← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

Chapter 245

ကမ္ဘာမြေ၏ ချီစွမ်းအင်များ ပြန်လည်ရောက်ရှိလာခြင်းမှာမူ အမျိုးသမီးရုပ်အလောင်းက ကောင်းကင်ချီစွမ်းအင်ချိတ်စည်းကို ဖွင့်လှစ်ခဲ့သောကြောင့် ဖြစ်ပုံရသည်။ ၎င်း၏ အမည်ကို အခြေခံ၍ တွေးတောကြည့်လျှင် မြေကြီးချီစွမ်းအင်ချိတ်စည်းနှင့် လူသားချီစွမ်းအင်ချိတ်စည်းတို့လည်းရှိနေနိုင်သေးသည်။ ထို့ကြောင့် ရှေးဟောင်းကျမ်းစာများတွင် သဲလွန်စများကို ရှာဖွေခြင်းက ပိုအကျိုးရှိပေလိမ့်မည်...

ထို့နောက် ဝမ်ရှန်းက အမျိုးသမီးရုပ်အလောင်းက မုဝမ်ရွှမ်းကို အဘယ်ကြောင့် မိတ်ဆွေဟောင်းဟုခေါ်ဆိုခဲ့သည်ကို သူ သေချာမသိကြောင်း ပြောကြားခဲ့သည်၊၊ မုဝမ်ရွှမ်း၏ မွေးရာပါချို့ယွင်းချက်မှာ သူမ၏ နတ်ဝိညာဉ်ပျက်စီးသွားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း သူမသည် အတိတ်ဘဝက ထိုအမျိုးသမီးရုပ်အလောင်းနှင့် အထူးတလည်နီးကပ်သောဆက်ဆံရေးမျိုးမရှိခဲ့ကြောင်းကိုမူ တမင်အလေးပေးပြောခဲ့သည်၊၊

နောက်ဆုံးတွင် ဝမ်ရှန်းက ထိုခေတ်ကာလမှ အင်မော်တယ်များက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း အစီရင်ခံခဲ့သည်၊၊ ကမ္ဘာမြေပြင်ပရှိ စကြဝဠာဟင်းလင်းပြင်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မည်သူမျှမသိရှိကြသော်လည်း အင်မော်တယ်များမှာမူ ရှုံးနိမ့်ခဲ့ပုံရသည်၊၊ ကံကောင်းသည်မှာ အင်မော်တယ်များ၏ ဝိညာဉ်များ ပြန်လည်ဝင်စားနိုင်မည့်နေရာတစ်ခုမှာ အမျိုးသမီးရုပ်အလောင်း သွားရောက်ခဲ့သော နေရာတွင် ရှိနေနိုင်ခြင်းပင်၊၊

သုတေသနဌာနမှ လူကြီးများက သူ၏စကားကို ယုံကြည်ခြင်း ရှိမရှိမှာမူ ၎င်းတို့၏ သဘောသာဖြစ်သည်၊၊

နှစ်သစ်ကူးပထမဆုံးနေ့၌ ဝမ်ရှန်းသည် နတ်ဘုရားဘွဲ့ပန်းချီကားပေါ်ရှိ အမွှေးတိုင်များကို လုံးဝအငြိမ်းမခံခဲ့ပေ။ အမွှေးတိုင်များတိုသွားသည့်အခါတိုင်း သူသည် အသစ်တစ်ခုချင်းစီကို အမြဲလဲလှယ်ပေးခဲ့သည်၊၊

မုရွှယ်က မွန်းလွဲပိုင်းတွင် ထွက်ခွာသွားခဲ့သည်၊၊ ဖုန့်တူးတောင်အနီးတွင် မိစ္ဆာကျင့်ကြံသူများအားတွေ့ရှိရသဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လမ်းမှန်ကျင့်ကြံသူများကို စည်းရုံးကာ ၎င်းတို့ကို ချေမှုန်းရန် အခွင့်အရေးကို အရယူရမည်ဖြစ်သည်။ ထို့ပြင် အမျိုးသမီးရုပ်အလောင်းနှင့် ပတ်သက်သည့်ကိစ္စရပ်များကို တာအိုဂိုဏ်းများထံရှင်းပြရန်အတွက်လည်း ဂရုတစိုက်စဉ်းစားရဦးမည်ဖြစ်သည်၊၊

ဤဖြစ်ရပ်ကြောင့် လပေါ်မှ အမျိုးသမီးရုပ်အလောင်းအကြောင်း ကောလာဟလများသည် အွန်လိုင်းတွင် စတင်ပျံ့နှံ့လာခဲ့သည်၊၊ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်း၏ အတိတ်ဘဝကကဲ့သို့ပင် ကောလာဟလများတွင် ဟွာသမ္မတနိုင်ငံသည် လပေါ်မှ အင်မော်တယ်ရုပ်အလောင်းတစ်ခုကို သယ်ဆောင်လာခဲ့ကြောင်းနှင့် ကမ္ဘာမြေ၏ ဝိညာဉ်စွမ်းအင်များပြန်လည်ရောက်ရှိလာခြင်းမှာ ထိုအရာနှင့် ဆက်စပ်နေနိုင်ကြောင်းကိုသာဖော်ပြထားကြသည်၊၊

နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ချင်းယန်ဇီသည် ဖုန့်တူးတောင်မှ အလျင်အမြန်ပြန်လည်ရောက်ရှိလာခဲ့သည်၊၊ သူသည် ဝမ်ရှန်း၏ မိဘများကို နေရောင်ခြည်ကောင်းစွာရသော ကမ်းခြေမြို့လေးတစ်မြို့သို့ ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးမည်ဖြစ်ပြီး ၎င်းတို့သည် ထိုနေရာ၌ ဘဝသစ်ကို စတင်ကြရတော့ပေမည်၊၊

ချင်းယန်ဇီက မုဝမ်ရွှမ်း၏ အခြေအနေကို စစ်ဆေးပြီးနောက် အတန်ကြာအောင် နက်နက်နဲနဲတွေးတောနေခဲ့သည်၊၊

သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဆက်လက်မြင့်တက်ခြင်းမရှိတော့ဘဲ ကျင့်စဉ်မှာလည်း ပြောင်းလဲခြင်းမရှိဘဲ သန့်စင်ယန်အင်မော်တယ်မန္တန်အပေါ်တွင်သာ အခြေခံထားဆဲပင်၊၊ သို့သော်လည်း သူမထံမှ ထွက်ပေါ်နေသော တာအိုစည်းချက်ကမူ ယင်ယန်လျှို့ဝှက်ကျမ်းထက်ပင် ပိုမိုနက်ရှိုင်းသော ယင်ယန်တာအို၏ ဉာဏ်အလင်းပွင့်မှုကို ထင်ဟပ်နေစေသည်၊၊

