← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁ ။ ထူးဆန်းသော ကမ်းလှမ်းချက်

အချိန်နှင့်ဒီရေ သည် လူကိုမစောင့် ။

ထိုစကားပုံသည် လျူကျင်းအတွက်လည်း ချွင်းချက်မရှိပေ။ ရှောင်ရွှမ်း ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်း သူ့ဘဝခရီးမှာလည်း ပုံမှန်အတိုင်းပင် ဆက်လက်လည်ပတ်နေသည်။ အမှန်ဆိုရလျှင် ရှောင်ရွှမ်းနှင့်အတူ ထိုအိမ်ငယ်လေးထဲတွင် ကုန်ဆုံးခဲ့ရသော အချိန်ကာလများသည် ဖြတ်သန်းသွားသည့် အိပ်မက်တစ်ခုသဖွယ် ပျောက်ကွယ်သွားခဲ့ပြီး၊ သူ့ နေ့ရက်များကို ကျင့်ကြံခြင်းလမ်းစဥ်အတွင်းသို့ စိတ်နှစ်ရင်း ဖြတ်သန်းနေလျက်ရှိသည်။

ထိုကာလများ ကုန်ဆုံးသွားသည့်အခါ လျူကျင်းသည် ဆရာကြီး ကျန်း၏ လမ်းညွှန်မှုအောက်တွင် တိတ်တဆိတ် ပြန်လည်ကျင့်ကြံရင်း အချိန်ကို မြှုပ်နှံလိုက်ပြန်သည်။ သူသည် ဆေးခန်းတွင် ဖခင်ဖြစ်သူအား ကူညီပေးခြင်းနှင့် ရှောင်ဂိုဏ်း၏ လျှို့ဝှက်နက်နဲလှသော ပညာရပ်များကို အပတ်တကုတ် သင်ယူခြင်းတို့ဖြင့်သာ တစ်နေ့တာကို အချိန်ကုန်ဆုံးနေပြန်သည်။

ရှောင်ဂိုဏ်းအတွင်း လျူကျင်း၏ အဆင့်အတန်းမှာ ယခင်ထက် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီဖြစ်သော်လည်း၊ ဂိုဏ်းအတွင်းစည်းတပည့်များနှင့်အတူ တန်းတူသင်ကြားခွင့် ရရှိသည်အထိတော့ မဟုတ်သေးပေ။ လျူကျင်း၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားမှာ ထိုအဆင့်ထိ ရောက်ရှိရန်အတွက် အားနည်းလွန်းနေသေးသည်။

သို့သော်လည်း အရာအားလုံးသည် အရင်ကအတိုင်း ထပ်တူရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ လက်ရှိတွင် လျူကျင်းသည် ရှောင်ဂိုဏ်းဝင်းအတွင်းရှိ နေရာအသီးသီးသို့ အတားအဆီးမရှိ လွတ်လပ်စွာ သွားလာခွင့် ရရှိထားသည်။ တစ်ခါတစ်ရံတွင် လျူကျင်းသည် သူနှင့် ရှောင်ရွှမ်းတို့ အတူနေခဲ့ဖူးသော အိမ်လေးသို့ ပြန်သွားပြီး၊ ထိုနေရာတွင် ရှိနေသည့် 'အဆုံးမဲ့စွမ်းအင် အပင်' ကို ပြုစုစောင့်ရှောက်လေ့ရှိသည်။ ထိုနေရာသည် သူ့ စိတ်ဝိညာဉ်ကို တည်ငြိမ်စေပြီး ကျင့်ကြံခြင်းစွမ်းအားများကို အကောင်းဆုံး စုစည်းနိုင်သည့် နယ်မြေတစ်ခုဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရသည်။

သို့သော်လည်း ပြောင်းလဲသွားသည့် အခြားအရာတစ်ခု ရှိနေသေးသည်။

“အစ်ကိုကြီးလျူ… ဒီနေ့ကြည့်ရတာအရမ်းတောက်ပနေပါလား..သွက်လက်တက်ကြွပြီး လန်းဆန်းနေပါလား”

“ဟုတ်ပါ့… အစ်ကိုကြီးလျူရဲ့ ကြွက်သားတွေဆိုလဲ တနေ့ထက်တနေ့ ကျစ်လျစ်သန်မာလာတာ။ တကယ် အားကျ တယ်ဗျာ..”

“အစ်ကိုကြီးလျူ အဆင်ပြေမယ်ဆိုရင် ကျွန်တော်နဲ့ တစ်ပွဲလောက် လက်ရည်စမ်း လေ့ကျင့်ပေးလို့ရမလားဗျ ၊ အစ်ကိုကြီးဆီက သိုင်းပညာလေးတွေ နည်းနည်းပါးပါး သင်ယူခွင့်ရချင်လို့ပါ”

ယခင်ကကဲ့သို့ တီးတိုးဝေဖန်သံများအစား အပ်ကြောင်းထပ်လောက်အောင် အပေါ်ယံ ချီးကျုး မြှောက်ပင့်သံများ နားကြားမြင်းကပ်လောက်အောင် ကြားနေရသည်။ ဂိုဏ်းအတွင်းရှိ ပညာသင်တပည့်များ၏ အပြုအမူနှင့် အပြောအဆိုတို့သည် လျူကျင်း၏ အမြင်တွင် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတော့သည်။ မင်္ဂလာပွဲပြီးကတည်းက ဤအတိုင်းပင် ဖြစ်နေခဲ့သော်လည်း အစပိုင်းတွင် သူ သတိမထားမိခဲ့ပေ။ မင်္ဂလာပွဲအပြီး ပထမဆုံးတစ်လတာ ကာလပတ်လုံးကို မိန်းမဖြစ်သူ ရှောင်ရွှမ်းနှင့်အတူသာ အချိန်ကုန်ဆုံးခဲ့ရသဖြင့် အပြင်စည်းနှင့် အတွင်းစည်းတပည့်များနှင့် ထိတွေ့ရန် အခွင့်အရေး မရှိခဲ့ချေ။ ဂိုဏ်းမွေခံတပည့်များ မှာမူ သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ်နှင့် ဂိုဏ်းမှပေးအပ်သော တာဝန်များကိုသာ အာရုံစိုက်နေကြသည်ဖြစ်ရာ သူတို့နှင့်လည်း ဆုံတွေ့ခွင့်မရခဲ့ဘဲ ရှိခဲ့သည်။

