အခန်း ၂၉၇
Vol. 15 Ch. 297
အပိုင်း(၂၉၇) ခင်ဗျားက လူကောင်းတစ်ယောက်ပဲ
လူဝကြီး အဝေးသို့ ထွက်သွားသည်ကို ကြည့်ပြီးမှ ထယ်ရှီးက သက်ပြင်းကြီးတစ်ခု ချလိုက်နိုင်တော့၏။
တစ်ချိန်တည်းမှာပင် သူ စကားမှားမပြောမိသည့်အတွက် မိမိကိုယ်ကိုယ် တိတ်တဆိတ် ဝမ်းသာနေမိပြီး ချန်းရီ၊ ချူချယ်၊ စွန်းချန်းချန်းနှင့် တင်းတုံတို့အတွက်ပါ အကာအကွယ်ပေးနိုင်ခဲ့သည်ဟု တွေးလိုက်သည်။
"ဟီးဟီး... လမ်းစဉ် အဆင့် (၃) ကို ရောက်ပြီးတဲ့နောက် ငါက နည်းနည်း ဉာဏ်ပိုကောင်းလာသလိုပဲ"
ထိုလူဝကြီးက သေချာပေါက် ယုံသွားပြီဟု သူ ယုံကြည်နေ၏။
"ငါလိမ်ပြောလိုက်ပေမယ့် အရမ်းပီပြင်တယ်လေ"
လမ်းစဉ်အဆင့် မြင့်တက်သွားပြီးနောက် ဘေးထွက်ဆိုးကျိုးများ လျော့ပါးသွားခြင်းကြောင့်များလား။
နောက်နေ့မှပဲ ချူချယ်ကို မေးကြည့်ရတော့မည်။
လူဝကြီးက လက်သီးကို ဆုပ်ထားပြီး နောက်ကျောဘက်မှ ကြည့်လျှင် ကျောပြင်ပေါ်ရှိ အဆီပိုများက တသိမ့်သိမ့် တုန်ခါနေသည်။
အကယ်၍ အရှေ့ဘက်မှနေ၍ ကြည့်မည်ဆိုပါက လူဝကြီး၏ နှာခေါင်းပေါက်များ အနည်းငယ် ပွစိစိဖြစ်နေပြီး မျက်တောင်အိမ်များပါ အနည်းငယ် ကျယ်လာကာ မျက်နှာတစ်ခုလုံး နီရဲနေသည်ကို မြင်တွေ့ရပေမည်။
ဘေးနားရှိ ရှောင်တယ်ဇီကပင် စကားတစ်ခွန်းမျှ မဟရဲပေ။ သူက အရာရာကို သတိထားကာ အကဲခတ်နေရုံသာ တတ်နိုင်၏။
"ဒီငတုံးက... ကိုယ်တော့်ကို သူနဲ့များ အဆင့်တူတယ်လို့ ထင်နေတာလား"
"သူ့ရဲ့ပုံစံက... တစ်ခုခုကို သိနေတယ်ဆိုတာ သိသာလွန်းနေတာပဲ"
"တောက်... ဒေါသထွက်စရာကောင်းလိုက်တာ"
"အရှင်မင်းကြီး... ဒါဆို ကျွန်တော်မျိုးတို့ ဆက်ပြီးတော့"
"စွန်းချန်းချန်းဆီ သွားမယ်... သူက အသက်ငယ်တော့ လှည့်စားရ ပိုလွယ်လိမ့်မယ်"
စွန်းချန်းချန်း၏ နုနယ်သော မျက်နှာလေးကို သတိရလိုက်သောအခါ လူဝကြီး၏ ရင်ထဲတွင် အနည်းငယ် သက်သာရာ ရသွားသည်။
စွန်းချန်းချန်းကို ကြည့်ရသည်မှာ ဖြူစင်ပြီး ရိုးအလွန်းသော တက္ကသိုလ်ကျောင်းသူလေး တစ်ယောက်နှင့် တူသည်။