ချင်းယန်ဇီလည်း ဝမ်ရှန်းထံသို့ စိတ်ချင်းဆက်သွယ်၍ သတိပေးချက်အချို့ ပေးခဲ့ပြီး ဤနေရာတွင် ဆက်နေ၍ မုဝမ်ရွှမ်းကို စောင့်ကြပ်ပေးရန် မှာကြားခဲ့သည်၊၊

ယခုအချိန်တွင် မုဝမ်ရွှမ်းသည် ရွှေအမြုတေ၏ မဟာတာအိုကို ဆင်ခြင်နေခြင်းမဟုတ်ဘဲ ယင်ယန်ပြောင်းလဲမှုများကိုသာ အာရုံပြုနေခြင်းဖြစ်သည်၊၊ သူမသည် တစ်ခါတစ်ရံတွင် ရိုးအသလိုရှိတတ်သော်လည်း ကျင့်ကြံခြင်းနှင့်ပတ်သက်လျှင်မူ အမြဲတမ်း ဆင်ခြင်တုံတရားရှိပြီး မဆင်မခြင်အဆင့်တက်လှမ်းရန် မည်သည့်အခါမျှ ကြိုးစားလိမ့်မည် မဟုတ်ပေ၊၊

ဝမ်ရှန်းသည် ဓားတာအိုကို လိုက်စားရန်အတွက် ဓားဆန္ဒကို ဖြည်းဖြည်းချင်း အာရုံခံစုစည်းပြီး ပုံဖော်နေရခြင်းဖြစ်သည်၊၊ နှိုင်းယှဉ်ရလျှင် ၎င်းသည် မုဝမ်ရွှမ်း ယခုကြုံတွေ့နေရသည်မှာ ရုတ်တရက် ဉာဏ်အလင်းပွင့်မှုနှင့် ပို၍တူလှသည်၊၊ သူမအနေဖြင့် ဤအရာအားလုံးကို အပြည့်အဝချေဖျက်နိုင်ရန် အချိန်မည်မျှကြာမြင့်မည်ကိုမူ ချင်းယန်ဇီပင်လျှင် အတိအကျမပြောနိုင်ချေ၊၊

ထိုနေ့မွန်းလွဲပိုင်းတွင် ဝမ်ရှန်းသည် သူ၏မိဘများကို နှုတ်ဆက်လိုက်သည်၊၊ ကိုယ်ဝန်ဆောင်ထားသောမိခင်ဖြစ်သူ ခရီးဝေးသွားရမည်ကို သူ စိုးရိမ်ပူပန်မိသော်လည်း ၎င်းတို့၏ အေးချမ်းသော လူနေမှုဘဝကို မနှောင့်ယှက်မိစေရန်အတွက် နောင်တွင် သွားရောက်တွေ့ဆုံမှုများကို လျှော့ချရန် ဆုံးဖြတ်လိုက်သည်၊၊ အကယ်၍ သူက ၎င်းတို့ကို သတိရပါက အဝေးမှသာ တိတ်တဆိတ်စောင့်ကြည့်ရုံသာ တတ်နိုင်တော့ပေမည်၊၊

သူ၏မိဘများနှင့် ချင်းယန်ဇီတို့ ကားပေါ်သို့တက်သွားကြပြီးနောက် ဝမ်ရှန်းသည် လှေကားထောင့်၌ ဒူးထောက်ကာ နှစ်ကြိမ်တိုင်တိုင်ကန်တော့လိုက်သည်၊၊ သူ ပြန်လည်မတ်တတ်ရပ်လိုက်သည့်အချိန်တွင် ကားနှစ်စီးမှာ လုံးဝကွယ်ပျောက်သွားခဲ့လေပြီ၊၊

သူသည် ငြိမ်သက်စွာ ရပ်နေရင်း အတွေးလွန်နေခဲ့သည်၊၊ သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက် သူသည် မုဝမ်ရွှမ်းကို ဆက်လက်စောင့်ကြည့်ရန် အိမ်ထဲသို့ ပြန်ဝင်ခဲ့တော့သည်၊၊

မကြာမီမှာပင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များသည်လည်း ဆုတ်ခွာသွားခဲ့ကြသည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်အချို့နှင့် အရပ်ဝတ်ရဲအရာရှိ ဆယ်ဂဏန်းကျော်မျှသာ အနီးအနားတွင် ကျန်ရစ်ခဲ့ပြီး ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းထံသို့ ရောက်ရှိလာနိုင်သည့် အန္တရာယ်တိုင်းကို ဆက်လက်စောင့်ကြည့်နေခဲ့ကြသည်၊၊

ဝမ်ရှန်း ပြန်ရောက်လာသည့်အခါ သူ၏ဖခင်က တံခါးဝတွင် စာတိုတစ်စောင် ကပ်ထားခဲ့သည်ကို သတိပြုမိလိုက်သည်၊၊ ၎င်းတွင် နှစ်သစ်ကူးနှုတ်ဆက်ရန် သို့မဟုတ် လာရောက်မေးမြန်းလိုသော အိမ်နီးနားချင်းများအတွက် မိသားစုတစ်ခုလုံးခရီးထွက်သွားကြောင်း ရေးသားထားသည်၊၊ ကံကောင်းထောက်မစွာဖြင့် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် မီးဖွင့်ရန် သို့မဟုတ် အပြင်ထွက်ရန်မလိုသဖြင့် သံသယဖြစ်ပွားခြင်းကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်၊၊

ဝမ်ရှန်း ဆိုဖာပေါ်တွင် ထိုင်ကာ သူ၏ဓားကို ဘေး၌ချ၍ ကျင့်ကြံရင်း မုဝမ်ရွှမ်း နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်၊၊

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်၊၊ နှစ်သစ်ကူး၏ စည်ကားသိုက်မြိုက်မှုများသည် ဖြည်းဖြည်းချင်းလျော့ပါးသွားခဲ့ပြီး လူအများစုမှာလည်း ၎င်းတို့၏ အလုပ်အကိုင်များနှင့် ပညာသင်ကြားမှုများဆီသို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်သည်၊၊

လဆန်းပထမလတွင် ဒေသအလိုက်ကွဲပြားခြားနားသော ရိုးရာဓလေ့ထုံးတမ်းများစွာရှိနေခဲ့သည်၊၊ လူအများစုမှာ နှစ်သစ်ကူးပွဲတော်၏ အဓိကဖြစ်သော အပြန်အလှန်နှုတ်ဆက်ခြင်းများကိုသာ ရင်းနှီးကြသော်လည်း လဆန်း ၄ ရက်နေ့တွင် မီးဖိုချောင်နတ်ဘုရားအား ပူဇော်ခြင်း ၊ လဆန်း ၅ ရက်နေ့တွင် ကြွယ်ဝခြင်းနတ်ဘုရားကို ကြိုဆိုခြင်းနှင့် လဆန်း ၆ ရက်နေ့တွင် ဆင်းရဲခြင်းနတ်ဘုရားကို နှင်ထုတ်ခြင်း… စသည့် ရိုးရာဓလေ့များမှာမူ လူထု၏ အာရုံစိုက်မှုမှ ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်၊၊

