အခန်း ၂၉၉
Vol. 15 Ch. 299
အပိုင်း(၂၉၉) စားသောက်ရာတွင် ကိုယ်ပိုင်ဟန် ကိုယ်စီရှိကြသည်
"ဟေး... အရှင်မင်းကြီး... မနက်စာ စားပြီးပြီလား... အတူတူ စားကြမလား"
ချူချယ်က တောင်ပို့လေးတစ်ခုလို မောက်နေအောင် ထည့်ထားသော ပန်းကန်ကို ကိုင်ထားသည်။ သူက လူဝကြီးကို ပြုံးဖြီးဖြီးဖြင့် ကြည့်နေပြီး မျက်နှာပေါ်ရှိ အမူအရာက နူးညံ့ကြင်နာပုံ ပေါက်နေသည်။
ခေါင်းပေါ်ရှိ ပို၍ ပါးလျလာသော ဆံပင်အနည်းငယ်က သူ့ကို အနည်းငယ် ရင့်ကျက်သွားသယောင် ထင်ရစေသည်။
ထို့ကြောင့် နောက်ပြောင်ခေါ်ဝေါ်လိုက်သည့် "အရှင်မင်းကြီး" ဟူသော စကားလုံးကပင် နားခါးစရာ မကောင်းတော့ပေ။
နေရောင်အောက်တွင် ရပ်နေသော ချူချယ်ကို မည်သူမြင်မြင် "သဘောကောင်းတဲ့ ဦးလေးကြီးပါလား" ဟု ချီးကျူးမိကြမည်သာ ဖြစ်သည်။
သို့သော် လူဝကြီး၏ မျက်လုံးထဲတွင်မူ သူ့ရှေ့မှလူက သူတော်ကောင်းယောင်ဆောင်နေသော လူလိမ်တစ်ယောက်သာ ဖြစ်နေသည်။
နဂါးအကြေးခွံက သူ့လက်ထဲမှာ ရှိနေလျက်နှင့် ချန်းရီ လက်ထဲတွင် ရှိသည်ဟု လိမ်လည်ပြောဆိုခဲ့သည် မဟုတ်ပါလော။
လူဝကြီးက ချူချယ်ကို ကြည့်ရင်း တီဗီဇာတ်လမ်းတွဲများထဲမှ အနက်ရှိုင်းဆုံး ပုန်းကွယ်နေတတ်သည့် နောက်ကွယ်က ဘော့စ်ကြီး တစ်ယောက်ကဲ့သို့ ခံစားနေရသည်။
လူဝကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဟမ့်... သူတော်ကောင်းယောင်ဆောင်နေတဲ့ လူလိမ်"
စကားဆုံးသည်နှင့် ခေါင်းကို အနည်းငယ် မော့ကာ ချူချယ်ကို အထင်သေးလှောင်ပြောင်သည့် အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် လှည့်ထွက်သွားလေသည်။
ချူချယ် ကြောင်အမ်းသွားပြီးနောက် ထမင်းစားရန် ပြုံးဖြီးဖြီးဖြင့် ခပ်သုတ်သုတ် လျှောက်လာသော ချန်းရီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ချန်းရီ... မင်း ကြည့်စမ်းပါဦး... ငါတောင် မင်းကြောင့် လူဆိုးဖြစ်နေပြီ"
"အဲ့လို မဟုတ်ဘူးလေ... ခေါင်းဆောင်ချူ... မင်းက ဘယ်လို မျက်နှာပြောင်တိုက်ပြီး ပြောထွက်ရတာလဲ"
......
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ဓားကိုကိုင်ကာ ခပ်သုတ်သုတ် လျှောက်လာသည်။
ယနေ့ ဓားလေ့ကျင့်ရာတွင် အာရုံလွန်သွားသဖြင့် မနက်စာ စားချိန် လွတ်လုနီးပါး ဖြစ်သွားသောကြောင့် မြန်မြန်သွားမှ ဖြစ်တော့မည်။
ချန်းရီ ဖြစ်စေ၊ ချူချယ် ဖြစ်စေ ထိုလူနှစ်ယောက်လုံးတွင် "အမျိုးသမီးများကို ဦးစားပေးရမည်" ဟူသော အသိစိတ်မျိုး လုံးဝမရှိကြပေ။
အကယ်၍သာ နောက်ကျသွားပါက ဟင်းရည်ပင် ကျန်တော့မည် မဟုတ်ပေ။
အားလုံး တစ်ယောက်နှင့်တစ်ယောက် ပိုမို ရင်းနှီးလာကြသည်နှင့်အမျှ...
