အခန်း ၃၆
Vol. 5 Ch. 36
အခန်း ၃၆ ။ ဂိုဏ်းချုပ်ရှောင်ကျန်း၏ သောကဗျာပါဒ
နောက်ဆုံးတွင် သတ်မှတ်ထားသည့်နေ့ရက်သို့ ရောက်ရှိလာပြီဖြစ်သည်။ တစ်ပတ်တာ အချိန်ကာလမှာ လျှပ်တစ်ပြက်နှယ် ကုန်ဆုံးသွားခဲ့ပြီး၊ လျူကျင်းတို့သားအဖနှင့် ဂိုဏ်းချုပ် ရှောင်ကျန်းနှင့် ထိပ်တိုက်တွေ့ဆုံရမည့် အချိန်တန်ပြီဖြစ်သည်။
အမှန်တရား လိပ်ပတ်လည်မည့် အချိန်အခါသမယကို ရောက်ရှိလာပြီ ဖြစ်သည်။
လျူကျင်းအဖို့ အံ့အားသင့်စရာဖြစ်ရသည်မှာ၊ ရှောင်နန်သည် ဝေလီဝေလင်း မနက်အစောကြီးမှာပင် သူတို့အိမ်တံခါးဝသို့ ရောက်ရှိလာခြင်းပင် ဖြစ်သည်။ သူ့ လက်ထဲတွင် လျူကျင်း ဝတ်ဆင်ရမည့် အဝတ်အစားများကို ပိုက်ထားလျက် ရှိသည်။
“ဟန်ကိုယ့်ဖို့ ဆိုတာရှိတယ် ညီလေး”
အဝတ်အစားများ၏ ရည်ရွယ်ချက်ကို လျူကျင်း မေးမြန်းလိုက်သောအခါ ရှောင်နန်က တည်ငြိမ်စွာ ပြန်ဖြေသည်။
“ ဦးလေးရှေ့ ရောက်တဲ့အခါ သာမန်လူတွေလို ဝတ်ဆင်သွားလို့ ဘယ်ဖြစ်မလဲ၊ မဟုတ်ဘူးလား။”
ထိုအဝတ်အစားများမှာ အနက်ရောင်နှင့်အနီရောင် ရောနှောပါဝင်နေသော ကြက်သွေးရောင် အမျိုးအစား ဝတ်စုံများ ဖြစ်သည်။ ရှောင်ဂိုဏ်း၏ အစဉ်အလာအရ အဓိကအရောင်များမှာ အပြာ၊ အဖြူနှင့် ရွှေရောင်တို့သာဖြစ်ရာ၊ ယခုကဲ့သို့သော အရောင်ရွေးချယ်မှုမှာ မမျှော်လင့်ထားသည့် အရာတစ်ခုပင် ဖြစ်သည်။ အတွင်းစည်းတပည့်များ၏ လက်ပတ်များမှလွဲ၍ အနီရောင်ကို သူတို့၏ ဝတ်စုံများတွင် ရှားရှားပါးပါးသာ မြင်တွေ့ရတတ်သည်။ မင်္ဂလာဆောင်ကဲ့သို့သော အခမ်းအနားမျိုးတွင်မူ အနီရောင်သည် သာမန်အရောင်တစ်ခု ဖြစ်သော်လည်း၊ ယခုအချိန်မှာမူ အနည်းငယ် စောလွန်းနေသေးသည်ဟု လျူကျင်း ထင်မိသည်။
ရှောင်နန်က လျူကျင်းကို သေချာကြည့်ရင်း အဓိပ္ပါယ်ပါ ပါပြုံးပြသည်။ သူတို့၏ မျက်ဝန်းအရောင်နှင့် လိုက်ဖက်ညီစေရန်အတွက် ဤအနီရောင်ကို တမင်ရည်ရွယ်၍ ရွေးချယ်ပေးခဲ့ခြင်းလား ဟု သူ အမှတ်မထင်တွေးလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ၊ လျူကျင်းသည် ထိုအဝတ်အစားများကို ချက်ချင်းပင် လဲလှယ်ဝတ်ဆင်လိုက်သည်။ ၎င်းတို့မှာ သူနှင့် အထူးပင် လိုက်ဖက်ညီနေပြီး မည်သည့်အထည်အလိပ်မျိုးဖြင့် ချုပ်လုပ်ထားသည်လဲ မသိရသော်လည်း ဝတ်ရသည်မှာ ပေါ့ပါးကာ သက်သောင့်သက်သာရှိလှသည်။
သို့သော်လည်း ဤမျှတန်ဖိုးကြီးမားလှသည့် ဝတ်ရုံကို ဝတ်ဆင်ထားရခြင်းကြောင့် လျူကျင်း စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေသည်။ သူ့အဖေသည်လည်း ရှောင်နန် ယူဆောင်လာပေးသည့် အဝတ်အစားများကို ဝတ်ဆင်ထားရသည်ကို သိပ်ပြီးကျေနပ်ပုံမရပေ။ သို့သော်လည်း သူ့အဖေသည် ကြက်သွေးရောင်ကို မကြိုက်နှစ်သက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။ သူ့ဖခင် ကြက်သွေးရောင်ဝတ်ရုံ ဝတ်ဆင်သည်ကို လျူကျင်းတစ်ခါမျှ မမြင်ဖူးပေ။
အိမ်ပြင်သို့ ခြေချလိုက်သည်နှင့် သူတို့သားအဖအား ရှောင်ဂိုဏ်းသား လေးဦးက ထမ်းလာသည့် ဝေါယာဥ် တစ်ခုက ကြိုဆိုနေသည်။ ထိုဝေါယာဥ် သည် သူတို့ကို ပင်မအိမ်တော်သို့ ခေါ်ဆောင်သွားရန် ဖြစ်ကြောင်း ရှောင်နန်က ချက်ချင်းပင် ရှင်းပြလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုဝေါယာဥ်ကြီး သည် ပတ်ဝန်းကျင် ရှိ လူအများ၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ဆွဲဆောင်သွားသည်။ လျူကျင်း တို့သားအဖသည် ထိုနေရာမှ အမြန်ဆုံး လွတ်မြောက်သွားလိုသဖြင့် ဝေါယာဥ် ပေါ်သို့ အလျင်အမြန်ပင် တက်လိုက်ကြသည်။
ဝေါယာဥ်ကြီး ကို ဂိုဏ်းသားများ စတင်ထမ်းသွားချိန်တွင် လျူကျင်းတစ်ယောက် ရှက်သလိုခံစားလိုက်ရကာ အဓိပ္ပာယ်မရှိသည့်လုပ်ရပ်ဟု တွေးမိလိုက်သည်။ အမြန်ဆုံးရောက်ရန် ဟု အကြောင်းပြရအောင်လည်း ဂိုဏ်းသားများမှာ နှေးနှေး သာ သွားနေကြသဖြင့် လမ်းလျှောက်သွားသည်နှင့် ဘာမျှမခြားနားပေ။
