← Chapters

အခန်း ၂၉၆

Vol. 15 Ch. 296

အခန်း ၂၉၆

Vol. 15 Ch. 296

အပိုင်း(၂၉၆) သရဲကို ယုံလိုက်တာကမှ ပိုကောင်းဦးမယ်

နံနက်ခင်း၏ ပထမဆုံးသော နေရောင်ခြည်က စိမ်းလန်းသော မြက်ခင်းပြင်ထက်သို့ ဖြာကျလာသောအခါ သစ်ရွက်များပေါ်ရှိ ဆီးနှင်းပေါက်လေးများသည် နေရောင်အောက်တွင် တောက်ပလင်းလက်နေ၏။

ထိုရေပေါက်လေးများသည် သစ်ရွက်အနားသတ်များတွင် ချိတ်ဆွဲထားသော ကြည်လင်တောက်ပသည့် စိန်ပွင့်လေးများအလား ထင်မှတ်ရပြီး ယင်းတို့၏ အလေးချိန်ကြောင့် သစ်ရွက်လေးများမှာ အနည်းငယ် ကိုင်းညွတ်နေသည်။

ရေပေါက်လေးများ ပြုတ်ကျသွားသောအခါ သစ်ရွက်လေးက အနည်းငယ် ပြန်လည် မော့တက်သွားပြီး ကျန်ရစ်နေသော ကြည်လင်သည့် ဆီးနှင်းပေါက်များကို လွင့်စင်သွားစေကာ တောက်ပသော အလင်းတန်းလေးတစ်ခုကို ဖြစ်ပေါ်စေသည်။

စခန်းချရာ နေရာတွင် မီးခိုးငွေ့များ စတင် ထွက်ပေါ်နေပြီ ဖြစ်သည်။

လူတစ်ယောက်က ကားထဲမှ ကြိုတင် စုဆောင်းထားသော ရေသန့်များကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်သည်။

ရန်ကျိုးကို ဖြတ်သန်းခဲ့ရသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ ရေကို တန်ဖိုးထားမှုသည် မည်သူနှင့်မျှ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ပင် ဖြစ်သည်။

ယခုအချိန်တွင် သဲကန္တာရ ပတ်ဝန်းကျင်၌ မရှိတော့လျှင်ပင်။

အသက်ရှင်ကျန်ရစ်သူများကမူ သောက်သုံးရေကို အလေ့အကျင့်တစ်ခုလို ဆက်လက် စုဆောင်းနေဆဲ ဖြစ်သည်။

နောက်ထပ် ရေအရင်းအမြစ် ဖြည့်တင်းရမည့်နေရာသည် မည်သည့်နေရာတွင် ရှိနေမည်ကို မည်သူကမျှ ကြိုတင် မသိနိုင်ပေ။

ဟွမ်တီ ဤတစ်ညတာကိုမူ သိပ်ပြီး ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ခဲ့ခြင်း မရှိပေ။

မနေ့ညက ချူချယ်တို့သည် အငြိုးနဂါး၏ အကြေးခွံကို ယူဆောင်သွားနိုင်ခြေများကြောင်း သိလိုက်ရပြီးနောက် ဟွမ်တီက သူ၏ ပိုင်ဆိုင်မှုကို ပြန်လည်ရယူရန်သာ အဆက်မပြတ် တွေးတောနေခဲ့သည်။

အကယ်၍ ရိက္ခာပစ္စည်းများကဲ့သို့သော အခြားအရာများသာ ဖြစ်နေခဲ့လျှင်။

သူ သိပ်ပြီး ဂရုစိုက်နေမည် မဟုတ်ပေ။

လမ်းစဉ် အဆင့် (၃) စိတ်ကူးယဉ်သမား လမ်းစဉ်တွင် ရိက္ခာပစ္စည်းများ အလွန်အမင်း ပေါများနေခြင်း မရှိသော်လည်း ပြတ်လပ်နေခြင်းမျိုးလည်း မရှိပေ။

ထို့အပြင် သူသည် မည်သူမျှ မထင်မှတ်ထားသော နေရာတစ်ခုတွင် ရိက္ခာပစ္စည်း အများအပြားကို စုဆောင်းသိမ်းဆည်းထားပြီး ရိက္ခာသွားရောက်မရှာဖွေလျှင်ပင် ထိုစုဆောင်းထားသော ပစ္စည်းများက သူ့အတွက် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။