သူတို့အကြားတွင် စတင်သိကျွမ်းခါစက ရှိခဲ့သော ယဉ်ကျေးပျူငှာမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အစပိုင်းကဆိုလျှင် အားလုံးက ထမင်းစားသည့်အခါ အခြားသူများအတွက် အနည်းငယ် ချန်ထားပေးတတ်ကြသေး၏။
သို့သော် မည်သည့်အချိန်က စတင်လိုက်မှန်း မသိဘဲ "ကိုယ် တစ်လုတ်ပိုစားရရင် သူတစ်ပါး တစ်လုတ်လျော့သွားမည်" ဟူသော နားလည်မှုမျိုး အားလုံးထံတွင် အလိုလို ဖြစ်တည်လာခဲ့ကြသည်။
ထိုအလေ့အထကို မည်သူက စတင်လိုက်သနည်း ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။
ဤနေရာသို့ တွေးမိသောအခါ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ခြေလှမ်းများက ပို၍ မြန်ဆန်လာသည်။
"အယ်... အရှင်မင်းကြီး... စားပြီးသွားပြီလား"
မျက်နှာမည်းကြီးဖြင့် မျက်နှာချင်းဆိုင်မှ လျှောက်လာသော လူဝကြီးကို မြင်လိုက်ရသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တက်ကြွရွှင်လန်းစွာဖြင့် လက်ကိုမြှောက်ကာ လူဝကြီးအား နှုတ်ဆက်လိုက်၏။
လူဝကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ့အကြည့်က ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ လက်ထဲရှိ ဓားရှည်ဆီသို့ ရောက်သွားပြီးနောက် ပြောထွက်လာတော့မည့် လှောင်ပြောင်စကားများကို အတင်း မျိုချလိုက်ရသည်။
ထို့နောက် ပန်းရောင်ဆံပင်နှင့် ကောင်မလေးကို အလွန်အမင်း အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်ပြီး သူမကို ထပ်မကြည့်တော့ပေ။
ထိုအမူအရာက တကယ်ကို...
လူဝကြီးမှာ ယခုအချိန်တွင် ဤငါးယောက်အဖွဲ့ကို ကြည့်ရသည်မှာ မျက်စိနောက်နေပြီ ဖြစ်သည်။
တစ်ယောက်ချင်းစီက...
ဟန်ဆောင်ကောင်းသူတွေ... လူယုတ်မာတွေ... မျက်နှာပြောင်တိုက်လွန်းသူတွေချည်းသာ ဖြစ်နေကြသည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက အနည်းငယ် ကြောင်အမ်းသွားပြီးနောက်...
"စိတ်ဖောက်နေပြန်ပြီထင်တယ်"
ထို့နောက် ခြေလှမ်းများကို ခပ်သုတ်သုတ်နှင်ကာ ထွက်ခွာသွားသည်။
ယခုအချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ရင်ထဲ၌ စကားလုံး တစ်ခုတည်းသာ ရှိတော့သည်။
"ထမင်းစားမယ်"
ချန်းရီနှင့် ချူချယ်တို့ စားသောက်ပြီးသွားကာ သူမအတွက် ချန်မထားခဲ့မည်ကိုသာ စိတ်ပူနေမိ၏။
ထယ်ရှီးလည်း ရှိသေးသည်။
ထိုကောင်ကြီး၏ ပိုမို ကြီးထွားလာသော ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။
ခေါင်းနှစ်လုံးနှင့် လက်မောင်းလေးဖက် ပါသေး၏။
တစ်ကောင်တည်းနှင့်တင် နှစ်ယောက်စာ စားနိုင်သော လူစားမျိုး ဖြစ်သည်။
အတည်ငြိမ်ဆုံးဟု ထင်ရသော အမတင်းတုံပင်လျှင် ယခုအခါ ချန်းရီနှင့် ချူချယ်တို့၏ လမ်းမှားသို့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
အစပိုင်းက အမတင်းတုံ ယာဉ်တန်းထဲသို့ စတင်ဝင်ရောက်လာချိန်တွင်...
အားနာတတ်လွန်းသော အကျင့်ကြောင့်...