'ဒါလည်း မျက်နှာပန်း လှအောင် ဖြစ်မှာပါလေ' ဟု သူ တွေးလိုက်သည်။ မင်္ဂလာဆောင်မည့်သူသည် ဝေါယာဥ် ဖြင့် ဂုဏ်ယူစွာ ရောက်ရှိလာပြီး၊ ဤသို့သော ဝတ်ရုံကောင်းများကို ဝတ်ဆင်ထားခြင်းက ရှောင်ဂိုဏ်း၏ ဂုဏ်သိက္ခာကို ပိုမိုဖော်ဆောင်နိုင်လိမ့်မည်ဟု သူ သဘောပေါက်လိုက်သည်။
ရှောင်ဂိုဏ်း၏ ပင်မအိမ်တော်ဝင်းဆီသို့ ဦးတည်သည့် လမ်းသည် တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ဖြင့်သာ လွှမ်းခြုံထား၏။ ဝေါယာဥ် အတွင်း၌ လျူကျင်းတစ်ယောက် စိတ်ကျဥ်းကျပ်လှသဖြင့် စကားတစ်ခွန်းမျှ မဟဘဲ အသက်ရှူသံကိုပင် ထိန်းထားရသည်။ ဘေးတွင် ထိုင်နေသော သူ့အဖေ လျူကျန့်ကော် ကမူ မည်သည့်စကားမျှဆိုရန် လိုအပ်သည်ဟု မထင်သည့်အလား မျက်လုံးတို့ကို မှိတ်ကာ တည်ငြိမ်စွာပင် ထိုင်နေသည်။
လျူကျင်းအတွက်မူ ဤတိုတောင်းလှသော ခရီးစဉ်မှာ နာရီပေါင်းများစွာ ကြာမြင့်သွားသယောင် ခံစားရသည်။ သို့သော် အချိန်အတန်ငယ် ကြာညောင်းပြီးနောက် ဝေါယာဥ် သည် တဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ ဂိုဏ်းသားများက ဝေါယာဥ် ကို ချလိုက်ပြီးနောက် တစ်ဦးက အလျင်အမြန်ပင် တံခါးကို ဖွင့်ပေးလိုက်သည်။
သူတို့ ရှောင်ဂိုဏ်းသို့ ရောက်ရှိလာပြီဖြစ်သည်။
ပင်မအိမ်တော်ဝင်း၏ အသွင်အပြင်မှာ လျူကျင်း မျှော်လင့်ထားသည့်အတိုင်းပင် ခမ်းနားထည်ဝါလှသည်။ အဆောက်အအုံ၏ အပြင်ဘက်ပုံစံကို လမ်းလျှောက်ရင်း မြင်ဖူးခဲ့သော်လည်း၊ ယခုကဲ့သို့ အနီးကပ် ရောက်လာသည့်ခံစားချက်မှာမူ လုံးဝကို ကွဲပြားခြားနားသွားသည်။ ထိုအဆောက်အအုံမှာ "ကိုးခေါင်းမြွေနတ်ဘုရား" ကြီးလောက်တော့ ကြီးမားလှသည်မဟုတ် ပေ။ သို့သော်လည်း ဤမျှကြီးမားခမ်းနားသည့် အဆောက်အအုံမျိုး နောက်ထပ်ရှိနေမည်ဟု လျူကျင်း မထင်ပေ။
စင်စစ်မူ ဤမျှကြီးမားသည့် အရာမျိုးလည်း လျူကျင်း မရှိစေချင်တော့ပါ။ ထိုမျှလောက်သော အတိုင်းအဆကို ကြည့်ရှုရသည်မှာပင် သူစိတ်ကျဥ်းကျပ်နေသည်။
အိမ်တော်၏ တံခါးကြီးများ အသာအယာ ပွင့်ဟသွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်တစ်ချက်တွင် စီတန်းရပ်နေကြသည့် ဂိုဏ်းသားများက ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ လျူကျင်းတစ်ယောက် ပြန်လည်နှုတ်ဆက်ရန် လက်ကို မြှောက်လိုက်မိသော်လည်း၊ ဤနေရာ၏ တင်းကျပ်သော ဂိုဏ်းစည်းကမ်းအရ ထိုသို့ပြုလုပ်ခြင်းမှာ မသင့်လျော်မှန်း အမှတ်ရလိုက်သဖြင့် လက်ကို အလျင်အမြန် ပြန်ရုပ်လိုက်ရသည်။
အိမ်တော်၏ အလယ်ဗဟိုခန်းမတွင် လူတစ်ဦး ရပ်နေသည်။ ထိုသူ့ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် ချီစွမ်းအင် မှာ အကြီးအကဲဟွေထက်ပင် ပိုမိုမြင့်မားပြင်းထန်နေသည်ကို လျူကျင်း အာရုံခံလိုက်မိသည်။ သို့သော် အသက်အရွယ်အားဖြင့်မူ အကြီးအကဲဟွေလောက် မအိုမင်းသေးပေ။
သူတို့နှစ်ဦးကို မြင်သောအခါ ထိုသူက နွေးထွေးစွာ ပြုံးပြလိုက်သည်။ လျူကျင်း အံ့အားသင့်သွားရသည်မှာ၊ ထိုသူက သူ့ဖခင်ကို ရင်းနှီးကျွမ်းဝင်စွာဖြင့် နာမည်တပ်၍ နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်သည်။
ထိုသူက သူ့ကိုယ်သူ အကြီးအကဲဂန်း ဟု မိတ်ဆက်လိုက်သည်။ လျူကျင်းလည်း ကပျာကယာ ပြန်လည်နှုတ်ဆက်လိုက်သည်။ သူ့အမူအရာမှာ သေချာပေါက် ရိုသေလေးစားသမှု ရှိနေသော်လည်း၊ သူ့ခန္ဓာကိုယ်မှာမူ တောင့်တောင့်ကြီး ဖြစ်နေသလို ခံစားလိုက်ရသည်။ သူ့စကားလုံးများမှာ ယဉ်ကျေးလွန်းအားကြီးသဖြင့် သူမည်သို့ပြန်ပြောရမည်ကို အကျပ်ရိုက်ခဲ့သော်လည်း အတော်အတန်တော့ အဆင်ပြေအောင် ထိန်းကျောင်း ပြောဆိုနိုင်ခဲ့သည်။
ဤသို့သော တုန်လှုပ်ချောက်ချားမှုများ ဖြစ်ပေါ်နေရခြင်းမှာ ပင်မအိမ်တော်ဝင်းကြီးသို့ ပထမဆုံးအကြိမ် ခြေချမိခြင်းကြောင့်လော။ သို့မဟုတ် မိမိ၏ စေ့စပ်သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရတော့မည့်အရေးကို ကြောက်ရွံ့နေခြင်းကြောင့်လော။ သို့မဟုတ် ဂိုဏ်းချုပ်ရှောင်ကျန်း၏ ပါးစပ်မှ ထွက်လာမည့် စကားလုံးများကို ရင်မဆိုင်ရဲခြင်းကြောင့်လော သူသေချာမသိပေ။
