← Chapters

အခန်း ၃၉.၁

Vol. 5 Ch. 39.1

အခန်း ၃၉.၁

Vol. 5 Ch. 39.1

အခန်း ၃၉.၁။ မုန်ယွဲ့ ဆိုတာဘယ်သူလဲ

မုန်ယွဲ့သည် ရှောင်ဂိုဏ်း၏ ပင်မအိမ်တော်ကြီးထဲမှ တည်ငြိမ်၍ ကျက်သရေရှိသော အပြုံးဖြင့် ဖြည်းညင်းစွာ ပြန်ထွက်လာခဲ့သည်။ အိမ်တော်ဝင်းပြင်ပသို့ ခြေချလိုက်သည်နှင့် သူမသည် လေထုထဲတွင် ပျောက်ကွယ်သွားတော့၏။ ၎င်းမှာ ပုံမှန် အခြေခံ ကိုယ်ဖော့သိုင်းပညာရပ်သာ ဖြစ်သော်လည်း မုန်ယွဲ့ သုံးလိုက်သည့်အခါတွင်မူ အလွန်သိမ်မွေ့ နေသည်။ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခြင်းမှာ အမြဲတမ်း ပျော်ရွှင်စရာကောင်းသောအရာတစ်ခုပင် မဟုတ်ပါလော။

အမျိုးသားတို့အနေဖြင့် သူမသာ တစ်ချက်တောင်းဆိုလိုက်ပါက သူတို့၏လက်မောင်းကိုပင် ဖြတ်ထုတ်ပေးရန် ဝန်မလေးကြမည့်သူဟု ပြောစမှတ်ပြုလောက်အောင် လှပသော ထိုအမျိုးသမီးသည် မိုင်အနည်းငယ်အကွာရှိ အိမ်ခေါင်မိုးတစ်ခုပေါ်သို့ လေဟုန်စီးရင်း ပြန်ပေါ်လာသည်။ သူ့ကိုယ်သူ စိတ်ထဲမှ ကျေနပ်စွာ ချီးကျူးလိုက်မိသည်။ ဤမင်္ဂလာပွဲသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ပေးခြင်းအားဖြင့် ရှောင်ဂိုဏ်းချုပ်၏ ဂုဏ်ကျက်သရေကို အဆမတန် မြင့်တက်စေခဲ့ပြီး ဖြစ်သည်။ ရှောင်ကျန်းကို မည်သူမျှမကောင်းမပြောရဲတော့မည့် အခြေအနေမျိုးသို့ သူမ ဖန်တီးပေးခဲ့ပြီး ဖြစ်၏။

မုန်ယွဲ့သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် နှုတ်ခမ်းစွန်းကို ကွေးညွတ်ကာ ပြုံးလိုက်လေသည်။

နောက်ဆုံးအချိန်မှ အလျင်စလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း အရာအားလုံးမှာ လှပစွာ အဆင်ပြေသွားခဲ့သည်။ ရှောင်ဂိုဏ်းရှိ လူတိုင်းမှာ သူမကို မြင်လိုက်ရသည့်အတွက် မည်မျှ ဝမ်းသာအားရ ဖြစ်သွားကြသနည်း။ ဝမ်းသာလွန်းသဖြင့် သူမ၏ မျက်ဝန်းကိုပင် တည့်တည့် ပင် မကြည့်ရဲကြချေ။ သူမ၏ အရှိန်အဝါရှေ့တွင် ရိုသေလေးစားသော တိတ်ဆိတ်မှုကို ထိန်းသိမ်းထားကြသည်မှာ ရီချင်စရာကောင်းနေသည်။ အမှန်ပင် အရှေ့ဘက်ဆိပ်ကမ်းမြို့ရှိ လူအပေါင်းမှာ ယဉ်ကျေးရိုသေကြပေသည်။

သူ့ညီမများက ဤပွဲသို့မတက်ရန် တားကြသေးသည် ။ သူတို့က သူမသည် နတ်ဘုရားရေခဲနန်းတော် အတွက် အရှက်ရစေလိမ့်မည်ဟု ပူပန်နေကြခြင်းမှာ အမှန် ရယ်စရာကောင်းလွန်းသည်။