ရှောင်တယ်ဇီသည် ခေါက်ဆွဲပြုတ် တစ်ပန်းကန်ကို ကိုင်ဆောင်ကာ ဝင်လာသည်။

၎င်းမှာ အရှင်မင်းကြီး၏ ယနေ့နံနက်အတွက် နံနက်စာဖြစ်ပြီး ရှောင်တယ်ဇီက အလွန်အမင်း ဂရုတစိုက် ကိုင်တွယ်လာခြင်း ဖြစ်သည်။

ခုနက သယ်ဆောင်လာစဉ် အသက်ရှင်ကျန်ရစ်သူ အများအပြားက ဤခေါက်ဆွဲပြုတ် ပန်းကန်ကို ကြည့်ရင်း တံတွေးမမျိုချဘဲ မနေနိုင်ခဲ့ကြပေ။

"အရှင်မင်းကြီး..."

ဟွမ်တီကမူ ထိုခေါက်ဆွဲပြုတ် ပန်းကန်ကို တစ်ချက်မျှပင် မကြည့်ဘဲ အလျင်စလို မေးလိုက်သည်။

"ရှောင်တယ်ဇီ... သူတို့တွေ နိုးပြီလား"

ရှောင်တယ်ဇီက မည်သူ့ကို ဆိုလိုကြောင်း အလိုအလျောက် နားလည်လိုက်သည်။

တကယ်တော့ မနေ့ညကတည်းက ဟွမ်တီ သွားချင်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် အချိန်က အရမ်း နောက်ကျနေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပစ္စည်းက သူတစ်ပါးလက်ထဲတွင် ရှိနေသဖြင့် သူတို့၏ အနားယူချိန်ကို အနှောင့်အယှက်ပေးမိ၍ စိတ်ဆိုးကာ မပေးဘဲ နေမည်ကို သူ စိုးရိမ်ခဲ့သည်။

အကြွေးတင်နေသူကသာ ဆရာ ဖြစ်သည် မဟုတ်ပါလော။

တကယ်တော့ နေရာပြောင်းပြီး စဉ်းစားကြည့်နိုင်သည်။

သူကိုယ်တိုင် ထိုပစ္စည်းမျိုးကို ရရှိခဲ့လျှင်ပင် ထိုမျှ လွယ်လွယ်ကူကူဖြင့် ပြန်လည်ပေးအပ်မည် မဟုတ်ပေ။

ထိုအရာကို သူ ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ရလျှင်တောင်မှ။

ထိုအငြိုးနဂါး၏ အရှိန်အဝါကို ပြန်လည် တွေးတောမိရုံမျှဖြင့် ထိုနဂါးအကြေးခွံက ရိုးရှင်းသော အရာမဟုတ်ကြောင်း သိနိုင်ပေသည်။

နည်းလမ်းပေါင်းစုံကို စဉ်းစားပြီးနောက်တွင် လူဝကြီးက တိုက်ရိုက် သွားတောင်းရန်သာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။

"အရှင်မင်းကြီး... တင်းတုံကတော့ နိုးနေပါပြီ... အခု သူ့ရဲ့ ပန်းအိုးတွေကို အပြင်ဘက် နေရောင်ပြဖို့ လူတွေကို အကူအညီတောင်းပြီး ရွှေ့ခိုင်းနေပါတယ်"

တင်းတုံ နိုးနေပြီဟု ကြားလိုက်ရသဖြင့် ဟွမ်တီသည် ဘာမျှ ထပ်မစဉ်းစားတော့ဘဲ ရွက်ဖျင်တဲထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

အဝေးမှနေ၍ ရုပ်ရည် ရိုးရိုးရှင်းရှင်းနှင့် နွေးထွေးသော အငွေ့အသက်များ ရှိသည့် အမျိုးသမီးတစ်ဦးသည် အပြင်ဘက် မြေပြင်ပေါ်တွင် ချထားသော ပန်းအိုးများကို အာရုံစူးစိုက်စွာဖြင့် စစ်ဆေးနေသည်ကို သူ မြင်လိုက်ရသည်။

နံနက်ခင်း နေရောင်ခြည်က အမျိုးသမီး၏ လက်တစ်ဖက်တည်းရှိသော ကိုယ်လုံးလေးပေါ်သို့ ကျရောက်နေပြီး ကြည့်ရသည်မှာ ကမ္ဘာကျော် ပန်းချီကား တစ်ချပ်အလားပင်။

မလှမ်းမကမ်းတွင် အလှပဆုံးသော ပုံရိပ်လေးတစ်ခုက နံနက်ခင်း အရုဏ်ဦး အလင်းရောင်အောက်၌ အားကြိုးမာန်တက် သိုင်းကျင့်နေပြီး ချွေးပေါက်များက နေရောင်အောက်တွင် လင်းလက်နေကာ မြင်ရသူ၏ မျက်စိများကိုပင် ပြာဝေသွားစေသည်။