လက်ရှိတွင် အပြင်စည်းတပည့်များနှင့် ပုံမှန်ပြန်လည် ထိတွေ့ဆက်ဆံလာရသောအခါ ထိုပြောင်းလဲမှုကို သတိပြုမိလာသည်။ မင်္ဂလာပွဲမတိုင်မီက သူတို့သည် လျူကျင်းကို ကြည့်ရှုရာတွင် သတိထားခြင်း၊ မနာလိုခြင်း၊ အချို့သော အခြေအနေများတွင်ဆိုလျှင် မုန်းတီးခြင်းတို့ ရောယှက်နေတတ်သည်။ ထိုစဉ်က လျူကျင်း၏ ဂိုဏ်းအတွင်း အဆင့်အတန်းမှာ မရေမရာ ဖြစ်နေခဲ့သောကြောင့်ပင် ဖြစ်သည်။ သို့သော် ယခုမူကား အရာအားလုံးသည် လုံးဝ ပြောင်းလဲသွားချေပြီ။

လျူကျင်းသည် ဂိုဏ်းချုပ် ရှောင်ကျန်း၏ သမက်တော်စပ်သူ ဖြစ်သည်။ ၎င်းမှာ မည်သူမျှ ငြင်းမရနိုင်သော အမှန်တရားတစ်ခု ဖြစ်နေလေသည်။

အဆင့်အတန်းအားဖြင့် ဆိုရလျှင် သူသည် ယခင်ကထက် များစွာမြင့်မားသော နေရာတွင် ရှိနေသည်။ ထိုအချက်ကြောင့် တပည့်များက သူ့ကို ရိုသေကိုင်းညွတ်စွာ ဆက်ဆံရန် ရွေးချယ်လိုက်ကြခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။ သူတို့သည် လျူကျင်း၏ စကားတိုင်းကို နားစွင့်နေကြပြီး သူ့သဘောထားကို ထောက်ခံရန်၊ သူ့ကို အထူးအခွင့်အရေးများ ပေးရန် အမြဲအသင့် ရှိနေကြသည်။ သူ့ကို အပြင်ခေါ်သွား၍ အစားအသောက် ကျွေးမွေးခြင်း သို့မဟုတ် အခြားသော ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန် ကမ်းလှမ်းကြသည်။

လျူကျင်းအပေါ် ကောင်းမွန်သော အထင်အမြင်ရှိစေရန် ကြိုးစားခြင်းဖြင့် သူတို့သည် မိမိတို့၏ ကံကြမ္မာကို ပိုမိုကောင်းမွန်လာစေရန်၊ ဂိုဏ်းအတွင်း နေရာရရန် မျှော်လင့်နေကြခြင်း ဖြစ်သည်။ မိမိကိုယ်ကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခြင်းမှာ သိုင်းလောက၏ ယှဉ်ပြိုင်မှုများကြားတွင် အလွန်ပင် သဘာဝကျသော လုပ်ရပ်တစ်ခု ဖြစ်ပေတော့သည်။

ဤသို့သော အပြုအမူများသည် သဘာဝကျသည်ဟု ဆိုနိုင်သော်လည်း လျူကျင်းအတွက်မူ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။

လဆန်းမြို့ငယ် တွင် နေထိုင်ခဲ့စဉ်က ဤသို့သော အခြေအနေမျိုးကို မည်သို့ကိုင်တွယ်ရမည်ဟူသော အတွေ့အကြုံအချို့ သူရခဲ့ဖူးသည်။ သို့သော်လည်း ထိုသို့သော အတုအယောင် ဆက်ဆံရေးမျိုးကို လျူကျင်း လုံးဝ သဘောမကျပေ။ အနည်းဆုံးတော့ လဆန်းမြို့ငယ်တွင် ရှိစဉ်က သူသည် အခန်းထဲတွင် တစ်နေကုန် ပုန်းအောင်းနေ၍ ရသေးသည်။ ယခုနေရာတွင်မူ ထိုသို့လုပ်၍ မရနိုင်တော့ပေ။ တစ်ခါတစ်ရံတွင် သူနှင့် ရှောင်ရွှမ်းတို့၏ အိမ်လေးသို့သွားကာ တရားကျင့်ကြံရင်း တစ်နေကုန် အချိန်ကုန်ဆုံးလေ့ရှိသော်လည်း၊ ၎င်းမှာ အချိန်တိုင်းအတွက် အဆင်ပြေနိူင်မည့်အလုပ်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ၊ ထိုနေရာတွင် ထာဝရ ပုန်းအောင်းနေ၍ မရနိုင်။ ထိုသို့ပြုလုပ်ခြင်းမှာလည်း မသင့်လျော်သော လုပ်ရပ်တစ်ခုသာ ဖြစ်သည်။ ယခုဖြစ်စေ နောင်တွင်ဖြစ်စေ လျူကျင်းအနေဖြင့် ဂိုဏ်း သူဂိုဏ်းသားများနှင့် ထိတွေ့ဆက်ဆံရမည်သာ ဖြစ်သည်။