မုန်ယွဲ့သည် ထိုအဖြစ်အပျက်များကို ပြန်ပြောင်းတွေးမိတိုင်း ဒေါသထွက်လာသည်။ သူ့ညီမများ ၊ တနည်းအားဖြင့် ထိုမိန်းမတအုပ် က သူ့အား မည်သို့ ပြောဆိုခဲ့ကြသည်ကို ပြန်မြင်ယောင်နေမိသည်။

“အစ်မယွဲ့က သန်မာတယ်၊ လှပတယ်။ ဒါပေမဲ့ ဒီလိုပျင်းစရာကောင်းတဲ့ သံတမန်ရေးရာ အစည်းအဝေးတွေမှာ အချိန်ကုန်ခံနေမယ့်အစား တခြား ပိုသင့်တော်တဲ့ နေရာတွေမှာပဲ အမယွဲ့ အစွမ်းတွေကို အသုံးချပါလားဟင် ..”

“အစ်မယွဲ့က ကျင့်ကြံခြင်းလမ်းစဉ်မှာ အရမ်းတော်တယ်။ ညီမတို့ အားကျမိတာ အမှန်ပဲ၊ ဒါပေမဲ့… အစ်မယွဲ့က ကျင့်ကြံတာကိုပဲ အာရုံစိုက်ထားရင် ပိုကောင်းမလားလို့…”

“ညီမလေး အပြစ်တင်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ နတ်ဘုရား ရေခဲနန်းတော်ရဲ့ ခံယူချက်နဲ့ အစ်မယွဲ့ လုပ်နေတဲ့လုပ်ရပ်တွေက နည်းနည်းလွဲနေတယ်…ဟိုလေ မကောင်းပြောတာမဟုတ်ပါဘူး..၊ ညီမလေး ပြောချင်တဲ့သဘောကို အစ်မယွဲ့ နားလည်တယ်မလား”

“ယွဲ့… ငါ ရှင်းရှင်းပဲပြောမယ် ..၊ နင်က သံတမန်ရေးရာမှာ တော်တော်ညံ့တယ် ..၊ ဘာဖြစ်ဖြစ် အင်အားသုံးဖို့ပဲ သိတာ ..၊ သံတမန်လုပ်တယ်ဆိုတာ အနုနည်းနဲ့ လည်း ကိုယ့်ဘက်ပါအောင် လုပ်ရတာမျိုးရှိတယ် ..၊ နင် က ဒေါသလဲထိန်းနိူင်တာမဟုတ်ဖူး ..၊ တခုခုဆို အကြမ်းဖက်ဖြေရှင်းဖို့ပဲ သိတာ ..၊ နင် ‘သူပုန် ချိုင့်ဝှမ်း’ က မထွက်လာခင်ကအတိုင်းပဲ… နင့်ကြောင့် သူများတွေ ငါတို့ နတ်ဘုရား ရေခဲနန်းတော် က မိန်းမတွေကို အရိုင်းအစိုင်းမတွေလို့ ထင်သွားကြလိမ့်မယ်…”

သူ့ညီမ လေးယောက်… သူတို့သည် ဤသို့သော စကားမျိုးများ ပြောရဲလောက်အောင် ရဲတင်းလွန်းနေခဲ့သည်။

“အဟက် …၊ကောင်မတွေ သူတို့ကိုယ်သူတို့ ဘာများမှတ်နေကြတာလဲ။ ငါ ဘယ်တုန်းကများ နတ်ဘုရား ရေခဲနန်းတော်ကို အရှက်ရစေဖူးလို့လဲ... ဘယ်တုန်းကလဲ။”

မုန်ယွဲ့သည် ဒေါသအလွန်ထွက်လွန်းသဖြင့် ထိုအသံများကို စိတ်ထဲမှ ကြားယောင်နေမိဆဲ ဖြစ်သည်။

ထိုနေ့က သူ့ရင်ထဲမှ အော့အန်ချင်စရာ ဒေါသအခိုးအငွေ့များကို လျှော့ချရန်အတွက် သားရဲအမဲလိုက်ရန် ချက်ချင်းထွက်ခွာခဲ့သည်။ တစ်စုံတစ်ရာကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် သတ်ဖြတ်ပစ်လိုသည့် ဆန္ဒမှာ အလွန်ပြင်းထန်နေခဲ့၏။

