← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

Chapter 247

သူတို့ ညလုံးပေါက်ပျံသန်းခဲ့ကြပြီး လမ်းခရီးတွင် ခေတ္တအနားယူခဲ့ကြသည်၊၊ အတိုင်းအတာတစ်ခုအထိ ပျံသန်းပြီးနောက် ဝမ်ရှန်းသည် အလွန်အရေးကြီးသောမေးခွန်းတစ်ခုကို သတိရသွားခဲ့သည်၊၊

“ဒါနဲ့ စီနီယာအစ်မ... ဝူတန်းတောင်က ဘယ်ဘက်မှာလဲဟင်”

“အွန်း”

မုဝမ်ရွှမ်းက မျက်တောင်ခတ်ရင်း ဝမ်ရှန်းကို လှည့်ကြည့်လိုက်ရာ သူတို့နှစ်ဦး မျက်လုံးချင်းဆုံသွားကြသည်၊၊ ခေတ္တမျှကြာပြီးနောက် သူတို့သည် ဓားပျံကြီး တသိမ်သိမ့်တုန်ခါသွားလုနီးပါးအထိ တဟားဟားအော်ရယ်မိကြတော့သည်၊၊ ဝမ်ရှန်းသည် လမ်းညွှန်စနစ်ကို စစ်ဆေးရန် သူ၏ ဖုန်းကို အမြန်ထုတ်လိုက်မှသာ သူတို့သည် လမ်းကြောင်းလွဲသွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်၊၊

ရှေးခေတ်ကာလက ကျင့်ကြံသူများသည် ကျယ်ပြောလှသော ညကောင်းကင်ယံတွင် ပျံသန်းသည့်အခါ လမ်းကြောင်းသိရှိနိုင်ရန် ကြယ်တာရာများကို အားကိုးခဲ့ကြရသည်၊၊ ယခုခေတ်တွင်မူ အရာရာက ပိုမိုရိုးရှင်းသွားခဲ့ပြီ ဖြစ်သည်၊၊ ရှုတောင်၏ ဓားထိန်းချုပ်ခြင်းပညာ၊ နတ်ဘုရားအဆင့်ဓားပျံနှင့် စမတ်ဖုန်းလမ်းညွှန်စနစ်တို့ ပေါင်းစပ်မှုသည် တာအိုပညာနှင့် ခေတ်မီနည်းပညာတို့အကြားပွတ်တိုက်မှုမှ ပေါက်ဖွားလာသော မီးပွားလေးတစ်ခုအဖြစ် ရှုမြင်နိုင်လေသည်၊၊

အမှောင်ထုအောက်တွင် ဝမ်ရှန်းသည် ၎င်းတို့၏ ဦးတည်ချက်ကို ပြောင်းလိုက်ပြီး ဝူတန်းတောင်ဘက်သို့ ပျံသန်းခဲ့သည်၊၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ကျိုးရင်လောင်သည် နှစ်သစ်ကူးမတိုင်မီ ဝူတန်းတောင်သို့ ပြန်ရောက်သွားပြီဖြစ်ကြောင်း သူ့ထံ စာပို့ထားခဲ့သည်၊၊ ဝူတန်းတောင်၏ ဓားကျင့်ကြံသူသည် သူ၏ ဒဏ်ရာများမှ အပြည့်အဝပြန်လည်သက်သာလာခဲ့ပြီ ဖြစ်ပုံရသည်၊၊ ဆေးနတ်ဘုရားချိုင့်ဝှမ်းသည်လည်း သူ့ကို ၎င်းတို့၏ အမှတ်တံဆိပ်ကြေညာသူအဖြစ်ရွေးချယ်ခဲ့ကြသည်၊၊ ရှေ့လျှောက်တွင် သူသည် ဂိုဏ်းကို မြှင့်တင်ရန် ကူညီပေးရမည်ဖြစ်ပြီး လူထုအခမ်းအနားများသို့ တက်ရောက်ရမည် ဖြစ်သည်၊၊

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ဝူတန်းတောင်နှင့် လီတစ်ထောင်ခန့် ဝေးကွာနေသေးသည်၊၊ အကယ်၍ သူတို့သည် ညလုံးပေါက်ဆက်လက်ပျံသန်းပါက အရုဏ်မတက်မီ ရောက်ရှိနိုင်သည်၊၊ သို့သော် နှစ်ယောက်ဖြစ်နေသဖြင့် သူက အလွန်မြန်ဆန်စွာ မပျံသန်းရဲပေ၊၊ သူတစ်ယောက်တည်းဆိုပါက သူ၏ နတ်ဘုရားအဆင့်ဓားပျံ၏ အကူအညီဖြင့် တစ်နာရီလျှင် ကီလိုမီတာ တစ်ရာကျော်ကို အလွယ်တကူဖြတ်သန်းနိုင်ပြီး မရပ်မနားဘဲ ငါးနာရီ သို့မဟုတ် ခြောက်နာရီဆက်တိုက် ပျံသန်းနိုင်ပေသည်၊၊

၎င်းမှာ အံ့ဩစရာကောင်းလောက်အောင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သော ခရီးသွားလာမှုနည်းလမ်း ဖြစ်သည်၊၊ အမှန်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ ဓားပျံသန်းမှုအရှိန်သည်လည်း တိုးတက်လာလိမ့်မည်ဖြစ်သည်၊၊

ဝမ်ရှန်းသည် မကြာမီ ဓားပျံအသစ်နှစ်လက်ကို သွန်းလုပ်ရန် စီစဉ်ထားသည်၊၊ တစ်လက်မှာ တိုက်ခိုက်ရေးအတွက်ဖြစ်ပြီး နောက်တစ်လက်မှာ မုဝမ်ရွှမ်း စိတ်ကြိုက်အသုံးပြုနိုင်ရန် ဖြစ်သည်၊၊ ဝူတန်းရှိ ၎င်းတို့၏ ခြံဝင်းထဲတွင် ရှားပါးပစ္စည်းများကို စုဆောင်းထားပြီးဖြစ်သဖြင့် သူတို့ပြန်ရောက်သည်နှင့်တပြိုင်နက် သွန်းလုပ်ခြင်းကို စတင်နိုင်သည်၊၊

သူတို့သည် နောက်ထပ် ခေတ္တဆက်လက်ပျံသန်းခဲ့ကြသည်၊၊ ဝမ်ရှန်းလည်း သူ့၏အစစ်မှန်ချီက သုံးဆယ်ရာခိုင်နှုန်းခန့်သာကျန်တော့ကြောင်း သတိပြုမိသောအခါ ရှေ့ရှိ တောင်တန်းနိမ့်များပေါ်တွင် ဆင်းသက်ရန် ဆုံးဖြတ်လိုက်သည်၊၊ တောင်တန်းများသည် သစ်သီးပင်များဖြင့် ဖုံးလွှမ်းနေပြီး တောင်စောင်းအနီးရှိ မီးရောင်စုစုလေးများသည် ကျေးရွာတစ်ရွာရှိကြောင်း ညွှန်ပြနေသည်၊၊

“ဒီမှာ ခဏလောက် နားရအောင် စီနီယာအစ်မ၊၊ ဘယ်သူမှ ဓာတ်ပုံမရိုက်နိုင်အောင် ရွာကို ပတ်ပြီး သွားကြတာပေါ့”

“အင်း...”

