← Chapters

အခန်း ၃၉

Vol. 5 Ch. 39

အခန်း ၃၉

Vol. 5 Ch. 39

အခန်း ၃၉ ။ ကျွန်တော်တို့ ကျွန်မတို့သည် ..

မင်္ဂလာပွဲ နေ့ထူးနေ့မြတ်သို့ရောက်ပြီဖြစ်သည်။ ထိုပွဲအတွက် ရက်ရှည်လများ စီစဉ်ပြင်ဆင်ခဲ့ကြရာမှ နောက်ဆုံးတွင် ပွဲကြီးနေ့သို့ ရောက်ရှိလာလေပြီ။

“ဒါက ရီစရာကြီး ပါဗျာ ”

လျူကျင်း၏ စကားတွင် အကြောင်းပြချက် မရှိသည်မဟုတ်။ မင်္ဂလာပွဲစတင်ရန် အချိန်အနည်းငယ်သာ လိုတော့သော်လည်း သူသည် သူ့ဇနီးလောင်းနှင့်အတူ ရှိမနေပေ။ ပင်မအိမ်တော်ကြီးအတွင်းမှာပင် ရှိမနေပါချေ။ ထိုအစား သူသည်...

“ဟာ... ညီလေးရာ။ စိတ်ရှည်ရှည်ထားစမ်းကွာ ဒါက ရိုးရာဓလေ့တစ်ခုပဲဟာကို။”

လျူကျင်းသည် ခေါင်မိုးပြားများကို လက်ဖြင့် ဆုပ်ကိုင်ကာ အားကုန်သုံး၍ အပေါ်သို့ တစ်ဆင့်ပြီးတစ်ဆင့် တက်နေရင်း ရှောင်နန်ကို စူးစိုက်ကြည့်လိုက်သည်။ သူသည် ပင်မအိမ်တော်ကြီး၏ စတုတ္ထထပ်အထိ တက်လာခဲ့ပြီးပြီ ဖြစ်သော်လည်း ပန်းတိုင်သို့ ရောက်ရန်မှာ ဝေးကွာနေဆဲပင် ဖြစ်သည်။ ထိုအချိန်တွင် ရှောင်နန်မှာမူ ပင်မအိမ်တော်ကြီး၏ ဧရာမအဆောက်အအုံပေါ်ကို မျောက်တကောင် တက်နေသည့်နှယ် ဘာအခက်အခဲမျှမရှိဘဲ သက်တောင့်သက်သာပင် ရှိနေသည်။

“အစ်ကိုကြီး... ကျွန်တော်က အသက်ငယ်ပြီး အတွေ့အကြုံ နုနယ်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီရိုးရာဓလေ့ရဲ့ အဓိပ္ပာယ်ကိုတော့ ကျွန်တော် လုံးဝ စဉ်းစားလို့မရဘူး။”

သူတို့နှစ်ယောက် အပေါ်ဆုံးသို့ အရောက်တွင် လျူကျင်းက မောဟိုက်စွာ ပြောလိုက်သည်။ သူ့ပန်းတိုင်မှာ သူ့အနီးအနားတွင် ထင်ရှားစွာ တည်ရှိနေ၏။

ထိုအရာကား အနီရောင် ဖိနပ်တစ်စုံပင် ဖြစ်သည်။

“ဘာတွေရှည်ရှည်ဝေးဝေး စဥ်းစားနေမှာလဲ ညီလေးရဲ့။ သတို့သမီးက ဖိနပ်မပါဘဲ စောင့်နေရမှာလေ။ ဒါကြောင့် ဖိနပ်ကို ရှာပေးရမှာက သတို့သားရဲ့ တာဝန်ပေါ့။”

လျူကျင်းက ဖိနပ်ကို ကောက်ယူရန် လက်လှမ်းလိုက်ချိန်တွင် ရှောင်နန်က ဤဓလေ့ကို အလေးအနက်ထားသည့် လေသံဖြင့် ဆိုလိုက်သည်။

“ပီးတော့ ဒီဖိနပ်ကို ဘယ်နေရာမှာမဆို ဝှက်ထားလို့ ဘယ်ရမလဲ ညီလေးရဲ့။ သတို့သား ဖိနပ်ရှာရတဲ့ အခက်အခဲက သတို့သမီးရဲ့ တန်ဖိုးနဲ့ ညီမျှရတာလေ။ အစ်ကို့ညီမလေးက အဖိုးမဖြတ်နိုင်တဲ့ သတို့သမီး ဖြစ်တဲ့အတွက် ညီလေးကို ပင်မအိမ်တော်ကြီးရဲ့ အမြင့်ဆုံးနေရာအထိ တက်ခိုင်းတာလေ..၊ ဒါတောင် အစ်ကို့ဘက်ကနေ အတတ်နိုင်ဆုံး လျှော့ပေါ့ပေးထားတာပဲ၊ မဟုတ်ဘူးလား။”

လျူကျင်း သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။ စကားများနေရန် အားမထုတ်တော့ဘဲ ဖိနပ်တစ်စုံကိုသာ ငေးကြည့်နေလိုက်တော့၏။

တကယ်တမ်း ပြန်စဉ်းစားကြည့်လျှင် အစ်ကိုကြီးရှောင်နန်က သူ့အတွက် ဤကိစ္စကို တကယ်ပင် လွယ်ကူအောင် လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ ဒီထက်ပိုခက်ခဲသော နေရာတွင် ဝှက်ထားပါက သူ အတော်လေး ဒုက္ခရောက်သွားမည်ဖြစ်သည်။ အကယ်၍ ဖိနပ်ဝှက်ဖို့သာ ရှောင်ဖန်းကို တာဝန်ပေးလိုက်ပါက မည်သို့ဖြစ်မည်နည်း ဟူ၍ သူ တွေးကြည့်မိသည်။

“ဟဲဟဲ…ငါတို့ ရှောင်ဖန်းကို ဒီတာဝန် ပေးလိုက်မလားစဥ်းစားသေးတယ်... သူက ဒါကို လုပ်ချင်လွန်းလို့ သဲသဲလှုပ် ဖြစ်နေတာ ”

လျူကျင်း၏ အတွေးကို ရိပ်မိလိုက်သည့်နှယ် ရှောင်နန်က ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

“ဒါနဲ့... ညီလေးတို့ နှစ်ယောက်ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စကို အစ်ကို ကြားလိုက်မိတယ်။”

စကားဝိုင်းက ရုတ်တရက် တိတ်ဆိတ်သွား၏။ ထိုစဉ်က လမ်းထဲတွင် လျူကျင်း၊ ရှောင်ဖန်းနှင့် အကြီးအကဲဟွီတို့မှလွဲ၍ မည်သူမျှ မရှိခဲ့သော်လည်း ရှောင်နန် သိနေသည့်အတွက် လျူကျင်း အံ့အားသင့်သွားသည်။

“...ကျွန်တော် သူ့ကို စိန်ခေါ်ဖို့ လောသွားမိလား အစ်ကိုကြီး။”

ရှောင်နန်က သူ့မေးခွန်းကို ခေတ္တမျှ စဉ်းစားပြီးမှ ပုခုံးတွန့်လိုက်ရင်း..

