← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

Chapter 249

___ငါတို့ ပြန်ဆုံကြပြန်ပြီပေါ့ တာအိုဆရာဝမ်။ ပြီးခဲ့တဲ့တစ်ခေါက်က စကားပြောခဲ့တာတွေကို ငါ အမှတ်ရနေပါသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက တာအိုဆရာရှီကြောင့်နဲ့ ငါတို့တွေ လမ်းခွဲခဲ့ကြရတာက တကယ်ကို နှမြောဖို့ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ လေးစားရတဲ့ ဆရာ့ကျေးဇူးကြောင့် အခုဆိုရင် ငါတို့ ဂိုဏ်းက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးနေပြီး လမ်းမှန်ဂိုဏ်းအားလုံးရဲ့ မဟာရန်သူတော်ကြီးဖြစ်နေပြီလေ။ ငါတို့က တာအိုဂိုဏ်းတွေနဲ့ နှစ်ပေါင်းထောင်ချီရန်ငြိုးရှိခဲ့တယ်ဆိုပေမဲ့ အခုလောလောဆယ်မှာတော့ အစီအစဉ်တွေ ပျက်ပြားပြီး အမှားမှားအယွင်းယွင်းနဲ့ တော်တော်လေး အခြေအနေမဟန်ဖြစ်နေတယ်၊၊

___မင်းရဲ့ စီနီယာအစ်မ နတ်သမီးပုယွီက နှစ်ပေါင်းများစွာ အသည်းအသန်ရှာဖွေနေခဲ့တဲ့ ငါတို့ဂိုဏ်းရဲ့ ယင်ယန်လျှို့ဝှက်ကျမ်းကို ကျင့်ကြံထားပုံရတယ်။ ဒါက ငါတို့ဂိုဏ်းအတွင်းမှာ အတော်လေးဂယက်ရိုက်သွားစေခဲ့တယ်။ နောက်လာမယ့်ရက်တွေမှာတော့ ဂိုဏ်းထဲက အစွန်းရောက်တဲ့ ပါရမီရှင်အချို့ မင်းတို့နှစ်ယောက်ဆီ ရောက်လာကြလိမ့်မယ် ထင်တယ်၊၊ ဒါကတော့ ငါတကယ်မဖြစ်စေချင်တဲ့ အရာမျိုးပါပဲ၊၊

___ငါက တာအိုဆရာဝမ်ကို အတော်လေး အထင်ကြီးလေးစားမိသလို ဖြူစင်သန့်ရှင်းတဲ့ နတ်သမီး ပုယွီကိုလည်း အမြဲအားကျခဲ့ရတာပါ။ ဒီလိုလုပ်ရင်ကော… အခုပဲ အဲဒီယင်ယန်လျှို့ဝှက်ကျမ်းကို ငါ့လက်ထဲအပ်လိုက်မယ်ဆိုရင် ငါ့အဖေဆီယူသွားပြီး အကျိုးဆောင်မှုအတွက် ဆုလာဘ်တောင်းခံလို့ရသလို ဒေါသကြီးတဲ့ ဦးလေးတွေနဲ့ အကြီးအကဲတွေကိုလည်း တားဆီးပေးထားနိုင်မယ်၊၊

___ဘယ်လိုသဘောရလဲ… ငါတို့ရဲ့ လူမှုကွန်ရက်တွေကို လိုက်စုံစမ်းပြီး မင်းတို့ အချိန်ဖြုန်းနေဖို့မလိုပါဘူး။ ငါတို့ဂိုဏ်းက ကိုယ်ယောင်ဖျောက်တဲ့ကိစ္စလေးလောက်ကိုတောင် မလုပ်နိုင်ဘူးဆိုရင် တာအိုဂိုဏ်းတွေကို ယှဉ်ပြိုင်ဖို့ အရည်အချင်းရှိပါ့မလား၊၊

ထပ်၊၊

ဗီဒီယိုဖိုင်သည် ထိုနေရာတွင်ပင် ဆုံးသွားခဲ့သည်။ ဝမ်ရှန်းလည်း သက်သေခံပစ္စည်းအိတ်ဖြင့် ထုပ်ထားသော ဖုန်းကို ကိုင်ထားရင်း စခရင်ကိုကြည့်ကာ လက်ခလယ်ထောင်ပြလိုက်သည်။ ထို့နောက် သူ့ဖုန်းကို ထုတ်ကာ တစ်ဖက်ဖုန်းမှ YouChat အကောင့်ကို အပ်လိုက်ပြီး သူ၏ စီနီယာအစ်မကို ဖုန်းခေါ်လိုက်လေသည်။

“စီနီယာအစ်မ… ကျွန်တော်ပါ။ လူတစ်ယောက်ကို ဆဲဖို့ အကြမ်းဆုံး Meme တစ်ပုံလောက် ပို့ပေးပါဦး။ ကျွန်တော်က သမာဓိလမ်းစဉ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။ ဟုတ်တယ်… အပြင်းထန်ဆုံး တစ်ပုံလောက်ပို့ပေးပါ”

အနီးနားရှိ ရဲအရာရှိအချို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ဝမ်ရှန်း ဖုန်းနှစ်လုံးစလုံးကို အမြန်ပင် နှိပ်လိုက်ပြီး “ချီးစားလိုက် ခွေးကောင်” ဟု စာတန်းထိုးထားသည့် memeကို ထိုသခင်လေးထံ ပြန်လည်ပေးပို့လိုက်သည်။

ဟူး... meme သုံးပြီး ဆဲရတာ တကယ်ကို စိတ်ကျေနပ်စရာကောင်းတာပဲ၊၊

သူ chat အတွင်း ဝင်ကြည့်လိုက်သည့်အခါ တစ်ဖက်လူက သူ့ကို Blockသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

သူက တည်ငြိမ်စွာပင် ဖုန်းကို ပြန်ပေးလိုက်ရင်း “ဒါက အရေးကြီးတဲ့သက်သေပဲ။ တစ်ဖက်လူရဲ့ login အချက်အလက်တွေကို စုံစမ်းစစ်ဆေးပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ ချက်ချင်းအစီရင်ခံပေးပါ”

