← Chapters

အခန်း ၃၅

Vol. 5 Ch. 35

အခန်း ၃၅

Vol. 5 Ch. 35

အခန်း ၃၅ ။ မြေကမ္ဘာစွမ်းအားရှင်အဆင့်နှင့် မိုးကြိုးဒဏ်

လျူကျင်းသည် လူအများ၏ အကြည့်စူးစူးအောက်တွင် နေသားကျနေပြီဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့မိသည်။ သို့သော် ရှောင်ဂိုဏ်းသို့ ဦးတည်၍ လျှောက်လှမ်းနေရသည့် လမ်းတွင်မူ သူ့အတွေးတို့ မည်မျှအထိ မှားနေကြောင်း သိလိုက်ရတော့သည်။

လမ်းဘေးဝဲယာတစ်လျှောက်ရှိ လူများ၏ အကြည့်များမှာ အပ်ချွန်များကဲ့သို့ စူးရှနေပြီး၊ တီးတိုးရေရွတ်သံတို့မှာလည်း ပတ်ဝန်းကျင်၌ တလွင့်လွင့်ပျံ့လွင့်နေ၏။ ဤသို့သော အခြေအနေမျိုးကို သူ အကြိမ်ကြိမ် ကြုံဖူးခဲ့သလို၊ ထို တီးတိုးဝေဖန်သံများကိုလည်း နားနှင့်မဆံ့အောင် ကြားခဲ့ဖူးပြီးသား ဖြစ်သည်။

“ဟိုတစ်ယောက်က သူလား…”

“မင်းတို့ မကြားမိသေးဘူးလား…”

“သမားတော်လျူ ရဲ့ သားတဲ့…”

ယခင်ကဆိုလျှင် ဤသို့သော အသံများသာ သူနားနှင့်မဆံ့အောင်ကြားရလေ့ရှိသည်။

“ဟမ် …ဒီအရွယ်လေးနဲ့မင်္ဂလာဆောင်မယ် ဟုတ်လား…တကယ်ကြီးလား…”

“ဒါ ကောလာဟလသက်သက် လို့ထင်နေတာဟေ့”

“ရှူး..တိုးတိုး .. ၊ဂိုဏ်းချုပ် ရှောင်ကျန်းသမီးနဲ့တဲ့နော် … ငါတောင် သူ့မှာ သမီးတစ်ယောက်ရှိမှန်း မကြားဖူးဘူး”

ဤသည်မှာ သူလက်ရှိကြားနေရသော တီးတိုး ဝေဖန်သံများဖြစ်သည် ။ သို့သော် ယခု ကြားနေရသည့် စကားသံတို့၏ အကြောင်းအရာမှာမူ ယခင်ကနှင့် လုံးဝကို ကွဲပြားခြားနားနေသည်။

အကြောင်းမူ ယခင်ကကဲ့သို့ လူအများ၏ အကြည့်များတွင် သနားကရုဏာသက်သည့် အကြည့်မျိုး၊ သို့မဟုတ် အထင်သေးရွံရှာသည့် အကြည့်မျိုးများ လုံးဝ မတွေ့ရတော့ချေ။ တီးတိုးစကားသံများတွင်လည်း ယခင်ကလို လှောင်ပြောင်သည့် အရိပ်အယောင်များသာ သက်သက်မဟုတ်တော့ပေ။

ထိုအတင်းတုပ်သံများ သည် သူ့ဘဝတလျှောက်လုံး ကြုံတွေ့ရစမြဲအတိုင်း ဖြစ်သော်လည်း ယခုမူ အကြောင်းအရာ အသစ်အဆန်း တခု ထပ်ပါလာတော့သည် ။ အရှေ့ဘက်ဆိပ်ကမ်းမြို့မှ မြို့သူမြို့သားတို့သည် သူ့အပေါ် အကြည့်များပြောင်းသွားကာ သို့လော သို့လော စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေကြသည်။

သူတို့၏ အကြည့်များသည် ယခုအခါ လျူကျင်း၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို အသည်းအသန် ရှာဖွေနေကြသည့်နှယ်၊ သူ့အပေါ် အလွန်အမင်း စိတ်ဝင်စားနေကြသည့်အလား အသွင်ပြောင်းသွားခဲ့လေသည်။

‘ဒီကောင်က ဘာများ ထူးခြားနေလို့လဲ။’

လူအများ၏ မျက်ဝန်းအစုံက ဤ မေးခွန်းကိုပင် တိတ်တဆိတ် မေးမြန်းနေကြပုံရသည်။

ယခုကဲ့သို့ အာရုံစိုက်ခံရမှုမျိုးသည် လဆန်းမြို့ငယ် တွင် သူကြုံတွေ့ခဲ့ရသော အခြေအနေမျိုးနှင့် ဆင်တူယိုးမှားရှိသော်လည်း၊ စူးစမ်းလိုသည့်လူအုပ်စုချင်း ယှဥ်ပါက လုံးဝကွဲပြားခြားနားနေ၏။ ဤသို့ အကြည့်ပေါင်းသောင်းခြောက်ထောင်ကြားတွင် လျူကျင်းတစ်ယောက် မည်သို့နေရမှန်းမသိ အကြပ်ရိုက်နေမိသည်။ သူလုပ်နိုင်သည်မှာ တစ်ခုတည်းသာ ရှိတော့သည်။

ထိုအရာမှာ လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်သည်။

အနည်းဆုံးတော့ သူသည် မည်သည်ကိုမျှ ဂရုမစိုက်သယောင် ဟန်ဆောင်နေရမည်။ ဟိုနေရာ သည်နေရာမှ ကြားနေရသည့် ဝေဖန်သံများကြောင့် နားကန်းသွားလျှင်ပင် အမှုမထားဘဲ ခေါင်းကိုမော့၊ ခါးကိုဆန့်ကာ အရှေ့ဘက်ဆိပ်ကမ်းမြို့ ၏ မြို့လယ်လမ်းမကြီးပေါ်တွင် တည်ငြိမ်စွာ လျှောက်လှမ်းသွားဖို့သာရှိတော့သည်။

သို့သော် လမ်းတလျှောက်တွင် သူသေချာပေါက် သိလိုက်ရသည့် အချက်တစ်ခုရှိသည်။ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း သည် ဤ မင်္ဂလာပွဲသတင်း ကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ ဂိုဏ်းချုပ်ရှောင်ကျန်းသည် ဤမင်္ဂလာပွဲကို လျှို့ဝှက်ထားလိုပါက၊ ယခုကဲ့သို့ ကောလာဟလများ မြို့အနှံ့ ပျံ့နှံ့နေစရာ အကြောင်းမရှိပေ။ ရှောင်ဂိုဏ်း ၏ တင်းကျပ်လှသော စည်းကမ်းများအရ အပြင်ဘက်သို့ စကားတစ်ခွန်းမျှ ပေါက်ကြားသွားလိမ့်မည် မဟုတ်ပေ။