နှစ်ရက်ဆက်တိုက် ဗိုက်ဝအောင် မစားခဲ့ရပေ။
နောက်ပိုင်းတွင်တော့ အမတင်းတုံလည်း ထိုမျှလောက် ဂရုစိုက်မနေနိုင်တော့ပေ။
လုယက်စားသောက်သူများ စာရင်းထဲသို့ ပါဝင်လာခဲ့တော့သည်။
"လုယက်သည်" ဟု ပြောလျှင် အနည်းငယ် လွန်ကဲရာ ကျကောင်း ကျပေလိမ့်မည်။
သို့သော် အားလုံးက ယဉ်ကျေးပျူငှာစွာဖြင့် အပြန်အလှန် အလျှော့ပေးနေကြသည်ဟု ဆိုလျှင်လည်း လုံးဝ ယုံတမ်းစကားသက်သက်သာ ဖြစ်ပေလိမ့်မည်။
......
"ဟီးဟီး... အရှင်မင်းကြီး... စားပြီးလို့ ပြန်လာပြီလား"
မျက်နှာချင်းဆိုင်မှ လျှောက်လာသူမှာ လူသန်ငတုံးကြီး ထယ်ရှီး ဖြစ်သည်။
ထိုရိုးအဟန်ရှိသော မျက်နှာပေါ်တွင် "ရိုးသားသူ" ဟူသော စာလုံးကြီးများ အထင်းသား ရေးသားထားသကဲ့သို့ ရှိသည်။
အကယ်၍ နာရီဝက်ခန့်ကသာ ဆိုလျှင် လူဝကြီးသည် ဤကဲ့သို့သော "ရိုးသားသူ" မျိုးနှင့် ဆက်ဆံရသည်ကို အလွန် သဘောကျမိပေလိမ့်မည်။
သို့သော် ယခုတော့...
လူဝကြီးက ထယ်ရှီး၏ မျက်နှာကို ခေတ္တမျှ သေချာကြည့်ပြီးနောက် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
"ဒီကလေး... တခြားသူတွေရဲ့ လမ်းမှားပို့တာ ခံလိုက်ရပြီ... ပျက်စီးသွားပြီ... နှမြောစရာပါလား"
ထယ်ရှီးက သူ၏ လက်နှစ်ဖက်ဖြင့် နောက်စေ့ကို ကုတ်ကာ နားမလည်နိုင်သော အမူအရာဖြင့် လူဝကြီး ထွက်သွားသည်ကို ကြည့်နေတော့သည်။
လူဝကြီး နောက်ဆုံး ဆုံတွေ့ရသူမှာ ကပျာကယာ ပြေးလာသော တင်းတုံပင် ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကဲ့သို့ပင် တင်းတုံသည်လည်း မျိုးစေ့များကို ပြုစုပျိုးထောင်ရာတွင် အာရုံရောက်နေသဖြင့် အချိန်ကို မေ့သွားခဲ့ခြင်း ဖြစ်သည်။
သတိပြန်ဝင်လာချိန်တွင်မူ ပြဿနာကြီးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
အစပိုင်း ယာဉ်တန်းထဲသို့ စတင်ဝင်ရောက်လာချိန်က အားနာတတ်လွန်းသဖြင့် နှစ်ရက်ဆက်တိုက် ဗိုက်ဝအောင် မစားခဲ့ရပေ။
ထိုအတွေ့အကြုံက တင်းတုံအတွက် ယခုတိုင် အမှတ်ရနေဆဲဖြစ်ကာ ရင်ထဲထိ နာကျင်စရာကောင်းလှသည်။
မျက်နှာမည်းကြီးဖြင့် လျှောက်လာသော လူဝကြီးကို မြင်လိုက်ရသောအခါ တင်းတုံက လက်မြှောက်ကာ နှုတ်ဆက်လိုက်သည်။
"လူဝကြီး... မင်္ဂလာနံနက်ခင်းပါ"
လူဝကြီး၏ မနက်စာကို သူ၏ ကိုယ်ရံတော် မိန်းမလျာ ရှောင်တယ်ဇီ က သီးသန့် တာဝန်ယူ စီစဉ်ပေးရခြင်း ဖြစ်သည်။
ထို့ကြောင့် သူက အခြားသူများနှင့် အတူတကွ မစားသောက်ပေ။
လူဝကြီးက တင်းတုံကို မြင်လိုက်သည်။
သူ့ရင်ထဲတွင် အနည်းငယ် နာကျင်သွား၏။
ယခင်က အင်တာနက်ပေါ်တွင် စကားတစ်ခွန်း တွေ့ဖူးခဲ့သည်။ "ရိုးသားသူတွေ လိမ်ရင် အကြမ်းဆုံးပဲ" ဟူ၍။
ဤအမျိုးသမီးကို ကြည့်ရသည်မှာ အလွန် ယုံကြည်အားထားရမည့် ပုံပေါက်နေလျက်နှင့်... ဘယ်လိုဖြစ်လို့...
