အခန်း ၄၂
Vol. 5 Ch. 42
အခန်း ၄၂ ။လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း
လျူကျင်းသည် မျက်ဝန်းအစုံ ကို ပိတ်လိုက်ရင်း စိတ်အာရုံကို ဒန်တျန်၌ စူးစိုက်လိုက်သည်။ သူ တစ်ချက်ချင်း အသက်ရှူသွင်းလိုက်တိုင်းတွင် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များသည် ခန္ဓာကိုယ်တွင်းရှိ သွေးကြောလမ်းကြောင်းအသွယ်သွယ်အတိုင်း စီးဆင်းသွားတော့သည်။ အောက်ပိုင်းဒန်တျန်မှ စတင်အုံကြွလာသော ချီစွမ်းအင်များသည် အလယ်ပိုင်းဒန်တျန်သို့ ရောက်ရှိသွားပြီး၊ ထိုမှတစ်ဆင့် အပေါ်ပိုင်းဒန်တျန်အထိ ပျံ့နှံ့စီးဆင်းသွားသည်။ သဘောတရား အရဆိုလျှင် ဤချီစွမ်းအင်များသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်း၊ သွေးကြောတိုင်းဆီသို့ အဆီးအတားမရှိ လည်ပတ်ရောက်ရှိသွားရမည် ဖြစ်ပေသည်။
အနည်းဆုံးတော့… ထိုသို့ ချောချောမွေ့မွေ့ စီးဆင်းသွားသင့်ခဲ့သည်ပေါ့…။
သို့သော် လက်တွေ့မှာမူ ထိုသို့မဟုတ်ချေ။ ‘ကိုးခေါင်းမြွေနတ်ဘုရား’ ၏ အဆိပ်ပြင်းများသည် လျူကျင်း၏ ခန္ဓာကိုယ်အတွင်း၌ မျှော့အကြီးစားတစ်ကောင်ပမာ တွယ်ကပ်နေဆဲပင်ဖြစ်သည်။ ထိုအဆိပ်များကို ဖိနှိပ်ထိန်းချုပ်ထားနိုင်သရွေ့ အသက်အန္တရာယ် မရှိနိုင်သော်လည်း၊ အဆိပ်နှင့် ယှဉ်တွဲနေထိုင်ရသည့် ထိုဟန်ချက်ကို ထိန်းညှိရန်အတွက်မူ လျူကျင်း၏ ချီစွမ်းအင် စီးဆင်းမှုပုံစံမှာ ပုံမှန်လူတို့နှင့် လုံးဝမတူတော့ပေ။ သူသည် ပင်ကိုယ် ကျင့်ကြံခြင်းလမ်းကြောင်းမှ သွေဖည်ကာ၊ ကိုယ်ပိုင်ပြုပြင်ဖန်တီးထားသည့် စွမ်းအင်လမ်းကြောင်းများဖြင့်သာ အသက်ဆက်နေရသည်။
ထိုအချက်ကြောင့်ပင် သူသည် နှစ်နှစ်ကျော်ကြာသည်အထိ ‘အတွင်းအားစုစည်းခြင်း အဆင့်တွင်သာ ရပ်တန့်နေခဲ့ရခြင်း ဖြစ်သည်။ လျူကျင်းသည် ဤကဲ့သို့ မညီမမျှဖြစ်နေသော စွမ်းအင်စက်ဝန်းနှင့်အတူ ရုန်းကန်ရှင်သန်ရန် သင်ယူခဲ့သော်လည်း၊ ၎င်းတို့သည် သူ့အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်ရာတွင် မလွန်ဆန်နိုင်သော အဟန့်အတားကြီးတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရှိနေဆဲပင် ဖြစ်သည်။
လျူကျင်းသည် ‘ချီ’ စွမ်းအင်ကို အသုံးပြုတိုင်း ဤသွေဖည်နေသော စွမ်းအင်လမ်းကြောင်းများကို အမြဲသတိပြု၍ ပဲ့ကိုင်ပေးရသည်။
ယနေ့လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ လျူကျင်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ‘ချီ’ စွမ်းအင်ကို ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ သတိကြီးစွာဖြင့် ပဲ့ကိုင်လမ်းပြရင်း လိုအပ်သလို ပုံဖော်နေသည်။ ဤအဆိပ်များနှင့်အတူ စားသောက်ခြင်း၊ အိပ်စက်ခြင်းနှင့် တိုက်ခိုက်ခြင်းတို့တွင် ကျင့်သားရနေပြီ ဖြစ်သော်လည်း၊ အထူးသဖြင့် သိုင်းကွက်အသစ်တစ်ခုကို စမ်းသပ်လေ့ကျင့်သည့်အခါတွင်မူ အလွန်အမင်း သတိထားရပေမည်။
