အခန်း ၄၀
Vol. 5 Ch. 40
အခန်း ၄၀ ။ လိမ္မော်ရောင် လမ်းခွဲ
လျူကျင်းသည် သူ့ရှေ့မှ အရာကို အလွန်အာရုံစိုက်နေသည်။ သူ့ အသက်ရှူသံပင် မကြားရအောင် ငြိမ်သက်နေသည်။ ထူထဲနက်မှောင်နေသော ဟင်းရည်အိုးကြီးထဲသို့ စူးစိုက်ကြည့်လိုက်သောအခါ မည်သည့်အရာမှ ထူးခြားစွာ ပေါ်လွင်မနေပေ။ သူ့လက် များကို မတုန်ရီ အောင် သတိထားလိုက်သည်။ အချိန် ရောက်ပြီဟု ခံစားလိုက်ရသည့်အခါ သူ့လက်မှာ လျှပ် စီးလက်သွားသကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားတော့သည် ။ ဇွန်းနှင့် ဟင်းရည်အိုး ထိခတ်သံ တခု ထွက်ပေါ်လာသည်။
သူ ဟင်းရည်အိုးထဲမှ အရည်တစ်စက်မျှပင် ဖိတ်စင်မသွားအောင် ခပ်သောက်လိုက်သည်။
“ဘယ်လိုနေလဲရှင်... အဆင်ပြေရဲ့လား ရှင်။”
မိန်းကလေးရှောင်ရွှမ်း၏ အပြာရောင် မျက်ဝန်းအစုံက သူ့အဖြေကို စူးစိုက်မျှော်လင့်နေသည်။ သူမ၏ အကြည့်များအောက်တွင် လျူကျင်း မုသားစကား ဆို၍မဖြစ်မှန်း သူကိုယ်တိုင် ကောင်းစွာ သိ၏။ သူသည် ပူနွေးနေသော ဟင်းရည်ကို ခေတ္တမျှ အရသာခံလိုက်ပြီးမှ အသားနှင့် ခေါက်ဆွဲကို ပါးစပ်အတွင်းဝါးလိုက်ရင်း ဖြည်းညင်းစွာ မျိုချလိုက်သည်။
အရသာတို့က သူ့လျှာအတွင်း စိမ့်ဝင်သွားစေရန် သူ မျက်လုံးများကို အသာမှိတ်ကာ အာရုံစိုက်လိုက်၏။ ခဏအကြာတွင် သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
“အရသာကလေ...” သူ ခေတ္တမျှ ရပ်လိုက်ပြီး သေချာအရသာခံလိုက်သည်။
“အရမ်းကောင်းတာပဲ ဗျ ... လက်ရာ ဘယ်ဆိုးလို့လဲ”
မိန်းကလေးရှောင်ရွှမ်း၏ မျက်ဝန်းများမှာ ကြယ်တာရာများကဲ့သို့ တောက်ပသွားတော့သည်။
“တကယ်လား။ တကယ်ပဲ အရသာရှိတာလားရှင်”
လျူကျင်းသည် ဟင်းရည်ကို ဇွန်းဖြင့် အသာခပ်ယူ၍ တစ်ဇွန်းသောက်လိုက်သည်။ ထို့နောက် ခေါင်းကို အသာညိတ်ရင်း နောက်တစ်ဇွန်း၊ ထပ်၍ နောက်တစ်ဇွန်း ထပ်သောက်လိုက်မိ၏။
“ကောင်းတယ်ဗျာ..”
သူ့စကားသည် အပိုအလိုမရှိ၊ ရင်ထဲမှ အမှန်တကယ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဟင်းရည်မှာ အရသာရှိလွန်းလှပေသည်။
မိန်းကလေးရှောင်ရွှမ်း၏ နှုတ်ဖျားမှ ဝမ်းသာအားရ စိတ်လှုပ်ရှားသံလေး ထွက်ပေါ်လာသည်။ သူမသည် ပျော်လွန်းသဖြင့် နေရာမှာပင် ခုန်ပေါက်မိတော့မတတ် ဖြစ်နေ၏။
ဤမြင်ကွင်းမှာ အလွန်ပင် ထူးခြားဆန်းပြားလှသည်။ ဂုဏ်ဒြပ်၊ အရည်အချင်းနှင့် ကြွယ်ဝမှုတို့တွင် မိန်းကလေးရှောင်ရွှမ်းသည် အရှေ့ဘက်ဆိပ်ကမ်းမြို့ရှိ မည်သူ့ထက်မဆို သာလွန်နေသူဖြစ်ကြောင်း အထူးပြောနေစရာ မလိုပါချေ။ သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း လျူကျင်းထက် များစွာ သာလွန်နေသည်မှာ ဓမ္မတာပင်ဖြစ်သည်။ စင်စစ်မူ မိန်းကလေးရှောင်ရွှမ်းသည် သူမ၏ ချီစွမ်းအင်ကို အချိန်အများစုတွင် အောက်ခြေအဆင့်၌သာ နိမ့်ပါးအောင် ထိန်းချုပ်ထားတတ်လေ့ရှိသည်။ သို့သော် လျူကျင်း၏ အကဲခတ်နိုင်စွမ်းအရ သူမသည် သူမ၏အစ်ကိုဖြစ်သူထက် သိသာထင်ရှားစွာ ပိုမိုသန်မာကြောင်း သူ သေချာပေါက် ယုံကြည်ထား၏။
ထိုသို့သော အစွမ်းအစရှိသူ၊ မင်းသမီးလေးတစ်ပါးကဲ့သို့ နေရသူက ရိုးရှင်းလှသော ဟင်းတပွဲအတွက် ဤမျှ ပျော်ရွှင်နေသည်မှာ လျူကျင်းကို အံ့ဩမှင်သက်သွားစေသည်။
သူတို့ လက်ထပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပတ်ကျော်ခဲ့ပြီ ဖြစ်၏။ ထိုအချိန်မှစ၍ မုန်ယွဲ့ကို တစ်ကြိမ်တစ်ခါမျှ ထပ်မမြင်ရတော့ပေ။ ထိုအမျိုးသမီးသည် ရောက်လာခဲ့စဉ်ကကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ကွယ်ပျောက်သွားခဲ့သည်။ သို့သော် သူမ၏ ထိုခေတ္တခဏ လာရောက်လည်ပတ်မှုမှာ ရှောင်ဂိုဏ်းတင်မကဘဲ အရှေ့ဘက်ဆိပ်ကမ်းမြို့တစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှုများ ကျန်ရစ်ခဲ့သည်မှာတော့ အမှန်ပင် ဖြစ်တော့သည်။