ကံကောင်းစွာပင် သူမသည် ‘ငွေရောင် ဝံပုလွေရိုင်း’ တစ်ကောင်ကို တွေ့ရှိခဲ့သည်။ ထိုသားရဲမှာလည်း အတော်လေး ထွားကျိုင်းသန်မာသော သားကောင်ဖြစ်၏။ ၎င်းကို ခြေရာခံ လိုက်လံရှာဖွေပြီး အပြီးတိုင် သတ်ဖြတ်နိုင်ရန် သူမအတွက် တစ်လနီးပါးမျှ အချိန်ကြာမြင့်ခဲ့သည်။

ထိုဝံပုလွေကို လက်သီးဖြင့် တရစပ် ထုရိုက်သတ်နေချိန်တွင် မုန်ယွဲ့သည် ဝံပုလွေ၏ ရုန်းကန်နေသော မျက်နှာအစား သူမကို ဝိုင်းဝန်း ဆုံးမနေကြသည့် သူများ၏ မျက်နှာများကိုသာ မြင်ယောင်လာသည်။ သူမသည် ထိုဝံပုလွေကို အစစအနန ဖြစ်သွားအောင် ရိုက်သတ်ရင်း စိတ်ကူးထဲတွင် ကျွန်မများကိုပါ တစ်ပါတည်း လက်စားချေနေလိုက်၏။

၎င်းကား… အတော်လေး စိတ်ကျေနပ်စရာ ကောင်းသော ကိစ္စတစ်ခုပင် ဖြစ်တော့သည်။

ဝံပုလွေရိုင်းကို သတ်ဖြတ်ပြီးချိန်တွင် မုန်ယွဲ့သည် မိမိရောက်ရှိနေသည့် နေရာမှာ အရှေ့ဘက်ဆိပ်ကမ်းမြို့နှင့် အလွန်နီးကပ်နေကြောင်း သတိပြုမိလိုက်သည်။ သူမကဲ့သို့ ကျင့်ကြံခြင်းလမ်းစဉ်၌ အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးအတွက် ထိုမျှသေးငယ်သော မြို့လေးတစ်မြို့မှာ ခေါင်းထဲရောက်နေစရာပင်မလိုပေ။ သို့သော် 'နတ်ဘုရား ရေခဲနန်းတော်' ၏ နတ်သမီးငါးပါးထဲမှ တစ်ပါးပီပီ မုန်ယွဲ့သည် သူတို့ နန်းတော်နှင့် မဟာမိတ်ဖွဲ့ထားသည့် ဂိုဏ်းပေါင်းစုံ၏ တည်နေရာများနှင့် အမည်များကို လက်ဖဝါးပေါ်တင်ထားသကဲ့သို့ အကုန်အစင် သိရှိထားလေသည်။

ရှောင်ဂိုဏ်းမှာ နတ်ဘုရား ရေခဲနန်းတော်နှင့် ယှဉ်လျှင် ဖုန်မှုန့်မျှသာ ဖြစ်သော်လည်း ဧကရာဇ်နိုင်ငံတော်၏ ထိပ်တန်းဂိုဏ်း တစ်ရာစာရင်းဝင် အဖွဲ့အစည်းတစ်ရပ် ဖြစ်နေဆဲပင်ဖြစ်သည်။

“မဟာမိတ်ဂိုဏ်းတစ်ခုဆီ ဝင်လည်တာပဲ... ဘာဆန်းလို့လဲ…”

ထိုသို့လည်ပတ်ခြင်းသည် သဘာဝကျသည်ဟု သူမတွေးလိုက်သည်။ သူမသည် အမြဲတစေရန်လို ဒေါသထွက်နေသည့် မိန်းမရိုင်း မဟုတ်ဘဲ နန်းတော်ကို ကိုယ်စားပြုနိုင်သူတစ်ဦးဖြစ်ကြောင်း သက်သေပြရန်အတွက် ရည်ရွယ်ချက်ရှိရှိ သွားရောက်ခဲ့ခြင်းမျိုး မဟုတ်ခဲ့သည်မှာ သေချာလှပေသည်။

“ငါ့ဘာငါ ဝင်လည်တာ ..နန်းတော်ရဲ့သံတမန်ရေးရာနဲ့မဆိုင်ဘူး..”

