← Chapters

အခန်း ၃၈

Vol. 5 Ch. 38

အခန်း ၃၈

Vol. 5 Ch. 38

အခန်း ၃၈ ။ အနီ‌ရောင် ပုဝါပါးအောက်က သတို့သမီးလေး

"ဟင် ရှင်ပြောတ တကယ်လား......"

ရှောင်ရွှမ်း၏ တိုးငြင်းသော အသံလေးထဲတွင် အံ့ဩစိုးရိမ်မှုနှင့် ရယ်မောချင်စိတ်တို့ အတိုင်းသား ရောယှက် ကိန်းအောင်းနေသည်။

"ဟုတ်တယ်လေ။ အဲဒီလူက ကျွန်တော့်မျက်နှာကို တည့်တည့်ကြီး အားရပါးရ ချောင်းဆိုးပြလိုက်တာ။ သူဖြစ်နေတဲ့ အအေးမိရောဂါက ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး မြင်လိုက်ရတာပေါ့။ တကယ်တမ်းကျတော့ သူအအေးမိတာကို နားထောင်ရတာထက် ကျွန်တော့်မျက်နှာကိုစင်တဲ့ တံတွေးတွေကို သုတ်ပစ်ရတာကများများဖြစ်နေတာ.."

လျူကျင်းက ထိုအတိတ်ကအကြောင်းကို ပြောပြနေသော်လည်း သူ့လေသံနှင့် မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင် တည်ငြိမ်အေးဆေးလွန်းနေသည်။ သူ့အတွက်တော့ ထိုသို့သော ဖြစ်ရပ်မျိုးမှာ သမားတော်ဘဝတစ်လျှောက် နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသည့် သာမန်အကြောင်းအရာများသာ ဖြစ်နေ၍ဖြစ်သည်။

"ဟားဟား..ရီစရာကောင်းလိုက်တာနော် . ..."

ရှောင်ရွှမ်းတစ်ယောက် သဘောကျ၍ အသံထွက်အောင်ပင် ရယ်မောလိုက်မိတော့သည်။ ရယ်မောလွန်းခြင်းကြောင့် သူမ၏ ပုခုံးစွန်းလေးများမှာ တဆတ်ဆတ် တုန်ခါနေခဲ့ပြီး၊ အခန်းငယ်လေးတစ်ခုလုံး လန်းဆန်းအသက်ဝင်သွားစေသည့် သူမ၏ ရယ်မောသံမှာ... လျူကျင်း၏ စိတ်ပျက်အားလျှော့နေဟန်ရှိသော မျက်နှာပေးနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ကာ လေထုကို စိုပြေနွေးထွေးသွားစေတော့သည်။

"အပြင်လောကမှာ လူတွေအဖြစ်က ဒီလောက်တောင် ရယ်စရာကောင်းကြလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးဖူးဘူး။"

သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်မှာ လက်ရှိနှင့်ဆိုလျှင် သုံးပတ်မျှပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုအချိန်မှစ၍ လျူကျင်းသည် နှစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ် ရှောင်ရွှမ်းထံ လာရောက်လည်ပတ်လေ့ရှိသည်။ လျူကျင်းသည် ပင်မအိမ်တော်ကြီး၏ ဧည့်သည်တော်အဖြစ် အမြဲလိုလို မြင်တွေ့နေကျ ဖြစ်လာခဲ့သည်။

"တချို့လူတွေက သူတို့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် အရမ်းကို အစိုးရိမ်ကြီးတတ်ကြတယ်လေ။"

လျူကျင်းက ထိုအချက်ကို သက်ပြင်းတစ်ချက် အသာချရင်း၊ မတတ်သာဘဲ လက်ခံလိုက်ရသည့် ပုံစံမျိုးဖြင့် ဆက်လက် ရှင်းပြရှာသည်—

"တချို့လူတွေကျတော့လည်း ဘာရောဂါဝေဒနာမှ မရှိဘဲနဲ့... ၉၆ ပါးရောဂါကိုပဲ စိတ်ထဲမှာ အမြဲမြင်ယောင်ပြီး ကြောက်လန့်နေတတ်ကြတာဗျ။ သူတို့စိတ်က ချောင်းဆိုးတာ၊ နှာချေတာလောက်လေးတွေကိုတောင်မှ သေစေနိုင်တဲ့ ရောဂါဆိုးကြီးတွေလို့ ထင်နေကြတာ ..၊ ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ဆီလာကုတဲ့လူနာကို ငြင်းပယ်လို့ မရဘူးလေ။ ဒါဟာ သမားတော်တစ်ယောက်ရဲ့ တာဝန်ပဲ မလား..."

"ဟုတ်တာပေါ့ရှင် ..."

ရှောင်ရွှမ်းက နှုတ်ခမ်းပါးလေးကို မသိမသာ စေ့လျက် နူးညံ့စွာ ပြုံးလိုက်ရင်းက—

"ဒါနဲ့... အအေးမိတယ်ဆိုတာ ဘာမျိုးလဲဟင်...။ ကျွန်မ စာအုပ်တွေထဲမှာရော၊ တခြားနေရာတွေမှာပါ အဲဒီစကားလုံးကို တစ်ခါမှ မကြားဖူးဘူး..."

လျူကျင်းတစ်ယောက် သူမ၏ စကားကို ကြားပြီး နောက်နေသည်အထင်နှင့် အနည်းငယ် ရယ်မောလိုက်ချင်မိသည်။ သို့သော် သူမ၏ မျက်ဝန်းအိမ်တွင် ရှိနေသည့် စူးစမ်းလိုစိတ်နှင့် ရိုးသားမှုတို့ကို မြင်လိုက်ရသောအခါ သူ့ ရယ်ချင်စိတ်မှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားသည်။

ရှောင်ရွှမ်းသည် သူမ၏ဘဝတစ်လျှောက်လုံး ဤပင်မအိမ်တော်ကြီး၏ နံရံများအကြားတွင်သာ ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်ခွင့်ရသူများမှာ အစွမ်းထက်သည့် ကျင့်ကြံသူများ၊ သို့မဟုတ် ဂိုဏ်း၏ အထူးအကာအကွယ်ပေးထားသူများသာ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ရိုးရိုးရောဂါဘယများ လွယ်လွယ်ကူကူ မကူးစက်နိုင်ပေ။ ခိုင်းဖော်ခိုင်းဖက်များမှာမူ ထိုသို့မဟုတ်သော်လည်း ဖျားနာနေသော ခိုင်းဖော်ခိုင်းဖက်တစ်ဦးကို သူမ၏ အနီးအနားသို့ ချဉ်းကပ်ခွင့်ပြုမည့်သူမှာ တစ်ယောက်မျှ ရှိမည်မဟုတ်ပေ။

ရှောင်ရွှမ်းသည် သူမ၏ သက်တမ်းတစ်လျှောက်တွင် ဖျားနာနေသူတစ်ယောက်ကို တစ်ခါမျှ မတွေ့ဖူးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုအတွေးသည် လျူကျင်းကို စိတ်မသက်မသာ ဖြစ်သွားစေသည်။ ၎င်းသည် သူတို့နှစ်ဦး၏ ဘဝများ မည်မျှအထိ ကွာခြားကြောင်း နောက်တစ်ကြိမ် သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ လောကကြီးနှင့် ဝေးကွာစွာ၊ ဤအခန်းကျဉ်းလေးအတွင်းသာ ပိတ်လှောင်နေထိုင်ရခြင်းမျိုးကို လျူကျင်း စိတ်ကူးနှင့်ပင် မမှန်းဆနိုင်ပေ။ သို့သော်လည်း ရှောင်ရွှမ်းသည် သူမ ကြီးပြင်းလာခဲ့ရသည့် ဤအကျဉ်းစံဘဝအပေါ် မကျေနပ်မှုမျိုး သို့မဟုတ် သိမ်ငယ်မှုမျိုး ရှိပုံမရပေ။

"ကျွန်မ... တကယ်ကျေးဇူးတင်ပါတယ် လျူကျင်းရယ်..."