မုန်ယွဲ့ ပေါ်လာပြီးနောက်ပိုင်း အရှေ့ဘက်ဆိပ်ကမ်းမြို့ကြီးမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွား၏။ လူအပေါင်းတို့၏ ပါးစပ်ဖျားတွင် သူမအကြောင်းကိုသာ တိုးတိုးတိတ်တိတ် ရေရွတ်နေကြဆဲဖြစ်ပြီး ခိုင်းဖော်ခိုင်းဖက်များမှာလည်း တစ်စုံတစ်ရာကို ကြောက်ရွံ့သလိုလိုဖြင့် သတိဝီရိယ အပြည့်နှင့် လှုပ်ရှားနေကြရသည်။ မည်သည့်အချိန်တွင် မည်သည့်ပွဲလမ်းသဘင်ကို ရုတ်တရက် ပြင်ဆင်ပေးရမည်မှန်း မသိရသောကြောင့် အသင့်အနေအထားဖြင့်သာ စောင့်ဆိုင်းနေကြရခြင်း ဖြစ်၏။
မုန်ယွဲ့သည် နောက်တစ်ကြိမ် မည်သည့်အချိန်တွင် မမျှော်လင့်ဘဲ ပေါ်လာဦးမည်နည်း။ အရှေ့ဘက်ဆိပ်ကမ်းမြို့ရှိ သြဇာညောင်းသော လူကြီးမင်းများ၏ အမြင်တွင်မူ သတိဝီရိယရှိရှိ နေထိုင်ခြင်းသည်သာ အကောင်းဆုံးပင် ဖြစ်တော့သည်။
ဤအကြောင်းအရာများကို အစ်ကိုကြီးရှောင်နန်က လျူကျင်းအား စိတ်ဝင်တစား ပြောပြနေခြင်း ဖြစ်၏။ သို့သော် လျူကျင်းတစ်ယောက်မှာမူ အပြင်လောကနှင့် အဆက်ပြတ်နေသည်မှာ ကြာပြီ ဖြစ်သည်။ သူနှင့် မိန်းကလေးရှောင်ရွှမ်းတို့ လက်ထပ်ပြီးသည့်နေ့မှစ၍ သူသည် ရှောင်ဂိုဏ်းဝင်းပြင်ပသို့ ခြေတစ်လှမ်းမျှ မထွက်ခဲ့ရပါချေ။
လျူကျင်းနှင့် မိန်းကလေးရှောင်ရွှမ်းတို့၏ အိမ်ထောင်ရေးဘဝမှာမူ သာယာအေးချမ်းလှပေသည်။ သို့သော် သူတို့သည် လင်မယားဖြစ်လာကြပြီ ဖြစ်ရာ မိန်းကလေးရှောင်ရွှမ်းကို သူ့ဖခင်၏ ဆေးခန်းငယ်လေးသို့ ခေါ်သွားရန်မှာ မဖြစ်နိုင်သလို၊ မိန်းကလေးရှောင်ရွှမ်းကလည်း ပင်မအိမ်တော်တွင် ဇွတ်အတင်း ဆက်နေရန်မှာလည်း မသင့်လျော်ပေ။ ထို့ကြောင့် ဂိုဏ်းချုပ် ရှောင်ကျန်းကိုယ်တိုင်က ဂိုဏ်းဝင်းအတွင်းပိုင်း၌ အိမ်ငယ်လေးတစ်လုံးကို အထူးစီစဉ် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဤအိမ်လေးမှာ အခြားသော ရှောင်ဂိုဏ်း၏ ကြီးမားလှသည့် အဆောက်အအုံများနှင့် ယှဉ်လျှင် သေးငယ်သည်ဟု ဆိုရမည်သာ ဖြစ်၏။ သို့သော် လျူကျင်း၏ အမြင်အရ ၎င်းမှာ သူ့ဖခင်ပိုင်ဆိုင်သော ဆေးခန်းထက်ပင် အဆပေါင်းများစွာ ကြီးမားပြီး လက်ရာမှာလည်း ပိုမိုခန့်ညားထည်ဝါလှပေသည်။ သူတို့လင်မယား၏ ပစ္စည်းဥစ္စာများကို ထားသိုရန်အတွက်ပင် နေရာလွတ်များစွာ ကျန်နေသေး၏။ အထူးသဖြင့် သူတို့၏ အဖိုးတန် 'အဆုံးမဲ့စွမ်းအင်သစ်ပင်' လေးအတွက်လည်း နေရောင်ခြည်ကောင်းကောင်းရသည့် ထောင့်လေးတစ်နေရာကို စိတ်တိုင်းကျ ရွေးချယ်ထားနိုင်ခဲ့သည်။
အိမ်လေးအတွင်းသို့ အစ်ကိုကြီးရှောင်နန်နှင့် ဂိုဏ်းချုပ် ရှောင်ကျန်းတို့ကတော့ မကြာခဏဆိုသလို လာရောက်လည်ပတ်လေ့ရှိကြသည်။ သို့သော် လျူကျင်း၏ ဖခင်မှာမူ ဆေးခန်းကိစ္စများဖြင့် အလွန်အလုပ်များနေသဖြင့် ဤနေရာသို့ လက်ရှိအထိ နှစ်ကြိမ်သာ ရောက်ရှိဖူးသေး၏။
ခြုံပြောရလျှင် ယနေ့သည် အလွန်အေးချမ်းသာယာသော နေ့တစ်နေ့ပင် ဖြစ်သည်။
ရှောင်ရွှမ်းသည် ဇနီးကောင်းတစ်ယောက်ပီသအောင် ကြိုးစားနေသည်ကို မြင်တော့ လျူကျင်း အံ့ဩမိသည်။ ထိုစဉ်က ပထမဆုံးတွေ့ဆုံချိန်တွင် ဟင်းချက်ကျွေးမည်ဟု သူမ ပြောခဲ့ဖူးသော်လည်း၊ ယခုကဲ့သို့ စိတ်ရောကိုယ်ပါ နစ်ဝင်ကာ လုပ်ဆောင်လိမ့်မည်ဟု လျူကျင်း လုံးဝ မထင်မှတ်ထားခဲ့ပေ။
ရှောင်ရွှမ်းသည် မည်သည့်ကိစ္စကိုမဆို အလွန်အလေးအနက်ထားတတ်မှန်း လျူကျင်း ရိပ်မိလိုက်သည်။ သူမသည် "ဇနီးသည်ဆိုသည်မှာ ဤသို့လုပ်ရမည်၊ ထိုသို့နေရမည်" ဟု ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချက်များ ချမှတ်ထားပုံရသည်။ ဟင်းချက်ခြင်းက သူမ အားအစိုက်ဆုံးအလုပ် ဖြစ်သော်လည်း၊ လျူကျင်း၏အမြင်တွင်မူ သူမသည် ဇနီးသည်တစ်ယောက်အဖြစ် နေထိုင်ရသည်ကိုပင် အလွန်အမင်း သဘောကျနှစ်ခြိုက်နေပုံရသည်။ ရှောင်ရွှမ်းသည် နေ့စဉ် အနည်းဆုံး တစ်နာရီ၊ နှစ်နာရီခန့် မီးဖိုချောင်ထဲတွင် အချိန်ကုန်လွန်ကာ ဟင်းချက်လေ့ကျင့်တတ်သည်။ ထို့ပြင် ဟင်းချက်နေစဉ်အတွင်း လျူကျင်းကို မီးဖိုချောင်ထဲသို့ လုံးဝ ဝင်ခွင့်မပြုဘဲ တားမြစ်ထားတတ်လေသည်။