မိမိကိုယ်တိုင် သူမ၏ လက်ထဲတွင် နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရသည် မဟုတ်ပါလော။
လှပသော မိန်းမများက လူကို အလိမ်ဆုံးဟု အားလုံးက ပြောကြသည်။
သို့သော် သူ့ရှေ့မှ အမျိုးသမီးက လှပသည်လည်း မဟုတ်ဘဲ ရုပ်ရည်က သာမန်မျှသာ ဖြစ်နေလျက်နှင့်...
လူဝကြီးသည် လူကဲခတ်ညံ့ဖျင်းသော မိမိကိုယ်ကိုယ် အနည်းငယ် မုန်းတီးသွားမိသည်။
သူတို့နှစ်ဦး ဖြတ်လျှောက်သွားချိန်တွင် လူဝကြီးက အကြိမ်ကြိမ် သည်းခံခဲ့သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်း ထွက်သွားခဲ့သည်။
"အမတင်းတုံ... ရုပ်ရည် သာမန်ဖြစ်နေတာက အရေးမကြီးပါဘူး... စိတ်ထားလှဖို့က ပိုအရေးကြီးတာပါ"
လူဝကြီး၏ ဉာဏ်ရည်က ထိုမျှလောက်အထိ နိမ့်ကျနေ၍တော့ မဟုတ်ပေ။
သို့သော် တင်းတုံ၏ လှည့်စားခြင်းကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရသဖြင့် အချို့စကားများကို အမှန်တကယ်ပင် မြိုသိပ်မထားနိုင်တော့ခြင်း ဖြစ်သည်။
စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့စွာ စကားပြောဆိုတတ်သူများမှာ တကယ်တမ်း မိုက်မဲလွန်း၍ မဟုတ်တတ်ကြပေ။
သူတို့၏ ရင်ထဲရှိ အချို့သော စကားလုံးများကို မြိုသိပ်မထားနိုင်ကြသောကြောင့်သာ ဖြစ်သည်။
ဤတစ်ကြိမ်တွင် လူဝကြီးသည်လည်း မြိုသိပ်မထားနိုင်ခဲ့ပေ။
တင်းတုံ ခေတ္တမျှ ကြောင်အမ်းသွားပြီးနောက် သူမ၏ မျက်နှာကြွက်သားများ စတင် တွန့်လိမ်လာကာ အကြည့်များကလည်း မှိုင်းညို့လာပြီး အန္တရာယ်ပေးမည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ရှောင်တယ်ဇီက အခြေအနေ မဟန်သည်ကို မြင်သောအခါ လူဝကြီး၏ ရှေ့သို့ အလျင်စလို ဝင်ကာကွယ်လိုက်သည်။
"ခင်ဗျား... ဘာလုပ်မလို့လဲ"
"အား"
......
အစွမ်းပိုင်ရှင်များ၏ ရိက္ခာပစ္စည်းများမှာ နှိုင်းယှဉ်ချက်အရ ပို၍ ပေါများကြသည်။
သို့သော် ၎င်းမှာ နှိုင်းယှဉ်ကြည့်မှသာ ဖြစ်သည်။
ပစ္စည်းရိက္ခာ အလွန် ရှားပါးနေသော ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ကပ်ဘေးမတိုင်မီကကဲ့သို့ ပြည့်စုံလုံလောက်သော အခြေအနေမျိုး ရရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
အကယ်၍သာ လွှတ်ပေးထားပြီး စားခိုင်းလိုက်မည် ဆိုပါက ထယ်ရှီး တစ်ယောက်တည်းနှင့်ပင် ယာဉ်တန်းတစ်ခုလုံး မွဲတေသွားနိုင်ပေသည်။
ထို့ကြောင့် အားလုံး စုပေါင်း၍ ချက်ပြုတ်စားသောက်ကြပြီးနောက်...
