← Chapters

အခန်း ၂၉၈

Vol. 15 Ch. 298

အခန်း ၂၉၈

Vol. 15 Ch. 298

အပိုင်း(၂၉၈) ချန်းရီ၏ ဗျူဟာငါးရပ်

"နေပါဦး... အဲဒီပစ္စည်း ငါ့ဆီမှာရှိတယ်လို့ မင်းက ဘာအထောက်အထားနဲ့ ပြောတာလဲ"

၎င်းကတော့ ချန်းရီ၏ ပထမဆုံးဗျူဟာဖြစ်သော အသေငြင်းဆန်ခြင်းပင် ဖြစ်သည်။

ချန်းရီ၏ ဤကဲ့သို့ တုံ့ပြန်မှုကို ရင်ဆိုင်ရချိန်တွင် လူဝကြီးက စိတ်ထဲ၌ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပုံရသည်။

ယာဉ်တန်းထဲတွင် ချန်းရီ၏ နာမည်က သဘာဝကျစွာပင် သိပ်မကောင်းလှပေ။

ဤကိစ္စက ဤမျှ ရိုးရှင်းမည်မဟုတ်ကြောင်းကို သူ စောစောကတည်းက တွေးမိထားခဲ့သည်။

သို့သော် ချန်းရီက ဤမျှအထိ ပွင့်လင်းပြတ်သားလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ချေ။

ချန်းရီက မူလက ကားရှေ့ခန်းရှိ လက်အိတ်ထည့်သည့် အံဝှက်ထဲသို့ မှောက်ခုံဝင်ကာ ကားအတွင်းပိုင်းကို လိုက်လံကြည့်ရှုနေပြီး ထိုလက်တံက မည်သည့်နေရာတွင် ရှိနေသနည်းဆိုသည်ကို ရှာဖွေနေခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် သူ အချိန်အတော်ကြာ လိုက်ရှာနေသော်လည်း မည်သည့် အရိပ်အယောင်မျှ မတွေ့ရပေ။

အကယ်၍ မိစ္ဆာပစ်ကပ်ကား၏ အကြောင်းကို ကြိုတင် မသိထားပါက ဤမိစ္ဆာပစ်ကပ်ကားကို ပိုင်ဆိုင်ထားသူ သူကိုယ်တိုင်ပင်လျှင် ဤကားထဲတွင် မိစ္ဆာတစ်ကောင် ပုန်းအောင်းနေသည်ဟု ယုံကြည်မည် မဟုတ်ပေ။

လူဝကြီးက နဂါးအကြေးခွံကို လာတောင်းသည်ဟု ကြားလိုက်ရချိန်တွင်...

ချန်းရီက ခဏမျှ ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

ထို့ကြောင့် ယခုကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်၏။

လူဝကြီး၏ မျက်နှာပေါ်တွင် အနိုင်ရတော့မည့် အမူအရာတစ်ခု ပေါ်လာသည်။

"ခေါင်းဆောင်ချူ ပြောတာ... နဂါးအကြေးခွံက ခင်ဗျားဆီမှာ ရှိတယ်တဲ့... ဆရာချန်း... ကျေးဇူးပြုပြီး နဂါးအကြေးခွံကို ကျွန်တော့်ဆီ ပြန်ပေးပါ"

"ဆရာချန်း... အဲဒီအချိန်တုန်းက အငြိုးနဂါးဆီကနေ နဂါးအကြေးခွံ ကျလာတာဟာ ကျွန်တော် ဝင်တိုက်ခိုက်လိုက်တဲ့ အကြောင်းရင်းကြောင့်ပါ"

"ဒါ့အပြင် အဲဒီ နဂါးအကြေးခွံအတွက် ကိုယ်တော်... အဲလေ ကျွန်တော့်ရဲ့ နန်းတော်ပါ အငြိုးနဂါးရဲ့ ဖျက်ဆီးတာကို ခံလိုက်ရတာပါ"

"ကျွန်တော်က လမ်းစဉ် အဆင့် (၃) ဖြစ်နေရင်တောင် နန်းတော်ကို ပြန်လည်တည်ဆောက်ဖို့ဆိုတာ ခဏလေးနဲ့ ပြီးမယ့်ကိစ္စ မဟုတ်ဘူးလေ..."

