← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

Chapter 241

သူတို့နှစ်ဦးသည် စကားပြောစရာမလိုဘဲ နားလည်မှုရှိစွာဖြင့် ဖုန်းကို စပီကာဖွင့်လိုက်ကြသည်။ ချင်ယန်ဇီက ချက်ချင်းပင် ညွှန်ကြားချက်ပေးလာသည်။

___ရွှမ်းလေး… ရှန်းလေးရဲ့ အိမ်ကို အမြန်ပြန်ခဲ့။ သူ့မိဘတွေ အန္တရာယ်ရှိနေတယ်။ ဒါပေမဲ့ ရှန်းလေးကို မစိုးရိမ်ဖို့ ပြောလိုက်ပါ၊၊ သူ့မိဘတွေ ဘာမှမဖြစ်ပါဘူး။ ဆရာက ငါးမိနစ်အတွင်း ရောက်လာခဲ့မယ်၊၊

“ဆရာ။ ကျွန်တော်လည်း ဒီမှာရှိပါတယ်။ စိုးရိမ်စရာမလိုပါဘူး”

ဝမ်ရှန်းက ပြန်ဖြေလိုက်ရင်း သူ့ရင်ထဲက စိုးရိမ်စိတ်များ လျော့ပါးသွားသည်။

“ကျွန်တော် အဖေနဲ့ စကားပြောပြီးပါပြီ။ အဲ့ဒီစီနီယာက သူတို့ကို အန္တရာယ်မပြုပါဘူး။ သူက စီနီယာအစ်မကိုပဲ တွေ့ချင်တာပါ။ ‘မိတ်ဆွေဟောင်းကို ရှာဖွေရတာ အလွန်ခက်ခဲလှတယ်။ အခုတော့ ငါ တစ်ယောက်တည်း မဟုတ်တော့ဘူး။ ငါ့နှလုံးသားဟာ ပျော်ရွှင်ခြင်းနဲ့ ပြည့်နှက်နေရပြီ’ လို့ ပြောတယ်တဲ့”

ချင်ယန်ဇီက သက်ပြင်းချလိုက်ပြီး အသံကို နှိမ့်လိုက်သည်။

___အဲ့ဒီအဘိုးကြီးရဲ့ ရှေ့ဖြစ်ဟောတာက တကယ်မှန်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ၊၊

“ဘာရှေ့ဖြစ်ဟောတာလဲ ဆရာ”

___တစ်ယောက်ယောက်က မင်း စီနီယာအစ်မအတွက် ဗေဒင်ဟောပေးခဲ့ဖူးတယ်။ အဲ့ဒါကို နောက်မှ ပြောပြမယ်။ ဆရာ မင်းတို့အိမ်အောက်မှာ စောင့်နေမယ်...၊၊

ချင်ယန်ဇီက ခပ်တိုးတိုးရယ်မောလိုက်သည်။

___ခုနကပဲ ရွှေအမြုတေအဆင့် တာအိုဆရာကြီးနှစ်ယောက် အနားကပ်ဖို့ ကြိုးစားတာကို အဲ့ဒီအမျိုးသမီးရုပ်အလောင်းက လက်တစ်ချက်ဝေ့ရုံနဲ့ ရိုက်ထုတ်လိုက်တယ်လေ။ နောက်ပြီး သူတို့ရဲ့ တာအိုပညာတွေကိုပါ ပိတ်ဆို့လိုက်သေးတယ်။ ကံကောင်းလို့ မြေပြင်ပေါ် ပြုတ်ကျသွားတာ ဒဏ်ရာမရကြဘူး၊၊

ဝမ်ရှန်းလည်း ဆွံ့အသွားသည်။

ချင်ယန်ဇီ ဖုန်းချသွားပြီးနောက် မုရွှယ်က ဆက်ပြောသည်။

___တာအိုဆရာပုယန်က ပြောပြီးပြီဆိုတော့ ကျွန်မ ဖုန်းချလိုက်တော့မယ်နော်။ စိတ်မပူပါနဲ့ တာအိုဆရာဝမ်… အဲ့ဒါက အင်မော်တယ်တစ်ပါးပဲဖြစ်ရမယ်၊၊ မိစ္ဆာကျင့်ကြံသူ မဟုတ်ပါဘူး၊၊

“ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်” ဝမ်ရှန်းက ပြန်ဖြေပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။

သူက သူ့ဖခင်ထံ ဗီဒီယိုကောလ်ခေါ်ချင်သော်လည်း စိတ်လိုက်မာန်ပါမလုပ်ရဲပေ။ ထို့ကြောင့် အခြေအနေကို မေးမြန်းရန် စာတိုသာပို့လိုက်တော့သည်။

၁၀မိနစ်ကျော်ကြာမြင့်သည့် အိမ်အပြန်ခရီးက အလွန်ပင် စိတ်လှုပ်ရှားစရာကောင်းလှသည်။ မြို့ထဲသို့ဝင်ရောက်လာသည်နှင့် ရဲကားများက လမ်းရှင်းပေးသဖြင့် လမ်းကြောင်းတစ်ခုလုံးပွင့်သွားခဲ့သည်။ မောင်းနှင်နေသည့် ရဲအရာရှိမှာ အခြေအနေကို လုံးဝနားမလည်သော်လည်း အမိန့်အတိုင်း အမြန်ဆုံးနှင့် အတည်ငြိမ်ဆုံးဖြစ်အောင် မောင်းနှင်ပြီး သတ်မှတ်ထားသည့် နေရာသို့ ပို့ဆောင်ပေးခဲ့သည်။

ဝမ်ရှန်း သူတို့၏ အိမ်သစ်ရှိရာ ရပ်ကွက်သို့ ရောက်ရှိချိန်တွင် ဘေးပတ်လည်၌ ရဲကားများစွာရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ဧရိယာတစ်ခုလုံးက မှောင်မည်းနေပြီး လျှပ်စစ်မီးများမှာလည်း ဘာကြောင့်မှန်းမသိပြတ်တောက်နေ၏။