“ဒါတော့ အတတ်ပြောလို့မဘူးကွ ..၊ အင်း လောတယ်လို့ သတ်မှတ်ရင်လဲရတယ် ၊ သူ့ဟာနဲ့သူ အချိန်တန်အဆင်ပြေသွားမှာ လဲ ဖြစ်နိူင်တာပဲလေ ..၊ တစ်ဖက်က ပြန်ကြည့်ရင်တော့လည်း ဒါက ညီလေး အတွက် အကျိုးရှိလောက်မှာ ပါကွ ..”

“အစ်ကိုကြီး...” လျူကျင်း အနည်းငယ် တွန့်ဆုတ်ပြီးနောက် ဆက်ပြောလိုက်သည်။ “ကျွန်တော် ရှောင်ဖန်းနဲ့ စကားပြောတုန်းက အကြီးအကဲဟွီလည်း ရှိနေတယ်။ သူက ရှောင်ဖန်းကို ထောက်ခံနေပုံရတယ်။”

ရှောင်နန်သည် ထိုစကားကြောင့် မျက်မှောင်ကြုတ်သွားသည် ။

“ဟေ ဟုတ်လား၊ ထားလိုက်... ညီလေးအနေနဲ့ အဲဒီကိစ္စကို စိတ်မပူတာ အကောင်းဆုံးပါပဲ။”

“အစ်ကိုကြီး?”

“ညီလေး မသိသေးတဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်၊ အစ်ကိုတောင် မရိပ်မိလိုက်တဲ့ ကိစ္စတွေလဲ တပုံကြီးကွ … အဲဒီလိုမှန်းသိရင် အစ်ကိုလည်း အကြီးအကဲဟွီကို ညီလေးနဲ့ ဘယ်တော့မှ မိတ်ဆက်ပေးမိမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ကွာ…. ဒီကိစ္စတွေက ညီလေး ခေါင်းထဲထည့်ထားရမယ့် အရာတွေ မဟုတ်ပါဘူး။ ဒီနေ့က ညီလေးရဲ့ အထင်ကရ နေ့လေ။ မင်္ဂလာပွဲကိုပဲ အာရုံစိုက်ပြီး တခြားဘာကိုမှ ဂရုမစိုက်ဘဲ နေတာက အကောင်းဆုံးပဲ။”

လျူကျင်း ခေါင်းညိတ်လိုက်ရင်း..

“အစ်ကိုကြီး ပြောတဲ့အတိုင်း ကျွန်တော် လုပ်ပါ့မယ်။” ဟု ပြန်ပြောလိုက်သည်။

သူ့မျက်လုံးများကို ခဏတာ မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ သူ့ရင်ထဲတွင် တုန်လှုပ်မှုများနှင့်အတူ စိတ်လှုပ်ရှားမှုများ ရောယှက်နေတော့သည်။

“ကျွန်တော့် သတို့သမီးကို သွားခေါ်လိုက်ဦးမယ်ဗျာ ..”

မိန်းကလေးရှောင်ရွှမ်းသည် ခုတင်ထက်တွင် လျူကျင်းကို စောင့်ဆိုင်းနေသည်။ သူမသည် အလွန်ခမ်းနားလှပသော ဝတ်ရုံလက်ရှည်နှင့် အလွှာနှစ်ထပ်ပါသည့် မင်္ဂလာဝတ်စုံကို ဆင်မြန်းထားသည်။ မတ်တပ်ရပ်လိုက်ပါက ကြမ်းပြင်ပေါ်သို့ တရွတ်တိုက် ပါသွားမည့် အလွှာအထပ်ထပ်ဖြင့် တကိုယ်လုံးကို အလှဆင်ထားသည်။ ထိုဝတ်စုံအား ရွှေရောင်ပန်းခက်များဖြင့် တန်ဆာဆင်ထားသည့် အနီရောင်ရင့်ရင့်တို့ဖြင့် ခြယ်မှုန်းထားသည်။ သူမ၏ မျက်နှာကိုမူ အနီရောင်ပုဝါပါးဖြင့် အုပ်ထားလေသည်။

အခန်းထဲသို့ လျူကျင်း ဝင်ရောက်လာသည်ကို သိလိုက်ရသည့်အခါ သူမ၏နှုတ်ခမ်းထက်မှ အံ့အားသင့်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်နှင့် အနီရောင် ရောစပ်ထားသည့် ယပ်တောင်ကို မြှောက်ကာ သူမ၏မျက်နှာကို ကွယ်လိုက်၏။ ထိုပုဝါပါးအောက်မှ သူမ၏ မျက်ဝန်းပြာပြာလေးများကသာ လျူကျင်းကို စူးစိုက်ကြည့်နေတော့သည်။

လျူကျင်းတစ်ယောက် စိတ်လှုပ်ရှားလာသဖြင့် အာခေါင်များပင် ခြောက်လာသည် ။ သူ တံတွေး မျိုချလိုက်မိပြီး လက်ထဲမှ ဖိနပ်ကို တင်းကျပ်စွာ ကိုင်ထားရင်း သူမထံသို့ တိုးကပ်သွား လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး မီးတောက်နေသကဲ့သို့ ပူနွေးနေလေသည်။

အစ်ကိုကြီးရှောင်နန်က သူ့ကို ပင်မအိမ်တော်၏ အမြင့်ဆုံးနေရာအထိ တက်ခိုင်းခဲ့သောကြောင့် ဖြစ်မည်ဟု သူ့ကိုယ်သူအကြောင်းပြချက် ပေးလိုက်မိ၏။ မှန်ပေသည်။ထိုခေါင်မိုးများကြောင့်သာ ဖြစ်ရမည်။ ဤသည်မှာ ယုတ္တိအရှိဆုံး အကြောင်းပြချက်ပင်ဖြစ်သည်။

အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် လျူကျင်းသည် သူမ၏ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။ မိန်းကလေးရှောင်ရွှမ်းက သူမ၏ခြေထောက်ကို ရှက်သယောင် အသာဆန့်ထုတ်ပေးလိုက်ပြီး ဝတ်ရုံအောက်ခြေအစကို အနည်းငယ် မတင်လိုက်ရာ ဖြူဖွေးနူးညံ့သော ခြေဖဝါးလေး ပေါ်လာသည်။ ထိုခြေထောက်လေးမှာ အလွန်သေးငယ်ပြီး စင်စစ်မူ ဤသို့လောကီကိစ္စများအား အရေးတယူ လုပ်စရာ မလိုသေးသည့် ခြေထောက်လေးဖြစ်သည်။

လျူကျင်း၏ မျက်နှာမှာ မီးဟပ်နေသကဲ့သို့ ပို၍ ပူလောင်လာသည်။

သူတို့ပတ်ဝန်းကျင်တွင် အိမ်စေများ ရှိနေသည်ကို လျူကျင်း သိသော်လည်း ထိုခဏတွင်မူ သူတို့မရှိကြသကဲ့သို့ပင် ခံစားလိုက်ရ၏။ အိမ်စေများမှာ ကျောက်ရုပ်များကဲ့သို့ရပ်နေကြပြီး အခန်းထဲတွင် သူတို့လူနှစ်ယောက်တည်းသာ ရှိနေသယောင် ဖြစ်နေသည်။ မိန်းကလေးရှောင်ရွှမ်း၏ ခြေမျက်စိကို ကိုင်တွယ်ရန် လက်လှမ်းလိုက်သည့်အခါ သူ့လက်များမှာ တုန်ယင်နေမိသည်။

