← Chapters

အခန်း ၃၇

Vol. 5 Ch. 37

အခန်း ၃၇

Vol. 5 Ch. 37

အခန်း ၃၇ ။ ရှောင်ရွှမ်းဆိုသည့် နတ်မိမယ်လေး..

လျူကျင်းသည် အခန်းတံခါးဝတွင် ချီတုံချတုံ မတ်တပ်ရပ်နေသည်။

သူ့ဇနီးလောင်း ရှိရာ အခန်းတံခါးမှာ ပုံမှန်ထက် ပိုမိုကြီးမားခန့်ထည်နေသယောင် လျူကျင်း ခံစားနေရသည်။

စင်စစ်တွင်မူ လျူကျင်းတစ်ယောက် စိုးရိမ်တုန်လှုပ်စရာ အကြောင်းမရှိမှန်း သူကိုယ်တိုင် ကောင်းကောင်းသိသည်။ ဤမင်္ဂလာပွဲမှာ အမည်ခံသက်သက်မျှသာ ဖြစ်ကြောင်းလည်း သိသည်။ တံခါးနောက်ကွယ်ရှိ မိန်းကလေးမှာ သူ တစ်သက်လုံး လက်တွဲသွားရမည့်သူ မဟုတ်ပေ။ သူတို့နှစ်ဦးမှာ အများအမြင်အရသာ ဇနီးမောင်နှံများ ဖြစ်ကြမည်။ တစ်လကြာ အတူနေထိုင်ပြီးနောက်တွင် လမ်းခွဲကြရပေဦးမည်။

သူတို့ဇာတ်လမ်းက ဤမျှသာဖြစ်သည်။ တစ်နည်းအားဖြင့် တွေးကြည့်လျှင် ဤအချက်က သူ့စိတ်ကိုပင် ပေါ့ပါးသွားစေသင့်သည်။

သို့သော်လည်း တံခါးကို ခေါက်လိုက်သောအခါ လျူကျင်း၏လက်များမှာ မထိန်းနိုင်အောင် တုန်ရီနေသည်။

ဂိုဏ်းချုပ်ရှောင်ကျန်းက သူ့သမီး သည် အခန်းထဲတွင် ရှိနေကြောင်း ပြောထားသော်လည်း၊ တံခါးအခြားတစ်ဖက်မှ မိန်းကလေးတစ်ဦး၏ "ဝင်ခဲ့ပါရှင်" ဟု အသံချိုချိုလေးထွက်လာချိန်တွင် လျူကျင်းတစ်ယောက် လန့်သွားမိသည်။

သူ အလွန်ပင် သူရဲဘောကြောင်နေသည်။ စင်စစ်မူ ဤမျှ တုန်လှုပ်နေစရာ အကြောင်းမရှိပေ။ လျူကျင်းဆိုသည်မှာ "ကိုးခေါင်းမြွေနတ်ဘုရား" ၏ အရှိန်အဝါကိုပင် မျက်ဝါးထင်ထင် ခံစားဖူးသူ ဖြစ်သည်။ ထိုအရာ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် ယှဉ်လျှင်၊ စေ့စပ်သူနှင့် တွေ့ဆုံခြင်းမှာ အလွန်ပင် ရိုးရှင်းလွယ်ကူသော ကိစ္စတစ်ခုသာ ဖြစ်သင့်သည်။

သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်၊ တုန်ရီနေသော လက်ကို တံခါးလက်ကိုင်ဆီသို့ ပို့လိုက်တော့သည်။

“အာ..ဖွင့်လေ လျူကျင်းရာ” ဟု သူ့ကိုယ့်သူ အားပေးရင်း လျူကျင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ တံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်သည်။

တံခါးနောက်ကွယ်ရှိ အခန်းမှာ လျူကျင်း မျှော်လင့်ထားသည်ထက် များစွာ ကျယ်ဝန်းလှသည်။ သူနေထိုင်သည့် အိမ်တစ်လုံးစာမျှပင် ကျယ်ဝန်းနေသယောင် ရှိသည်။ အိပ်ခန်းတစ်ခန်းတွင် ရှိသင့်ရှိထိုက်သော ပရိဘောဂများမှာ သပ်ရပ်စွာ စီရီလျက်ရှိပြီး၊ တံခါးနှင့် မျက်နှာချင်းဆိုင် နံရံတစ်ခုလုံးတွင် စာအုပ်စင်များ တန်းစီလျက် ရှိသည်။ အနီးရှိစားပွဲခုံပေါ်တွင် စာအုပ်တစ်အုပ် ဖွင့်လျက်သား ရှိနေသည်ကို တွေ့ရသည်။ အကွာအဝေးကြောင့် စာသားများကို မမြင်ရသော်လည်း၊ ၎င်းမှာ ကျင့်စဉ်လမ်းညွှန်တစ်ခုခု ဖြစ်မည်ဟု လျူကျင်း ခန့်မှန်းမိသည်။ သို့သော်လည်း ဤအခန်းထဲရှိ စာအုပ်အားလုံးမှာ ကျင့်စဉ်များသာ ဖြစ်လိမ့်မည်ဟုတော့ သူ မထင်ပေ။

တစ်သက်လုံး အိမ်ပြင်သို့ တစ်ခါမျှ မထွက်ဖူးသော မိန်းကလေးတစ်ဦးအဖို့၊ ကမ္ဘာလောကကြီးအကြောင်း သိရှိနိုင်မည့် စိတ်ဝင်စားဖွယ်ရာ စာပေများကို ဖတ်ရှုခြင်းသည်သာလျှင် တစ်ခုတည်းသော အပန်းဖြေရာ ဖြစ်ပေလိမ့်မည်။

"ဟုတ်ကဲ့ ကြွပါရှင့်.."