ယခုမူကား အရှေ့ဘက်ဆိပ်ကမ်းမြို့တစ်ခုလုံးက သူ့လက်ထပ်မည့်သတင်းကို ရက်ပိုင်းအတွင်းမှာပင် သိရှိသွားကြပြီဖြစ်သည်။ ဤအချက်က ရှောင်ကျန်းသည် ဤကိစ္စကို လူသိရှင်ကြား ဖြစ်စေလိုကြောင်း သက်သေပြနေသည်။ သို့သော်လည်း၊ ဤနောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက်ကိန်းအောင်းနေသည်ကိုမူ လျူကျင်းတစ်ယောက် မည်သို့မျှ မသိနိူင်ပေ။

သူ့သမီး ဖြစ်သူ၏ ရေခဲအဆိပ်ခန္ဓာကိုယ် သည် သာမန်ကိစ္စမဟုတ်ဘဲ အသက်အန္တရာယ်နှင့်ပင် ဆက်စပ်နေလောက်အောင် ထိလွယ်ရှလွယ်လွန်းလှသည်မဟုတ်လော။ ထို့ကြောင့်ပင် သူသည် သမီးဖြစ်သူကို လူမသိသူမသိဖြင့် အချိန်အတန်ကြာအောင် အစအနမခံဘဲ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ပါက လက်ရှိတွင် အဘယ်ကြောင့် ဤမျှထိပေါ့ဆစွာ သတင်းများပျံ့နေစေသနည်း။

“အာ…မသိတော့ဘူး..” ဟု ရေရွတ်ရင်းလျူကျင်း ခေါင်းကို အသာခါလိုက်သည်။ ဤမေးခွန်း၏ အဖြေ ကိုခန့်မှန်းနိူင်သည်အထိ သူဉာဏ်မမီပေ။ စင်စစ်မူ ၎င်းမှာ သူအဖြေမရသော မေးခွန်းများထဲတွင် အဆိုးရွားဆုံးဖြစ်လိမ့်မည်။ ဂိုဏ်းချုပ် ရှောင်ကျန်း သည် ပေါ့ ပေါ့ဆဆတွေးတတ်သူမျိုး လုံးဝမဟုတ်ပေ။ လျူကျင်းအဖေသည်ပင် ရှောင်ကျန်း၏ စွမ်းဆောင်ရည်နှင့် ဉာဏ်ပညာကို အကြိမ်ကြိမ် ချီးကျူးစကားဆိုခဲ့ဖူးသည်။ ရှောင်ကျန်း ဤသို့ ပြုမူနေသည်ဆိုပါက သူ့တွင် အလွန်လေးနက်သော၊ မပေါက်ကြားသင့်သည့် ခိုင်လုံသော အကြောင်းပြချက်တစ်ခုခု ရှိကိုရှိရမည်။

တစ်ပတ်။

မဟုတ်သေးပေ။ တစ်ပတ်ပင် မပြည့်တော့ပဲ နောက်ထပ် ရက်အနည်းငယ်သာ လိုတော့သည်။ လျူကျင်းအနေဖြင့် သည်းခံကာ ရက်အနည်းငယ်မျှသာ စောင့်ဆိုင်း လိုက်ရုံဖြင့် ရှောင်ဂိုဏ်းချုပ်ကြီး၏ ရည်ရွယ်ချက်ကို သိရှိရတော့မည်ဖြစ်သည်။

“ရောက်လာဘီလား ညီလေး…”

ရှောင်ဂိုဏ်း၏ ကြီးမားခန့်ညားသော အိမ်တော်ဝင်းတံခါးပေါက်သို့ ရောက်ရှိလာချိန်တွင် တာဝန်ကျအစောင့်တစ်ဦးက လျူကျင်းအား ရိုသေစွာ ကြိုဆိုနှုတ်ဆက်လိုက်သည်။

“ဟုတ်ကဲ့ အကိုကြီးတို့ မင်္ဂလာပါဗျ..”

လျူကျင်းက ပြန်လည်နှုတ်ဆက်ရင်း ဝင်းအတွင်းသို့ ခြေလှမ်းကျဲဖြင့် လျှောက်လှမ်းဝင်လာခဲ့သည်။ ထိုစဉ် သူ့စိတ်ထဲတွင် ရုတ်ခြည်း အတွေးတခုဝင်လာသည်။

သူ များ အမြင်မှားမိလေသလား သို့မဟုတ် အစောင့်များ၏ ဦးညွှတ်လိုက်သည့် အမူအရာက ပုံမှန်ထက် တစ်မျိုးတစ်ဖုံ ထူးခြားနေသလား။

ခဏတာမျှတော့ သူသည် ဤအရာအားလုံးကို သူအမြင်မှားယွင်းခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်လိုက်သေးသည်။ သို့သော်လည်း ထို အထင်အမြင်မှာ အချည်းနှီးပင် ဖြစ်သည်။ ဝင်းတံခါးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သူသည် ပတ်ဝန်းကျင်မှ ဝိုင်းအုံကြည့်ရှုနေကြသည့် လူအများ၏ အကြည့်ပေါင်းစုံ အောက်သို့ အလိုလိုရောက်သွားတော့သည်။

ရှောင်ဂိုဏ်းတွင် နေထိုင်ခဲ့သည့် ကာလတလျှောက်တွင် လျူကျင်းသည် သာမာန် အပြင်စည်းတပည့်အဖြစ်သာ ဖြတ်သန်းခဲ့သည်။ သူ့အဖေ၏ ချီစွမ်းအင်ချို့တဲ့မှု နှင့် ဆက်စပ်ကာ လူအချို့က သူ့ကို အထင်သေးတတ်ကြသည်ကို လျူကျင်း သိရှိပြီးသားဖြစ်သည်။

အထူးသဖြင့် ရှောင်ဖန်း ကဲ့သို့သော ဗိုလ်ကျတတ်သည့်လူမျိုးများဖြစ်သည်။

သို့သော်လည်း အကိုကြီး ရှောင်နန် ၏ အကာအကွယ်ပေးမှုကြောင့် မည်သူမျှ သူ့အား စော်ကားရန် အခွင့်ကောင်းမရှိခဲ့ကြပေ။ အချိန်တော်တော်များများတွင် ရှောင်ဂိုဏ်း၌ သူ့ဘဝသည် အထီးကျန်ဆန်လှသော်လည်း အတော်အတန် အေးချမ်းမှုရှိခဲ့သည်။