ယနေ့မတိုင်မီအထိ ရှောင်ရွှမ်းသည် သူမချက်ပြုတ်ထားသော ဟင်းလျာများကို လျူကျင်းအား မြည်းစမ်းခွင့်ပင် မပေးခဲ့ဖူးချေ။ ဟင်းပွဲများကို ခိုင်းဖော်ခိုင်းဖက်များ လက်ဆင့်ကမ်းမှတစ်ဆင့်သာ လျူကျင်းထံ ပို့ဆောင်စေခဲ့သည်။ ယခုမူ သူမကိုယ်တိုင် လျူကျင်း၏ရှေ့တွင် ရပ်နေရင်း အကဲခတ်သလို စောင့်မျှော်ကြည့်ရှုနေလေသည်။
“ရှင်... ကျွန်မ ချက်ပေးတဲ့ ဟင်းရည်ကို သဘောကျတယ်ဆိုလို့ တကယ်ပဲ ဝမ်းသာမိပါတယ်ရှင်”
ရှောင်ရွှမ်း၏ မျက်နှာထက်မှ အပြုံးမှာ စိတ်ရင်းအမှန်အတိုင်း ပွင့်လင်းကြည်နူးနေသည်။ ဤမျှ သေးငယ်လှသော ကိစ္စလေးတစ်ခုက သူမကို ယခုမျှအထိ ပျော်ရွှင်သွားစေနိုင်သည်ကို လျူကျင်း နားမလည်နိုင်အောင်ပင် ဖြစ်ရ၏။
“ဒီနေ့ကစပြီး ဇနီးကောင်းတစ်ယောက်ပီပီ ရှင်အတွက် အကောင်းဆုံးဖြစ်အောင် ကျွန်မ ချက်ပြုတ်ပေးသွားမှာပါ”
“အာ... အဲ့ဒီလောက်အထိတော့ ကျွန်တော် အားနာ…—”
“မဟုတ်တာရှင်”
ရှောင်ရွှမ်းက စကားဖြတ်ပြောလိုက်သဖြင့် လျူကျင်း အံ့အားသင့်သွားရသည်။ သူမက သူ့ထံသို့ လျင်မြန်စွာ တိုးကပ်လာရာ နှာခေါင်းဖျားချင်း ထိလုမတတ်ပင် ဖြစ်သွား၏။ သူမ၏ ကြည်လင်လှသော အပြာရောင် မျက်ဝန်းအစုံက သူ့မျက်ဝန်းနီများထဲသို့ စူးစိုက်ကြည့်နေလေသည်။
“ဒါကိုတော့ သေချာပေါက် လုပ်ပေးရမှာပေါ့… လျူကျင်းရယ်”
လျူကျင်း စကားတစ်ခွန်းမျှ မဆိုနိုင်တော့ဘဲ ငေးမောနေမိသည်။ "လျူကျင်းရယ်" ဟူသော နူးညံ့လှသည့် လေသံလေးက သူ့နှလုံးခုန်သံကိုပင် ခေတ္တရပ်တန့်သွားစေသလို ခံစားလိုက်ရသည်။
လျူကျင်း ခေါင်းကို အသာစောင်းကာ ဇဝေဇဝါအကြည့်ဖြင့် မေးလိုက်၏။ “ဇနီးကောင်းတစ်ယောက် ဖြစ်ဖို့က… ရှောင်ရွှမ်းအတွက် တကယ်ပဲ ဒီလောက်အထိ အရေးကြီးလို့လား?”
ရှောင်ရွှမ်းသည် မျက်လွှာကို အသာချလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလေသည်။ “ဟုတ်တာပေါ့… တကယ် အရေးကြီးတာပေါ့။ ကျွန်မမှာ စီမံခန့်ခွဲစရာ ဘဏ္ဍာရေးတွေမှ မရှိတာ။ စောင့်ရှောက်ရမယ့် စီးပွားရေးလုပ်ငန်းတွေလည်း မရှိဘူး။ ပြီးတော့… အနာဂတ်မှာ ကလေးတွေကို ထိန်းကျောင်းစောင့်ရှောက်ရမယ့် တာဝန်မျိုးတွေကလည်း ကျွန်မတို့အတွက် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူးလေ။ အဲဒီလိုကိစ္စမျိုးတွေကို ပူပန်ရမယ့်အရွယ် ရောက်တဲ့အခါကျရင် ကျွန်မတို့ အတူတူ ရှိနေကြတော့မှာမှ မဟုတ်တာ။ ဒါကြောင့်မို့လို့… ကျွန်မတို့ အတူရှိနေခွင့်ရတဲ့ ကျန်ရှိတဲ့ အချိန်လေးမှာ ဇနီးတစ်ယောက်အနေနဲ့ လုပ်ပေးသင့်တာလေးတွေကိုပဲ အကောင်းဆုံး လုပ်ပေးချင်တာပါ…”
ဇနီးသည်တစ်ယောက် လုပ်ဆောင်ရမည့်အရာများ…။
အစပိုင်းတွင် အလွန်ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း ရှောင်ရွှမ်းအတွက်မူ ဤအရာသည် ဘဝတွင် ထပ်မံရရှိနိုင်တော့မည်မဟုတ်သည့် အဖိုးတန်အခွင့်အရေးတစ်ခု ဖြစ်နေသည်။ ဤခေတ္တမျှသော အချိန်နှင့် ယာယီအေးချမ်းမှုမှာ သူမအတွက်မူ မုန်တိုင်းမလာမီ ဆိတ်ငြိမ်ခြင်းမျှသာ ဖြစ်၏။ မုန်ယွဲ့သည် တစ်နေ့တွင် သူမကို မုချလာရောက်ခေါ်ဆောင်သွားမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေသည်မဟုတ်ပါလား။
ထိုနေ့ရက်များ ရောက်လာပြီးနောက်ပိုင်း ရှောင်ရွှမ်းအနေဖြင့် သူမ၏ မိသားစုနှင့် ထပ်မံဆုံတွေ့ခွင့် ရဦးမည်လားဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ခွင့် ရနိုင်ဦးမည်ဆိုလျှင်ပင် မည်သည့်အချိန်ဖြစ်မည်ကို မည်သူမျှ အာမခံချက် ပေးနိုင်မည် မဟုတ်ပေ။
သူနှင့် ရှောင်ရွှမ်းတို့ နှစ်ဦးကြားတွင် နှစ်ပေါင်းရာချီကြာသည်အထိ ပြန်မဆုံဖြစ်ကြတော့သည်လည်း ဖြစ်နိုင်ပါ၏။ ဂိုဏ်းချုပ် ရှောင်ကျန်းနှင့် နတ်သမီး မုန်ယွဲ့တို့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများအတွက်မူ နှစ်တစ်ရာဆိုသည်မှာ ပြောပလောက်သည့် ကိစ္စမဟုတ်ဘဲ မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်သည်။