“နားလည်ပါပြီ အကြံပေးဝမ်။ ကျွန်တော်တို့ စတင်ဆောင်ရွက်နေပါပြီ”

“အခုလောလောဆယ်တော့ ဒီရွာမှာ အစောင့်တွေချထားပေးပါ။ ရန်သူတွေ ဒေါသထွက်ပြီး ကလဲ့စားချေဖို့ ပြန်လာမှာကို ကျွန်တော်စိုးရိမ်တယ်”

“ဟုတ်ကဲ့ စိတ်ချပါ… စိတ်မပူပါနဲ့ အကြံပေးဝမ်… အထက်လူကြီးတွေဆီက အမိန့်ရရှိထားပြီးသားပါ”

ထိုသို့ဆိုစေကာမူ ဝမ်ရှန်း စိတ်ထဲတွင် အနည်းငယ်မတင်မကျဖြစ်နေဆဲပင်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရွာကို အကြိမ်ကြိမ်ပတ်ကြည့်ရင်း ပတ်ဝန်းကျင်ကို ရှာဖွေရန် သူ၏ ဝိညာဉ်အသိစိတ်ကို ထပ်ခါတလဲလဲဖြန့်ကျက်လိုက်သည်။ သို့သော် မည်သည့် ကျင့်ကြံသူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရှိရချေ။

ဓားပျံကို ပထမဆုံးအကြိမ်စီးနင်းခြင်းဖြစ်သောကြောင့် သူက အလွန်ပေါ့ဆခဲ့မိသည်။ အမြင့်ကြီးသို့ ပျံသန်းရမည်ကို စိုးရိမ်သဖြင့် တောတောင်များကိုဖြတ်သန်းသည့်အခါတိုင်း ခပ်နိမ့်နိမ့်သာပျံသန်းခဲ့ခြင်းကြောင့် နောက်ဆုံးတွင် သူ၏ တည်နေရာကို သိရှိသွားစေပြီး ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသားများကို လန့်ပြေးစေခဲ့မိသည်။

အမှန်တော့ ဒါက မည်သူ့ကိုမျှ အပြစ်တင်၍ မရချေ။

အာဏာပိုင်များက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ မိစ္ဆာကျင့်ကြံသူများကို မြေလှန်ရှာဖွေနေချိန်တွင် သူနှင့် စီနီယာအစ်မတို့အပြင်ထွက်လာသည်နှင့် ထိုသူများနှင့် ထိပ်တိုက်တိုးခဲ့ကြခြင်းဖြစ်၏။ ဖုန်းအားသွင်းရန်နေရာရှာရင်းနှင့်ပင် ၎င်းတို့၏ မိစ္ဆာမွေးမြူရေးစခန်းကို မတော်တဆတွေ့ရှိခဲ့ကြသေးသည်။ သူတို့နှင့် ထိုဂိုဏ်းသည် ကံကြမ္မာအရ အတော်လေးရေစက်ပါနေပုံရသည်။

ဝမ်ရှန်း ရွာတစ်ခုလုံးကို သေချာရှာဖွေပြီးနောက်—ဘာမျှမတွေ့ရှိရဘဲ—ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုလည်း ပြီးဆုံးသွားခဲ့၏။

ထိုရက်စက်ကြမ်းကြုတ်သော ခွေးကြီးတစ်ဒါဇင်ကျော်ကို တောင်ပေါ်ရှိ သစ်သီးခြံတစ်ခုတွင် မွေးမြူထားခြင်းဖြစ်သည်။ ရွာသားအများစုက သိကြသော်လည်း ဟွာသမ္မတနိုင်ငံ၏ ဒေသအတော်များများတွင် အိမ်စောင့်ရန် ခွေးမွေးခြင်းမှာ ရိုးရိုးပင်ဖြစ်သည်။ အချို့သူများကလည်း အမြတ်အစွန်းအတွက် ခွေးကြီးများကို တိတ်တဆိတ်မွေးမြူရောင်းချကြသည်။ ထို့ကြောင့် ရွာသားများက သိပ်ပြီး သံသယမဝင်ခဲ့ကြချေ။

ထို့အပြင် ခွေးရောင်းရတိုင်း ထိုသူဌေးများက ရွာသားများကို ဆန်အိတ်ငယ်၊ ဂျုံမှုန့် သို့မဟုတ် ဟင်းချက်ဆီပုလင်းငယ်ကဲ့သို့သော လက်ဆောင်လေးများပေးတတ်ကြသည်။ ၎င်းက ခွေးများဆူညံမှုအတွက် လျော်ကြေးပေးခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုကြောင့်လည်း ရွာသားများအနေဖြင့် အများကြီးမကျေမနပ်မဖြစ်မိကြတော့ချေ။ ထို့ကြောင့် မည်သည့်တိုင်ကြားမှုမှမရှိခဲ့ကြခြင်း ဖြစ်သည်။ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ခေတ်ကာလဖြစ်သော်လည်း လူအများစုမှာမူ အလကားရသည့် အကျိုးခံစားခွင့်များကို ငြင်းပယ်လေ့မရှိကြချေ။

နေပါဦး၊၊ စီနီယာအစ်မက အဲဒီ memeကို ဘယ်သူ့အတွက် သုံးခဲ့ဖူးတာလဲ…၊၊

ဝမ်ရှန်းလညိး ရှန်းချင်းတောင်ပေါ်တွင် သူနှင့် စီနီယာအစ်မက ဟွာရှန်းတောင်မှ ကျင့်ကြံသူတစ်ဦးနှင့် ဆုံခဲ့သည့်အချိန်ကို မတွေးဘဲ မနေနိုင်ဖြစ်မိသည်။ ထိုလူသည် စီနီယာအစ်မကို ပိုးပန်းရန် ကြိုးစားနေပုံရသော်လည်း ကံဆိုးစွာပင် စိတ်ပျက်စရာကောင်းလှသည်။

ထို meme အကြောင်းကို တွေးတောရင်း ဝမ်ရှန်းသည် ရဲတပ်ဖွဲ့ထံမှ ဗီဒီယိုဖိုင်ကို တောင်းယူကာ ဆရာဖြစ်သူထံပို့ပေးလိုက်သည်။