ပြီးခဲ့သည့်တစ်နှစ်တာကာလအတွင်းတွင်မူ ဂိုဏ်သားတပည့်တချို့ထံမှ အသံထွက်လာသည်တော့ အနည်းအကျဥ်းရှိသည် ။ ရှောင်ဂိုဏ်း ၏ စံနှုန်းအတိုင်းဆိုလျှင် ပထမအဆင့်ထက် ပိုမိုတိုးတက်နိုင်စွမ်း မရှိတော့သည့် တပည့်တယောက်အား လူဖျင်းလူညံ့ဟု သတ်မှတ်လေ့ရှိသည် ။ သို့ဖြစ်ရာ သူ့ကျင့်ကြံဆင့် ရပ်တန့် နေမှုက အခြားသော ဂိုဏ်းသားတပည့်များ၏ လှောင်ပြောင်သရော်မှုများကို ဖိတ်ခေါ်သလို ဖြစ်စေခဲ့သည်။ သို့သော်လည်း ထိုလှောင်ပြောင်မှုများမှာ အလွန်အကျွံ မဟုတ်ဘဲ မဆိုသလောက်သာရှိခဲ့သည်။

သို့သော် လက်ရှိတွင် မူအခြေအနေသည် တမျိုးတဖုံ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

သူ ကံမကောင်းပေ။ အပြင်စည်းတပည့်အများစုနှင့် အတွင်းစည်းတပည့်အချို့မှာ အိမ်တော်ဝင်း၏ ပင်မရင်ပြင်တွင် စုဝေးရောက်ရှိနေကြသဖြင့် လျူကျင်း ဝင်လာသည်ကို အားလုံးက တစ်ပြိုင်နက်တည်း မြင်လိုက်ကြသည်။ လက်ရှိ သူတို့၏ အကြည့်များတွင် ယခင်ကကဲ့သို့ သနားကရုဏာသက်သည့် အရိပ်အယောင်များသို့မဟုတ် ဝေဖန်ကဲ့ရဲ့လိုသည့်အရိပ်အယောင်များ မရှိတော့ဘဲ၊ သတိကြီးစွာထား၍ စူးစမ်းသည့် အရိပ်အယောင်များသာ လွှမ်းမိုးနေသည်။

ထို့ထက်ပိုလာသည်မှာ ထိုအကြည့်များအတွင်း၌ တစ်စုံတစ်ရာကို လိုချင်တပ်မက်နေသည့် မနာလိုမှုများ၊ ငြူစူမှုများ ရောယှက်နေခြင်းပင် ဖြစ်၏။ ဤအကြည့်များသည် လျူကျင်းကို ကြက်သီးထသွားစေသည်။ ဤမျှကြီးမားသော အပြောင်းအလဲတစ်ခုကို သူ မည်သို့မျှ ရင်ဆိုင်ရန် အသင့်မဖြစ်သေးချေ။

သို့ရာတွင် သူ နားလည်သည်။ ဤကဲ့သို့ အခြေအနေမျိုးတွင်မူ လူအများ အံ့အားသင့်နေကြခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စပင် ဖြစ်သည။ “အရှင်မွေးသော် နေ့ချင်းကြီး.”ဟူသည့် စကားပုံကဲ့သို့ပင် သူသည်လည်း သာမာန်အပြင်စည်း တပည့်တစ်ဦးဘဝမှ ဂိုဏ်းချုပ်ကြီး၏သမီးနှင့် စေ့စပ်ကြောင်းလမ်း သည့် အဖြစ်သို့ ရောက်ရှိသွားသည်မဟုတ်ပါလား။ ဤအဖြစ်သည် ရှောင်ဂိုဏ်းအတွင်း၌ လျူကျင်း၏အနေအထားကို မည်သို့ပြောင်းလဲသွားစေမည်ကို မွေးခါစ ခလေး ပင် ခန့်မှန်းမိနိုင်ပေသည်။

မဟုတ်သေးပေ...။

ပြောင်းလဲသွားစေမည်ဟု ပြောရမည့်အစား၊ ပြောင်းလဲပြီးသွားခဲ့ပြီဟုသာ ဆိုရပေမည်။

သတင်းများ စတင်ပျံ့နှံ့လာသည့် အချိန်မှစ၍ လျူကျင်း၏ ဂုဏ်ဒြပ်မှာ လုံးဝ ပြောင်းလဲသွားခဲ့လေသည်။

လက်ရှိတွင် သူသည် သာမန်အပြင်စည်းတပည့်တစ်ဦး မဟုတ်တော့ချေ။ သူသည် ဂိုဏ်းချုပ်ရှောင်ကျန်း၏ သမီးနှင့် စေ့စပ်ထားသူဖြစ်သဖြင့် ဂိုဏ်းချုပ်ကြီး၏ သမက်လောင်းတစ်ဦး ဖြစ်လာသည့်အပြင်၊ သခင်လေး ရှောင်ဖန်း ၏ ယောက်ဖ လောင်းအဖြစ်သို့ရောက်သွားသဖြင့် ဂိုဏ်းအတွင်း ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့လေသည်။ သူဝတ်ဆင်ထားသည့် ဝတ်ရုံမှာ အပြင်စည်းတပည့်တို့၏ အပြာရောင်သာ ဖြစ်သော်လည်း၊ သူ့အနေအထားမှာမူ ဂိုဏ်းမွေခံတပည့် တစ်ဦးနှင့် ဘာမျှမထူးခြားတော့ဘဲ တန်းတူရည်တူပင် ဖြစ်သွားခဲ့သည်။

ထို့ကြောင့်ပင် သူ့ကိုကြည့်နေသည့် မျက်ဝန်းများထဲတွင် အကောင်းမြင်စိတ်ဟူ၍ တစ်စက်မျှပင် မရှိတော့သယောင် မနာလိုမှုနှင့် မေးခွန်းထုတ်လိုမှုများသာ လွှမ်းမိုးနေကြသည်။

‘ဒီကောင် ဘာများ ငါတို့ထက်သာနေလို့လဲ …’