သူ ထိုအရာကို စက်ဆုပ်လှပေသည်။

လျူကျင်းသည် ထိုသူတို့၏ အတုအယောင် အပြုံးများနှင့် စက်ဆုပ်ဖွယ်ကောင်းလောက်အောင် အပိုအလိုလွန်ကဲသော ချီးမွမ်းစကားများကို အလွန်မုန်းတီးသည်။ ထို့ထက်ပို၍ သူ အမုန်းဆုံးအရာမှာ ဤအခြေအနေမျိုးက လဆန်းမြို့ငယ်တွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်လည်အမှတ်ရစေခြင်းပင် ဖြစ်သည်။ ထိုအတိတ်ကို တွေးမိတိုင်း သူ့အားနည်းချက်များ၊ ကူရာမယ့်နေသည့် အတိတ်ကာလကို ပြန်မြင်ယောင်မိပြီး စိတ်ထဲတွင် မသက်မသာ ဖြစ်ရသည်။ ထိုခံစားချက်မှာ မည်သို့မျှ မနှစ်မြို့ဖွယ် ကောင်းလှသဖြင့် လျူကျင်းသည် ဂိုဏ်းသူဂိုဏ်းသားများအား ပို၍ပင် တင်းမာသော အမူအရာဖြင့် တုံ့ပြန်ဆက်ဆံမိလာသည်။

သူတို့ထံမှ အန္တရာယ်တစ်စုံတစ်ရာ မရှိနိုင်သည်ကို သိသော်လည်း၊ အပြင်စည်းတပည့်များ၏ အမြင်တွင် ဆိုးရွားသူတစ်ယောက် ဖြစ်လာမည်ကိုမူ လျူကျင်း မနှစ်သက်ပေ။ ဆက်ဆံရေးတစ်ခု ယိုယွင်းပျက်ပြားသွားခြင်းမှာ နောက်ဆုံးတွင် သူ့ကို ပြန်လည်ထိခိုက်စေမည့် အကျိုးဆက်များ ဆောင်ကြဉ်းလာနိုင်သည်ဟု သူ ယူဆသည်။

“အစ်ကိုလျူ ဘယ်သွားမလို့လဲ ..၊ ခဏလောက် စောင့်ပေးပါဦးရှင်..”

ရုတ်တရက် နားမချမ်းမြေ့ဖွယ် အသံများ ထပ် ထွက်ပေါ်လာပြန်သည်။

လျူကျင်း၏ မျက်ဝန်းအစုံမှာ စိတ်မရှည်မှုကြောင့် လှန်တက်သွားမတတ် ဖြစ်သွားသော်လည်း၊ သူသည် ချက်ချင်းပင် တည်ငြိမ်သောအပြုံးကို အယောင်ဆောင်၍ အသံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။

သူ့ထံသို့ ချဉ်းကပ်လာသူများမှာ အပြင်စည်းတပည့် အမျိုးသမီးငယ် နှစ်ဦးဖြစ်သည်။ သူနှင့် ရွယ်တူ သို့မဟုတ် အနည်းငယ်သာ ပိုကြီးမည်ဟု ထင်ရပြီး၊ ရုပ်ရည်အားဖြင့် ရှောင်ရွှမ်းနှင့် ယှဉ်ပါက မိုးနှင့်မြေကဲ့သို့ ကွာခြားသော်လည်း သူ့အလှနှင့်သူဟု ဆိုနိုင်ပေသည်။ ထိုအမျိုးသမီးနှစ်ဦးသည် လျူကျင်းထံသို့ တခစ်ခစ်ရယ်မောကာ ပျော်ရွှင်တက်ကြွစွာ ချဉ်းကပ်လာကြသည်။ သို့သော်လည်း သူတို့၏ ရွှင်လန်းနေသော မျက်နှာသွင်ပြင်များသည် လျူကျင်း၏ စိတ်ထဲတွင်မူ မည်သည့်လှုပ်ခတ်မှုမျှ မဖြစ်ပေါ်စေခဲ့ပေ။

“အစ်ကိုလျူ၊ နေကောင်းလားရှင့် ”

“ခေါ်လိုက်ရတာ အစ်ကိုလျူရယ်... လာလေ လက်ဖက်ရည် သောက်ရင်း အေးအေးဆေးဆေး စကားပြောကြရအောင်..”

ထပ်မံပေါ်လာပြန်သည့် အပြုံးများ၊ ထပ်မံကြားရပြန်သည့် ရယ်သံများ။ ကံဆိုးစွာပင် ဤသို့သော အဖြစ်အပျက်မျိုးမှာ ရက်သတ္တပတ်များ ကုန်ဆုံးလာသည်နှင့်အမျှ ပိုမိုများပြားလာခဲ့သည်။ ယောကျာ်းလေးတပည့်များမှာမူ သူဘာပဲလုပ်လုပ်၊ ဘယ်လောက် အဓိပ္ပာယ်မဲ့နေပါစေ လိုက်လံချီးကျူးနေကြရုံဖြင့် ကျေနပ်နေကြသည်။ ကောင်းကင်ကြီးက အစိမ်းရောင်ကြီးဟု လျူကျင်းကသာ ပြောလိုက်ပါက သူတို့က ဟုတ်မှန်ကြောင်း ထောက်ခံပြီးနောက်၊ သူတို့ကိုယ်သူတို့ အောင်မြင်သူသဖွယ် သဘောထားတတ်ကြသည်။