မကြာမီပင် ချင်ယန်ဇီထံမှ စာပြန်လာခဲ့သည်။

ချင်ယန်ဇီ - သူတို့ကို နည်းနည်းလောက်ဆွပေးလိုက်… သူတို့ အရင်ဆုံးစတင်တိုက်ခိုက်လာအောင် ဆွဲဆောင်ပြီးမှ တဖြည်းဖြည်းချင်းပိုက်ကွန်ဖြန့်ဖမ်းရမယ်။

ဝမ်ရှန်း တည်ငြိမ်စွာ ပြုံးလိုက်သည်။ သူနှင့် ဆရာဖြစ်သူသည် အတွေးချင်းတူညီနေကြသော်လည်း ထိုသို့သော နည်းလမ်းမှာမူ ထိရောက်မှုသိပ်မရှိလှချေ။

အဆင့်မတက်မီကဆိုလျှင် သူ့တွင် စိုးရိမ်ပူပန်မှုအချို့ရှိနိုင်သော်လည်း ယခု ပုံရိပ်ယောင်အမြုတေအဆင့်သို့ ရောက်ရှိပြီးနောက် ဝမ်ရှန်းလည်း အစစ်အမှန်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရပြီဖြစ်သည်။ အရေအတွက်အားဖြင့် သူနှင့် စီနီယာအစ်မကို နှိမ်နင်းရန် ကြိုးစားမည့် မိစ္ဆာကျင့်ကြံသူများကို ဝိညာဉ်မဲ့ဓား၏ စွမ်းအားကို ပြသလိုက်ပေမည်၊၊

ထို့အပြင် ယင်ယန်ပါကွသိုင်းကို ကျင့်ကြံပြီး အင်မော်တယ်တစ်ဦး၏ လမ်းညွှန်မှုကို ရရှိထားသော သူ၏ စီနီယာအစ်မသည်လည်း အခုဆိုလျှင် ပုံရိပ်ယောင်အမြုတေအဆင့်၏ အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ ရွှေအမြုတေအဆင့်များကို အနိုင်ယူနိုင်သေးလျှင်တောင် အနည်းဆုံးတော့ ခုခံနိုင်စွမ်းရှိလေသည်။

ပြဿနာတစ်ခုက ဝူတန်းတောင်တွင် ကျင့်ကြံရန် သူ၏ အစီအစဉ်မှာမူ အကောင်အထည်ဖော်ရန် မလွယ်ကူတော့ချေ။ ဘာပဲဖြစ်ဖြစ် သူက ဝူတန်းဂိုဏ်းကို ရှုပ်ထွေးအောင် မလုပ်ချင်တော့ပေ။ တာအိုအမွေအနှစ်များရှိသည့် မြင့်မြတ်တောင်အသီးသီးတွင် အများစုမှာ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ပင် မရောက်သေးသည့် မျိုးဆက်သစ်ကျင့်ကြံသူများသာရှိကြသည်။

သူသည် ဓားပေါ်သို့ တက်လိုက်ပြီး တောင်ကြားသို့ ပြန်လည်ပျံသန်းခဲ့သည်။ ထိုနေရာကို လွှဲပြောင်းရယူရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦး ရောက်ရှိနေပြီဖြစ်သည်။ ဝမ်ရှန်းက သူတို့အား ဘယ်လိုဆက်လုပ်မည်ကို မေးမြန်းလိုက်သည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်နှစ်ဦးသည် မုဝမ်ရွှမ်း၏ ရှေ့တွင် သတ်ဖြတ်မှုများမလုပ်ရဲကြချေ။ သူမအနေဖြင့် ထိုကိစ္စများကို သိပ်ပြီး စိတ်ထဲမထားသော်လည်း သူတို့သည် ဝမ်ရှန်းတို့ထွက်သွားသည့်အထိ စောင့်ဆိုင်းပြီးမှ ထိုရက်စက်ကြမ်းကြုတ်သော ခွေးအများစုကို သေနတ်ဖြင့်ပစ်သတ်ရန် စီစဉ်ထားကြပြီး တစ်ကောင် သို့မဟုတ် နှစ်ကောင်ကိုသာ အနီးဆုံးသုတေသနဌာနခွဲသို့ ပို့ဆောင်မည်ဖြစ်သည်။

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ ဓားပျံစီးကာ ပျံသန်းသွားသည်နှင့် တောင်ကြားမှ သေနတ်သံများနှင့် ခွေးဟောင်သံများထွက်ပေါ်လာခဲ့သည်။ ထိုအသံများသည် မကြာမီပင် ငြိမ်သက်သွားခဲ့သည်။

၎င်းတို့က အဝေးကြီးသို့ ပျံသန်းခြင်းမရှိဘဲ အနီးနားရှိ တောအုပ်ငယ်တစ်ခုသို့သာ သွားရောက်ကာ အနားယူရင်း ထိုရွာလေးကို စောင့်ကြည့်ရင်းနှင့် နောက်ထပ်ဘယ်ကိုဆက်သွားရမည်ဆိုသည်ကို တိုင်ပင်လိုက်ကြသည်။

ဝမ်ရှန်းက မိစ္ဆာမွေးမြူသူများအပေါ် သိပ်ပြီး စိတ်မပူလှချေ။ သူ့အရင်ဘဝတုန်းက မိစ္ဆာများက လူကိုဒုက္ခပေးသည့်အကြောင်းကြားဖူးသော်လည်း ၎င်းတို့မှာ အလွန်ရှားပါးလှသည်။