သူတို့အားလုံးခေါင်းထဲတွင် ဤမေးခွန်းကြီးသာ လည်ပတ်နေပုံရသည်။ သူ့ကျင့်ကြံခြင်းအဆင့်မှာလည်း သူတို့နှင့် ထူးမခြားနားပင် ဖြစ်သည်။ စင်စစ်မူ အပြင်စည်းတပည့်အချို့မှာ လျူကျင်းထက်ပင် သန်မာနေသေးသည်။ သူတို့အားလုံးသည် အဘယ်ကြောင့် လျူကျင်းကိုသာ ရွေးချယ်လိုက်သနည်းဟု အတွေးပွားနေကြမည်မှာ အသေအချာပင်ဖြစ်သည်။

အပြင်စည်းတပည့်များပင်လျှင် ဤသို့ တုံ့ပြန်နေကြသည်ဆိုပါက ၊ အတွင်းစည်းတပည့်များ မည်သို့တွေးတောနေကြမည်ကို လျူကျင်း စိတ်ကူးပင် မယဉ်ဝံ့တော့ချေ။ ဤလူများကြားထဲတွင် သူမည်သို့ ဆက်လက်ရပ်တည်ရမည်နည်း။

ထိုစဉ်မှာပင် လူအုပ်ကြားထဲမှ အသံတစ်ခုက သူ့အတွေးများကို ဖြတ်တောက်လိုက်သည်။

“ညီလေး... ဒီဘက်လာကွ”

ရှောင်နန်၏ ခေါ်သံကို ကြားလိုက်သည်နှင့် လျူကျင်းတစ်ယောက် ချက်ချင်းပင် လှည့်ကြည့်လိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရှောင်နန်သည် ဘေးတစ်နေရာတွင် ရပ်နေပြီး သူ့အား လက်ယပ်ခေါ်နေလေသည်။

လျူကျင်းသည် ရှောင်နန်ဆီသို့ ပုံမှန်ထက်ပင် အလျင်စလို ဖြစ်နေသယောင် ခပ်သွက်သွက် လှမ်းသွားလိုက်သည်။ ထိုသို့ လျှောက်နေသည်ကိုပင် သူ့ကို စောင့်ကြည့်နေသူအချို့သည် အတင်းတုပ်ကြလိမ့်မည်ဟု လျူကျင်း သေချာပေါက် သိနေသည်။ သူတို့သည် လျူကျင်းအား ရှောင်နန်၏ နောက်ကွယ်တွင်သာ ပုန်းကွယ်တတ်သူ၊ အားကိုးရာရှာနေသူဟု တွေးတောနေကြပေလိမ့်မည်။ အချို့ဆိုလျှင် ဤစေ့စပ်ကြောင်းလမ်းမှုသည် သူ ရှောင်မျိုးနွယ်ဝင်များအား ကပ်ဖားရပ်ဖားနှင့် ဂွင်ဖန်မှုကြောင့်သာ ဖြစ်လာသည်ဟု အထင်မှားနေကြပေလိမ့်မည်။

လက်ရှိတွင်မူ လျူကျင်းသည် ပတ်ဝန်းကျင်၏တွေးထင်ချက်များအား မထီမဲ့မြင်ပြုလိုက်ရန် ဆုံးဖြတ်လိုက်သည်။

ရှောင်နန်၏ နောက်ကွယ်တွင် ပုန်းကွယ်နေခြင်းက သူ့ ဂုဏ်သိက္ခာကို အနည်းငယ် ကျဆင်းစေနိုင်သော်လည်း၊ မလိုအပ်ဘဲ အတိုက်အခံပြုရမည့် အခြေအနေမျိုးနှင့် ယှဉ်လိုက်လျှင်မူ ဤသည်မှာ ပို၍ပင် လုံခြုံသည်။ မိုက်မဲသော အပြုအမူမျိုးဖြင့် သူ့ကို လာရောက်နှောင့်ယှက်မည့်သူတိုင်း ဂိုဏ်းစည်းကမ်းအရ ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်သည်။ထိုစည်းကမ်းကို လျူကျင်း သိသော်လည်း၊ အဓိပ္ပာယ်မဲ့ ထိပ်တိုက်ရင်ဆိုင်မှုမျိုးတွင်မူ သူ ပါဝင်မနေလိုပေ။ ထို့ကြောင့် လျူကျင်းတစ်ယောက် လက်ရှိအချိန်တွင် အရိပ်အခြည်ကြည့်ကာ အလိုက်သင့်နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။

“အစ်ကိုကြီး…”

ရှောင်နန်၏ အနီးသို့ ရောက်သောအခါ လျူကျင်းက လေးစားသော အမူအရာဖြင့် ခေါင်းကို အနည်းငယ် ငုံ့ညွှတ်ပြရင်း နှုတ်ဆက်လိုက်သည်။

“အစစအရာရာ အဆင်ပြေတယ်မလား အကိုကြီး ”

အရှေ့ဘက်ဆိပ်ကမ်းမြို့သို့ ရောက်ရှိပြီးနောက် နှစ်ဦးသား လမ်းခွဲခဲ့ကြပြီးကတည်းက ရှောင်နန်ကို ယခုမှသာ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရှောင်နန်သည် ပင်မအိမ်တော်ဝင်းတွင်သာ ရှိနေခဲ့ပြီး လဆန်းမြို့ ငယ်၌ ဖြစ်ပျက်ခဲ့သမျှကို ဂိုဏ်းချုပ်ရှောင်ကျန်းထံ အစီရင်ခံနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ဟာ အေးဆေးပါကွာ ..ဟိုမြို့မှာ ငါတို့ ကိုင်တွယ်ဖြေရှင်းပုံတွေကို ဦးလေးက သဘောကျနေတာ..၊ ညီလေး ကိုတောင် သူ တော်တော်လေး ချီးကျုးနေတယ်ကွ”

ရှောင်နန်သည် နောက်ဆုံးဝါကျနှစ်ခုကို အသံပို၍ အားပါထည့်ကာ ပြောလိုက်သည်။ လျူကျင်းသည် ဤသည်မှာ သူ တမင်ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်ကြောင်း သေချာပေါက် သိလိုက်သည်။

“ဒါပေမဲ့ အဲတာတွေ ထားလိုက်ပါတော့။ ဒီနေ့ ညီလေး ရောက်လာတာ ကွက်တိပဲဟေ့ ။ မင်းသာ မလာရင် ငါ ကိုယ်တိုင် ဆေးခန်းထိ လိုက်လာပီး ဆွဲခေါ်လာဖို့ စဥ်းစားထားတာ”

“ အကိုကြီးရာ …မလာလို့မဖြစ်တဲ့အခြေအနေမှန်း အကိုကြီးအသိဆုံးပါဗျာ …”