နူးညံ့အေးချမ်းသည့် မိန်းကလေးတစ်ဦး၏ အသံကို ကြားလိုက်ရသဖြင့် လျူကျင်းတစ်ယောက် သူမထိုင်နေသည့် နေရာဆီသို့ အကြည့်ရောက်သွားသည်။

လျူကျင်း သူမကို သေချာစွာ စိုက်ကြည့်လိုက်မိသည်။ သူမသည် လျူကျင်းနှင့် အရွယ်တူပင် ဖြစ်မည်။မဟုတ်ပါက လပိုင်းလောက်သာသူကပိုကြီးလိမ့်မည်ထင်ရသည်။ လျူကျင်း သူ့ကိုယ်သူ ပြန်ချိန်ဆမိသည်၊ သူသည် မိန်းကလေးထက် တစ်လက်မ သို့မဟုတ် နှစ်လက်မခန့် ပို၍ အရပ်မြင့်သည်။ မိန်းကလေး၏ အသားအရေမှာ အနုစိတ်ဖန်တီးထားသည့် ကြွေထည်ပစ္စည်းကဲ့သို့ ဖြူစင်ဝင်းပပြီး၊ မျက်နှာမှာလည်း လှပသော ဘဲဥပုံစံ ရှိသည်။ သူမ၏ မျက်ဝန်းများသည် ရှောင်ဂိုဏ်းသားတို့၏ ထူးခြားသည့် အပြာရောင်မျိုး ဖြစ်သော်လည်း၊ အရောင်မှာ ပို၍ မှိန်ဖျော့နေသည်။ ထို့အတူ သူမ၏ ဆံပင်များမှာလည်း ဖျော့တော့သည့် အညိုရောင်ဖြစ်ကာ ရွှေဝါရောင်နှင့်ပင် နီးကပ်နေသဖြင့် တစ်မျိုးတစ်ဖုံ ထူးခြားဆန်းပြားလှသည်။

ထိုမိန်းကလေးမှာ လျူကျင်း၏ ဘဝတစ်သက်တာတွင် တွေ့ဖူးသမျှထဲ၌ အလှပဆုံးဟုပင် ဆိုရပေမည်။

သူမသည် ငယ်ရွယ်နုပျိုနေသေးသော်လည်း၊ အနာဂတ်တွင် ပြိုင်ဘက်ကင်းသော အလှတရားဖြင့် ကမ္ဘာလောကကို တုန်လှုပ်စေမည့် မိန်းမပျိုတစ်ဦး ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"ကျွန်တော်... လာတာ အနှောင့်အယှက် များ ဖြစ်သွားလားဗျ…”

လျူကျင်း ထိုစကားကို ပြောပြီးမှ သူ့ပါးစပ်သူ ဖြတ်ရိုက်ချင်စိတ်ပေါက်သွားသည်။ သူပြောလိုက်သည့်စကားမှာ အမြီးအမောက်မတည့်ပဲ အခြေအနေနှင့်မလိုက်ဖက်ပေ။ သူပြောပီးမှ နောင်တရသွားသည်။

ဤလက်ထပ်ပွဲမှာ အမည်ခံသက်သက်မျှသာ ဖြစ်စေကာမူ၊ သူနှင့် စေ့စပ်ထားသူနှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စကားပြောဆိုရသည့်အခါတွင် ပိုသင့်တော်သော စကားလုံးများကို သုံးလိုက်သင့်သည်။ ကံဆိုးသည်မှာ သူသည် စကားလုံးအလှအပများကို အသုံးပြု၍ ချိုသာစွာ ပြောဆိုတတ်သူ မဟုတ်ပေ။ သူကြီးပျင်းခဲ့ရသည့် ပတ်ဝန်းကျင်နှင့် သူ့ ပင်ကိုအေးဆေးတည်ငြိမ်တတ် သော စရိုက်အရ သူ့ဘဝတလျှောက်လုံးတွင် ထိုအနုအရွစကားများ အား ပြောလေ့ပြောထမရှိခဲ့ပေ။

သို့သော်လည်း သူမ၏ အဖြေကို စောင့်ဆိုင်းနေရသည့် စက္ကန့်ပိုင်းလေးမှာ အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ လျူကျင်းတစ်ယောက် တံခါးဝတွင် ရပ်ရင်း အသက်ရှူရသည်ပင် ခက်ခဲနေမိသည်။

သူ့ကို စိတ်ပျက်သွားလိမ့်မည်ဟု တွေးထင်နေချိန်တွင် လျူကျင်း၏ အံ့အားသင့်စရာအနေနှင့် ရှောင်ရွှမ်းက နူးညံ့စွာ ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။

"အို အနှောင့်အယှက်မဖြစ်ပါဘူးရှင်...ဖေဖေပြောထားလို့ လာမယ်ဆိုတာ ကြိုသိပီးသားပါ ၊ ကျွန်မ ရှင့် ကို မျှော်နေတာပါ "

လျူကျင်းတစ်ယောက် အသက်ရှူပင် ခက်ခဲသွားသည်။

"မျှော်..မျှော်နေတာ... ဟုတ်လား"

ချက်ချင်းပင် လျူကျင်းတစ်ယောက် သူ့အသံမှာ တုန်တုန်ရီရီဖြစ်နေသဖြင့် သူ့ကိုယ်သူအားမလိုအားမရ ဖြစ်သွားမိသည်။

ရှောင်ရွှမ်းကမူ သူမ၏စကားတွင် အမှားအယွင်း တစ်စုံတစ်ရာမရှိဟု ယူဆ ထားပုံရကာ ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။

"ဟုတ်တယ်လေ.. ရှင်က ကျွန်မနဲ့ စေ့စပ်ထားတဲ့သူ၊ မကြာခင်ပဲ ကျွန်မရဲ့ ခင်ပွန်းသည် ဖြစ်လာမယ့်သူ မဟုတ်လား။ ကဲပါ ကျွန်မတို့ချင်း အသက်သိပ်မကွာဘူးဆိုတော့ ရင်းရင်းနှီးနှီးပဲ ပြောကြတာပေါ့နော် …"

သူမသည် စကားကို ခဏရပ်လိုက်ပြီးနောက် မျက်ဝန်းအပြာရောင်လေးများဖြင့် လျူကျင်းကို စူးစိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ တစ်ချက်ဖြတ်သွားသည်။

"ဘာလို့လဲဟင်... ကျွန်မ ရှင် စိတ်အလိုမကျတာ တစ်ခုခုများ လုပ်မိလိုက်လို့လားရှင်။"

သူမ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ လျူကျင်းက အလျင်အမြန်ပင် လက်ကာ၍ ငြင်းလိုက်သည်။