မုဝမ်ရွှမ်း ကျင့်ကြံနေစဉ်အတွင်း ဝမ်ရှန်းသည်လည်း စိတ်ကို တည်ငြိမ်အောင်ထားနိုင်ခဲ့သည်၊၊ သူသည် ဖုန့်တူးတောင်ထဲ၌ ပျောက်ကွယ်သွားပြီးနောက် ဘာသတင်းမျှ မကြားရတော့သော အမျိုးသမီးရုပ်အလောင်း၏ ကိစ္စကို ဆက်လက်တွေးတောခြင်းမပြုတော့ပေ၊၊

ခေတ်မီနည်းပညာများဖြင့် မြေအောက်သို့ တူးဖော်စူးစမ်းနိုင်သော်လည်း သုတေသနဌာနအနေဖြင့် မဆင်မခြင်လှုပ်ရှားခြင်းကို ရှောင်ရှားခဲ့သည်၊၊ ဘာပဲဖြစ်ဖြစ် ၎င်းတို့က မြေအောက်ကမ္ဘာကို မှားယွင်းစွာ ထိုးဖောက်မိပြီး တစ်စုံတစ်ခုသောအစီအမံများကို ပျက်စီးစေကာ နတ်ဆိုးများနှင့် မိစ္ဆာများကို လွှတ်ပေးမိပါက မတွေးဝံ့စရာ ဘေးဒုက္ခကြီးဖြစ်လာလိမ့်မည်၊၊

လက်ရှိအချိန်၌ အစွမ်းထက်ဆုံးကျင့်ကြံသူများပင်လျှင် ရွှေအမြုတေအဆင့်မျှသာရှိသေးပြီး ဝါစဥ်ကြကျင့်ကြံသူအများစုအတွက်မူ ဤအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံခြင်းတိုးတက်မှုမှာ များစွာနှေးကွေးသွားတတ်သည်၊၊ တစ်ခုတည်းသော ခြွင်းချက်မှာမူ သာမန်ထက် ပိုအစွမ်းထက်သည်ဟု သတ်မှတ်ခံထားရသော ကောင်းကင်သခင်ပင်ဖြစ်သည်၊၊

ရွှေအမြုတေအဆင့်ပြီးနောက် ကောင်းကင်အဆင့်ရောက်ရှိလာမည် ဖြစ်သည်၊၊ ၎င်းသည် ပုံရိပ်ယောင်အမြုတေအဆင့်နှင့် အနည်းငယ်ဆင်တူပြီး နတ်ဘုရားသန္ဓေသားဝိညာဥ်အဆင့်သို့ တက်လှမ်းရန်အတွက် ပြင်ဆင်မှုအဆင့်ဖြစ်သည်၊၊

အချိန်ကြာလာသည်နှင့်အမျှ မုဝမ်ရွှမ်းကဲ့သို့ ထူးခြားသောပါရမီ၊ ထက်မြက်သောဉာဏ်ပညာနှင့် ကြီးမားသော ကံတရားများရှိကြသည့် ကျင့်ကြံသူများသည် သက်ကြီးပိုင်းမျိုးဆက်ဟောင်းများကို တဖြည်းဖြည်းချင်းကျော်လွန်သွားကြလိမ့်မည်၊၊ သို့သော်လည်း လက်ရှိအချိန်တွင် နောင်ဆယ်စုနှစ်များ သို့မဟုတ် ရာစုနှစ်များအတွင်း ကျင့်ကြံခြင်းလောက၏ ထိပ်ဆုံးသို့ရောက်ရှိကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အုပ်စိုးမည့်သူများမှာ မည်သူဖြစ်မည်ကို မသိရှိနိုင်သေးချေ၊၊

ဝမ်ရှန်းအနေဖြင့် ကောင်းကင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို လုယူရန် ရည်ရွယ်ချက်မရှိပေ၊၊ ဤကဲ့သို့သော ကျော်ကြားမှုနောက်သို့ လိုက်လံခြင်းက သူ့အတွက် ဘာအကျိုးကျေးဇူးမှမရှိချေ၊၊

သူ၏ကံကြမ္မာမှာ ဓားတာအိုတွင်သာရှိသည်၊၊ သူက ဓားသိုင်းပညာတွင် ထူးချွန်သော်လည်း ၎င်းတစ်ခုတည်း၌သာ နစ်မွန်းမနေပေ၊၊ သူသည် တာအိုကို အခြေခံအဖြစ်ထားရှိကာ ထာဝရရှင်သန်ခြင်းလမ်းစဥ်သို့ တဖြည်းဖြည်းချဉ်းကပ်သွားရပေမည်၊၊ သူ၏ အနာဂတ်ကျင့်ကြံခြင်းအစီအစဉ်မှာ သူ၏အမြုတေကို အားကောင်းစေရန်နှင့် သန့်စင်ယန်အင်မော်တယ်မန္တန်ကို ပိုမိုအသုံးချကာ ခိုင်မာသောအခြေခံအုတ်မြစ်ကို တည်ဆောက်ရန်ဖြစ်သည်၊၊ သူသည် တိုးတက်ရန်နေရာများစွာ ကျန်ရှိနေသေးသော ဓားထိန်းချုပ်ခြင်းပညာကို ကျွမ်းကျင်အောင် လေ့ကျင့်ရန်လည်း အာရုံစိုက်ရမည်ဖြစ်သည်၊၊

ယခုအခါ သူသည် ကောင်းကင်ဇီဝေဓားဆန္ဒကို ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ခဲ့ပြီဖြစ်ရာ ၎င်းကို ပိုမိုအဆင့်မြှင့်တင်ရန်အတွက် အချိန်နှင့် အသိဉာဏ်များလိုအပ်နေသည်၊၊ ထို့ပြင် သေချာတွေးပြီးနောက် သူသည် အစွန်းနှစ်ဖက်ဓားဆန္ဒကို အတင်းအကြပ် ဖွံ့ဖြိုးအောင်ပြုလုပ်မည့်အစား ကျွမ်းကျင်အောင် လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်၊၊