အပြင်စည်းတပည့်အများစုနှင့် အတွင်းစည်းတပည့်အချို့ ပင်မရင်ပြင်၌ စုဝေးနေကြခြင်းတွင် အကြောင်းအရင်း ရှိသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး အသက်လုတိုက်ခိုက်ရန် သို့မဟုတ် မိမိတို့၏ ကျွမ်းကျင်မှုများကို ကြွားဝါပြသရန် ရောက်ရှိနေကြခြင်း မဟုတ်ပေ။

သူတို့အားလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်းမှာ မြင်ကွင်းတခုခုကို ကြည့်ရှုရန်အတွက်သာ ဖြစ်သည်။

“အေးပါကွာ..” ရှောင်နန်က တိုတိုရှင်းရှင်းပင် ပြန်ဖြေသည်။ သူသည် အနီးရှိ ဂိုဏ်းသား တစ်ဦးအား တစ်ချက်ကြည့်လိုက်ရာ ထို ဂိုဏ်းသားမှ ခေါင်းတချက် ညိမ့်ပြလိုက်သည်။

“လာကွ ..၊ သွားလို့ရဘီထင်တယ် ..အကို့နောက်ကို လိုက်ခဲ့၊ ညီလေး။”

လျူကျင်းသည် ရှောင်နန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားများကို အမိန့်ပေး နေရာချနေကြသည့် အစောင့်များနှင့် ဂိုဏ်းဆရာများထံသို့ အကြည့်ရောက်သွားသည်။

“ဟင် ဘယ်ကိုလဲ အကိုကြီး ဒီနေရာမှာပဲမဟုတ်ဖူးလား ..”

ရှောင်နန်က လျူကျင်း၏ မေးခွန်းကို ကြားလျှင် ရယ်မောလိုက်သည်။

“ငါ့ညီရာ... တစ်နာရီ၊ နှစ်နာရီလောက်ပဲ စောင့်ကြည့်လိုက်။ မင်းမေးခွန်းက ဘယ်လောက်တောင် ကြောင်တောင်တောင်နိုင်လဲဆိုတာ မင်းကိုယ်တိုင် ရိပ်မိသွားလိမ့်မယ်။”

စကားပြောနေရင်းနှင့်ပင် ရှောင်နန်သည် ရှောင်ဂိုဏ်းကို ဝိုင်းရံထားသည့် မြင့်မားသော တံတိုင်းကို ခြေစုံရပ်ကာ ကျော်ဖြတ်ပြီး ခုန်ထွက်သွားလိုက်သည်။ လျူကျင်းသည် ခဏတွေနေပြီးမှ သူ့နောက်သို့ အမီလိုက်သွားသည်။ ဤသို့ ပြုလုပ်သူမှာ လျူကျင်းနှင့် ရှောင်နန်တို့ နှစ်ဦးတည်း မဟုတ်ပေ။ ဂိုဏ်းသားအားလုံးသည် ငှက်တစ်အုပ်နှယ် ပေါ့ပါးသွက်လက်စွာဖြင့် အရှေ့ဘက်ဆိပ်ကမ်းမြို့ ၏ အိမ်ခေါင်မိုးများပေါ်သို့ တစ်ဟုန်ထိုး တက်ရောက်သွားကြသည်။

ထိုနေ့တွင် အရှေ့ဘက်ဆိပ်ကမ်းမြို့ရှိ မြို့သူမြို့သားအများစုသည် ထူးဆန်းသော လေပြင်းတိုက်ခတ်သံများကို ကြားလိုက်ရသဖြင့် အထက်သို့ မော့ကြည့်လိုက်မိကြသည်။ ထိုအခါ သူတို့၏ ခေါင်းပေါ်ကို ဖြတ်သန်းသွားသော ရှောင်ဂိုဏ်းသားတအုပ်မှာ လေကိုခွင်းကာ ပျံသန်းနေကြသည့်အလား မြင်တွေ့လိုက်ရသဖြင့် အားလုံးပင် အံ့အားသင့်သွားကြရလေသည်။

သူတို့သည် အရှေ့ဘက်ဆိပ်ကမ်းမြို့နှင့် များစွာဝေးကွာလှသော အရပ်သို့ ရောက်မှသာ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။

“ဒီနေရာလားဗျ…”

လျူကျင်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မြင်ရသည်မှာ အရှေ့ဘက်ဆိပ်ကမ်းမြို့၏ အနောက်ဘက်ဆီသို့ ဆန့်တန်းထားသည့် မိုင်ပေါင်းများစွာ ကျယ်ပြန့်သော မြေပြန့်လွင်ပြင်ကြီးသာ ဖြစ်သည်။

“ဘာထူးခြားလို့လဲ အစ်ကိုကြီးရဲ့။ ကျွန်တော်ကြည့် ရတာတော့ ဘာမှမရှိတဲ့ မြေကွက်လပ်ကြီးပဲဥစ္စာ... ဘာလို့ ဒီနေရာကိုမှ ရွေးလိုက်ရတာလဲ”

“ဟိုဘက်ကို ကြည့်လိုက်ကွ”

ရှောင်နန်က အဝေးတစ်နေရာဆီသို့ လက်ညှိုးထိုးပြရင်း ခပ်အေးအေးပင် ဆိုလိုက်သည်။

“မျက်လုံးနဲ့ပဲ အားစိုက်ကြည့်မနေနဲ့ ငါ့ညီရ ..။ မင်း အာရုံတွေကို ဖွင့်ပြီး ချီစွမ်းအင်ကို ခံစားကြည့်စမ်းပါ။ ဒီလောက်ထိ ထင်ရှားနေတာကို အခုထိ မသိသေးတာ... ငါတော့ တကယ်ပဲ အံ့ဩမိတယ် ညီလေးရာ

လျူကျင်းသည် ရှောင်နန်၏ စကားအတိုင်း မျက်လုံးများကိုမှိတ်ကာ တည်ငြိမ်စွာ အာရုံစိုက်လိုက်သည်။ ချီစွမ်းအင်များ ပြည့်နှက်နေတတ်သည့် အဆိပ်စွယ်ချိုင့်ဝှမ်း နှင့် မတူဘဲ ဤနေရာတွင်မူ အာရုံကို ရှုပ်ထွေးသွားစေမည့် ပြင်ပလှုံ့ဆော်မှုများ မရှိလှပေ။ ရှောင်နန် ပြောဆိုသော ထူးခြားသည့် ချီစွမ်းအင်ကို ရှာဖွေတွေ့ရှိရန် လျူကျင်းအတွက် အချိန်အနည်းငယ်မျှသာ လိုအပ်လိုက်သည်။

ရုတ်တရက် သူ့အာရုံထဲတွင် ချီစွမ်းအင်လှိုင်းတစ်ခု ကို မြင်လိုက်ရသည်။ ထိုချီစွမ်းအင်သည် သဘာဝအလျောက် ရှိနေခြင်းမဟုတ်ဘဲ လူတစ်ဦးတစ်ယောက်၏ ပြင်းထန်သောအတွင်းအားဖြစ်ကြောင်း သံသယဖြစ်စရာမရှိပေ။ လျူကျင်းသည် ထိုချီစွမ်းအင်၏ အရည်အသွေးကို သေချာပေါက် အာရုံခံနိူင်သည့်အခါ ထိုသူ့ ကျင့်ကြံခြင်းအဆင့်ကို အလွယ်တကူပင် ခန့်မှန်းနိုင်လိုက်သည်။

မြေကမ္ဘာစွမ်းအားရှင်အဆင့်၊၊ နဝမအဆင့်။

“တွေ့ဘီမလား..”