"မ... မဟုတ်ပါဘူး။ အဲဒီလိုမျိုး ဘာမှမရှိပါဘူး။ ကျွန်တော်... ရုတ်တရက် အံ့အားသင့်သွားလို့ပါ တခြားဘာမှ မဟုတ်ပါဘူး။"

လျူကျင်း၏ စိုးရိမ်တကြီး တုံ့ပြန်မှုကြောင့် ရှောင်ရွှမ်းက တောက်ပစွာ ပြုံးလိုက်သည်။ သူမ၏ အပြုံးသည် ရေခဲပြင်ပေါ်သို့ နေရောင်ခြည် ကျရောက်လာသကဲ့သို့ နူးညံ့ပြီး လင်းလက်နေသည်။

"တော်သေးတာပေါ့ရှင်…၊ ရှင် မျက်နှာထားတင်းနေတော့ ကျွန်မ ဘာအမှားများလုပ်မိသွားလဲဆိုပီး တွေးကြောက်သွားလို့ပါ.လျူကျင်းရယ် .”

သူမ၏ အသံမှာ အပြစ်ကင်းစင်ပြီး တောင်းဆိုသံလေး ပါဝင်နေသည်။ လျူကျင်းသည် တံခါးဝတွင် ရပ်ရင်း အသက်ကို ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်သည်။ ဤမိန်းကလေးသည် ရှောင်ဂိုဏ်း၏ လျှို့ဝှက်ချက်ဖြစ်ပြီး၊ နောင်တစ်ချိန်တွင် နတ်ဘုရား ရေခဲနန်းတော်၏ တပည့်ဖြစ်လာမည့်သူမှန်း သူသိထားသော်လည်း... လက်ရှိအချိန်တွင်မူ သူမသည် အမှန်တကယ်ပင် စာပေကျမ်းဂန်များကြားမှ ရောက်လာသော နတ်သမီးလေးတစ်ပါးနှယ် နူးညံ့သိမ်မွေ့နေပေတော့သည်။

'လျူကျင်းရယ်' ဟူသော စကားလုံးသည် လျူကျင်း၏ ကျောရိုးတစ်လျှောက်တွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ တုန်ခါသွားစေသည်။ သူ့အနေဖြင့် မိန်းမပျိုတဦးက 'လျူကျင်းရယ်' ဟု အခေါ်ခံရလောက်အောင် အတွေ့အကြုံ ရင့်ကျက်သူ မဟုတ်သေးပေ။

“အို... ကျွန်မအလိုက်မသိလိုက်တာ ရှင် …” ဟုပြောရင်း ရှောင်ရွှမ်းက သူမ၏ လက်ဖဝါးနုနုလေးဖြင့် ပါးစပ်ကို အသာအုပ်လိုက်သည်။

“ကျေးဇူးပြုပြီး ထိုင်ပါဦးရှင်..၊ ဧည့်ခံစရာ ဘာမှမရှိလို့ အားနာလိုက်တာ ..၊ ကျွန်မက ချက်ပြုတ်တဲ့နေရာမှာ ညံ့တာ ဝန်ခံရမှာပဲ..။ ဒါပေမဲ့ ကျွန်မရဲ့ လျှို့ဝှက်ချက်က လူသိရှင်ကြား ဖြစ်သွားပြီမို့... ဖေဖေ့ဆီ ခွင့်တောင်းပြီး မီးဖိုချောင်မှာ ချက်တာပြုတ်တာ သင်ထားလိုက်ပါမယ် ..ကျွန်မတို့နှစ်ယောက် လမ်းခွဲမသွားခင်မှာ ရှင့်ကို အနည်းဆုံး ထမင်းတစ်နပ်တော့ ချက်ကျွေးချင်တယ်ရှင့်”

လျူကျင်းသည် သူမပြောသည့်အတိုင်း ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။ သူမ ပြော၍ ထိုင်လိုက်ခြင်းမျိုး မဟုတ်ဘဲ မမျှော်လင့်သော စကားများကြားလိုက်ကာ ရုတ်တရက် ခေါင်းမူးသွားသဖြင့် ထိုင်ချလိုက်ခြင်းဖြစ်သည်။ ဤတွေ့ဆုံမှုမှာ သူ စိတ်ကူးယဉ်ခဲ့ဖူးသည့် ပုံစံများစွာအနက်မှ လုံးဝမပါဝင်သည့် ပုံစံမျိုးဖြစ်သည်။ သူ့ဆရာကြီးကျန်း သာ ဤနေရာတွင် ရှိနေပါက သေချာပေါက် အူတက်အောင်ရယ်နေပေလိမ့်မည်။ လျူကျင်းသည် ဤအကြောင်းကို သူ့ဆရာကို မည်သည့်အခါမှ ထုတ်မပြောရန် စိတ်ထဲတွင် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

“ကျွန်တော်... အခြေအနေတွေ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး”

ရှောင်ရွှမ်းက သူ့ကို စိတ်ဝင်တစားဖြင့် မျက်တောင်မခတ် ငေးကြည့်နေသည်။

“ဘာဖြစ်လို့လဲရှင်..၊ ကျွန်..ကျွန်မ ပြုမူတာတစ်ခုခုများ အဆင်မပြေတာ ရှိလို့လားရှင်။ ဒါမှမဟုတ်... ကျွန်မ ရုပ်သွင်က ရှင့်မျက်စိထဲ အဆင်မပြေလို့လား” ။”

“မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ပါဘူး” လျူကျင်းက ပျာပျာသလဲ ငြင်းဆိုလိုက်သည်။

“ကျွန်တော်က… မိန်းကလေးရှောင်ရွှမ်းက ဒီစေ့စပ်ပွဲအပေါ်... လိုလိုလားလား ရှိလိမ့်မယ်လို့ မထင်ထားမိလို့ပါ”

လျူကျင်း ထိုစကားကို ပြောလိုက်မိမှပင် သူ ပြောခဲ့သည့် စကား၏ အဓိပ္ပာယ်ကို သူကိုယ်တိုင် သတိပြုမိသွားသည်။ သူ တကယ်တမ်း ဘာကိုများ မျှော်လင့်ထားခဲ့မိပါသနည်း။