'လျူကျင်းရယ်' ဟူသော သူမ၏ တိုးညင်းညင်သာလှသည့် ခေါ်ဆိုသံမှာ ယခင်ကကဲ့သို့ သူ့နှလုံးသားကို ရုတ်ချည်းပင် ပြင်းပြင်းထန်ထန် တုန်လှုပ်မသွားစေတော့သော်လည်း၊ လုံးဝအသားကျ အေးဆေးသွားပြီဟု ဆိုလျှင်တော့ဖြင့်... မုသာဝါဒတစ်ခုသာ ဖြစ်ပေလိမ့်မည်။

"ရှင် ပြောပြတဲ့ အပြင်လောကက အကြောင်းတွေက... ကျွန်မရဲ့ ပျင်းရိခြောက်ကပ်နေတဲ့ ဘဝအတွက်တော့ တကယ်အပန်းပြေစရာပဲ ..၊ တကယ်တော့လေ... အခုနောက်ပိုင်းမှာမှ ပိုပီး ငြီးငွေ့ဖို့ကောင်းလာတာ ..၊ စိတ်ညစ်စရာကြီးပါ လျူကျင်းရယ်..”

လျူကျင်းသည် ထိုစကားကို ကြားသောအခါ သဘောတကျ နူးညံ့စွာ ပြုံးလိုက်မိပြီး—

"အော်... ဟုတ်လားဗျ။ ကျွန်တော်ကတော့... မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြတာဆိုတော့ ဒီအိမ်တော်တစ်ခုလုံးမှာ အလုပ်တွေရှုပ်ပြီး ပျော်စရာကောင်းမယ် ထင်ထားခဲ့တာ..."

ရှောင်ရွှမ်းက နှုတ်ခမ်းလေးကို မသိမသာ ဆူလိုက်ကာ အနည်းငယ် စိတ်ကောက်ဟန် အမူအရာလေး လုပ်ပြလိုက်သည်။

တစ်ခါမျှ မမြင်ဖူးခဲ့သည့် သူမ၏ ထိုကဲ့သို့သော ချစ်စဖွယ် ကလေးဆန်သည့် အမူအရာလေးမှာ... လျူကျင်း၏ ရင်ဘတ်တစ်နေရာဆီသို့ နွေးထွေးကြည်နူးဖွယ် အလင်းတန်းတစ်ခုအဖြစ် ချိုမြိန်စွာ စီးဆင်းဖြန့်ကျက်သွားတော့သည်။

"မင်္ဂလာပွဲအတွက် အလုပ်ရှုပ်နေရလို့ပဲပေါ့... လျူကျင်းရဲ့ ..၊ နေ့တိုင်းလိုလို အဲဒီမင်္ဂလာဆောင်ဆိုင်ရာ ကျင့်ထုံးကျင့်ဝတ်တွေကိုပဲ လာလာပြီး သင်ပေးနေကြတာ။ ဘာလို့ ဒီလောက်တောင် အရေးတယူ လုပ်နေကြရလဲဆိုတာကိုတော့ ကျွန်မ တကယ်ပဲ နားမလည်နိုင်တော့ဘူး။ ကျွန်မကတော့... အခမ်းအနားမှာ ငြိမ်ငြိမ်လေးရပ်နေပြီး ရိုးရာဓလေ့တွေအတိုင်း လိုက်လုပ်ပေးဖို့ပဲ လိုတာကိုလေ။ ဂိုဏ်းအကြီးအကဲတွေကလဲ သူတို့ရွေးချယ်တာမှန်သမျှ ကျွန်မအကုန်လိုက်လုပ်ပေးဖို့လိုတယ်ထင်နေသလိုပဲ..."

ရှောင်ရွှမ်းက အနည်းငယ် နှုတ်ခမ်းလေးဆူကာ စိတ်ပျက်လက်ပျက်ဖြင့် ရင်ဖွင့်ရင်းက—

"ရှင်သိလား... ယပ်တောင်လေး တစ်ခုတည်း ရွေးဖို့အတွက်တောင်မှ တစ်နေ့လုံး အချိန်ကုန်သွားရတယ်။ မင်္ဂလာပွဲကျရင် ကျွန်မရဲ့ မျက်နှာကို အဲဒီယပ်တောင်နဲ့ ဖုံးထားရမယ်တဲ့လေ။ ဒါက... ရှေးရိုးရာဓလေ့တစ်ခု ဆိုပီးသူတို့က ပြောကြပေမဲ့ ကျွန်မကတော့ ဘာအဓိပ္ပာယ်မှမရှိဘူးလို့ ထင်တာပဲ။ ရှင်က... ကျွန်မ မျက်နှာကို မြင်ဖူးပြီးသားပဲဥစ္စာကို...။ အဲလိုတွေးမိလို့... ကျွန်မက မင်္ဂလာဆောင်ဖို့ မသင့်တော်တဲ့ သတို့သမီးမျိုး ဖြစ်သွားပြီလားလို့တောင် တွေးမိလိုက်သေးတယ်..."

ထူးဆန်းလှသည်။ ရှောင်ဂိုဏ်း၏ အင်အားကို ကြည့်လျှင် မင်္ဂလာပွဲကို စီစဉ်ခြင်းမှာ အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။ ရှောင်ကျန်းသာ စိတ်ကူးရှိမည်ဆိုပါက မင်္ဂလာပွဲကို တစ်ရက်အတွင်းပင် အဆင်သင့် ဖြစ်အောင် လုပ်နိုင်ပေသည်။ သို့သော်လည်း အရာအားလုံး အဆင်သင့် ဖြစ်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရမည်ဟု ဆိုနေကြသည်။

အရာအားလုံး ဤမျှ ကြာမြင့်နေခြင်းမှာ ဂိုဏ်းချုပ်ရှောင်ကျန်းကိုယ်တိုင်က ထိုသို့ အမိန့်ပေးထား၍သာ ဖြစ်ရပေမည်။ ထိုအချက်ကို လျူကျင်း သေချာပေါက် ယုံကြည်နေသည်။ အမှန်ဆိုရသော် မင်္ဂလာပွဲအတွက် ပြင်ဆင်ချိန် ကြာမြင့်လေလေ၊ ရှောင်ကျန်းအတွက် သူ့သမီးနှင့် အတူရှိနေနိုင်မည့် အချိန် ပိုများလေလေ ဖြစ်သည်။

“ဖေဖေလည်းပဲ...”

ရှောင်ရွှမ်းက ခဏမျှ ရပ်တန့်သွားပြီး သူမ၏မျက်နှာမှာ မဝေမဝါ ဖြစ်သွားသည်။

“အင်း ဖေဖေက ကျွန်မကို နတ်ဘုရား ရေခဲနန်းတော်မှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုပါ ကြိုပီး သင်ပြပေးနေတယ် ရှင်။”

“အော်...”