ဂိုဏ်းမှ မိန်းကလေးတပည့်များကမူ အနည်းငယ် ပို၍ ရဲတင်းကြသည်။

မည်သို့ဆိုစေကာမူ ဂိုဏ်းခေါင်းဆောင်၏ သမက်တော်နှင့် အပေါင်းအသင်းဖြစ်ရခြင်းမှာ အကျိုးအမြတ်များစွာ ရှိသည့်အပြင်၊ ဂိုဏ်းခေါင်းဆောင်၏ သမက်တော်အား မယားငယ်အဖြစ် ချဉ်းကပ်နိုင်ပါက ရရှိမည့် အကျိုးကျေးဇူးများမှာ နှိုင်းယှဉ်ဖွယ်မရှိအောင် ကြီးမားလှသည်။ လျူကျင်းက မည်သူ့ကို မယားငယ်အဖြစ် သတ်မှတ်ပေးလိုက်သည်ဖြစ်စေ၊ ထိုမိန်းကလေးမှာ လွန်စွာ ကံကောင်းသော ဘဝတစ်ခုကို ရရှိသွားလိမ့်မည်မှာ အသေအချာပင်ဖြစ်သည်။

ဤသို့သော အခြေအနေမျိုး ကြုံရနိုင်ကြောင်း အကိုကြီးရှောင်နန်က သူ့ကို အရင်က သတိပေးထားဖူးသော်လည်း၊ လက်တွေ့တွင် ကိုယ်တိုင်ကြုံတွေ့နေရချိန်၌ လျူကျင်းမှာ အံ့ဩခြင်း မကင်းဖြစ်ရဆဲပင်ဖြစ်သည်။

လျူကျင်းနှင့် အရွယ်တူ မိန်းကလေးများမှာလည်း တစ်ယောက်တစ်ပေါက်နှင့် သူနှင့်အတူ အချိန်ကုန်ဆုံးလိုကြောင်း ပုံစံမျိုးစုံဖြင့် ချဉ်းကပ်လာကြသည်။ လမ်းလျှောက်ထွက်ရန်၊ အပြင်သွားစားရန်၊ သို့မဟုတ် အတူတူ လေ့ကျင့်ရန်ဟူသော အကြောင်းပြချက်များမှာ အပြစ်ကင်းစင်သည်ဟု ထင်ရသော်လည်း၊ လျူကျင်းအတွက်မူ အသက်ရှူရ ကြပ်လောက်သည့် ဖိအားများသာ ဖြစ်သည်။ သူသည် မိမိ၏ အမူအရာကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းထားရင်း ယဉ်ကျေးစွာဖြင့် ငြင်းပယ်ဖို့ စိတ်ကူးနေသည်။

စိတ်ကုန်နေပြီဖြစ်သော လျူကျင်းသည် ယဉ်ကျေးစွာ ငြင်းပယ်နိုင်မည့် အကြောင်းပြချက်ကို စဉ်းစားရင်း ပါးစပ်ဟလိုက်စဉ်မှာပင်...

“ကြည့်စမ်း ကြည့်စမ်း နင်တို့ ငယ်ငယ်လေးနဲ့ တော်တော်နန့်နေကြပါလား ဟမ်”

ရုတ်တရက် ခပ်ဩဩ အသံတခု ထွက်လာသည်။ လျူကျင်း မျက်တောင်ခတ်လိုက်မိသည်။ ဤစကားကို ပြောသူမှာ သူ မဟုတ်ပေ။ လျူကျင်းသည် ထိုမိန်းကလေးနှစ်ဦးနည်းတူ ဘေးသို့ လှည့်ကြည့်လိုက်သည်။

ထိုစကားကို ဆိုသူမှာ အခြားအမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် လျူကျင်းထက် အနည်းငယ် ပိုကြီးပုံရပြီး အရွယ်ရောက်စ အမျိုးသမီးတစ်ယောက်အဖြစ် စတင်ပွင့်လန်းနေသည့် တက်ကြွမှုမျိုး ရှိသည်။ သူမ၏ အညိုရောင် ဆံကေသာရှည်များကို ကပိုကရို စုစည်းထားသည်။ တောက်ပသော မျက်ဝန်းအညိုရောင်နှင့် သေးသွယ်လှပသော နှာတံတို့ကြောင့် လှပသည်ဟု သတ်မှတ်သူများစွာ ရှိပေလိမ့်မည်။ ထို့ထက်ပိုသည်မှာ သူမသည် ဂိုဏ်းအတွင်းစည်းတပည့်များ ဝတ်လေ့ရှိသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သူမသည် လျူကျင်းနှင့် ထိုမိန်းကလေးနှစ်ဦးကြားသို့ ဦးတည်လျှောက်လှမ်းလာကာ ဝင်ရပ်လိုက်သည်။ ထို့နောက် လက်ကို ဝှေ့ယမ်းကာ လျူကျင်းကို ညွှန်ပြ၍—

“မျက်စိမပါကြဘူးလား နင်တို့ ဘယ်သူ့ကို စကားပြောနေတယ် ဆိုတာ ကောင်းကောင်းသိရဲ့လား…။ အခု နင်တို့အရှေ့မှာ ရှိနေတာက တို့ဂိုဏ်းချုပ်ကြီးရဲ့ သမက်တော်ပဲ..”

သူမ၏ အသံတွင် အထက်စီးဆန်သည့် ဩဇာအရှိန်အဝါများ လွှမ်းမိုးနေတော့သည်။ ထိုအပြင်စည်းတပည့်မလေးနှစ်ဦးမှာ ပြန်မဖြေရဲဘဲ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေသည်ကို မြင်သောအခါ သူမ၏ မျက်ဝန်းအစုံမှာ ဒေါသကြောင့် ပြူးကျယ်လာသည်။

“ဟဲ့ ငါမေးနေတယ်လေ…။ အပြင်စည်းတပည့်တွေက အတွင်းစည်းတပည့်တွေကို ဘယ်လို ရိုသေရမှန်း မသိတော့ဘူးလား။ ဒါမှမဟုတ် နင်တို့ဆီမှာ အဆင့်အတန်းဆိုတဲ့ အသိတရားက ဒီလောက်အထိ နိမ့်ကျသွားပြီလား”