သူမ၏ ခြေဖဝါးနုနုမှာ အလွန်တရာ နူးညံ့လှပေသည်။

ဤသည်မှာ သူ့စိတ်ထဲတွင် တွေးသင့်သည့်အရာမဟုတ်ပေ။ ထိုအချက်ကို သူမစဥ်းစားသင့်သော်လည်း သူ လျစ်လျူရှု၍ မရနိုင်ဖြစ်နေသည်။ လျူကျင်းသည် အမျိုးသမီးတစ်ဦးကို ထိတွေ့ဖူးခြင်းမှာ ဤတစ်ကြိမ် ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခင်က ဖခင်ဖြစ်သူနှင့်အတူ အမျိုးသမီးလူနာပေါင်းများစွာကို ကုသပေးခဲ့ဖူးသည်။ သူတို့၏ အဝတ်အစားများ အနည်းငယ် လျော့ရဲနေသည်ကိုပင် သူ မြင်ဖူးသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤသည်မှာ ပြောပလောက်သည့် ကိစ္စပင် မဟုတ်သေးပါချေ။ သူသည် မိန်းကလေးရှောင်ရွှမ်းကို နမ်းနေခြင်း သို့မဟုတ် သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းထားခြင်းမျိုးမဟုတ်ပေ။ သူလုပ်နေသည်မှာ သတို့သမီး၏ ဖိနပ်ကို ဝတ်ဆင်ပေးနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။ တခြားဘာထွေထွေထူးထူး မှလုပ်စရာမလိုပဲ သတို့သားသည် သတို့သမီး၏ ခြေထောက်ပေါ်သို့ ဖိနပ်ကို စွပ်ပေးလိုက်ရုံသာ ဖြစ်သည်။ ဤအပြုအမူနောက်ကွယ်တွင် နက်နဲသော အဓိပ္ပာယ်များ ရှိနေနိုင်သည်မှာ သေချာသော်လည်း လျူကျင်းအတွက်မူ အရေးမကြီးလှပေ။

သူ့အမြင်တွင် ဤအခမ်းအနားသည် လုပ်စရာ စာရင်းထဲမှ မဖြစ်မနေလုပ်ဆောင်ရမည့် အလုပ်တစ်ခုမျှသာ ဖြစ်သည်။ သို့သော်... ထိုအထိအတွေ့သည် ထူးဆန်းစွာပင် ကြည်နူးမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

လျူကျင်းသည် ဖိနပ်ကို စွပ်ပေးရန် မည်မျှကြာအောင် အချိန်ယူလိုက်မိမှန်း မသိတော့ဘဲ ထိုဓလေ့ရိုးရာပြီးဆုံးသွားသည့်အခါမှသာ သက်ပြင်းတစ်ချက်ကို လွှတ်ချနိုင်တော့သည်။ မိန်းကလေးရှောင်ရွှမ်းက သူမ၏ခြေထောက်ကို ချလိုက်ပြီးနောက် ကျန်တစ်ဖက်ကို ဆက်လက်ဆန့်ထုတ်ပေးလိုက်ရာ ထိုနူးညံ့လှသော အထိအတွေ့နှင့် လုပ်ငန်းစဉ်မှာ တစ်ကျော့ပြန်၍ ဖြစ်ပေါ်လာပြန်သည်။

ဖိနပ်နှစ်ဖက်စလုံး စွပ်ပေးပြီးသည့်နောက် လျူကျင်းက သူမအား လက်ကမ်းပေးလိုက်၏။ မိန်းကလေးရှောင်ရွှမ်းက ထိုလက်ကို ငြင်သာစွာ ဆုပ်ကိုင်ပြီး အိပ်ရာမှ ထလိုက်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သတို့သားသည် သတို့သမီးကို မိမိ၏နေအိမ်သို့ ခေါ်ဆောင်သွားပြီး ထိုနေရာတွင် မင်္ဂလာဆောင်အခမ်းအနားကို ကျင်းပလေ့ရှိသော်လည်း ဤအခမ်းအနားမှာမူ သာမန်မဟုတ်ပါချေ။

လျူကျင်းက မိန်းကလေးရှောင်ရွှမ်းကို သူ့အိမ်သို့ ခေါ်သွားမည်ဆိုသည်မှာ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ ရှောင်ဂိုဏ်းချုပ်၏ သမီးတော်သည် လျူကျင်း၏ အနုတ်စုတ် ဂုတ်စုတ်ဆေးခန်းလေးထဲတွင် လက်ထပ်ထိမ်းမြားခြင်းမှာ မည်သို့မျှ မဖြစ်သင့်သော ကိစ္စပင် ဖြစ်သည်။ လျူကျင်းသည် သူ့အိမ်ကို ချစ်မြတ်နိုးသူဖြစ်သော်လည်း ဤအခြေအနေကို နားလည်သဘောပေါက်ပြီး လက်ခံရန် အခက်အခဲ မရှိခဲ့ပေ။

ထို့ကြောင့် မင်္ဂလာပွဲကို ပင်မအိမ်တော်ကြီး၌သာ ကျင်းပရန် ပြင်ဆင်ထားသည်။ လျူကျင်းသည် သူ့သတို့သမီးကို အဆင်သင့်စောင့်ကြိုနေသော ပထမထပ်ရှိ ပင်မခန်းမဆောင်သို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။

ပင်မခန်းမဆောင်ကို မင်္ဂလာပွဲအတွက် အထူးသီးသန့် ပြင်ဆင်ထားသည်။ နေရာတိုင်းတွင် မင်္ဂလာပွဲနှင့် လျော်ညီစွာ အနီရောင်တို့ဖြင့် လွှမ်းခြုံနေပြီး အနက်ရောင်ဟူသည့် အရိပ်အယောင်မျှပင် မတွေ့ရပေ။ နံရံများတွင် ရွှေရောင်နဂါးနှင့် ဖီးနစ်ငှက်ပုံများကို ထုဆစ်အလှဆင်ထားသည်။ ၎င်းမှာ သတို့သားသည် လူပုံလယ်တွင် နဂါးတစ်ကောင်ကဲ့သို့ ထူးချွန်ထက်မြက်သူ ဖြစ်လာစေရန်နှင့် သတို့သမီးသည်လည်း အမျိုးသမီးများထဲတွင် ဖီးနစ်တစ်ကောင်ကဲ့သို့ ဂုဏ်တင့်စေရန် ရည်ရွယ်သည့် ဆုမွန်ကောင်းတောင်းခြင်းပင် ဖြစ်တော့သည်။

လျူကျင်းနှင့် မိန်းကလေးရှောင်ရွှမ်းတို့ ခန်းမထဲသို့ ခြေချလိုက်သည်နှင့် ဖိတ်ကြားထားသော ဧည့်သည်အားလုံး၏ အကြည့်များက သူတို့နှစ်ဦးထံသို့ ပြိုင်တူ ရောက်ရှိသွားကြသည်။ ပွဲတက်ရောက်လာသူများမှာ ရှောင်ဂိုဏ်းဝင်များသာ မဟုတ်ပေ။ အရှေ့ဘက်ဆိပ်ကမ်းမြို့ တစ်ဝိုက်မှ ဂုဏ်သရေရှိ လူကြီးမင်းများလည်း ဤထူးခြားသော မင်္ဂလာပွဲသို့ တခမ်းတနား ဖိတ်ကြားခံထားရပေသည်။