ထို့အပြင် အစွမ်းပိုင်ရှင်များထဲတွင် အသက်အငယ်ဆုံးလည်း ဖြစ်သည်။
မူလတန်းကျောင်းသားများနှင့် တက္ကသိုလ်ကျောင်းသားများဆိုသည့် အုပ်စုနှစ်ခုကြားတွင် တူညီသော အချက်များစွာ ရှိတတ်ပြီး ဥပမာအားဖြင့် လှည့်စားရ လွယ်ကူခြင်းမျိုးပင် ဖြစ်၏။
တစ်ခါတစ်ရံတွင် လှည့်စားခံရနိုင်ခြေကို နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တက္ကသိုလ်ကျောင်းသားများက မူလတန်းကျောင်းသားများထက်ပင် ပို၍ အလိမ်ခံရလွယ်တတ်ကြသေးသည်။
စွန်းချန်းချန်း၏ မျက်နှာသွင်ပြင်က တက္ကသိုလ်ကျောင်းသူ တစ်ယောက်၏ ပုံစံမျိုး ဖြစ်ကြောင်း သိသာလွန်းလှ၏။
သေချာပေါက် လှည့်စားရ လွယ်ကူပေလိမ့်မည်။
စွန်းချန်းချန်း၏ အဆင့်မြှင့်တင်ထားသော ပစ်ကပ်ကားအနီးသို့ ရောက်ရှိလာချိန်တွင် ဘယ်ညာသို့ လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ကားဘေးရှိ တဲအတွင်း၌ မည်သူမျှ မရှိပေ။
ကားပြတင်းပေါက်မှတစ်ဆင့် ကားအတွင်းသို့ ကြည့်လိုက်သောအခါတွင်လည်း လူအရိပ်အယောင်မျှ မတွေ့ရချေ။
"အရှင်မင်းကြီး... ဘယ်သူမှ မရှိတဲ့ပုံပဲ"
ရှောင်တယ်ဇီက ဘယ်ညာသို့ လှည့်ကြည့်လိုက်သည်။
လူဝကြီး၏ မျက်နှာက ထပ်မံ၍ ပျက်ယွင်းလာပြန်ပြီး သက်ပြင်းချကာ ချူချယ်ထံသို့ အရင်သွားရန် ပြင်လိုက်ချိန်မှာပင်။
ကြည်လင်သော အသံတစ်သံကို ကြားလိုက်ရသည်။
"ဘယ်သူက လူမရှိဘူးလို့ ပြောနေတာလဲ... နင့်လို အသက်ကြီးကြီး မိန်းမလျာကောင်က မျက်လုံးတွေကို အလကား တပ်ထားတာလား"
ရှောင်တယ်ဇီက ထိုအသံကြောင့် လန့်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကာ ဘယ်ညာသို့ ကြည့်၍ သတိထားရင်း မေးလိုက်သည်။
"ဘယ်... ဘယ်သူစကားပြောနေတာလဲ"
ထိုအချိန်မှာပင် ကားတံခါး ပွင့်သွားသည်ကို မြင်လိုက်ရပြီး သေးသွယ်သော ပုံရိပ်လေးတစ်ခုက ရှောင်တယ်ဇီ၏ မျက်စိရှေ့တွင် ဒေါသတကြီး ပေါ်လာသည်။
အရပ်က ခပ်ပုပုဖြစ်သော်လည်း မျက်နှာအမူအရာကမူ အတော်လေး ရိုင်းစိုင်းမောက်မာသည့် ပုံပေါ်နေ၏။