ကောင်းကင်တွင် ရဟတ်ယာဉ်တစ်စီးပျံဝဲနေပြီး ရှာဖွေရေးမီးမောင်းဖြင့် ပတ်ဝန်းကျင်ကို ထိုးပြနေသည်။ လေထဲတွင် ပျံသန်းနေသည့် မထင်မရှားလူရိပ်အချို့ကိုလည်း မြင်တွေ့နေရသည်။ ၎င်းတို့မှာ သမာဓိလမ်းစဉ်မှ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများဖြစ်ကြပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေကြခြင်းဖြစ်၏။

ယနေ့ညပြီးနောက် ရလဒ်က မည်သို့ပင်ဖြစ်စေ သူ့မိဘများ၏ သာမန်ဘဝလေးကတော့ ဘယ်တော့မှပြန်ရတော့မည် မဟုတ်ချေ။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ တိုက်အောက်သို့ ရောက်ရှိချိန်တွင် ချင်ယန်ဇီနှင့် တာအိုဆရာကြီးအချို့က အလျင်အမြန် ကြိုဆိုရန် ရောက်လာကြသည်။

“ရှန်းလေး… ရွှမ်းလေး... မကြောက်နဲ့။ ဆရာ ရှိတယ်”

“ဆရာ။ အခြေအနေဘယ်လိုလဲ”

ဝမ်ရှန်းက ဂါရဝပြုရန်ပင် မေ့လျော့ကာ အလောတကြီး မေးလိုက်သည်။

ချင်ယန်ဇီ ပြန်မဖြေရသေးမီမှာပင် သူနှင့် အခြားတာအိုဆရာကြီးများ၏ နောက်တွင် အဖြူရောင်အလင်းတန်းတစ်ခုက အသံမထွက်ပဲ လက်ခနဲပေါ်လာသည်။

ထိုအင်မော်တယ်ရုပ်အလောင်းက သူတို့ထံသို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူမတွင် လေထဲ၌ လွင့်မျောနေသည့် ရှည်လျားသော အနက်ရောင်ဆံပင်များရှိပြီး ခန္ဓာကိုယ်ဘေးတွင် နတ်ဘုရားအလင်းတန်းများဝန်းရံထားကာ အလွန်ပင်လှပလေသည်။ သူမက မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး မျက်ခုံးနှစ်ခုကြားတွင် အမည်းရောင်ချီမျှင်တစ်ခုလွင့်မျောနေ၏။

၎င်းက သေခြင်းတရား၏ အငွေ့အသက်နှင့်တူလှသည်။

“သရဲ”

မုဝမ်ရွှမ်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရင်သွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်းဖြူလျော်သွားသည်။ သူမက မူးလဲမတတ်ဖြစ်သွားပြီး ဝမ်ရှန်း၏ အင်္ကျီလက်စကို တင်းကျပ်စွာ ဆွဲကိုင်ထားလိုက်သည်။

ဝမ်ရှန်း စကားပြောရန် ပြင်ဆင်လိုက်စဉ်မှာပင် အမျိုးသမီးရုပ်အလောင်းက သူမ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ ချင်ယန်ဇီနှင့် အခြားတာအိုဆရာများမှာ ချက်ချင်းပင် လေထဲသို့ မြောက်တက်သွားပြီး အပေါ်သို့ ရိုက်ထုတ်ခြင်းခံလိုက်ရရာ မည်သူမျှ ခုခံနိုင်စွမ်းမရှိကြချေ။

သူမ၏ စွမ်းအားက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများထက် များစွာသာလွန်နေသည်။

သူမက မုဝမ်ရွှမ်းထံသို့ ဘယ်ဘက်လက်ကို ဆန့်တန်းလိုက်သောအခါ ဝမ်ရှန်းက ချက်ချင်းရှေ့သို့တက်လိုက်ပြီး သူ့လက်မောင်းများကို ဆန့်ကာ ကာကွယ်လိုက်သည်။

အမှန်တိုင်းပြောရလျှင် သူသည် မည်သည့်နေရာမှ သတ္တိများပေါ်လာမှန်း သူကိုယ်တိုင်လည်းမသိချေ။ သို့သော်ငြားလည်း သူက တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တက်ကာ မုဝမ်ရွှမ်း၏ ရှေ့တွင် ကာကွယ်ထားလိုက်ပြီး ထိုအမျိုးသမီးရုပ်အလောင်းကို မတုန်မလှုပ်စိုက်ကြည့်လိုက်သည်။

ကမ္ဘာဦးချီများကို ကမ္ဘာမြေဆီသို့ ပြန်လည်ဆင့်ခေါ်ပေးခဲ့သည့် ရှေးဟောင်းအင်မော်တယ်တစ်ပါးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူ ဂရုမစိုက်တော့ချေ။

“စီနီယာ။ တကယ်လို့ မိတ်ဆွေဟောင်းကို တွေ့ချင်တာဆိုရင် ကျွန်တော်တို့ တခြားနေရာမှာ တွေ့လို့ရမလား။ ကျွန်တော့်အိမ်က အပေါ်မှာပဲ ရှိနေပါတယ်၊၊ စီနီယာလည်း ရောက်ဖူးပြီးပြီပဲ။ စီနီယာအစ်မနဲ့အတူ အထဲကိုဝင်ပြီး စကားပြောကြတာပေါ့”

သူ့အသံက ယခုကဲ့သို့ တည်ငြိမ်နေသည်ကို မိမိကိုယ်ကိုယ်ပင် အံ့ဩနေမိသည်။

“ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့။ စီနီယာအစ်မက အရှက်အကြောက်ကြီးပြီး စီနီယာသိထားတဲ့ အရာတွေကို မှတ်မိချင်မှ မှတ်မိပါလိမ့်မယ်။ စီနီယာ လူမှားတာလည်း ဖြစ်နိုင်ပါတယ်”