သတို့သားနှင့် သတို့သမီးတို့ သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားသည့်အခါ မင်္ဂလာအခမ်းအနား အစီအစဉ်များ စတင်တော့သည်။ အခမ်းအနားမှူး၏ ရွတ်ဖတ်သံများ ဟိန်းထွက်နေသော်လည်း လျူကျင်းတစ်ယောက်မှာမူ အာရုံများပျံလွင့်နေသည့်ကြားမှ မကြားတချက်ကြားတချက်ဖြစ်နေသည် ။ ကံကောင်းသည့်အချက်မှာ သူတို့နှစ်ဦးသည် ဤပွဲအတွက် ရက်ပေါင်းများစွာ ကြိုတင်လေ့ကျင့်ထားခဲ့ကြပြီး ဖြစ်ရာ ယခုအချိန်တွင်မူ အိပ်ပျော်နေရင်းနှင့်ပင် အမှားအယွင်းမရှိ အခမ်းအနားကို အပြီးသတ်နိုင်မည့် အနေအထားမျိုး ဖြစ်နေတော့သည်။

လျူကျင်းသည် တည်ငြိမ်စွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့လိုက်၏။

ပထမတစ်ကြိမ်မှာ ကောင်းကင်နှင့် မြေကြီးကို ရည်စူး၍ ကန်တော့သည်။

ဒုတိယတစ်ကြိမ်မှာ မင်္ဂလာသတို့သမီး၏ မိသားစုကို ရည်စူး၍ ကန်တော့သည်။ နောက်ဆုံးတစ်ကြိမ်တွင်မူ သူ့သတို့သမီးကို ရည်စူး၍ ကန်တော့ခြင်းဖြစ် သည်။

ထိုအခါမှ မိန်းကလေးရှောင်ရွှမ်းက သူမ၏မျက်နှာကို ကွယ်ထားသည့် ယပ်တောင်ကို ဖြည်းညင်းစွာ ချလိုက်သည်။ လျူကျင်းသည် သူမ၏ အနီရောင်ပုဝါပါးကို လက်ဖြင့် ဆွဲမလိုက်ရာ ထိုနေ့အတွက် ပထမဆုံးအကြိမ်အဖြစ် သူမ၏ အပြစ်ကင်းစင်သော ချစ်စဖွယ်မျက်နှာလေးကို မြင်တွေ့လိုက်ရ၏။ ထို့နောက် မင်္ဂလာအရက်သောက်ခြင်း အစီအစဉ် ဖြစ်သည်။ သူနှင့် မိန်းကလေးရှောင်ရွှမ်းတို့သည် အနီရောင်ချည်မျှင်ဖြင့် ချည်နှောင်ထားသော မင်္ဂလာ ဖလားများကို ကိုင်မြှောက်ရင်း မင်္ဂလာ အရက် ကို မြိန်ယှက်စွာ သောက်သုံးကြသည်။ သူတို့၏ လက်များကို တစ်ယောက်နှင့်တစ်ယောက် ဖြတ်ကျော်ကာ ဖလားများကို လဲလှယ်၍ နောက်တစ်ကြိမ် ထပ်မံ သောက်သုံးလိုက်ကြပြန်သည်။

ထို့နောက် အစေခံများက သူတို့နှစ်ဦးထံ ဓားငယ်တစ်စင်းစီ အပ်နှံကြသည်။ လျူကျင်းသည် သူ့ဆံပင်တစ်ခွေကို ညှပ်လိုက်ပြီး မိန်းကလေးရှောင်ရွှမ်းကလည်း ထိုနည်းအတိုင်းပင် ငြင်သာစွာ ပြုလုပ်၏။ ဝါရင့်ခိုင်းဖော်ခိုင်းဖက်ကြီးက ထိုဆံပင်နှစ်ခွေကို အတူတူ ပေါင်းစည်းချည်နှောင်လိုက်ပြီး အနီရောင်အိတ်ငယ်လေးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ဤသို့ဖြင့် သူတို့နှစ်ဦးမှာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားကြလေပြီ။ တစ်ချိန်က သီးခြားစီ ဖြစ်ခဲ့ကြသော လူနှစ်ဦးမှာ ယခုအခါ အနာဂတ်တခုကို အတူတူပုံဖော်ကြမည့် သူများဖြစ်သွားကြလေသည်။

မင်္ဂလာထိမ်းမြားခြင်း အခမ်းအနား အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

စားသောက်ပွဲတွင် ပုစွန်၊ ကြက်သား၊ ငါး၊ ဘဲသားအပြင် ရှားပါးသော အရသာရှိဖွယ် ဟင်းလျာများဖြင့် ပြည့်နှက်နေ၏။ လျူကျင်းတစ်ယောက် ဗိုက်ထဲမှ တဂွီဂွီမြည်ကာ အားရပါးရ စားသောက်လိုက်ချင်စိတ် ပေါက်နေမိသော်လည်း ရိုးရာဓလေ့အရ စည်းကမ်းကို လိုက်နာရဦးမည် ဖြစ်သည်။ ဧည့်သည်များကို ဆယ်ယောက်တစ်ဝိုင်းစီ စီစဉ်ထားပြီး လျူကျင်းအနေဖြင့် ဝိုင်းတိုင်းသို့ လှည့်လည်ကာ ဂါရဝပြု နှုတ်ဆက်ရမည်မှာ သတို့သား၏ တာဝန်ပင် ဖြစ်၏။ ကံကောင်းစွာဖြင့် အစ်ကိုကြီးရှောင်နန်က သူ့ကို အဖော်ပြုပေးရန် သနားကရုဏာသက်ပြီး ဘေးမှ ကူညီပေးရန် ပြင်ဆင်နေလေသည်။

“နောက်တစ်ဝိုင်းမှာ ချွိုင်မျိုးနွယ်စုနဲ့ ဒူမျိုးနွယ်စု ခေါင်းဆောင်တွေ ရှိတယ်။ သူတို့နှစ်ယောက်လုံးက အတော်လေး ချမ်းသာကြွယ်ဝတာကွ ..၊ပီးတော့ ငါတို့ ရှောင်ဂိုဏ်းရဲ့ လက်အောက်ခံတွေပဲ ..လာ သွားနှုတ်ဆက်ရ‌အောင်…”

သူတို့ ထိုဝိုင်းသို့ ချဉ်းကပ်သွားစဉ် အစ်ကိုကြီးရှောင်နန်က လေသံတိုးတိုးဖြင့် ရှင်းပြသည်။

“ ဘေးမှာ ထိုင်နေတာက ခေါင်းဆောင်တွေရဲ့သားတွေ ကွ …”

“သူတို့က ဂိုဏ်းမွေခံတပည့်တွေ မဟုတ်လား။ မှတ်စုထဲမှာ ဖတ်လိုက်ရတာ မှတ်မိနေတယ် အကိုကြီး…။”

လျူကျင်းအနေဖြင့် အရေးကြီးသော ဧည့်သည်တော်များ၏ အမည်များကို အလွတ်ကျက်မှတ်ထားရ၏။ မဆင်မခြင် စကားလုံးများဖြင့် သူတို့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်မိ၍ မဖြစ်ပါချေ။