လျူကျင်းသည် ထိုမေးခွန်းများအတွက် အဖြေရှာနေရန်အချိန်မရှိပေ။ သူသိသည်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် သူ့ အာခေါင်များခြောက်လာကာ တံတွေးကို အကြိမ်ကြိမ် မြိုချနေမိခြင်းပင်ဖြစ်သည်။ သူ့ လည်ချောင်းထဲတွင် တစ်စုံတစ်ခု ကပ်ငြိနေသကဲ့သို့ ခံစားနေရသည်။ အကြီးအကဲဂန်းမှ သူတို့အား အိမ်တော်၏ အတွင်းပိုင်းဆီသို့ ခေါ်ဆောင်သွားချိန်တွင်မှသာ လျူကျင်းတစ်ယောက် သက်ပြင်းကို အသာအယာ ချနိုင်တော့သည်။
အံ့အားသင့်စရာအချက်မှာ အကြီးအကဲဂန်းသည် သူတို့အား ခမ်းနားလှသော ဧည့်ခန်းမကြီး သို့မဟုတ် ထမင်းစားခန်းဆီသို့ ခေါ်ဆောင်သွားခြင်း မဟုတ်ဘဲ၊ အပေါ်ထပ်သို့ လျှို့ဝှက်ဆန်းကျယ်သော လမ်းကြောင်းမှတဆင့်ခေါ်ဆောင်သွားသည်။
“ကိုင်း ဝင်ကြရအောင်ကွယ် ..ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက ဒီအခန်းထဲမှာ စောင့်နေတယ်ကွဲ့”
အကြီးအကဲဂန်းသည် ခိုင်ခံ့လှသော တံခါးတစ်ချပ်ကို ဖွင့်ပေးရင်း တည်ငြိမ်စွာ ပြောသည်။ ထိုတံခါးမှာ ခမ်းနားထည်ဝါလွန်းခြင်း မရှိသော်လည်း၊ အပြင်ဘက်မှ အသံများ လုံးဝမပေါက်ကြားနိုင်အောင် စီမံထားသည့် ခိုင်မာတောင့်တင်းသော အသံလုံ တံခါးမျိုး ဖြစ်သည်။
တံခါးကို တွန်းဖွင့်လိုက်သောအခါ လျူကျင်း မျှော်လင့်ထားသည်ထက် ပို၍သေးငယ်သော အခန်းငယ်တစ်ခုကို တွေ့လိုက်ရသည်။ အခန်း၏အလယ်တွင် စာရွက်စာတမ်းများဖြင့် ပြည့်နှက်နေသည့် စားပွဲခုံကြီးတစ်လုံးနှင့် ကုလားထိုင်အချို့သာ ရှိသည်။ နံရံတစ်လျှောက်တွင်လည်း ရှေးဟောင်းစာအုပ်စင်များ တန်းစီလျက်ရှိပြီး၊ ပြတင်းပေါက်မှ စီးဝင်လာသည့် နူးညံ့သောအလင်းရောင်က အခန်းတွင်းသို့ ငြိမ်းချမ်းသော အငွေ့အသက်များကို သယ်ဆောင်လာလေသည်။
စားပွဲခုံနောက်ကွယ်တွင် လူကြီးတစ်ဦး ထိုင်နေသည်။ လျူကျင်း မြင်ဖူးသမျှသူများထဲတွင် ဤသူမှာ အရပ်အမောင်းအမြင့်ဆုံး ဖြစ်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ဝတ်ဆင်ထားသည့် ဝတ်ရုံပွကြီးများကပင် ထို သူ၏ကြံ့ခိုင်တောင့်တင်းလှသော ခန္ဓာကိုယ်ကို ဖုံးကွယ်မထားနိုင်ဘဲ ထင်းခနဲ ပေါ်လွင်နေသည်။ ရှောင်ဂိုဏ်း၏ ထူးခြားသည့် အမှတ်အသားဖြစ်သော အပြာရောင်မျက်ဝန်းနှင့် အညိုရောင်ဆံပင်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ့မျက်နှာထားမှာ ရှောင်နန်နှင့် အနည်းငယ် ဆင်တူနေသော်လည်း အသက်အရွယ်၏ ရင့်ကျက်တည်ငြိမ်မှုကမူ ပိုမိုထင်ရှားလှသည်။
လျူကျင်း၏ ဘဝသက်တမ်းတစ်လျှောက် ဤလူကြီးနှင့် တွေ့ဆုံခဲ့ရသည့်အကြိမ်မှာ ဆယ့်ငါးကြိမ်ထက် မပိုခဲ့ပေ။ အတူတကွ ကုန်ဆုံးခဲ့ရသည့် အချိန်များမှာ လက်ချိုးရေတွက်ရလောက်အောင်ပင် နည်းပါးလှသော်လည်း၊ လျူကျင်း၏ ဘဝအပေါ် ဤလူကြီး၏ သက်ရောက်မှုမှာမူ အတော်ကြီးမားလှပေသည်။
“ဟေးးး ရောက်လာကြဘီလား လာကြကွဲ့”
အကြီးအကဲဂန်းက တံခါးကို အသာပိတ်လိုက်ပြီး အခန်းအတွင်း၌ သူတို့သုံးဦးသာ ကျန်ရစ်ချိန်တွင် ဂိုဏ်းချုပ် ရှောင်ကျန်းက လက်ကို သာသာဝှေ့ယမ်း၍ အနီးရှိ ခုံများဆီသို့ ညွှန်ပြရင်း စကားစလိုက်သည်။
“မင်းတို့ကို သေချာ ခန်းမကြီးထဲမှာ ကြိုဆိုချင်ပေမဲ့... အဲဒါကို နောင်မှပဲ လုပ်ကြတာပေါ့။ ဒီနေရာမှာ မဆိုင်တဲ့သူတွေ မရှိတာက ပိုပြီး အဆင်ပြေတယ်။ ထိုင်ကြပါဦး”
သူတို့သားအဖနှစ်ယောက်သည် ဂိုဏ်းချုပ် ညွှန်ပြရာ နေရာများတွင် ငြိမ်သက်စွာ ဝင်ထိုင်လိုက်ကြပြီး ဂိုဏ်းချုပ်ကြီး ဘာဆက်ပြောမလဲဆိုသည်ကိုသာ အာရုံစိုက် စောင့်မျှော်နေကြသည်။ ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ရှောင်ကျန်းက လေသံကို လေးနက်စွာဖြင့် ထပ်မံဆိုသည်။
“ငါ မင်းတို့ကို ကျေးဇူးတင်စကား အရင်ပြောရမှာပဲ”
ရှောင်ကျန်းက စားပွဲပေါ်တွင် လက်နှစ်ဖက်ကို ယှက်လျက် ဆုပ်ကိုင်ထားရင်း ဆိုသည်။ သူ၏ အသံမှာ တည်ငြိမ်သော်လည်း အရှိန်အဝါ အပြည့်ပါဝင်နေသည်။
“ငါ ကျေးဇူးတင်ရသလို... တစ်ဖက်ကလည်း အားနာရတယ်ကွာ”
“ဒီရက်ပိုင်းအတွင်း မင်းတို့အပေါ်မှာ ဖိအားတွေ အတော်လေး ပေးခဲ့မိတယ်လေ”