ရှေးခေတ်ကာလတုန်းက တောတောင်နက်ကြီးအများအပြားကို မရှာဖွေရသေးချေ။ သို့သော် ယနေ့ခေတ် ဟွာသမ္မတနိုင်ငံတွင်မူ မရှာဖွေရသေးသည့် နေရာဟူ၍ အလွန်နည်းပါးသွားပြီ ဖြစ်သည်။ မိစ္ဆာအဖြစ်ပြောင်းလဲသွားသော သတ္တဝါများအတွက် ရှင်သန်ရန် နေရာမရှိတော့ချေ။ အရင်ဘဝတုန်းက သူသည် Firewallကို ကျော်ဖြတ်ကာ နိုင်ငံခြားသတင်းများကို အွန်လိုင်းတွင် ဖတ်ရှုခဲ့ဖူးရာ အခြားနိုင်ငံများ၏ တောင်ဘက်နယ်စပ်ကို ကျော်လွန်သော တောရိုင်းမြေများတွင် မိစ္ဆာအုပ်စုကြီးများသောင်းကျန်းနေသည်ကို တွေ့ရှိခဲ့ရသည်။

အကယ်၍ တစ်ခုခုဖြစ်လာလျှင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက ပေးမည့် ခြိမ်းခြောက်မှုကသာ သူ့ကို ပို၍ စိုးရိမ်စေသည်။ သူနှင့် မုဝမ်ရွှမ်းသည် ဗီဒီယိုဖိုင်ကို အကြိမ်ကြိမ်ပြန်ကြည့်ကာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာနေကြသည်။

မကြာမီပင် မုရွှယ်က ၎င်းတို့ ရှာဖွေတွေ့ရှိထားသော အကျဉ်းချုပ်ကို ပေးပို့လာခဲ့သည်။ ထိုအစီရင်ခံစာအရ လူမှုကွန်ရက်အကောင့်များ၏ မှတ်ပုံတင်ခြင်းနှင့် Login အချက်အလက်များသည် လုံးဝအတုအယောင်များသာဖြစ်နေသည်။ ထို့ကြောင့် အသုံးဝင်မည့်အရာတစ်ခုမျှ ခြေရာခံ၍မရခဲ့ချေ။

သို့သော် ဗီဒီယိုဖိုင်အရ ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်း၏ သခင်လေးသည် အသက် ၃၀အောက် အမျိုးသားတစ်ဦးဖြစ်ပုံရသည်။ သူ စကားပြောဆိုပုံနှင့် အသံထွက်များအရ သူသည် တောင်ပိုင်းပြည်နယ်များတွင် အချိန်အတော်ကြာနေထိုင်ခဲ့ဖူးကြောင်း သိသာစေ၏။ သူ၏ ကိုယ်နေဟန်ထား၊ လက်ဟန်ခြေဟန်များနှင့် အခြားအမူအရာများအရ သူသည် မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေပြီး မာနထောင်လွှားနေသူတစ်ဦးဖြစ်ကြောင်းထင်ရှားနေသည်။

အကြိမ်ကြိမ်ပြန်လည်ကြည့်ရှုပြီးနောက် ဝမ်ရှန်းလည်း ထိုလူသည် သူ၏ ရုပ်သွင်ကို လုံးဝပြောင်းလဲထားကြောင်း သေချာသွားခဲ့သည်။ ကြည့်ရဆိုးလှသော သူ၏ မျက်လုံးများကသာ အစစ်အမှန်ဖြစ်နိုင်ပေလိမ့်မည်။

“စီနီယာအစ်မ… ကျွန်တော်တို့ နောက်ထပ်ဘယ်ကိုသွားကြမလဲ”

မုဝမ်ရွှမ်း၏ ဖုန်းက အားကုန်သွားသည်ကို သတိရကာ သူ့ဖုန်းကို သူမအား ပေးလိုက်သည်။ ၎င်းတို့အနေဖြင့် ဤသို့ ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေ၍ မဖြစ်ချေ၊၊

မုဝမ်ရွှမ်း ခေတ္တတွေးလိုက်ပြီးနောက် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ စိတ်ပိုင်းဖြတ်ထားသည့်ဟန်ဖြင့် စာရိုက်လိုက်သည်။

“တန်ပြန်တိုက်ခိုက်မယ်”

ရန်သူက အိမ်ရှေ့အထိရောက်လာပြီဖြစ်ရာ ငြိမ်ခံနေခြင်းက မိုက်မဲရာကျပေလိမ့်မည်။ ဦးအောင်တိုက်ခိုက်ခြင်းကသာ ပိုကောင်းပေမည်။

ဝမ်ရှန်း မရယ်ဘဲ မနေနိုင်တော့ပေ၊၊

“ပြဿနာက သူတို့ ဘယ်မှာရှိမှန်း ကျွန်တော်တို့ မသိတာပဲ။ ပစ်မှတ်မရှိရင် ကျွန်တော်တို့က တန်ပြန်တိုက်ခိုက်လို့ မရဘူးလေ”

မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်ရင်း ဝမ်ရှန်း၏ ပုခုံးကို ပုတ်ကာ “ကောင်းကင်ဘုံက ဒီလူ့အပေါ် ကြီးမားတဲ့ တာဝန်တွေ ပေးအပ်ထားတယ်” ဟု စာတန်းထိုးထားသည့် meme ကို ပို့လိုက်သည်။

သိသာလှသည်မှာ သူမက ဤကဲ့သို့သောပြဿနာကို သူမ၏ မောင်လေးက ဖြေရှင်းပေးရန် မျှော်လင့်နေခြင်းဖြစ်သည်။

ဝမ်ရှန်းကိုယ်တိုင်လည်း သေချာမသိသေးသဖြင့် သူတို့၏ ဆရာဖြစ်သူနှင့် ဗီဒီယိုဖုန်းခေါ်ဆိုကာ အခြေအနေကို စုံစမ်းလိုက်သည်။ သူ အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သုံးယောက်သားထိုကိစ္စကို အသေးစိတ်ဆွေးနွေးလိုက်ကြသည်။

Chapter 250

ချင်ယန်ဇီကမူ ၎င်းတို့ကို မလိုအပ်ဘဲ စွန့်စားမှုများမလုပ်စေချင်သေးချေ။ လုံလောက်သော ပံ့ပိုးကူညီမှုနှင့် ကြိုတင်ပြင်ဆင်ထားသော စစ်ကူများမရှိဘဲ သူ၏ တပည့်များကို မဆင်မခြင်မလုပ်စေချင်ပေ၊၊ ထို့အပြင် အင်မော်တယ်တာအိုညီလာခံနှင့် နတ်ဘုရားကျောက်စာချပ်ကို ကာကွယ်သည့် တိုက်ပွဲပြီးနောက် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းသည် ပို၍ သတိရှိလာခဲ့သည်။ အာဏာပိုင်များက ငါးစာကို အကြိမ်ကြိမ်ချပေးခဲ့သော်လည်း ဤငါးကြီးမှာမူ တစ်ကြိမ်မျှ အစာမဟပ်ခဲ့ချေ။