မှန်ပေသည်။ ထိုကျင့်ကြံသူကြီးများအတွက်မူ ထိုသို့ပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း လျူကျင်းနှင့် ရှောင်ရွှမ်းတို့မှာမူ အချိန်ကာလ၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်မရှိသေးသည့် ကလေးသူငယ်မျှသာ ရှိသေးသည်မဟုတ်ပါလား။
“ကျွန်တော် သဘောပေါက်ပါပြီ…” လျူကျင်းသည် မျက်ဝန်းများကို အသာမှိတ်လိုက်သည်။
“တောင်းပန်ပါတယ်… ရှောင်ရွှမ်းအတွက် ဒီကိစ္စက ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာကို ကျွန်တော် လွဲမှားပြီး တွေးမိသွားတယ်။ အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ အတူတူရှိနေရမယ့် နောက်ဆုံးနေ့ရက်အထိ ရှောင်ရွှမ်း ချက်ပြုတ်ပေးတဲ့ ဟင်းလျာတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ အမြဲစားသောက်ပါ့မယ်”
ရှောင်ရွှမ်း၏ နှုတ်ခမ်းထက်တွင် ပျော်ရွှင်ကြည်နူးစရာ အပြုံးတစ်ပွင့် ဝေဆာသွားသည်။
“ကျေးဇူးတင်ပါတယ်… လျူကျင်းရယ်”
“ပြီးတော့...”
“ဟုတ်ကဲ့ရှင့်… ”
လျူကျင်း ခပ်ပြုံးပြုံးဖြင့် သူမကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“ရှောင်ရွှမ်းက ဇနီးကောင်းတစ်ယောက်လို အစစအရာရာ ပြုမူဂရုစိုက်ချင်နေတယ်ဆိုရင်၊ ကျွန်တော်ကလည်း ခင်ပွန်းကောင်းတစ်ယောက်လို လုပ်ပေးဖို့ လိုတာပေါ့ မဟုတ်ဘူးလား”
ရှောင်ရွှမ်း၏ မျက်ဝန်းအစုံမှာ ဝိုင်းစက်သွားပြီး “တကယ်လားဟင်…” ဟု ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။
သူတို့ပတ်ဝန်းကျင်ရှိ မြင်ကွင်းမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုး မရှိပေ။ အရှေ့ဘက်ဆိပ်ကမ်းမြို့၏ လူစည်ကားလှသော ဈေးကုန်သည်ရပ်ကွက်ထဲမှ လမ်းမတစ်ခုသာ ဖြစ်၏။ လမ်းဘေးဝဲယာတစ်လျှောက်တွင် အရသာရှိသော အစားအသောက်ဆိုင်ခန်းလေးများထံမှ မွှေးပျံ့သော ရနံ့များက ပျံ့လွင့်နေသည်။ လမ်းဘေးတစ်နေရာတွင်မူ လူနှစ်ဦးက အရုပ်ငယ်တစ်ရုပ်အတွက် ဈေးဆစ်နေကြပြီး၊ တစ်ယောက်ထက်တစ်ယောက် အသာစီးရစေရန် လက်ဟန်ခြေဟန်မျိုးစုံဖြင့် အပြင်းအထန် ငြင်းခုံနေကြလေသည်။
လျူကျင်းအတွက်မူ ဤမြင်ကွင်းမှာ နေ့စဉ်နှင့်အမျှ မြင်တွေ့နေကျ ဖြစ်သော၊ သက်ဝင်လှုပ်ရှားနေသည့် လူ့လောကကြီးတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ရှောင်ရွှမ်းအတွက်မူ ဤသည်မှာ သူမ၏ ကိုယ်ပိုင်မျက်ဝန်းဖြင့် ပထမဆုံးအကြိမ် မြင်တွေ့ဖူးသည့် လောကသစ်ကြီးတစ်ခု ဖြစ်နေသည်။
သူတို့နှစ်ဦးစလုံးသည် အမြဲဝတ်ဆင်နေကျ မဟုတ်သော ဝတ်စုံများကို ဆင်မြန်းထားကြသည်။ ရှောင်ဂိုဏ်းဝင်များ၏ အရှိန်အဝါကို ဖော်ပြသည့် တန်ဖိုးကြီးဝတ်ရုံများအစား ယခုမူ အရောင်အသွေး နူးညံ့သိမ်မွေ့ပြီး ရိုးရှင်းလှသည့် အရပ်သားဝတ်စုံများကိုသာ လဲလှယ်ဝတ်ဆင်ထားကြ၏။ လူအုပ်ကြားထဲတွင် ထင်ရှားပေါ်လွင်မသွားစေရန် တမင်ဖန်တီးထားခြင်းဖြစ်သည်။ ထို့ပြင် သူတို့၏ မျက်နှာသွင်ပြင်များကိုလည်း အနည်းငယ် ရုပ်ဖျက်ထားကြသေးသည်။ လျူကျင်း၏ ထင်ရှားလှသော ပင်ကိုယ်မျက်ဝန်းနီများမှာ ယခုအခါ သာမန်အညိုရောင်သို့ ပြောင်းလဲသွားပြီး၊ ရှောင်ရွှမ်း၏ လွန်ကဲလှသော ပင်ကိုယ်အလှကို ဖုံးကွယ်ရန်အတွက် ဆံပင်နှင့် မျက်ဝန်းအစုံကိုလည်း သာမန်အနက်ရောင်အဖြစ် ပြောင်းလဲထားလေသည်။
ရှောင်နန်၏ ရုပ်ဖျက်အသွင်ပြောင်း လျှို့ဝှက်ပညာရပ်မှာ အမှန်တကယ်ပင် အံ့မခန်း လက်စွမ်းပြနိုင်သည်ဟု ဆိုရမည်။
အထူးသဖြင့် ရှောင်ရွှမ်းကို အသွင်ပြောင်းပေးထားမှုမှာ လျူကျင်းထက်ပင် ပိုမိုစေ့စပ်သေချာလှ၏။ အကြောင်းမူကား ရှောင်ရွှမ်း၏ ပင်ကိုယ်ရုပ်ရည်မှာ သာမန်အတိုင်းသာ လွှတ်ထားပါက လူတကာ၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်မိစေမည့် နတ်သမီးတစ်ပါးကဲ့သို့ သွေးမတော်သားမစပ်လှပလွန်းနေသောကြောင့်ပင် ဖြစ်သည်။
“လျူကျင်းရယ်..၊ ကျွန်မပျော်လိုက်တာ …ရှင် ဘယ်လိုများ..”