သူ စကားပြောပြီးသည်နှင့် ကောင်းကင်မှ လူရိပ်အချို့က မုန့်လုံးများပြုတ်ကျသလို မြေပြင်ပေါ်သို့ အသံတိတ်ကျလာကြသည်။ သူတို့က နံရံများနှင့် ပန်းခြုံများဘေးတွင် ပုံရက်သားလဲကျနေကြ၏။

ထိုအင်မော်တယ်က သူမ၏ ဘယ်ဘက်လက်ကို အသာအယာချလိုက်သည်။ သူမ၏ မျက်လုံးများ ပိတ်ထားဆဲဖြစ်သော်လည်း သူမ၏ အကြည့်က မုဝမ်ရွှမ်းထံတွင်ရှိနေဆဲ ဖြစ်သည်ဟု ခံစားရသည်။

နောက်ဆုံးတွင် ဝမ်ရှန်း၏ စိတ်ထဲ၌ ကြည်လင်ပြီး ဆန်းကြယ်သော အသံတစ်ခု မြည်ဟည်းလာခဲ့သည်။

“နှောင့်ယှက်မိတဲ့အတွက် ခွင့်လွှတ်ပါ”

ဝမ်ရှန်းလည်း အားတင်းပြုံးလိုက်ရသည်။ ညလေပြေက ဖြတ်သန်းတိုက်ခတ်သွားရာ သူ့ကျောပြင်တစ်ခုလုံး ချွေးစေးများဖြင့် စိုရွှဲနေပြီဖြစ်ကြောင်း ရုတ်တရက်သတိပြုမိလိုက်သည်။

“ကျွန်တော့်မိဘတွေကို အပြင်ထွက်ခွင့်ပြုလို့ရမလား။ သူတို့က သာမန်လူတွေပါ၊၊ ကျင့်ကြံခြင်းမရှိကြပါဘူး”

“မလိုပါဘူး”

ထိုနူးညံ့သောအသံက ပြန်ဖြေသည်။

“ငါက ကပ်ရောဂါသယ်ဆောင်လာသူမဟုတ်ဘူး”

….

ဝမ်ရှန်း၏ မိဘများနေထိုင်ရာရပ်ကွက်ဝန်းကျင်သို့ လူများတစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာကြသည်။

အချို့မှာ အထူးဖိတ်ကြားထားသည့် ကျင့်ကြံခြင်းလောကမှ ပညာရှင်များဖြစ်ပြီး အချို့မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ နည်းပြများဖြစ်ကြသည်။ ထို့ပြင် ဆံပင်ဖြူနှင့် တင်းမာသောမျက်နှာထားများရှိကြသည့် အကျီအဖြူဝတ်သုတေသီတစ်ဒါဇင်ကျော်လည်း ပါဝင်သည်။

သုတေသနဌာနက ထိုအမျိုးသမီးရုပ်အလောင်းကို လေ့လာနေသည်မှာကြာပြီဖြစ်သော်လည်း တိုက်ရိုက်ဆက်သွယ်ရန် နည်းလမ်းမရှိခဲ့ပေ။ သို့သော် ယနေ့တွင်မူ ၎င်းတို့သည် နောက်ဆုံး၌ အောင်မြင်မှုလမ်းစကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။

ထိုအမျိုးသမီးအင်မော်တယ်သည် ရွှေအမြုတေအဆင့်နှင့် ပုံရိပ်ယောင်အမြုတေအဆင့် ကျင့်ကြံသူအချို့၏ တာအိုပညာရပ်များကို ပိတ်ဆို့ထားခဲ့ပြီး “ထွက်သွား” ဟူသော စကားတစ်ခွန်းတည်းဖြင့် ၎င်းတို့အနက်မှ နှစ်ဦးကို မောင်းထုတ်ခဲ့သည်။

အကယ်၍ ထိုကျင့်ကြံသူများသည် ခဏအကြာတွင် မိမိဘာသာပြန်မထလာပါက သုတေသီများက ၎င်းတို့ကို သုတေသနနမူနာအဖြစ် အဖွဲ့အသီးသီးသို့ ပြန်လည်ယူဆောင်သွားရန် အလေးအနက် စဉ်းစားမိကြပေလိမ့်မည်။

ဝမ်ရှန်း၏ အိမ်အတွင်း၌…

ဝမ်ရှန်း၏ ဖခင်သည် လသာဆောင်မှ အပေါက်ကို သစ်သားပြားများဖြင့် ယာယီပိတ်ထားသဖြင့် အေးစက်သောလေပြင်းများက တိုးမဝင်နိုင်တော့ပေ။

ဝမ်ရှန်းက ကုလားထိုင်တစ်လုံးကို နတ်ဘုရားဘွဲ့ပန်းချီကားအနီးသို့ ရွှေ့လိုက်ပြီး အမျိုးသမီးအင်မော်တယ်ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ ထိုနေရာရှိ ဖယောင်းတိုင်နှစ်တိုင်ကြောင့် မီးပျက်နေစဉ်အတွင်း အိမ်၌ အလင်းဆုံးနေရာဖြစ်နေသည်။ ကပ်ရောဂါနတ်ဘုရားမဟုတ်သည့် အမျိုးသမီးဧည့်သည်အတွက်မူ ထိုနေရာသည် အတော်ပင် သင့်တော်လှသည်။

အိမ်ထဲသို့ ရောက်ရှိလာကတည်းက အမျိုးသမီးရုပ်အလောင်းသည် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူမသည် မျက်လုံးများကိုသာ မှိတ်ထားပြီး မုဝမ်ရွှမ်း၏ ရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

မုဝမ်ရွှမ်းသည် သရဲကြောက်တတ်သူဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အမျိုးသမီးရုပ်အလောင်းကို နတ်ဘုရားအလင်းတန်းများဝန်းရံထားသည်ကို သိနိုင်သော်လည်း ထိုအမျိုးသမီးသည် အသက်ရှင်နေသူတစ်ဦးမဟုတ်ကြောင်းကိုလည်း သူမ ခွဲခြားနိုင်ခဲ့သည်။ သူမသည် အကြိမ်အတော်များများ ထွက်ပြေးချင်စိတ်ပေါက်နေခဲ့သည်။