မိစ္ဆာကျင့်ကြံသူများနှင့် ဉာဏ်ချင်းယှဥ်ရသည်မှာ စကားနှင့်ပြောနေသလောက် မလွယ်ကူချေ။ ၎င်းက ပြင်းထန်သော စီမံကိန်းများနှင့် ရန်သူ၏ ဉာဏ်ပညာကို လေးစားမှုရှိရန် လိုအပ်သည်။

“ဆရာ… ဆရာကတော်ကရော တစ်ခုခုအကြံပေးတာမျိုးရှိလား” ဝမ်ရှန်း က မေးလိုက်သည်။

ချင်ယန်ဇီက သက်ပြင်းချလိုက်ရင်း

____မင်းတို့ ဆရာကတော်က လက်တွေ့သမားပဲ။ သူက ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းရဲ့ ဌာနခွဲတွေနဲ့ စခန်းတွေကို လိုက်လံနှိမ်နင်းနေတယ်။ ‘ကျားဂူထဲမဝင်ဘဲ ကျားသားမရနိုင်ဘူး’ ဆိုတဲ့ စကားက မှန်ပေမဲ့ သူတို့ တကယ် စိတ်ဆိုးဒေါသထွက်မယ့်အရာကို မတွေ့မချင်းတော့ သူတို့ကို စုစည်းပြီး ငါတို့နဲ့ အပြင်ထွက်ရင်ဆိုင်လာအောင် ဖိအားပေးဖို့က မလွယ်ဘူး။ သူတို့က ယင်ယန်လျှို့ဝှက်ကျမ်းရဲ့ သုံးပုံတစ်ပုံကို ရထားပြီးပြီဆိုတော့ အဲဒါကို ငါးစာအဖြစ် ထပ်သုံးဖို့က မလွယ်တော့ဘူး၊၊

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့လည်း အတွေးနက်နေကြသည်။ ခေတ္တကြာပြီးနောက် မုဝမ်ရွှမ်း၏ မျက်နှာက ဝင်းပသွားကာ ဖုန်းပေါ်တွင် စာအချို့ ရိုက်လိုက်ပြီး သူ့ကို ပြလိုက်သည်။

သူတို့ကို တစ်ယောက်ချင်းစိန်ခေါ်လိုက်မယ်။ လူသူကင်းဝေးတဲ့နေရာတစ်ခု ရှာပြီး အသေအကျေတိုက်ခိုက်ကြတာပေါ့။ ဟွာရှန်းတောင်ထိပ်မှာ နောက်ဆုံးတိုက်ပွဲဆင်နွှဲလိုက်မယ်၊၊

ဝမ်ရှန်း ဆွံ့အသွားလေသည်။

သူမကို ပိုးပန်းဖို့ ကြိုးစားခဲ့တဲ့ ဟွာရှန်းတောင်က တာအိုဆရာကို သူမ ဘယ်လောက်တောင်မုန်းနေလို့လဲ။ တကယ်လို့ အဲဒီနေရာမှာ တိုက်ပွဲသာဖြစ်ပွားခဲ့ရင် ဟွာရှန်းတောင်ရဲ့ တာအိုအမွေအနှစ်တစ်ဝက်လောက်ဟာ ပြာကျသွားနိုင်လေ၏။

“စီနီယာအစ်မ…. အဲဒီမိစ္ဆာကျင့်ကြံသူတွေက ဘာတွေဝေမှုမှမရှိပဲ လူသတ်တတ်ကြပြီး အပြစ်မဲ့သူတွေကို ပုရွက်ဆိတ်တွေလိုသတ်ဖြတ်ကြတယ်။ သူတို့က ဂုဏ်သိက္ခာ ဒါမှမဟုတ် တရားမျှတမှုတွေကို ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့ထဲက အချို့က မာနကြီးချင်ကြီးလိမ့်မယ်၊၊ ဒါပေမဲ့ ဒီလောက်သိသာထင်ရှားတဲ့ ထောင်ချောက်ထဲသက်ဆင်းသွားလောက်အောင်တော့ မမိုက်မဲကြပါဘူး”

မုဝမ်ရွှမ်း နှုတ်ခမ်းစူလိုက်ရင်း မျက်ခုံးကြုတ်ကာ အတွေးနက်နေပြန်သည်။

၎င်းတို့သည် နတ်ဘုရားကျောက်စာကို ငါးစာအဖြစ်သုံးရန် အစီအစဉ်ဆွဲခဲ့သည့် ညကကဲ့သို့ပင်—ထိုစဉ်က ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ပြင်းထန်သော ထိုးနှက်ချက် ပေးနိုင်ခဲ့သည်—ယခုလည်း သုံးယောက်သား အစီအစဉ်တစ်ခုထွက်ပေါ်လာရန် ဦးနှောက်ကို အစွမ်းကုန်အသုံးပြုနေကြသည်။

ချင်ယန်ဇီသည် ၎င်းတို့၏ အဖွဲ့ငယ်လေးက နောက်ထပ်ပြဿနာတစ်ခုရှာတော့မည်ဟု ခံစားမိလိုက်ရ၏။ မကြာမီပင် ဝမ်ရှန်းက သူ၏ ဖုန်းကို မော့ကြည့်လိုက်သည်။

လာပြီ… ချင်ယန်ဇီက တွေးလိုက်ရင်း သူ၏ ဒုတိယတပည့် စကားပြောလာမည့်အချိန်ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်။

“ဆရာ… ဇီယန်ဘုရားကျောင်းက ရှေးဟောင်းမိစ္ဆာကို မှတ်မိသေးလား”

ချင်ယန်ဇီ မျက်တောင်ခတ်လိုက်ရင်း ဖုန်းကင်မရာကို ချိန်ညှိလိုက်ရာ သပ်ရပ်လှပစွာပြင်ဆင်ထားသော သူ၏ အခန်းနှင့် ကြမ်းပြင်မှ မျက်နှာကျက်အထိ မှန်ပြတင်းပေါက်များ၏ အပြင်ဘက်ရှိ လှပသောအာဟိုင်‌ရေကန်ကြီး၏ ရှုခင်းများကို မြင်တွေ့လိုက်ရသည်။ နောက်ဆုံးတွင် ကင်မရာသည် ကုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်နေသော ဆရာတော်တစ်ပါးကို ပြသလိုက်သည်။

ရူဖုန်းက သူ့အနားမှာတင်ရှိနေခြင်း ဖြစ်သည်။

….