ရှောင်နန်က လျူကျင်း၏ မျက်နှာအမူအရာကို ကြည့်ကာ သဘောကျစွာ ပြုံးလိုက်သည်။

“ကောင်းပြီ... အခုကစပြီး တစ်စက္ကန့်လေးတောင် မျက်ခြေမပြတ်စေနဲ့ ညီလေး။ ဒီပွဲက အချိန်အတန်ကြာကြာ စောင့်ရနိုင်ပေမဲ့... မင်းအတွက်တော့ စောင့်ရကျိုး အထပ်ထပ် နပ်စေရမယ်လို့ ငါ အာမခံတယ်”

လျူကျင်းလည်း အလွတ်ပေးရန် အစီအစဉ် မရှိချေ။ သူ့စိတ်အာရုံတစ်ခုလုံးသည် ထိုသူ့ ခန္ဓာကိုယ်အတွင်း အရှိန်အဟုန်နှင့် စီးဆင်းနေသည့် ချီစွမ်းအင်တို့၏ လမ်းကြောင်းကိုသာ အသေအချာ ဖမ်းဆုပ်ထားလိုက်သည်။ ထိုသူ့ ချီစွမ်းအင်ပမာဏမှာ များပြားလှရုံသာမက ပရမ်းပတာ ဖြစ်နေခြင်းမျိုးလည်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုချီစွမ်းအင်များသည် လျူကျင်း၏ ချီစွမ်းအင်အတွင်း၌ပင် မတွေ့ဖူးသေးသည့် ထူးခြားသော နူးညံ့သိမ်မွေ့မှုမျိုးဖြင့် လည်ပတ်စီးဆင်းနေသည်။ ဤနေရာတွင် ရှိနေကြသော အပြင်စည်းတပည့်ဖြစ်စေ၊ အတွင်းစည်းတပည့်ဖြစ်စေ၊ မည်သူတစ်ဦးတစ်ယောက်မျှ ဤသူကဲ့သို့ ချီစွမ်းအင်ကို တိကျသေသပ်စွာ ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ကြွေးကြော်ရဲမည် မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့် (၉) ဆင့်အနက် (၆) ဆင့်မြောက်ဖြစ်သော မြေကမ္ဘာအဆင့် ၏ အထွတ်အထိပ်၌ ရပ်တည်နေသည့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားဆိုသည်မှာ ဤသို့ပင် ဖြစ်ရမည်။

သို့သော် ထိန်းချုပ်နိုင်စွမ်း ရှိသလောက်၊ သူ့ ချီစွမ်းအင်ထဲတွင်မူ မည်သို့မျှ ဖုံးကွယ်၍မရသော ထိုင်းမှိုင်းသည့် အရိပ်အယောင်တစ်ခု ကိန်းအောင်းနေသည်။ လျူကျင်းသည် ဤအရည်အသွေးကို ရှောင်နန်ထံတွင် တစ်ကြိမ်တစ်ခါ ကြုံတွေ့ဖူးသော်လည်း၊ လက်ရှိ ထိုသူ၏ ချီစွမ်းအင်ထဲတွင်မူ ထိုအချက်မှာ ပိုမိုသိသာထင်ရှားလှသည်။

“နီးနေဘီကွ...”

အချိန်အတော်ကြာ တိတ်ဆိတ်စွာ စောင့်ဆိုင်းပြီးနောက် ရှောင်နန်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူက လျူကျင်းဘက်သို့ လှည့်ကာ—

“မျက်လုံးဖွင့်ပြီး ကြည့်ဖို့ အချိန်တန်ပြီ ညီလေး”

လျူကျင်းသည် ချက်ချင်းပင် မျက်လုံးကို ပွင့်လာသည်။ ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ချီစွမ်းအင်များ အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ တည်ငြိမ်နေသော မြစ်ရေပြင်သည် ရုတ်တရက် ရမ်းကားလာပြီး ကန့်သတ်ထားသော ရေလှောင်တမံများကို ဖျက်ဆီးပစ်လိုက်သည့်အလား ချီစွမ်းအင်လှိုင်းများမှာ ပြင်းထန်စွာ ရိုက်ခတ်နေသည်။

လျူကျင်းသည် ဖြစ်ပျက်နေသည်ကို ချက်ချင်းပင် နားလည်သွားသည်။

ကျင့်ကြံဆင့်တက်ခြင်း ဖြစ်သည်။

ထိုသူ၏ ချီစွမ်းအင်ကို ခေါ်ဆောင်လိုက်သကဲ့သို့ ကောင်းကင်ယံသည် ရုတ်တရက် အုံ့မှိုင်းသွားသည်။ မိုးကုတ်စက်ဝိုင်းပေါ်တွင် တိမ်မည်းများ ရုတ်ခြည်း စုဝေးရောက်ရှိလာပြီး၊ နေ့အခါမှ ညဉ့်အခါအဖြစ်သို့ ချက်ချင်းပင် ကူးပြောင်းသွားသည်။

ကောင်းကင်တွင် လျှပ်စီးတို့ တလက်လက်ဖြစ်သွားသည်။

မျက်စိကျိန်းမတတ် တောက်ပသည့် လျှပ်စီးတန်းကြီးတစ်ခုသည် မိုးကောင်းကင်မှသည် မြေပြင်ပေါ်သို့ အဆမတန် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရိုက်ခတ်ကျဆင်းလာသည်။ ထိမှန်သည့်နေရာမှာ တစ်မိုင်ကျော် ဝေးကွာနေသော်လည်း၊ ထိုနေရာမှ ထွက်ပေါ်လာသော အရှိန်အဝါက ဂိုဏ်းသားများ၏ မျက်စိကို အုပ်မိုးကာ ကာကွယ်လိုက်ရသည်အထိ ပြင်းထန်လှသည်။ လေထုတစ်ခွင် လျှပ်စစ်ဓာတ်များ ပြည့်နှက်သွားသဖြင့် လျူကျင်း၏ ဆံပင်များပင် ထောင်မတ်ကုန်ကြသည်။