သို့သော်လည်း ၎င်းတို့ဧည့်သည်၏ တည်ရှိမှုသည် ပုံမှန်ထက် ထူးခြားစွာ အစွမ်းထက်နေပြီး ဝမ်ရှန်း၏ မိဘများမှာလည်း အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သူမသိရှိထားသည်။ ထို့ကြောင့် သူမလည်း အံကြိတ်ကာ ဝမ်ရှန်း၏ နောက်မှ ထပ်ကြပ်မကွာလိုက်ပါရန်သာ ရွေးချယ်ခဲ့သည်။ သူမ၏ လက်ချောင်းများသည် ဝမ်ရှန်း၏ အကျီစကို တစက္ကန့်ပင် မလွှတ်ခဲ့ပေ။

၎င်းတို့သည် ဆယ်မိနစ်ကျော်မျှ တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။

ထိုအမျိုးသမီးရုပ်အလောင်းသည် မုဝမ်ရွှမ်းနှင့် စိတ်ချင်းဆက်သွယ်နေမနေကို မသိသဖြင့် ဝမ်ရှန်းက မေးလိုက်သည်၊၊

“စီနီယာ ကျွန်တော့်ရဲ့ စီနီယာအစ်မကို ပြောစရာရှိလို့လား… သူမက စကားအများကြီးမပြောနိုင်လို့ စာရေးတာ ဒါမှမဟုတ် ပုံဆွဲတာမျိုးနဲ့ပဲ ဖော်ပြတတ်လို့ပါ”

အမျိုးသမီးရုပ်အလောင်းက သူမ၏လည်ပင်းကို အသာအယာမော့လိုက်ရာ သူမ၏ နတ်ဘုရားဆန်သောအသံသည် ၎င်းတို့၏ စိတ်အာရုံထဲ၌ တီးတိုးရေရွတ်သံကဲ့သို့ တစ်ဖန်ပဲ့တင်ထပ်လာပြန်သည်။

“သူမရဲ့ နတ်ဝိညာဥ်က ပျက်စီးသွားလို့ လမ်းစဥ်(၆)သွယ်သံသရာစက်ဝန်းကတောင် အပြည့်အဝမကုသနိုင်ခဲ့တာလား”

ဝမ်ရှန်းက စကားဝိုင်းကို လမ်းကြောင်းပြောင်းရန် ကြိုးစားရင်း မဝံ့မရဲမေးလိုက်သည်၊၊

“စီနီယာ ကျွန်တော့် စီနီယာအစ်မရဲ့ နတ်ဝိညာဥ်က ဘယ်လိုဖြစ်ပြီးပျက်စီးသွားရတာလဲ”

သူမ၏မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော်လည်း အမျိုးသမီးရုပ်အလောင်းသည် မနှစ်မြို့ဖွယ်မှတ်ဉာဏ်အချို့ကို ပြန်တွေးမိသကဲ့သို့ သူမ၏ မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်သည်။ သူမ၏ ဘေးပတ်လည်ရှိ နတ်ဘုရားအလင်းတန်းသည်လည်း သိသိသာသာမှေးမှိန်သွားခဲ့သည်။ သူမက ပြန်ဖြေခြင်းမရှိဘဲ မုဝမ်ရွှမ်းကိုသာ စိုက်ကြည့်နေခဲ့သည်။

ဝမ်ရှန်း ဆက်မမေးရဲတော့သဖြင့် ကိုယ်မတ်ထိုင်ကာ စကားပြောရန် နောက်ထပ်အခွင့်အရေးကိုသာ စောင့်ဆိုင်းနေလိုက်သည်။

ငါတို့ တစ်ညလုံး ဒီတိုင်းထိုင်နေကြရမှာလား…၊၊

အမျိုးသမီးရုပ်အလောင်းနှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီးနောက် ဝမ်ရှန်းသည် သိမ်မွေ့သော ပုံမှန်မဟုတ်မှုတစ်ခုကို သတိပြုမိလာသည်။ ထိုအမျိုးသမီးရုပ်အလောင်း၌ အသက်စွမ်းအင်မရှိတော့ပေ။ သူမ၏ မျက်ခုံးနှစ်ခုကြားရှိ သေခြင်းတရားအရှိန်အဝါသည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။ သူမ၏ နတ်ဘုရားခန္ဓာကိုယ်သည် ပျက်စီးသွားခဲ့သည်မှာကြာပြီဖြစ်သော်လည်း နတ်ဘုရားဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကမူ ကျန်ရှိနေဆဲဖြစ်ပုံရသည်။ မပျက်စီးနိုင်ဘဲ ခန္ဓာကိုယ်အတွင်း၌ ဆက်လက်ကိန်းအောင်းနေခြင်းပင်။

အကယ်၍ သူမရဲ့ နတ်ဘုရားဝိညာဥ်က နိုးထလာခဲ့ပြီဆိုလျှင် နတ်ဘုရားခန္ဓာကိုယ်က ဘယလို့အသက်ပြန်မရှင်လာရတာလဲ။

ဝမ်ရှန်း အများကြီးမမေးဝံ့ပေ။ သူသည် မုဝမ်ရွှမ်း၏ ရှေ့တွင် ငြိမ်သက်စွာထိုင်ရင်း ထိုဖြစ်တည်မှုကို ရင်ဆိုင်နေခဲ့သည်။ ၎င်းတို့သည် ယဉ်ကျေးပျူငှာစွာနှင့် ပြဿနာမဖြစ်အောင် သတိထားနေကြ၏။

အပြင်ဘက်တွင်မူ အေးစက်သော လေပြင်းများက အော်ဟစ်မြည်တမ်းနေသည်။ ဤနှစ်သစ်ကူးနေ့သည် တကယ်ကို ထူးခြားလှသည်။

Chapter 242

အိပ်ခန်းမကြီးထဲတွင်မူ ကိုယ်ဝန်ဆောင်ဇနီးသည်ကို အဖော်ပြုပေးနေသည့် ဝမ်ရှန်း၏ ဖခင်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားခဲ့လေပြီ၊၊