သူမ အံ့ဩဝမ်းသာနေသည့် အဖြစ်ကို လျူကျင်း ကောင်းကောင်း နားလည်ပေးနိုင်ပါသည်။ ရှောင်ရွှမ်းသည် မွေးဖွားလာကတည်းက ရှောင်ဂိုဏ်း၏ တံတိုင်းကြီးများကို ကျော်လွန်၍ ပြင်ပလောကသို့ ခြေတစ်လှမ်းမျှ မချဖူးသူ ဖြစ်သည်။ အတိအကျပြောရလျှင် သူတို့နှစ်ဦး မင်္ဂလာမဆောင်မီက ရှောင်ရွှမ်းသည် ဂိုဏ်း၏ ပင်မအိမ်တော်အပြင်ဘက်သို့ပင် မထွက်ဖူးခဲ့ချေ။ တစ်ခါတစ်ရံတွင်မူ သူမ၏ အဆောင်ခန်းလေးထဲမှပင် အပြင်သို့ ခြေဦးမလှည့်ဖူးခဲ့သည်အထိ ဖြစ်နိုင်ပေသည်။
ယခုမူ… သူမသည် လွတ်လပ်မှု၏ အရသာကို ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ရရှိခံစားနေရပြီ ဖြစ်၏။
လက်ရှိတွင် အဆောင်ပြတင်းပေါက် အကန့်အသတ်ကြားမှသာ အမြဲတမ်း ငေးမောကြည့်ခဲ့ရသော လမ်းမထက်တွင် ရှောင်ရွှမ်းတစ်ယောက် စိုးရိမ်ပူပန်မှု အလျင်းကင်းစွာဖြင့် လျှောက်လှမ်းနေပြီဖြစ်သည်။ သူမ၏ မျက်ဝန်းအစုံသည် ပတ်ဝန်းကျင်ရှိ လှုပ်ရှားသက်ဝင်နေသော မြင်ကွင်းအားလုံးကို တစ်စက်မကျန် အမိအရ ဖမ်းယူကြည့်ရှုနေမိ၏။
လမ်းဘေးမှ ပန်းသည်များ။
စားသောက်ဆိုင်များ မှ သရေကျချင်စရာ စားစရာအနံ့များ။
လူတို့၏ စကားပြောသံများ။
ဤအရာအားလုံးသည် သူမဘဝအတွက် အရေးပါသော မြင်ကွင်းများပမာ သေချာ စူးစမ်းရင်း ပျော်ရွှင်နေသည်။
“အဟက်… ကျွန်တော် ဂိုဏ်းချုပ် ဆီမှာ ခွင့်ရဖို့ တော်တော်လေး အပူကပ်ခဲ့ရတယ်ဗျ”
လျူကျင်း၏ စကားကြောင့် ရှောင်ရွှမ်း၏ မျက်ဝန်းအစုံသည် ချက်ချင်းပင် သူ့ထံသို့ ဝဲလှည့်လာသည်။ သူမ၏ မျက်ဝန်းနက်နက်ထဲတွင် လှိုက်ခနဲ ဖြစ်ပေါ်လာသော ဇဝေဇဝါသံသယရိပ်ကို လျူကျင်း အလွယ်တကူပင် ဖတ်နိုင်လိုက်၏။
“တကယ်လားဟင်…”
လျူကျင်းသည် ရှက်ရွံ့သလိုလိုဖြင့် အကြည့်ကို အသာလွှဲလိုက်ရင်း—
“သေချာတာပေါ့ဗျာ ..ကျွန်တော် ရှောင်ရွှမ်းနဲ့ အပြင်ထွက်ခွင် တောင်းဆိုလိုက်တာဗျ…”
စင်စစ်မူ သူအလွန်တရာ ခက်ခက်ခဲခဲတောင်းဆိုလိုက်ရခြင်းဖြစ်သည်။
သူ မည်သည့်အချိန်ကတည်းက စတင်တောင်းဆိုခဲ့သနည်း…။ အဖြေမှာ မင်္ဂလာပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်ကတည်းကပင် ဖြစ်၏။ ရှောင်ရွှမ်းသည် အပြင်လောကကြီးကို မြင်တွေ့လိုကြောင်း၊ သာမန်လူတို့၏ ဘဝထဲတွင် လမ်းလျှောက်ကြည့်ချင်ကြောင်း မကြာခဏ ရေရွတ်တတ်သဖြင့် လျူကျင်းက သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့သည်။
သူသည် အကိုကြီးရှောင်နန်ကို အကူအညီတောင်းခံကာ ဂိုဏ်းချုပ် ရှောင်ကျန်းနှင့် တွေ့ဆုံခွင့်ရရန် စီစဉ်ခဲ့သည်။ ထို့နောက် လျူကျင်းသည် ရှောင်ဂိုဏ်းချုပ်ကြီး၏ ရှေ့မှောက်တွင် ဒူးထောက်ကာ၊ ရှောင်ရွှမ်းအားအရှေ့ဘက်ဆိပ်ကမ်းမြို့၏ လမ်းမများပေါ်သို့ လမ်းလျှောက်ခေါ်သွားခွင့်ပြုပါရန် စိတ်ရင်းမှန်ဖြင့် အသနားခံ တောင်းဆိုခဲ့လေသည်။
အစပိုင်းတွင်မူ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းက တင်းမာခက်ထန်စွာဖြင့် ခေါင်းခါငြင်းပယ်ခဲ့သည်။
ရှောင်ကျန်း ငြင်းပယ်ခဲ့ရခြင်းမှာလည်း အကြောင်းမဲ့မဟုတ်ပေ။ သူသည် သမီးဖြစ်သူအပေါ် အလွန်အမင်း အကာအကွယ်ပေးလိုစိတ် ထက်သန်သူ ဖြစ်သည်။ ယခင်ကတည်းက ရှောင်ကျန်းသည် သမီးဖြစ်သူ၏ ကံကြမ္မာအပေါ် စိုးရိမ်ပူပန်မှုများဖြင့်သာ သောကဗျာပါဒ ရောက်နေခဲ့ရသူ ဖြစ်၏။ သူမ၏ တန်ဖိုးမဖြတ်နိုင်သော ဖြစ်တည်မှုကို မည်သူမဆို လုယူသွားကြမည်ကို စိုးရိမ်သဖြင့် အမြဲတမ်း ဖုံးကွယ်ထားခဲ့ရသည်။ အဆုံးမဲ့စွမ်းအင်အပင် နှင့် တစ်သားတည်း ဖြစ်တည်နေသော ရှောင်ရွှမ်းကို အခန်းကျဉ်းလေးတစ်ခုထဲ၌သာ ပိတ်လှောင်ထားခဲ့ရခြင်းမှာလည်း သူမ၏ အသက်ကို စောင့်ရှောက်ရန်အတွက်သာ ဖြစ်ပေသည်။