ထိုအလင်းတန်းမှာ တစ်ခဏတာမျှသာ ကြာမြင့်သော်လည်း ကြည့်ရှုနေသူအားလုံး၏ မှတ်ဉာဏ်ထဲတွင် အသေအချာ စွဲထင်ကျန်ရစ်ခဲ့သည်။

“ကောင်းကင် နတ်ဘုရား အဆင့် ကို တစ်ယောက်ယောက် တက်လှမ်းတာကို မြင်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ တစ်သက်မှာ တစ်ခါ ကြုံရဖို့တောင် ခဲယဉ်းတဲ့ အဖြစ်အပျက်မျိုး ညီလေးရ..”

ရှောင်နန်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်နှာတွင် အားရကျေနပ်သည့် အပြုံးကြီးတစ်ခု ဆင်မြန်းထားပြီး မျက်လုံးများမှာမူ လျှပ်စီးလက်သွားသည့် ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။

လင်းလက်သွားသည့် လျှပ်စီးတန်းများကပင် သူ့အား အကြည့်လွှဲအောင် မလုပ်နိုင်ခဲ့ပုံရသည်။

“အကြီးအကဲတစ်ယောက် အဆင့်တက်ဖို့ နီးကပ်နေချိန်မှာ မင်းကြုံရတာ တကယ် ကံကောင်းတာပဲ။ ဒီလို မြင်ကွင်းမျိုးကို မျက်ဝါးထင်ထင် မြင်ရတာ အံ့ဩဖို့ကောင်းတယ် မဟုတ်လား။”

“ဟုတ်ပါ့ အစ်ကိုကြီးရာ ” လျူကျင်းလည်း စိတ်လှုပ်ရှားစွာပင် ပြန်ဖြေလိုက်သည်။

ကောင်းကင် နတ်ဘုရား အဆင့်။

လူအများစုအတွက်မူ ၎င်းမှာ တစ်သက်တာလုံး စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်သည်။ ရှောင်ဂိုဏ်းကဲ့သို့သော ထိပ်တန်းဂိုဏ်းမျိုးမှာပင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်လောက်သည့် အရည်အချင်းရှိသူ အနည်းငယ်သာ ရှိသည်။

ကောင်းကင် နတ်ဘုရား အဆင့် သို့ ခြေလှမ်းခြင်းဆိုသည်မှာ သာမန်ကျင့်ကြံသူတို့အတွက် လက်လှမ်းမမှီနိူင်သော စမ်းသပ်မှုတစ်ခုသာမက ကောင်းကင်ဘုံ၏ အမျက်ဒေါသကို ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။

“မင်း မြေကမ္ဘာစွမ်းအားရှင်အဆင့် ကျော်လွန်လိုက်ပြီဆိုတာနဲ့ ကံကြမ္မာပေး လျှပ်စီးဒဏ် ကို မလွဲမသွေ ခံရလိမ့်မယ်။”

ရှောင်နန်က လျှပ်စီးများ တဖျတ်ဖျတ်လက်နေသည့် ကောင်းကင်ယံဆီသို့ စူးစိုက်ကြည့်ရင်း လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

“အဲဒီအတွက် အသက်ကို ပဓာနမထားဘဲ အဆင်သင့်မပြင်ထားဘူးဆိုရင်တော့... မင်း ပြာအဖြစ်နဲ့ပဲ အဆုံးသတ်သွားလိမ့်မယ် ညီလေး..”

ထို့ကြောင့်ပင် ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းသူတိုင်းသည် မိမိ၏ အသက်ဝိညာဉ်ကိုပင် ပေါင်နှံထားသကဲ့သို့ အစွမ်းကုန် ပြင်ဆင်ကြရခြင်းဖြစ်သည်။ အပေါ်ယံမျှသာ ပြင်ဆင်မှုမျိုးသည် သေခြင်းတရား၏ အဝတွင် ရပ်တည်နေခြင်းနှင့် ထူးမခြားနားပေ။

ရှောင်နန်က ခဏမျှ အသက်ရှူဆိုင်းလိုက်ပြီးနောက် ဆက်လက်၍ ရှင်းပြသည်။

“ဒီထက်မက ပိုပြီးတော့လည်း ဆိုးဝါးလာဦးမှာ။ မင်း ကောင်းကင်နတ်ဘုရားအဆင့်ကို ပထမဆုံး စတက်တဲ့အခါဒီလိုလျှပ်စီးဘေးဒဏ်မျိုး တစ်ကြိမ်ပဲ ကြုံရမှာဖြစ်ပေမဲ့... ဒုတိယအဆင့်ကို ရောက်တဲ့အခါ ဆယ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရလိမ့်မယ်။ တတိယအဆင့်မှာ အကြိမ်တစ်ရာ၊ စတုတ္ထအဆင့်မှာ အကြိမ်တစ်ထောင်... အဲ့လို တဖြည်းဖြည်းတိုးလာတာကွ ..၊ အဲဒါကြောင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေဟာ လူနေအိမ်ခြေနားမှာ အဆင့်တက်ဖို့ ဘယ်တော့မှ မစွန့်စားရဲကြတာပေါ့။ အခန့်မသင့်ရင်ဖြစ်လာနိူင်တဲ့ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကောင်းကင်ဘုံရဲ့ အမျက်ဒေါသဟာ သာမာန်လူတွေအတွက် ဘေးအန္တရာယ် ရှိလွန်းလို့ပေါ့”

လျူကျင်းတယောက် ထိုစကားကြောင့် တုန်လှုပ်သွားမိသည်။ ကောင်းကင်နတ်ဘုရားအဆင့်ဆိုသည်မှာ ဤမျှလောက်ထိ ကြောက်ခမန်းလိလိ ပါလား ဟုလည်းတွေးမိသွားသည်။ သူ့ဆရာကြီး ကျန်းနှင့် ဂိုဏ်းချုပ်ရှောင်ကျန်းတို့သည် ထိုအဆင့်ထက်ပင် ကျော်လွန်သည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်ဟု တွေးမိလိုက်ချိန်တွင် လျူကျင်းတစ်ယောက် ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားသည်။

ရုတ်တရက် သူ့အာရုံထဲတွင် တစ်စုံတစ်ခုကို ဖမ်းမိလိုက်သည်။

““အစ်ကိုကြီး... သူ့ချီစွမ်းအင်မှာ တစ်ခုခု ပြောင်းလဲသွားပြီ”

လျူကျင်း တစ်စုံတစ်ခုကို အမိအရ သတိထားမိလိုက်သဖြင့် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

“ချီစွမ်းအင်က အရင်လို ထိုင်းထိုင်းမှိုင်းမှိုင်းကြီးမဟုတ်တော့ဘူး ကြည့်ရတာပေါ့ပါးနေတာပဲ ဗျ..”