သူသည် ရှောင်ရွှမ်းကို သူမ၏ အစ်ကိုဖြစ်သူ ရှောင်ဖန်း နှင့် စရိုက်တူလိမ့်မည်ဟု ထင်မှတ်ထားခဲ့မိကြောင်း လျူကျင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူတို့သားအဖ အား ကဲ့ရဲ့လှောင်ပြောင်တတ်သူများအတိုင်း သူမ လည်း အထင်သေး ကဲ့ရဲ့လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။ ဤစေ့စပ်ကြောင်းလမ်းမှုကို သူမ လုံးဝဆန့်ကျင်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

စင်စစ်မူ သူမ တွင် ကန့်ကွက်စရာ အကြောင်းရင်းများစွာရှိလေသည်။ ရှောင်ရွှမ်းဆိုသည်မှာ ရှောင်ဂိုဏ်းချုပ်ကြီး၏ သမီးဖြစ်သည်။ လျူကျင်း အဆပေါင်းများစွာ သာလွန်ပြီး ချမ်းသာကြွယ်ဝသည့် အိမ်ထောင်ဖက်မျိုး သူမအတွက် ရှိနေနိုင်သည် ဟူသော အချက်သည်ပင် အဓိကအကြောင်းရင်းအဖြစ်ယူဆနိူင်သည်။ အလွန်ဆုံးအနေဖြင့် သူမသည် ဤစေ့စပ်ကြောင်းလမ်းမှုကို မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဟုသာ သတ်မှတ်ပြီး၊ စိတ်ထဲမှ အလိုမကျသော်လည်း အတင်းလက်ခံလိုက်ရသည် ဟုသာ လျူကျင်း ထင်ထားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲက အမည်ခံသက်သက်ဆိုတာ ကျွန်မ သိပါတယ်။ 'နတ်ဘုရား ရေခဲနန်းတော်' မသွားခင် ကျွန်မ အကာအကွယ်တစ်ခု ရဖို့နဲ့၊ ကျွန်မတို့မိသားစုနှစ်စု ပိုပြီး ရင်းနှီးသွားစေဖို့ စီစဉ်တာဆိုတာ နားလည်ပါတယ်။ဒါပေမဲ့ ဒီအချက်တွေကို ရှင့် စိတ်ထဲ လုံးဝ ထည့်မထားပါနဲ့နော်”

လျူကျင်း စကားမပြောနိုင်ဘဲ ခေတ္တ ငိုင်သွားမိသည်။ သူသည် ဤကိစ္စကို လက်တွေ့ကျကျသာ မြင်ခဲ့မိသော်လည်း၊ ရှောင်ရွှမ်း၏ အပြုအမူများက သူ့ တွက်ချက်မှုများကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။

ရှောင်ရွှမ်းက သူ့ကို ငေးကြည့်ရင်း ဖြည်းညှင်းစွာ ဆိုလိုက်သည်။

“ဒါနဲ့ ရှင်က ဒီလက်ထပ်ပွဲရဲ့ အဓိက အကြောင်းရင်းတစ်ခုကိုတော့ မေ့နေပုံပဲရှင်…။”

လျူကျင်း အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဟမ် …ဘာလဲဟင် ”

“ဖေဖေ့ကတိကို စောင့်ထိန်းဖို့အတွက်ပေါ့ လျူကျင်းရယ်…”

ရှောင်ရွှမ်း၏ အသံမှာ ပျော့ပြောင်းလွန်းသော်လည်း သူမ၏ စကားလုံးများမှာမူ ပြတ်သား၍ လေးနက်လှသည်။

“ဖေဖေက ရှင့်အဖေဆီမှာ သားသမီးချင်းစေ့စပ်ကြမယ်ဆိုတဲ့ ကတိပေးခဲ့တာလေ။ တကယ်လို့ ကျွန်မက ဒီစေ့စပ်ပွဲကို ငြင်းဆန်လိုက်ရင်... ဖေဖေရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်တောင် ကျဆင်းသွားမလဲဆိုတာ ရှင် စဉ်းစားကြည့်ပါ။ ကျွန်မကတော့ ဘာပဲဖြစ်ဖြစ် မိဘ အရှက်ရစေမယ့် အလုပ်မျိုး လုံးဝ မလုပ်ဘူး။ ဖေဖေကို ကတိမတည်သူတစ်ယောက် ကျွန်မ ဘယ်တော့မှ ဖြစ်မလာစေရဘူးရှင့်..”

ထိုစကားကို ကြားလိုက်ရသည့်အခါ လျူကျင်းတစ်ယောက် ရှောင်ရွှမ်းအပေါ် ပိုလေးစားသွားမိသည်။

အိမ်ထောင်ရေးနှင့် ပတ်သက်သည့် နက်နဲသော ခံစားချက်များ၊ အချစ်ဟူသော အတွေ့အကြုံသစ်များမှာ လျူကျင်းအတွက်တော့ နားလည်ရခက်သော ပဟေဠိများသာ ဖြစ်သည်။ သို့သော်လည်း မိဘအပေါ် ထားရှိသည့် ကျေးဇူးတရား၊ လိမ္မာရေးခြားရှိခြင်း ဟူသည့် တန်ဖိုးကိုမူ သူ အထူးအလေးထားသူ ဖြစ်သည်။ လျူကျင်းတစ်ယောက် သူမ၏ စိတ်ဓာတ်ကို အသိအမှတ်ပြုသည့်အနေဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။

“ကျွန်တော် နားလည်ပါပြီ။... အကြောင်းရင်းက ဒီလိုကိုး..”

“ဒါတင် မကသေးဘူးရှင့် …”

သူမ၏ အဖြေက လျူကျင်းကို အံ့အားသင့်သွားစေသည်။

“ရှင်နဲ့ မတူတာက... ကျွန်မက ဒီစေ့စပ်ပွဲအကြောင်းကို ဟိုးအရင်ထဲက သိထားတာပါ။ ရှင်နဲ့အတူ တစ်သက်လုံး လက်တွဲသွားဖို့ စိတ်ကူးယဉ်ထားခဲ့တာ ကြာပါပြီရှင်”

“ဟမ် ... ဘာလို့လဲ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လျူကျင်းက ရှောင်ရွှမ်းအား ဇဝေဇဝါဖြင့် ကြည့်ရင်း မေးလိုက်သည်။

“ကျွန်တော်တို့က တစ်ခါမှ မျက်နှာချင်းဆိုင် မတွေ့ဖူးကြဘူးမလား..”