"..."

ဘလာဘလာနှင့် ဆက်တိုက် ပြောဆိုနေတော့သည်။

လူဝကြီးက သူ့ကိုယ်သူ သနားစရာကောင်းအောင် ပြောဆိုနေပြီး အကြောင်းပြချက်များလည်း ပေးနေသည့်အပြင် သူ၏ လမ်းစဉ် အဆင့် (၃) ဆိုသည့် အဆင့်အတန်းကိုပါ သွယ်ဝိုက်သောနည်းဖြင့် ထုတ်ကြွားလိုက်သေးသည်။

ရှောင်တယ်ဇီကလည်း ဘေးမှနေ၍ သူ၏ သခင်ကို ဝင်ရောက် ထောက်ခံပေးလိုက်သည်။

"ဟုတ်ပါတယ် ဆရာချန်း... ဆရာက အစွမ်းပိုင်ရှင်တစ်ယောက်ဆိုတော့ ဒီလိုပစ္စည်းမျိုးကို မျက်စိကျမှာ မဟုတ်ပါဘူး"

ဤကောင်က ထိုကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကို "နန်းတော်" ဟု ခေါ်လိုက်တယ်ပေါ့လေ။

လူဝကြီး၏ စကားကို ကြားလိုက်ရသောအခါ ချန်းရီ၏ မျက်လုံးများက စူးရှသွားတော့သည်။

နေပါဦး... မင်းကို ပြန်ပေးရမယ်။

ဘာကို ပြန်ပေးရမှာလဲ။

အငြိုးနဂါးရဲ့ နဂါးအကြေးခွံကိုလား။

ဤပစ္စည်းက သူ၏ပစ္စည်း ဟုတ်မဟုတ်ကို အသာထားဦး။ မိမိလက်ထဲ ရောက်နေသော ပစ္စည်းကို မည်သို့လုပ်၍ သူ့ကို ပေးရမည်နည်း။

မျက်စိမကျဘူး ဟုတ်လား။

မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး...။

ငါက အရမ်းကို မျက်စိကျနေတာ။

ချူချယ်က ငါ့ကို ရောင်းစားလိုက်တာလား။

ဒီကောင်ကတော့လေ...။

ဤကောက်ကျစ်သော ချူချယ်၏ ရည်ရွယ်ချက်ကို ချန်းရီက ချက်ချင်းပင် နားလည်သွားပြီး ချူချယ် မည်သို့ပြောဆိုခဲ့မည်ကိုပင် သူ စိတ်ကူးကြည့်၍ ရနေသည်။

ချန်းရီက အံကြိတ်လိုက်ပြီး... စိတ်ထဲမှနေ၍ ချူချယ်ကို တေးမှတ်ထားလိုက်သည်။

"အဟမ်း... အဟမ်း... ခဏရပ်လိုက်ဦး... နေပါဦး... အဲဒီ နဂါးအကြေးခွံက မင်းရဲ့ အမြောက်နဲ့ပစ်လို့ ကျလာတာဆိုတာ ဘယ်လိုသက်သေပြမလဲ"

"အဲဒီ နဂါးအကြေးခွံက သဘာဝအတိုင်း သူ့အလိုလို ကွာကျလာတာလည်း ဖြစ်နိုင်တာပဲလေ"

"မင်းက အဲဒီပစ္စည်းကို မင်းဟာလို့ ပြောရအောင် မင်းမှာ သက်သေရှိလို့လား... ပါးစပ်ကနေ မင်းဟာလို့ ပြောလိုက်ရုံနဲ့ ရောလား... ဘယ်သူက သက်သေပြပေးနိုင်မှာလဲ"

"လူသက်သေ ပစ္စည်းသက်သေ ရှိလို့လား"

"ငါကလည်း အကြောင်းပြချက် မရှိဘဲ ဇွတ်လုပ်တတ်တဲ့သူ မဟုတ်ပါဘူး... မင်းသာ သက်သေပြနိုင်ရင် နဂါးအကြေးခွံကို မင်းဆီ ပြန်ပေးပါ့မယ်"

အထူးသဖြင့် နောက်ဆုံးစကားခွန်းကို ပြောလိုက်ချိန်တွင် ချန်းရီ၏ အမူအရာက အလွန်ပင် တရားမျှတပုံ ပေါက်နေလေသည်။