လျူကျင်းသည် တိုးတိုးလေးသာ ပြန်ဖြေလိုက်သည်။ သူ့ စိတ်ထဲတွင်မူ အံ့အားသင့်မှုများ နှင့်အတူ စိတ်မကောင်းဖြစ်သွားသည်။ရှောင်ကျန်းသည် သူ့သမီးကို ဤမျှအထိ သံယောဇဉ်တွယ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့ပြင် နတ်ဘုရား ရေခဲနန်းတော် အကြောင်း သင်ပြခြင်းမှာလည်း မကြာမီ သူမနှင့် ခွဲခွာရတော့မည်ကို သိရှိထား၍ ဖြစ်ပေလိမ့်မည်။ ဤအချက်သည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ပိုမိုရှုပ်ထွေးစေမည့်အပြင်၊ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် မသေချာမရေရာမှုများကိုပါ ထင်ဟပ်နေသကဲ့သို့ ရှိနေတော့သည်။

ထိုစကားကြောင့်ပင် လျူကျင်းတို့စကားဝိုင်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး နှစ်ဦးသားအပေါ် မမြင်နိုင်သော ဝန်ထုပ်ဝန်ပိုးတစ်ခု ဖိစီးလာသကဲ့သို့ ခံစားလိုက်ရသည်။ ရှောင်ရွှမ်း စိုးရိမ်ပူပန်နေခြင်းမှာ အဆန်းတော့ မဟုတ်ပေ။ မင်္ဂလာပွဲ ပြီးဆုံးသွားသည့်အခါ သူမ သိကျွမ်းထားသမျှ ကမ္ဘာငယ်လေးကို နောက်ကွယ်မှာ ထားခဲ့ကာ အဝေးသို့ ထွက်ခွာသွားရတော့မည် မဟုတ်ပါလော။

“ကျွန်တော် ပြောပြတဲ့ ဇာတ်လမ်းလေးတွေက မိန်းကလေးရှောင်ရွှမ်းကို ပျော်စေတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ရှောင်ရွှမ်း ကြားဖူးနားဝရှိခဲ့တဲ့ သူရဲကောင်းဇာတ်လမ်းတွေနဲ့တော့ ဘယ်လိုမှ မယှဉ်နိုင်မှာ သေချာပေမဲ့ သဘောကျတယ်ဆိုရင်ပဲ ရပါဘီဗျာ”

“လျူကျင်းရယ်... အဲဒီလိုမျိုး မပြောပါနဲ့တော့ရှင်။”

ရှောင်ရွှမ်းက တည်ကြည်နေသော မျက်နှာဖြင့် ဆိုသည်။

"ကျွန်မ ငယ်ငယ်လေးကတည်းက... သူရဲကောင်းဆန်တဲ့ ဇာတ်လမ်းကြီးတွေကို ကြားဖူးနားဝ ရှိခဲ့တာတော့ အမှန်ပါပဲ။ ဖေဖေက သူ့ငယ်ဘဝအကြောင်းတွေကို ပြောပြဖူးသလို ကိုကြီးရှောင်နန်ကလည်း အမြဲလိုလို ပြောပြတတ်ပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဘိုးဘေးတွေအကြောင်းကိုလည်း မိသားစုမှတ်တမ်းတွေမှာ အများကြီး ဖတ်ရှုခဲ့ရတာပါ။ ဘိုးဘိုးကြီးနဲ့ ‘မိုးကြိုးဓားခံတပ်’ တို့ကြားက ရန်ငြိုးအကြောင်းကိုဆိုရင် ဘယ်နှစ်ခေါက် ဖတ်မိထားလဲတောင် ရေတွက်လို့ မရတော့ဘူးရှင့် "

ထိုဇာတ်လမ်းများမှာ ဒဏ္ဍာရီစာအုပ်များထဲတွင် ဖော်ပြထားလောက်သည့် သွေးနှင့်ရင်းသော အကြောင်းအရာများ ဖြစ်ကြလိမ့်မည်။ လျူကျင်း သေချာပေါက် ခန့်မှန်းနိုင်သည်။

"ဒါပေမဲ့ အဲဒါက ပြဿနာပဲရှင်။ ကျွန်မက အဲဒီလို အကြောင်းအရာတွေကို ကြားရတာ အရမ်းကို အသားကျနေပြီ။ ရှင် ပြောပြတဲ့ အကြောင်းတွေမှာ တိုက်ပွဲ ကြီးတွေ၊ သွေးစွန်းတဲ့ ဇာတ်လမ်းတွေ မပါဝင်ပေမဲ့... ကျွန်မ တစ်ခါမှ မတွေ့ဖူးသေးတဲ့ သာမန်လူတွေရဲ့ ဘဝအကြောင်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ ၊ အဲဒါတွေကပဲ ပိုပြီး အသက်ဝင်နေသလိုပဲ ခံစားရတယ်…"

သူမ၏ မျက်ဝန်းထဲမှ ရိုးသားဖြူစင်မှုသည် လျူကျင်းအား စိတ်လှုပ်ရှားသွားစေသည်။ ရှောင်ရွှမ်းသည် သူမ၏ အကျဉ်းစံဘဝကို ကျေနပ်နေခြင်းမဟုတ်၊ အပြင်လောကရှိ သာမန်လူသားတို့၏ အရသာကို တောင့်တနေခြင်းသာ ဖြစ်သည်။

"ပြီးတော့ ကိုကြီးရှောင်နန်က ကျွန်မကို ပြောပြသေးတယ်။ ရှင်မှာ သူရဲကောင်းဆန်တဲ့ ဇာတ်လမ်းတွေ မရှိတာမဟုတ်ဘူးတဲ့။ လဆန်းမြို့ငယ် မှာ ရှင် လုပ်ခဲ့တာတွေကို သူ တဖွဖွချီးကျူးနေတာ ..”

လဆန်းမြို့ငယ်။

ထိုမြို့အမည်အား ရုတ်တရက် ကြားလိုက်ရချိန်တွင် လျူကျင်း၏ ရင်ထဲ၌ တစ်စုံတစ်ခု ဆတ်ခနဲ တုန်ခါသွားသလို ခံစားလိုက်ရပြီး၊ မျက်ဝန်းအစုံသည်လည်း အရောင်တစ်ချက် ဝင်းလက်သွားခဲ့သည်။ ထိုမြို့ငယ်လေးအကြောင်းကို သူမထံမှ ကြားသိလိုက်ရသည့်အခါ... အတိတ်မှ အမှတ်တရဟောင်းများသည် ရေပြင်ပေါ်က လှိုင်းလုံးများပမာ သူ့စိတ်ထဲသို့ တရိပ်ရိပ် ပြန်လည်စီးဝင်လာတော့သည်။

"သူရဲကောင်း ဆန်တဲ့ဇာတ်လမ်း ဟုတ်လား..."

လျူကျင်း ခါးသက်သက် ပြုံးလိုက်မိသည်။ သူ့မျက်ဝန်းတို့တွင် အတိတ်က အဖြစ်အပျက်များ ပြန်လည်လှိုင်းထန်လာပြီးနောက်—

"မဟုတ်ပါဘူး မိန်းကလေးရှောင်ရွှမ်းရယ် အဲဒီအဖြစ်အပျက်တွေကို ‘သူရဲကောင်းဇာတ်လမ်း’ လို့တော့ ခေါင်းစဥ်တပ်လို့မရပါဘူးဗျာ.."