ထို့အပြင် သူမ၏ ထို အစီအစဥ်မကျသည့် အလည်ခရီးစဥ်သည် အလွန်ကောင်းမွန်သော ရလဒ်များပင် ထွက်ပေါ်လာခဲ့သည်။

ရေခဲအဆိပ်မယ် သို့မဟုတ် ယင်ဓာတ်လွန်ကဲ ကိုယ်ခန္ဓာ။

ဤမျှ တောကျကာ အရေးမပါသော မြို့လေးတစ်မြို့တွင် ရှားပါးလှသော ရတနာတစ်ပါး ပုန်းကွယ်နေလိမ့်မည်ဟု မည်သူကများ တွေးထင်ထားမိပါမည်နည်း။

ရှောင်ဂိုဏ်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ထူးဆန်းသော ချီ စွမ်းအင် အငွေ့အသက်ကို သူ တအံ့တသြ ရလိုက်သည်။ ထို ချီစွမ်းအင်ကို စတင်ခံစားလိုက်ရသည့် အချိန်ကတည်းက မုန်ယွဲ့သည် ထိုမိန်းကလေးကို မိမိ၏ တပည့်အဖြစ် လက်ခံရမည်ဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။

“အဟက် ..ဒီလို တောကျတဲ့နေရာမှာ ငါ့တပည့်လောင်းကို တွေ့မယ်လို့ ဘယ်သူထင်မှာ လဲ ..”

မုန်ယွဲ့က ကျေနပ်စွာ ရေရွတ်လိုက်ပြီးနောက် သူမ၏ လေသံက ရုတ်တရက် ခက်ထန်ရင့်သီးသွားကာ..

“ဟားဟား..ဟို ပါးစပ်သရမ်းပြီး စကားများလွန်းတဲ့ ငါ့ညီမတွေကို နားရင်းရိုက်ပြသလို ဖြစ်သွားမှာ ပဲ … ငါ့ ဘယ်လောက်အမြော်အမြင်ရှိလဲဆိုတာ အဲဒီဦးနှောက်မရှိတဲ့ ကောင်မတွေ တွေ့ကြသေးတာပေါ့ ..”

ကောင်းကင်ဘုံ၏ အလိုတော်မှာ အမှန် ရယ်စရာကောင်းလွန်းလှ၏။ သူမသည် ထိုမိန်းကလေးကို ခေါ်ဆောင်သွားနိုင်ရန်အတွက် မည်သည့်အငြင်းပွားမှုမျိုးမျှ မရှိစေဘဲ အခြေအနေအရပ်ရပ်ကိုပင် ချောမောပြေပြစ်စွာ ညှိနှိုင်းခဲ့ပြီး ဖြစ်သည်။

မုန်ယွဲ့သည် သူမ၏ တပည့်လောင်းတွင် 'ရေခဲအဆိပ်မယ် ခန္ဓာကိုယ်' ရှိကြောင်း သိလိုက်ရသည့်အခါ ထိုအကြောင်းကို ကြားသွားလျှင် သူ့ညီမများ၏ မျက်ဝန်းထဲတွင် ဖြစ်ပေါ်လာမည့် မနာလိုမှုများနှင့် အံ့ဩမှုများကို စိတ်ကူးကြည့်ရင်း ပီတိဖြာနေမိ၏။

ထိုမြင်ကွင်းမျိုးကို မြင်တွေ့ရမည့်နေ့မှာ တကယ်ကိုပင် ကြည့်ကောင်းပေလိမ့်မည်။

သို့သော်လည်း သည်နေ့ သူစိတ်တိုနေသည်။

ရှောင်ကျန်းအနေဖြင့်သူ့တပည့်လောင်း၏ လက်ထပ်ပွဲအား အကြီးအကျယ် ခမ်းခမ်းနားနား ပြင်ဆင်သင့်သည်။