၎င်းကတော့ ချန်းရီ၏ ဒုတိယဗျူဟာဖြစ်သော ဖြစ်နိုင်ခြေကို မေးခွန်းထုတ်ခြင်းပင် ဖြစ်၏။

လူဝကြီး၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားသည်။ ချန်းရီက ဤမျှလွယ်လွယ်နှင့် ဝန်ခံလိုက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

"ဆရာချန်း... ဒါက နဂါးအကြေးခွံ ခင်ဗျားဆီမှာ ရှိနေတာကို ဝန်ခံလိုက်တာလား"

ချန်းရီက ဟဲဟဲ ဟု ရယ်မောလိုက်ပြီး သူ၏ ကျောဘက်မှ "အမုန်းတရား" ဟု အမည်ရသော ထင်းခုတ်ဓားမကို ဆွဲထုတ်ကာ လူဝကြီး၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

"ငါ့လက်ထဲမှာ ရှိနေတယ်... ဘာလဲ... မင်း လိုချင်လို့လား"

လူဝကြီးက ချန်းရီ၏ လက်ထဲမှ ထင်းခုတ်ဓားမကို စိုးရွံ့စွာဖြင့် ကြည့်လိုက်သည်။ အထူးသဖြင့် ဓားသွားမှ ထွက်ပေါ်နေသော အေးစက်စက် အလင်းရောင်ကြောင့် သူ၏ မျက်ခွံများပင် အကြိမ်ကြိမ် တုန်လှုပ်သွားရသည်။

ရှောင်တယ်ဇီက လူဝကြီး၏ ရှေ့သို့ ရုတ်တရက် ဝင်ကာကွယ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ တုန်ယင်စွာဖြင့် မေးလိုက်သည်။

"ခင်... ခင်ဗျား ဘာလုပ်ချင်တာလဲ... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့နော်"

ရှောင်တယ်ဇီ၏ လှုပ်ရှားမှုက သူ၏ သခင်ကို ကာကွယ်ပေးနေခြင်း ဖြစ်သော်လည်း သူ၏ မျက်နှာပေါ်ရှိ အမူအရာကတော့ အလွန်တရာ ကြောက်ရွံ့နေဆဲပင်။

ယခုအချိန်အထိ လွန်ခဲ့သော နှစ်ရက်ခန့်က ချန်းရီ သူ့ကို ရိုက်နှက်ခဲ့သည့် အချိန်ကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။

ဤကောင်သည် အလွန်တရာ ရက်စက်ကြမ်းကြုတ်တတ်ကြောင်းကို သူ၏ မှတ်ဉာဏ်ထဲတွင် လတ်ဆတ်နေဆဲပင် ဖြစ်၏။

လူဝကြီး ကိုယ်တိုင်လည်း အနည်းငယ် ကြောက်လန့်နေမိသည်။

ယခင်က သူ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီးကို ပုံဖော်ခဲ့စဉ်က တတိယအထပ်ကို အသေချာဆုံး ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း သိထားရမည်။

ထို့ကြောင့် တတိယအထပ်သည် အစွမ်းများကို အများဆုံး ကုန်ဆုံးစေခဲ့သည်။

ယခင်က အခြား တိုက်ခိုက်မှုများနှင့် ကြုံတွေ့ရချိန်တွင် တတိယအထပ်သည် အခိုင်မာဆုံးသော ခံတပ်ကားကြီး ဖြစ်ခဲ့သည်။

သို့သော် မျက်မှောက်ရှိ ဤထင်းခုတ်ဓားမက ထိုအထပ်ပေါ်တွင် အပေါက်တစ်ပေါက် ဖြစ်အောင် ဖောက်နိုင်ခဲ့သည်။

ထိုအချိန်က သူ့ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့၏။

"ခင်ဗျား... ခင်ဗျား ဘာလုပ်ချင်တာလဲ"

ချန်းရီက အေးစက်စက် ရယ်မောလိုက်သည်။

"မင်းမှာ ဘာသက်သေမှ မရှိဘဲနဲ့ ငါ့လက်ထဲက ပစ္စည်းကို လာတောင်းချင်နေတာ... မင်းက ဘာမို့လို့လဲ"

"ငါ့လက်ထဲ ရောက်လာတဲ့ ပစ္စည်းက ငါ့ပစ္စည်းပဲ..."