သို့သော်လည်း ထိုစိုးရိမ်ပူပန်မှုများမှာ ယခုအခါတွင်မူ အရေးမပါတော့ပေ။
ရှောင်ရွှမ်း၏ ဖြစ်တည်မှု အမှန်တရားကို သိရှိပြီးဖြစ်သလို၊ သူမ၏ ကံကြမ္မာလမ်းကြောင်းမှာလည်း အစောကတည်းက သတ်မှတ်ပြီးသား ဖြစ်နေသည်။ သူမ၏ ခန္ဓာကိုယ်သည်လည်း အရင်ကကဲ့သို့ အပင်ကိုသာ အမြဲအမှီပြုနေရတော့မည် မဟုတ်ချေ။ လျူကျင်းသည် ဤအချက်နှင့် ပတ်သက်၍ သူ့အဖေ ကို မေးခဲ့ဖူးသည်။ ဖခင်ဖြစ်သူ၏ အဆိုအရ ရှောင်ရွှမ်းသည် လက်ရှိအခြေအနေတွင် စွမ်းအားသစ်ပင်နှင့် အနည်းဆုံး ရက်အနည်းငယ်မျှ ခပ်ဝေးဝေးတွင် နေနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထိုအခွင့်အရေးကို အသုံးချကာ လျူကျင်းသည် ရှောင်ကျန်းထံသို့ အကြိမ်ကြိမ် အခါခါ ခွင့်တောင်းခဲ့ခြင်းဖြစ်သည်။
သူသည် ရှောင်ရွှမ်းကို ကြိုတင်၍ မျှော်လင့်ချက်များ ပေးထားပြီးမှ နောက်ဆုံးတွင် စိတ်ပျက်အားလျော့သွားရမည့်မျိုးကို မလိုလားသဖြင့် ဤကိစ္စကို လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် လျူကျင်းကိုယ်တိုင်ပင် ဤအစီအစဉ် အောင်မြင်လိမ့်မည်ဟု ရာနှုန်းပြည့် မမျှော်လင့်ထားခဲ့ပေ။ ရှောင်ကျန်းမှာ မည်မျှအထိ ခေါင်းမာခက်ထန်သူဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။ သို့သော်လည်း ကံကောင်းစွာဖြင့် နောက်ဆုံးတွင်မူ ဂိုဏ်းချုပ်ကြီးသည် သူ့တောင်းဆိုချက်ကို ခေါင်းညိတ်လက်ခံပေးခဲ့၏။ မကြာမီကာလအတွင်း သမီးဖြစ်သူက အဝေးသို့ ထွက်ခွာသွားရတော့မည်ဖြစ်ရာ ဖခင်တစ်ယောက်အနေဖြင့် ဖြည့်ဆည်းပေးချင်သည့် နောက်ဆုံးဆန္ဒကလည်း ဤဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိခဲ့ပေလိမ့်မည်။
လျူကျင်းသည် ရှောင်ရွှမ်း၏ လက်ဖဝါးနုနုကို အသာအယာ ဆုပ်ကိုင်ရင်း ပြုံးပြလိုက်သည်။
“ကျွန်တော် ဂိုဏ်းချုပ်ကြီးနဲ့ သေချာဆွေးနွေးခဲ့တာပါ… ရှောင်ရွှမ်း ကြီးပြင်းလာခဲ့တဲ့ ဒီမြို့ကို ကိုယ်တိုင် ခြေဆန့်ပြီး လေ့လာခွင့်မရလိုက်ရင် တကယ့်ကို နှမြောဖို့ကောင်းမှာပေါ့လို့ ပြောလိုက်တော့မှ… သူ သဘောတူခွင့်ပြုခဲ့တာပေါ့”
ရှောင်ရွှမ်း၏ မျက်ဝန်းအစုံမှာ မျက်ရည်ကြည်စများဖြင့် ဝေ့သီလာသည်။ သူမသည် လျူကျင်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း တုန်ယင်နေသော အသံဖြင့် “ကျေးဇူးတင်ပါတယ်… လျူကျင်းရယ်” ဟု ရေရွတ်လိုက်သည်။
လျူကျင်းသည် သူမ၏ လက်ဖဝါးလေးကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။ ရှောင်ရွှမ်းကလည်း သူ့လက်ကို ပြန်ကိုင်လိုက်သည်။ ထိုအပြုအမူသည် စကားလုံးများထက် ပိုမိုနက်ရှိုင်းသော ခံစားချက်ကို ဖော်ဆောင်နေသည်။
“လာ… ဒီမြို့လေးကို ကျွန်တော်လိုက်ပြပေးမယ်”
လျူကျင်းက ပြုံးပြရင်း သူမကို လူအုပ်ကြီးထဲသို့ ခေါ်ဆောင်သွားလိုက်သည်။ သို့သော် သူတို့နှစ်ဦးတည်း လွတ်လပ်စွာ လျှောက်လှမ်းနေခြင်းမဟုတ်ကြောင်း လျူကျင်း ကောင်းစွာသိသည်။ ဂိုဏ်းချုပ် ရှောင်ကျန်း၏ တင်းကျပ်လှသော အမိန့်အရ ရှောင်ဂိုဏ်းမှ အထူးလေ့ကျင့်ထားသည့် တပည့်တစ်စုသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို အဝေးမှ တိတ်တဆိတ် စောင့်ကြည့်ကာ အစောင့်အရှောက် ပြုလုပ်ပေးနေကြသည်။
လျူကျင်း ကမူ ဤအစီအစဥ်ကို သဘောမကျစရာအကြောင်းမရှိပေ။ လူစည်ကားရာလမ်းမပေါ်တွင် မည်သူနှင့်တွေ့မည်၊ မည်သည့်အန္တရာယ်နှင့် ကြုံမည်ကို ကြိုတင်ခန့်မှန်း၍မရနိုင်ပေ။ ထို့ကြောင့် တပည့်များက အန္တရာယ်ရှိနိုင်သည့် အခြေအနေမျိုးကို ရိပ်မိပါက ချက်ချင်းဝင်ရောက် ထိန်းသိမ်းပေးနိုင်ရန် အသင့်ရှိနေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ ယခုအချိန်အထိမူကား ထူးခြားသည့် အနှောင့်အယှက်မျိုး လုံးဝ မကြုံတွေ့ရသေးပေ။