“မ… မဟုတ်ပါဘူး” ထိုမိန်းကလေးနှစ်ဦးမှာ အတွင်းစည်းတပည့်မလေး၏ ပြင်းထန်လှသော ဖိအားကြောင့် တုန်လှုပ်ကြောက်ရွံ့သွားပြီး အလိုအလျောက်ပင် နောက်သို့ တစ်လှမ်းဆုတ်မိကြသည်။

“ဘာကို 'မဟုတ်ဘူး' လို့ ငြင်းတာလဲ…။ နင်တို့မှာ မျက်စိမပါဘဲ ကန်းနေတာလို့ ပြောချင်တာလား”

အတွင်းစည်းတပည့်မလေးက လက်ပိုက်လိုက်ရင်း သူမ၏ အကြည့်များဖြင့် ထိုမိန်းကလေးများအပေါ် ပိုမိုပြင်းထန်သော ချီစွမ်းအင် ဖိအားများ သက်ရောက်စေကာ အကဲခတ်ကြည့်ရှုနေလေသည်။

“ကျွန်မတို့ တမင် ပမာမခန့်လုပ်တာ မဟုတ်ရပါဘူးရှင့်”

အပြင်စည်းတပည့်မလေးတစ်ဦးက တုန်တုန်ယင်ယင်နှင့် ပြန်ဖြေလိုက်သည်။ သူမသည် အတွင်းစည်းတပည့်မလေး၏ အေးစက်စက် မျက်ဝန်းများကို တည့်တည့်ပင် မကြည့်ဝံ့ဘဲ ခေါင်းငုံ့ထားရှာ၏။

“ကျွန်မတို့က ဂိုဏ်းချုပ်ကြီး ရှောင်ကျန်းရဲ့ သမက်တော်ကို ရိုရိုသေသေ နှုတ်ဆက်ဖို့ ကြိုးစားနေရုံတင်ပါရှင့်”

“နေစမ်းပါဦး နင်တို့ကိုယ်နင်တို့က သူ့ဆီက အချိန်အပေးခံရဖို့ ထိုက်တန်တယ်လို့ ထင်နေကြတာလား” ဟု သူမက အထင်သေးဟန် နှာခေါင်း ရှုံ့ လိုက်ရင်း အကျယ်ကြီး ရယ်မောလိုက်သည်။

“သူ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် နင်တို့ကို အချိန်ပေးနေတာထက် ပိုအရေးကြီးတဲ့ တာဝန်တွေ၊ ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ်ဆိုတာ နင်တို့ ခေါင်းထဲမှာ အသိမရှိကြဘူးလား”

“တောင်းပန်ပါတယ်ရှင့်”

“ကျွန်မတို့ မှားသွားပါတယ် မစဉ်းစားမိလို့ပါရှင့်”

ထိုမိန်းကလေးနှစ်ဦးမှာ ကြောက်လန့်တကြားဖြင့် တောင်းပန်စကားများ ဆက်တိုက်ဆိုကြလေသည်။ သို့သော် အတွင်းစည်းတပည့်မလေးကမူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း—

“မဟုတ်ဘူး…” ဟု သူမက ပြတ်သားစွာ တုံ့ပြန်လိုက်၏။

“နင်တို့က မစဉ်းစားမိတာမဟုတ်ဘူး၊ ကိုယ့်နေရာကိုယ် မသိတာ”

သူမသည် ထိုမိန်းကလေးနှစ်ဦးထံသို့ ကိုယ်ကို အသာကိုင်းညွတ်လိုက်ရာ၊ သူမ၏မျက်နှာမှာ ကြောက်လန့်တကြား ဖြစ်နေသော ထိုမိန်းကလေးများနှင့် နီးကပ်သွားတော့သည်။ သူမထံမှ စိမ့်ထွက်လာသော အရှိန်အဝါကြောင့် ပတ်ဝန်းကျင် လေထုတစ်ခုလုံးပင် ခဲမတတ် တင်းမာသွားရ၏။

“ထွက်သွားကြ..”

ထိုစကားသံ အဆုံးတွင် ထိုမိန်းကလေးနှစ်ဦးမှာ အမှတ်မထင် ကြောင်ရှေ့ ရောက်လာသော ကြွက်ငယ်များပမာ ချက်ချင်းပင် လှည့်ထွက်ပြေးသွားကြတော့သည်။ သူတို့၏ ပုံစံတွင် ဂိုဏ်းသားတစ်ယောက်၏ ဂုဏ်သိက္ခာဆိုသည်မှာ အရိပ်အယောင်မျှပင် မကျန်ရှိတော့ချေ။

ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားမှသာ ထိုအတွင်းစည်း တပည့်မလေးသည် လျူကျင်းထံသို့ လှည့်လာပြီး၊ ဂုဏ်ယူဝံ့ကြွားသော အပြုံးတစ်ပွင့်ဖြင့် ပြုံးပြလိုက်လေသည်။

“ဘယ်လိုလဲ အစ်ကိုလျူ… ကျွန်မ ဖြေရှင်းပေးလိုက်တာ အဆင်ပြေရဲ့လားရှင့်” ဟု သူမက လျူကျင်းအား လေးလေးစားစား ဦးညွတ်ဂါရဝပြုရင်း မေးလိုက်သည်။

“နည်းနည်း များလွန်သွားလားမသိဘူး …”

“အစ်ကိုလျူအနေနဲ့ ဒီလိုမျိုး အနှောင့်အယှက်တွေကို စိတ်မရှုပ်ချင်ဘူးဆိုရင် ကျွန်မကိုသာ ပြောဖို့ပဲ လိုပါတယ်။ ဘယ်သူမှ အနားမသီရဲအောင် ကျွန်မ အပြတ်အသတ် တားဆီးပေးထားလိုက်ပါ့မယ်”