မုဝမ်ရွှမ်းက အနည်းငယ်တွန့်ဆုတ်နေပုံရသော်လည်း သူမသည် မကြာမီ မျက်တောင်ခတ်ရင်း သူမ၏ ဖုန်းကို ညွှန်ပြလိုက်သည်၊၊ လမ်းခရီးတစ်ခုလုံးတွင် သီချင်းဖွင့်လာခဲ့သဖြင့် ယခုအခါ သူမ၏ ဖုန်းဘက်ထရီမှာ လုံးဝကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်၊၊ သူမ၏ သိုလှောင်အိတ်ထဲမှ သူမသည် အားသွင်းကြိုးကို ထုတ်ယူကာ ဝမ်ရှန်းကို တောက်ပစွာ ပြုံးပြလိုက်သည်၊၊

၎င်းတို့၏ power bank များအားလုံးမှာ ခရီးဆောင်အိတ်ထဲတွင် ရှိနေသည်၊၊ မည်သို့ပင်ဆိုစေ သူမသည် သူမ၏ အိတ်ထဲသို့ လျှပ်စစ်ပစ္စည်းများကို အပြည့်ထည့်ထား၍မရပေ၊၊

“ကောင်းပြီ၊၊ အနီးအနားမှာ စူပါမားကတ်ရှိမရှိ ကြည့်ရအောင်… ပစ္စည်းအချို့ဝယ်ရင်း အားသွင်းလို့ရတာပေါ့” ဝမ်ရှန်းက ပြန်ပြောလိုက်သည်၊၊

မုဝမ်ရွှမ်းက အားသွင်းကြိုးကို သူမ၏ လက်ချောင်းများဖြင့် လွတ်လပ်ပေါ့ပါးစွာ ကစားနေစဉ် ဝမ်ရှန်းက ဓားပျံကို တောင်တန်းနိမ့်များဆီသို့ လမ်းညွှန်လိုက်သည်၊၊ သို့သော် သူတို့သည် ရွာအဝင်အနီးရှိ တိတ်ဆိတ်သောနေရာတစ်ခုတွင် ဆင်းသက်လုနီးပါးဖြစ်နေစဉ် မုဝမ်ရွှမ်းက အသံခပ်တိုးတိုးဖြင့် တောင်စောင်းတစ်ခု၏ နောက်ကွယ်ကို ညွှန်ပြလိုက်သည်၊၊

“ဟိုမှာ”

ဝမ်ရှန်းလည်း သူမ ဘာကိုသတိထားမိသည်ကို မသိသော်လည်း သူသည် ဓားပျံကို သူမညွှန်ပြသည့် ဘက်သို့ ချက်ချင်းပင် ပြန်ကွေ့လိုက်သည်၊၊ မုဝမ်ရွှမ်းက သူမ၏ လက်ဝဲဘက်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူတို့အောက်ရှိ ထိုက်ကျိပုံရိပ်သည် တဖြည်းဖြည်းကွဲကြေသွားပြီး သူတို့နှစ်ဦးစလုံး၏ အရှိန်အဝါများကို ဖုံးကွယ်သွားခဲ့သည်၊၊

မကြာမီ ဝမ်ရှန်းသည် ကမ္ဘာဦးချီ၏ သေးငယ်သောအတက်အကျများကို ခံစားလိုက်ရသည်၊၊ ထိုလှိုင်းတွန့်များသည် တောင်တန်းများကြားရှိ ချိုင့်ဝှမ်းငယ်လေးတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်၊၊ သူတို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာသောအခါ သူ၏ ဝိညာဉ်အသိစိတ်က သူ၏ နှလုံးသားကို တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ခုကို ဖမ်းယူမိလိုက်သည်၊၊

လရောင်အလင်းတန်းများသည် ကောင်းကင်ယံမှ ရေစီးကြောင်းတစ်ခုကဲ့သို့ စီးဆင်းလာပြီး ချိုင့်ဝှမ်းအတွင်းသို့ စုဆောင်းနေကြသည်၊၊ အတွင်း၌ သေးငယ်သော ဝဲဂယက်တစ်ဒါဇင်ကျော်သည် ဖွဲ့စည်းနေပြီး လရောင်များကို ဆက်တိုက်ဆွဲယူနေကြသည်၊၊

၎င်းသည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနေခြင်းဖြစ်သည်၊၊

၎င်းသည် မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်နေနိုင်မလား၊၊

ကျင့်ကြံခြင်းလောကတစ်ကျော့ပြန်လည်လာသည့် ဒုတိယမြောက်နှစ်တွင် ချင်ယန်ဇီသည် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို မိစ္ဆာဟူသည့် အယူအဆအကြောင်း တစ်ကြိမ်ရှင်းပြခဲ့ဖူးသည်၊၊ ထိုစဉ်က သူသည် အကိုးအကားအထောက်အထားများစွာကို ထုတ်နုတ်သုံးနှုန်းခဲ့သဖြင့် မုဝမ်ရွှမ်းမှာ ချစ်စဖွယ်ကောင်းလောက်အောင် ကြောင်အမ်းအမ်းဖြစ်ကျန်ခဲ့သော်လည်း ဝမ်ရှန်းကမူ ဆရာဖြစ်သူ၏ စကားလုံးတိုင်းကို မှတ်မိနေခဲ့သည်၊၊