သိုင်းလောက၏ ပုံပြင်များတွင် သူရဲကောင်းဟူသည် အမြဲတစေ ရဲရင့်ပြတ်သားပြီး ကောင်းကင်ဘုံကိုပင် တုန်လှုပ်စေနိုင်သည့် စွမ်းအားရှင်များသာ ဖြစ်ကြသည်။ သို့သော် လဆန်းမြို့ငယ်က လျူကျင်းမှာ ထိုသို့မဟုတ်ခဲ့။ သူသည် အားနည်းခဲ့ပြီး၊ သေခြင်းတရားကို ကြောက်ရွံ့ခဲ့သူသာ ဖြစ်သည်။ အဆုံးသတ်တွင် ကံကြမ္မာ၏ မထင်မှတ်ထားသော အလှည့်အပြောင်းတစ်ခုကသာ သူ့အသက်ကို ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်ထဲတွင် သူရဲကောင်းဆန်စရာ ဘာများရှိနေနိုင်ပါသနည်း။

ရှောင်ရွှမ်းသည် လျူကျင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို ရိပ်မိသွားပြီး ထပ်မံ၍ မမေးမြန်းတော့ပေ။ သူတို့နှစ်ဦးကြားတွင် အဆင်မပြေသော တိတ်ဆိတ်မှုမျိုး တစ်ဖန်ပြန်၍ ရောက်ရှိလာသည်။ လျူကျင်းသည် လေထုကို ပြန်လည်သက်ဝင်စေရန် စကားစမြည် ပြောဆိုလိုသော်လည်း မည်သို့စရမည်ကို မသိဘဲ ဖြစ်နေသည်။

ကံဆိုးစွာနှင့်ပင်၊ သူ့ရှေ့မှ သတို့သမီးလောင်းလေးက စကားကို အရင်စလိုက်သည်။

"စကားမစပ်... ရှင့်အနေနဲ့ ကိုယ်လုပ်တော် တစ်ယောက်၊ နှစ်ယောက် ယူချင်တယ်ဆိုရင်လည်း ကျွန်မ ဘာမှ မပြောပါဘူးနော်။"

လက်ဖက်ရည်သောက်နေသည့်အချိန်သာဆိုလျှင် လျူကျင်းတစ်ယောက် သောက်လက်စ လက်ဖက်ရည် များ အပြင်သို့ ပန်းထွက်သွားမိလိမ့်မည်။ ယခုအခါတွင်မူ သူ အသက်ရှူမှားပြီး မျက်နှာပင် နီရဲလာသည်အထိ ချောင်းဆိုးလိုက်ရတော့သည်။ ရှောင်ရွှမ်း၏ စကားမှာ မည်သည့်ကျင့်စဉ် သို့မဟုတ် လက်သီးချက်ထက်မဆို ပို၍ ပြင်းထန်ပြီး၊ လုံးဝ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အခြေအနေသို့ သူ့ကို တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားသည်။

“ဘယ်..ဘယ်လိုပြောလိုက်တာလဲဗျာ …”

ဤလောကတွင် ဇနီးမယား အများအပြား ယူခြင်းကို တားမြစ်သည့် ဥပဒေမျိုး မရှိသော်လည်း၊ တကယ်တမ်းတွင် လူအများစုမှာ တစ်ယောက်ထက်ပို၍ မယူနိုင်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ကိုယ်လုပ်တော် ထားရှိခြင်းဆိုသည်မှာ အာဏာနှင့် ငွေကြေးပြည့်စုံသည့် ဂိုဏ်းချုပ်ကြီးများ သို့မဟုတ် အကိုလျူ ကြီးများသာ ပြုလုပ်နိုင်သည့်အရာ ဖြစ်သည်။

သို့သော်လည်း ရှောင်ရွှမ်းက ထိုကိစ္စကို ဤမျှ ပေါ့ပေါ့ပါးပါး၊ ဤမျှ လွယ်လွယ်ကူကူ ပြောဆိုလာလိမ့်မည်ဟု လျူကျင်း လုံးဝ ထင်မထားခဲ့ပေ။

“ဒါက သမရိုးကျကိစ္စပဲမလား လျူကျင်းရဲ့…”

ရှောင်ရွှမ်းသည် သူ့စကားမှာ မည်မျှအထိ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းနေသည်ကို မသိရှာဘဲ ပုခုံးလေးတွန့်ကာ ပြောလိုက်သည်။

“ကျွန်မတို့က လင်မယားဝတ္တရားတွေကို ထမ်းဆောင်နိုင်လောက်တဲ့အထိ အတူတူ နေခွင့်ရမှာ မဟုတ်လေ..၊ ကံမကောင်းစွာနဲ့ပဲ... နှစ်ယောက်လုံးကလဲ ခုမှ ခလေးအရွယ်ပဲရှိသေးတော့ အဲဒီလိုမျိုး ကိစ္စတွေအတွက် အခုထိ အရွယ်မရောက်သေးဘူးလေ။”

လျူကျင်းသည် နောက်တစ်ကြိမ် အသက်ရှူမှားကာ လေပြွန်ပိတ်မသွားစေရန်အတွက် မိမိကိုယ်မိမိ ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ရသည်။ ဤမျှ ထိန်းထားနိုင်ခြင်းသည်ပင်လျှင် သူ့အတွက် အောင်ပွဲတစ်ခုဟု သတ်မှတ်ရမလို ဖြစ်နေတော့သည်။

“အဲဒီတော့... ရှင်အနေနဲ့ အရွယ်ရောက်လာလို့ ဆန္ဒတွေကို ဖြည့်ဆည်းဖို့ လိုအပ်လာတဲ့အချိန်...”

ရှောင်ရွှမ်း၏ အပြုံးသည် အပြစ်ကင်းစင်ကာ ရိုးသားလွန်းလှသော်လည်း လျူကျင်း၏ မျက်နှာမှာမူ ခရမ်းရောင်သန်းသွားသည့်အထိ ရှက်သွေးဖြာကာ နီရဲလာခဲ့သည်။

“ကျွန်မက ရှင့်ဘေးရှိနေပေးနိုင်မှာ မသေချာဘူးလေ..၊ ကိုယ့်ခင်ပွန်းကို လွတ်လပ်ခွင့်မပေးပဲ... ဘုရားတရားနဲ့ပဲ အေးအေးဆေးဆေး နေခိုင်းလောက်အောင်အထိ ကျွန်မက ရက်စက်တဲ့ ဇနီးသည်မျိုး မဟုတ်ပါဘူး။ ဒါကြောင့် အချိန်တန်လာတဲ့အခါ ရှင်အနေနဲ့ ကိုယ်လုပ်တော် တစ်ယောက်၊ နှစ်ယောက် ယူချင်တယ်ဆိုရင်လည်း ရပါတယ်..."

“ဒါ... ဒါက...”

လျူကျင်းမှာ စကားလုံးတို့သည် လည်ချောင်းဝတွင် တစ်ဆို့နေပြီး မည်သို့ပြန်လည် တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။

“မိန်းကလေး ရှောင်ရွှမ်းက... ဒီကိစ္စ တွေထိ စဥ်းစားထားတာလားဗျာ ..”