“ဒါဆိုရင်တော့ ကောင်းတာပေါ့ဗျာ ” ဟု လျူကျင်း ဝန်ခံလိုက်မိသည်။

သူမ၏ မျက်ဝန်းများကို ကြည့်ခြင်းဖြင့်ပင် ဤကိစ္စမျိုးကို သူမ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း သူ ရိပ်မိလိုက်သည်။ သို့သော်လည်း လျူကျင်းသည် ဘာကြောင့်မှန်းမသိ အပြင်စည်းတပည့်မများအား အော်ငေါက်နေချိန်တွင် ဝင်ရောက်မတားဆီးခဲ့ချေ။ သူသည် ဖြစ်ပျက်သမျှကို ဘေးကနေ ငေးကြည့်နေရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ ဤသည်မှာ သူ့ကို ပထမဆုံးအကြိမ် လာရောက်ချဉ်းကပ်ခြင်းဆိုလျှင်၊ လျူကျင်းသည် ကြားဝင်မတားဆီးမိသည့်အတွက် အပြစ်ရှိသလို ခံစားမိလိမ့်မည်။ ယခုမူကား ရက်သတ္တပတ်များစွာကြာအောင် ဤသို့သော အခြေအနေမျိုးကို မရိုးနိုင်အောင် ကြုံတွေ့နေရပြီဖြစ်ရာ၊ လျူကျင်းမှာ မည်သို့မျှ ထူးခြားသည့် ခံစားချက်မျိုး မရရှိတော့ပေ။

လျူကျင်းအား အကဲခတ်ကာ ထိုဂိုဏ်းအတွင်းစည်းတပည့်မလေးမှာ နှုတ်ခမ်းစွန်းကို အသာလေးတွန့်ကာ အပြုံးတစ်ခု ပုံဖော်လိုက်သည်။ သူမ၏ အပြုံးသည် အပြင်စည်းတပည့်လေးများ၏ အတုအယောင်အပြုံးများထက် ပို၍ နက်နဲပြီး အဓိပ္ပာယ်ရှိလှသည်။

“ကျွန်မရဲ့ လုပ်ရပ် ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားလား …”

လျူကျင်းသည် သူမကို စူးစိုက်ကြည့်ရင်း အတွေးနယ်ချဲ့မိသွားသည်။ ထို့နောက် သူက ခပ်တိုးတိုးပင် ပြန်မေးလိုက်သည်။

“တကယ်လို့ ငါက စိတ်အနှောင့်အယှက်မဖြစ်ဘူးဆိုရင်ရော ..”

“ကျွန်မက စကားနဲနဲ ပြောချင်ရုံ သက်သက်ပါရှင်…”

သူမသည် ခေါင်းကို အသာငုံ့လိုက်သော်လည်း သူမ၏မျက်လုံးများကမူ လျူကျင်းထံမှ ဖယ်ခွာမသွားဘဲ စူးစိုက်ကြည့်နေဆဲပင် ဖြစ်သည်။

“အစ်ကိုလျူရဲ့ အချိန် တစ်နာရီလောက်တော့ ကျွန်မအတွက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ လူအချို့မှာ သူတို့နှစ်ဦးကို စိတ်ဝင်တစား စတင်စောင့်ကြည့်နေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒီနေရာက လူတွေ အရမ်းများလွန်းလို့… အစ်ကိုလျူ အဆင်ပြေမယ်ဆိုရင် ပိုပြီး ဆိတ်ငြိမ်တဲ့ သီးသန့်နေရာမျိုးမှာ စကားပြောကြရအောင်လားဟင်”

လျူကျင်း ခေတ္တမျှ စဉ်းစားဟန်ပြုပြီးမှ—

“ကောင်းပြီလေ…” ဟု သဘောတူလိုက်တော့သည်။

သူမသည် လျူကျင်း၏ စကားသံအဆုံးမှာပင် မျက်စိတစ်မှိတ်အတွင်း၌ လျူကျင်း၏ အကြည့်အောက်မှ ပျောက်ကွယ်သွားသည်။ သူမ၏ လှုပ်ရှားမှုမှာ အလွန်ပင် လျင်မြန်လွန်းရာ လျူကျင်းပင် မနည်းလိုက်မီအောင် ကြိုးစားနေရသည်။ ရှောင်ဂိုဏ်း၏ အဆင့်မြင့်ကိုယ်ပိုင်သိုင်းကွက်ဖြစ်သော အခြေခံ ကိုယ်ဖော့သိုင်းကွက် ကို သူမ အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။ လျူကျင်းလည်း သူမနောက်သို့ လိုက်ပါရန် လေထဲတွင် ခုန်ပျံလိုက်သည်။

မကြာမီတွင် သူတို့နှစ်ဦးသည် ဂိုဏ်း၏ အပြင်ပိုင်းနှင့် အလယ်ပိုင်းနယ်နိမိတ်အနီးရှိ ရှေးဟောင်းအဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် တိတ်တဆိတ် ရပ်တန့်လိုက်ကြသည်။

"ကျွန်မ နာမည်က ဇူအန်ပါ။"

အတွင်းစည်းတပည့်တစ်ယောက်ဖြစ်သူ ဇူအန်က သူ့ကိုယ်သူ မိတ်ဆက်ရင်း လေသံအေးအေးဖြင့် ဆက်ပြောသည်။

"ကျွန်မအနေနဲ့ အကိုလျူ ကိုကမ်းလှမ်းချင်တာတခုရှိတယ်"

လျူကျင်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ "ကမ်းလှမ်းချင်တယ် ဟုတ်လား။"

"ဟုတ်ပါတယ် ခုနက မြင်တယ်မလား …အကိုလျူ နောက်ကို လူတွေလိုက် လိုက်ဖားနေကြတာ ..၊အကိုလျူလည်း သတိထားမိမှာပါ။ အခုဆိုရင် အကိုလျူရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကြောင့် ပတ်ဝန်းကျင်က လူတွေက အဖက်ဖက်ကနေ အလုအယက် ချဉ်းကပ်လာနေကြတာလေ။"