ထိုဝိုင်း၏ ငါးပေအကွာခန့် ရောက်သည်နှင့် လျူကျင်းနှင့် အစ်ကိုကြီးရှောင်နန်တို့ နှစ်ယောက်လုံး၏ မျက်နှာပေါ်တွင် ပျူငှာလှသော အပြုံးများ ချက်ချင်းပေါ်ပေါက်လာသည်။ နှုတ်ဆက်သံများ၊ ရယ်မောသံများ ပျံ့လွင့်လာပြီးနောက် အစ်ကိုကြီးရှောင်နန်က ဟာသတစ်ခု ပြောလိုက်ရာ လျူကျင်းကလည်း ချီးကျူးစကားဖြင့် အလိုက်သင့် ရယ်မော ဖြည့်စွက်ပေးလိုက်၏။

ထို့နောက်တွင်တော့ သောက်စားကြသည့် အစီအစဉ် စတင်တော့သည်။

အရက်သောက်ရသည်မှာလည်း ဘယ်နှခေါက်မှန်းမသိအောင် အလွန်ပင် များလှပေသည်။ သတို့သားတစ်ယောက်အနေဖြင့် အရက်ကို ငြင်းဆန်ခြင်းမှာ မလျော်ကန်လှပါချေ။ အနည်းဆုံးတော့ ဤကိစ္စတွင် လျူကျင်းအတွက် သက်သာရာရစရာ အချက်တစ်ခု ရှိနေသည်။ သူသည် ကိုယ်ခန္ဓာအတွင်းမှ အညစ်အကြေးများကို အလွယ်တကူ ဖယ်ရှားနိုင်သည့် ကျင့်စဉ်ရှိသူ ဖြစ်ရာ အရက်ဆိုသည်မှာလည်း ထိုအညစ်အကြေးများနှင့် မခြားနားလှပေ။ တည်ခင်းထားသော မင်္ဂလာအရက်များမှာ အရက်ပြင်းများဖြစ်သော်လည်း သူကိုယ်တိုင် မူးချင်စိတ်မရှိသရွေ့ မူးယစ်သွားမည် မဟုတ်ပါချေ။

ဤအပြုအမူကပင် သူ့ကို ဧည့်သည်များ၏ လေးစားမှုအချို့ ရရှိစေခဲ့ပုံရသည်။

“နောက်တစ်ဝိုင်းကိုတော့ နည်းနည်း သတိထားကွ..”

ထိုဝိုင်းဆီသို့ ဦးတည်သွားရင်း အစ်ကိုကြီးရှောင်နန်က လေသံအနည်းငယ် ပြောင်းလဲ၍ ပြော၏။

“ဘာလို့လဲ အကိုကြီးရ... အော်...”

နောက်တစ်ဝိုင်းသည် မည်သည့်ဝိုင်းဖြစ်ပြီး မည်သူတွေ ထိုင်နေသည်ကို မြင်လိုက်ရသည့်အခါ လျူကျင်း စကားဆက်မပြောနိုင်တော့ပေ။

ထိုသူကား ယွန်းဟန် ပေတည်း။

အရှေ့ဘက်ဆိပ်ကမ်းမြို့တော်တွင် ရှောင်ဂိုဏ်းနှင့် အင်အားချင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်းမှာ ယွန်းဂိုဏ်းပင် ဖြစ်သည်။ ယခုလို ဂုဏ်သိက္ခာကြီးမားသည့် မင်္ဂလာပွဲမျိုးတွင် ယွန်းဂိုဏ်းကို မဖိတ်ကြားပါက မယဥ်ကျေးရာ ရောက်လိမ့်မည်။ ထို့အတူ ယွန်းဂိုဏ်းဘက်မှလည်း ရှောင်ဂိုဏ်းကို အမျက်မထွက်စေရန် အရေးပါသော ကိုယ်စားလှယ်တစ်ဦးဦးကို မဖြစ်မနေ စေလွှတ်ရမည်မှာ ဓမ္မတာပင်ဖြစ်သည်။

စင်စစ်မူ ယွန်းဂိုဏ်းခေါင်းဆောင်ကိုယ်တိုင် လာလိမ့်မည် မဟုတ်သည်ကို လျူကျင်း သိပြီးသား ဖြစ်သည်။ သူကြားရသည့်သတင်းများအရ ယွန်းဂိုဏ်းခေါင်းဆောင်မှာ ကျင့်ကြံခြင်းလမ်းစဉ်၌ ထိလွယ်ရှလွယ်ဖြစ်သည့် အရေးကြီးအဆင့်တစ်ခုသို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော်လည်း လျူကျင်းအနေဖြင့် ယွန်းဟန်ကို မြင်လိုက်ရသည့်အခါ တုန်လှုပ်သွားရသည်။

မည်သို့ပင်ဆိုစေကာမူ ယွန်းဟန်ဆိုသည်မှာ လျူကျင်းကို အသက်ပျောက်လုနီးပါး ဖြစ်အောင် လုပ်ခဲ့ဖူးသူ မဟုတ်ပါလော။

ထိုအဖြစ်အပျက်မှာ အချိန်အတော်ကြာက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ သူ 'ကိုးခေါင်းမြွေနတ်ဘုရား' ၏ စမ်းသပ်မှုကို လက်ခံခဲ့ရသည့် အချိန်ထက်ပင် တစ်နှစ်ကျော်မျှ စောလှသည်။ ထိုစဉ်က သာမန် အငြင်းပွားမှုတစ်ခုကြောင့် လျူကျင်း၏အသက်ဘေးဖြစ်ရန် ပင် ခြေတလှမ်းသာလိုခဲ့သည်။ အမှန်အတိုင်းပြောရလျှင် လျူကျင်းဘက်မှ ရိုင်းစိုင်းသည့် အပြုအမူမျိုး လုပ်ခဲ့ခြင်းမဟုတ်ဘဲ ယွန်းဟန်ကသာ အာဏာကို အလွဲသုံးစားပြုကာ သူ့အပေါ် တစ်ဖက်သတ် စော်ကားကျူးလွန်ခဲ့ခြင်းသာ ဖြစ်သည်။

ယခုလက်ရှိ အခြေအနေတွင်မူ ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပေါ်လာရန်မှာ မဖြစ်နိုင်တော့ပေ။ လျူကျင်းသည် လက်ရှိတွင် သာမန် အပြင်ဂိုဏ်းတပည့်တစ်ဦး မဟုတ်တော့ပေ။ သူသည် ရှောင်ဂိုဏ်းချုပ်၏ သမီးတော်နှင့် လက်ထပ်ထားသည့် ဂိုဏ်းချုပ်၏ သမက်တော် ဖြစ်နေပြီ ဖြစ်သည်။ ယွန်းဟန်အနေဖြင့် ထိုမျှအထိ ရဲတင်းဝံ့ရဲတော့မည် မဟုတ်ပေ။ သို့သော်လည်း ထိုသူနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုရမည့် အချက်မှာ အတော်လေး ဂွတီးဂွကျနိူင်လှသည် ။

သို့သော် ထိုဝိုင်းတွင် ယွန်းဟန်ထက် ပို၍ စိတ်ပျက်စရာကောင်းသည့်လူ ရှိနေသေးသည်။

“သမားတော်ကြီးပါလား ... မတွေ့တာ ကြာပြီနော်။”