ရှောင်ကျန်း၏ စကားလုံးများသည် သူ့အား ရည်ရွယ်၍ ပြောဆိုနေခြင်းဖြစ်ကြောင်း လျူကျင်း သတိပြုမိရန် ခဏမျှ ကြာသွားသည်။
“အာ... ဂိုဏ်းချုပ်ကြီး၊ ကျွန်တော်တို့ကို အားနာစရာ မလိုပါဘူးခင်ဗျာ” ဟု လျူကျင်းက အနည်းငယ် တွန့်ဆုတ်စွာ ပြောလိုက်သည်။ သူထိုင်နေသည့် ထိုင်ခုံသည် သူ့အတွက် အနည်းငယ် ကြီးမားနေသလို ခံစားရပြီး သူ့ကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်။
“ကျွန်တော်တို့သားအဖအပေါ်မှာ ရှောင်ဂိုဏ်းရဲ့ ကျေးဇူး တွေ အများကြီး ရှိပါတယ် ..ဂိုဏ်းချုပ်ကြီး အနေနဲ့ ဘာမှ အားနာစရာမလိုပါဘူး။”
ရှောင်ကျန်းက ခပ်အုပ်အုပ် ရယ်မောလိုက်သည်။
“မင်းက မင်းအဖေနဲ့ တော်တော်လေး အမူအကျင့် တူတာပဲ… ရှောင်နန်နဲ့တောင် အဲဒီအကြောင်း ပြောဖြစ်သေးတယ်။”
ထိုစကားကြောင့် လျူကျင်းတစ်ယောက် သူ့ကိုယ်သူ ဂုဏ်ယူမိသွား သလို ခံစားလိုက်ရသည်။ သူ့အတွက်မူ ထိုထက်ပိုကောင်းသော ချီးကျူးစကားဟူ၍ မရှိတော့ပါ။
“ဒါပေမဲ့ ငါတို့ သုံးယောက်ထဲ သီးသန့်တွေ့ဆုံရတဲ့ အကြောင်းရင်း ရှိတယ်။ ဒီနေရာမှာ အားနာစကားတွေ လိုအပ်မနေဘူး။ ငါ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးမယ်... မင်းတို့ဘက်ကလည်း အားမနာပဲ ပြန်ပြောပေးဖို့မျှော်လင့်တယ်ကွာ ။ ဒါက ကျေးဇူးတရားကို အခြေခံတာ မဟုတ်ဘဲ ငါတို့ရဲ့ လက်ရှိအခြေအနေအရ မဖြစ်မနေ ရွေးချယ်ရမယ့် လမ်းပဲ”
“ဒါဆိုရင်တော့ အဆင်ပြေတာပေါ့... မိတ်ဆွေကြီးရာ”
လျူကျန့်ကော်က မြို့၏ဒိတ်ဒိတ်ကြဲ ဂိုဏ်းချုပ်ကြီးအား မိတ်ဆွေကြီးဟု ခပ်အေးအေးခေါ်နိူင်သည်ကို သတိမထားမိသည့်အလား သူ့လက်နှစ်ဖက်ကို ပေါင်ပေါ်တွင် တင်ထားရင်း တုံ့ပြန်လိုက်သည်။
“ပွင့်ပွင့်လင်းလင်းပဲ ပြောကြမယ်..၊ မင်း ဒီလို အလျင်စလို ဆုံးဖြတ်ချက်ချမိအောင် တွန်းအားပေးခဲ့တဲ့ အကြောင်းရင်းက ဘာလဲ။ တို့မိသားစုနှစ်စုကြားက ကလေးနှစ်ယောက်ရဲ့ စေ့စပ်ကြောင်းလမ်းမှုအကြောင်း ဆွေးနွေးခဲ့ကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီအရွယ်လောက်နဲ့ အိမ်ထောင်ချပေးဖို့အထိတော့ ငါတို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးဘူး”
သူ့အဖေ ရုတ်တရက် မေးလိုက်သဖြင့် ဂိုဏ်းချုပ်ရှောင်ကျန်း သက်ပြင်းချလိုက်သည်။ ဂိုဏ်းချုပ်ကြီးသည် ခေါင်းငိုက်စိုက်ဖြစ် ကာ တွေဝေသွားသည်။
“မင်းကတော့ အမြဲတမ်း ဒဲ့တိုးပြောတတ်တာပဲကွာ ...။ အေးလေ ..ငါ့ဘက်က ဒါကို ထိမ်ချန်ထားရင် မတရားရာ ရောက်မှာပေါ့။ တကယ်တော့ အစကတည်းက မင်းတို့ကို အရှိကိုအရှိအတိုင်း ဖွင့်ပြောဖို့ စီစဉ်ထားပြီးသားပါ။ ငါ့စကားကို အဆုံးထိ စိတ်ရှည်လက်ရှည် နားထောင်ပေးဖို့ပဲ တောင်းဆိုချင်တယ်ကွာ..”
သူ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေမှန်း လျူကျင်း သတိပြုမိလိုက်သည်။ သူထိုင်နေသည့် အနေအထားနှင့် ကြွက်သားများ တင်းမာနေပုံက သက်သေပင် ဖြစ်သည်။ လျူကျင်းအတွက်မူ ထူးဆန်းနေပြီး သူ့ရင်ထဲ၌ စိုးရိမ်ထိတ်လန့်စိတ်တို့ စတင်လာသည်။ ရှောင်ကျန်းကဲ့သို့သော အစွမ်းထက်၊ တည်ငြိမ်သည့် ဂိုဏ်းချုပ်ကြီးပင် ဤသို့သော အမူအရာမျိုး ဖြစ်နေလျှင် အခြေအနေမှာ မည်မျှအထိ ပြင်းထန်ပြီး အရေးတကြီး ဖြစ်နေပါမည်နည်း။
“ငါ့သမီးရဲ့ အခြေအနေကို မင်းတို့သားအဖ သိပီးသားဖြစ်မယ်ထင်ပါတယ်”
လျူကျင်းတို့သားအဖ ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ ရှောင်ကျန်းတစ်ယောက် အနည်းငယ် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“ကောင်းပြီ... ဒါဆိုရင်တော့ ပြောရတာ ပိုလွယ်သွားတာပေါ့။ မင်းတို့ သိတဲ့အတိုင်းပဲ... ငါ့သမီး ဘေးကင်းဖို့ ငါ အစွမ်းကုန် ကြိုးစားခဲ့တယ်။ သူ့အခြေအနေကို သိတာနဲ့ သူ့ကို လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး သီးသန့်ကြီးပြင်းစေခဲ့တာ ဖခင်တစ်ယောက်အနေနဲ့ အတော် နာကျင်ရတယ်ကွ..။ ဒါပေမဲ့ တခြားနည်းလမ်းတွေကလဲ တွေးကြည့်ရုံနဲ့တင် လန့်စရာကောင်းလို့ ရွေးလို့မရဘူးလေ..”