"မြန်မြန်လစ်စမ်း... မဟုတ်လို့ကတော့ ဒီနေ့ ငါက မင်းရဲ့ အဆီပြင်တွေကို ခြစ်ပြီး ဆီကြိတ်ပစ်မယ်... ညကျရင် ဆလတ်ရွက် ကြော်စားလို့ရတာပေါ့"

ချန်းရီ၏ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်မျက်လုံးများနှင့် လက်ထဲရှိ တောက်ပနေသော ဓားတို့ ပေါင်းစပ်သွားသောအခါ အလွန် ကျောချမ်းဖွယ် ကောင်းနေလေသည်။

အနောက်ဘက်ရှိ မိစ္ဆာပစ်ကပ်ကားကပင် ချန်းရီ၏ အရှိန်အဝါ အပြောင်းအလဲကို ခံစားမိသွားပုံရသည်။

ကားရှေ့ အဖုံးကြားမှ ရေဘဝဲလက်တံ အချို့ ထွက်ပေါ်လာပြီး လူဝကြီးအား အချိန်မရွေး ကိုက်စားတော့မည့်ဟန်ဖြင့် စိုက်ကြည့်နေကြသည်။

၎င်းကတော့ ချန်းရီ၏ တတိယဗျူဟာဖြစ်သော အကြောင်းပြချက် မရှိခြင်းပင် ဖြစ်၏။

ဤအချိန်တွင်မူ ချန်းရီသည် သူကိုယ်တိုင် ပြောခဲ့သော ငါကလည်း အကြောင်းပြချက် မရှိဘဲ ဇွတ်လုပ်တတ်တဲ့သူ မဟုတ်ပါဘူး ဆိုသည့် စကားကို လုံးဝ မေ့သွားခဲ့ပြီ ဖြစ်သည်။

ထိုစကားက အခြားတစ်ယောက်ယောက် ပြောခဲ့သကဲ့သို့ပင်။

ချန်းရီသည် အခြား လေးယောက်နှင့်တော့ မတူပေ။

ယာဉ်တန်းတစ်ခုလုံးတွင် ချန်းရီ၏ ကိုယ်ကျင့်တရား စံနှုန်းက အနိမ့်ဆုံး ဖြစ်သည်။

ခေါင်းဆောင်ချူ ဖြစ်သည့် ချူချယ်ပင်လျှင် သူ၏ ကိုယ်ကျင့်တရား အဆင့်အတန်းက ချန်းရီထက် အနည်းငယ် ပိုမြင့်သေးသည်။

ထို့ကြောင့် လူဝကြီးက အခြား လေးယောက်ကို သွားရှာချိန်တွင် အနည်းနှင့်အများဆိုသလို အကြောင်းပြချက်များဖြင့် ပြောဆိုနိုင်ခဲ့သည်။

ချန်းရီထံ ရောက်လာချိန်တွင်မူ လုံးဝ အကြောင်းပြချက် မရှိတော့ပေ။

ငါ့လက်ထဲ ရောက်လာတဲ့ ပစ္စည်းက ငါ့ပစ္စည်းပဲ။

ငါ့ဆီကနေ ယူသွားချင်တယ်ဆိုတာ လုံးဝ အိပ်မက်မက်နေတာပဲ။

ရှောင်တယ်ဇီ၏ ခြေထောက်နှစ်ဖက်က စတင် တုန်ယင်နေပြီ ဖြစ်သည်။

"အရှင်မင်းကြီး... အရှင်မင်းကြီး... ကျွန်တော်တို့... ကျွန်တော်တို့..."