အစွန်းနှစ်ဖက်တာအိုမှာ လွန်စွာနက်နဲပြီး ကျယ်ပြောလှသည်၊၊ ၎င်း၏ ဓားဆန္ဒကို ပြီးပြည့်စုံစေရန်အတွက် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်များစွာ အချိန်ယူလေ့လာရမည်ဖြစ်ရာ သူ၏ လက်ရှိအဆင့်နှင့်ဆိုလျှင် မဖြစ်နိုင်သေးသည်မှာ ထင်ရှားနေသည်၊၊ ၎င်းမပါဝင်လျှင်ပင် သူ၏ ပုံမှန်နှင့် ပြောင်းပြန် ခုနှစ်စင်ကြယ်ဓားအစီအရင်များနှင့် ဓားထိန်းချုပ်ခြင်းပညာတို့က တာအိုကို ကာကွယ်ရန်အတွက် လုံလောက်နေလေပြီ၊၊

မုဝမ်ရွှမ်းက ဆက်၍ တရားထိုင်နေဆဲပင်၊၊

တစ်လပြည့်ပြီး ၁၅ရက်မြောက်သောနေ့တွင် မီးထွန်းပွဲတော်သည် ပျောက်ကွယ်လုနီးပါးဖြစ်နေသော နှစ်သစ်ကူးပတ်ဝန်းကျင်ကို တိုးတိတ်စွာပြန်လည်သယ်ဆောင်လာခဲ့သည်၊၊ လူနေရပ်ကွက်များနှင့် လမ်းမများတစ်လျှောက်တွင် အရောင်အသွေးစုံလင်သော မီးပုံးများကို ချိတ်ဆွဲထားကြသည်၊၊

ညမှောင်သွားသည်နှင့် အနီးနားရှိ ပန်းခြံတစ်ခုမှ မီးရှူးမီးပန်းများကို စတင်ပစ်ဖောက်ကြတော့သည်၊၊ တောက်ပသော အလင်းတန်းများသည် ကောင်းကင်ယံ၌ ပေါက်ကွဲထွက်သွားကြပြီး စူးရှတောက်ပနေသည်၊၊

၎င်းသည် ရှေးလူကြီးများ ပြောခဲ့သကဲ့သို့ပင် “အရှေ့လေညင်းကြောင့် ညတွင်းချင်း သစ်ပင်တစ်ထောင်ပွင့်လန်းလာပြီး ကြယ်တာရာများ မိုးရွာသကဲ့သို့ ကြွေကျလာသည်” နှင့် တူလှသည်၊၊

ဆိုဖာပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တရားထိုင်နေသော ဝမ်ရှန်းသည် ပေါက်ကွဲသံများကြောင့် အနည်းငယ်စိတ်လွင့်ပါးသွားခဲ့သည်၊၊ သူ ထရပ်လိုက်ပြီး လသာဆောင်မှနေ၍ ကောင်းကင်ယံ၌ ပေါက်ကွဲနေသော မီးရှူးမီးပန်းများကို လှမ်းကြည့်လိုက်သည်၊၊ ထိုနေ့မွန်းလွဲပိုင်းက ရရှိခဲ့သော ပင်လယ်ပြင်၌ ဂဏန်းဖမ်းနေသည့် သူ့မိဘများ၏ဗီဒီယိုဖိုင်ကို တွေးမိကာ သူသည် အေးချမ်းစွာ ပြုံးလိုက်မိသည်၊၊

ဖြစ်နိုင်တာကတော့ မီးရှူးမီးပန်းသံများက အနည်းငယ် ကျယ်လောင်လွန်းနေခြင်း ဖြစ်နိုင်သည်၊၊ ဝမ်ရှန်း ငေးမောကြည့်နေစဉ်အတွင်း သူ့ဘေးနားမှ တစ်စုံတစ်ဦးက တိုးညင်းစွာ ခေါ်လိုက်သံကို ကြားလိုက်ရသည်၊၊

“မောင်... လေး...”

ဝမ်ရှန်း အံ့အားသင့်သွားပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်၊၊ မုဝမ်ရွှမ်းသည် သူမ၏ မျက်နှာလေးတွင် အံ့သြမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ အနည်းငယ်ပွင့်ဟနေသော နှုတ်ခမ်းလေးဖြင့်ရှိနေသည်၊၊

“စီနီယာအစ်မ... အစ်မက စကားပြန်ပြောနိုင်ပြီလား”

“အဆင်... ပြေတယ်...”

မုဝမ်ရွှမ်း ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး အသက်ရှူလိုက်သည်၊၊ အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူမသည် စကားလုံးနှစ်လုံးကိုသာ တစ်ခါထဲပြောနိုင်သေးကြောင်းသိရှိသွားသဖြင့် စိတ်ပျက်သွားသည့် မျက်နှာထားမျိုးဖြစ်သွားသည်၊၊

“ရပါတယ် စီနီယာအစ်မရဲ့… ကျွန်တော် သေချာပေါက်ပြောနိုင်တာကတော့ နောက်ထပ် နည်းနည်းလောက် ကျင့်ကြံလိုက်ရင် အဲဒီပြဿနာကို ဖြေရှင်းနိုင်မှာပါ”

ဝမ်ရှန်းက ပြုံးလိုက်သည်၊၊

“ဒါပေမဲ့ စကားလုံးနှစ်လုံးကို တစ်ခါတည်းပြောနိုင်တာကပဲ ကြီးမားတဲ့ တိုးတက်မှုကြီးလေ… စဉ်းစားကြည့်လေ… အစ်မပြောနိုင်တဲ့ စာကြောင်းအရှည်က အရင်ကထက် နှစ်ဆတောင် များလာတာပဲကို”

မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်ပြီးနောက် ပြုံးပြလိုက်သည်၊၊ သူမသ ထရပ်ကာ အကြောဆန့်လိုက်ရာ သူမထံမှ ယခင်က မရရှိဖူးသော ထူးခြားသည့် သင်းပျံ့သောရနံ့တစ်ခုက အခန်းထဲသို့ ပျံ့လွင့်သွားခဲ့သည်၊၊

“လာလေ မီးရှူးမီးပန်းတွေ လာကြည့်ဦး”

ဝမ်ရှန်းက ခေါ်လိုက်သည်၊၊

“အိုကေ...” မုဝမ်ရွှမ်းက လည်ချောင်းရှင်းလိုက်ပြီး စက္ကန့်အနည်းငယ်မျှ လေးနက်စွာ အနားယူကာ ပိုမိုပြည့်စုံသော စာကြောင်းတစ်ခုဖြင့် ပြန်ပြင်လိုက်သည်၊၊

“တူတူ... ကြည့်မယ်”

Chapter 246

မုဝမ်ရွှမ်း အဆင့်တက်ပြီးနောက် သူတို့နှစ်ယောက်လုံး အိမ်ထဲမှာပဲ နောက်ထပ်တစ်ရက်ဆက်နေဖြစ်ကြသည်၊၊ သို့သော် ကျင့်ကြံခြင်းအတွက်တော့မဟုတ်ပေ၊၊