လူဝကြီးက တစ်ချက်မျှသာ ကြည့်လိုက်ပြီး သူ၏ အကြည့်များကို လက်တစ်ဖက်ပြတ် အမျိုးသမီးထံသို့ ပြန်လည် ရွှေ့ပြောင်းလိုက်သည်။

"အမတင်းတုံ... မင်္ဂလာနံနက်ခင်းပါ"

လူဝကြီး၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ပေါ်လာပြီး သူမထံသို့ လျှောက်သွားလိုက်သည်။

"နံနက်ခင်းပါ... အရှင်မင်းကြီး... ကိုယ်တိုင် လမ်းထွက်လျှောက်နေတာလား"

တင်းတုံက ထိုကဲ့သို့ ပြန်လည် နှုတ်ဆက်လိမ့်မည်ဟု မထင်မှတ်ထားသဖြင့် လူဝကြီး၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သွားသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း ချောင်းဟန့်ကာ အခြေအနေကို ထိန်းလိုက်သည်။

လူဝကြီးသည် တင်းတုံနှင့် စကားအနည်းငယ် နှုတ်ဆက်ပြောဆိုလိုက်ပြီး သူ၏ မျက်လုံးများကမူ ဟိုဟိုဒီဒီ လိုက်လံ ကြည့်ရှုနေသည်။

နဂါးအကြေးခွံကို မြင်တွေ့လိုသည့်ဟန် ပေါ်နေ၏။

သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ လူဝကြီးအတွက် မည်သည့် ရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိပေ။

သည်းမခံနိုင်တော့သည့် လူဝကြီးက တိုက်ရိုက်ပင် ပြောချလိုက်သည်။

"အမတင်းတုံ... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ... အမကို လာရှာတာ ကိစ္စရှိလို့ပါ... အငြိုးနဂါးရဲ့ အကြေးခွံကို ကျွန်တော့်ကို ပြန်ပေးကြဖို့ မျှော်လင့်ပါတယ်"

တင်းတုံ၏ လက်များ တုန်ယင်သွားပြီး ဤလူဝကြီးက ဤမျှ တိုက်ရိုက် ပြောချလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ချက်ချင်းပင် အနည်းငယ် စိတ်မလုံမလဲ ဖြစ်သွားသည်။

"အဲဒီ... ဟွမ်တီ... နဂါးအကြေးခွံက..."

တင်းတုံ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ဟွမ်တီ၏ မျက်နှာက မှုန်ကုပ်သွားပြီး သူ၏ စိတ်ထဲတွင်လည်း လေးလံသွားတော့သည်။

"အမတင်းတုံ... ခင်ဗျားတို့ ယာဉ်တန်းထဲမှာ အမက အကြင်နာတရား အရှိဆုံးနဲ့ လိမ်ညာမပြောတတ်ဆုံး လူဆိုတာ ကျွန်တော် သိပါတယ်"

"အရင်က လောင်ညိုတောင် လမ်းဟောင်းမှာတုန်းကလည်း... အမရဲ့ အသံကို ကြားရုံနဲ့ ရိုးသားတဲ့သူလို့ ထင်မိတာကြောင့် ရှောင်တယ်ဇီကို ရှေ့ကနေ လမ်းပြပေးဖို့ သဘောတူခဲ့တာပါ"

"အမတင်းတုံ... အမလိုလူမျိုးက လိမ်ညာမပြောတတ်ဘူး ဆိုတာ ကျွန်တော် သိပါတယ်"

"အဲဒီအချိန်က ဘယ်လို အခြေအနေ ရှိနေခဲ့လဲဆိုတာကို အမလည်း မြင်ခဲ့တာပဲ... အဲဒီ နဂါးအကြေးခွံအတွက် ကျွန်တော့်မှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးခဲ့ရတာ"

"တရားနည်းလမ်းကျကျ တွေးကြည့်ရင်... ဒီပစ္စည်းက ကျွန်တော့်ဟာ ဖြစ်သင့်တာ"

တတွတ်တွတ်နှင့် စကားများ ဆက်တိုက် ပြောဆိုနေလေသည်။

တင်းတုံ၏ မျက်နှာပေါ်ရှိ ရှက်ရွံ့အားနာမှုများမှာ ပို၍ များပြားလာသည်။

တကယ်တော့ ထိုအငြိုးနဂါး၏ အကြေးခွံကို သူ့ပိုင်ရှင်ထံသို့ ပြန်ပေးသင့်သည်ဟု သူမလည်း ခံစားမိသည်။