“မိစ္ဆာ” ဟူသော စကားလုံးသည် “ပုံပန်းပျက်အရာ” သို့မဟုတ် “သွေဖည်သောအရာ” ဟူသည့် စကားလုံးများနှင့် အဓိပ္ပာယ်ချင်း များစွာနီးစပ်သည်၊၊ ပုံမှန်မဟုတ်သော သို့မဟုတ် မိစ္ဆာလမ်းစဉ်သို့ ရောက်ရှိနေသည့် မည်သည့်အရာကိုမဆို မိစ္ဆာဟု ခေါ်ဆိုနိုင်သည်၊၊

ကောင်းကင်သခင်ဂိုဏ်း၏တပည့်များ ဂိုဏ်းထဲသို့ စတင်ဝင်ရောက်ချိန်တွင် လေ့လာရသည့် အခြေခံကျမ်းစာများထဲ၌ ဤသို့ ရေးသားထားသည်၊၊

လူသားသည် ကောင်းကင်ဘုံက မဖန်ဆင်းလိုသော အရာကို ဖန်တီးသောအခါ မိစ္ဆာဖြစ်လာသည်၊၊

အသက်မဲ့သောအရာများက အသိစိတ်ရရှိလာသောအခါ ဝိညာဉ်အဖြစ် နိုးထလာသည်၊၊

ဝိညာဉ်များသည် လွန်မြောက်မသွားဘဲ ငြင်းဆန်နေသောအခါ တစ္ဆေသရဲအဖြစ် ကျန်ရစ်သည်။

ပုံမှန်မဟုတ်သော သွေဖည်မှုများဖြစ်ပေါ်လာသောအခါ မွန်းစတားဟု ခေါ်သည်၊၊

အင်မော်တယ်များ လမ်းမှားသို့ရောက်သွားသောအခါ ဖောက်ပြန်ပျက်စီးသူ(မိစ္ဆာကျင့်ကြံသူ)ဟု ခေါ်သည်၊၊

လူသားတို့၏ နှလုံးသားသည် ရူးသွပ်မှုနှင့် စွဲလမ်းမှုများဖြင့် ဝါးမြိုခံရသောအခါ နတ်ဆိုးဖြစ်လာသည်၊၊

များပြားလှသော ကျေးလက်ဒဏ္ဍာရီများနှင့် စာပေ၊ ရုပ်ရှင်များထဲမှ ဒဏ္ဍာရီလာ လက်ရာများ၏ လွှမ်းမိုးမှုကြောင့် “မိစ္ဆာ” ဟူသည့် အယူအဆသည် “ဝိညာဉ်” ဟူသည့် အယူအဆနှင့် တဖြည်းဖြည်းရောထွေးမှားယွင်းလာခဲ့ခြင်း ဖြစ်သည်၊၊

ချင်ယန်ဇီ၏ သုံးသပ်ချက်အရ ကမ္ဘာဦးချီများပြန်လည်နိုးထလာချိန်တွင် သက်ရှိအားလုံးကို အားဖြည့်ပေးခဲ့သဖြင့် မရေမတွက်နိုင်သော သတ္တဝါများသည် ကျင့်ကြံခြင်းကို စတင်နိုင်ခဲ့ကြသည်၊၊ တောတောင်နက်များထဲရှိ အပင်များ၊ တိရစ္ဆာန်များ၊ အင်းဆက်များနှင့် အကြေးခွံရှိသော သတ္တဝါများသည် အသိဉာဏ်များနိုးထလာပြီး ၎င်းတို့ဘာသာစတင်ကျင့်ကြံကြရာမှ ဝိညာဉ်များဖြစ်လာကြသည်၊၊ ၎င်းတို့သည် သတ်ဖြတ်ခြင်းကို ရှောင်ကြဉ်ကြပြီး မိမိကိုယ်ကိုယ် တိုးတက်အောင်ရုံသာ အားထုတ်ကြသည်၊၊

သို့သော် လူသားတို့၏ အငွေ့အသက် စွန်းထင်သွားသည်နှင့် တပြိုင်နက် ထိုဝိညာဉ်များသည် လူသားတို့၏ စရိုက်များကို ရရှိလာပြီး အခြားသူများကို ရန်မူလာကြသည်၊၊ နောက်ဆုံးတွင်မူ ၎င်းတို့သည် မိစ္ဆာတစ်ကောင် ဖြစ်လာကြတော့သည်၊၊

ရှေးခေတ်ကာလက မိစ္ဆာများသည် ကျင့်ကြံသူများ၏ ရန်သူများဖြစ်ခဲ့ကြသည်၊၊ နောင်တွင် ဖြစ်လာမည့် ဘေးအန္တရာယ်များကို ကာကွယ်ရန်အတွက် ဝိညာဉ်အများစုကိုပင် မကြာခဏလိုက်လံရှာဖွေနှိမ်နင်းခဲ့ကြသည်၊၊ ထို့ပြင် ဝိညာဉ်အများစုကို ဆေးဖော်စပ်ရာတွင် ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုနိုင်သောကြောင့် ကျင့်ကြံသူအများအပြားက ၎င်းတို့ကို မျက်စိကျခဲ့ကြသည်၊၊

ယခုခေတ်တွင်မူ များစွာပူပန်နေရန် မလိုတော့ပေ၊၊ လူသားမဟုတ်သော မိစ္ဆာများနှင့် ဝိညာဉ်များသည် အသိဉာဏ်နိုးထလာရန်အတွက် အချိန်ကာလကြာမြင့်စွာလိုအပ်လေသည်၊၊ ထို့ပြင် လူသားများသည် သက်ရှိတိုင်း၏ ဦးဆောင်သူဖြစ်ပြီး များပြားလှသော တာအိုအစဉ်အလာများကို အမွေဆက်ခံထားကြသည်၊၊ ထို့ကြောင့် မိစ္ဆာများနှင့် ဝိညာဉ်များသည် လမ်းစဉ်တွင် လူသားကျင့်ကြံသူများ၏ တိုးတက်မှုအရှိန်ကို ဘယ်လိုမှမမီနိုင်ကြပေ၊၊