ထိုစကားကြားရသောအခါ ရှောင်ရွှမ်းက ပြုံးလိုက်ကာ သူ့အခန်းထောင့်တစ်နေရာကို လက်ညှိုးညွှန်ပြလိုက်သည်။

“ကျွန်မ ဒီလို အဆင်ပြေပြေ ရှင်သန်ကြီးပြင်းလာရတာ... ရှင်တို့မိသားစုရဲ့ ကျေးဇူးတရားတွေကြောင့်လေ…”

သူမ လက်ညှိုးညွှန်ရာကို လျူကျင်း လိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် စိမ်းလန်းစိုပြည်စွာ ပေါက်ရောက်နေသည့် အပင်ငယ်တစ်ခုကို တွေ့လိုက်ရသည်။ လျူကျင်း အခန်းထဲသို့ စ ရောက်စဥ်ကတည်းက ထိုအပင်ကို မြင်နေခဲ့ရသော်လည်း အမှတ်တမဲ့ဖြစ်နေခဲ့သည်။ သို့သော် ရှောင်ရွှမ်း၏စကားများနှင့် ဆက်စပ်စဥ်းစားလိုက်ပါက သူတို့မိသားစု၏ လျှို့ဝှက်ချက်တစ်ခုနှင့် ဆက်စပ်နေလိမ့်မည် ဟု သူ ရိပ်မိလိုက်သည်။

အခုမှ အပင်ငယ်ကို လျူကျင်းသေချာ ကြည့်လိုက်သည် ။ ထိုအခါမှ ၎င်းအပင်သည် 'အဆုံးမဲ့စွမ်းအင် သစ်ပင် ဖြစ်နေမှန်း သူ သတိပြုမိလိုက်သည်။

လျူကျင်းသာ ငယ်စဉ်ကတည်းက အပင်၏ စွမ်းအင်များကို စုပ်ယူ၍ ကြီးပြင်းလာခဲ့ရမည်ဆိုပါက ယခုသူရှိနေသည့် ကျင့်ကြံအဆင့်ထက် အဆပေါင်းများစွာ ပိုမိုသန်မာနေလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။ ထိုအခါမှ သူခံစားနေရသည့် ထူးခြားသောစွမ်းအင်မှာလည်း ဤအပင်၏ အရှိန်အဝါကြောင့်ဖြစ်ကြောင်း သူ ရိပ်မိတော့သည်။

အပင်မှာ ပိန်လှီသေးကွေးနေသည်။ ရှောင်ရွှမ်းအနေဖြင့်အသက်ဆက်နိုင်ရန် ဤအပင်မှ ထွက်ပေါ်လာသည့် ယန် စွမ်းအင်တို့ကို စဉ်ဆက်မပြတ် စုပ်ယူနေခဲ့ရသဖြင့် အပင်မှာ အပြည့်အဝ ကြီးထွားနိုင်စွမ်း မရှိချေ။

အပင်သေးကွေးသော်လည်း ထွက်ပေါ်နေသော စွမ်းအင်မှာမူ အလွန်ပင် ပြင်းထန်လှသည်။ အကယ်၍သာ ဤအပင်မှာ ပုံမှန်အတိုင်း အပြည့်အဝ ကြီးထွားနိုင်ခဲ့ပြီး သူသာ ထိုအသီးကို စားသုံးနိုင်ခဲ့မည်ဆိုပါက...။

လျူကျင်း စိတ်ထဲမှ အတွေးများကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်သည်။ ထိုအကြောင်းကို ဆက်၍ တွေးတောနေခြင်းသည် အကျိုးမရှိသော လောဘစိတ်ကိုသာ ပွားများစေလိမ့်မည်။

"ကျွန်မက ဒီအပင်ရဲ့ အရိပ်အောက်မှာပဲ ကြီးပြင်းလာခဲ့ရတာ ရှင့်.."

ရှောင်ရွှမ်းက အပင်ကို ငေးကြည့်ရင်း နူးညံ့စွာ ပြုံးလိုက်သည်။ သူမ၏ အပြုံးသည် အေးချမ်းသော်လည်း အနည်းငယ် ဝမ်းနည်းရိပ်သန်းနေသည်။

"ဒီမှောင်မိုက်တဲ့ အခန်းထဲကနေ ထွက်ခွင့်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပါပဲ။ ဒါကြောင့် ဒီအပင်ကပဲ ကျွန်မရဲ့ တစ်ဦးတည်းသော အဖော် ဖြစ်လာခဲ့တာပေါ့။ ကျွန်မရဲ့ စိတ်ဆင်းရဲမှုတွေကို ဒီအပင်နဲ့ပဲ ရင်ဖွင့်ခဲ့ရပြီး ဒီနေ့အထိ အသက်ရှူခွင့် ရနေတာကလည်း ဒီအပင်ကြောင့်ပါပဲ။ ဒါပေမဲ့ ဒါတွေအားလုံးက ရှင်သာ မရှိရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ ရှင့်အနာဂတ် အခွင့်အရေးတွေကို စွန့်လွှတ်ပြီး ကျွန်မကို ကယ်တင်ခဲ့လို့သာ... အခုလို ရှင့်ရှေ့မှာ ကျွန်မ ရှိနေနိုင်တာပါရှင်။"

လျူကျင်း ခေါင်းကို အသာခါလိုက်သည်။ သူ့လေသံတွင် မည်သည့်ကျေးဇူးတင်မှုကိုမျှ မခံယူလိုသည့် ပုံစံဖြင့် တည်ငြိမ်စွာ ဆိုလိုက်သည်။

"ဒါက ကျွန်တော့်အဖေက ဂိုဏ်းချုပ်ကြီးကို ပေးခဲ့တဲ့အပင်ပါ။ ကျွန်တော် ဘာမှ လုပ်မပေးခဲ့တဲ့ ကိစ္စအတွက် ကျေးဇူးတင်နေဖို့ မလိုပါဘူး။ အဲဒီတုန်းက ကျွန်တော်က ကလေးပဲ ရှိသေးတာပါ၊ မိန်းကလေး ရှောင်ရွှမ်း။"