သူ့သမီး၏ မင်္ဂလာပွဲအတွက် ဤမျှလောက်သာ ကျင်းပပေးနိူင်ခြင်းမှာ အနည်းငယ် စိတ်ပျက်စရာ ဖြစ်သည်။ ရှောင်ကျန်းကိုယ်တိုင်ပင် မုန်ယွဲ့၏ ရှေ့မှောက်၌ ၎င်းပွဲနွင် လိုအပ်ချက်များ ရှိသွားကြောင်း ဝန်ခံသွားခဲ့သေးသည်။ သူ့ကိုယ်သူ အောက်ကျနောက်ကျဖြစ်အောင် ကျင်းပခြင်းက မုန်ယွဲ့အတွက်မူ နားလည်ရခက်လှပေသည်။

မုန်ယွဲ့အနေဖြင့် ဤအချက်ကို လုံးဝ လက်ခံ၍မရနိုင်ပါချေ။ ထိုသူမှာ မင်္ဂလာပွဲကို ကျင်းပခွင့်ရရန် သူမထံသို့ မည်မျှပင် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သနည်း။ သူမ အာရုံနောက်လာသဖြင့် ၊ ကျင်းပခွင့်ပေးလိုက်ရသည့်အထိပင် ဖြစ်သည်။ ရှောင်ဂိုဏ်းခေါင်းဆောင်မှာ ‘ဧကရာဇ်နယ်ပယ်’ ဒုတိယအလွှာသို့ ရောက်ရှိနေသူတစ်ဦး ဖြစ်သော်ငြား မုန်ယွဲ့၏ မျက်လုံးထဲတွင်မူ ၎င်းမှာ ပြောပလောက်သည့်အရာ မဟုတ်ပေ။

အကြောင်းမူ မုန်ယွဲ့သည် ‘အထွတ်အထိပ် ဧကရာဇ်’ နဝမအဆင့်သို့ပင် ရောက်ရှိနေနှင့်ပြီ ဖြစ်လေသည်။

သူတို့နှစ်ဦးကြားရှိ ကျင့်ကြံခြင်းအဆင့် ကွာဟချက်မှာ ကောင်းကင်နှင့်မြေကြီးပမာ အပြတ်အသတ် ခြားနားလွန်းလှသည်။ မုန်ယွဲ့ အနေဖြင့် ထာဝရမသေမျိုး နတ်ဘုရားအဆင့် သို့ ကူးပြောင်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့ချိန်တွင် ရှောင်ကျန်းမှာမူ လူ့လောက ကျင့်ကြံခြင်းအဆင့်မှပင် ရုန်းထွက်နိုင်ရန် မဖြစ်နိုင်လောက်သေးပေ။ ဤအချက်မှာ နှိုင်းပြစရာပင် မလိုပါချေ။ မုန်ယွဲ့သာ မိန်းကလေးရှောင်ရွှမ်းကို ချက်ချင်းခေါ်ဆောင်သွားလိုပါက အလွယ်တကူပင် ပြုလုပ်နိုင်မည် ဖြစ်သည်။ သို့သော် သူမသည် မင်္ဂလာပွဲကို ကျင်းပခွင့်ပေးခဲ့ပြီး အသစ်စက်စက် ကြင်စဦးမောင်နှံကို တစ်လတိုင်တိုင် အတူနေခွင့်ပြုရန်ပင် ကျေကျေနပ်နပ် သဘောတူညီခဲ့သည်။

ရှောင်ကျန်းအနေဖြင့် ထိုမျှလောက် စိတ်အားထက်သန်စွာ တောင်းဆိုခဲ့ပြီးနောက် အနည်းဆုံးတော့ မင်္ဂလာပွဲအတွက် သူ့ဘက်က အစွမ်းကုန် အားထုတ်ပြသင့်သည်။ သို့သော် သူကမူ သူ့စီစဉ်မှုများကိုပင် အားထုတ်မှုအနည်းငယ်ဟု ဝန်ခံသွားခဲ့၏။ ၎င်းမှာ မုန်ယွဲ့ လုံးဝ နားမလည်နိုင်သည့် အချက်ပင် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ... မင်္ဂလာပွဲမှာ အစဉ်အလာအရ မျက်နှာပန်းလှရုံသက်သက် ကျင်းပခြင်းဖြစ်လိမ့်မည်။ ထိုအချက်က ပွဲကို အစွမ်းကုန်ခမ်းနားအောင်ကျင်းပရန် တားဆီးထားခြင်း ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူသည် ဂုဏ်သိက္ခာအတွက်သက်သက်ဖြင့်သာ မင်္ဂလာပွဲကို ဟန်ပြလုပ်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။ လောကကြီးတွင် ဤကဲ့သို့ မျက်နှာလိုမျက်နှာရ ပြုမူတတ်သူများ ရှိကြသည်မှာ သေချာလှပေသည်။