“အို..ဒါ ပုံမှန်ပဲမဟုတ်ဘူးလားရှင်…” ဟု ရှောင်ရွှမ်းက တည်ငြိမ်စွာပင် ပြန်ဖြေသည်။

“ဖေဖေနဲ့ ကိုကြီးရှောင်နန်တို့ကတော့ ယောကျာ်းဆိုတာမျိုးက မိန်းမအများကြီး ထားတာ သဘာဝပဲလို့ အမြဲပြောတယ် ၊ ဒါပေမယ် အကိုရှောင်ဖန်းကတော့ အဲ့အယူအဆကိုသိပ်ကြိုက်ပုံမပေါ်ဘူး ..၊ သူ က သစ္စာဖောက်တဲ့လုပ်ရပ်မျိုးက မကောင်းဘူးပြောတယ်..၊ အဟက် ..သူကတော့ ရှင် ကျွန်မကို သစ္စာဖောက်လိမ့်မယ်လို့ ထင်နေပုံရတယ်။ တကယ်တမ်း ကျွန်မကိုယ်တိုင် ခွင့်ပြုထားတာဆိုရင် သစ္စာဖောက်တယ်လို့ မခေါ်ဘူးလေနော်။ ဒီလိုကိစ္စမျိုးတွေကျ သူက ကလေးဆန်လွန်းတယ်မလား။”

စင်စစ်မူ ဤအချက်တွင် ရှောင်ဖန်းခံယူချက်သည် မဆိုးလှဟု သူသဘောတူချင်ချင်ပင် ဖြစ်သွားသည် ။ လျူကျင်းသည် ရှောင်ရွှမ်း၏စကားများကိုနားထောင်ရင်း ဦးနှောက် တစ်ခုလုံး ရှုပ်ထွေးသွားရသည်။

“ကျွန်... ကျွန်တော် မှတ်ထားပါ့မယ်... မိန်းကလေးရှောင်ရွှမ်း။”

စင်စစ်မူ သူ ဘာများ ထပ်ပြောနိုင်ပါအံ့နည်း ။ ရှောင်ရွှမ်းသည် သူမ စိတ်ကူအောင်မြင်သွားသည့်နှယ် စိတ်ကျေနပ်စွာဖြင့် တောက်ပစွာ ပြုံးလိုက်လေသည်။

“ဟုတ်ကဲ့ လျူကျင်း၊ ကျွန်မ ပြောသလိုပဲ လုပ်လိုက်ပါနော် …”

ထိုနေ့ မှောင်ရီပျိုးစတွင် လျူကျင်းတစ်ယောက် ပင်မအိမ်တော်ကြီးမှ နှုတ်ဆက်ကာ ပြန်လာသည်။ ရှောင်ရွှမ်းနှင့် စကားအတော်လေးပြောလိုက်ရသဖြင့် သူ မောပန်းနွမ်းနယ်နေမိသည်။ သူတို့နှစ်ဦး စကားစမြည်ပြောရသည်မှာ အပြင်ပန်းအားဖြင့် အေးအေးလူလူ ရှိလှသော်လည်း၊ သူမ၏ အတွေးအခေါ်အချို့တွင် သူ လုံးဝမျှော်လင့်မထားသည့် ကွာဟချက်များ ရှိနေသဖြင့် သူ့ကို အမြဲတမ်း ထိတ်လန့်အံ့အားသင့်သွားစေသည်။

သူမအရွယ် မိန်းကလေးတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အကြောင်းအရာများကို ဤမျှ ရိုးရိုးစင်းစင်းနှင့် ပေါ့ပေါ့ပါးပါး ပြောနိုင်စရာ အကြောင်းမရှိပေ။ အဆင့်မြင့်ကျင့်ကြံသူများကြားထဲတွင်သာ ကြီးပြင်းလာရခြင်းက ဤသို့သော ထူးဆန်းသည့် အတွေးအခေါ်များကို ဖြစ်ပေါ်စေသည်လား သူတွေးနေမိသည်။

သေချာ ပြန်တွေးကြည့်လျှင် အကိုကြီးရှောင်နန်သည်လည်း ယခင်က သူ့အား မိန်းမ အများကြီးယူသည့်ကိစ္စ များနှင့် ပတ်သက်၍ ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ဖူးသည်။ တွေးမိလေလေ ကြောက်လန့်မိလေလေ ဖြစ်သည်။သူကြည့်မရသည့် ရှောင်ဖန်းတစ်ယောက်သာ ဤကိစ္စများနှင့်ပတ်သက်၍ သူမတို့မိသားစုတွင် ပုံမှန် တွေးသောသူ ဖြစ်နေနိုင်ပေသည်။

“အော် မင်းက ဒီမှာ ရှိနေတာကိုး။”

အတွေးပင် မဆုံးသေး၊ ရှောင်ဖန်း၏ ခပ်မာမာအသံက အနီးအနားမှ ထွက်ပေါ်လာသည်။ လျူကျင်း အိမ်ပြန် ရန် အိမ်တော်ဝင်းတံခါးမသို့ လျှောက်နေရာမှ အသံကြားရာဘက်သိုလှည့်ကြည့်လိုက်သည်။ သူ့အားလိုက်ပို့မည့် အိမ်စေ မှာလည်း ထိုအသံကြောင့် လန့်ဖျန့်သွားပြီး ခြေလှမ်းများ ရပ်တန့်သွား၏။

“သခင်လေး...” လျူကျင်းက အေးဆေးစွာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ရှောင်ဖန်း၏ မျက်မှောင်ကြုတ်ထားသော မျက်နှာကို သူက တည်ငြိမ်သည့်အမူအရာဖြင့် တုံ့ပြန်လိုက်ရင်း.. “ဘာများ အရေးကြီးကိစ္စ ရှိလို့ပါလဲ သခင်လေး” ဟုမေးလိုက်သည်။

ရှောင်ဖန်းက ပြန်မဖြေဘဲ အနားရှိ အိမ်စေကိုသာ မျက်စောင်းခဲရင်း ကြည့်လိုက်သည်။

“ထွက်သွားစမ်း။”

ခဏတာအတွင်း ထိုအိမ်စေ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူသည် လူငယ်နှစ်ဦးကြားတွင် ဒွိဟဖြစ်ကာ တွေဝေနေသည်။

ထွက်သွားလျှင်လည်း ဂိုဏ်းအကြီးအကဲများ အမျက်သင့်မည်စိုးရသည်။

ဆက်နေလျှင်လည်း သခင်လေးရှောင်ဖန်းက ကိုက်စားမတတ် ကြည့်နေပြန်သည်။ အဆုံးသတ်တွင်တော့ နီးရာ ဓားကိုသာ ပိုကြောက်ရမည်ဖြစ်သည်။ အိမ်စေ တစ်ယောက်အနေဖြင့် သခင်လေးရှောင်ဖန်းကို လွန်ဆန်ကာ လျူကျင်းကို အိမ်လိုက်ပို့ရန်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

ထို့ကြောင့် လျူကျင်းအား တောင်းပန်သည့် အကြည့်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ သုတ်ခြေတင် ပြေးလေသည်။

နောက်ဆုံးတွင် ရှောင်ဖန်းနှင့် လျူကျင်းတို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။

“ငါ မင်းနဲ့ စကားပြောချင်နေတာ ကြာပြီကွ..”

ရှောင်ဖန်းက အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။ သူက လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားကာ လျူကျင်းကို အပေါ်စီးမှ စူးစိုက်ကြည့်နေ၏။

“သခင်လေးက ကျွန်တော် ဘယ်မှာနေလဲဆိုတာ သိသလို၊ ဒီအချိန်ဆိုရင် ကျွန်တော်က မိန်းကလေးရှောင်ရွှမ်းဆီ လာတွေ့တတ်တယ်ဆိုတာလည်း သိပြီးသားပဲဥစ္စာ။ သခင်လေးသာ ကျွန်တော်နဲ့ တကယ် စကားပြောချင်တယ်ဆိုရင် ဘာလို့ ဒီလောက်ကြာအောင် စောင့်နေခဲ့တာလဲဆိုတာကိုတော့ ကျွန်တော် ဘယ်လိုမှ စဉ်းစားမရဘူး။”

လျူကျင်း၏ လေသံမှာ တည်ငြိမ်လွန်းသဖြင့် ရှောင်ဖန်း၏ အထက်စီးဆန်သော အရှိန်အဝါမှာ အားမပါတော့ဘဲ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားတော့သည်။

ရှောင်ဖန်း၏ မျက်ဝန်းများမှာ အငြိုးအတေးတို့ဖြင့် တောက်လောင်လာသည်။

“အော….မင်းက ကြီးကျယ်ခမ်းနားတဲ့ ရှောင်မိသားစုထဲကို သားမက်အဖြစ် ဝင်ခွင့် ရတာကို သဘောကျနေတာ မဟုတ်လား လျူကျင်း..”