လျူကျင်းပင်လျှင် ထိုစကား၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်နိုင်ပါသည်။ ရှောင်ကျန်း၏ သမီးကိုသာ မိစ္ဆာဂိုဏ်းတစ်ခုခုက တွေ့ရှိသွားပါက၊ ဖြစ်လာမည့် ရလဒ်မှာ စိတ်ကူးယဉ်ကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ် ကောင်းလှပေသည်။
“ဒါပေမဲ့လည်း...ငါ့ သမီးကို တစ်သက်လုံး ဖုံးကွယ်ထားဖို့က မဖြစ်နိုင်ဘူး။ လောကကြီး ထဲမှာ ရှင်သန် ဖြတ်သန်းဖို့ဆိုတာ အဲဒီလောက် လွယ် နေတာမှမဟုတ်တာ”
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း မျက်မှောင်ကြုတ်လိုက်သည်။
“သူ့လျှို့ဝှက်ချက်ကို နောက်ဆုံးမှာ တခြားသူတွေ ရိပ်မိသွားလိမ့်မယ်ဆိုတဲ့အချက်က ငါ့ကို နေ့တိုင်း ညှဉ်းပန်းနေသလိုပဲ။ ငါ့မှာ ဘာလုပ်ရင်ကောင်းမလဲစဥ်းစားရတာနဲ့ ညဘက်တွေတောင် ကောင်းကောင်း အိပ်မပျော်ဘူး..၊ အဲ့သလို တွေးရင်းနဲ့ နောက်ဆုံးတော့ ငါ့ရှေ့မှာ လမ်းနှစ်လမ်းပဲ ရှိတယ်ဆိုတာ သိသွားတယ်...”
ရှောင်ကျန်းသည် စကားကို ခဏရပ်လိုက်ပြီး လက်ချောင်းနှစ်ချောင်းကို ဖြည်းညင်းစွာ ထောင်ပြလိုက်သည်။
“ပထမတစ်လမ်းကတော့...ငါ့ သမီး အရွယ်မရောက်ခင် ရှောင်ဂိုဏ်းကို ဒီအင်ပါယာမှာ အင်အားအကြီးဆုံးဖြစ်အောင် လုပ်ဖို့ပဲ။ ဒါပေမဲ့ ဒါက စိတ်ကူးယဉ် အိပ်မက်သက်သက်ပဲလေ..၊ ငါ့လက်ထက်မှာ ရှောင်ဂိုဏ်းရဲ့ ဩဇာအာဏာကို အတော်လေး ချဲ့ထွင်နိုင်ခဲ့တယ်ဆိုပေမဲ့... နာမည်ကြီး'ဂိုဏ်းကြီးလေးဂိုဏ်း' နဲ့ ယှဉ်ရင်တော့ ငါတို့က အခုထိ ပုရွက်ဆိတ် လောက်ပဲ ရှိပါသေးတယ်”
“နာမည်ကြီး'ဂိုဏ်းကြီးလေးဂိုဏ်း”။
လဆန်းမြို့ငယ် သို့ သွားရောက်စဉ် လမ်းခရီးတစ်လျှောက် အကိုကြီးရှောင်နန် ပြောပြခဲ့ဖူးသည့် စကားများကို လျူကျင်း ပြန်လည်အမှတ်ရလိုက်သည်။ ဤအင်ပါယာတစ်ခုလုံးတွင် အခြားသော အဖွဲ့အစည်းများ မယှဉ်သာအောင် အဆပေါင်းများစွာ သာလွန်ထက်မြက်သည့် ဂိုဏ်းကြီးလေးဂိုဏ်း ရှိသည်။ ရှောင်နန်က ထိုဂိုဏ်းကြီးများအကြောင်း လျူကျင်းအား အသေးစိတ် ပြောပြဖူးသည်ကို သူ သတိရ လိုက်သည်။
“ငါ ရှောင်ဂိုဏ်းကို အင်အားအကြီးဆုံးဖြစ်အောင် မစွမ်းဆောင်နိုင်သလို... ငါ့သမီးရဲ့ လျှို့ဝှက်ချက်ကိုလည်း ထာဝရ မဖုံးကွယ်နိူင်ဘူးကွ..”
“ဟူးးး…”
ရှောင်ကျန်းသည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။ သူ့မျက်ဝန်းတို့တွင် စိုးရိမ်ပူပန်မှုများ လွှမ်းခြုံနေသည်။
“ဒါပေမဲ့ ငါ တစ်ခုတော့ ထိန်းချုပ်လို့ ရနိူင်တယ်..၊ အဲဒါက သမီးကို ဘယ်သူက အရင်ဆုံး ရှာတွေ့သွားမလဲဆိုတာကိုပေါ့။ ဒါကြောင့်လည်း ရှောင်ဂိုဏ်းရဲ့ အာဏာကို သုံးပြီး သမီးအတွက် အလုံခြုံဆုံးလို့ ယူဆရတဲ့ နေရာတစ်ခုနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ရတာပဲ”
“နတ်ဘုရား ရေခဲနန်းတော် ပေါ့နော် ..”
လျူကျင်း၏ စကားသံက မရည်ရွယ်ဘဲ ထွက်လာသည်။
ချက်ချင်းပင် ရှောင်ကျန်းနှင့် လျူကျန့်ကော်တို့က လျူကျင်းဘက်သို့ တစ်ပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြသည်။ လျူကျင်းသည် သူ စကားဖြတ်ပြောလိုက်မိမှန်း သတိပြုမိသွားသဖြင့် အားနာသွားကာ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ချက်ချင်းပင် တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ်ဗျာ... ကျွန်တော် မရည်ရွယ်ပဲ လွှတ်ခနဲထွက်သွားတာပါ ..”
“တောင်းပန်စရာ မလိုပါဘူးကွာ..”
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းသည် သူ့စကားကြောင့် စိတ်အနှောင့်အယှက် ဖြစ်ဟန်မရှိပေ။ သူ့စကားကို သဘောကျသွားပုံရသည်။
“မှန်တယ်..၊ မင်း ပြောတဲ့အတိုင်းပဲ။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ငါ ရှောင်ဂိုဏ်းနဲ့ 'နတ်ဘုရား ရေခဲနန်းတော်' ကြား သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့တယ်..၊ ဒါက သမီးအတွက် အကောင်းဆုံး လမ်းကြောင်းပဲလို့ ငါ ယုံကြည်တယ်”
နတ်ဘုရား ရေခဲနန်းတော်သည် ဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ခုဖြစ်သည့်အပြင် ရှောင်နန်၏ ပြောပြချက်အရ အမျိုးသမီးများသာ အဓိကထား ဖွဲ့စည်းထားသော နေရာဖြစ်သည်။
“နတ်ဘုရား ရေခဲနန်းတော်ရဲ့ အကြီးအကဲတွေက အမျိုးသမီးတွေချည်းပဲလေ..”