ထို့ကြောင့်ပင် ခေတ်သစ်ကျင့်ကြံသူများသည် မိစ္ဆာများကို နှိမ်နင်းရာတွင် ဝိညာဉ်များ၏ ကျင့်ကြံခြင်းကို သွားရောက်မနှောင့်ယှက်တော့ပေ၊၊ အကယ်၍ ၎င်းတို့အပေါ် စိတ်မချပါက ရှေးခေတ်ဆရာကြီးအချို့၏ လုပ်ဆောင်ချက်များကို အတုယူကာ တောင်ပေါ်သို့ ပြန်လည်ခေါ်ဆောင်၍ ချုပ်နှောင်စောင့်ကြည့်နိုင်သည်၊၊ ကျင့်ကြံသူတစ်ဦးက တောင်ပေါ်တွင် မွေးမြူရန် ရွေးချယ်ခေါ်ဆောင်သွားခြင်းခံရသော ဝိညာဉ်သည် ဘွဲ့အမည်သစ်တစ်ခုရရှိလိမ့်မည်ဖြစ်သည်၊၊ ၎င်းမှာ “တောင်စောင့်နတ်သားရဲ” ပင် ဖြစ်သည်၊၊

အဆုံးသတ်မှာတော့ လူသားများကပင် စည်းမျဉ်းများကို သတ်မှတ်ကြသည်၊၊

ရှေးခေတ်ကတည်းက ယခုထိ “မိစ္ဆာ” ဟူသော စကားလုံးသည် ကောင်းမွန်သောအဓိပ္ပာယ်သက်ရောက်မှုမျိုး ဘယ်သောအခါမှ မရှိခဲ့ပေ၊၊ ဒဏ္ဍာရီလာပုံပြင်များနှင့် ရုပ်ရှင်မျိုးစုံထဲတွင် မိစ္ဆာအနွယ်ဝင်များက “ဒီနေ့တော့ ငါတို့မိစ္ဆာတွေက မင်းတို့လို အားနည်းတဲ့လူသားတွေကို အပြတ်ရှင်းပစ်မယ်” ဟု အော်ဟစ်ကာ ထွက်ပေါ်လာပုံကို တွေးမိတိုင်း ဝမ်ရှန်းမှာ မသိစိတ်က စက်ဆုပ်ရွံရှာမိသည်၊၊

၎င်းသည် မိစ္ဆာကျင့်ကြံသူများ ပေါ်လာပြီး “ဒီနေ့တော့ ငါတို့မိစ္ဆာတာအိုက မင်းတို့လိုအားနည်းသူတွေကို ချေမှုန်းပစ်မယ်” ဟု အော်ဟစ်နေသည်နှင့် အတူတူပင် ဖြစ်သည်၊၊

အလေးအနက်ထားဖို့ ခက်လှပေသည်၊၊

လက်ရှိကိစ္စသို့ ပြန်သွားမယ်၊၊

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် တောင်တန်းနိမ့်များပေါ်တွင် ပျံသန်းလာစဉ် မုဝမ်ရွှမ်း၏ ဖုန်းဘက်ထရီကုန်သွားခဲ့ခြင်း ဖြစ်သည်၊၊ အားသွင်းမည့်နေရာကို ရှာဖွေနေစဉ်တွင် တောင်ကုန်းများ၏ နောက်ကွယ်ရှိ ချိုင့်ဝှမ်းထဲ၌ ပုန်းအောင်းနေသော သတ္တဝါတစ်ကောင်ကို မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်၊၊ ၎င်းသည် လ၏ အနှစ်သာရကို စုပ်ယူပြီး မိစ္ဆာများကို အသုံးပြုကာ ကျင့်ကြံနေခြင်း ဖြစ်သည်၊၊

၎င်းကို ၎င်းတို့၏ မျက်စိဖြင့် ကိုယ်တိုင်မမြင်ရသေးသဖြင့် မိစ္ဆာကို အသုံးပြု၍ ကျင့်ကြံနေသည့် လူသားတစ်ဦးလား သို့မဟုတ် ၎င်းဘာသာ ကျင့်ကြံနေသည့် ဝိညာဉ်တစ်ကောင်လားဆိုသည်ကို မဆုံးဖြတ်နိုင်သေးပေ၊၊ လောလောဆယ်တွင်မူ ၎င်းကို “မိစ္ဆာကျင့်ကြံသူ” ဟုသာ ရိုးရှင်းစွာ ခေါ်ဆိုလိုက်ကြသည်၊၊

ထိုဒါဇင်နှင့်ချီသော အရှိန်အဝါများသည် ထူးထူးခြားခြားပြင်းထန်ခြင်းမရှိပေ၊၊ ၎င်းတို့အနက် အစွမ်းထက်ဆုံးအရာမှာ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၏ အဆင့်ကိုပင် မနည်းမီရုံသာရှိသည်၊၊

သို့သော် ၎င်းတို့သည် သစ်သီးစိုက်တောင်သူများစွာနေထိုင်ရာ အနီးအနားရှိကျေးရွာတစ်ရွာနှင့် အလွန်နီးကပ်နေသည်၊၊ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့အနေဖြင့် ၎င်းကို မျက်ကွယ်ပြုထား၍မရပေ၊၊

ဝမ်ရှန်းက အသံလွှင့်နည်းစနစ်ဖြင့် ပြောလိုက်သည်၊၊ “အခုအချိန်မှာ မိစ္ဆာတွေက ရှားပါးသေးတယ်၊၊ ဖြစ်နိုင်ရင် အရှင်ဖမ်းဖို့ ကြိုးစားကြည့်ရအောင်”

မုဝမ်ရွှမ်း၏ အမူအရာမှာ ချက်ချင်းပင် တည်တံ့သွားသည်၊၊

“အွန်း”

ဝမ်ရှန်းက ကျောပေါ်ရှိ ဓားသေတ္တာကို ဖွင့်လိုက်ရာ ဝိညာဉ်မဲ့ဓားက ဝှစ်ခနဲထွက်ပေါ်လာသည်၊၊ သူသည် ၎င်းကို လက်ထဲတွင် မြဲမြံစွာ ဖမ်းကိုင်လိုက်ပြီးနောက် သူ၏ လက်တစ်ဖက်ဖြင့် ရှေ့သို့ ညွှန်ပြကာ ဓားပျံကို ထပ်မံ၍ အရှိန်မြှင့်လိုက်သည်၊၊ တစ်ချိန်တည်းမှာပင် မုဝမ်ရွှမ်းက သူမ၏ လက်နှစ်ဖက်ကို မြှောက်ကာ ပြင်းထန်သောတိုက်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် သူမ၏ လက်ဝဲဘက်လက်ဖဝါးတွင် နူးညံ့သော ယင်ချီနှင့် လက်ယာဘက်လက်ဖဝါးတွင် နွေးထွေးသော ယန်ချီကို စုစည်းလိုက်သည်၊၊