"နင့်မျက်လုံး ကန်းနေလား... ခေါင်းပေါ်က အပေါက်နှစ်ပေါက်က အလကား ပါလာတာလား"
မကြာသေးမီက ရှောင်ယွီ၏ စိတ်ညစ်စရာ အကောင်းဆုံးကိစ္စများထဲမှ တစ်ခုမှာ သူမ အသက် (၁၅) နှစ် ပြည့်သွားပြီ ဖြစ်သော်လည်း အရပ်က ၅ ပေတောင် မပြည့်သေးခြင်းပင် ဖြစ်သည်။
တိတိကျကျ ပြောရလျှင် ၄ ပေနှင့် ၁၀ လက်မသာ ရှိသေးရာ တကယ်ကို...။
ထို့ထက်ပို၍ ရှောင်ယွီက သူမ၏ အရပ်မှာ ဆက်လက် ကြီးထွားလာမည့် အရိပ်အယောင်မရှိတော့ဘဲ ရပ်တန့်သွားပြီဟု ခံစားနေရသဖြင့် ထိုကိစ္စက သူမကို အနည်းငယ် ထိတ်လန့်သွားစေခဲ့သည်။
စိတ်ညစ်နေရသည့် အထဲ ထိုစူးရှရှ လူ၏အော်သံကြီးကို ကြားလိုက်ရခြင်း ဖြစ်သည်။
"နင်က ငါ့အမဝမ်းကွဲကို လာရှာတာလား"
"သူ မရှိဘူး... နင် ခဏစောင့်ချင်စောင့်... မစောင့်ချင်ရင်လည်း ပြန်သွား... နှစ်ခုထဲက တစ်ခုကို နင့်ဘာသာ ရွေးလိုက်တော့"
ဘုရားရေ... ဒီလောက် အရပ်ပုပုလေးနဲ့ ဒီလောက်တောင် စွာရသလား။
ရှောင်တယ်ဇီက စကားတစ်ခွန်းနှစ်ခွန်းမျှ ပြန်လည် ချေပချင်သော်လည်း လူဝကြီး၏ စူးရဲသော အကြည့်တစ်ချက်ကြောင့် ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားကာ ပါးစပ်ပိတ်၍သာ ဒေါသကို မြိုသိပ်ထားလိုက်ရတော့သည်။
ထိုအချိန်မှာပင် ပန်းရောင်အရိပ်အယောင်များနှင့်အတူ လှပသော ပုံရိပ်တစ်ခုက လေပေါ်မှ ပျံသန်း ရောက်ရှိလာသည်။
ကောင်မလေး၏ ဆံပင်များတွင် ချွေးများ စိုရွှဲနေပြီး နဖူးပေါ်ရှိ ချွေးစက်များက နံနက်ခင်း နေရောင်ခြည်အောက်တွင် လင်းလက်နေသည်။
"ဟေး... လူဝကြီး... ရှောင်တယ်ဇီ... ရှင်တို့နှစ်ယောက် ကျွန်မကို လာရှာတာလား"
မြေပြင်ပေါ်သို့ ရောက်သည်နှင့် ကောင်မလေးက လေ့ကျင့်ခန်း လုပ်ထားသဖြင့် မောဟိုက်နေသော အသံဖြင့် တိုက်ရိုက်ပင် မေးလိုက်သည်။
လူဝကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ကောင်မလေး၏ ဖြူစင်ပုံပေါ်သော အသွင်အပြင်ကြောင့် စွန်းချန်းချန်းကို လှည့်စားရ လွယ်ကူလိမ့်မည်ဟု သူက တွေးလိုက်မိသည်။
ရိုးရှင်းသော နှုတ်ဆက်စကားများ ပြောဆိုပြီးနောက်...