ဝမ်ရှန်းသည် စီနီယာအစ်မဖြစ်သူအား တစ်ခါလျှင် နှစ်လုံးစီသာပြောတတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ထိုပုံစံဖြင့် ပြောဆိုရသည်ကို ယဉ်ပါးသွားစေရန် ကူညီပေးရင်း အချိန်ကုန်လွန်စေခဲ့ခြင်း ဖြစ်သည်၊၊

သူတို့နှစ်ဦးသည် ဆိုဖာမှီအုံးနှစ်လုံးကို ဝရန်တာသို့ ရွှေ့လိုက်ကြသည်၊၊ နေရောင်အောက်တွင် မျက်နှာချင်းဆိုင်တင်ပျဉ်ခွေထိုင်ရင်း ဝမ်ရှန်းက ဖုန်းထဲတွင် အသုံးများသောစကားလုံးအချို့ကို ရိုက်နှိပ်ကာ မုဝမ်ရွှမ်းအားပြသပြီး ခံစားချက်အပြည့်ဖြင့် အသံထွက်ဖတ်ရန် ညွှန်ကြားလေသည်၊၊

“ဒါလေးကနေ စရအောင်”

“မောင်လေး”

“ကောင်းတယ်၊၊ နောက်တစ်ခု… ဒီစာလုံးတွေ”

“လူချောလေး”

“အွန်း… ဒါလေး”

“ဆွဲဆောင်မှုရှိတဲ့မောင်လေး”

“အရမ်းတော်တယ်…. အခု ဒါလေး”

“ဘဝင်ရူး”

ဝမ်ရှန်းသည် ဖုန်းမျက်နှာပြင်ပေါ်ရှိ စာလုံးကြီးနှစ်လုံးကို လှမ်းကြည့်လိုက်သည်၊၊ စီနီယာအစ်မသည် “ရဲရင့်သောမောင်လေး” ဟူသည့် စာလုံးများကို မသိ၍ ထင်မှတ်ခဲ့သော်လည်း သူမသည် ရုတ်တရက် ရှေ့တိုးနောက်ငင်ဖြစ်သည်အထိ တဟားဟားရယ်မောနေသည်ကို မြင်မှသာ နှုတ်ခမ်းကိုစူလိုက်မိသည်၊၊

ဤသည်မှာ နေ့စဉ်သုံးဝေါဟာရများအတွက် မဖြစ်မနေလေ့ကျင့်ရမည့်အရာဖြစ်သည်၊၊ မည်သို့ပင်ဆိုစေ သူက သူမ၏ မောင်လေးဖြစ်သည့်အတွက် စိတ်ရှည်ပြီးဂရုစိုက်ပေးရမည် မဟုတ်ပါလား၊၊ စီနီယာအစ်မက သူ့ကို နေ့စဉ်ချီးမွမ်းပေးနေခြင်းသည် ဂိုဏ်းတူမောင်နှမများအကြား စည်းလုံးမှုကိုလည်း ပိုမိုခိုင်မာစေနိုင်သည်၊၊

စကားပြောလေ့ကျင့်ခန်း တစ်ဝက်ခန့်ပြုလုပ်ပြီးနောက် မုဝမ်ရွှမ်းသည် အသံထွက်ပြောင်းလဲမှုများကို ကျင့်သားရသွားခဲ့ပြီ ဖြစ်သည်၊၊ ထို့ကြောင့် ဝမ်ရှန်းလည်း အခွင့်ကောင်းကိုအရယူကာ ဓားပျံကို စတင်လေ့ကျင့်လိုက်သည်၊၊

နေ့ခင်းဘက်ဖြစ်သဖြင့် အပြင်တွင် မလေ့ကျင့်နိုင်သောကြောင့် အိမ်ထဲတွင်သာ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို သူက အမြဲတမ်းကူညီပေးနေမည်မဟုတ်သဖြင့် ၎င်းတို့အတွက် ပြဿနာမရှာပေးခြင်းက ပိုကောင်းပေသည်၊၊

အရာဝတ္ထုတစ်ခုကို ထိန်းချုပ်၍ ပျံသန်းခြင်း သဘောတရားမှာ အမှန်တကယ်တော့ အလွန်ရိုးရှင်း‌ပေသည်၊၊ မိမိ၏ အစစ်မှန်ချီနှင့် ဝိညာဉ်အသိစိတ်ကို အသုံးပြုကာ ထိုအရာဝတ္ထုကို လေထဲတွင် ဆိုင်းငံ့ထားပြီး မိမိ၏ ကိုယ်အလေးချိန်ကို ခံနိုင်ရည်ရှိစေခြင်းဖြင့် ပျံသန်းမှုကို ရရှိစေခြင်းဖြစ်သည်၊၊

ကျင့်ကြံသူများသည် ပြန်လည်မွေးဖွားခြင်းအဆင့်သို့မရောက်မီ အများစုမှာ အရာဝတ္ထုများကို ထိန်းချုပ်၍ ပျံသန်းကြရသည်၊၊ တတ်နိုင်သူများသည် ပျံသန်းရန်အတွက် သီးသန့်ပြုလုပ်ထားသော ရတနာပစ္စည်းကို ရရှိကြသော်လည်း ပျဉ်ပြားအိုကြီးတစ်ချပ်ဖြင့်ပင် ပျံသန်း၍ ရသည်၊၊ သို့သော် အရှိန်၊ သွက်လတ်မှုနှင့် သက်တောင့်သက်သာရှိမှုတို့မှာ သိသိသာသာကွာခြားလိမ့်မည်ဖြစ်သည်၊၊

ကျင့်ကြံသူအများစုအတွက် အရာဝတ္ထုထိန်းချုပ်မှုဖြင့် ပျံသန်းနိုင်ရန်မှာ ရွှေအမြုတေအဆင့်သို့ ဦးစွာရောက်ရှိရန် လိုအပ်သည်၊၊ ထိုအဆင့်ရောက်မှသာ ပျံသန်းရာတွင် ကုန်ဆုံးမည့် ကြီးမားလှသော ချီစွမ်းအင်ပမာဏကို ခံနိုင်ရည်ရှိရန် လုံလောက်သော အစစ်မှန်ချီနှင့် ဝိညာဉ်အသိစိတ်တို့ ရှိလိမ့်မည်ဖြစ်သည်၊၊ သို့သော် ပုံရိပ်ယောင်အမြုတေအဆင့်ကျင့်ကြံသူများသည်ပင် ဓားထိန်းချုပ်ခြင်းပညာရပ်ကို တတ်မြောက်ပြီး မိမိ၏ အသက်သွေးဖြင့် မွေးမြူထားသော ဓားပျံရှိပါက ဓားကိုအသုံးပြု၍ ပျံသန်းနိုင်‌သည်၊၊