တိုက်ခန်းတစ်ခုချင်းစီ၏ အပြင်ဘက်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် သန်းခေါင်ယံအချိန်ဖြစ်ပြီး မီးပျက်နေဆဲဖြစ်သောကြောင့် လူအနည်းငယ်သာသွားလာလှုပ်ရှားနေကြသည်။

တိုက်ခန်းအပြင်ဘက်တွင် လူများ ပိုမိုစုဝေးလာကြသော်လည်း ထိုဧရိယာတစ်ခုလုံးသည် အလွန်အမင်းတိတ်ဆိတ်နေသည်။

နောက်ဆုံးတွင် တိတ်ဆိတ်စွာ တစ်နာရီမျှထိုင်နေပြီးနောက် အမျိုးသမီးရုပ်အလောင်းသည် စိတ်ချင်းဆက်သွယ်နည်းဖြင့် ထပ်မံစကားပြောလာသည်။

“ဒီဘဝမှာ သူမရဲ့ နာမည်က ဘာလဲ”

“ဝမ်ရွှမ်းပါ”

ဝမ်ရှန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။ သူက လေထဲတွင် လက်ညှိုးကို အသာအယာဝှေ့ယမ်းကာ မုဝမ်ရွှမ်း၏ နာမည်ကို ရေးသားလိုက်သည်။

“စီနီယာ ခုနက ဖိနှိမ်လိုက်တဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဆရာက ဒီနာမည်ကို ပေးခဲ့တာပါ။ စီနီယာအစ်မက ငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့ပြီး အသက်တိုမယ့် လက္ခဏာတွေ ရှိခဲ့ပါတယ်။ ဆရာက သူမကို ကယ်တင်ဖို့ ၁၇နှစ်လုံးလုံး နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တာပါ”

အမျိုးသမီးရုပ်အလောင်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ သူမသည် တစ်ဖန်တိတ်ဆိတ်မသွားဘဲ သူမ၏ အတွေးများကို ဆက်သွယ်ပြောဆိုလာခဲ့သည်။ သူမ၏ အတွေးများကို ရှေးဟောင်းစကားလုံးများဖြင့် ပေးပို့ခဲ့သော်လည်း ဝမ်ရှန်းကမူ ခေတ်သစ်စကားလုံးများဖြင့် နားလည်ခဲ့သည်။

“ငါ မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”

အမျိုးသမီးရုပ်အလောင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။

“ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ။ ဘာပဲဖြစ်ဖြစ် သူမက ကျွန်တော့်ရဲ့ စီနီယာအစ်မဖြစ်ပြီး ဆရာ့ရဲ့ အချစ်ဆုံးတပည့်လည်းဖြစ်နေလို့ပါ”

“အင်းးး” အမျိုးသမီးရုပ်အလောင်းက တစ်စုံတစ်ခုကို သတိရသွားပုံရသည်။

ညည်းတွားသံသဲ့သဲ့သည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထို့နောက် ၎င်းတို့သည် ကာလကြာရှည်စွာ ဝေးကွာခဲ့ရသော မိတ်ဆွေဟောင်းများ၏ စိတ်ပျက်အားငယ်မှုနှင့် အထီးကျန်ဆန်မှုများ ပြည့်နှက်နေသည့် ဝမ်းနည်းဖွယ်စိတ်အာရုံတစ်ခုထဲသို့ ရုတ်တရက် ဆွဲသွင်းခြင်းခံလိုက်ရသည်။

၎င်းတွင် ဆောင်းဦး၏ အအေးဓာတ်ကဲ့သို့ သိမ်မွေ့ပြီး ဖော်မပြနိုင်သော ဝမ်းနည်းမှု၊ လက်ချောင်းများကြားမှ လျှောကျသွားသော ဆံပင်မျှင်များကဲ့သို့ ခါးသီးမှုအစအန၊ စိတ်သက်သာရာရမှုအနည်းငယ်၊ ပျော်ရွှင်မှုအနည်းငယ်နှင့် မျှော်လင့်ချက်အနည်းငယ်တို့ ရောပြွမ်းနေသည်။

“သူမ ဒီနေရာကို ပြန်လာနိုင်ခဲ့ပြီဆိုတော့ ငါ့ရဲ့ အခြားတာအိုမိတ်ဆွေတွေလည်း ပြန်လာကြလိမ့်မယ် ထင်တယ်။ ငါ့ရဲ့ အချိန်တွေက ကုန်ဆုံးလုနီးပါးဖြစ်နေပြီ။ အခြားလူတွေကို ငါ ရှာဖွေနိုင်ပါဦးမလား မသိဘူး”

ဝမ်ရှန်းက မေးလိုက်သည်၊၊

“စီနီယာ ကျွန်တော့်ရဲ့ စီနီယာအစ်မနဲ့ စီနီယာတို့က အတိတ်ဘဝက သိခဲ့ကြတာလား...”

အမျိုးသမီးရုပ်အလောင်း၏ နောက်ထပ်အတွေးတွင် တင်းမာမှုအချို့ပါဝင်နေသည်။

“အများကြီးသိတာက မင်းအတွက်အကျိုးမရှိဘူး”

“အိုး” ဝမ်ရှန်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ထားတော့သည်။

ထိုအချိန်တွင် မုဝမ်ရွှမ်းသည် သူမ၏ လက်ကလေးကို မြှောက်ကာ ဖုန်းကို ကိုင်လိုက်သည်။ သူမသည် စတစ်ကာများ၏ စွမ်းအားကို ထပ်မံအသုံးပြုလိုက်ပြန်သည်။ စိုးရိပ်ပူပန်မှု သို့မဟုတ် မေးခွန်းထုတ်စရာများစွာဖြင့် ခေါင်းစောင်းနေသော ကာတွန်းရုပ်ပုံလေးသည် ဝမ်ရှန်းက ရှင်းပြပေးရန်မလိုဘဲ အမျိုးသမီးရုပ်အလောင်း နားလည်နိုင်ရန် လုံလောက်လှသည်။