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်သည်။
"ပြောစရာရှိတာ မြန်မြန်ပြော... ဒီမမလေးက အလုပ်များနေသေးတယ်"
"အဟမ်း... အဟမ်း... ဒီလိုပါ မမလေးစွန်းရယ်... အရင်က ခင်ဗျားတို့တွေ အငြိုးနဂါးရဲ့ အကြေးခွံတစ်ခု ရထားတယ်လို့ ကြားတယ်... အဲဒီကိစ္စကို ခင်ဗျားလည်း သိထားမယ် ထင်တယ်နော်"
အငြိုးနဂါးရဲ့ အကြေးခွံ ဟုတ်လား။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး အလျင်အမြန် လက်ယမ်းကာ ငြင်းလိုက်သည်။
"ဘာ အငြိုးနဂါးရဲ့ အကြေးခွံလဲ... ကြားတောင် မကြားဖူးဘူး... ရှင် လျှောက်မပြောနဲ့နော်"
လူဝကြီး၏ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားတော့၏။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ဟန်ဆောင်မှုက တင်းတုံနှင့် ထယ်ရှီးတို့ နှစ်ယောက်ထက် စာလျှင် အနည်းငယ် ပို၍ အဆင့်မြင့်သကဲ့သို့ ရှိသည်။
သို့သော် ထိုအရာက အနည်းငယ်မျှသာ ဖြစ်၏။
"အငြိုးနဂါးရဲ့ အကြေးခွံဆိုတာလေ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီ နဂါးနက်ကြီးရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ကျလာတဲ့ဟာကို ပြောတာပါ"
"မတွေ့မိဘူးလား"
"အဲဒါက ဘယ်လိုပုံစံမျိုးလဲ... ကျွန်မကို ပြောပြပါလား"
"ကျွန်မ တွေ့ရင် ရှင့်ကို သေချာပေါက် ပြောပြပါ့မယ်"
"ဟယ်... ဒါဆို တော်တော် မိုက်တာပဲ"
"အရမ်း မိုက်တယ်"
"ရှင် ချူချယ်ကို သွားမေးကြည့်ပါလား... ခေါင်းဆောင်ချူက အတွေ့အကြုံများတော့ သူက ပိုသိလောက်တယ်"
လူဝကြီးက တတိယအကြိမ်မြောက် မျက်နှာပျက်စွာဖြင့် ထိုအဆင့်မြှင့်တင်ထားသော ပစ်ကပ်ကား စခန်းချရာနေရာမှ ထွက်ခွာသွားခဲ့သည်။
ဤယာဉ်တန်းရှိ လူများ၏ အကျင့်စရိုက်များက အဘယ်ကြောင့် ဤမျှလောက် အောက်တန်းကျနေရသနည်းဟု လူဝကြီးက သံသယ ဝင်လာမိသည်။
မင်းတို့ရဲ့ အညံ့စား သရုပ်ဆောင်မှုတွေနဲ့ ငါ့ကို လှည့်စားနိုင်မယ်လို့များ ထင်နေကြတာလား။
ကျောဘက်မှ ညီအမနှစ်ယောက်၏ စကားပြောသံများ ထွက်ပေါ်လာသည်။
"အမဝမ်းကွဲ... အမရဲ့ သရုပ်ဆောင်ချက်က အရမ်း ညံ့တာပဲ"
"ငါက ချန်းရီမှ မဟုတ်တာ... ဒီလောက်အထိ လုပ်နိုင်တာပဲ တော်တော် ဟုတ်နေပြီ"
"အမဝမ်းကွဲ... သူ ချူချယ်ဆီ သွားမယ့်ပုံပဲ"
"သွားပါလေ့စေ... ခေါင်းဆောင်ချူက သူ့ကို ရောင်းစားပြီးရင်တောင် ပိုက်ဆံပြန်ရေခိုင်းဦးမယ့် လူမျိုးပဲ"
"အမဝမ်းကွဲ... အသံနည်းနည်း တိုးတိုးလုပ်ပါ... သူ သိပ်မဝေးသေးဘူးလေ... ကြားသွားလိမ့်မယ်"
"အာ..."
လူဝကြီး၏ မျက်ခုံးများက ဒေါသကြောင့် တဆတ်ဆတ် ခုန်နေ၏။
သည်းခံ။
သည်းခံ။
မင်းက သူ့ကို မနိုင်နိုင်ဘူးလေ... မင်း သည်းခံမှ ရမယ်...။
သေးငယ်တဲ့ ကိစ္စလေးကိုမှ သည်းမခံနိုင်ရင် အကြံအစည်ကြီးတွေ ပျက်စီးကုန်လိမ့်မယ်။
လူဝကြီးက သူ့ကိုယ်သူ ထိုကဲ့သို့ နှစ်သိမ့်လိုက်သည်။
ခေါင်းဆောင်ချူ၏ တဲအတွင်း၌။
ချူချယ်သည်လည်း အိပ်ရာမှ နိုးသည်မှာ မကြာသေးကြောင်း သိသာနေသည်။
လူဝကြီးကို နွေးထွေးစွာ ကြိုဆိုဧည့်ခံလိုက်၏။
ချူချယ်၏ အပြုအမူကြောင့် လူဝကြီးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်တစ်ယောက် ဖြစ်သည့်အတွက် ဤကဲ့သို့သော ယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား အဆင့်အတန်းက အခြားလူများထက် အများကြီး ပိုမြင့်မားနေသည်။
သူတို့နှစ်ဦး ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက်...