သူတို့သည် တောင်စောင်းကို ကျော်လွန်၍ ချိုင့်ဝှမ်းထဲသို့ ပျံသန်းဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် ဝမ်ရှန်း၏ ခြေဖဝါးအောက်မှ အစစ်မှန်ချီက ပေါက်ကွဲထွက်လာသည်၊၊ ဓားပျံသည် ရှေ့သို့ မြားတစ်စင်းကဲ့သို့ ပြေးဝင်သွားတော့သည်၊၊

“တိုက်တော့” ဝမ်ရှန်းက တိုးတိုးလေး အော်လိုက်သည်၊၊

သူတို့နှစ်ဦးသည် ကောင်းကင်ယံမှ တစ်ယောက်က လက်ဝဲ၊ တစ်ယောက်က လက်ယာဘက်သို့ ခုန်ဆင်းလိုက်ကြသည်၊၊ နတ်ဘုရားအဆင့်ဓားပျံသည် သူတို့နှစ်ဦးအကြားတွင် စူးရှသောအလင်းတန်းတစ်ခုအဖြစ် လည်ပတ်လျက် အောက်ခြေမြေပြင်သို့ ဝုန်းခနဲ ထိုးဆင်းသွားသည်၊၊

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ မြေပြင်သို့ ဆင်းသက်လိုက်သောအခါ စူးရှသော မျက်လုံးတဒါဇင်ကျော်သည် သူတို့ထံသို့ ချက်ချင်းလှည့်ကြည့်လာကြသည်၊၊ သို့သော် သူတို့မျှော်လင့်ထားသကဲ့သို့မဟုတ်ဘဲ ထိုသတ္တဝါများသည် တိုက်ခိုက်ခြင်းမပြုကြပေ၊၊ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း လျင်မြန်စွာ ဆင်းသက်လာပြီး တစ်ယောက်နှင့်တစ်ယောက် ကျောချင်းကပ်ရပ်လိုက်ကြရင်း ကြောင်အမ်းသွားခဲ့သည်၊၊

Chapter 248

ချိုင့်ဝှမ်းထဲတွင် လူတစ်ယောက်သာ ဝင်ဆံ့နိုင်ပြီး လက်မလုံးခန့် ထူသော သံတိုင်များရှိသည့် လှောင်အိမ်များရှိနေသည်၊၊ ၎င်းတို့အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ပုံစံရှိသည့်... ဝံပုလွေတွေလား… မဟုတ်ဘူး… ၎င်းတို့သည် ကြွက်သားထွက်နေပြီး ရက်စက်ကြမ်းကြုတ်သော ပုံစံရှိသည့် ခွေးကြီးများဖြစ်ကြသည်၊၊ ၎င်းတို့သည် ၎င်းတို့၏ အစွယ်များကို ထုတ်ပြကာ သူတို့နှစ်ဦးကို မာန်ဖီနေကြသည်၊၊

မုဝမ်ရွှမ်းသည် တစ္ဆေသရဲများကိုသာ ကြောက်ရွံ့ခြင်း ဖြစ်သည်၊၊ ဤခွေးကြီးများသည် သူမအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မရှိပေ၊၊ လိုအပ်ပါက ၎င်းတို့ကို ရိုက်သတ်နိုင်သည်ဟု သူမကိုယ်ကိုယ်ယုံကြည်မှုရှိလေသည်၊၊

ဝမ်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်၊၊ သူ၏ စီနီယာအစ်မ စကားမပြောမီမှာပင် သူသည် သူမကို ဆွဲခေါ်ကာ သူ သတိပြုမိထားသော မှောင်ရိပ်ကျနေသည့် ထောင့်တစ်ခုဆီသို့ အမြန်ပြေးဝင်လိုက်သည်၊၊

“အခုချက်ချင်း အော်ရာကို ဖုံးကွယ်လိုက် စီနီယာအစ်မ”

ခွေးများသည် အားနည်းသူကို နိုင်ထက်စီးနင်းလုပ်ပြီး သန်မာသူကို ကြောက်ရွံ့တတ်ကြသည်၊၊ ထို့ကြောင့် သူတို့နှစ်ဦးပြေးသွားသောအခါ ခွေးကြီးများက ဒေါသတကြီးဟောင်ကြလေတော့သည်၊၊ မကြာမီမှာပင် ချိုင့်ဝှမ်း၏ အဝင်ဝမှ လူရိပ်အချို့ ဝုန်းခနဲ ပြေးဝင်လာကြသည်၊၊

၎င်းတို့သည် ကျင့်ကြံသူများမဟုတ်သဖြင့် အမြန်မပြေးနိုင်ကြပေ၊၊ နီးကပ်လာသောအခါ ၎င်းတို့သည် အော်ဟစ်ဆဲဆိုလိုက်သည်၊၊

“ခွေးသူတောင်းစားတွေ ပါးစပ်ပိတ်ထားစမ်း… ဘာလို့ ကမ္ဘာပျက်မတတ်ဟောင်နေကြတာလဲ၊၊ ရဲတွေ ရောက်လာရင် မင်းတို့အားလုံးအသတ်ခံရလိမ့်မယ်”

“မင်းတို့က လူစကားနားလည်တယ်ဆိုပြီး ငါ့ကိုပဲ ဒုက္ခပေးနေကြတာပဲ”

“အားလုံး ပါးစပ်ပိတ်ထားစမ်း”

“နေဦး အစ်ကို ၃… သူတို့က ဟိုဘက်ကို ကြည့်ပြီး ဟောင်နေကြတာနော်… တစ်ယောက်ယောက်ခိုးဝင်လာတာလား မသိဘူး”

“ငါတို့ ကင်းလှည့်နေတာပဲ၊၊ ဘယ်သူက ခိုးဝင်လာနိုင်မှာလဲ၊၊ အော် ဒါမှမဟုတ် အဲဒီတောင်ပေါ်ကနေ ကျော်တက်လာတာလား”

၎င်းတို့သည် စကားပြောရင်း လှောင်အိမ်ဘေးရှိ သစ်သားတုတ်များကို ကောက်ကိုင်ကာ ခွေးများဟောင်နေသည့် ထောင့်ဆီသို့ လျှောက်သွားကြသည်၊၊ သို့သော် ဘာကိုမျှ ရှာမတွေ့ခဲ့ကြပေ၊၊ တဖြည်းဖြည်းနှင့် ခွေးဟောင်သံများ ငြိမ်သက်သွားသည်၊၊ ကြမ်းကြုတ်သော ခွေးများသည် လူသားများနှင့်တူသော ထူးဆန်းသည့် အမူအရာများဖြင့် ဆွံ့အနေကြသည်၊၊