မုန်ယွဲ့၏ စိတ်ထဲသို့ နောက်ထပ် အတွေးတစ်စ ဝင်ရောက်လာသည်။ ရှောင်ကျန်းက မင်္ဂလာပွဲကို ဤမျှလောက်သာ ဝတ်ကျေတမ်းကျေ ပြင်ဆင်ထားခြင်းသည် သတို့သား၏ အရည်အချင်း မပြည့်မီမှုအပေါ် မူတည်နေခြင်းများ ဖြစ်နေမလား။

ဒီအတွေးကပင် သူမကို ပို၍ ဇဝေဇဝါ ဖြစ်စေ၏။ မိန်းကလေးရှောင်ရွှမ်းဆိုသည်မှာ ‘ရေခဲအဆိပ်မယ် ခန္ဓာကိုယ်’ ကို ပိုင်ဆိုင်ထားသည့် ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်သည်။ သူမ၏ဖခင် ရှောင်ကျန်းက အဘယ်ကြောင့် သူ့သမီးကို ‘အတွင်းအားစုစည်းခြင်း’ အဆင့်သာရှိသည့် ကောင်လေးတစ်ယောက်နှင့် လက်ထပ်ပေးရသနည်း။

မိန်းကလေးရှောင်ရွှမ်းနှင့် လက်ထပ်ရခြင်းသည် ထိုကောင်လေး၏ ဘဝတွင် အကြီးကျယ်ဆုံးသော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု သူမကိုယ်တိုင်ပင် ပွဲတွင်လျူကျင်းကို ပြောခဲ့ဖူးသည်မဟုတ်လား...။ သူမပြောခဲ့သည့်အတိုင်းပင် ဖြစ်သည်။ မိန်းကလေးရှောင်ရွှမ်းသည် စနစ်တကျ ပျိုးထောင်ပေးမည်ဆိုပါက တစ်နေ့တွင် သူမကိုပင် ကျော်တက်သွားနိုင်သည့် ရှားပါးရတနာတစ်ပါး ဖြစ်ပေသည်။

သာမန်ကောင်လေးတစ်ယောက်အနေဖြင့် ထိုကဲ့သို့ အဖိုးတန်ရတနာမျိုးနှင့် သိကျွမ်းခွင့်ရခြင်း၊ လက်ထပ်ခွင့်ရခြင်းမှာ ဤမြို့ငယ်လေးမှ မည်သူမျှ မယှဉ်နိုင်သော ကံကောင်းခြင်းတစ်ခုပင်ဖြစ်သည်။ မိန်းကလေးရှောင်ရွှမ်းနှင့် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံနိုင်ရန် မဖြစ်နိုင်တော့မည်ကို သိနေလျှင်ပင် မိမိထံသို့ ရောက်ရှိလာသော ဤအခွင့်အရေးအတွက် သူ ဝမ်းမြောက်သင့်ပေသည်။

“ဟွန့်..”

မုန်ယွဲ့သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း မကျေနပ်သည့်အမူအရာ လုပ်လိုက်၏။

သူမတွေးလေလေ ထိုကောင်လေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မမှန်ကန်နေကြောင်း ပို၍ သတိထားမိလေလေ ဖြစ်သည်။ အခမ်းအနားအတွင်းတွင် သူမ သိပ်ပြီး အာရုံမစိုက်ခဲ့မိသော်လည်း ယခုပြန်လည် တွေးတောကြည့်လိုက်သည့်အခါ သူ့ ချီစွမ်းအင်မှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း ခံစားမိလိုက်သည်။

ထို ချီစွမ်းအင်စီးဆင်းမှုထဲတွင် တစ်စုံတစ်ခုသော လျှို့ဝှက်ချက် ရှိနေသည်။

“ဟမ်... ဘာလဲဟ။”