မိုးသောက်အရုဏ်တတ်အချိန်တွင် ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် ဝူတန်းတောင်သို့ ရောက်ရှိလာခဲ့ကြသည်။ ကင်းလှည့်နေသော တာအိုဆရာကို နှုတ်ဆက်ပြီးနောက် ၎င်းတို့သည် ဝူတန်းတောင်တာအိုမျိုးဆက်ထံ မလိုအပ်ဘဲပြဿနာမရောက်စေရန်နှင့် မိမိတို့၏ သွားလာလှုပ်ရှားမှုများကို လျှို့ဝှက်ထားနိုင်ရန်အတွက် တောင်နောက်ဘက်လမ်းမှတစ်ဆင့် ၎င်းတို့၏ ခြံဝင်းဆီသို့ တမင်ပတ်သွားခဲ့ကြသည်။

ယခုအခါ မိစ္ဆာကျင့်ကြံသူများက သူတို့ကို ပစ်မှတ်ထားနေပြီဖြစ်သည်။ ၎င်းတို့၏ တည်နေရာကို လျှို့ဝှက်ထားခြင်းကသာ စိတ်အေးချမ်းမှုကို ရရှိစေမည်ဖြစ်ပြီး ဝူတန်းတောင်ကိုလည်း မလိုလားအပ်သောပြဿနာများမှ ကယ်တင်နိုင်မည်ဖြစ်သည်။

ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းမည့်အစီအစဉ်ကို ချမှတ်ပြီးစီးသွားပြီဖြစ်သော်လည်း ၎င်းကို ချက်ချင်းလက်တွေ့အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးချေ။

ဝမ်ရှန်း၏ အတွေးမှာ ရိုးရှင်းလှ၏။ သူက ဇီယန်ဘုရားကျောင်းရှိ ရှေးဟောင်းမိစ္ဆာအကြောင်းနှင့် အွန်လိုင်းမှ ကောလာဟလများကို အသုံးပြု၍ အရှိန်အဟုန်မြှင့်တင်မည် ဖြစ်သည်။ ထို့နောက်မှ ယုံကြည်စိတ်ချရသော သမာဓိလမ်းစဉ်ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ အကြီးအကျယ်ရှုံးနိမ့်သွားသည့် ပြဇာတ်တစ်ပုဒ်ကို သရုပ်ဆောင်ပြပြီး ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းကို ငါးစာဟပ်လာအောင် ဆွဲဆောင်ရန် မျှော်လင့်ထားခြင်းဖြစ်သည်။ သို့သော် ထိုအစီအစဉ်ကိုမစတင်မီ ကျော်ဖြတ်ရမည့် ပြဿနာများစွာ ရှိနေသေးသည်။

ပထမဆုံးပြဿနာမှာ မိစ္ဆာချုပ်ရေတွင်းထဲရှိ ရှေးဟောင်းမိစ္ဆာဖြစ်သည်။ သုတေသနဌာနက နှစ်နှစ်တိုင်တိုင် စစ်ဆေးတိုင်းတာခဲ့သော်လည်း ထူးခြားသည့် တိုးတက်မှုတစ်စုံတစ်ရာမရှိခဲ့ချေ။ ဘုရားကျောင်းအောက်ခြေတွင် ကျယ်ပြောလှသော နေရာလွတ်ကြီးတစ်ခုရှိနေသည်ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။

မိစ္ဆာချုပ်ရေတွင်းအနီးသို့ ချဉ်းကပ်သမျှ မည်သည့်ထောက်လှမ်းရေးကိရိယာမဆို လုံးဝစက်ပိတ်သွားတတ်သည်။ အကြိမ်ကြိမ်စမ်းသပ်စစ်ဆေးပြီးနောက် ထိုရေတွင်းပတ်ဝန်းကျင်တွင် ပြင်းထန်သော သံလိုက်စက်ကွင်းနှင့် အခြားအမျိုးအမည်မသိအနှောင့်အယှက်များရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။ ကိရိယာမှာ ပို၍ တိကျသေချာပြီး ဝိညာဉ်စွမ်းအားကို ပို၍အာရုံခံနိုင်လေ ချို့ယွင်းပျက်စီးလွယ်လေဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြင့်မြတ်သော ဆရာတော်ဒါဇင်ပေါင်းများစွာသည် နေ့ညမပြတ်ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထို့ကြောင့် ရေတွင်းထဲမှ မိစ္ဆာချီစွမ်းအားများက ထပ်မံတိုးပွားလာခြင်းမရှိတော့ဘဲ ယာယီအားဖြင့် တည်ငြိမ်နေပုံရသည်။ သို့သော်လည်း အာဏာပိုင်များကမူ သတိလက်လွတ်မနေရဲကြချေ။