အမျိုးသမီးရုပ်အလောင်းက နောက်ထပ်အတွေးတစ်ခုကို ပေးပို့လိုက်သည်။ သူမ၏ လေသံသည် တင်းမာရာမှ ရုတ်တရက် အလွန်သိမ်မွေ့သွားခဲ့သည်။ ၎င်းသည် လေသံကျယ်ကျယ်ပြောပါက မုဝမ်ရွှမ်းကို ထိတ်လန့်သွားစေမည်ကို စိုးရိမ်နေသည့်အလားပင်။

“ဒီကိစ္စက ဒီလောကအတွက် အလွန်အရေးကြီးတယ်၊၊ ဒါပေမဲ့ မင်းအနေနဲ့ ဒီဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားဖို့မလိုပါဘူး။ ငါ ကောင်းကင်ချီစွမ်းအင်ချိတ်စည်းကိုဖယ်ရှားလိုက်တာက ဒီနတ်ဘုရားခန္ဓာကိုယ်ပေါ်မှာ ကျန်ရစ်ခဲ့တဲ့ တာအိုအမွေအနှစ်တွေ ရှိနေသေးတာကို ခံစားမိလို့ပဲ။ ဒီလောကက အတော်အတန် ငြိမ်းချမ်းနေတာမို့လို့ အနာဂတ်ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ”

ဝမ်ရှန်း ရင်ထဲ၌ ညည်းတွားလိုက်မိသည်။

ငါက အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်ပဲလေ… ဒါပေမယ့် အခုတော့ ဒီလိုဒေါသကြီးတဲ့ စီနီယာတစ်ယောက်နှင့် ရင်ဆိုင်နေရတယ်တဲ့လား…၊၊

သူမသည် တစ်ကြိမ်သေဆုံးခဲ့ဖူးသည်ဖြစ်ရာ ဒေါသအနည်းငယ်ရှိနေခြင်းမှာ သဘာဝကျပါသည်။

“မင်းက ကျင့်ကြံဖို့အတွက် လုတုံပင်းရဲ့ သန့်စင်ယင်အင်မော်တယ်မန္တန်ကို အသုံးပြုနေပုံရတယ်။ အဲဒါက အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ။ အတိတ်ဘဝတုန်းကတော့ အစ်မကြီး... မင်းက လုတုံပင်းကို ကျင့်ကြံခြင်းလမ်းစဉ်မှာ လမ်းပြပေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ မင်းက အဲဒီလိုပေါ့ပြက်ပြက်ကောင်ရဲ့ သိုင်းပညာတွေကို လေ့ကျင့်နေရတယ်ပေါ့”

အစ်မကြီး… စီနီယာက ညီအစ်မရင်းတွေဖြစ်လို့ခေါ်တာမဟုတ်ဘဲ ချစ်စနိုးနဲ့ခေါ်တာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ သူမက ဘိုးဘေးလုကို ပေါ့ပြက်ပြက်ကောင်လို့ ခေါ်လိုက်တာလား။ ငါတို့ရဲ့ ဘိုးဘေးက သူမအပေါ် မသင့်တော်တာတွေ လုပ်ခဲ့ဖူးလို့လားပဲ…၊၊

ဝမ်ရှန်းလည်း အတွေးနယ်ချဲ့မိသွားလေ၏၊၊ သူ၏ စိတ်ထဲ၌ မြင့်မြတ်လှသော ဂိုဏ်းဘိုးဘေး၏ ပုံရိပ်သည် အနည်းငယ်အက်ကွဲသွားခဲ့သည်။ သူက လေသံတိုးတိုးဖြင့် မေးလိုက်သည်၊၊

“စီနီယာ…. စီနီယာအစ်မရဲ့ အတိတ်ဘဝက တကယ်ပဲ ဘယ်သူလဲ”

မုဝမ်ရွှမ်းက သူ့ကို အသာပုတ်လိုက်သည်။ ဝမ်ရှန်း လှည့်ကြည့်လိုက်သောအခါ သူမသည် မျက်မှောင်ကြုတ်ထားပြီး သူ၏မေးခွန်းကြောင့် စိတ်ခံစားချက်မကောင်းဖြစ်သွားပုံရသည်။

သူမသည် သူမကိုယ်တိုင်သာဖြစ်ပြီး အခြားသူမဟုတ်ပေ။

ဝမ်ရှန်းလည်း ကိုးရိုးကားရားပြုံးလိုက်ကာ “ကျွန်တော် နည်းနည်းစပ်စုမိသွားတာပါ။ စိတ်မဆိုးပါနဲ့”

သူ၏ စီနီယာအစ်မက အနည်းငယ် နှုတ်ခမ်းစူသွားချိန်တွင် အမျိုးသမီးရုပ်အလောင်းကမူ ၎င်းတို့၏ စိတ်ထဲ၌ သဘောကျစွာ ရယ်မောလိုက်သည်။

သူမသည် သိမ်မွေ့စွာ ပြောလာခဲ့သည်။

“အတိတ်က အရာတွေက ကုန်လွန်သွားခဲ့ပါပြီ။ မိတ်ဟောင်းဆွေဟောင်းတွေ ကွယ်လွန်ကုန်ကြပြီး ဘဝသစ်တစ်ခု စတင်ခဲ့ပြီ။ အတိတ်က အရာတွေကို ဘာကြောင့် ဖက်တွယ်ထားရမှာလဲ။ အတိတ်ဘဝမှာ သူမက ကောင်းကင်ဘုံတစ်ခုလုံးက အားကျရတဲ့ ပြိုင်ဘက်ကင်းနတ်သမီးတစ်ပါးဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့ သူမက လူ့လောကထဲက တာအိုရှာဖွေသူ ဝမ်ရွှမ်းပဲဖြစ်တယ်”