ဝမ်ရှန်း၏ နတ်ဘုရားအဆင့်ဓားပျံသည် ပို၍ အားသာချက်များရှိသည်၊၊ အစစ်မှန်ချီကုန်ဆုံးမှု ပိုမိုနည်းပါးခြင်း၊ ပျံတက်သည့်အရှိန် ပိုမိုမြန်ဆန်ခြင်းနှင့် ပျံသန်းနေစဥ် တည်ငြိမ်ခြင်းတို့ဖြစ်သည်၊၊

ဝမ်ရှန်း၏ ကျင့်ကြံခြင်းအဆင့်မှာ တည်ငြိမ်နေပြီဖြစ်ပြီး ပြင်းထန်သော လေ့ကျင့်မှုများကို ဖြတ်သန်းပြီးနောက် သူ၏ အစစ်မှန်ချီက အလွန်သိပ်သည်းလာခဲ့သည်၊၊ သူသည် နတ်ဘုရားအဆင့်ဓားပျံပေါ်တွင် ရပ်လိုက်သောအခါ ဓားသည် သူ၏ ခြေဖဝါးများနှင့် တစ်သားတည်းဖြစ်သွားသကဲ့သို့ ခံစားရသည်၊၊ ၎င်းမှာ သူ၏ ခန္ဓာကိုယ်နှင့် သွေးကြောမျှင်များကို တိုးချဲ့လိုက်သကဲ့သို့ပင်၊၊

အစစ်မှန်ချီသည် သူ၏ ခြေဖဝါးများမှတစ်ဆင့် ဓားပျံအတွင်းသို့ စီးဆင်းသွားသည်၊၊ တစ်ဖန် ဓားသည် ထိုအစစ်မှန်ချီကို သူ့ထံသို့ ပြန်လည်စီးဆင်းစေပြီး ဓားပေါ်တွင် မြဲမြံစွာ ရပ်တည်နိုင်စေသည်၊၊

ဓားပျံသည် ကြမ်းပြင်မှ ၃၀စင်တီမီတာခန့်အကွာတွင် လွင့်မျောနေစဉ် သူသည် ဧည့်ခန်းအတွင်း ရှေ့သို့ ရွေ့လျားရန် ကြိုးစားကြည့်သည်၊၊ ၎င်းသည် သူ၏ဆန္ဒအတိုင်း ချောမွေ့စွာ တုံ့ပြန်လျက် လမ်းလျှောက်သည့်အရှိန်ဖြင့် ရှေ့သို့ ရွေ့လျားသွားသည်၊၊

ဝမ်ရှန်းလည်း ထိန်းမရသော ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်၊၊ ထို့နောက် ဓားပျံပေါ်တွင် စီးနင်းလျက် အိမ်အတွင်းနေရာအနှံ့၌ လွင့်မျောနေတော့သည်၊၊ ဘေးတွင်ရှိသော မုဝမ်ရွှမ်း၏ မျက်ဝန်းများသည် အားကျနှစ်သက်မှုများဖြင့် တောက်ပနေပြီး သူမထက်အရင် သူ၏မောင်လေး ပျံသန်းနိုင်သွားသည့်အတွက် အမှန်တကယ်ဝမ်းသာနေလေသည်၊၊

ဝမ်ရှန်း အိမ်ထဲတွင် နှစ်နာရီခန့်လေ့ကျင့်ခဲ့သည်၊၊ နောက်ဆုံးတွင် အပြင်၌ ကောင်းကင်ကြီးတစ်ခုလုံး မှောင်မိုက်သွားသောအခါ သူသည် အိမ်ကို သပ်ရပ်အောင် သိမ်းဆည်းပြီး ၎င်းတို့၏ ခရီးဆောင်အိတ်များကို ထုပ်ပိုးကာ မုဝမ်ရွှမ်းကို တိုက်ခန်းအဆောက်အအုံ၏ အမိုးပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်၊၊ ထိုအချိန်မှစ၍ သူတို့သည် တိုက်ခိုက်ခြင်းနှင့် ပျံသန်းခြင်းနှစ်မျိုးလုံးတတ်မြောက်ထားသည့် ဂိုဏ်းတူမောင်နှမနှစ်ယောက်အဖြစ် ဓားပျံပေါ်တွင် လွတ်လပ်စွာ လှည့်လည်နိုင်ကြပြီ ဖြစ်သည်၊၊

သူသည် တန်ဖိုးကြီးလှသော နတ်ဘုရားအဆင့်ဓားပျံကို သူ့ရှေ့တွင် လွင့်မျောနေစေပြီး ခရီးဆောင်အိတ်နှစ်လုံးကို ကြိုးအထူဖြင့် အတူတူချည်နှောင်ကာ ဓားရိုးတွင် တွဲချည်လိုက်သည်၊၊ ဓားသေတ္တာကို ကျောပိုးလျက် သူက ဓားပေါ်သို့ အရင်ဆုံးခုန်တက်ကာ ခြေတစ်ဖက်ဖြင့် ဟန်ချက်ထိန်းလိုက်သည်၊၊ ထို့နောက် မုဝမ်ရွှမ်းက သွက်လက်စွာ လိုက်ပါလာသည်၊၊ သူမသည် သူ၏ ပုခုံးများကို လှမ်းကိုင်ကာ ဓားပျံပေါ်တွင် ခြေတစ်ဖက်တည်းဖြင့် ရပ်လိုက်သည်၊၊

နောက်ဆုံးတွင် ဝမ်ရှန်းသည် သူ၏ လက်ဝဲဘက်လက်ဖြင့် ဓားလက်ဟန်ပြုလုပ်ကာ ရှေ့သို့ ညွှန်ပြလိုက်သည်၊၊ အစစ်မှန်ချီများသည် ဓားအတွင်းသို့ လျင်မြန်စွာ စီးဆင်းသွားပြီး အရှိန်မြှင့်တင်ပေးလိုက်သည်၊၊ မကြာမီ ဓားရိုးတွင် ချည်ထားသော ကြိုးသည် တင်းကျပ်သွားပြီး ခရီးဆောင်အိတ်နှစ်လုံးက သူတို့ကို အောက်သို့ ရုတ်တရက်ဆွဲချလိုက်သကဲ့သို့ ဖြစ်သွားသည်၊၊ ဓားပျံက ဟန်ချက်ပျက်ကာ တုန်ခါသွားပြီး သူတို့ကို လေထဲမှ ပြုတ်ကျလုနီးပါးဖြစ်သွားစေခဲ့သည်၊၊