မည်သို့ပင်ဆိုစေကာမူ ထိုနဂါးအကြေးခွံသည် အငြိုးနဂါး၏ ကျောပေါ်မှ ပြုတ်ကျလာခြင်း ဖြစ်ပြီး သူမတို့နှင့် မည်သို့မျှ သက်ဆိုင်မှု မရှိပေ။

ထို့အပြင် ဤလူဝကြီး၏ အခြေအနေမှာလည်း အလွန် သနားစရာ ကောင်းနေသည်။ ထိုနဂါးအကြေးခွံအတွက် သူ၏ ရှိသမျှ အားလုံး ဆုံးရှုံးသွားခဲ့ရသည်။

ချန်းရီနှင့် ချူချယ်တို့ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းမှာ အနည်းငယ်တော့ မသင့်တော်လှပေ။

သို့သော်လည်း...

ထိုပစ္စည်းသည် သူမ၏ လက်ထဲတွင် အမှန်တကယ် ရှိမနေပေ။

ထို့အပြင် ချန်းရီနှင့် ချူချယ်တို့လို ကောက်ကျစ်သူ နှစ်ယောက်က မြိုချပြီးသား အရာကို ပြန်အန်ထုတ်ပေးရန်မှာ လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။

တင်းတုံမှာ ဘယ်လို ဆက်လုပ်ရမည်ကို မသိဘဲ အခက်ကြုံနေရသည်။ သူမသည် ဤကဲ့သို့သော ကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းရန် အမှန်တကယ် မသင့်တော်ပေ။

အကယ်၍ တိုက်ခိုက်ရမည် ဆိုပါက သူမသည် လုံးဝ တွေဝေနေမည် မဟုတ်ဘဲ နောက်ဆုတ်သွားမည် မဟုတ်ပေ။

သို့သော် လူကို လှည့်စားရမည် ဆိုလျှင်တော့...

တင်းတုံက အလုပ်များနေဟန် ဆောင်လိုက်ပြီး သူမ၏ အရှေ့ရှိ အာလူးများကိုသာ အာရုံစိုက်ကာ ပြုစုနေလိုက်တော့သည်။

လူဝကြီးကလည်း တံတွေးမခန်းနိုင်အောင် တင်းတုံကို ဆက်လက် ဖျောင်းဖျနေခဲ့သည်။

သူတို့နှစ်ဦးမှာ တစ်ယောက်က ပြောစရာရှိတာကို ပြောနေပြီး နောက်တစ်ယောက်က လုပ်စရာရှိတာကို လုပ်နေကာ အချင်းချင်း အနှောင့်အယှက် မပေးကြပေ။

အဝေးတွင် သိုင်းကျင့်နေသော မိန်းကလေးမှာမူ ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် သိုင်းကျင့်ခြင်းကိုသာ အာရုံစိုက်ထားပြီး ချွေးပေါက်များက မြေပြင်ပေါ်သို့ ကျဆင်းနေကာ ဤဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများကို လုံးဝ အာရုံမစိုက်မိပေ။

အချိန်အတန်ကြာပြီးနောက် လူဝကြီးသည် မျက်နှာ နီရဲလျက်ဖြင့် ထွက်ခွာသွားခဲ့သည်။

တင်းတုံ အတွက်မူ...

လူဝကြီး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်သည်။

ယခုအချိန်တွင် ဤအမျိုးသမီးမှာ ရှက်ရွံ့မှုကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီ ဖြစ်သည်။

ခုနက လူဝကြီး ပြောသွားသော စကားများကို သူမ အလွန် သဘောတူသော်လည်း ချူချယ်နှင့် ချန်းရီတို့ထံမှ ထိုပစ္စည်းများကို ပြန်လည်တောင်းခံပေးရန် သူမ မတတ်နိုင်ပေ။

သူမကိုယ်တိုင် သွားရောက် တောင်းခံလျှင်ပင် ချန်းရီနှင့် ချူချယ်တို့က အရူးများ မဟုတ်သဖြင့် သူမကို သေချာပေါက် ပေးမည် မဟုတ်ပေ။

တင်းတုံသည် သူမကိုယ်တိုင်ပင် ချန်းရီနှင့် ချူချယ်တို့၏ လွှမ်းမိုးမှုကြောင့် ပျက်စီးသွားပြီဟု ခံစားနေရသည်။

ယခင်ကဆိုလျှင် ဤကဲ့သို့သော ကိစ္စမျိုးကို သူမ လုံးဝ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင်မူ...