တစ်ချိန်တည်းမှာပင် တောင်ချိုင့်ဝှမ်းဘေးရှိ ကုန်းစောင်းပေါ်တွင် ဝမ်ရှန်းသည် သူ၏ဖုန်းဖြင့် ထိုမြင်ကွင်းကို ရုပ်သံရိုက်ကူးနေခဲ့သည်၊၊ ကုန်ကျမည့် ဖုန်းအင်တာနက်ဒေတာပမာဏအတွက် အနည်းငယ်နှမြောမိသော်လည်း သူသည် ထိုဗီဒီယိုဖိုင်ကို သူ၏ တည်နေရာနှင့်အတူ မုရွှယ်ထံသို့ ပေးပို့လိုက်သည်၊၊

မုရွှယ်က ချက်ချင်းပြန်ဖြေလာခဲ့သည်၊၊

မုရွှယ်- ဆယ်မိနစ်၊၊

အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဤကဲ့သို့သောဖြစ်စဉ်မျိုးကို ယခင်ကလည်း ကိုင်တွယ်ခဲ့ဖူးပုံရသည်၊၊ ဝမ်ရှန်းအနေဖြင့် ထပ်မံရှင်းပြနေရန်ပင် မလိုတော့ပေ၊၊

ဤသည်မှာ ကြမ်းကြုတ်သော ကျင့်ကြံသူတစ်ဦးက ခွေးမိစ္ဆာများကို အသုံးချနေသည့် ရိုးရှင်းသောကိစ္စတစ်ခုမဟုတ်ပေ၊၊ တစ်စုံတစ်ယောက်က ၎င်းတို့ကို တမင်တကာမွေးမြူထားခြင်းဖြစ်သည်မှာ သိသာလှသည်၊၊ လက်ရှိရောက်နေသော လူများသည် သာမန်လူများသာဖြစ်သော်လည်း ၎င်းတို့၏ နောက်ကွယ်တွင် မိစ္ဆာကျင့်ကြံသူတစ်ဦးရှိနေမည်မှာ သံသယဖြစ်စရာမရှိပေ၊၊

ဝမ်ရှန်းတို့နှစ်ယောက်က ကျိုးတိုးကျဲတဲတောအုပ်တစ်ခုရှေ့ရှိ မြက်ခြောက်ပုံထဲတွင် ပုန်းအောင်းနေကြသည်၊၊ ခေါင်းပေါ်ရှိ ကြယ်တာရာများနှင့် လမင်းတို့က ထိုမြင်ကွင်းကို တိတ်ဆိတ်ငြိမ်သက်သော အလှတရားတစ်ခုပေးစွမ်းနေသည်၊၊ သူတို့သည် အနီးအနားတွင် အခြားသောချီစွမ်းအင်လှုပ်ရှားမှုများကို မခံစားရပေ၊၊

အောက်ခြေရှိ သာမန်လူအနည်းငယ်က အမိန့်အချို့ပေးလိုက်သောအခါ သံလှောင်အိမ်ထဲရှိ ကြမ်းကြုတ်သော ခွေးကြီးများသည် ထပ်မံ၍ လဲလျောင်း သို့မဟုတ် နာခံစွာထိုင်လိုက်ကြသည်၊၊ ၎င်းတို့သည် လမင်းဆီသို့ ခေါင်းမော့ကာ ပါးစပ်များကို ဟလိုက်ကြရာ လရောင်တန်းများသည် ၎င်းတို့၏ ပါးစပ်ထဲသို့ တိုက်ရိုက်စီးဝင်သွားကြတော့သည်၊၊

၎င်းတို့တွင် အသိဉာဏ်များ ထင်ရှားစွာရှိနေသော်လည်း ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာထိုးထွင်းသိမြင်မှုမှာမူ အကန့်အသတ်ရှိနေပုံရသည်၊၊

ဝမ်ရှန်းက ချီဖြင့်အသံပို့ကာ ပြောလိုက်သည်၊၊

“စီနီယာအစ်မ၊၊ အဲဒီမိစ္ဆာ‌ကျင့်ကြံသာတွေက ရွေးချယ်စရာလမ်းဆုံးနေပြီ ထင်တယ်၊၊ သူတို့က မိစ္ဆာတွေကိုတောင် မွေးမြူလာရတယ်ဆိုတော့ အင်အားမလုံလောက်တာဖြစ်နိုင်တယ်”

“ကြမ်းကြုတ်တဲ့ ခွေးတွေ”

မုဝမ်ရွှမ်းက နက်နဲသောအမူအရာဖြင့် ပြန်ဖြေလိုက်သည်၊၊ ထို့နောက် သူမက ဝမ်ရှန်းကို ဖုန်းဖြင့် စာရိုက်ပြသည်၊၊

မုဝမ်ရွှမ်း- ဒီခွေးတွေအားလုံးက အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ပုံစံရှိပြီး ရန်ငြိုးဖွဲ့မှုတွေနဲ့ ရစ်ပတ်နေပုံရတယ်၊၊ သူတို့က တခြားသက်ရှိတွေကို သတ်ဖြတ်ခဲ့ဖူးတာဖြစ်နိုင်တယ်၊၊

ဝမ်ရှန်း မျက်မှောင်အနည်းငယ်ကြုတ်သွာသည်၊၊ စီနီယာအစ်မ၏ ဝိညာဉ်အသိစိတ်က သူ့ထက် များစွာသာလွန်သည်၊၊ သူမ၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားသောကြောင့် သူမ၏ ဆုံးဖြတ်ချက်ကို သံသယဝင်ရန် အကြောင်းမရှိပေ၊၊

သူတို့သည် ကုန်းစောင်းထိပ်တွင် ခေတ္တမျှ စောင့်ဆိုင်းနေခဲ့ကြသည်၊၊ ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝမ်ရှန်း၏ ဝိညာဉ်အသိစိတ်သည် သေနတ်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်စု ချဉ်းကပ်လာသည်ကို သိရှိလိုက်ရသည်၊၊ တစ်ချိန်တည်းမှာပင် သူသည် မုရွှယ်ထံမှ အခြားစာတစ်စောင်ကို လက်ခံရရှိခဲ့သည်၊၊ မြေပြင်သတင်းပို့ချက်များအရ ကျေးရွာ၏ အဝင်အထွက်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီးဖြစ်ကာ ပတ်ဝန်းကျင်တောင်တန်းများကိုလည်း လုံခြုံရေးယူထားပြီး ဖြစ်သည်၊၊