လူဝကြီး၏ မျက်နှာက နီမြန်းလာပြီး သူက ချန်းရီကို စိုက်ကြည့်နေသော်လည်း ချန်းရီကို အနိုင်ယူရန် မည်သည့်နည်းလမ်းမှ မရှိပေ။

သူက လမ်းစဉ် အဆင့် (၃) စိတ်ကူးယဉ်သမား ဖြစ်ပါလျက်နှင့် ထူးဆန်းသည့် အရာများကို ရှောင်ရှားနိုင်ရန် သူ၏ အစွမ်းများ အားလုံးကို အသုံးပြု၍ လိပ်ခွံတစ်ခုကို ဖန်တီးခဲ့သည်။

ထို့ကြောင့် လူဝကြီး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သုညနီးပါး ဖြစ်နေ၏။

အငြိုးနဂါးက ထိုလိပ်ခွံကြီးကို ဖျက်ဆီးလိုက်ပြီးနောက် လူဝကြီး၏ အစွမ်းများမှာ လတ်တလောတွင် လုံးဝ ပြန်လည် ပြည့်ဝလာခြင်း မရှိသေးပေ။

ချန်းရီနှင့် တိုက်ခိုက်မည်ဆိုပါက အနိုင်ရရန် အလားအလာမှာ သုညနီးပါးပင်။

"ခင်ဗျား... ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ... အဲဒါ ကျွန်တော့်ပစ္စည်းဗျ"

"ခင်ဗျား ခုနကပဲ အကြောင်းပြချက် မရှိဘဲ ဇွတ်လုပ်တတ်တဲ့သူ မဟုတ်ဘူးလို့ ပြောခဲ့သေးတယ်လေ"

မျက်စိရှေ့ရှိ ဤကောင်က တကယ် လူရော ဟုတ်ရဲ့လားဟု လူဝကြီးမှာ တစ်ခဏမျှ ဝေခွဲမရ ဖြစ်သွားသည်။

ချန်းရီက ခက်ထန်စွာဖြင့် ပြောလိုက်သည်။

"မြန်မြန်လစ်စမ်း... ငါ့လက်ထဲ ရောက်လာတဲ့ ပစ္စည်းက ငါ့ဟာပဲ"

"ဒါ့အပြင် မင်းက ငါတို့ ယာဉ်တန်းထဲမှာ နေပြီး ငါတို့ရဲ့ အကာအကွယ်ကို ယူထားတာလေ... အခု ပြန်လိုချင်သေးတယ်ပေါ့"

"မင်းကို အခုချက်ချင်း ယာဉ်တန်းထဲကနေ ကန်ထုတ်ပစ်လိုက်လို့ရတယ်ဆိုတာ မင်း ယုံလား... မင်း ဘယ်နှရက်များ အသက်ရှင်မလဲ ကြည့်ရသေးတာပေါ့"

"နဂါးအကြေးခွံက မင်းဟာ ဖြစ်နေရင်တောင် စောင့်ရှောက်ခအနေနဲ့ ယူထားလိုက်မယ်"

၎င်းကတော့ ချန်းရီ၏ စတုတ္ထဗျူဟာဖြစ်သော ခြိမ်းခြောက်ခြင်းပင် ဖြစ်၏။

လူဝကြီးက နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ချန်းရီ၏ စကားများကလည်း အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု တွေးမိလိုက်သည်။

ထို့အပြင် ချန်းရီ၏ ဓားနှင့် အနောက်ဘက်ရှိ ကားဆီမှ မပီဝိုးတဝါး ထွက်ပေါ်နေသော ရေဘဝဲလက်တံများကလည်း လူဝကြီးကို ကြောက်ရွံ့သွားစေသည်။

သို့သော် ထိုအငြိုးနဂါးကို တွေးမိလိုက်ချိန်တွင် ၎င်းထံမှ ကွာကျလာသော နဂါးအကြေးခွံသည် သေချာပေါက် အဆင့်မြင့် ပစ္စည်းကောင်းတစ်ခု ဖြစ်နေပေမည်။

လူဝကြီးက ဤမျှလွယ်လွယ်နှင့် လက်မလွှတ်ချင်သေးဘဲ အံကြိတ်ကာ ငြင်းဆန်လိုက်သည်။

"ကျွန်တော်... ကျွန်တော်... နန်းတော်ထဲက ရိက္ခာတွေကျတော့ ခင်ဗျားတို့ပဲ ယူသွားကြတာ မဟုတ်ဘူးလား"

ချန်းရီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

"သောက်ရူး... ပေါက်ကရတွေ လာမပြောနဲ့... အဲဒီပစ္စည်းတွေကို ငါတို့ မယူပဘူးကွ... မင်းရဲ့ ပြည်သူ တွေကပဲ လုသွားကြတာ"