ချီစွမ်းအင်၏ စွမ်းပကားမှာ ပိုမိုကြီးမားပြင်းထန်လာသည်က ပြောဖွယ်မရှိသော်လည်း၊ လျူကျင်း အရင်က ခံစားမိခဲ့ဖူးသော လေးလံထိုင်းမှိုင်းသည့် အငွေ့အသက်မျိုးမှာ ယခုအခါ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဤအပြောင်းအလဲကို မြင်လိုက်ရသဖြင့် ရှောင်နန်က သဘောကျဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်... မင်း သတိထားမိတာ သိပ်ကောင်းတယ်။ အဲဒါက မြေကမ္ဘာအဆင့်ကနေ ရုန်းထွက်နိုင်ခဲ့လို့ ရလာတဲ့ ဆုလာဘ်ပဲ”

ရှောင်နန်က ပခုံးတွန့်ရင်း ဆက်ပြောသည်။

“ကောင်းကင်ဘုံက မင်းကို လျှပ်စီးတွေနဲ့ ရိုက်ချပစ်ချင်သလို၊ မြေပြင်ကလည်း မင်းကို အောက်မှာပဲ ဆွဲချုပ်ထားချင်တာလေ။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ဒီလောက်အထိ ရက်စက်ကြမ်းတမ်းတာပေါ့... ညီလေးရယ်”

“ဆွဲချထားတယ် ဟုတ်လား”

လျူကျင်း မျက်တောင်တခတ်ခတ်ဖြင့် တွေးလိုက်မိသည်။ သူတွေးနေမိသည်ကို ရှောင်နန်က ရိပ်မိပုံရသည်။

“နေဦး ... သူ ရောက်လာပြီ။ ညီလေးနဲ့ တခါတည်း မိတ်ဆက်ပေးလို့ရဘီ..။”

အဆင့်တက်ခြင်း၏ အငွေ့အသက်များ ကျန်ရှိနေသေးသည့် အကြီးအကဲဖြစ်သူ သူတို့ဆီသို့ ရောက်ရှိလာချိန်တွင် ရှောင်နန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ရှောင်ဂိုဏ်းဝင်းထဲတွင် လျူကျင်း မြင်ဖူးနေကျ အခြားသော အကြီးအကဲများနှင့် မတူဘဲ ဤအကြီးအကဲမှာမူ ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားခြင်းမရှိပေ။ အမှန်ဆိုရလျှင် လျှပ်စီးဒဏ်ကို အခုလေးတင် ခံထားရသည့်အရှိန်ကြောင့် ဖြစ်ပေလိမ့်မည်။ သူ့အဝတ်အစားများမှာ မီးလောင်ကျွမ်းပြီး အပိုင်းပိုင်းဖြစ်နေကာ အပေါ်ပိုင်းကိုယ်ခန္ဓာမှာလည်း ထင်ရှားစွာ ပေါ်လွင်နေသည်။ ထိုသူ့မျက်နှာမှာ အတော်လေး အိုမင်းရင့်ကျက်နေသော်လည်း၊ ကြွက်သားအဖုအထစ်တို့ဖြင့် ပြည့်နှက်နေသည့် သူ့ကိုယ်ခန္ဓာမှာမူ အလွန်ပင် ကြံ့ခိုင်သန်စွမ်းလှသည်။

လျူကျင်း အနီးသို့ ရောက်သွားသောအခါမှ ထိုသူကို မှတ်မိသွားသည်။ ဤအကြီးအကဲမှာ အပြင်စည်းတပည့်များကို တာဝန်ယူရသူဖြစ်သော်လည်း၊ သူနှင့် စကားပြောဆိုသည်ကိုမူ လျူကျင်း တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။

ထိုအကြီးအကဲက ရှောင်နန်ကို မြင်သောအခါ နွေးထွေးစွာ ပြုံးလိုက်သည်။

“အာ... နန်လေး၊ ငါ့အဆင့်တက်ပွဲကို လာကြည့်တာပဲကိုး။ တော်သေးတာပေါ့ကွယ်။”

“မလာဘဲ နေပါ့မလား အကြီးအကဲရယ်။ ဒီလိုရှားပါးတဲ့ အခိုက်အတန့်မျိုးကို လက်လွတ်ခံလို့ဘယ်ဖြစ်မှာလဲဗျာ”

ရှောင်နန်က လေးစားသမှုဖြင့် ပြုံးလျက် ပြန်ဖြေလိုက်သည်။ ထို့နောက် ဘေးတွင် ရပ်နေသည့် လျူကျင်းကို လက်ဟန်ပြရင်း မိတ်ဆက်ပေးလိုက်သည်။

“အကြီးအကဲဟွေ... ဒီတစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ။ သူက ကျွန်တော့်ရဲ့ ညီလေး လျူကျင်းပါ။ ညီလေး... ဒါကတော့ အကြီးအကဲဟွေပဲ။ မင်္ဂလာကိစ္စတွေနဲ့ ပတ်သက်လာရင် မင်း သူ့ကို နောက်ပိုင်း မကြာခဏ တွေ့ရလိမ့်ဦးမယ်”

အကြီးအကဲဟွေက လျူကျင်းဘက်သို့ လှည့်ကြည့်ကာ ကြင်နာတတ်သော အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“အော်... သူက လူငယ်လေး လျူကျင်းကိုး..”

အကြီးအကဲ၏ စကားသံတွင် အိုမင်းရင့်ကျက်မှုနှင့်အတူ နွေးထွေးမှုတို့ အပြည့်အဝ ရောယှက်နေသည်။

“မင်းအဖေနဲ့တော့ ငါ တော်တော်များများ ဆုံဖူးပါတယ်ကွယ်။ အခု မင်းကို မြင်ရတာ ဝမ်းသာတယ်ကွာ..၊ နောက်ပိုင်းလဲ ရင်းရင်းနှီးနှီး နေကြတာပေါ့…”

All Chapters