ဤနည်းလမ်းမှာ ထင်ရှားစွာပင် အလွန်အန္တရာယ်များလွန်းလှသည်၊၊ ပို၍အရေးကြီးသည်မှာ ၎င်းသည် လုံးဝစတိုင်မကျပေ၊၊ အတွေ့အကြုံပိုမိုရရှိလာသောအခါ ဝမ်ရှန်းလည်း တစ်ချိန်က သူ၏ဆရာပြောခဲ့ဖူးသော စကားများသည် နက်ရှိုင်းသောအဓိပ္ပာယ်များဖြင့် ပြည့်နှက်နေကြောင်း သဘောပေါက်သွားခဲ့သည်၊၊

“ခရီးသွားတဲ့အခါ ဘာကအရေးအကြီးဆုံးလဲ စတိုင်ပဲ”

“ဘာလို့ ဓားနဲ့ပျံသန်းတာလဲ… မိမိုက်ချင်လို့ပေါ့”

ခေတ္တဆွေးနွေးပြီးနောက် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် အနီးအနားရှိ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များကို ရှာဖွေကာ ၎င်းတို့၏ ခရီးဆောင်အိတ်များကို သယ်ယူပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့ကြသည်၊၊ ထို့ပြင် သူတို့သည် ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်ကြောင်းနှင့် အကူအညီလိုအပ်သော မည်သည့်တာဝန်ကိုမဆို ကူညီပေးနိုင်ကြောင်း မုရွှယ်ထံသို့ သတင်းစကားပေးပို့လိုက်သည်၊၊

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း ဇွဲမလျော့ပဲ စိတ်လှုပ်ရှားမှုများဖြင့် အမိုးပေါ်သို့ ပြန်လာခဲ့ကြသည်၊၊ ယခုတစ်ကြိမ်တွင် ဝမ်ရှန်းက ဓားရှည်ကို တည်ငြိမ်အောင် ထိန်းထားစဉ် မုဝမ်ရွှမ်းကို အရင်ခုန်တက်စေခဲ့သည်၊၊

သူမသည် နူးညံ့ညင်သာစွာနှင့် ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး ခြေတစ်ဖက်တည်းဖြင့် ကျော့ရှင်းစွာ ရပ်လိုက်သည်၊၊ သူမ၏ အဖြူရောင်ဝတ်စုံသည် လေထဲတွင် ညင်သာစွာ လွင့်ပျံနေပြီး ထိုအခိုက်အတန့်တွင် သူမ၏ အလှတရားမှာ လူသားလောကမှမဟုတ်သကဲ့သို့ ဖြစ်နေတော့သည်၊၊

ဝမ်ရှန်းသည် သူမ၏ နောက်မှ ဓားပေါ်သို့ ချက်ချင်း ခုန်တက်လိုက်သည်၊၊ သူသည် ခြေဖဝါးများကို ဘေးစောင်းထားကာ ခြေဖနောင့်ကို ဓားရိုးပေါ်တွင် ဖိထားလိုက်သည်၊၊ သူတို့သည် ဓား၏ မျက်နှာပြင်တစ်ခုလုံးကို အပြည့်အဝအသုံးချလိုက်ကြခြင်း ဖြစ်သည်၊၊

ရှုဓားဂိုဏ်း၏ အကြီးအကဲများသာ ဤမျှတန်ဖိုးကြီးလှသော နတ်ဘုရားအဆင့်ဓားပျံကို သူတို့ပြုမူဆက်ဆံနေပုံကိုမြင်ပါက ဖြစ်လာမည့်အကျိုးဆက်များမှာ တွေးဝံ့စရာပင်မရှိပေ၊၊

ဓားထိန်းချုပ်ခြင်းပညာ၏ နည်းစနစ်တစ်ခုကို အသုံးပြုကာ သူက ဓားပျံကို တည်ငြိမ်စွာ အရှိန်မြှင့်တင်စေပြီး ကောင်းကင်သို့ တဖြည်းဖြည်း မြင့်တက်စေခဲ့သည်၊၊ ထွက်ပြူလာသော လမင်း၏ အရိပ်အောက်တွင် သူတို့သည် မကြာမီ ညအမှောင်ထဲတွင် ပျောက်ကွယ်သွားပြီး အနောက်မြောက်ဘက်သို့ ပျံသန်းသွားလိုက်သည်၊၊

မကြာမီ ဝမ်ရှန်းသည် ပျံသန်းခြင်းတွင် ပိုမိုကျွမ်းကျင်လာခဲ့သည်၊၊ သူသည် မိမိ၏ အစစ်မှန်ချီကုန်ဆုံးမှုနှုန်းကို ပိုမိုတိကျစွာ ခန့်မှန်းတတ်လာပြီး ပို၍ မြန်ဆန်စွာ ပျံသန်းလာခဲ့သည်၊၊

ကံကောင်းထောက်မစွာပင် မုဝမ်ရွှမ်းက ပေါ့ပါးပြီး ဝမ်ရှန်း၏ အစစ်မှန်ချီများက သိပ်သည်းလှသည်၊၊ ဤအရှိန်ဖြင့် သူသည် တစ်ကြိမ်တည်းဖြင့် လီရာပေါင်းများစွာကို ပျံသန်းနိုင်သည်၊၊

သူတို့သည် မြို့အစွန်အဖျားကို ကျော်လွန်၍ ပျံသန်းလာသောအခါ ကောင်းကင်ယံတွင် လပြည့်ဝန်းကြီးသည် ကျောက်စိမ်းဝိုင်းကြီးတစ်ခုကဲ့သို့ ည၏ ကန့်လန့်ကာထက်တွင် ချိတ်ဆွဲထားသကဲ့သို့ရှိနေသည်၊၊ ၎င်းသည် “အထီးကျန်လဝန်းသည် ကောင်းကင်ယံတွင် တောက်ပစွာ လင်းလက်နေသည်” ဟူသော စကားပုံနှင့် ကွက်တိပင်ဖြစ်သည်၊၊

“လေပြင်းတယ်”

မုဝမ်ရွှမ်းက တိုးတိုးလေး ပြောလိုက်သည်၊၊ သူမသည် လက်တစ်ဖက်ကို မြှောက်ကာ ဓားပျံ၏ အောက်တွင် ဖျော့တော့သော ယင်ယန်ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်၊၊ ထိုခဏချင်းမှာပင် အအေးဓာတ်သည် ပျောက်ကွယ်သွားသည်၊၊ ညနေခင်း လေပြင်းများသည်လည်း လမ်းကြောင်းလွှဲသွားကာ ငြိမ်သက်သွားတော့သည်၊၊

ဝမ်ရှန် တိုးတိုးလေးရယ်မောလိုက်သည်၊၊ သူ၏ လက်ယာလက်ကို ကျောနောက်တွင် ထားရှိရင်း လက်ဝဲလက်ဖြင့် ဓားပျံကို လမ်းညွှန်နေခဲ့သည်၊၊