တကယ်တော့ ချန်းရီ ပြောသကဲ့သို့ပင် ဖြစ်သည်။ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး ပျောက်ကွယ်သွားပြီးနောက် ခံတပ်ထဲရှိ ရိက္ခာများ အားလုံးကို အသက်ရှင်ကျန်ရစ်သူများက လုယက်ယူငင်သွားခဲ့ကြသည်။

ချူချယ်တွင် ထိုရိက္ခာများကို ဝင်ရောက်စွက်ဖက်ရန် အကြံအစည် မရှိခဲ့ပေ။

ပထမအချက်မှာ ဤမျှ များပြားသော လူများကို ယာဉ်တန်းက မကျွေးမွေးနိုင်သဖြင့် ခံတပ်ထဲရှိ ရိက္ခာများကို သူတို့အား ခွဲဝေပေးလိုက်ခြင်းက ပို၍ ကောင်းမွန်သောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ ထိုထဲတွင် မည်သည့် ပစ္စည်းကောင်းမှ မရှိသလို ပမာဏကလည်း သိပ်မများလှသောကြောင့် ဖြစ်သည်။

တတိယအချက်မှာ အကယ်၍ အတင်းအဓမ္မ သိမ်းယူမည်ဆိုပါက ယခုမှ ဝင်ရောက်လာသော လူများက အုံကြွမှုများ ဖြစ်ပေါ်လာနိုင်ပြီး ထယ်ရှီးက နှိမ်နင်းနိုင်မည်ဆိုလျှင်ပင် အနာဂတ်တွင် ပြဿနာများ အနည်းနှင့်အများ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

ထိုအကြောင်းရင်းများစွာ ပေါင်းစပ်သွားသောအခါ ချူချယ်က ခံတပ်မှ ကျန်ရစ်ခဲ့သော ရိက္ခာများကို ဝင်မပါတော့ခြင်း ဖြစ်သည်။

"ခင်ဗျား..."

လူဝကြီး၏ မျက်နှာက နီမြန်းသွားသည်။

ချန်းရီက တဟဲဟဲ ရယ်မောလိုက်သည်။

"ဒါမှမဟုတ် ငါက မင်းရဲ့ ပြည်သူတွေကို သွားခေါ်ပေးရမလား... မင်း သူတို့ဆီကနေ ရိက္ခာတွေ သွားတောင်းကြည့်ပါလား... သူတို့ ပေးမပေးဆိုတာ"

သူ၏ ပြည်သူများဟု ဆိုသူများက သူကဲ့သို့သော ဧကရာဇ်တစ်ပါးအပေါ် ထားရှိသည့် သဘောထားမှာ သိပ်မကောင်းလှပေ။

ပြီးခဲ့သော ရက်များအတွင်း ဤသခင်နှင့် ကျွန်အပေါ် ဒေါသတကြီး စိုက်ကြည့်နေသူများကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

ယခင်က အသက်ရှင်ကျန်ရစ်သူများသည် အငြိုးနဂါးက မီးတစ်ချက်မှုတ်ရုံဖြင့် မူလ ကိုယ်ခန္ဓာ၏ "ဧကရာဇ် ကိုယ်စားလှယ်" ကို ပြာကျသွားစေခဲ့သည်ကို မြင်တွေ့ခဲ့ကြရသည်။

ဧကရာဇ်က ထိုနေရာတွင်ပင် သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ဤနှစ်ရက်အတွင်း စခန်းထဲတွင် ယခင်လူက ကိုယ်ပွားတစ်ခုသာ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

ဤလူဝကြီးကသာ အစစ်အမှန် ဖြစ်နေသည်။

ထို့ကြောင့် မူလက "အောက်ခြေလူတန်းစား" ဟု အခေါ်ခံခဲ့ရသော အသက်ရှင်ကျန်ရစ်သူများက လူဝကြီးနှင့် ရှောင်တယ်ဇီတို့အပေါ် ထားရှိသော သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

လူဝကြီး၏ မျက်နှာက အနည်းငယ် ဖြူရော်သွားသည်။ ကမ္ဘာပျက်ကပ် ခံတပ်ကားကြီး မရှိပါက သူသည် သာမန်လူတစ်ယောက်ထက် အနည်းငယ်သာ ပိုသန်မာပေလိမ့်မည်။

သူက ချူချယ်ကဲ့သို့ ကောက်ကျစ်သော မြေခွေးအိုကြီး မဟုတ်သဖြင့် ရေတွက်၍မရနိုင်သော လျှို့ဝှက်လက်နက်များလည်း မရှိပေ။

"ခင်ဗျား... ဟမ့်..."