လျူကျင်းက လက်ပိုက်လိုက်ရင်း စိုက်ကြည့်နေသည်။ "အဲဒီတော့ မင်းကရော တခြားသူတွေနဲ့ မတူဘူးလို့ ပြောချင်တာလား။"

"အိုးး လုံးဝ မတူပါဘူးရှင့်" ဟု ဇူအန်က အလွန်ပင် လေးနက်တည်ကြည်သော အမူအရာဖြင့် ပြန်ဖြေသည်။ "ကျွန်မက အကိုလျူအတွက် တကယ်ကို အသုံးဝင်မယ့် အရာတစ်ခုကို ကမ်းလှမ်းချင်တာပါ။ အကိုလျူအနေနဲ့ ချဉ်းကပ်လာသမျှ လူတွေအားလုံးကို စိတ်အနှောင့်အယှက် ဖြစ်နေမှာ သေချာပါတယ်။ အဲဒီလို လူအသုံးမကျတဲ့သူတွေကို ကျွန်မကအကိုလျူ ကိုယ်စား အေးဆေးပဲ ကိုင်တွယ်ဖြေရှင်းပေးပါ့မယ်။"

ဤကမ်းလှမ်းမှုသည် ဇူအန်အတွက် အကျိုးအမြတ် များလှသည်။ သူမသာ လျူကျင်း၏ ဘေးတွင် ရှိနေမည်ဆိုပါက သူ၏ အနီးဆုံး လူယုံတော်တစ်ယောက် ဖြစ်လာမည်မှာ မလွဲပေ။ သို့သော် လျူကျင်းအတွက်လည်း ဝန်ပေါ့သွားစေမည့် ကိစ္စဖြစ်သည်။ လက်ရှိအခြေအနေအတိုင်းသာဆိုလျှင် လူတိုင်းက သူ့ကို အေးစက်စက်နှင့် လူမှုဆက်ဆံရေး ညံ့ဖျင်းသူဟု မြင်နေကြလိမ့်မည်။ သို့သော် ဇူအန်သာ ကြားခံလုပ်ပေးမည်ဆိုလျှင် အားလုံးသော အပုတ်ချမှုများ၊ ကဲ့ရဲ့သံများမှာ သူမအပေါ်သို့သာ ကျရောက်သွားလိမ့်မည်။

လူတို့သည် "အကိုလျူ လျူကျင်းနားက အတွင်းစည်းဂိုဏ်းသူ က အရမ်းလက်ပေါက်ကပ်တာပဲ " ဟု ပြောကြလိမ့်မည်။

"လူတွေက အမြဲတမ်း အောက်ခြေကလူတွေကိုပဲ အပြစ်တင်ဖို့ အလျင်စလို ရှိကြတယ်" ဟု အကိုကြီး ရှောင်နန်က သူ့ကို တစ်ချိန်က ပြောခဲ့ဖူးသည်ကို သူသွားသတိရလိုက်သည်။

"ပြီးတော့ တစ်ခုလောက် သတိပေးရပါဦးမယ် အကိုလျူ .၊ အခုက အပြင်စည်းတပည့်တွေပဲ ချဉ်းကပ်လာကြတာပါ။ မကြာခင်မှာ အတွင်းစည်းတပည့်တွေပါ အကိုလျူ အကြိုက်ကို လိုက်ပြီး ဖားယားချဉ်းကပ်လာတော့မှာပါ။"

"အခု မင်းငါ့ကိုလုပ်နေသလိုမျိုးလား "

"အတိအကျပါပဲ" ဇူအန်က ခေါင်းကို အားရပါးရ ငြိမ့်ပြလိုက်သည်။ "အစပိုင်းတုန်းကတော့ လူတွေက အကိုလျူ ကို ဘယ်လိုဆက်ဆံရမလဲ ဝေခွဲမရ ဖြစ်နေကြတာပါ။ ဒါပေမဲ့ မင်္ဂလာပွဲပြီးကတည်းက တည်ငြိမ်မှုတွေ ရလာတော့ အခြေအနေတွေ ပြောင်းလဲလာတယ်။ အကိုလျူ က အပြင်စည်းတပည့်အဆင့်မှာပဲ ရှိနေသေးပေမဲ့ အနေအထားက တော်တော်ကို ခိုင်မာနေပါပြီ။ ပြီးတော့ အကိုလျူ က သခင်လေး ရှောင်နန်နဲ့ ရင်းနှီးတယ်ဆိုတဲ့ အချက်ကလည်း အများကြီး အထောက်အကူ ဖြစ်စေတယ်လေ။"

အော်... အပြင်ကလူတွေက သူ့ကို အဲဒီလိုမျိုး မြင်နေကြတာပဲ ဟုသူ့စိတ်ထဲမှ တွေးလိုက်မိသည်။

"အတွင်းစည်းတပည့်တွေက သူတို့ရဲ့ မာနကြောင့် အကိုလျူ ဆီတန်းပြီး မချဉ်းကပ်ရဲကြသေးပေမဲ့ ကြာတော့မှာ မဟုတ်ပါဘူး။ အဲဒီအချိန်ကျရင် အကိုလျူ ကို အာရုံမနောက်စေအောင် ကြိုတင်ကာကွယ်ပေးနိုင်မယ့် အတွင်းစည်းတပည့်တစ်ယောက် ရှိထားတာက ပိုကောင်းတာပေါ့။ ကျွန်မက တခြားနည်းလမ်းတွေနဲ့လည်း ကူညီနိုင်ပါသေးတယ်။ အရေးကြီးတဲ့ ကောလာဟလတွေကို ကြားရင်လည်း အကိုလျူ ဆီတန်းတင်ပြပေးမယ်၊ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း ပေးမယ်၊ အသုံးဝင်မယ့် လူတွေဘယ်သူတွေလဲဆိုတာလည်း ထောက်ပြပေးပါ့မယ်။"