စီနီယာအစ်မနှင့် ခေတ္တဆွေးနွေးပြီးနောက် ဝမ်ရှန်းသည် ကုန်းစောင်းထိပ်မှ တစ်ယောက်တည်းခုန်ဆင်းလိုက်သည်၊၊ သူ၏ နတ်ဘုရားအဆင့်ဓားပျံသည် သူ၏ ခြေဖဝါးအောက်တွင် ထွက်ပေါ်လာပြီး တောင်အောက်သို့ လျင်မြန်စွာ သယ်ဆောင်သွားခဲ့သည်၊၊

တစ်ချိန်တည်းမှာပင် မုဝမ်ရွှမ်းက တောင်စောင်းထိပ်တွင် ရပ်နေခဲ့ပြီး ထိုဒေသကို စောင့်ကြည့်ရန် သူမ၏ ဝိညာဉ်အသိစိတ်ကို ဖြန့်ကျက်ထားသည်၊၊ သူမ၏ တည်နေရာမှနေ၍ ကျေးရွာဆီသို့ ဦးတည်ရွေ့လျားနေသည့် များပြားလှသောရဲတပ်ဖွဲ့အင်အားစုများကိုလည်း မြင်တွေ့နိုင်သည်၊၊

ဝမ်ရှန်းသည် သာမန်လူအနည်းငယ်ကို တိုက်ခိုက်ရန်အတွက် ဝိညာဉ်မဲ့ဓားကို အသုံးပြုရန် ရည်ရွယ်ချက်မရှိပေ၊၊ သူသည် လက်ဝါးရိပ်အချို့ကိုသာ ထုတ်ဖော်လိုက်ရာ တစ်ခုချင်းစီက ပစ်မှတ်ကို တိကျစွာ ထိမှန်သွားပြီး ၎င်းတို့ကို သတိမေ့မြောသွားစေခဲ့သည်၊၊

ပတ်ဝန်းကျင်ရှိ ခွေးများလည်း စတင်၍အူကြတော့သည်၊၊ ဝမ်ရှန်း၏ မျက်ဝန်းများထဲတွင် အလင်းတန်းများ လင်းလက်သွားပြီး သူ၏ ဓားပျံမှ အေးစက်သောအငွေ့အသက်များ လျှံထွက်လာခဲ့သည်၊၊

“တိတ်စမ်း”

သူက အမိန့်ပေးလိုက်ရာ ကြမ်းကြုတ်သော ခွေးများလည်း အမြီးကုပ်ပြီး ငြိမ်သက်သွားကြတော့သည်၊၊ ၎င်းတို့၏ လူသားဆန်သောစရိုက်များကြောင့် ၎င်းတို့သည် မိမိတို့၏ အသက်ကို မသိစိတ်အရတန်ဖိုးထားကြခြင်းဖြစ်သည်၊၊

သေနတ်ကိုင်ရဲတပ်ဖွဲ့ဝင်များသည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာကြပြီး ဝမ်ရှန်းက သူ၏ ID ကတ်ကို လှမ်းပေးလိုက်သည်၊၊ သက်လတ်ပိုင်းအရာရှိနှစ်ဦးက ၎င်းကို လျင်မြန်စွာ ကြည့်လိုက်ပြီး ပြေးဝင်လာကာ သူ့ကို အလေးပြုရင်း ၎င်းတို့၏ စခန်းများကို သတင်းပို့လိုက်ကြသည်၊၊

“အကြံပေးဝမ်… ဒီခွေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲ၊၊ လူကြီးမင်းက ဒီနေရာကို စီမံပိုင်ခွင့်ရှိပါတယ်”

“ဒီမှာပဲ ထားလိုက်ပါ”

ဝမ်ရှန်းက ပြန်ဖြေလိုက်သည်၊၊

“ဒီနေရာကို လုံခြုံအောင်လုပ်ပြီး သူတို့ကို စောင့်ကြပ်ပါ၊၊ မိစ္ဆာကျင့်ကြံသူတွေ လှုပ်ရှားလာဖို့ အခွင့်အလမ်းအရမ်းများတယ်၊၊ ကျွန်တော်နဲ့ စီနီယာအစ်မက ခင်ဗျားတို့ကို ကူညီဖို့ ဒီမှာရှိနေပါလိမ့်မယ်”

“ပြီးတော့ ရွာထဲက အရာရှိတွေကိုလည်း ဒေသခံတွေကို မနှောင့်ယှက်ဖို့ အကြောင်းကြားပေးပါ၊၊ အဝင်အဝတွေကိုပဲ စောင့်ကြပ်ပြီး မကြာသေးခင်က ဧည့်သည်တွေ ရောက်လာတာမျိုးရှိမရှိ မေးမြန်းကြည့်ပါ၊၊ မိစ္ဆာကျင့်ကြံသူတွေ သူတို့ထဲမှာ ပုန်းအောင်းနေသလားဆိုတာကို ကျွန်တော်သွားပြီးစစ်ဆေးလိုက်မယ်”

အရာရှိနှစ်ဦးသည် အခြားအဖွဲ့များနှင့် ချက်ချင်းပင် စတင်ညှိနှိုင်းလိုက်ကြသည်၊၊ ဝမ်ရှန်းက သူ၏ ဓားပျံပေါ်သို့ တက်လိုက်ပြီး ကျေးရွာဆီသို့ ဝူးခနဲပျံသန်းသွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များလည်း သူ့ကို အံ့အားသင့်စွာဖြင့် ငေးကြည့်ကျန်ခဲ့ေလသည်၊၊

ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုမှာ ထူးခြားစွာပင် ထိရောက်မှုရှိလှသည်၊၊ ဝမ်ရှန်း ကျေးရွာအဝင်ဝသို့ ဆင်းသက်ချိန်တွင် ၎င်းတို့သည် ဒေသတွင်းစုံစမ်းစစ်ဆေးမှုများကိုပင် အပြီးသတ်ထားပြီး ဖြစ်သည်၊၊ အရာရှိအချို့က သူ့ကို ဆီးကြိုရန် အမြန်ပြေးဝင်လာကြသည်၊၊ ၎င်းတို့အနက် အဖြူရောင်လက်အိတ်များဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက သာမန်စမတ်ဖုန်းတစ်လုံးပါရှိသော သက်သေခံပစ္စည်းအိတ်ကို မြှောက်ပြလိုက်သည်၊၊