“မင်းတို့နှစ်ယောက်လုံးက ကျင့်ကြံခြင်းလမ်းစဉ်ကို အခုမှခြေချရုံပဲရှိသေးတယ်။ အဲဒါကိုပဲ အရင်အာရုံစိုက်ပါ။ နတ်ဘုရားလမ်းစဉ်ထဲကို ရောက်သွားပြီဆိုရင် မင်းတို့လိုချင်တဲ့ အဖြေတွေကို ရှာဖွေနိုင်ပါလိမ့်မယ်။ မင်းတို့ရဲ့ သံသယတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့အရာတွေက လနန်းတော်ထဲမှာရှိတယ်”

“ဒါပေမဲ့ အဲဒီလူသားတွေကို လနန်းတော်ကို စူးစမ်းဖို့ သူတို့ရဲ့ နည်းလမ်းတွေကို ထပ်မသုံးဖို့ ပြောလိုက်ပါ။ နတ်ဘုရားတွေဖြစ်မလာမချင်း သူတို့ ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။ ဒီကမ္ဘာဂြိုဟ်ပေါ်မှာ ငါတို့ချန်ထားခဲ့တဲ့ အစီအရင်အကြွင်းအကျန်တွေရှိနေသေးတယ်။ အပြင်ဘက်က ကောင်းကင်ဘုံလှည့်စားခြင်းအစီအရင်ကို တိုက်ရိုက်မဝင်တိုက်မိမချင်း ဒီနေရာမှာ အခြားကမ္ဘာတစ်ခုဖုံးကွယ်နေသေးတယ်ဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး”

အမျိုးသမီးရုပ်အလောင်း၏ နှုတ်ခမ်းများသည် နောက်ဆုံး၌ အနည်းငယ်ပွင့်ဟလာပြီး သက်ပြင်းသဲ့သဲ့ချလိုက်သည်။

မုဝမ်ရွှမ်းသည် ခေါင်းငုံ့ကာ သူမ၏ဖုန်းပေါ်တွင် တစ်စုံတစ်ခုကို အမြန်ရိုက်နှိပ်ပြီး ဝမ်ရှန်းကိုပြလိုက်သည်။

ဝမ်ရှန်းက “ကျွန်တော့် စီနီယာအစ်မက စီနီယာရဲ့ မူလခန္ဓာကိုယ်ကို ပြန်ရနိုင်မလားလို့ မေးချင်တာပါ”

အမျိုးသမီးရုပ်အလောင်းသည် အနည်းငယ်ပြုံးလိုက်သည်။ သူမ၏ အလှတရားသည် နတ်ဘုရားဆန်လှသော်လည်း လှုပ်ရှားနေသော ဖယောင်းတိုင်အလင်းနှင့် သူမကို ဖုံးလွှမ်းထားသည့် သေခြင်းတရားအရှိန်အဝါအောက်တွင်မူ သူမ၏ အပြုံးသည် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းနေသည်။

“ဒါက ငါ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ၊ယ အစောကြီးကတည်းက ပျက်ပြယ်သွားခဲ့သင့်တာဖြစ်ပေမဲ့ တစ်ယောက်ယောက်များအသက်ရှင်ကျန်ရစ်မလားဆိုတာသိချင်တဲ့ စိတ်ဆန္ဒကြောင့် မပျောက်ကွယ်ဘဲ ကျန်နေခဲ့တာပါ”

ဝမ်ရှန်းက ခဏမျှ စဉ်းစားပြီးနောက် “စီနီယာ့ကို ကူညီဖို့ ကျွန်တော်လုပ်ပေးနိုင်တာမျိုးရှိမလား”

“ငါ့ရဲ့ ဆရာကပဲ ငါ့အတွက် နတ်ဘုရားခန္ဓာကိုယ်ကို ပြန်လည်ဖန်တီးပေးနိုင်မှာပါ၊၊ ဒါပေမဲ့ သူအသက်ရှင်သေးရဲ့လားဆိုတာတောင် ငါ မသေချာဘူး။ မင်းလား… မင်းက နှစ်ပေါင်းသောင်းချီလောက်ကျင့်ကြံပြီးရင်တော့ ငါ့ကို ကူညီကောင်းကူညီနိုင်လိမ့်မယ်။ အခုအချိန်မှာတော့ မင်း ငါ့ကို မကူညီနိုင်သေးပါဘူး”

သူမ၏ လေသံသည် အတော်ပင် သိမ်မွေ့သော်လည်း စကားလုံးများအကြား၌ သူသည် အားနည်းလွန်းနေသေးကြောင်း ရှင်းလင်းစွာဖော်ပြနေသည်။

ထိုအမျိုးသမီးသည် ခဏမျှ ပြန်လည်တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူမသည် လက်ကို မြှောက်ကာ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို အသာအယာညွှန်ပြလိုက်ပြီး ၎င်းတို့ထံသို့ နတ်ဘုရားအလင်းတန်းနှစ်ခုပေးပို့လိုက်သည်။

၎င်းတို့၏ စိတ်ထဲ၌ တာအိုနှင့် ပတ်သက်သည့် ဉာဏ်အလင်းများထွက်ပေါ်လာခဲ့သည်—သူမသည် ၎င်းတို့၏ ကျင့်ကြံခြင်းအတွက် ရည်ရွယ်ချက်ရှိရှိလမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။

ဝမ်ရှန်း၏ ကိုယ်အတွင်းမှ ဓားမြည်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဓားအလင်းတန်းသည် သူမ ပေးခဲ့သော ဉာဏ်အလင်းအားလုံးကို ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။

“အို”

အမျိုးသမီးရုပ်အလောင်း၏ အတွင်းစိတ်က လှုပ်ရှားသွားခဲ့သည်။

“ငါ အရင်က သတိမထားမိခဲ့ဘူး၊၊ မင်းက လုတုံပင်းရဲ့ သန့်စင်ယန်အင်မော်တယ်မန္တန်ကို ကျင့်ကြံပြီး ဇီဝေဧကရာဇ်ရဲ့ ကောင်းကင်ဇီဝေဓားသိုင်းကိုပါ လေ့ကျင့်ထားတာလား။ အတော်ထူးဆန်းတယ်”