လူဝကြီးက သူ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို စတင် ပြောပြလေသည်။
"ခေါင်းဆောင်ချူ... အဲဒီ အငြိုးနဂါးရဲ့ အကြေးခွံက ကျွန်တော် တိုက်ခိုက်ပြီး ရထားတာပါ... ခင်ဗျားတို့အဖွဲ့က ကျွန်တော့်အတွက် သိမ်းဆည်းပေးထားတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အခုတော့ ကျွန်တော့်ဘာသာကိုယ်တိုင် ပြန်သိမ်းထားချင်လို့ပါ"
တစ်တွတ်တွတ်နှင့် အများကြီး ပြောလိုက်သည်။
ပထမဦးစွာ ချူချယ်တို့အဖွဲ့ကို ကျေးဇူးတင်ကြောင်း ဖော်ပြပြီးနောက်တွင် နဂါးအကြေးခွံကို ပြန်လည်ရယူလိုသည့် သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ပြောဆိုခဲ့သည်။
စကားပြောပြီးသွားသောအခါ...
လူဝကြီးက ချူချယ်၏ မျက်နှာကို စူးစိုက်ကြည့်နေပြီး ချူချယ်၏ မျက်နှာပေါ်မှ အမူအရာ ပြောင်းလဲမှုများကို မြင်တွေ့လိုဟန် ရှိသည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ...
ခေါင်းဆောင်ချူက မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ ယခင်ကအတိုင်း အမူအရာ တစ်ချက်မျှ မပြောင်းလဲခဲ့ပေ။
အရင်လူ သုံးယောက်မှာမူ နဂါးအကြေးခွံကိစ္စကို ပြောလိုက်ချိန်တွင် သုံးယောက်စလုံးက တစ်ယောက်ထက်တစ်ယောက် ပို၍ သိသာသော တုံ့ပြန်မှုများ ကိုယ်စီ ရှိခဲ့ကြသည်ကို သိထားရမည်။
သို့သော် သူ့ရှေ့မှ ဤလူကမူ...
တစ်ဖက်လူ၏ မျက်နှာပေါ်တွင် မည်သည့် စိတ်ခံစားမှု တုံ့ပြန်ချက်ကိုမျှ လုံးဝ မမြင်တွေ့ရကြောင်း လူဝကြီးက သတိထားမိလိုက်သည်။
ငါ အချည်းနှီး ပြန်လှည့်ရဦးမှာလား။
လူဝကြီး၏ စိတ်ထဲတွင် လေးလံသွားပြီး မျက်နှာက စတင် ပျက်ယွင်းလာသည်။
ဒီ ဓားပြအုပ်စုတွေ... ခွေးမသားတွေ...။
ဒါက အငြိုးနဂါးရဲ့ အကြေးခွံကွ... မင်းတို့ကို ငါ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။
လူဝကြီးက အဆိုးရွားဆုံး အခြေအနေများကို စဉ်းစားနေချိန်မှာပင်။
ချူချယ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"အငြိုးနဂါးရဲ့ အကြေးခွံလား... ကျွန်တော် သိတယ်... ကျွန်တော် အဲဒီပစ္စည်းကို မြင်ဖူးတယ်"
"ဟမ်"
ချူချယ်က ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ဟု လူဝကြီးက မျှော်လင့်မထားခဲ့သဖြင့် ချက်ချင်း အသိမဝင်ဘဲ ကြောင်သွားခဲ့သည်။
"ခေါင်းဆောင်ချူ... ခင်ဗျား... ခင်ဗျား တကယ် သိတာလား"
"ကျွန်တော် သိတာပေါ့... ချန်းရီ ကောက်သွားတာလေ"
"သူ့ဆီမှာ ဟုတ်လား"
အဆုံးတွင် သေချာသော အဖြေတစ်ခုကို ရရှိသွားသဖြင့် လူဝကြီး၏ မျက်ဝန်းများမှာ ရုတ်တရက် မျက်ရည်များပင် ဝဲလာခဲ့သည်။