“ဒါလေး စားကြည့်ပါဦး”
လမ်းဘေးဈေးသည်တစ်ဦးထံမှ မုန့်အချို့ကို ဝယ်ယူရင်း လျူကျင်းက ရှောင်ရွှမ်းကို ကမ်းပေးလိုက်သည်။ ဤကဲ့သို့ လမ်းဘေးမုန့်မျိုးကို ရှောင်ရွှမ်းအား ကျွေးရန်ဆိုသည်မှာ လျူကျင်း၏ အတွေးထဲတွင် ဘယ်တော့မှ ရှိခဲ့မည်မဟုတ်ပေ။ သို့သော် အကိုကြီး ရှောင်နန်တစ်ယောက် ရှောင်ရွှမ်းကို ဤမုန့်မျိုး ခိုးကျွေးလေ့ရှိကြောင်းနှင့် သူမ အလွန်နှစ်သက်ကြောင်း ပြောပြခဲ့ဖူးသည်ကို သတိရသွားသဖြင့် ယခုကဲ့သို့ စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။
“အိုး… အရသာရှိလိုက်တာရှင် ”
ပထမဆုံးအကိုက်မှာပင် ရှောင်ရွှမ်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမသည် အရသာကို အပြည့်အဝခံစားနိုင်ရန် မျက်လုံးများကို မှိတ်ထားလိုက်သည် ။ မကြာမီတွင် နှုတ်ခမ်းစွန်းတွင် ပျော်ရွှင်သောအပြုံးတစ်ခု ပေါ်လာသည်။
“တကယ်ပါ လျူကျင်းရယ်..၊ အခုမှ အပူအအေး မပျက်ဘဲ ပူပူနွေးနွေး လုပ်ထားတဲ့ ဒီမုန့်ကို စားဖူးတာပဲ..၊ အရသာရှိလိုက်တာ နွေးထွေးပြီး အားရှိသွားသလိုပဲ”
သူတို့သည် ဈေးဆိုင်တန်းများကြားတွင် ပျော်ရွှင်စွာ လမ်းလျှောက်သွားလာရင်း လက်ဆောင်ပစ္စည်း အသေးအမွှားလေးများကို ရှာဖွေဝယ်ယူကြသည်။ ရှောင်ရွှမ်းသည် ရိုးရှင်းလှသော လက်ကောက်တစ်ခုကို စိတ်ဝင်တစား ရွေးချယ်လိုက်သည်။ ရှောင်ဂိုဏ်း၏ တန်ဖိုးကြီး ရတနာများနှင့် ယှဉ်လျှင် ဈေးပေါလွန်းသော အရာဖြစ်သော်လည်း သူမသည် ချီတုံချတုံမရှိဘဲ ချက်ချင်းပင် လက်တွင် စွပ်လိုက်သည်။ သူမအတွက်မူ ဤလက်ကောက်လေးမှာ အဖိုးတန် ကျောက်မျက်ရတနာများထက် ပို၍ပင် တောက်ပနေသည်။
လျူကျင်းသည် သူတို့နှစ်ဦးလျှောက်သွားနေရာမှ အရှေ့ဘက်ဆိပ်ကမ်းမြို့၏ မြို့စွန်ရပပကွက်များသို့ မရောက်သွားစေရန် အထူးသတိထားနေသည်။ သူတို့ အသွင်ပြောင်းထားသော်လည်း တစ်စုံတစ်ယောက်က မှတ်မိသွားရန် အခွင့်အလမ်းမှာ အလွန်များပြားသည်။ ထို့ကြောင့် လျူကျင်းသည် ရှောင်ရွှမ်းကို မြို့အတွင်းပိုင်းရပ်ကွက်များသို့သာ ခေါ်ဆောင်သွားပြီး ထိုနေရာရှိ ခမ်းနားလှပသော အိမ်ရာများကို လိုက်လံပြသသည်။ မည်သည့်အိမ်မျှ ရှောင်ဂိုဏ်း၏ ပင်မအိမ်တော်နှင့် မယှဉ်သာသော်လည်း၊ ပတ်ဝန်းကျင် အငွေ့အသက်မှာမူ လျူကျင်းတို့အတွက်တော့ အလွန်ပင် နှစ်သက်ဖွယ် ကောင်းနေသည်။
“ရှောင်ရွှမ်းကို နောက်နေရာတခု လိုက် ပြချင်သေးတယ်။”
ဟု ကောင်းကင်ကို မော့ကြည့်ရင်း လျူကျင်းက ပြောသည်။ နေဝင်ချိန် နီးကပ်နေပြီဖြစ်ရာ အချိန်မှာ ကွက်တိကျပီဟု သူတွက်လိုက်သည်။
ရှောင်ရွှမ်းအား ဆိပ်ကမ်းဘက်သို့ ခေါ်သွားသောအခါ သူမသည် အံ့ဩတကြီး ဖြစ်သွားသည်။ ထုံးစံအတိုင်းပင် ထိုနေရာတွင် လူသူအလွန်နည်းပါးပြီး တိတ်ဆိတ်နေသည်။ သူတို့နှစ်ဦးသည် ပင်လယ်ပြင်ကြီး နှင့် အနီးဆုံးနေရာသို့ရောက်ရှိသည်အထိ ဆိပ်ခံတံတားအတိုင်း လျှောက်သွားကြသည်။
လက်ရှိအချိန်တွင် နေမင်းကြီးမှာ လိမ္မော်ရောင် အလုံးကြီးတစ်ခုအဖြစ် ရေပြင်ထဲသို့ ဖြည်းညင်းစွာ နစ်မြုပ်နေသယောင်ရှိသည်။ ရေပြင်ကျယ်တခုလုံးသည်လည်း ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေကာ လှိုင်းကြက်ခွပ်လေးများမှာ ဟိုမှသည် ကူးလူးသွားလာနေကာ ပန်းချီကားတချပ်သဖွယ် လှနေသည်။
“ဒီပင်လယ်ကြီးကို ရှောင်ရွှမ်းကို မြင်စေချင်လို့ပါ… လူအများစုက ဒီနေရာကို သိပ်မလာကြပေမဲ့…” လျူကျင်းသည် သူ့စကားကိုခဏရပ်လိုက်သည်။ ထို့နောက် သူ့ အကြည့်ကို ပင်လယ်ပြင်ကျယ်ဆီသို့ လွှဲလိုက်ရင်း—