အစ်ကိုကြီးရှောင်နန်၏ နှုတ်မှ ထိုအမည် ထွက်ကျလာသည်နှင့် လျူကျင်း၏ ရင်ထဲတွင် ကျိန်စာတစ်ခုကို ကြားလိုက်ရသကဲ့သို့ တုန်လှုပ်သွားရ၏။

“ ဟင် ... ဒီလူကြီး ရောက်နေတာပါလား…” ဟု သူ့စိတ်ထဲမှ စိတ်ပျက်လက်ပျက်တွေးလိုက်မိသည်။ ဝဝဖိုင့်ဖိုင့် ၊ ဗိုက်ပူပူ ထိပ်ပြောင်ပြောင်နှင့် သူ့ ဆေးပညာအရည်အချင်းအပေါ် ယုံကြည်လွန်းသလို မောက်မာစွာ ပြုံးပြနေသည့် ထိုမျက်နှာကို မြင်လိုက်ရခြင်းမှာ လျူကျင်းအတွက်တော့ မင်္ဂလာပွဲ၏ အော်ဂလီဆန်စရာ အဆိုးရွားဆုံး အခိုက်အတန့်ပင် ဖြစ်တော့သည်။

ထိုသူကား သမားတော် ဝူကော် ပေတည်း။

သူသည် လျူကျင်း၏ ဖခင်နှင့် ပတ်သက်၍ ထွက်ပေါ်လာသမျှ ကောလာဟလဆိုးများ၏ အဓိက လက်သည် ဖြစ်သည်။ သူ့အဖေ၏ ဆေးပညာအရည်အချင်းကို အမီလိုက်နိုင်ဖို့ မဖြစ်နိူင်မှန်း သိသည့်အခါ ဖခင်၏ ဂုဏ်သိက္ခာကို အပုပ်ချပြီး နာမည်ပျက်အောင် လုပ်ခြင်းဖြင့်သာ ကျေနပ်နေသူ ဖြစ်သည်။

“အိုး... ရှောင်နန်နဲ့ လျူကျင်းလေး တွေ့ရတာ ဝမ်းသာလိုက်တာကွဲ့..။”

သမားတော်ဝူက သူတို့ကို မြင်သည်နှင့် တင်ပါးဆုံကို ခါရမ်းကာ မတ်တပ်ရပ်ရင်း လှမ်းနှုတ်ဆက်လေသည်။

“ဂုဏ်ယူပါတယ်ကွာ... ဂုဏ်ယူပါတယ်။ တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပါကွာ …”

လျူကျင်းတစ်ယောက် သူ့မျက်နှာကြွက်သားများပင် တောင့်တင်းနာကျင်လာသည်အထိ အပြုံးတစ်ခုကို အတင်းအကျပ် အောင့်အည်းထိန်းထားလိုက်ရသည်။ ယွန်းဟန်ကိုပါ တစ်ပါတည်း နှုတ်ဆက်လိုက်ရချိန်တွင်မူ ထိုအပြုံးမှာ အစစ်အမှန်မဟုတ်ဘဲ သံပတ်ပေးထားသော အရုပ်ကြီးကဲ့သို့ ဖြစ်နေတော့သည်။

ထိုဝိုင်းတွင် သမားတော်ဝူ၏သားဖြစ်သူ ဝူယန်လည်း ပါဝင်နေသေးသည်။ သူသည် ယွန်းဟန်၏ အပေါင်းအပါဖြစ်ပြီး လျူကျင်းငယ်စဉ်က သူ့လက်ချက်ဖြင့် တစ်ကြိမ်မက အနိုင်ကျင့်စော်ကားခံခဲ့ရဖူး၏။ ယနေ့တိုင်အောင်ပင် ဝူယန်ကို လက်စားချေနိုင်မည့် အခွင့်အရေးကို ယွန်းဟန်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် လက်လွတ်ခဲ့ရသည်ကို လျူကျင်း နောင်တရမိနေဆဲပင်ဖြစ်သည်။ သမားတော်ဝူ၏သားကို ရိုက်နှက်လိုက်ရုံဖြင့် အရာရာ ပြောင်းလဲသွားမည် မဟုတ်မှန်း သူသိသော်လည်း ထိုသို့ ပြုလုပ်လိုက်ရလျှင် သူ့ရင်ထဲတွင် အတိုင်းမသိ ကျေနပ်မှု ရရှိလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။

“ ဒီလိုခမ်းခမ်းနားနား ပွဲကြီးကို တက်ရောက်ခွင့်ရတာ ဝမ်းသာစရာပါပဲကွ ..”ဟု သမားတော်ဝူက မျက်နှာကြီး ပြုံးဖြီးလျက် စကားဆက်သည်။

“နောင်တစ်ချိန် မင်းတို့ သားသမီးတွေ ကျန်းမာရေး တခုခုဖြစ်ရင် ငါ့ဆီ လာဖို့ မမေ့နဲ့နော်။ မင်းတို့အတွက်ဆိုရင်တော့ ငါ အထူးဈေးနှုန်းနဲ့ လျှော့ပေးဦးမှာ။”

သည်လူမျိုး လက်ထဲကိုသာ သူတို့ ကလေးတွေကို အပ်လိုက်မည်ဆိုပါက ...။ ထိုသို့ စဉ်းစားရုံဖြင့်ပင် လျူကျင်း ကျောချမ်းသွားရသည်။

“အို... သမားတော်ဝူရယ်... ခင်ဗျားကလည်းဗျာ …” အစ်ကိုကြီးရှောင်နန်က ရယ်မောလိုက်ရင်း လျူကျင်း၏ ပုခုံးကို အသာဖက်လိုက်သည်။

“ဒီကလေး နှစ်ယောက်က အဲဒီလိုမျိုး တွေးဖို့တောင် အရွယ်မရောက်သေးဘူးဆိုတာ ခင်ဗျား သိသားနဲ့ဗျာ။”

“ဟား ဟား မင်းလည်း သိတာပဲ၊ ငါက အမြဲတမ်း အနာဂတ်ကို ကြိုတွေးတတ်တာလေ။ ဒါကြောင့်လည်း အရှေ့ဘက်ဆိပ်ကမ်းမြို့ရဲ့ နံပါတ်တစ် သမားတော် ဖြစ်နေတာပေါ့။”

သမားတော်ဝူ၏ ထောင်လွှားသော စကားလုံးများကြောင့် လျူကျင်း၏ ရင်ထဲတွင် မခံချင်စိတ်တို့ တရိပ်ရိပ် မြင့်တက်လာပြီး အလိုလို အံကြိတ်မိသွားရသည်။

“ဝုန်းးး”

သူ ပြန်ပြောလိုက်ချင်သည့် စကားလုံးပေါင်းများစွာ လည်ချောင်းထဲတွင် တစ်ဆို့နေဆဲမှာပင် ခန်းမဆောင်ကြီး၏ တံခါးမကြီးများ ရုတ်တရက် ပွင့်လာသည်ကို တွေ့လိုက်ရသည် ။ ထိုအသံကြောင့် ခန်းမအတွင်းရှိ စကားပြောသံများအားလုံး တစ်ပြိုင်နက်တည်း ရပ်တန့်သွားသည်။ သူနှင့် အစ်ကိုကြီးရှောင်နန်တို့သည် ဘာများဖြစ်သလဲဟူသော စူးစမ်းစိတ်ဖြင့် ပြိုင်တူလိုလိုပင် လှည့်ကြည့်လိုက်ကြသည်။