“အကြံပေးဝမ်… လွန်ခဲ့တဲ့ ခြောက်လလောက်က အိမ်ထောင်စုသုံးစု ပြောင်းရွှေ့လာခဲ့တာကို ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်၊၊ သူတို့က တောင်နောက်ဘက်က ငါးကန်နဲ့ သစ်သီးခြံ မူငါးဆယ်ကို ငှားရမ်းခဲ့ကြတာပါ၊၊ အိမ်ထောင်စုသုံးစုလုံးကို အခုထိန်းသိမ်းထားပါတယ်၊၊ သူတို့ရဲ့ ထွက်ဆိုချက်အရ သူတို့က မြေယာတွေကို စောင့်ရှောက်ဖို့ ငှားရမ်းခံရတဲ့ လယ်သမားတွေသာဖြစ်ပါတယ်၊၊ မိသားစုတစ်ခုစီက သူဌေးတစ်ယောက်စီရဲ့ လက်အောက်မှာ ရှိနေတာပါ”

“အဲဒီသူဌေးတွေကော” ဝမ်ရှန်းက မေးမြန်းလိုက်သည်၊၊

“သူတို့က လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က ကားတစ်စီးနဲ့ ထွက်ပြေးသွားကြပါတယ်၊၊ ကျွန်တော်တို့ သူတို့ကို လိုက်လံရှာဖွေနေဆဲဖြစ်ပါတယ်၊၊ ပြီးတော့ ဒါကိုလည်း အဲဒီနေရာမှာ ရှာတွေ့ခဲ့ပါတယ်”

အခြားအရာရှိတစ်ဦးက စက္ကူဖြူတစ်ရွက် ပါရှိသော ဒုတိယသက်သေခံပစ္စည်းအိတ်ကို ထုတ်ပြလိုက်သည်၊၊ ၎င်းပေါ်တွင် စာလုံးကြီးကြီးဖြင့် စာနှစ်ကြောင်းရေးသားထားသည်၊၊

ဖုန်းကို စစ်ဆေးကြည့်ပါ တာအိုဆရာဝမ်၊၊ လျှို့ဝှက်နံပါတ် ၄၃၉၆၊၊

ဝမ်ရှန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်းခံစားလိုက်ရသည်၊၊ သူတို့သည် လရောင်အောက်တွင် အမြင့်ပိုင်းပျံသန်းခဲ့ခြင်းမဟုတ်သဖြင့် မိစ္ဆာကျင့်ကြံသူများ၏ ကြံရာပါများက သူ့ကို ကြိုတင်သတိပြုမိသွားခြင်းဖြစ်နိုင်သည်၊၊

၎င်းတို့က သူ့ကို မှတ်မိသွားကြခြင်းဖြစ်သည်၊၊ သူက ၎င်းတို့ထံသို့ ပျံသန်းလာသည်ကို မြင်သောအခါ ၎င်းတို့၏ အခြေစိုက်စခန်းကို ဖျက်ဆီးရန်လာသည်ဟု ထင်မှတ်သွားခဲ့ကြသည်၊၊ ထို့ကြောင့် ၎င်းတို့က တုံ့ဆိုင်းမနေပဲထွက်ပြေးသွားကြခြင်းဖြစ်ကာ မိစ္ဆာခွေးဆယ်ကောင်ကျော်ကိုပင် စွန့်ပစ်ခဲ့ကြသည်၊၊

ကောင်းပြီလေ... ရပါတယ်၊၊

“ဖုန်းကို ကျွန်တော် ကြည့်လို့ရမလား”

သူက မေးလိုက်သည်၊၊

“ရပါတယ်”

ဝမ်ရှန်းက သက်သေခံပစ္စည်းအိတ်ပေါ်မှနေ၍ ဖုန်းကို ဖွင့်လိုက်သည်၊၊ မျက်နှာပြင်သည် စာတိုပေးပို့သည့်အက်ပ်တစ်ခု၏ chat roomသို့ ပွင့်သွားခဲ့သည်၊၊

သူသည် ထိုအထဲရှိ မဖွင့်ရသေးသော ဗီဒီယိုဖိုင်ကို နှိပ်လိုက်ရာ ၎င်းမှာ ခွဲစိတ်ခန်းတစ်ခုအတွင်း ရိုက်ကူးထားပုံရသည်၊၊ လူတစ်ဦးသည် စူးရှသော မီးရောင်အောက်တွင် ရပ်နေပြီး သူ၏ ထူးဆန်းသောမျက်နှာမှာ တဖြည်းဖြည်းနှင့် ပေါ်လွင်လာခဲ့သည်၊၊

—လရောင်အောက်မှာ ဓားနဲ့ ပျံသန်းရတာ... တကယ်ကို ရိုမန်တစ်ဆန်တာပဲ၊၊ ပြန်ဆုံကြပြန်ပြီပေါ့ တာအိုဆရာဝမ်၊၊

ဝမ်ရှန်းလည်း ထိုသူ့ကို ချက်ချင်းပင် မှတ်မိသွားခဲ့သည်၊၊

ထိုလူသည် လူသားအရေပြားမျက်နှာဖုံးကို ဝတ်ဆင်ထားပြီး သူ၏အသံကို ပြောင်းလဲထားသော်လည်း သူ၏ လေသံနှင့် မျက်ဝန်းများမှာမူ ထူးခြားစွာပင် ရင်းနှီးနေခဲ့သည်၊၊

ဝမ်ရှန်းသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး chat ၏ ထိပ်ဆုံးကို လှမ်းကြည့်လိုက်သည်၊၊ ဖုန်းပိုင်ရှင်က ထိုအဆက်အသွယ်ကို အဓိပ္ပာယ်ပြည့်စုံသော အမည်တစ်ခုဖြင့် သိမ်းဆည်းထားသည်၊၊ ၎င်းမှာ “သခင်လေး” ပင် ဖြစ်သည်၊၊

ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းရဲ့ သခင်လေးပဲ၊၊

ကောင်းပြီလေ၊၊ ဒါနဲ့ပတ်သက်လို့ အံ့ဩစရာမရှိတော့ပါဘူး၊၊

All Chapters