ရှောင်ဖန်း၏ စူးရှသော အကြည့်ကို လျူကျင်းက တည်ငြိမ်စွာပင် ပြန်ကြည့်လိုက်သည်။ သူ့လေသံမှာ အေးစက်စက်နှင့် တည်ငြိမ်နေဆဲပင်ဖြစ်သည်။

“သခင်လေး ရှောင်ဖန်း သိရက်နဲ့မေးနေပြန်ပါဘီ... ဒီမင်္ဂလာပွဲက ကျွန်တော့်အလိုဆန္ဒအရ ဖြစ်လာတာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း ကျွန်တော့်ကို လက်ထပ်လိုက်တဲ့အတွက် သခင်လေးရဲ့ ညီမ အတွက် ဘယ်လောက်အထိ အကျိုးရှိသွားလဲဆိုတာကို သခင်လေး တွက်ကြည့်သင့်တယ် မဟုတ်လား။”

“ဟိတ်‌ကောင် စကားကိုကြည့်ပြောကွ …ငါ့ညီမက မင်းလို ကောင်မျိုးနဲ့တော့ လုံးဝ မတန်းဘူးကွ ”

ရှောင်ဖန်းက ဒေါသတကြီး တရှူးရှူးတရှဲရှဲ ဖြစ်ကာ လျူကျင်းဆီသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။ သူ့ကိုယ်မှ ဖိအားပေးနိုင်သော ချီ စွမ်းအင်များမှာ ရုတ်တရက် လှိုင်းထန်စွာ မြင့်တက်လာသဖြင့် လျူကျင်းတစ်ယောက် သတိကို အပြည့်အဝ ကပ်ထားလိုက်ရ၏။

“ငါ့ညီမလေး ရဲ့ ခင်ပွန်းဆိုရင် သူရဲကောင်းတစ်ဦး ဖြစ်သင့်တယ်၊ မင်းလို အပြင်ဂိုဏ်းတပည့် အဆင့်လောက်နဲ့တော့ မတန်ဘူး..၊ မင်းကို သူနဲ့ ပေးစားလိုက်တာက ဝက်ရှေ့မှာ ပုလဲချလိုက်သလိုမျိုးပဲ။ ပီးတော့ ဒီလောက်အထိ ဂိုဏ်းထဲမှာ အခွင့်အရေးတွေ ရထားတာတောင် မင်းလိုကောင်က အခုထိ ‘အတွင်းအားစုစည်းခြင်းအဆင့် မှာပဲ ရုန်းကန်နေရတုန်း…၊ အံ့ဩပါ့ကွာ”

“အော်...”

လျူကျင်း၏ မျက်လုံးများမှာ တစ်ချက် အရောင်လက်သွားသည်။ သူ ရှောင်ဖန်း၏ တွေးထင်ချက် အားလုံးကို နားလည်သွားပြီ ဖြစ်သည်။

တနည်းအားဖြင့် ရှောင်ဖန်း၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို လျူကျင်း ဖမ်းမိလိုက်သည်။ ‘ဧကရာဇ် အဆင့်ရှိသူတစ်ဦးက ကျောထောက်နောက်ခံ ပေးထားလျက်နှင့် အဘယ်ကြောင့် အတွင်းအားစုစည်းခြင်း အဆင့် တွင် တစ် ဆို့ဆို့ ဖြစ်နေရသနည်း ဆိုသည့် စကားမျိုးဖြစ်သည်။

ရှောင်ဖန်းသည် သူ့အခြေအနေကို သေချာမသိသောကြောင့် ဤအချက်မှာ သူ့စိတ်ထဲတွင်ခိုးလိုးခိုးလု ဖြစ်နေသည်မှာ နားလည်စရာပင်ဖြစ်သည်။ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းဖြစ်စေ၊ အကိုကြီးရှောင်နန်ဖြစ်စေ သူကျင့်ကြံဆင့် ရပ် တန့် နေရသည့် လျှို့ဝှက်ချက်ကို ရှောင်ဖန်းအား ပြောပြမထားခြင်း ဖြစ်ပေလိမ့်မည်။

သို့ဖြစ်လေရာ ရှောင်ဖန်း၏ အမြင်တွင်မူ လျူကျင်းသည် သူ့ညီမနှင့်မတန်မရာကောင် သဖွယ်ဖြစ်နေလိမ့်မည်။

လျူကျင်းအနေဖြင့် သူ့ လျှို့ဝှက်ချက်ဖြစ်သည့် 'ကိုးခေါင်းမြွေနတ်ဘုရား' အကြောင်းကို ဤနေရာ၊ ဤအချိန်တွင် လျှာရှည်ပြီး ရှင်းပြရန် လုံးဝ အစီအစဉ်မရှိပေ။

ထို့ထက်ပို၍ အရေးကြီးသည်မှာ လျူကျင်းအနေဖြင့် သူ့အကြောင်းအား လူတကာကို လျှောက်ရှင်းပြနေရမည့် အခြေအနေမျိုးကို အလွန်မုန်းတီးခြင်းပင် ဖြစ်သည်။ သည်တစ်ခါတော့ သူ လုံးဝ အလျှော့ပေး သည်းမခံသင့်တော့ဟု ဆုံးဖြတ်လိုက်သည်။

“သခင်လေး... ကျွန်တော့်ရဲ့ အဆင့်အတန်းနဲ့ အရည်အချင်းတွေက ဘယ်လိုပဲဖြစ်နေပါစေ၊ ဒီမင်္ဂလာပွဲက ကျွန်တော်စီစဥ်တာ မဟုတ်ဖူးလေ ..၊ သခင်လေးရဲ့ ဒေါသတွေကို ကျွန်တော့်အပေါ်ပဲ ပုံချချင်ရင် ပုံချလိုက်ပါ၊ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်လုံး ဒီအခြေအနေကို ပြောင်းလဲနိုင်တဲ့ အနေအထားမှာ မရှိတာတော့ အမှန်ပဲ။”

ရှောင်ဖန်း၏ မျက်လုံးများမှာ မီးတောက်များပမာ အမျက်ဒေါသတို့ တောက်လောင်သွားသည်။

“အေး ..ငါကတော့ အဲဒီလို မထင်ဘူး။”

လျူကျင်း မျက်ခုံးတစ်ဖက်ကို အသာပင့်လိုက်မိသည်။

“မင်္ဂလာပွဲကတော့လုပ်ရမှာပေါ့ ..၊ ဒီလောက်လူသိရှင်ကြားဖြစ်နေဘီပဲဟာ…အဲဒါကတော့ ထားလိုက်တော့ ”

ရှောင်ဖန်းက ထိုစကားကို ပြောလိုက်ရသည့်အတွက် ဒေါသတကြီးဖြင့် စိတ်မရှည်စွာ ဆက်ပြောလိုက်သည်။

“အေး ဒါပေမဲ့ မင်္ဂလာပွဲပြီးရင် မင်းတို့ တကယ်ပတ်သက်ရပါမယ် ဘယ်သူက ပြောလဲ။ လက်ထပ်ပြီးရင် ငါ့ညီမလဲ ဟိုကိုထွက်သွားမှာပဲ..၊အဲ့အချိန် မင်းဘက်ကနေ ဒီလက်ထပ်တာကို တိတ်တိတ်လေးဖျက်သိမ်းလိုက်ပေါ့ကွ…။ အဲဒါဆို ဘယ်သူမှ မျက်နှာပျက်စရာမလိုတော့ဘူး..၊.မဟုတ်ဘူးလား အကြီးအကဲဟွီ။”

“ဟိုလေ... အင်း၊ ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ အကြံပြုချက်ပဲ သခင်လေး”

အကြီးအကဲဟွီ ဘယ်အချိန်က ရောက်လာမှန်း လျူကျင်း လုံးဝ မသိလိုက်ပေ။ သူတို့နှစ်ယောက်ကြားတွင် ရုတ်တရက် ပေါ်ပေါက်လာသည်ကိုသာ သတိပြုမိလိုက်တော့သည်။ ထိုအဖိုးအိုက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း မျက်လုံးများကို မှေးကာ စဉ်းစားဟန်ပြုလိုက်ပြီး..