အမျိုးသမီးတဦး ...။

အတိအကျပြောရလျှင် အသက်ရှူမှားလောက်အောင်ပင် လှပလွန်းသော အမျိုးသမီးတဦး ဝင်လာသည်။

နက်မှောင်သန့်စင်သော ဆံကေသာနှင့် နှင်းဆီပွင့်ဖတ်တို့ပမာ ဖြူစင်နူးညံ့သည့် အသားအရေ၊ ပတ္တမြားစစ်စစ်ကဲ့သို့ နီရဲသော နှုတ်ခမ်းလွှာများနှင့် မြစိမ်းရောင် မျက်ဝန်းတို့က သူမ၏ အလှတရားကို ပိုမိုထင်ရှားစေသည်။ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားမှာ အရှိန်အဝါ ပြင်းထန်လွန်းလှရာ သူမပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ခမ်းနားလှသော ခန်းမဆောင်ကြီးမှာပင် အရောင်အဝါ မှိန်ဖျော့ကာ အဓိပ္ပာယ်မဲ့သွားသကဲ့သို့ ဖြစ်သွားရ၏။ သူမသည် မျက်နှာထားတင်းတင်းနှင့် သက်ပြင်း တစ်ချက်ချလိုက်သည် ။ ထိုသက်ပြင်းချသံ နှင့်အတူ ခန်းမထဲရှိ အမျိုးသားများမှာ သူမ၏ အပြုံးကို မြင်တွေ့ခွင့်ရရန် နှလုံးသားကိုပင် အမြစ်ပါအောင် ဆွဲထုတ်ပေးရဲလောက်အောင် စွဲလမ်းငေးမောသွားကြတော့သည်။

သူမသည် ကျင့်ကြံခြင်းအရှိန်အဝါ ဖြစ်သော ချီစွမ်းအင် ကို အပြည့်အဝ ဖုံးကွယ်ထားသော်လည်း ထိုစွမ်းအင်ထုကြီးက အခန်းတစ်ခုလုံးကို ပွင့်ဖတ်လွှာတခုပမာ လွှမ်းခြုံထားသည်ကို လျူကျင်း၏အာရုံထဲတွင် ထင်ရှားစွာ ခံစားလိုက်ရ၏။

လျူကျင်း၏ စိတ်ထဲတွင် သူမသည် မည်သူဖြစ်သည်ကို သံသယဖြစ်စရာ မလိုတော့ပါချေ။

ထိုအမျိုးသမီးကား နတ်သမီး ဟုတင်စားခေါ်ကြသူ မုန်ယွဲ့ ပင်ဖြစ်ရပေမည်။

ချက်ချင်းပင် လျူကျင်းနှင့် အစ်ကိုကြီးရှောင်နန်တို့သည် သူမကို ကြိုဆိုနှုတ်ဆက်ရန် အပြေးအလွှား သွားလိုက်ကြသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းက သူတို့ကို စိတ်အနှောင့်အယှက်ပေးနေသည့် သမားတော်ဝူနှင့် ယွန်းဟန်တို့ကိုမူ လုံးဝမေ့လျော့သွားပြီး နောက်တွင် ထားခဲ့လိုက်သည်။ ထိုသူတို့မှာလည်း သူတို့ကို အဖတ်မလုပ်သည်ကိုပင် မေ့သွားကာ မုန်ယွဲ့ထံသို့သာ အာရုံရောက်နေသည်။

သူတို့ နှစ်ဦး မုန်ယွဲ့ထံ အရောက်တွင် ဂိုဏ်းချုပ် ရှောင်ကျန်းနှင့် သတို့သမီး မိန်းကလေးရှောင်ရွှမ်းတို့မှာလည်း ဝါရင့်အကြီးအကဲအချို့နှင့်အတူ ရောက်ရှိနေနှင့်ပြီ ဖြစ်သည်။

“သခင်မလေး မုန်ယွဲ့...”

ဂိုဏ်းချုပ် ရှောင်ကျန်းသည် လေးစားသမှုအပြည့်ဖြင့် ခေါင်းကို အသာညွှတ်ကာ အရိုအသေပေးလိုက်၏။ သူ့လေသံတွင် အံ့ဩမှုနှင့်အတူ တုန်ရီနေသော ဝမ်းမြောက်ခြင်းတို့ ရောထွေးနေသည်။

“ကျွန်တော်တို့ ရှောင်ဂိုဏ်းဆီ ကြွရောက်ချီးမြှင့်ပေးတဲ့အတွက် အထူး ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နတ်ဘုရား ရေခဲနန်းတော်က ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ကျွန်တော်တို့ရဲ့ ဒီလို သေးသိမ်တဲ့အခမ်းအနားမျိုးကို ကိုယ်တိုင်ကြွလာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့မိပါဘူး။ မိန်းကလေး ကြွရောက်လာမယ်ဆိုတာသာ ကြိုတင်သိခဲ့ရရင် ဒီထက်မက ပိုမိုခမ်းနားတဲ့ ပွဲလမ်းသဘင်ကို ပြင်ဆင်ပြီး အခမ်းအနားနဲ့ ကြိုဆိုမိမှာပါ။”

မုန်ယွဲ့က ခပ်အေးအေး ပြုံးလိုက်သည်။ ထို့နောက် ထွက်ပေါ်လာသော သူမ၏ အသံမှာ စောင်းသံပမာနားဝင်ချိုပြီး ဆွဲဆောင်မှု ရှိလှသည်။

“ဂိုဏ်းချုပ် ရှောင်ကျန်း... ခေါင်းမော့ပါ … ကျွန်မအနေနဲ့ကိုယ်တိုင်ကိုယ်ကျ လာကိုလာသင့်တယ်လို့ ယူဆလို့လာတာပါ ..” ဟု မုန်ယွဲ့က တည်ငြိမ်စွာ ဆိုလိုက်သည်။

“ရှင့်သမီးလေးရဲ့ မင်္ဂလာပွဲနေ့ကို သိတာနဲ့ သတို့သားနဲ့ သတို့သမီးအတွက် လက်ဆောင်တွေကို ကျွန်မကိုယ်တိုင် ယူလာပေးတာပါ ..”

ထိုစကားအဆုံးတွင် ဧည့်သည်များကြား၌ တိုးတိုးတိုးတိုးဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။ နတ်ဘုရား ရေခဲနန်းတော်မှ ထိပ်တန်းအမျိုးသမီးတစ်ဦးက ရှောင်ကျန်း၏သမီး မင်္ဂလာပွဲအတွက် လက်ဖွဲ့ကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခြင်းမှာ မည်သို့ပင်ကြည့်ကြည့် ရှောင်ဂိုဏ်းအတွက် အလွန်ကြီးကျယ်သော ဂုဏ်သတင်းပင် ဖြစ်သည်။

“ဒီလည်ဆွဲက မိန်းကလေးရှောင်ရွှမ်းအတွက် ကျွန်မ ယူလာပေးတာ..”