မုဝမ်ရွှမ်းသည် သူမ၏ မျက်လုံးများကို ညင်သာစွာပိတ်ထားပြီး နက်ရှိုင်းသော ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ယင်ယန်ချီများက သူမ၏ ဘေးပတ်လည်၌ ဖြည်းညှင်းစွာ လှည့်ပတ်နေသည်။

အမျိုးသမီးရုပ်အလောင်းက အနီးသို့မျောလွင့်လာခဲ့သည်။ ဝမ်ရှန်းသည် မျက်မှောင်အနည်းငယ်ကြုတ်မိသော်လည်း ယခုအကြိမ်တွင် သူမ၏နှလုံးသားထဲမှ နက်ရှိုင်းသောခံစားချက်နှင့် တွန့်ဆုတ်မှုများကို ခံစားမိသောကြောင့် ဘေးသို့ ဖယ်ပေးလိုက်သည်။

အမျိုးသမီးရုပ်အလောင်းသည် မုဝမ်ရွှမ်း၏ ပါးပြင်ဆီသို့ သူမ၏ သွယ်လျပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော လက်ကို ဆန့်လိုက်သည်။ သို့သော် သူမသည် တုန်လှုပ်သွားဟန်ဖြင့် ရပ်တန့်သွားပြီးနောက် တိတ်ဆိတ်စွာပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ဝမ်ရှန်းဘက်သို့လှည့်လာပြီး သူ၏ အတွေးများကို ဖောက်မြင်နိုင်သကဲ့သို့ စူးရှသောအကြည့်များ သူ၏အပေါ်သို့ကျရောက်လာသည်ကို ဝမ်ရှန်း ချက်ချင်းခံစားလိုက်ရသည်။

သို့သော်လည်း ဝမ်ရှန်းက တည်ငြိမ်စွာသာ ရပ်နေပြီး သူ၏မျက်နှာအမူယာမှာလည်း တည်ငြိမ်နေခဲ့သည်။

အမျိုးသမီးရုပ်အလောင်းက ဆက်ပြောသည်၊၊

“သူမကို ကာကွယ်ဖို့ မင်းရဲ့ ကောင်းကင်ဇီဝေဓားသိုင်းကို အသုံးပြုပါ။ အချိန်တန်ရင် မင်းအတွက် အကျိုးကျေးဇူးရှိလိမ့်မယ်”

ဝမ်ရှန်းကမူ ပြုံးရုံသာ ပြုံးလိုက်သည်။

“ငါ့ရဲ့ ဆန္ဒပြည့်ဝသွားပါပြီ။ အခု ငါ ဒီလောကမှာ ကျန်ရစ်ခဲ့တဲ့ ပြန်လည်ဝင်စားခြင်းသံသရာကျောက်တုံးကို သွားစစ်ဆေးရမယ်။ အဲဒါသာ ပျက်စီးမသွားသေးရင် ငါ့အတွက် မျှော်လင့်ချက်နည်းနည်းရှိနိုင်သေးတယ်။ နောက်ပိုင်း သူမကို ငါ့အတွက် စိတ်မပူစေနဲ့။ သူမ မေးရင် ငါ သံသရာထဲဝင်သွားပြီလို့ပဲ ပြောလိုက်ပါ”

အကယ်၍ သူမသာ မျက်လုံးဖွင့်နိုင်ခဲ့လျှင် ယခု မုဝမ်ရွှမ်းကို ကြည့်သော သူမ၏ အကြည့်များသည် လွမ်းဆွတ်မှုနှင့် တွန့်ဆုတ်မှုများဖြင့် ပြည့်နှက်နေလိမ့်မည်မှာ သေချာသည်။ ကံမကောင်းစွာဖြင့် သူမ မလုပ်နိုင်ခဲ့ပေ။ သူမသည် မုဝမ်ရွှမ်းနှင့် မျက်နှာချင်းဆိုင်လျက် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားဆဲဖြစ်သည်။ ချက်ချင်းဆိုသလို သူမသည် နောက်သို့ ခြေလှမ်းတစ်ဝက်ဆုတ်ကာ အခန်းထဲမှ ပျောက်ကွယ်သွားပြီး လသာဆောင်တွင် ပြန်လည်ပေါ်လာခဲ့သည်။

မိုးမြေလွတ်မြောက်ခြင်းအတတ်—စစ်မှန်သောအင်မော်တယ်တစ်ပါး၏ အတတ်ပညာဖြစ်သည်။

ဝမ်ရှန်းလည်း ရှေ့သို့ အလျင်အမြန်တိုးသွားပြီး ခေါ်လိုက်သည်၊၊

“စီနီယာ”

အမျိုးသမီးရုပ်အလောင်းက လှည့်မကြည့်ခဲ့ပေ။ သူမ၏ ဆံပင်ရှည်များသည် နောက်ဘက်တွင် မျောလွင့်နေသည်။ သူမ၏ လက်တစ်ဖက်ကို ရှေ့တွင် အသာအယာမြှောက်ကာ သူမ၏ ဘေးပတ်လည်၌ နတ်ဘုရားအလင်းတန်းများ တောက်ပလျက် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

ဝမ်ရှန်း လုံးဝတိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

သူမက ဘာလို့ ဒီလောက်အလောတကြီးထွက်သွားတာလဲ… ၊၊

မိစ္ဆာကျင့်ကြံသူများက လက်ရှိတွင် သူ့၏ စီနီယာအစ်မကို ခြိမ်းခြောက်နေကြောင်း ပြောပြရန်ပင် အခွင့်အရေးမရခဲ့ချေ။

ထားလိုက်ပါတော့။ စီနီယာအစ်မကို ငါပဲ ကာကွယ်တော့မယ်။

ထိုအမျိုးသမီးအင်မော်တယ်သည် ဝိညာဉ်အကြွင်းအကျန်မျှသာဖြစ်သောကြောင့် ကျင့်ကြံသူများ၏ ကိစ္စရပ်များကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။

သူမက အတော်လေး... အားကိုးမရတဲ့သူပဲ။

All Chapters