ကားကြီး၏ အခြေအနေကို အကဲခတ်ကြည့်လိုက်သည်။

ထို့နောက် ထိုင်ခုံပေါ်မှ တစ်ကိုက် ကိုက်ထားသော သက်တမ်းလွန် ပေါင်မုန့်ကို ယူကာ အစ်ကိုကောက်ထံသို့ ပစ်ပေးလိုက်သည်။

"မင်းအတွက် ဆုချတာ... ယူထားလိုက်"

အစ်ကိုကောက်မှာ ဝမ်းသာသွားပြီး အလျင်အမြန် ဖမ်းဆုပ်လိုက်ကာ ပါးစပ်မှလည်း တရစပ် ကျေးဇူးတင်စကား ဆိုလေတော့သည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဆရာချန်း"

ယာဉ်တန်း၏ ရိက္ခာများမှာ အမြဲတမ်း ပြတ်လပ်နေတတ်သည်။

ဤတစ်ကြိမ်တွင် ရိက္ခာများ ရှာဖွေစုဆောင်းပြီးသည်မှာ မကြာသေးသော်လည်း ရွှီနန်နှင့် ထိပ်ပြောင်လောင်လီတို့က ရိက္ခာများကို လွတ်လွတ်လပ်လပ် ထုတ်ပေးမည့် အရိပ်အယောင် မရှိပေ။

ထို့ကြောင့် ဘယ်သူ ကိုက်ထားမှန်း မသိရသော ဤသက်တမ်းလွန် ပေါင်မုန့်တုံးလေးကိုပင် အစ်ကိုကောက်က ရတနာတစ်ပါးကဲ့သို့ သဘောထားကာ အင်္ကျီထဲတွင် ဝှက်ထားလိုက်လေသည်။

လောင်ဟယ်၏ သေရေးရှင်ရေး ဆိုသည်ကိုတော့...

သူ လုံးဝ ဂရုစိုက်နေမည် မဟုတ်ချေ။

ဤသို့ဖြင့် ထိုညသည် ထိတ်လန့်စရာ ရှိခဲ့သော်လည်း အန္တရာယ်ကင်းစွာဖြင့် ကုန်ဆုံးသွားခဲ့သည်။

နောက်နေ့ နံနက်စောစောတွင်...

လူဝကြီး ဟွမ်တီသည် သူ၏ လက်ပါးစေများကို ခေါ်ဆောင်ကာ ဒေါသတကြီးဖြင့် တင်းတုံကို လာရောက်ရှာဖွေလေသည်။

သူက ရန်ငြိုးနဂါး၏ နဂါးအကြေးခွံကို ပြန်လည် တောင်းခံလိုခြင်း ဖြစ်သည်။

ချန်းရီနှင့် ချူချယ်တို့၏ အကျင့်စရိုက်အရ ဆိုလျှင် မည်သို့လုပ်၍ ပြန်ပေးနိုင်ပါမည်နည်း။

ဤလူရှုပ်နှစ်ယောက်သည် ယာဉ်တန်းတစ်ခုလုံးတွင် အရှက်အကြောက် အကင်းမဲ့ဆုံး သူများ ဖြစ်ကြသည်။

သို့သော် တင်းတုံကတော့ ထိုသို့ မဟုတ်ပေ။

ဆက်ရန်...

All Chapters