ဇီယန်ဘုရားကျောင်းအနီးရှိ တောင်ကုန်းများပေါ်တွင် သံချပ်ကာတပ်ရင်းတစ်ခုကို အခြေစိုက်တပ်စွဲထားစေခဲ့သည်။ အကယ်၍ ရေတွင်းအောက်ရှိ ရှေးဟောင်းမိစ္ဆာက ချိတ်ပိတ်ထားခြင်းကို ဖျက်ဆီးပြီး ထွက်ပေါ်လာပါက ခေတ်မီစစ်တပ်က အလုံးအရင်းဖြင့် ဗုံးကြဲတိုက်ခိုက်မည်ဖြစ်သည်။ သို့သော် ၎င်းက မည်မျှအထိ ထိရောက်မှုရှိမည်ကိုမူ မည်သူမျှအသေအချာမသိကြချေ။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း မိစ္ဆာချုပ်ရေတွင်းကို နျူကလီးယားလက်နက်ဖြင့် ဖျက်ဆီးပစ်ရန် အကြံဉာဏ်များ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့သော်လည်း အမြဲတမ်းပယ်ချခံခဲ့ရသည်။ ရှေးခေတ်အင်မော်တယ်များနှင့် အစွမ်းထက်သောကျင့်ကြံသူများပင် သတ်ဖြတ်နိုင်ခြင်းမရှိခဲ့သည့် ရှေးဟောင်းမိစ္ဆာတွင် မည်သို့သောလျှို့ဝှက်နည်းလမ်းများရှိနေသေးသည်ကို မည်သူမျှမသိရှိကြချေ။ နျူကလီးယားလက်နက်ကိုလည်း ပေါ့ဆစွာအသုံးပြု၍မရနိုင်ချေ။

၎င်းတို့ လုပ်ဆောင်နိုင်သည်မှာ မိစ္ဆာချုပ်ရေတွင်း၏ လက်ရှိအခြေအနေကို ဆက်ထိန်းထားရန်၊ အနီးနားတွင် ခေတ်မီသံချပ်ကာတပ်ရင်းတစ်ခုချထားရန်နှင့် နောက်ဆုံးလက်နက်အဖြစ် ဟွာသမ္မတနိုင်ငံ၏ ဂြိုဟ်တုလက်နက်များနှင့် စွမ်းအင်မြင့်သိုလှောင်ရုံများကို အဆင်သင့်ပြင်ဆင်ထားရန်သာ ဖြစ်သည်။

ဟွာသမ္မတနိုင်ငံတွင် “ကောင်းကင်ဓား” ဟု လူသိများသော ထိပ်တန်းလျှို့ဝှက်အဆင့်-အာကာသအခြေစိုက်လေဆာလက်နက်စနစ်တစ်ခုရှိသည်။ ၎င်း၏ အစွမ်းထက်ပုံကို အပြည့်အဝမသိရဘဲ စမ်းသပ်မှုအားလုံးကို တင်းတင်းကျပ်ကျပ်လျှို့ဝှက်လုပ်ဆောင်ခဲ့သည်။ သို့သော် ၎င်းသည်လည်း အလုံးစုံပြီးပြည့်စုံခြင်းမရှိဘဲ သိသာထင်ရှားသော အားနည်းချက်အချို့ရှိနေသည်။ အကြီးမားဆုံးအားနည်းချက်မှာ ပစ်မှတ်ကို ရှာဖွေပုံဖော်ရန် ခက်ခဲခြင်းဖြစ်ပြီး ဒုတိယအားနည်းချက်မှာ စွမ်းအင်ဖြည့်တင်းမှုနှေးကွေးခြင်းဖြစ်သည်။ ထို့အပြင် ထိုစနစ်ကို လူသားများကို တိုက်ခိုက်ရာတွင် အသုံးပြုခွင့်တားမြစ်ထားသည်။

အရေးကြီးဆုံးအချက်မှာ “ကောင်းကင်ဓား” စနစ် အလုပ်လုပ်ခြင်းရှိ၊ မရှိမှာ ရာသီဥတုနှင့် ထိုဒေသ၏ လေထုညစ်ညမ်းမှုအပေါ်တွင် များစွာမူတည်နေခြင်းဖြစ်သည်။ မိုးကောင်ကင်က လုံးဝပြာလွင်ကြည်လင်နေပါက တိကျစွာပစ်ခတ်နိုင်သော်လည်း ထူထပ်သော တိမ်တိုက်များ သို့မဟုတ် မြူခိုးများရှိနေပါက ထိုစွမ်းအင်မြင့် လေဆာတန်းသည် ကောင်းကင်ယံတွင် ဖျတ်ခနဲလင်းလက်သွားပြီး ပျောက်ကွယ်သွားရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။

ဝမ်ရှန်းလည်း ရှေးဟောင်းမိစ္ဆာကို အသုံးပြု၍ ကိစ္စရပ်များကို လှုပ်ခတ်လိုသဖြင့် ထိုမိစ္ဆာကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ အကယ်၍ သူ၏ အစီအစဉ်ကြောင့် မိစ္ဆာကျင့်ကြံသူများက မဆင်မခြင်နှင့် ထိုမိစ္ဆာကို ကမ္ဘာပေါ်သို့ လွှတ်ပေးလိုက်ပါက ဆိုးရွားသော နောက်ဆက်တွဲများဖြစ်လာနိုင်ပေသည်။

ထိုအချက်ကို ထည့်သွင်းစဉ်းစားပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အထက်လူကြီးများထံမှ ခွင့်ပြုချက်ရယူရန် ဦးစွာခွင့်တောင်းရမည်ဖြစ်ပြီး ဆွေးနွေးပွဲများပြုလုပ်ရမည် ဖြစ်သည်။ ထိုအစီအစဉ်ကို ခွင့်ပြုချက်ပေး၊ မပေးမှာမူ မသေချာသေးချေ။

ချင်ယန်ဇီ၊ သူ၏ တပည့်များနှင့် ရူဖုန်းတို့သည် အစီအစဉ်၏ အကြမ်းဖျင်းပုံစံကိုသာ ရေးဆွဲရန်တာဝန်ရှိသည်။ ထို့နောက်တွင် ချင်ယန်ဇီက ၎င်းကို ချီလင်းထံလွှဲပြောင်းပေးမည်ဖြစ်သည်။ နောက်ဆုံးပိတ်ဆုံးဖြတ်ချက်ကိုမူ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ဟွာသမ္မတနိုင်ငံ၏ အထက်လူကြီးများကသာ ချမှတ်မည် ဖြစ်သည်။