“ဒီနေရာက ကျွန်တော့်အတွက်တော့ အထူးခြားဆုံးမို့လို့… ဒီလိုလှပတဲ့ မြင်ကွင်းကို ရှောင်ရွှမ်းနဲ့အတူ အမှတ်တရ ကြည့်ချင်တာပါ”
ဤနေရာကား… လျူကျင်းတစ်ယောက် အဖိုးကြီးကျန်း၏ တပည့်အဖြစ် စစ်မှန်စွာ ခံယူရန် စိတ်ပိုင်းဖြတ်ခဲ့သည့် နေရာပင် ဖြစ်သည်။
“လှလိုက်တာ လျူကျင်းရယ်”
လိမ္မော်ရောင် နေဝင်ဆည်းဆာရိပ်များ လွှမ်းခြုံနေသော မျက်ဝန်းအစုံဖြင့် ရှောင်ရွှမ်းက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမ၏ အသံချိုချိုလေးမှာ ပင်လယ်လေပြေနှင့်အတူ ပေါ့ပါးစွာ လွင့်မျောလာ၏။
“ဒီလောက် လှတဲ့ နေရာကို ကျွန်မကိုလိုက်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်”
လျူကျင်းက သူမကို နူးညံ့စွာ ကြည့်ရင်း
“မိန်းကလေး ရှောင်ရွှမ်း သဘောကျတယ်ဆိုတော့လည်း ကျွန်တော် ဝမ်းသာပါတယ်” ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုအခါ ရှောင်ရွှမ်းက နှုတ်ခမ်းလေးကို မသိမသာစူလိုက်ရင်း စိတ်ကောက်ချင်စရာ လေသံလေးဖြင့် ပြောလေသည်။
“ရှင်ကတော့လေ… ကျွန်မကို မိန်းကလေး ရှောင်ရွှမ်းလို့ ခေါ်နေတုန်းပဲ။ ကျွန်မတို့ လက်ထပ်ပြီးသွားတာ ကြာပြီကို… ကျွန်မကို ရင်းရင်းနှီးနှီးခေါ်ဖို့က ‘’အဲဒီလောက်အထိ ခက်ခဲနေလို့လား လျူကျင်းရယ် ”
လျူကျင်း၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားရသည်။ ရှောင်ရွှမ်း၏ စူးစိုက်ကြည့်နေသော မျက်ဝန်းအစုံအောက်တွင် သူ အနည်းငယ်ပင် စိတ်လှုပ်ရှားကာ လမ်းပျောက်သလို ဖြစ်သွားသည်။
“ကျွန်တော်က… မိန်းကလေး ရှောင်ရွှမ်းကို …အဲ မဟုတ်ပါဘူး၊ မိန်းကလေးရှောင်ရွှမ်း စိတ်မရှိရင် ရွှမ်းငယ် လို့ပဲခေါ်မယ်နော်…”
ရှောင်ရွှမ်း၏ ပါးပြင်အစုံမှာ အရှက်သည်းမှုကြောင့် ချက်ချင်းပင် ရဲတွတ်သွားတော့သည်။ သူမ၏ မျက်နှာထက်တွင် ရိပ်သန်းသွားသော ထိုနီမြန်းမြန်း အသွေးအသားမှာ ဝင်လုနီးပါး ဖြစ်နေသည့် နေမင်းကြီးထက်ပင် ပိုမိုတောက်ပလင်းလက်နေသယောင် ရှိတော့သတည်း။
သို့သော် ဤပျော်ရွှင်မှုမှာ ခဏတာမျှသာ ဖြစ်သည်။ နောက်နှစ်ပတ်ကြာလျှင် မုန်ယွဲ့သည် ရှောင်ရွှမ်းကို လာရောက်ခေါ်ဆောင်သွားလိမ့်မည်။ ထိုနေ့တွင် သူတို့နှစ်ဦး နှုတ်ဆက်ကြရလိမ့်မည်။ ရှောင်ရွှမ်း၏ မျက်ဝန်းအစုံတွင် မျက်ရည်စများ ရစ်သိုင်းနေစဉ်၊ သူမ၏ နူးညံ့လှသော နှုတ်ခမ်းဖျားတို့သည် လျူကျင်း၏ နှုတ်ခမ်းနှင့် ပထမဆုံးအကြိမ် ထိတွေ့သွားလိမ့်မည်။
ထိုအခါ သူမသည် သူ့နေရာတွင် အဆုံးမဲ့စွမ်းအင်အပင်ကို ဆက်လက်ဂရုစိုက်ပေးရန် သူ့ကို မှာကြားလိမ့်မည်။ ထိုအပင်ကို သူမနှင့်အတူ နတ်ဘုရား ရေခဲနန်းတော်သို့ ယူဆောင်သွားရန် မလိုအပ်ပေ။ လျူကျင်းသည် သူ့ရင်ထဲမှ အဆမတန် ဝမ်းနည်းမှုများကို အံတုရင်း၊ သူမ ပြန်လာတွေ့ရမည့်နေ့အထိ ထိုအပင်ကို ကျန်းမာစွာဖြင့် အသက်ဝင်နေစေမည်ဟု သူ့နှလုံးသားနှင့် ကတိပြုလိုက်တော့သည်။
ဤခွဲခွာခြင်းမှာ နောက်ဆုံးတွင် ခါးသီးနာကျင်ဖွယ် အမှတ်တရတစ်ခုအဖြစ် ကျန်ရစ်ခဲ့လိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
သို့သော်လည်း ဤအချိန်၊ ဤအခိုက်အတန့်တွင်မူ ထိုအနာဂတ်အကြောင်းကို သူတို့ မတွေးတောမိကြသေးပေ။ သူတို့နှစ်ဦးမှာ တိမ်ဝင်လုနီးပါး နေမင်းကြီး၏ အရောင်အောက်၊ ပင်လယ်ပြင်ကြီး၏ ရှေ့မှောက်တွင် ရပ်တည်နေကြသည့် ပကတိဖြူစင်သော လူငယ်လေးများသာ ဖြစ်သည်။ လောကကြီး၏ အမုန်းတရား၊ အာဏာစက်နှင့် ခွဲခွာခြင်းဟူသော တရားတို့ကို ခဏတာ မေ့ပျောက်ထားနိုင်ပြီး၊ တစ်ဦး၏အနားတွင် တစ်ဦး ရှိနေခြင်းအတွက်သာ အလွန်အမင်း ရင်ခုန်ကြည်နူးနေကြလေတော့သည်။