"အရှင်မင်းကြီး... ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမလဲ"

"ဘာလုပ်ရမှာလဲ... ထယ်ရှီးကို သွားရှာမယ်... အဲဒီကောင်က အတုံးအအဆုံးပဲ... သူ့ဆီကနေ သတင်းတစ်ခုခုများ ရနိုင်မလား သွားကြည့်ရအောင်"

မြေကွက်လပ်ပေါ်တွင် ထယ်ရှီး၏ လက်မောင်းလေးဖက်က အဆက်မပြတ် လှုပ်ရှားကာ သိုင်းကွက်များ ဖော်ထုတ်နေသည်။

ယခင်က ဘုန်းကြီးထံမှ လဲလှယ်ရရှိခဲ့သော ဝရဇိန် မိစ္ဆာနိုင် လက်သီးသိုင်းကို သူ၏ လက်မောင်းလေးဖက်ထဲသို့ ပေါင်းစပ်ထည့်သွင်းရန် သူ ရည်ရွယ်ထားသည်။

သူ့ကို လာရှာသူ ရှိကြောင်း ကြားလိုက်ရသဖြင့် ထယ်ရှီးက အလွန် ပျော်ရွှင်သွားကာ လုပ်လက်စကို ရပ်တန့်လိုက်သည်။

သို့သော် နဂါးအကြေးခွံအကြောင်း ကြားလိုက်ရသောအခါ ထယ်ရှီးမှာ အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားပြီး မျက်နှာအမူအရာမှာလည်း တောင့်တင်းသွားကာ ခန္ဓာကိုယ်ကလည်း ကျုံ့သွားသည်။

ထိုပစ္စည်းအကြောင်းကို သူ သိထားသည်။

ယခင်က ချန်းရီက နဂါးအကြေးခွံတွင် သူ၏ ဝေစုလည်း ပါဝင်ကြောင်း သူ့ကို ပြောပြထားခဲ့သည်။

ထယ်ရှီးသည် တုံးအအ ဖြစ်သော်လည်း ညီအစ်ကို သံယောဇဉ်ကို ပထမနေရာတွင် ထားရှိသူ ဖြစ်သည်။

ချန်းရီက ထိုနဂါးအကြေးခွံကို အလွန် တန်ဖိုးထားကြောင်း သူ သိမြင်ထားသဖြင့် ယခု သူ့ရှေ့ရှိ ဤလူက လာရောက် တောင်းခံနေသော်လည်း ထယ်ရှီးသည် သူ၏ ညီအစ်ကိုကို လုံးဝ သစ္စာဖောက်မည် မဟုတ်ပေ။

"ဟင်... ခင်ဗျား ဘာပြောတာလဲ... ကျုပ် ဘာမှ နားမလည်ပါလား"

"အာ... တကယ် အားနာပါတယ်ဗျာ... ကျုပ် မနေ့ညက ကောင်းကောင်း မအိပ်ရလို့... ခင်ဗျား ပြောတာကို နားမလည်ဘူး"

"ဘာနဂါးလဲ"

"ဘာအကြေးခွံလဲ"

"ကျုပ် တစ်ခါမှ မမြင်ဖူးပါဘူး"

"ကျုပ်ဆီမှာလည်း မရှိဘူး... ချန်းရီဆီမှာလည်း မရှိဘူး... ချူချယ်လည်း မယူထားဘူး... တင်းတုံနဲ့ ချန်းချန်းတို့လည်း မသိကြဘူး..."

"ကျုပ်ကို ယုံပါ... ကျုပ်တို့ ဘာဆို ဘာမှ မသိပါဘူး"

လူဝကြီး၏ မျက်နှာကြီးက ဒယ်အိုးအောက်ခြေလို မည်းမှောင်သွားတော့သည်။

မင်းကို ယုံတာထက် သရဲကို ယုံလိုက်တာကမှ ပိုကောင်းဦးမယ်။

သူကိုယ်တိုင်က ထယ်ရှီးကို ယှဉ်နိုင်မည့် ပြိုင်ဘက် မဟုတ်လောက်ဘူးဟုသာ မထင်ထားမိခဲ့လျှင်။

ဒီနေ့တော့ ဒီငတုံးကြီးနဲ့ အသေအကြေ သတ်ပစ်လိုက်ရမည်မှာ သေချာသည်။

ဆက်ရန်...

All Chapters