“ဟုတ်တာပေါ့။ မိန်းကလေးရှောင်ရွှမ်းက နတ်ဘုရား ရေခဲနန်းတော်ကို မသွားခင်မှာ လက်ထပ်ထားပြီးသား ဖြစ်နေဖို့ကပဲ အဓိကပဲလေ။ သူ ထွက်သွားပြီးတဲ့နောက်ကျမှ လက်ထပ်ပွဲကို လျှို့ဝှက်စွာ ဖျက်သိမ်းလိုက်မယ်ဆိုရင် သူတို့ဘက်က ဘယ်လိုနည်းနဲ့မှ သိနိုင်မှာ မဟုတ်ဘူး။”

ရှောင်ဖန်းက အောင်နိုင်သူအပြုံးဖြင့် လျူကျင်းကို စူးစိုက်ကြည့်နေသည်။ လျူကျင်းကမူ ဤကဲ့သို့ ကလေးကလား အကြောင်းပြချက်ကိုသာ ဂိုဏ်းချုပ် ရှောင်ကျန်း ကြားသွားလျှင် မည်မျှအထိ ဒေါသထွက်လိုက်မလဲဟုသာ အတွေးနယ်ချဲ့နေမိသည်။

“မင်း ကြားတယ်မဟုတ်လား။ မင်းကိုယ်မင်း ငါ့ညီမနဲ့ မတန်တာတော့ သိတယ်မလား.. သူ ထွက်သွားပြီးတာနဲ့ မင်း ကွာရှင်းလိုက်တော့…”

ထိုစကားအတွက် တိုတောင်းပြီး ပြတ်သားသော လျူကျင်း၏ တုံပြန်သံ ထွက်လာသည်။

“မကွာရှင်းဘူး ”

“ဘာ ပြော တယ်...”

ရှောင်ဖန်း၏ အသံမှာ အံ့ဩတုန်လှုပ်ခြင်းနှင့် အမျက်ဒေါသတို့ ပေါင်းစပ်လျက် ဟိန်းထွက်သွားတော့သည်။

“မကွာရှင်းဘူးလို့ပြောတာဗျ” လျူကျင်း၏ လေသံမှာ ကျောက်စာတိုင်ပမာ ခိုင်မာပြတ်သားလှသည်။

“သခင်လေး လုပ်ခိုင်းတိုင်းကျွန်တော် လုပ်ကိုလုပ်ရမယ်လို့ မမြင်မိပါဘူး။ ဒါပေမဲ့ စိတ်ချပါ သခင်လေးကို လေးစားတဲ့အနေနဲ့ ဒီနေ့အကြောင်းကို ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူး။”

အကယ်၍သာ သူတို့ လက်ထပ်ပြီးသည်နှင့် လျှို့ဝှက် ကွာရှင်းလိုက်မည်ဆိုပါက ထိုအပြုအမူမှာ ဂိုဏ်းချုပ်ရှောင်ကျန်း၏ မျက်နှာကို လက်ဝါးနှင့် ဖြတ်ရိုက်လိုက်သကဲ့သို့ ဂုဏ်သိက္ခာကို အကြီးအကျယ် စော်ကားရာ ရောက်ပေလိမ့်မည်။ လျူကျင်း ထိုမျှအထိတော့ မမိုက်မဲပေ။

“မင်းက ငါ့ကို ပြန်ခံငြင်းရဲတာပေါ့လေ ဟုတ်လား”

ရှောင်ဖန်း၏ မျက်နှာမှာ အထိန်းရခက်သော ဒေါသကြောင့် ခရမ်းရောင်ပင် သန်းလာသည်။

“ငါ့သိုင်းကွက်သုံးကွက် လောက်ကိုတောင် ခံနိုင်ရည်မရှိတဲ့ ကောင်က ငါ့ညီမနဲ့ ထိုက်တန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား။”

“တကယ်လို့ ... ကျွန်တော်သာ ခံနိုင်ရည်ရှိရင်ရော ဘယ်လိုလုပ်မလဲ။”

လျူကျင်းသည် ရှေ့နောက် အများကြီး မတွေးတောဘဲ ခံစားချက်အလျောက် လွှတ်ခနဲ ပြောလိုက်မိခြင်းဖြစ်သည်။ သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် သူ့ခေါင်းထဲ ပုံဖော်လာသော ထိုအတွေးမှာ မဆိုးလှပေ။

“ဘာ..ဘာပြောတယ်...” ရှောင်ဖန်းမှာ နားထဲ မယုံနိုင်စရာ စကားကြောင့် မျက်လုံးအစုံ ပြူးသွားသည်။

“ကျွန်တော်သာ သခင်လေးရဲ့ တိုက်ကွက်သုံးကွက်ကို တောင့်ခံနိုင်ခဲ့ရင်ရော... ၊အဲဒီအခါကျရင် ဘယ်လိုဆုံးဖြတ်မလဲလို့ မေးတာပါ။”

ရှောင်ဖန်းက အထာမနပ်သည့်နှယ် လှောင်ပြုံးတစ်ခု ပြုံးလိုက်သည်။

“ဟားဟား... ဒါက နောက်ပြောင်ဖို့တောင် လွန်လွန်းနေပြီ။ မင်းကို လက်တွေ့အရှိတရားနဲ့ အခုချက်ချင်း သင်ခန်းစာပေးရမလား။ မင်းရဲ့ အရိုးတွေ အမှုန့်ဖြစ်သွားအောင် ငါ လုပ်ပြမယ် ..စောင့်ကြည့်လိုက်စမ်း။”

“သခင်လေး...” လျူကျင်းက အေးဆေးစွာ ဖြတ်ပြောလိုက်သည်။

“သခင်လေးက ကျွန်တော့်ဆီ လာပြောဖို့ တစ်လနီးပါးလောက် စောင့်ခဲ့တာပါ။ မင်္ဂလာပွဲပြင်ဆင်မှုတွေ ပြီးတဲ့အထိ စောင့်ဖို့၊ ပြီးတော့ ကျွန်တော်က မိန်းကလေးရှောင်ရွှမ်းနဲ့ တစ်လလောက် အတူရှိနေတာကို သည်းခံဖို့လည်း အဆင်သင့် ဖြစ်နေတာပဲ။ ဒါဆို စုစုပေါင်း သုံးလတောင် ရှိသွားပြီလေ။ ဒါကြောင့် နောက်ထပ် သုံးလလောက် ထပ်စောင့်ပေးဖို့ ကျွန်တော် တောင်းဆိုရင် သခင်လေးရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားမလား။”

အကြီးအကဲဟွီက တစ်ခုခု ပြောတော့မည့်ပုံ ပေါ်သော်လည်း ရှောင်ဖန်းက သူ့ထက်ဦးအောင် စကားကို ဖြတ်ပြောလိုက်သည်။