ဒီလောက် လွယ်လွယ်ကူကူနဲ့ပဲ အဖြေရသွားပြီပေါ့။
ရှေ့က ခွေးမသားတွေရဲ့ လှည့်စားမှုကို အတော်ကြာ ခံလိုက်ရပြီးနောက် နောက်ဆုံးတော့ ရိုးသားတဲ့ လူတစ်ယောက်နဲ့ တွေ့သွားပြီပဲ။
ယာဉ်တန်းတစ်ခုလုံးမှာ ခေါင်းဆောင်ချူရဲ့ ကိုယ်ကျင့်တရား အဆင့်အတန်းက အမြင့်ဆုံး ဖြစ်နေတာပဲ။
"ဟုတ်တယ်... ချန်းရီဆီမှာ ရှိတယ်... သူ ကောက်သွားတာကို ကျွန်တော် ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ... ခင်ဗျား သူ့ဆီကို သွားတောင်းလိုက်"
"ဒါပေမဲ့... ချန်းရီ ဆိုတဲ့လူက အရမ်း ပါးနပ်တယ်ဗျ... ခင်ဗျား သွားတောင်းရင်လည်း သူ့ဆီမှာ မရှိဘူးလို့ သေချာပေါက် ပြောလိမ့်မယ်... သူ လုံးဝ ဝန်ခံမှာ မဟုတ်ဘူး"
"ခင်ဗျား သူ့စကားကို မယုံနဲ့... သူ့ဆီကိုပဲ ဆက်တောင်းနေလိုက်"
"နောက်ပြီး သူက အဲဒီ နဂါးအကြေးခွံက ကျွန်တော့်ဆီမှာ ရှိတယ်လို့တောင် ပြောချင် ပြောလိမ့်မယ်... ခင်ဗျား လုံးဝ မယုံနဲ့... သူ့နောက်ကို လိုက်ပြီးသာ တောင်းနေလိုက်"
"မှတ်ထားနော်... သူ ဘာပြောပြော လုံးဝ မယုံနဲ့... ကြားလား"
လူဝကြီးက လက်သီးကို ဆုပ်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်ချူ... ခင်ဗျားက တကယ်ကို လူကောင်း တစ်ယောက်ပါပဲဗျာ... ကျွန်တော်... ကျွန်တော်"
ချူချယ်က လူဝကြီး၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။
"သွားတော့... ချန်းရီဆီကို သွားလိုက်ပါ"
လူဝကြီးက စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ချူချယ်ကို ဖက်ကာ လှည့်ထွက်သွားခဲ့သည်။
ချူချယ်သည် လူဝကြီး ထွက်သွားသည်ကို မြင်သောအခါ အခန်းထဲသို့ အလျင်အမြန် ပြန်ဝင်သွားပြီး ထိုအမည်းရောင် နဂါးအကြေးခွံကို ပို၍ လုံခြုံလျှို့ဝှက်သော နေရာသို့ ပြောင်းရွှေ့ဖွက်ထားလိုက်တော့သည်။
ချူချယ်က အဘယ်ကြောင့် လူဝကြီးကို ချန်းရီထံသို့ လွှဲချလိုက်သနည်း ဆိုသော်...
ဟက်ဟက်...။
အကြောင်းမှာ ချူချယ်သည် လူဝကြီးကို အချိန်ကုန်ခံကာ မဧည့်ခံချင်သောကြောင့် ပင်တည်း။
ထို့ကြောင့် ဤပြဿနာကို ချန်းရီဆီသို့ တိုက်ရိုက် လွှဲချလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ချန်းရီက ဤပြဿနာကို သေချာပေါက် ကောင်းစွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ ယုံကြည်ထား၏။
ထိုကောင်၏ ခေါင်းထဲရှိ ကောက်ကျစ်သော အကြံအစည်များက ကောင်းကင်ယံရှိ ကြယ်လေးများထက်ပင် ပိုများနေသေးသည် မဟုတ်ပါလော။
ဆက်ရန်...