မုဝမ်ရွှမ်းက ပျော်ရွှင်စွာဖြင့် သီချင်းညည်းနေခဲ့သည်၊၊ စိတ်ကူးပေါက်လာသဖြင့် သူမသည် သူမ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပလွေကို ထုတ်ယူကာ ရှေးရိုးရာတေးသွားတစ်ခုကို မှုတ်လိုက်သည်၊၊ တေးဂီတသံသည် ညင်သာစွာ လွင့်မျောနေပြီး သူတို့၏ တည်ငြိမ်သော နှလုံးသားများထဲတွင် ပဲ့တင်ထပ်နေတော့သည်၊၊

လမင်းအောက်တွင် သူတို့နှစ်ဦးသည် နှင်းငွေ့များဖြင့် လင်းလက်နေသော တိမ်တိုက်များအကြားလွင့်မျောနေကြသည်၊၊

ဝမ်ရှန်းသည် ကောင်းကင်ယံရှိ လပြည့်ဝန်းကြီးကို စိုက်ကြည့်နေသော်လည်း သူ၏ စိတ်ဝိညာဉ်မှာမူ ရှေ့မှ လှပသောမြင်ကွင်းထံတွင် မရှိပေ၊၊ သူသည် တစ်ချိန်က အမျိုးသမီးအလောင်းပြောခဲ့ဖူးသော အရာတစ်ခုကို ပြန်လည်အမှတ်ရနေမိသည်၊၊ ၎င်းမှာ သူ နောက်ပိုင်းတွင် တွေးခဲ့သော်လည်း သုတေသနအဖွဲ့သို့ ဘယ်သောအခါမှ ထုတ်မပြောခဲ့သည့် အရာဖြစ်သည်၊၊

“မင်းက အင်မော်တယ်လမ်းစဉ်ထဲကို ဝင်ရောက်ပြီးတာနဲ့ မင်းအလိုရှိတဲ့ အဖြေတွေကို ရှာဖွေနိုင်လိမ့်မယ်၊၊ မင်းရဲ့ သံသယတွေကို ဖြေရှင်းဖို့ လိုအပ်တာတွေက လနန်းတော်ထဲမှာ ရှိတယ်”

အကယ်၍ ဟွာသမ္မတနိုင်ငံ၏ အရာရှိများက ဤအချက်အလက်ကို သိရှိသွားပါက လ၏ အခွံကို ခွဲထုတ်ပြီး အတွင်း၌ မည်သည့်လျှို့ဝှက်ချက်များရှိနေသည်ကို ရှာဖွေရန် နျူကလီးယားဒုံးကျည် အနည်းငယ်ပစ်လွှတ်ဖို့အထိ အလေးအနက်စဉ်းစားနိုင်သည်၊၊

နည်းပညာပိုင်းဆိုင်ရာ ရှုထောင့်ကကြည့်လျှင် ၎င်းမှာ လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပေ၊၊

ဝမ်ရှန်းတစ်ယောက် အတွေးများနေစဉ် မုဝမ်ရွှမ်းက ဖျော်ဖြေရေးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်၊၊ သူမသည် သူမ၏ ကျောက်စိမ်းပလွေကို သိမ်းဆည်းလိုက်ပြီး ဖုန်းကို သူ့ထံ ကမ်းပေးလိုက်သည်၊၊ မျက်နှာပြင်ပေါ်တွင် သူမအကြိုက်ဆုံးသီချင်းများစာရင်းကို ပြသနေသည်၊၊

မုဝမ်ရွှမ်း၏ ဖုန်းကို ကိုင်ထားရင်း ဝမ်ရှန်းသည် နောက်ပြောင်လိုသော စိတ်ကူးတစ်ခုကို မတွေးဘဲ မနေနိုင်ခဲ့ပေ၊၊

တကယ်လို့ ငါသာ လေထဲမှာ သူမရဲ့ဖုန်းကို မတော်တဆချပစ်လိုက်ရင် အဲဒါက... သူ ခေါင်းခါလိုက်သည်၊၊ မဟုတ်သေးဘူး… သူမက ငါ့ကိုလည်း ဓားပေါ်ကနေ တွန်းချပစ်လောက်တယ်…၊၊

မည်သို့ပင်ဆိုစေ သူမ၏ ဖုန်းထဲတွင် သူမ စနစ်တကျစုဆောင်းထားသော ဝိညာဉ်ရေးရာစုဆောင်းမှုများ ရှိနေပြီး ၎င်းကို သူမ၏ တာအိုအမွေအနှစ်အဖြစ် လက်ဆင့်ကမ်းရန် စီစဉ်ထားခြင်းဖြစ်သည်၊၊ ထို့ကြောင့် သူသည် ကုကျန်းတူရိယာတီးလုံးတစ်ခုကို အမြန်ရွေးချယ်ပေးလိုက်ပြီး ဖုန်းကို သူမထံပြန်ပေးလိုက်ပြီးမှ ရင်ထဲမှ အလုံးကြီးတစ်ခုကျသွားသကဲ့သို့ ခံစားလိုက်ရသည်၊၊

သူတို့နှစ်ဦးသည် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထံမှ တုံ့ပြန်မှုကို စောင့်ဆိုင်းနေဆဲဖြစ်သဖြင့် တိကျသောဦးတည်ချက်မရှိကြသေးပေ၊၊ အကယ်၍ အဖွဲ့တွင် ၎င်းတို့၏ အကူအညီလိုအပ်သော တာဝန်ရှိပါက သူတို့ ကူညီပေးရလိမ့်မည်၊၊ မဟုတ်ပါက သူတို့သည် ဝူတန်းတောင်သို့ ပြန်သွားပြီး ၎င်းတို့၏ သီးသန့်ကျင့်ကြံခြင်းကိုသာ ဆက်လက်လုပ်ဆောင်ကြမည် ဖြစ်သည်၊၊

ရွှေအမြုတေအဆင့်သို့ ရောက်ရှိရန် နီးကပ်နေပြီဖြစ်သော်လည်း မုဝမ်ရွှမ်းသည် သူမ၏ အခြေခံအုတ်မြစ်မှာ လုံလောက်အောင် မခိုင်မာသေးဟု ခံစားနေရသည်၊၊ သူမ၏ အမြုတေကို ဖွဲ့စည်းရန် အပြည့်အဝယုံကြည်မှုမရှိသဖြင့် သူမသည် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်၊၊ ၎င်းမှာ သူမအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်ဟု တွေးမိသည်၊၊ အထူးသဖြင့် ၎င်းသည် သူမ၏ မောင်လေးကို စောင့်ဆိုင်းရန် အချိန်ရစေသည် မဟုတ်ပါလား၊၊

All Chapters