သူက ရင့်သီးသော စကားများ ပြောဆိုရန် ကြံရွယ်ခဲ့သော်လည်း အနီရောင် တောက်ပနေသော ချန်းရီ၏ ဘယ်ဘက်မျက်လုံးကို မြင်လိုက်ရသောအခါ လူဝကြီးမှာ ဆက်ပြောမည့် စကားများကို မြိုချလိုက်ရသည်။

လူဝကြီးက လှည့်ထွက်သွားရန် ပြင်လိုက်ချိန်တွင်ပင်။

ချန်းရီက ဟဲဟဲ ဟု ရယ်မောလိုက်သည်။

"လူဝကြီး... ငါ မင်းကို ပြောပြလိုက်မယ်... အဲဒီ နဂါးအကြေးခွံကို ငါတစ်ယောက်တည်း တွေ့ခဲ့တာ မဟုတ်ဘူး... ငါတို့ ယာဉ်တန်းထဲက လူငါးယောက် အတူတူ တွေ့ခဲ့တာ"

"ဒါကြောင့် အဲဒီ နဂါးအကြေးခွံကို ငါတို့ငါးယောက်စလုံး ပိုင်တယ်"

"မင်း မုန်းချင်တယ်ဆိုရင် ကျန်တဲ့ လေးယောက်ကိုပါ အတူတူ ထည့်မုန်းဖို့ မှတ်ထားဦး"

"ဒါနဲ့... တကယ်တော့ အဲဒီ နဂါးအကြေးခွံကို ချူချယ်ဆီမှာ ထားထားတာ... ဘာပဲဖြစ်ဖြစ် သူက ခေါင်းဆောင်ဆိုတော့ ပစ္စည်းကို သူ့ဆီမှာ ထားတာ အသင့်တော်ဆုံးပဲလေ"

ချန်းရီ၏ ပဉ္စမမြောက် ဗျူဟာမှာ အခြားသူများကိုပါ ဆွဲသွင်းခြင်းပင် ဖြစ်၏။

ချူချယ်ကိုပါ လက်တည့်စမ်း၍ ရောင်းစားလိုက်ခြင်း ဖြစ်သည်။

ဤနဂါးအကြေးခွံကို အားလုံး ပိုင်ဆိုင်သည်ဟု သဘောတူထားသဖြင့် အကျိုးအမြတ် ရှိချိန်တွင် အားလုံး ခွဲဝေယူပြီး အပြစ်ကိုမူ မိမိတစ်ယောက်တည်း ခံယူ၍ မဖြစ်နိုင်ပေ။

လူဝကြီး ကြောင်သွားပြီး သူ၏ စိတ်ထဲတွင် ရွံရှာဖွယ်ကောင်းသော မျက်နှာငါးခုက ချက်ချင်း ပေါ်လာသည်။

တင်းတုံ၏ အနေရခက်မှု၊ စွန်းချန်းချန်း၏ ထိတ်လန့်မှု၊ ထယ်ရှီး၏ ရိုးသားမှု၊ ချူချယ်၏ ဟန်ဆောင်မှုများနှင့် ချန်းရီ၏ မတတ်သာမှုတို့ ဖြစ်သည်။

အထူးသဖြင့် ချူချယ်...

ဤအယောင်ဆောင် လူကြီးလူကောင်း... သောက်ခွေးကောင်။

ကောင်းတယ်... ကောင်းတယ်... အရမ်းကောင်တယ်...။

မင်းတို့ သောက်ခွေးကောင် ငါးကောင်စလုံး ငါ့ကို ဒီလို လာကစားတယ်ပေါ့လေ...

မင်းတို့...။

မင်းတို့က လူကို အရမ်း အနိုင်ကျင့်လွန်းနေပြီကွ။

ဆက်ရန်...

All Chapters