လျူကျင်း မျက်လုံးကို ပြန်ဖွင့်လိုက်ပြီး ခြေတစ်လှမ်းကို စတင်လှမ်းလိုက်သည်။
ထိုအရှိန်ဖြင့်ပင် ပေတစ်ရာခန့်အကွာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ လျူကျင်းသည် တိုင်တစ်ခုကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ရင်း ခြေလှမ်းယိုင်နဲ့စွာဖြင့် ရပ်တန့်လိုက်သည်။ အနီးရှိ ဇူအန်မှာ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေရင်း သူ့ကို တွဲကူပေးရန် ပခုံးကို အမြန်လှမ်းဆွဲလိုက်သည်။ ထိုသို့ တွဲကူပေးစရာ မလိုလောက်အောင် သူ တည်ငြိမ်နေသော်လည်း၊ သူမ၏ စေတနာကို လျူကျင်း အသိအမှတ်ပြုမိသည်။
“အမလေး…အဆင်ပြေရဲ့လား”
“အဆင်ပြေရဲ့လား လို့ အကိုလျူ ။”
ဇူအန်၏ အသံမှာ မယုံနိုင်စရာကောင်းလောက်အောင် တုန်ယင်နေသည်။ သူမ လျူကျင်း၏ ပခုံးကို ပြန်လွှတ်ပေးရင်း အံ့ဩတကြီး မေးမြန်းလိုက်သည်။
“အကိုလျူ က ပေတစ်ရာအကွာကို မျက်စိတစ်မှိတ်အတွင်း ရောက်သွားတာလေ၊ ဂိုဏ်းရဲ့ အထင်ကရသိုင်းကွက်ကို ဒီလောက်မြန်မြန်နဲ့ တတ်သွားလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ ထင်မထားဘူး”
ဇူအန် သူ့ဘက်တော်သား ဖြစ်လာသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ သူမ၏ စိတ်နေသဘောထားကို လျူကျင်း ကောင်းစွာ နားလည်ပြီး ဖြစ်သည်။ ဇူအန်သည် သူ့ကို အန္တရာယ်ပြုမည့်သူ မဟုတ်ဘဲ၊ လျူကျင်း၏ ယုံကြည်မှုကိုသာ အဓိကထားပြီး ရရှိလိုသူ ဖြစ်သည်။ ထိုအချက်မှာ လျူကျင်း၏ လက်ရှိလိုအပ် နေသော အခြေအနေနှင့် အလွန်အမင်း ကိုက်ညီလှသည်။
ထိုကြောင့်ပင် သူမနှင့်အတူ အရှေ့ဘက်ဆိပ်ကမ်းမြို့ အပြင်ဘက်သို့ လေ့ကျင့်ရန် ထွက်လာရသည်ကို သူ စိတ်သက်သက်သာသာဖြစ်နေခြင်း ဖြစ်သည်။
သူတို့နှစ်ဦးသည် လက်ရှိတွင် မြို့ရိုးများမှ မိုင်အနည်းငယ်ဝေးသည့် လွင်ပြင်ကျယ်တစ်ခုတွင် ရှိနေကြသည်။ လျူကျင်းအနေဖြင့် ရှောင်ဂိုဏ်းဝင်းအတွင်း၌ပင် လေ့ကျင့်လိုသော်လည်း ထိုနေရာတွင် သူ့ကို စောင့်ကြည့်နေမည့် မျက်လုံးများစွာ ရှိနေသဖြင့် စိတ်အေးလက်အေး မဖြစ်နိုင်ပေ။ အကယ်၍သာ အကိုကြီး ရှောင်နန်ကိုသာ အကူအညီတောင်းလိုက်မည်ဆိုလျှင် သူတစ်ဦးတည်းအတွက် သီးသန့်လေ့ကျင့်ကွင်း တစ်ခုကို စီစဉ်ပေးမည်ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့သော အခွင့်ထူးခံအဖြစ် ရနေသည့်အခွင့်အရေး အား အပြည့်အဝအသုံးချရန် လျူကျင်း စိတ်မဝင်စားပေ။
“သာမန်လူတွေသာဆိုရင်တော့ အကိုလျူ ရဲ့ ဒီလှုပ်ရှားမှုကို ကြည့်ပြီး အခြေခံ ကိုယ်ဖော့သိုင်း ကို ကြိုလေ့ကျင့်ထားတာပဲလို့ ထင်ကြလိမ့်မယ်။”
‘မြေကျုံ့သိုင်းဟု လည်း ခေါ်ဝေါ်ကြသည့် ရှောင်ဂိုဏ်း၏ အထင်ကရ အခြေခံ ကိုယ်ဖော့သိုင်း..’။