ရှောင်ရွှမ်းသည် လျူကျင်း၏ စကားကို ကြားသောအခါ အနည်းငယ် တွေဝေသွားသည်။ သူမသည် လျူကျင်း၏ မျက်ဝန်းများကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

"အော် ရှင်က ဘာမှမသိပဲကိုး…"

သူမ၏ အသံမှာ တိုးလျနေသော်လည်း လျူကျင်း၏ ရင်ထဲတွင်မူ မုန်တိုင်းတစ်ခု ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်ရွှမ်း၏ စကားနောက်ကွယ်တွင် သူ လုံးဝ မသိရှိခဲ့သည့် အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တစ်ခု ရှိနေသယောင် လျူကျင်း ခံစားမိလိုက်သည်။

“ဒါလဲဖြစ်နိုင်ပါတယ် ရှင် …”

ရှောင်ရွှမ်းက ခေါင်းကို အသာညိတ်ရင်း တိုးညင်းစွာ ညည်းလိုက်သည်။ သူမ၏မျက်ဝန်းများတွင် မည်သူမျှ မသိနိုင်သည့် နက်နဲသော အဓိပ္ပာယ်များ လွှမ်းခြုံနေသည်။

"ဒါပေမဲ့ အမှန်တရားကတော့ ပြောင်းလဲလို့မရပါဘူး။ တကယ်ဆို ရှင်ပိုင်ဆိုင်ရမယ့် ဒီအပင်ရဲ့ စွမ်းအင်တွေက ကျွန်မဆီကိုပဲ ရောက်လာခဲ့တာလေ..၊ ဒါကို ကျွန်မ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကမှ သိလိုက်ရတာ...။ ပထမဆုံး သိလိုက်ရတဲ့ အချိန်တုန်းကဆို ကျွန်မ တကယ့်ကို ထိတ်လန့်သွားခဲ့တာ။ တစ်ခါမှ မဆုံဖူးသေးတဲ့ လူတယောက်ရဲ့ နစ်နာသွားတဲ့အခွင့်အရေးက ကျွန်မအတွက် အကျိုးအမြတ် ဖြစ်လာခဲ့တာကိုး။ အဲဒီကတည်းက ကျွန်မ ဘယ်သူ့ရဲ့ ကံကြမ္မာကို ခိုးယူနေခဲ့မိတာလဲလို့ စိတ်ထဲမှာ အမြဲတစေ သိချင်နေခဲ့တာ..."

လျူကျင်းမှာ သူမ၏ ရိုးသားလွန်းသော စကားများကြောင့်အနည်းငယ်တုန်လှုပ်သွားသည်။ သူက သက်ပြင်းတစ်ချက်ချကာ အခန်းကို ဝေ့ကြည့်ရင်း လေသံကို လျှော့ချလိုက်သည်။

“ဒီအခန်းထဲမှာပဲနေရတော့ကျွန်တော့် အကြောင်းကို မိန်းကလေးရှောင်ရွှမ်း ဘယ်သိနိူင်မှာလဲဗျာ”

ရှောင်ရွှမ်းက ခပ်ဖွဖွလေး ပြုံးလိုက်သည်။

“ရှင်က ဒီလိုထင်လို့လား … ကျွန်မ အကိုတွေက ရှင့်အကြောင်း အမြဲတမ်းလိုလိုလာပြောနေတာရှင့် ”

လျူကျင်း ခဏတာ ကြောင်ငေးသွားသည်။ သူနှင့် တစ်ခါမျှ မတွေ့ဖူးသူတစ်ဦးက သူ့အကြောင်းကို သိရှိနေခြင်းမှာ အနည်းငယ်တော့ ထူးဆန်းလှသည်။

“ကျွန်တော်ပြောတာရိုင်းသွားရင်ခွင့်လွှတ်ပါ မိန်းကလေး…၊ ဒါပေမဲ့ ကျွန်တော့်အကြောင်းကို မိန်းကလေး အကိုကနေတဆင့်သိရတယ်ဆိုရင် ကောင်းကွက်တကွက်မှပြောမယ်မထင်ပါဘူးဗျာ”

ထိုစကားကြောင့် ရှောင်ရွှမ်းက ခပ်အုပ်အုပ်လေး ရယ်မောလိုက်သည်။ ထိုရယ်သံမှာ ငွေလင်ပန်းပေါ် တင်ထားသော ပုလဲလုံးများပမာ ကြည်လင်နေကာ နားထောင်ရသူအား ကြည်နူးစေသည့်နှယ်ဖြစ်သည်။

“အမှန်ပဲ..သူက အကို လျူကျင်းကို အမြင်ကတ်နေပုံပဲရှင့် ” ဟု ရှောင်ရွှမ်းက လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသကဲ့သို့ တိုးတိုးလေး ပြောလိုက်သည်။

“သူက ရှင်တို့သားအဖအကြောင်း အမြဲတမ်း လာပြောပီး ညည်းညူနေကျလေ..၊ ဒီစေ့စပ် ပွဲအကြောင်းစသိတုန်းကဆို တော်တော် ဒေါသူပုန်သွားတာ …”

“ဒါ... ဒါဆိုရင်..မိန်းကလေး ရှောင်ရွှမ်းက ကျွန်တော့်ကို အမြင်မကတ်ဖူးလားဗျ…ဘယ်လိုလုပ်ပြီးတော့…”

လျူကျင်းမှာ ဘာဆက်ပြောရမှန်းမသိအောင် အံ့အားသင့်သွားပြီး စကားလုံးတို့မှာ လည်ချောင်းထဲမှာပင် တစ်ဆို့နေတော့သည်။

“အကို ရှောင်ဖန်းကတော့ သိပ်အကောင်းမမြင်ဘူးပေါ့လေ .. ဒါပေမဲ့ ကျွန်မ ကိုကြီးရှောင်နန်ကတော့ ရှင့်အကြောင်းပြောတိုင်း မကောင်းတာ တစ်ခါမှ မပြောခဲ့ပါဘူး။”

လျူကျင်း ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း ပြုံးလိုက်သည်။

“အစ်ကိုကြီး ရှောင်နန်က ကျွန်တော့်အပေါ်အကောင်းမြင်လွန်းအားကြီးလို့ပါ”

ရှောင်ရွှမ်းက သူ့စကားကို သဘောကျသွားဟန်ဖြင့် ချစ်စရာကောင်းစွာ ရယ်မောလိုက်သည်။ သူမ၏ မျက်ဝန်းအပြာရောင်လေးများမှာ လျူကျင်းကို စူးစိုက်ကြည့်ရင်း ပိုမိုတောက်ပလာသည်။

“ခစ် ခစ် ရှင် ဒီလိုသေချာပေါက်ပြန်ပြောလိမ့်မယ်လို့ သူ ကြိုပြောဘူးတယ် ..”