လျူကျင်း၏ အတွေးကို ရိပ်မိဟန်ဖြင့် ရှောင်ကျန်းက ဖြည့်စွက်ပြောသည်။
“အားလုံးသိတဲ့အတိုင်းပဲ..အမျိုးသားတွေ ဂိုဏ်းထဲဝင်ဖို့ကြိုးစားကြပေမဲ့ အောင်မြင်သူက လက်ချိုးရေလို့ ရတယ်။ ဝင်ခွင့်ရရင်တောင် အဆင့်နိမ့်တပည့် ဘဝနဲ့ပဲ ကျင်လည်ကြရတာ”
ရှောင်နန်ကလည်း ယခင်က ဤအကြောင်းကို ဟာသနှောကာ နောက်ပြောင်ဖူးသည်။ နတ်ဘုရား ရေခဲနန်းတော်သည် ယင် ချီနှင့်သက်ဆိုင်သည့် ကျင့်စဉ်များကိုသာ အဓိကထားသည့်အတွက် ယန်း ချီပြည့်ဝသော အမျိုးသားများမှာ ထိုဂိုဏ်း၏ ကျင့်ကြံမှုပုံစံနှင့် သိပ်ပြီး မကိုက်ညီလှပေ။
“ရှောင်ရွှမ်းရဲ့ ယင် ချီဓာတ်က 'နတ်ဘုရား ရေခဲနန်းတော်' အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ။ သူတို့က ငါ့သမီးကို တခြားနေရာတွေလို အနိုင်ကျင့်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ဒါကြောင့်လည်း သူတို့က အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်နေတာ။ သမီးရဲ့ လျှို့ဝှက်ချက်ကို တစ်ယောက်ယောက်ဆီ ဖွင့်ပြရမယ်ဆိုရင် အဲဒါ နတ်ဘုရား ရေခဲနန်းတော်ပဲ ဖြစ်ရမယ်။ ဒါ ငါ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ”
ရှောင်ကျန်း၏ လေသံမှာ ပြတ်သားလှသည်။
“မင်း ဒီလိုမျိုးတွေ ပြောနေတာကို ကြည့်ရတာ... မင်း သူတို့ကို လျှို့ဝှက်ချက်တွေ ထုတ်ပြောလိုက်ပီလို့ ငါ ယူဆရတော့မှာပဲ မိတ်ဆွေကြီး”
လျူကျန့်ကော်က ရှောင်ကျန်းကို အကဲခတ် စူးစိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
“ဒါဆိုရင်... ဘာလို့ လက်ထပ်ပွဲကို လုပ်နေရတာလဲကွာ ..”
ထိုစကားကြားလိုက်သောအခါ ရှောင်ကျန်းက စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။ သူ၏ မျက်ဝန်းတို့တွင် စိတ်မကောင်းဖြစ်ဟန် အရိပ်အယောင်များ အတိုင်းသား ပေါ်လွင်နေသည် ။
“မင်း မှားနေဘီကွ …၊ ဟုတ်တယ် နတ်ဘုရား ရေခဲနန်းတော်က ငါ့သမီးရဲ့ အခြေအနေမှန်ကို သိသွားတာ မှန်တယ်...၊ဒါပေမဲ့ ငါကိုယ်တိုင် ဖွင့်ပြောလိုက်လို့ သိသွားတာ မဟုတ်ဘူး”
ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း ဆက်ပြောသည်။
“လျူကျင်းနဲ့ ရှောင်နန်တို့ လဆန်းမြို့ငယ်ကို သွားပြီး မကြာခင်မှာပဲ ဧည့်သည်တစ်ယောက် ရောက်လာတယ်။ အေး ..အခြားသူတော့မဟုတ်ဖူး…နတ်ဘုရား ရေခဲနန်းတော်ရဲ့ နတ်သမီးငါးပါးထဲက တစ်ပါးဖြစ်တဲ့ 'မန်ယွဲ့' ပဲ”
လျူကျင်း၏ မျက်ခုံးများ ပင့်တက်သွားသည်။
နတ်ဘုရား ရေခဲနန်းတော်၏ နတ်သမီးငါးပါး။
သူတို့သည် ထိုဂိုဏ်း၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများသာမက၊ တစ်လောကလုံးတွင် အလှပဆုံးအမျိုးသမီးများဟု ကျော်ကြားသူများဖြစ်သည်။ ရှောင်နန်၏ ပြောပြချက်အရဆိုလျှင် ထိုနတ်သမီးများကို တစ်ချက်မျှ ဖူးမြော်ခွင့်ရဖို့အတွက် အင်ပါယာတစ်ခွင်ရှိ အစွမ်းထက်သည့် အမျိုးသားများစွာသည် နတ်ဘုရား ရေခဲနန်းတော်အထိ အသက်ကို ပဓာနမထားဘဲ ခရီးနှင်လာခဲ့ကြသည်ဟု ဆိုသည်။
“ဒါက ငါ လုံးဝ မမျှော်လင့်ထားတဲ့ ကိစ္စပဲ။ မန်ယွဲ့ဟာ တစ်လလောက်နီးပါး အမဲလိုက်နေတဲ့ အစွမ်းထက် ဝိညာဉ်သားရဲတစ်ကောင်ကို သတ်ဖြတ်ပြီးမှ ပြန်လာတာ။ ငါတို့အရှေ့ဘက်ဆိပ်ကမ်းမြို့နဲ့ နီးနေမှန်း သိတော့ သူက ဝင်လည်ဖို့ ဆုံးဖြတ်လိုက်တာလေ။ သူ့လို လူမျိုး လာလည်မှာကို ငါ ငြင်းလို့မရဘူး။ ထင်တဲ့အတိုင်း ..မန်ယွဲ့ ဒီအိမ်တော်ထဲကို ခြေချလိုက်တဲ့အချိန်မှာပဲ ... သူ ငါ့သမီးအကြောင်း ရိပ်မိသွားတာပဲ…”
ရှောင်ကျန်း၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။ နှစ်ပေါင်းများစွာ ဘေးကင်းအောင် ဝှက်ထားခဲ့ရသည့် သမီးဖြစ်သူ့ လျှို့ဝှက်ချက်မှာ မမျှော်လင့်သော ဧည့်သည်တစ်ဦးကြောင့် အမှတ်မထင် ပေါ်ပေါက်သွားခဲ့ခြင်း ဖြစ်သည်။
“သူက ရောက်ရောက်ချင်းပဲ... ငါ့သမီးကို တပည့်အရင်းအဖြစ် ခေါ်ဆောင်သွားဖို့ အမိန့်ပေးသလို တောင်းဆိုခဲ့တယ်။ ရှောင်ရွှမ်းရဲ့ ပါရမီက ဒီလိုမြို့ငယ်လေးမှာ အလဟဿ မဖြစ်သင့်ဘူးလို့ သူက ပြောတယ်။အေးလေ..၊ ဒါကလဲ... ငါ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ ဖိအားမျိုးပေါ့”