“ရတယ်လေ..၊ အဲဒီလောက်လေး စောင့်ရတာကတော့ ငါ သည်းခံပေးနိူင်ပါသေးတယ် ”

မှန်ပေသည် ။ ရှောင်ဖန်း သည်းမခံနိူင်စရာ အကြောင်းမရှိပေ။ လျူကျင်းတစ်ယောက် အရွဲ့တိုက်ကာမျက်လုံးအပေါ်လှန်မိတော့မည့် အပြုအမူကို အနိုင်နိုင် ထိန်းထားလိုက်ရသည်။

လက်ရှိ သူတို့ရောက်နေသော နေရာ နှင့် ကျင့်ကြံခြင်း အဆင့်အတန်းအရ ရှောင်ဖန်းအနေဖြင့် လျူကျင်းကို စိတ်တိုင်းကျ ရိုက်နှက်ခွင့် မရှိပေ။ ရှောင်ဖန်း၏ ကျင့်ကြံခြင်းအဆင့်က လျူကျင်းထက် အဆမတန် သန်မာလွန်းလှသည်။ ထိုသို့သောသူက လျူကျင်းကို အတင်းအကျပ် တိုက်ခိုက်ခိုင်းမည်ဆိုပါက လူအများက တမင် ဗိုလ်ကျ အနိုင်ကျင့်မှုအဖြစ်သာ မြင်ကြလိမ့်မည်။ လျူကျင်းအနေဖြင့် ရှောင်မိသားစုနှင့် မပတ်သက်ပါက တစ်မျိုးဖြစ်နိုင်သော်လည်း ယခုအခါတွင် သူသည် ရှောင်ဖန်း၏ ဖခင်ကိုယ်တိုင် အသိအမှတ်ပြုထားသော၊ မိန်းကလေးရှောင်ရွှမ်း၏ စေ့စပ်ထားသူ ဖြစ်နေသည်။ သူတို့နှစ်ဦးကြားမှ တိုက်ခိုက်မှုသည် မိသားစုအတွင်းသာမက ဂိုဏ်းအတွင်း အကြီးအကျယ် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည်။

သို့သော်လည်း လျူကျင်းကိုယ်တိုင်က တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်မည်ဆိုပါကမူ အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် ၎င်းသည် အားနည်းသော ကျင့်ကြံသူတစ်ယောက်က မိမိထက် ဝါရင့်အဆင့်မြင့်မားသော ကျင့်ကြံသူတစ်ဦးထံမှ ပညာသင်ယူရင်း လမ်းညွှန်ချက် တောင်းခံသည့် ကိစ္စမျှသာ ဖြစ်သွားမည် မဟုတ်ပါလော။

တစ်နည်းအားဖြင့် ဤကမ်းလှမ်းချက်သည် ရှောင်ဖန်းအတွက် မည်သည့်အပြစ်တင်စကားမျှ မကြားရဘဲ လျူကျင်းကို စိတ်ကြိုက် ပညာပေးနိုင်မည့် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။ ရှောင်ဖန်းအနေဖြင့် လျူကျင်းကို အကြောင်းမဲ့ ရိုက်နှက်ပါက ဂိုဏ်းအတွင်း အသရေပျက်နိုင်သော်လည်း၊ အပြန်အလှန် စိန်ခေါ်မှုတစ်ခုအဖြစ် ပြောင်းလဲလိုက်ပါကမူ ၎င်းသည် ပညာရှင်အချင်းချင်း လမ်းညွှန်ပေးသည့် ပုံစံမျိုး သက်ရောက်သွားပေလိမ့်မည်။

လျူကျင်းက အနည်းငယ် တွန့်ဆုတ်ဟန်ပြုရင်း ဆက်ပြောလိုက်၏။

“ဒါဆိုရင် နေဦး ..၊ ကျွန်တော် စိတ်ပိုင်းဆိုင်ရာ အပြည့်အဝ ပြင်ဆင်ဖို့အတွက် အချိန်တခု သတ်မှတ်လိုက်မယ် ..၊ ဒီလောက်တော့ နားလည်ပေးနိုင်တယ်မလား ..”

“ပြောစမ်းပါ ..ရတယ်လေ..၊ အဲဒါလောက်တော့ နားလည်ပေးလိုက်မယ် ..ပြောစမ်း မင်းကိုအမှုန့်ကြိတ်ဖို့ဘယ်လောက်စောင့်ပေးရမလဲ ..”

ရှောင်ဖန်းက စူးစူးရဲရဲကြည့်ရင်း မေးသည် ။ သူ့မျက်လုံးများထဲတွင်တော့ လျူကျင်းကို ချက်ချင်းပင် အမှုန့်ချေပစ် ချင်သည့် အရိပ်အယောင်များ လွှမ်းခြုံနေသည်။

“တစ်နှစ် လောက်ဆို ရမလားပဲ …၊ ဒါဆိုရင် သခင်လေးက တစ်နှစ်လောက် စောင့်ပေး မယ်လို့ သတ်မှတ်လိုက်ပီနော် …၊အင်း နေဦး…. နောက်ထပ် ခြောက်လလောက် ဆိုရင် ပိုကောင်းမလားမသိဘူး ..၊ ဟုတ်တယ် နောက်၆ လထပ် စောင့်ပေးဖို့ တောင်းဆိုရင်ကော... လွန်ရာကျသွားမလား..”

လျူကျင်း၏ အသံမှာ အလွန်တရာ ယဉ်ကျေးသိမ်မွေ့နေသော်လည်း ထိုစကားသည် ရှောင်ဖန်း၏ သည်းခံနိုင်စွမ်းကို ဖြည်းညင်းစွာ ဆွဲဆန့်နေခြင်းပင် ဖြစ်သည်။

“တစ်နှစ်နဲ့ ခြောက်လဆိုရင်..အင်း..၊ဘယ်လိုလဲ သခင်လေး.”

ရှောင်ဖန်းသည် ဒေါသကြီးနေသောကျောက်ရုပ်ကဲ့သို့ မျက်နှာဖြင့် ခေတ္တမျှ စဉ်းစားလိုက်သည်။ သူ့စိတ်ထဲတွင် လျူကျင်းကို ဤမျှကြာကြာ အသက်ရှင်ခွင့်ပေးထားရခြင်းမှာ စိတ်ပျက်စရာ ကောင်းလှသော်လည်း၊ အချိန်တန်ပါက အပြတ်ရှင်းပစ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

“အေး ဟုတ်ပီ ၊ အဲဒီထက်ပိုပြီးတော့ မရဘူး။ အဲဒီထက် ပိုတောင်းဆိုရင်တော့ မင်း ကိုချက်ချင်း သတ်မယ်”

ထိုအခိုက်တွင် အောင်ပွဲခံလိုက်ရသကဲ့သို့ ခံစားချက်မျိုး လျူကျင်း၏ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်။ သူလုပ်နေသည့် ကိစ္စမှာ ကိုယ့်သေတွင်းကိုယ်တူး သကဲ့သို့ ဖြစ်နေ သည်ကိုလည်းကောင်း၊ သူတောင်းဆိုနေသည်မှာလည်း အချိန်ဆွဲခြင်း သက်သက်သာ ဖြစ်သည်ကိုလည်းကောင်း သူသိသည်။ သို့သော်လည်း သူနောက်ဆုတ်ရန် စိတ်ကူး လုံးဝမရှိပေ။ လျူကျင်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း..

“ဒါဆိုရင်တော့... အချိန်တန်တဲ့အခါ သခင်လေး စိတ်ပျက်မသွားအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားရတော့မှာပေါ့လေ..။”

All Chapters