မုန်ယွဲ့၏ မြစိမ်းရောင် မျက်ဝန်းအစုံက တနေရာဆီသို့ မျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်လိုက်၏။ သူမသည် ညာဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေအဟုန်ကို ဖြတ်ကျော်သွားကာ မိုင်ပေါင်းများစွာ ဝေးကွာသော အရှေ့ဘက်ဆိပ်ကမ်းမြို့၏ ပြင်ပရပ်ကွက်တစ်ခုရှိ အိမ်တစ်အိမ်၏ အပေါ်တည့်တည့်သို့ ရောက်ရှိသွားတော့သည်။

“ထွက်လာခဲ့စမ်း။”

မုန်ယွဲ့၏ လေသံမှာ ပြတ်သားတည်ငြိမ်ပြီး တိုးညှင်းလှ၏။ သို့သော် ထိုလေသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး တည်နေရာတစ်ခုဆီသို့ ဦးတည်သွားသည်မှာ သေချာလှသည်။ သူတို့ကြားတွင် မည်သည့် အကာအကွယ်မျှ မရှိတော့သည့်အလား သူမအနေဖြင့် အသံကို မြှင့်ပြောရန်ပင် မလိုပါချေ။

အသက်ရှူနှုန်းတစ်ချက်မျှပင် မကြာလိုက်ပါ။ သူမ၏ ရှေ့မှောက်တွင် အရိပ်တစ်ခု ရုတ်ခြည်း ပေါ်လာသည်။ ဆီးနှင်းပွင့်များကဲ့သို့ တခေါင်းလုံးဆံပင်ဖြူနေကာ မုတ်ဆိတ်ရှည်ကြီးကို ပိုင်ဆိုင်ထားသည့် အဖိုးအိုတစ်ဦး ထွက်လာသည်။

ထိုအဖိုးအိုသည် ‘ဧကရာဇ်အဆင့်’ မဟုတ်ပေ။

ဤအချက်ကို မုန်ယွဲ့ ချက်ချင်းပင် ရိပ်မိလိုက်သည်။ အဖိုးအို၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော ချီစွမ်းအင်မှာ အသေအချာ ဖုံးကွယ်ထားကြောင်း သိလိုက်သည်။ အမှန်စင်စစ် ဤမျှအချိန်ကြာမြင့်မှ သူမအနေဖြင့် သူ့ကို ရှာဖွေတွေ့ရှိလိုက်ရခြင်းမှာပင် မုန်ယွဲ့အတွက် အံ့အားသင့်စရာ ဖြစ်နေသည်။ ဧကရာဇ်တစ်ပါးအနေဖြင့် မိမိ၏ စွမ်းအားများကို ဤမျှအထိ သေသပ်စွာ ချုပ်ထိန်းနိုင်ခြင်းမှာ အလွန်ပင် ထူးခြားသည့် လက်စွမ်းပင် ဖြစ်၏။

သို့သော်လည်း... တစ်ခုခုတော့ လွဲချော်နေသည်။ ဤအဖိုးအိုမှာ ဧကရာဇ်တစ်ပါး မဟုတ်နိူင်ချေ။

မုန်ယွဲ့၏ အာရုံခံစားမှုအရ ထိုလူ၏ချီစွမ်းအင်သည် ‘ဧကရာဇ်အဆင့်’ ၌ ရှိနေသည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤမျှ ပြင်းထန်သော စွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်ရပါက သာမန်ကျင့်ကြံသူတို့မှာ ကြောက်ရွံ့တုန်လှုပ်သွားကြမည်မှာ အမှန်ပင် ဖြစ်လေသည်။

သို့သော်လည်း ဤသူတွင် သံသယဖြစ်စရာ တခု ရှိနေသည်။

“အော…ရှင်က... သေခါနီးနေပြီပဲ။”

သူမနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာချိန်တွင် မုန်ယွဲ့သည် ထိုအဖိုးအို၏ ချီစွမ်းအင်မှာ ဝမ်းနည်းဖွယ် ကောင်းလောက်အောင် ယိုယွင်းပျက်စီးနေသည်ကို ခံစားမိလိုက်သည်။ သူ အသက်ရှင်နေသေးသည်ကိုပင် ယုံရခက်လောက်အောင် ဖြစ်နေ၏။ စင်စစ်မူ ထိုသူ့စွမ်းအားများကို ‘ဧကရာဇ်အဆင့်’ ဟု ထင်မှတ်မှားစေခြင်းမှာ သူသည် သေမင်းနှင့် နီးကပ်နေသည့်အတွက် ၎င်း၏ ကိုယ်တွင်းစွမ်းအင်များ နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်တောက်ပနေခြင်းကြောင့်သာ ဖြစ်ပေတော့သည်။