အဆင့်မြင့် ကျင့်ကြံသူတို့၏ တောင်းဆိုချက်ဆိုသည်မှာ စင်စစ်မူ အမိန့်အာဏာထက်ပင် ပြင်းထန်တတ်သည်။ ဂိုဏ်းချုပ်ရှောင်ကျန်းသည် ဧကရာဇ်အဆင့် သို့ အောင်မြင်စွာ တက်လှမ်းထားသူပင် ဖြစ်စေကာမူ၊ နတ်ဘုရား ရေခဲနန်းတော်မှ သူတစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေရန် အခွင့်အရေး မသာပေ။ ထိုဂိုဏ်းကြီးနှင့် ရှောင်ဂိုဏ်းတို့အကြားရှိ အစွမ်းအစ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဝေးကွာလွန်းလှသည်။
“ဒါဆို... မင်းက အချိန်ဆွဲထားနိုင်ဖို့အတွက် ဒီမင်္ဂလာပွဲကို အကြောင်းပြချက်အဖြစ် အသုံးချလိုက်တာပေါ့လေ၊ ဟုတ်လား။”
လျူကျန့်ကော်၏ အသံမှာ တည်ငြိမ်၍ စူးရှစွာ ထွက်ပေါ်လာသည်။ သူ့မျက်နှာထားမှာ ယခင်က လျူကျင်း မြင်ဖူးသမျှထဲတွင် အအေးစက်ဆုံး ဖြစ်နေသည်။
“မင်းပဲစဥ်းစားကြည့် ၊ ဒါ တစ်ခုတည်းသော လမ်းပဲလေ။ သမီးမှာ စေ့စပ်ထားသူ ရှိပြီးသားလို့တော့ ငါ ပြောလိုက်တယ်။ တကယ်လို့ သူက ငါ့သမီးကို အခုချက်ချင်း ခေါ်သွားရင် ငါ့ကတိပျက်ပြီး ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းလိမ့်မယ်ဆိုပီး အသည်းအသန်ပြောရတာပေါ့ ..၊ ကံကောင်းချင်တော့ သူက ငါ့တောင်းဆိုချက်ကို လက်ခံခဲ့တယ်။ မင်္ဂလာပွဲပြီးရင် လျူကျင်းနဲ့ ရှောင်ရွှမ်းတို့ တစ်လ အတူနေခွင့်ရမယ်။ အဲဒီနောက်မှ ငါ့သမီးကို 'နတ်ဘုရား ရေခဲနန်းတော်' ဆီ သူလာခေါ်သွားလိမ့်မယ်။ သေချာတာက ရှောင်ရွှမ်းကို ခေါ်သွားဖို့ကိုတော့ သူ့ဘက်က အခိုင်အမာ ဆုံးဖြတ်ပီးသားဖြစ်နေဘီ ..”
မန်ယွဲ့အနေဖြင့် ရှောင်ကျန်း၏ တောင်းဆိုချက်ကို ဤမျှအထိ လိုက်လျောပေးခြင်းသည်ပင် အတော်ကျေးဇူးကြီးလှပြီဖြစ်သည်။ သူမသည် ဂိုဏ်းချုပ်ရှောင်ကျန်းကို အချိန်မရွေး ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်နိုင်စွမ်းရှိသော်လည်း မလုပ်ခဲ့ပေ။ ယင်းအစား မင်္ဂလာပွဲအတွက် စီစဉ်ချိန်ပေးခဲ့သလို၊ တစ်လ လည်း ခွင့်ပြုပေးခဲ့သည်။
အကယ်၍သာ ရှောင်ရွှမ်းသည် မင်္ဂလာပွဲပြီးပြီးချင်း ထွက်သွားခဲ့မည်ဆိုပါက ရှောင်ကျန်းအတွက် အလွန်ပင် ဂုဏ်သိက္ခာထိခိုက်စရာ ဖြစ်လာပေလိမ့်မည်။ ရှောင်ရွှမ်းသည် လျူကျင်း၏ဇနီးအဖြစ် မခံယူလိုသဖြင့် ထွက်ပြေးသွားသည်ဟု လူအများက ကဲ့ရဲ့ကြပေလိမ့်မည်။
တစ်လဟူသည်မှာ အချိန်တိုတောင်းလှသော်လည်း၊ ရှောင်ဂိုဏ်း၏ သိက္ခာအတွက် လုံလောက်သော အချိန်ပင် ဖြစ်လေသည်။
“အခြေအနေက အရမ်းကြီးတော့ အဆိုးဘက်မရောက်သွားပါဘူးကွာ ..။”
ရှောင်ကျန်းက တည်ငြိမ်သောလေသံဖြင့် ဆိုသည်။ သို့သော် လျူကျင်း၏အာရုံထဲတွင်မူ ဤစကားသည် စိုးရိမ်စိတ်ကို မုသားစကားသက်သက်သာ ဖြစ်နေသလားဟု တွေးမိသည်။ အခန်းတွင်းရှိ မှိန်ဖျော့သော အလင်းရောင်အောက်တွင် ဂိုဏ်းချုပ်ကြီး၏ မျက်နှာကို သေချာကြည့်မိသောအခါ၊ ပထမဆုံးအကြိမ်အဖြစ် သူ့မျက်ဝန်းများ၌ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို လျူကျင်း သတိထားမိလိုက်သည်။
“ငါ့အစီအစဥ်က အခွင့်အရေး ပိုသာတဲ့အချိန်ကျမှ ငါ့ သမီးအကြောင်းကို လူသိရှင်ကြား ချပြဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ နတ်သမီးငါးပါးထဲက တစ်ပါးက သမီးကို တပည့်အဖြစ် သတ်မှတ်လိုက်ပြီဆိုတော့... အင်းလေ ဘယ်တတ်နိူင်မလဲ အနည်းဆုံးတော့ ငါ့သမီးကို မကောင်းတဲ့နည်းလမ်းတွေနဲ့ အသုံးချမှာ မဟုတ်ပါဘူးလေ..”
လျူကျင်းစိတ်ထဲမှ ““ဒါဆိုရင်... မင်္ဂလာဆောင်ဖို့ လိုသေးလို့လားခင်ဗျာ။”ဟု ပြန်မေးမိလိုက်သည်။ အရှေ့ဘက်ဆိပ်ကမ်းမြို့သို့ ပြန်ရောက်လာသည့်အချိန်မှစ၍ ဂိုဏ်းချုပ် ရှောင်ကျန်း၏သမီးနှင့် လက်ထပ်ရမည်ဟူသော အသိက သူ့ဘဝကို လွှမ်းခြုံထားခဲ့သည်။ သို့သော် သူမသည် နောက်ထပ်ဂိုဏ်းတစ်ခု၏ အပိုင်ဖြစ်သွားရတော့မည်ဆိုပါက ဤလက်ထပ်ပွဲ၏ အနှစ်သာရမှာ မည်သို့ရှိတော့မည်နည်း။ ရှောင်ကျန်းသည် မင်္ဂလာပွဲကို လူသိရှင်ကြားဖြစ်အောင် ဤမျှအထိ ပင်ပန်းခံ လုပ်ဆောင်နေခြင်းမှာ အဘယ်အတွက်နည်း။
“ငါ့သား ပြောတာ မှန်တယ်။” လျူကျန့်ကော်က ဝင်ရောက်ဆွေးနွေးသည်။
“ရှောင်ရွှမ်းကို ဘာဖြစ်ဖြစ် နတ်ဘုရား ရေခဲနန်းတော်က ခေါ်သွားမှာပဲဆိုရင်တော့... ဒီမင်္ဂလာပွဲကို ကျင်းပဖို့ လိုအပ်တော့မယ် မထင်ဘူး ..”