လျူကျင်းသည် သူ ဤမျှအထိ ချီးကျူးစကားကို လက်မခံတတ်၊ သူ့ကိုယ်သူ အလွန် အထင်သေးရာ ကျနေပြီလားဟု ပူပင်မိသွားသည် ။ “ကိုယ့်တန်ဖိုးကိုယ်မသိတဲ့ကောင်စုတ်လေး…” ဟု သူ့ ဆရာပြောနေကျစကားမှာ အမှန်ဖြစ်နေသည်လား။

"ဘာဖြစ်ဖြစ်ပါရှင်... ကျွန်မ ရှင့်အကြောင်းနဲ့ပတ်သက်ပီး အများကြီး ကြားခဲ့ရပြီးသားပါ။ အကိုရှောင်ဖန်းက မကောင်းတာတွေ ပြောတယ်၊ ကိုကြီးရှောင်နန်က ကောင်းတာတွေ ပြောတယ်။ သူတို့နှစ်ယောက်ရဲ့ အမူအကျင့်ကို ကျွန်မက သိပီးသားလေ ..အဲ့တော့ ကိုကြီးရှောင်နန်ရဲ့ စကားကိုပဲ အတည်ယူလိုက်တာပေါ့ "

သူမက နှုတ်ခမ်းဖျားတွင် လှပသော အပြုံးတစ်ခုကို ဆင်မြန်းရင်း ဆက်ပြောသည်။

"ဒီတော့လဲ ကျွန်မ ပိုပီး စိတ်သက်သာရာ ရသွားတာပေါ့…"

"ဟင် ဘာလို့လဲ ဗျ..."

လျူကျင်း၏ မေးခွန်းမှာ နက်နဲလှသည်။ ရှောင်ရွှမ်းက ခဏတာ ငေးကြည့်နေပြီးနောက် အသံကို တိုးလျလျနှင့် ဖွင့်ဟလိုက်သည်။

"ကျွန်မတို့ လက်ထပ်ရမယ်ဆိုတာကို သိထားပြီးသားလေ..၊ ဘာပြောပြော ရှင်ဆီကနေ လုယူလိုက်ရတဲ့ အရာတွေကြောင့်သာ ကျွန်မ အသက်ရှင်ခွင့်ရခဲ့တာ အမှန်ပဲ။ အဲဒီအတွက် ပြန်ပေးဆပ်ဖို့ဆိုရင် ရှင့်ဘေးမှာပဲ နေပေးတာ အသင့်တော်ဆုံး ဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့ ဖေဖေကလဲ ကတိပေးထားပြီးသားပဲလေ…ကျွန်မအဖေရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ အညှိုးနွမ်းမခံနိုင်ဘူး။ ဒီအချက်နှစ်ချက်ကြောင့်ပဲ ရှင် နဲ့ လက်ထပ်ဖို့ ဆန္ဒရှိခဲ့တာရှင့်"

သူမသည် စကားကို ခဏရပ်လိုက်ပြီး လျူကျင်း၏ မျက်ဝန်းကို တည်ကြည်စွာ စိုက်ကြည့်သည်။

"ဒါပေမဲ့ ရှင်က လူကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာ ကျွန်မ မသိခဲ့ရဘူးလေ။ အဲဒီလို မသိဘဲနဲ့ ကြောက်ရွံ့နေမိခဲ့လို့ ကျွန်မ အားနာပီး ရှက်တောင်ရှက်မိပါတယ်။ နောက်မှ ကိုကြီးရှောင်နန် ပြောပြတာတွေကို ကြားရတော့မှပဲ ကျွန်မ စိတ်အေးသွားရတာပါ။"

လျူကျင်းမှာ သူမ၏ ရိုးသားပွင့်လင်းမှုကြောင့် ကြည်နူးသွားရသည်။ သူသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ယဉ်ကျေးသိမ်မွေ့စွာ ပြန်လည်ဖြေကြားလိုက်သည်။

"ကျွန်တော့်ကို အားနာ မလိုပါဘူး။ ဒီစေ့စပ်ကြောင်းလမ်းမှုအကြောင်း သိလိုက်ရတုန်းက ကျွန်တော့်မှာလည်း အဲဒီလိုမျိုး စိုးရိမ်စိတ်တွေ ရှိခဲ့တာပါပဲ။ ဒါကြောင့် မိန်းကလေး ရှောင်ရွှမ်းက တောင်းပန်ရမယ်ဆိုရင် ကျွန်တော်လည်း ပြန်တောင်းပန်ရမှာပေါ့။ အစ်ကိုကြီး ရှောင်နန် ပြောသလောက် စွမ်းဆောင်ရည်ကောင်းတဲ့သူ မဟုတ်ရင်တောင်... တစ်ဝက်လောက်တော့ ရှိချင်မိပါရဲ့။"

လျူကျင်းထံမှ ထွက်ပေါ်လာသော စကားလုံးများမှာ ရိုးရှင်းလှသော်လည်း ထိုအထဲ၌ စိတ်ရင်းအမှန်များ ကိန်းအောင်းနေသည်ကို သူမ ခံစားလိုက်ရသည်။ ထို့ကြောင့်ပင်... ခဏတာအတွင်း အခန်းငယ်လေးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးနောက်၊ အစားထိုးမရသည့် စိတ်လှုပ်ရှားဖွယ် အငွေ့အသက်လေးများက လေထုထဲ၌ တရိပ်ရိပ် တိုးဝင်လာတော့သည်။

ရှောင်ရွှမ်း၏ နှုတ်ခမ်းအစုံမှာ တောက်ပလွန်းသော အပြုံးတစ်ခုအဖြစ် လှပစွာ ပွင့်အာသွားခဲ့ပြီး—

"ရှင်ရဲ့ အပြုအမူတွေက တကယ်ပဲ ကိုကြီး ရှောင်နန် ပြောပြဖူးတဲ့အတိုင်းပါပဲလား။ ရှင်နဲ့ အချိန်တွေ ကုန်ဆုံးရမှာကို ကျွန်မလုံးဝ ငြီးငွေ့မှာ မဟုတ်ပါဘူး..."