သူမ၏ လက်ချောင်းသွယ်သွယ်လေးများကြားတွင် လှပစွာ ပေါ်ထွက်လာသည့် လည်ဆွဲသည် ဆန်းကြယ်သော အလင်းရောင်ကို ဖြာထွက်နေသည်။

“ဒီလည်ဆွဲထဲမှာ ပါဝင်တဲ့ ကျောက်မျက်ကတော့ ‘ခရမ်းဆွဲ ကောင်းကင်ဘုံ သလင်းကျောက် ပဲ..”

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ခန်းမအတွင်းရှိ လူအများအပြားမှာ အံ့ဩတကြီး ဖြစ်သွားကြတော့သည်။

‘ကောင်းကင်ဘုံ သလင်းကျောက်’ ဟူသည်မှာ တန်ဖိုးဖြတ်၍မရနိုင်သော ရတနာဖြစ်ပြီး နဂါးသွေးကြော စွမ်းအင်များ ပိုလျှံပြီးနောက် ကျောက်ဖြစ်သွားသည့် နေရာမျိုးတွင်သာ ရှားရှားပါးပါး တွေ့ရလေ့ရှိ၏။ ယခု မိန်းကလေးရှောင်ရွှမ်းအား လက်ဆောင်ပေးအပ်လိုက်သည့် လည်ဆွဲမှာ သာမန်ကျောက်မျိုးမဟုတ်ဘဲ ခရမ်းရောင်သွေးကြောများ လှပစွာယှက်သန်းနေသော အမျိုးအစား ဖြစ်နေသဖြင့် လူတိုင်း၏ မျက်ဝန်းများတွင် မနာလိုမှုနှင့် အံ့ဩမှုတို့ ပြည့်နှက်သွားကြသည်။

လျူကျင်း ခန်းမဆောင်အတွင်းရှိ လူများအား ဖြတ်ခနဲကြည့်လိုက်ရာ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်နေကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ ဤမျှ အရည်အသွေးမြင့်မားလှသော ‘ကောင်းကင်ဘုံကျောက်’ ၏ တန်ဖိုးမှာ မည်မျှကြီးမားသနည်းဆိုသော် ဤကျောက်တစ်လုံးတည်းနှင့်ပင် အရှေ့ဘက်ဆိပ်ကမ်းမြို့ကြီးတစ်မြို့လုံးကို အေးဆေးစွာ ဝယ်ယူနိုင်လောက်ပေသည်။ ယခုမူ ထိုမျှ အဖိုးမဖြတ်နိုင်သော ကျောက်မျက်ရတနာကြီးမှာ မိန်းကလေးရှောင်ရွှမ်း၏ သွယ်လျသော လည်တိုင်ကျော့တွင် နေရာယူသွားခဲ့လေပြီ။

“ဒီလို အဖိုးတန်လွန်းလှတဲ့ လက်ဆောင်အတွက် ရှောင်ရွှမ်း အရမ်းကျေးဇူးတင်ပီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။”

မိန်းကလေးရှောင်ရွှမ်းသည် နူးညံ့သိမ်မွေ့စွာ ခေါင်းညွှတ်အရိုအသေပေးရင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။ မုန်ယွဲ့က မိန်းကလေးရှောင်ရွှမ်း၏ စကားကို ခေါင်းတစ်ချက် အသာညိတ်ကာ အသိအမှတ်ပြုလိုက်ပြီးနောက် လျူကျင်း၏ ရှေ့သို့ အလွန်တရာ ကျက်သရေရှိလှသော ခြေလှမ်းများဖြင့် တိုးကပ်လာသည်။

“သတို့သားအတွက်ကတော့ ကျွန်မ ဒီဓားကို ယူလာခဲ့တယ်။ ဒီဓားကို ‘ငွေရောင် ဝံပုလွေရိုင်း’ ရဲ့ လက်သည်းတွေနဲ့ အထူးစီရင် သွန်းလုပ်ထားတာပဲ။”

ဧည့်သည်များကြားတွင် အံ့ဩတသသဖြင့် တီးတိုးရေရွတ်သံများ ထပ်မံ ထွက်ပေါ်လာပြန်သည်။ လျူကျင်းထံ ကမ်းပေးလိုက်သည့် ဓားမှာ အလွန်တရာမှ လက်ရာမြောက်လှပေသည်။ ဓားအိမ်မှာ ကျော့ရှင်းလှပနေပြီး လျူကျင်း နှင့် ခန္ဓာကိုယ် ကွက်တိပင် လိုက်ဖက်ညီလှ၏။ သို့သော်လည်း လူအများ၏ အာရုံကို အပြင်းအထန် ဖမ်းစားသွားသည်မှာ ၎င်းကို သွန်းလုပ်ထားသည့် သားရဲ၏ အမည်နာမပင် ဖြစ်သည်။ 'ငွေရောင် ဝံပုလွေရိုင်း' ဟူသည်မှာ သိုင်းလောကတွင် အလွန်တရာ အားကောင်းမောင်းသန်ပြီး အမဲလိုက် နှိမ်နင်းရန် အခက်ခဲဆုံးသော မိစ္ဆာသားရဲများအဖြစ် နာမည်ကြီးလှပေသည်။

မိန်းကလေးရှောင်ရွှမ်း ရရှိလိုက်သည့် လည်ဆွဲလောက် တန်ဖိုးမကြီးမားလှသော်ငြား လျူကျင်းအား ပေးအပ်လိုက်သော ဤလက်ဆောင်မှာလည်း အရည်အသွေးပိုင်း၌ ပြောစရာအပြစ်မရှိအောင် မြင့်မားလှသည်မှာတော့ အငြင်းပွားဖွယ် မရှိပါချေ။

“ဒီလို အဖိုးတန်လက်ဆောင်မျိုးကို လက်ခံရရှိတဲ့အတွက် ကျွန်တော် အထူးကျေးဇူးတင် ဂုဏ်ယူမိပါတယ် သခင်မလေး မုန်ယွဲ့။”ဟု လျူကျင်းက အရိုအသေပေးကာ ပြန်လည်ပြောလိုက်သည်။

“အေးပေါ့ ဂုဏ်ယူသင့်တာပေါ့ ..ဒါက အဖိုးတန်လက်ဆောင်လေ ..၊ အဟက် ဒါပေမဲ့ ဒီကနေ့ မင်္ဂလာအခမ်းအနားမှာတော့ ငါ့လက်ဆောင်က သိပ်ပြီးတော့ မပြောပလောက်ပါဘူးလေ။” ဟု မုန်ယွဲ့က နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ချိတ်ဆွဲရင်း လှောင်ရိပ်သန်းသော လေသံဖြင့် ဆက်ပြောလိုက်၏။

“ဘာလို့လဲဆိုတော့... မိန်းကလေးရှောင်ရွှမ်းနဲ့ လက်ထပ်ရတာထက် ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်ဆိုတာ ရှိဦးမှာလား..၊ မင်းအတွက် ဒီအခွင့်အရေးမျိုးက နှခါ မ ရှိနိုင်ဘူးလေ..၊ ဒါက မင်းတစ်သက်တာလုံးမှာ အကြီးကျယ်ဆုံးသော အောင်မြင်မှုတစ်ခု ပဲကိုးးး…”

ထိုစကားကြောင့် လျူကျင်း မျက်မှောင်ကြုတ်သွားရတော့သည်။

တောက် .ဒီမိန်းမ...။

သူ ဤမိန်းမကို စတွေ့တွေ့ချင်း တူးတူးခါးခါး မုန်းသွားသည် ။

All Chapters