သူတို့ ငါးယောက်အဖွဲ့အတွက် နေ့စဉ် ရိက္ခာထောက်ပံ့မှုမှာလည်း ကန့်သတ်ချက် ရှိလာသည်။
ထိုကန့်သတ်ချက်က လူတိုင်းအတွက် အသင့်အတင့် ဝလောက်စေရန်သာ အာမခံချက် ပေးနိုင်ခြင်း ဖြစ်သည်။
အသင့်အတင့် ဝရုံမျှသာ ဖြစ်ပေသည်။
ထိုသို့မဟုတ်ဘဲ အကန့်အသတ်မရှိ စားသောက်နေကြမည် ဆိုပါက မည်မျှပင် များပြားသော ရိက္ခာများဖြစ်စေ ပြုန်းတီးသွားရန် လုံလောက်မည် မဟုတ်ပေ။
အစပိုင်းကမူ အားလုံးက အနည်းငယ် အားနာနေကြသေးသဖြင့် အသင့်အတင့် စားပြီးသည်နှင့် တူများကို ချကာ ဆက်မစားကြတော့ပေ။
သို့သော် မည်သည့်အချိန်က စတင်လိုက်မှန်း မသိချေ။
သို့မဟုတ် အားလုံး တစ်ယောက်နှင့်တစ်ယောက် ပိုမို ရင်းနှီးလာကြသောကြောင့်လည်း ဖြစ်နိုင်ပေသည်။
အားလုံးမှာ ထမင်းစားရာတွင် အားနာခြင်းမျိုး သိပ်မရှိကြတော့ပေ။
သေချာသည်မှာ ထမင်းစားရာတွင် တရားမျှတမှု ရှိရန်လည်း လိုအပ်ပေသည်။
ဥပမာအားဖြင့် လူတိုင်း၏ ပန်းကန်များမှာ အရွယ်အစား အတူတူပင် ဖြစ်ရမည်။
အဘယ်ကြောင့်ဆိုသော် အစပိုင်းက ခေါင်းဆောင်ချူ ဖြစ်သူ ချူချယ်သည် ထမင်းစားရာတွင် အခွင့်ကောင်းယူပြီး ပန်းကန်လုံးအကြီးကြီး တစ်လုံးကို ယူဆောင်လာခဲ့သောကြောင့် ဖြစ်သည်။
ထို့ကြောင့်သာ ဤစည်းမျဉ်း ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သေချာသည်မှာ ဤကဲ့သို့သော စည်းမျဉ်းများအတွက်လည်း ဖြေရှင်းရန် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။
ဥပမာအားဖြင့် ချန်းရီသည် အမြဲတမ်း သူ၏ စားသောက်နှုန်းကို တိတ်တဆိတ် မြှင့်တင်တတ်ပြီး တူဖြင့် တစ်လုတ် ယူလိုက်တိုင်း ပါးစပ်ထဲရှိ အစားအစာများကို သုံးကြိမ်ထက် ပိုမဝါးဘဲ တန်းမျိုချတတ်သည်။
ထိုအချက်က သူ၏ စားသောက်နှုန်းကို များစွာ မြန်ဆန်စေခဲ့သည်။
ထမင်းတစ်ပန်းကန်မှာ များသောအားဖြင့် သုံးလေးလုတ်နှင့်တင် ကုန်သွားတတ်၏။
ချန်းရီက ထမင်းများကို တလုတ်ကြီးကြီး စားနေပြီး ပါးစပ်ထဲတွင် ထမင်းများ ပြည့်နေလျက်နှင့် နှစ်ကြိမ်မျှ ဝါးကာ ဗိုက်ထဲသို့ တန်းမျိုချလိုက်ပြီး မေးလိုက်သည်။
"တင်းတုံက ဘာလို့ မလာသေးတာလဲ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးသည်လည်း အနေအထိုင် ပုံပန်းသွင်ပြင် လုံးဝ မရှိတော့ဘဲ ထမင်းပန်းကန်ကို ကိုင်ကာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး သူမလက်ထဲရှိ ပန်းကန်ထဲတွင် ထမင်းများ အမြင့်ကြီး မောက်နေသည်။ ယနေ့ ဟင်းမှာ ဆလတ်ဥကြော်နှင့် အာလူးကြော်တို့ ဖြစ်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ ပါးနှစ်ဖက်မှာ ဟမ်းစတားကြွက်လေး တစ်ကောင်ကဲ့သို့ ဖောင်းကားနေသော်လည်း စကားပြောရန် အနည်းငယ်မျှ အနှောင့်အယှက် မဖြစ်ဘဲ ပြန်ဖြေလိုက်သည်။