ရှောင်ကျန်းသည် လျူကျင်းကို စူးစိုက်ကြည့်ရင်း ခပ်ပြုံးပြုံး ပြောသည်။
“ငါတော့ အဲဒီလို မထင်ဘူး ၊ အမှန်အတိုင်း ပြောရရင်... သမီးရဲ့ ဘဝအတွက် လျူကျင်းကိုပဲ အဖော်ပြုသွားစေချင်ခဲ့တာ။ တစ်သက်လုံး အတူမနေရတော့ရင်တောင် ဒီလက်ထပ်ပွဲမှာ အကျိုးကျေးဇူးတစ်ခုတော့ ရှိသေးတယ်။ ပထမဆုံးအနေနဲ့ သမီးကို လျူကျင်းနဲ့ လက်ထပ်ပေးဖို့ ငါ ကတိပေးခဲ့ပြီးသားမို့... ကတိဖျက်တဲ့သူ မဖြစ်ချင်ဘူး။ မန်ယွဲ့ သဘောတူအောင် အကြောင်းပြခဲ့တာ ဆိုပေမဲ့... ကိုယ်တိုင်ပေးထားတဲ့ ကတိကို ဖျက်တဲ့လူမျိုး ဖြစ်သွားမှာကိုတော့ ငါ ဘယ်လိုမှ လက်မခံနိုင်ဘူး”
သူက ခဏမျှ စကားစဖြတ်လိုက်ပြီး လေသံကို ပို၍ လေးနက်အောင် ပြုလိုက်သည်။"
နောက်ပြီး ဒီထက်ပို အရေးကြီးတာကတော့... ဒီမင်္ဂလာပွဲဟာ မင်းနဲ့ ငါ့သမီး နှစ်ယောက်စလုံးအတွက် အကျိုးရှိမှာမို့လို့ပဲ။"
“ဘယ်လိုအကျိုးကျေးဇူးမျိုးလဲခင်ဗျာ။”ဟု လျူကျင်းက စိတ်ဝင်တစား မေးလိုက်သည်။
ထိုအခါ ရှောင်ကျန်းက တည်ငြိမ်သောအသံဖြင့် ထပ်ရှင်းပြသည်။
“မင်းနဲ့ လက်ထပ်လိုက်တာနဲ့ ငါ့သမီးဟာ ‘အိမ်ထောင်ရှင်မတဦး ’ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နတ်ဘုရား ရေခဲနန်းတော်ကို ဝင်ရမှာလေ…အဲ့တော့ မန်ယွဲ့အနေနဲ့လည်း အဲဒီအချက်ကို ထည့်တွက်ရလိမ့်မယ်..”
လျူကျင်း စိတ်ထဲတွင် ရုတ်ချည်း နားလည်သွားသည်။ ဆိုလိုသည်မှာ ရှောင်ရွှမ်းကို နောက်ထပ်လက်ထပ်ပေးရန် ကြိုးပမ်းသမျှတိုင်းကို "ရှောင်ရွှမ်းမှာ အိမ်ထောင်ရှိတယ် ရှင့်" ဟူသည့် အကြောင်းပြချက်ဖြင့် ပယ်ချနိုင်ပေလိမ့်မည်။ လျူကျင်းနှင့် လက်ထပ်ထားခြင်းသည် ရှောင်ရွှမ်းအတွက် နောက်ထပ် အကာအကွယ်တစ်ခုကို ထပ်မံရရှိစေခြင်းပင်ဖြစ်သည်။
“တစ်ဖက်ကလည်း ငါ့သမီးနဲ့ လက်ထပ်လိုက်ရင် လျူကျင်က ငါတို့မိသားစုဝင် ဖြစ်လာမှာပဲ။ တို့မိသားစုနှစ်စုက ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာမို့... အခု အဲဒီဆက်ဆံရေးကို တရားဝင်ဖြစ်အောင် လုပ်ဖို့ အချိန်တန်ပြီ”
ရှောင်ကျန်းက လေသံကို ခပ်အုပ်အုပ်ဖြင့် ဆက်ပြောသည်။
“ဖြစ်နိုင်ရင် မင်းတို့နှစ်ယောက်လုံးကို ဒီမှာပဲ လာနေစေချင်တာ... ဒါပေမဲ့ မင်းအဖေက သူ့အိမ်က ခွာမှာ မဟုတ်ဘူးဆိုတာ ငါ ကြိုသိနေတယ်”
“ဟုတ်ကဲ့... အဲဒါကတော့ အမှန်ပါပဲ ဂိုဏ်းချုပ်ကြီး”
လျူကျင်းက ရိုးသားစွာ ဝန်ခံလိုက်သည်။
ဂိုဏ်းချုပ်ရှောင်ကျန်းက တချက် ပြုံးလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... တို့မိသားစုနှစ်စုရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ချပြဖို့ အချိန်တန်ပါပြီ။ မင်းက ငါ့သားမက် ဖြစ်လာတော့မှာမို့ သားမက်တစ်ယောက်ရဲ့ အခွင့်အရေးကို အပြည့်အဝ ရစေရမယ်။ အခြေအနေက အလျင်စလိုဖြစ်သွားပေမယ့်... ဒါက ငါ အတတ်နိုင်ဆုံး စီစဉ်ပေးနိုင်တဲ့အရာပဲ။ ပြီးတော့... မင်္ဂလာပွဲ ပြင်ဆင်နေရတဲ့ အချိန်တွေက ဟိုကိုခေါ်မသွားခင် ငါ့သမီးနဲ့အတူရှိမယ့် နောက်ဆုံးရက်တွေလေ ..၊ အဲ့တော့ နှုတ်ဆက်ဖို့ အချိန်ဆွဲနေရတာလည်း ပါတာပေါ့။ ဒီလောက်လေးတော့ ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကို ခွင့်လွှတ်ပေးကြကွာ..”
စကားပြောပြီးဆုံးချိန်တွင် ရှောင်ကျန်း၏မျက်နှာမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။ ဤကိစ္စအားလုံးအတွက် သူ မည်မျှအချိန်ယူ၍ ညပေါင်းများစွာ စဉ်းစားခဲ့ရပါသနည်း။ အဖြေတစ်ခုရရှိဖို့ရန် သူ မည်မျှပင် ရုန်းကန်ခဲ့ရပါသနည်း။
အခန်းအတွင်း၌ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရှောင်ကျန်းက သူတို့နှစ်ဦးကို ကြည့်၍
“ကဲ... လျူကျင်း..၊ မင်း ငါ့သမီးနဲ့ တွေ့ကြည့်ချင်လား” ဟု မေးလိုက်သည်။