အကယ်၍ အစီအစဉ်ကို ခွင့်ပြုချက်ရရှိခဲ့လျှင်ပင် လိုအပ်သော အရှိန်အဟုန်ကို တည်ဆောက်ရန် နှစ်လမှ သုံးလခန့် အချိန်ယူရမည် ဖြစ်သည်။ ဇီယန်ဘုရားကျောင်းသည် ရှုဓားဂိုဏ်းနှင့် အလွန်နီးကပ်လှသဖြင့် ဇီယန်ဘုရားကျောင်းရော ရှုဓားဂိုဏ်းပါ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရမည်ဖြစ်သည်။

ဝူတန်းတောင်သို့ ပြန်ရောက်ပြီးနောက် ဝမ်ရှန်းက ဒုတိယအဆင့်ငါးစာချခြင်းအစီအစဉ်အတွက် နောက်ထပ်တစ်ရက်ခွဲခန့် အချိန်ယူကာ ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။

ဒါက ပြဇာတ်ကရုံသက်သက်ပဲဆိုရင်... ဘာလို့ တကယ့် ဇီယန်ဘုရားကျောင်းအတိုင်း တစ်ထပ်တည်းတူတဲ့ ဇီယန်ဘုရားကျောင်းအတုတစ်ခုကို မတည်ဆောက်ရမှာလဲ…၊၊

သူသည် ထိုအကြံဉာဏ်ကို ဆရာဖြစ်သူထံ ဖုန်းဖြင့်ပြောပြခဲ့ရာ ဆရာဖြစ်သူက မေးခွန်းတစ်ခုမေးလာခဲ့သည်။

___ရွှမ်းလေးကို ခြိမ်းခြောက်တာကို ထားလိုက်ပါဦး... ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းက မင်းအပေါ်မှာကော ဘယ်လိုနက်ရှိုင်းတဲ့ ရန်ငြိုးတွေရှိနေလို့လဲ။ မင်းကတော့ သူတို့ကို အမြစ်ပြတ်မချေမှုန်းရမချင်း အနားယူမယ့်ပုံမပေါ်ဘူးပဲ၊၊

___ဘာပဲဖြစ်ဖြစ်… ငါ အဲဒီနည်းလမ်းကို တစ်ခါမှမတွေးမိခဲ့ဘူး။ တွေးကြည့်တော့ ဒါက အကြံကောင်းပဲ၊၊ အစိုးရရဲ့ အကူအညီနဲ့ဆိုရင် ဇီယန်ဘုရားကျောင်းအတုတစ်ခုတည်ဆောက်ဖို့က လူအင်အားနဲ့ အရင်းမြစ်က အများကြီးလိုမှာမဟုတ်လောက်ဘူး။ ကောင်းပြီ... ငါ အခုပဲ မင်းရဲ့ ဆရာကတော်ဆီသွားပြီး တိုင်ပင်လိုက်ဦးမယ်။ ဒါက အောင်မြင်ခဲ့ရင် ယင်ယန်ဖန်ဆင်းခြင်းဂိုဏ်းရဲ့ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက်ကို ဆွဲဆောင်နိုင်လိမ့်မယ်၊၊

ဆရာဖြစ်သူက ဖုန်းချတော့မည်ကို သိလိုက်သဖြင့် ဝမ်ရှန်းက အမြန်ပြောလိုက်သည်၊၊

“ဆရာ၊၊ ကျွန်တော့်မှာ နောက်ထပ်အကြံတစ်ခုရှိသေးတယ်”

__ဘာလဲ ပြောပါဦး၊၊

“အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စီနီယာအစ်မနဲ့ ကျွန်တော်က တခြားနေရာတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်ဆိုတဲ့ အချက်အလက်အချို့ကို ထုတ်ပြန်ခိုင်းလိုက်ပါ။ ဘာပဲဖြစ်ဖြစ် အခု ကျွန်တော်တို့ ဝူတန်းတောင်မှာ တိတ်တဆိတ်ကျင့်ကြံနေတုန်း ဝူတန်းတာအိုမျိုးဆက်ကို ပြဿနာတွေမကျရောက်အောင်ရှောင်ရှားတဲ့ သဘောပါပဲ”

___ငါ သူတို့ကို အဲဒီလိုလုပ်ဖို့ ပြောထားပြီးသားပါ။ မင်း စိုးရိမ်စရာမလိုပါဘူး၊၊

ချင်ယန်ဇီ၏ အသံတွင် စိတ်လှုပ်ရှားမှုအချို့ ပါဝင်နေပြီး သူက ရယ်မောလိုကသည်။

___မင်း အခုလိုကိစ္စတွေကို တွေးတတ်လာတာက မင်းကတော်တော်လေးရင့်ကျက်လာပြီဆိုတာကို ပြသနေတာပဲ၊၊ ငါ တကယ်ကို ကျေနပ်တယ်။ ရှန်းလေး... မင်းရဲ့ စီနီယာအစ်မက စိတ်ထားဖြူစင်လွန်းတယ်။ လောကကြီးက ခန့်မှန်းရခက်ပြီး လူတွေရဲ့ စိတ်နေသဘောထားကလည်း ဖတ်ရခက်တယ်။ မင်း သူမဘေးမှာရှိနေတာက ငါ့ကို ပိုပြီးစိတ်အေးစေတယ်၊၊

___အနာဂတ်မှာ ငါက မင်းတို့နှစ်ယောက်လုံးကို အမြဲစောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း အတော်လေးနက်ရှိုင်းနေပြီဆိုတော့ မင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်နေပါပြီ။ မင်းက ဂျူနီယာဖြစ်ပေမဲ့ စီနီယာအစ်မကို ပိုပြီးဂရုစိုက်ပေးရမယ်။ မှတ်ထားပါ... တခြားလူတွေ သူမကို လှည့်စားတာမျိုးမခံရစေနဲ့။ ငါဘာကိုဆိုလိုလဲဆိုတာ မင်း နားလည်တယ်မဟုတ်လား၊၊

နားမလည်ဘူး... လုံးဝနားမလည်ဘူး ဆရာ။ ဆရာက ဘာကိုဆိုလိုချင်တာလဲ…၊၊

All Chapters