"မသိဘူးလေ... ဗိုက်... ဗိုက်မဆာလို့နေမှာပေါ့"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အထူးနည်းလမ်းမှာ ဝါးသည့်နှုန်းကို မြန်ဆန်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။
ချန်းရီ တစ်ကြိမ် ဝါးမည့်အချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ငါးကြိမ် ခြောက်ကြိမ်ခန့် ဝါးနိုင်စွမ်း ရှိသည်။
ထို့ကြောင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ စားသောက်နှုန်းမှာလည်း ချန်းရီထက် သိပ်မနှေးလှပေ။
"ဟေ့ကောင် ထယ်ရှီး... မင်းက မျက်နှာပြောင်တိုက်လွန်းနေပြီ... မင်းတစ်ယောက်တည်း အဲ့လောက် အများကြီး စားနိုင်လို့လား"
အံကြိတ်ကာ ပြောလိုက်သော ချူချယ်၏ အသံ ထွက်ပေါ်လာသည်။
ချန်းရီနှင့် ပန်းရောင်ဆံပင်နှင့် ကောင်မလေးတို့ လှည့်ကြည့်လိုက်ကြသည်။
ထယ်ရှီး၏ လက်မောင်းလေးဖက်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ ပူးပေါင်းလုပ်ဆောင်နေသည်ကို မြင်လိုက်ရသည်။ တစ်ဖွဲ့က ထမင်းပန်းကန်ကို အထူး တာဝန်ယူ ကိုင်တွယ်ထားပြီး အခြားတစ်ဖွဲ့ကမူ တူကိုကိုင်ရန် အထူး တာဝန်ယူထားလေသည်။
ထယ်ရှီးနှင့် ခွန်ရှီးတို့ တစ်ပြိုင်နက်တည်း နိုးနေကြသည်။
လက်မောင်းလေးဖက်နှင့် ပါးစပ်နှစ်ပေါက်တို့ တစ်ပြိုင်နက်တည်း အလုပ်လုပ်နေကြ၏။
ဤနည်းဖြင့် ထယ်ရှီး တစ်ယောက်တည်းက လူနှစ်ယောက်စာ ပမာဏကို စားသောက်နေခြင်း ဖြစ်သည်။
ဒါက လုံးဝ စည်းကမ်းဖောက်ဖျက်ခြင်းပင် ဖြစ်သည်။
၎င်းသည် ထယ်ရှီး၏ အထူးနည်းလမ်းပင် ဖြစ်တော့သည်။
"သောက်ကျိုးနည်း... နောက်တစ်ခါဆိုရင် ထယ်ရှီးကို နှစ်ယောက်စာ ပေးခိုင်းရမယ်"
ချန်းရီက ထူးဆန်းစွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ ထမင်းစားနှုန်းကို ပိုမို မြန်ဆန်လိုက်တော့သည်။
ထယ်ရှီးက ငတုံးတစ်ယောက်လို တဟီးဟီးရယ်မောနေပြီး အခြားသူများကို လုံးဝ ဂရုမစိုက်ဘဲ ထမင်းစားရန်ကိုသာ အာရုံစိုက်နေသည်။
ချူချယ်မှာ ဒေါသထွက်လွန်း၍ အံကြိတ်ထားရပြီး ပါးနှစ်ဖက်စလုံးလည်း မောက်တက်နေကာ မျက်လုံးများပင် ပြူးထွက်လာမတတ် စိုက်ကြည့်နေတော့သည်။
သေချာသည်မှာ ခေါင်းဆောင်ချူ ဖြစ်သူ ချူချယ်တွင်လည်း အထူးနည်းလမ်း မရှိသည်တော့ မဟုတ်ပေ။
သူ၏ လက်ထဲရှိ ထမင်းပန်းကန်မှာလည်း တောင်ပို့လေးတစ်ခုကဲ့သို့ အမြင့်ကြီး မောက်နေပြီ ဖြစ်သည်။
ဆက်ရန်...