သူမ၏ အပြုံးသည် အေးစက်နေသော အခန်းတွင်းရှိ လေထုကိုပင် တစ်ခဏချင်း နွေးထွေးသွားစေနိုင်လောက်သည့် အစွမ်းရှိပုံရသည်။ လျူကျင်းသည်လည်း သူမအား ပြန်လည်ပြုံးပြလိုက်ရင်း—

"မိန်းကလေး ရှောင်ရွှမ်း... အခုလို ပြောပေးတာနဲ့တင် ကျွန်တော့်အတွက် အများကြီး လုံလောက်နေပါပြီ။ ဒါပေမဲ့... တစ်ခုတော့ ကြိုပြောပြရဦးမယ်။ အကိုကြီးရှောင်နန် ပြောပြတဲ့ ပုံပြင်တွေက သူ့အမြင်သက်သက်ပဲ ရှိနိုင်သလို၊ ရှောင်ဖန်း ပြောသမျှ အရာအားလုံးကလည်း လုံးဝ မဟုတ်မမှန်ဘူးလို့ ကျွန်တော် မငြင်းချင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း လူသားတစ်ယောက်ပဲလေ... အားနည်းချက်တွေ၊ အမှားအယွင်းတွေတော့ ရှိတာပေါ့..."

ထိုစကားကြောင့် ရှောင်ရွှမ်းက ခေါင်းလေးကို အသာစောင်းကာ၊ မျက်ဝန်းအစုံဖြင့် သူ့ကို စူးစမ်းသလို စိုက်ကြည့်လိုက်ပြီး—

"ဒါဆိုရင်လည်း... ရှင့်အကြောင်းကို တခြားသူတွေဆီက ကြားရတာထက်... ကိုယ်တိုင်ပဲ ပြန်ပြောပြပါလား လျူကျင်းရယ်..."

လျူကျင်း တစ်ချက်မျှ မျက်တောင်ခတ်လိုက်မိပြီး တွေဝေသွားသည်။

"ဗျာ..."

" အကိုရှောင်ဖန်း ဆီကနေ အကို့အကြောင်းတွေ ကြားဖူးသလို၊ ကိုကြီးရှောင်နန်ဆီကနေလည်း ကြားဖူးပါတယ်။ ဒါပေမဲ့... ရှင့် နှုတ်ဖျားကနေ ကိုယ့်အကြောင်းကိုယ် တိုက်ရိုက်ပြောပြတာကိုတော့ တစ်ခါမှ မကြားဖူးသေးဘူးလေ။ ကျွန်မတို့နှစ်ယောက် အတူတူ နေခွင့်ရမယ့်အချိန်က တိုတောင်းကောင်း တိုတောင်းနိုင်ပေမဲ့... အနည်းဆုံးတော့ ကိုယ့် ခင်ပွန်းလောင်းအကြောင်းကို ဒီထက်ပိုသိချင်တာပေါ့ ..၊ ပြောပြလို့မရဘူးလား လျူကျင်းရယ်..."

သူမ၏ တိုးညင်းသော အသံချိုချိုလေးထဲတွင် ပကတိအရိုးခံ စိတ်ထားနှင့် သူ့အကြောင်း သိချင်စိတ်တို့ အတိုင်းသား ရောပြွန်းနေသည်။

လျူကျင်း ခဏတာ တိတ်ဆိတ်သွားခဲ့ရသည်။ သို့သော်... များမကြာမီမှာပင် သူ့မျက်နှာထက်၌ ပွင့်လင်းရိုးသားလွန်းသော အပြုံးတစ်ခုက တစ်စတစ်စ ဖြစ်ပေါ်လာတော့သည်။

"ရတာပေါ့ ... ဘာလို့မရ ရမှာလဲဗျာ ။ ဒါပေမဲ့ ကြိုပြီးတော့ သတိပေးပါရစေ... ကျွန်တော့်ရဲ့ အတိတ်အကြောင်းတွေက မိန်းကလေး ရှောင်ရွှမ်း မျှော်လင့်ထားသလို သိပ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အကြောင်းမဟုတ်ပါဘူး။ အဖေ လူနာကုတိုင်း ဘေးကနေ ကူညီပေးနေရတဲ့ သမားတော်တယောက်ရဲ့ သား ဆိုတော့ ၊အင်း ဒီတိုင်း သာမန် အကြောင်းအရာတွေပါပဲ..."

"အိုး …အဲဒါက... တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းတွေ ဖြစ်မှာပါရှင်..."

ရှောင်ရွှမ်းက ချက်ချင်းပင် မျက်ဝန်းလေးတွေ တောက်ပလျက် ထောက်ခံစကား ဆိုလိုက်သည်။

ထိုအခိုက်အတန့်... လျူကျင်း၏ ရင်ဘတ်တစ်နေရာဆီမှ ဆတ်ခနဲ လှုပ်ရှားသွားခဲ့ရသည်။ ဤကျယ်ပြောလှသော လောကကြီးထဲတွင် သူ မြင်ဖူးသမျှ အလှပဆုံးအရာဟူ၍ ရှိလျှင်... ထိုအရာမှာ မိမိရှေ့မှောက်ရှိ ရှောင်ရွှမ်း၏ ချိုမြိန်လွန်းလှသော ထိုအပြုံးလေးပင် ဖြစ်သည်ဟု သူ ကောက်ချက်ချ လိုက်တော့သည်။

All Chapters