တစ်နည်းဆိုရလျှင် ဤသူသည် ယခင်က ‘ထာဝရမသေမျိုး နတ်ဘုရား အဖြစ်’ သို့ ခြေလှမ်းတစ်လှမ်း စတင်လှမ်းနိုင်ခဲ့ပြီးမှ ယခုကဲ့သို့ စွမ်းအင်များ ယိုယွင်းပျက်စီးသွားရသူတစ်ဦးပင် ဖြစ်လေသည်။

“ဟားဟား…မင်းက တော်တော်လေး ပွင့်လင်းတာပဲကိုး..။”

မုန်ယွဲ့ မျက်မှောင်ကြုတ်သွားရ၏။ ထိုအဖိုးအိုကမူ ဘာမှမမှုသည့်နှယ် ခပ်အေးအေးပင် ရယ်မောလိုက်ပြီး..

“စိတ်အေးအေးထားပါ ကလေးမရယ်။ အေး မင်းပြောသလိုပဲ ..မင်းရှေ့မှာ ရှိနေတာက သေမင်းနဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ လူပဲကွ ..၊ ဒါပေမဲ့ မင်းကိုဖြစ်စေ၊ မင်းရဲ့ တပည့်ကိုဖြစ်စေ ငါအကောက်ကြံဖို့ စိတ်ကူးမရှိဘူး ..။ ငါ့ဘဝ နေဝင်ချိန်ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခေါင်းချလို့ရမယ့်နေရာလေးတစ်ခုကိုရှာနေရုံပဲကွ ..”

မုန်ယွဲ့သည် ထိုစကားကို ချက်ချင်းပင် ယုံကြည်လိုက်မိသည်။ သူမ၏ ဂိုဏ်းညီမများသာဆိုလျှင် သူမ၏ ဤမျှလွယ်ကူသော ယုံကြည်တတ်မှုကို ဆူပူကြိမ်းမောင်းကြလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း အဖိုးအို၏ စကားလုံးများတွင် မုသားအရိပ်အယောင် တစ်စုံတစ်ရာမျှပင် သူမ မခံစားရပါပေ။

“ဒါပေမဲ့ ဒီအဖိုးကြီးကျန်းတစ်ယောက်တော့ အရမ်းကို ပေါ့ဆသွားတာပဲ။” အဘိုးအိုက သူ့ကိုယ်သူပြောသလိုဖြင့် သက်ပြင်းချရင်း ဆိုလိုက်သည်။

“ဟူး…ဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ ငါ့ကို သတိထားမိမဲ့သူ သိပ်မရှိဘူးထင်လို့ ငါသတိလက်လွတ် ချီစွမ်းအင်ဖုံးကွယ်အတတ်ကို လျှော့လိုက်မိတာ ..”

“အာ ..သိဘီ၊ ဟို ကောင်လေး..” မုန်ယွဲ့တစ်ယောက် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်နှယ် မျက်ဝန်းအစုံ ချက်ချင်းတောက်ပသွားကာ..

“သူက ရှင့်တပည့်လား။”

“အမှန်ပဲ ကလေးမ”

မုန်ယွဲ့ မျက်ခုံးတစ်ဖက်ကို အသာပင့်လိုက်ရင်း..

“အော် ဒီလိုကိုး သဘောပေါက်ဘီ ..”

ဤသို့ဆိုလျှင် သူမ၏ အမြင်များ လွဲချော်နေခဲ့ပုံရသည်။ ထိုကောင်လေးနှင့် မိန်းကလေးရှောင်ရွှမ်းတို့၏ ကံကြမ္မာလမ်းကြောင်းများသည် အနာဂတ်တွင် တစ်ဖန်ပြန်လည် ဆုံစည်းကြဦးမည့် အရိပ်အယောင်ပင် ဖြစ်တော့သည်။

All Chapters