လျူကျင်း မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"တခြား အတွင်းစည်းတပည့်တစ်ယောက်ယောက်က လာပြီး နှောင့်ယှက်ရင်ရော မင်းက တကယ်ပဲ ရင်ဆိုင်နိုင်ပါ့မလား။"

ဇူအန်က အပြုံးတစ်ခု ပေးလိုက်သည်။

"ကျွန်မရဲ့ လုပ်နိူင်စွမ်းကို အပြည့်အဝယုံကြည်ပီးသားပါ… "

"ဒါပေမယ့် မင်းကိုလဲ အခြားလူတွေက အတင်းတုပ်ကြမှာပဲ ..၊ ဒီအတွင်းစည်းတပည့်တွေထဲမှာ လျူကျင်းကို အရင်ဆုံးပြေးဖားတဲ့သူက ဇူးအန် ဆိုပီးတော့လေ …”

"အဟက် … ဖား တယ်ဆိုတာနဲ့ အမြော်အမြင်ရှိတယ်ဆိုတဲ့စကားက မတူဘူး အကိုလျူ..၊ကျွန်မက တခြားသူတွေထက် ပိုပြီး အ‌ မြော်အမြင် ရှိတယ်လို့ တွေးပေးလိုက်ရင် မကောင်းဘူးလား…"

လျူကျင်း ရယ်မောလိုက်မိသည်။ သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုရဲသည့် သတ္တိက သူ့ကို တစ်မျိုးလေး လန်းဆန်းစေသည်။ သို့သော် သူ သိထားရမည့် အချက်တစ်ခု ရှိသေးသည်။

"မင်း ငါ့ကို သွေးဆောင်ဖို့တော့ မကြိုးစားနဲ့နော်။"

လျူကျင်း အဲဒီလို ကိစ္စမျိုးကို ရှောင်ချင်သည်။

"ဟာ… စိတ်ချပါ အဲလိုလုံးဝဖြစ်လာမှာ မဟုတ်ပါဘူး" ဟု ဇူအန်က အံ့အားသင့်သွားသည့်ပုံဖြင့် အကြောက်အကန်ငြင်းသည်။

"အကိုလျူ ကို ဆွဲဆောင်ချင်လို့ ပြောတာ မဟုတ်ပါဘူး။ အကိုလျူ က ကြည့်လို့ကောင်းပေမယ့် ကျွန်မအတွက် ငယ်လွန်းနေပါတယ်။ ပြီးတော့ ကျွန်မ စိတ်ဝင်စားနေတဲ့သူ ရှိနေပြီးသားပါ။"

"ဟုတ်လား ဘယ်သူလဲ။" ဟု လျူကျင်းက မေးလိုက်သည်။ ဇူအန် မဖြေခင်မှာပင် "ဟေ့ အမှန်အတိုင်းဖြေနော် မဖြေရင် မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ အလေးအနက်ထားစရာ အကြောင်းမရှိဘူး" ဟု ဆက်ပြောလိုက်သည်။

ထိုစကားကြောင့် ဇူအန် မျက်နှာရဲတက်သွားကာ ရှက်သည့်ပုံစံ ပေါ်လာသည်။ သူမ ခေါင်းကို အောက်သို့ ငုံ့လိုက်ပြီး အသံတိုးတိုးဖြင့် ဖြေလိုက်သည်။

"ဟို..သ..သခင်လေးရှောင်နန်ပါ။"

လျူကျင်း ခေတ္တ ကြောင်သွားသည်။

"အော…အဲဒီတော့မင်းက ငါ့ဆီမှာ အလုပ်လုပ်ပေးရင် အကိုကြီးရှောင်နန်နဲ့ ပိုပြီး ရင်းနှီးခွင့်ရမယ်လို့ တွေးထားတာပေါ့ ဟုတ်လား။"

"အဲဒါလည်း ပါ ပါတယ်၊ အကိုလျူ နားမှာ ဆို သခင်လေးရှောင်နန် ကျွန်မကို သတိထားမိလာလိမ့်မယ်ထင်လို့ပါ …"

လျူကျင်း ဇူအန် ကို သနားသွားမိသည်။ ကိုကြီးရှောင်နန်ဆိုသည် သူ့ ဂုဏ်သိက္ခာ အဆင့်အတန်းကို အမြဲတမ်း အလေးအနက်ထားသူဖြစ်သည်။ သူ့လို အတွင်းစည်းတပည့်သာဖြစ်သူ မိန်းကလေးတစ်ယောက်ကို ရှောင်နန်က အလေးထားကြည့်ဖို့ဆိုသည်မှာ လုံးဝ ဖြစ်နိုင်ခြေမရှိသလောက်ပင်ဖြစ်သည်။

"မင်း မျှော်လင့်ထားသလို မဖြစ်လာဘဲ စိတ်ပျက်ရလိမ့်မယ်လို့ ငါ ထင်တယ်။ ဒါပေမဲ့... အဲဒါက မင်းရဲ့ တကယ်ဆန္ဒဆိုရင်တော့ မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ လက်ခံပါတယ်။"

ဇူအန်၏ အညိုရောင် မျက်ဝန်းတို့မှာ စိတ်အားထက်သန်မှုဖြင့် တောက်ပသွားသည်။

"ဟုတ်ကဲ့ပါ .. ကမ်းလှမ်းချက်ကိုလက်ခံလိုက်ရလို့ ကျိန်းသေ နောင်တမရစေရပါဘူး အကိုလျူ…”

All Chapters