ဤပညာရပ်မှာ ရှောင်ဂိုဏ်း၏ ထင်ရှားလှသော သိုင်းကွက်တစ်ခု ဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဇူအန်သည် လျူကျင်းအား ဤသိုင်းကို စတင်သင်ပြပေးနေခဲ့သည်။ အပြင်စည်းတပည့်တစ်ဦးအနေဖြင့် လျူကျင်းသည် ဤပညာရပ်ကို သင်ယူခွင့် မရှိသင့်သော်လည်း၊ လက်ရှိတွင်လျူကျင်းမှာ သာမန်တပည့်တစ်ဦး မဟုတ်တော့ပေ။ သူသည် ဂိုဏ်းခေါင်းဆောင် ရှောင်ကျန်း၏ သမက်တော် ဖြစ်နေပြီ မဟုတ်ပါလော။ ထိုအချက်ကို ဇူအန်ကပင် လွန်ခဲ့သောရက်အနည်းငယ်က လျူကျင်းအား မှန်ကန်စွာ ထောက်ပြခဲ့ဖူးသည်။
“ဒီလောက်လေးနဲ့တော့ အားရစရာ မရှိသေးပါဘူး…”
လျူကျင်း သည် သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းလှုပ်ရှားနေသော ‘ချီစွမ်းအင်’ တို့ကို အာရုံခံရင်း ပြန်ပြောလိုက်သည်။ ဤတစ်ကြိမ် ‘အခြေခံ ကိုယ်ဖော့သိုင်း’ ကို အသုံးပြုလိုက်ခြင်းက သူ့ရရှိထားသော စွမ်းအင်ဟန်ချက်အပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ချေ။
သို့သော် သူ့အခြေအနေမှာ အတော်တိုးတက်လာသည်ဟုဆိုရမည်။ ပိုမိုဝေးကွာသော အကွာအဝေးကို မစမ်းသပ်မီ၊ လက်ရှိတွင် ပေတစ်ရာ အကွာအဝေးကို ပိုမိုကျွမ်းကျင်ပိုင်နိုင်သွားအောင် နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံလေ့ကျင့်ဦးမှ ဖြစ်ပေမည်။ ဇူအန်မှာမူ သူ ဤသိုင်းကွက်ကို အလွယ်လေးတတ်မြောက်သွားသဖြင့် မျက်လုံးပြူးနေစဥ် သူ့စကားကြောင့် တအံ့တသြဖြစ်သွားသည်။
“ငါ အရင်က အစ်ကိုကြီးတွေ ဒီသိုင်းကွက်ကို အသုံးပြုနေတာကို ခဏခဏ မြင်ဖူးထားလေ..၊ သဘောတရားလောက်ပဲ နားလည်တာပါ”
စင်စစ်မူ လဆန်းမြို့ငယ်သို့အသွားတွင် အကိုကြီးရှောင်နန်သည် လျူကျင်းအား ဤလျှို့ဝှက်သိုင်းကွက်ကို သင်ကြားပေးလိုခဲ့သည်။ သို့သော် ထိုအချိန်က လျူကျင်းမှာ ဂိုဏ်း၏သမက်တော်အဖြစ် ရောက်ရှိမလာသေးသဖြင့် ထိုသို့သော လျှို့ဝှက်ပညာရပ်ကို သင်ယူခြင်းမှာ မလျော်ကန်ပေ။ အကိုကြီး ရှောင်နန်ကိုယ်တိုင် သင်ကြားပေးလျှင် မည်သို့ရှိမည်ကို လျူကျင်း တစ်ခါတစ်ရံ တွေးတောမိသော်လည်း၊ သူ့အကိုကြီးကို အကြောင်းမဲ့ အလုပ်ရှုပ်မခံစေလိုသဖြင့် ဤသို့ လွတ်လပ်စွာ လေ့ကျင့်နေခြင်းကသာ ပို၍ ကောင်းမွန်ပေသည်။
လျူကျင်း ကြားရသလောက်ဆိုလျှင် ဂိုဏ်းချုပ် ရှောင်ကျန်းသည် ယခုတလော အကိုကြီးရှောင်နန်ကို တာဝန်ပေါင်းစုံ ပေးအပ်ထားသည်။ လျူကျင်းအနေဖြင့် အကိုကြီးရှောင်နန်ကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှသာ တွေ့ဆုံရပါက ထိုအပတ်မှာ ကံကောင်းသည့်အပတ်ဟုပင် ဆိုရပေမည်။
“ပြီးတော့ ဒီသိုင်းကွက်ကလည်း သိပ်ပြီး မခက်ပါဘူး”
ဘက်ပေါင်းစုံမှ ချင့်ချိန်ကြည့်လျှင် 'အခြေခံ ကိုယ်ဖော့သိုင်း' မှာ အတော်လေးကို ရိုးရှင်းလှသည်ဟု လျူကျင်း ယူဆမိသည်။
“သိပ်မခက်ဘူး ဟုတ်လား”
ဇူအန်သည် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ အသံကို ရုတ်တရက် မြှင့်လိုက်မိသည်။
“အစ်ကိုလျူရယ်... ကျွန်မက မလေးမစား ပြောတာမဟုတ်ပါဘူး၊ အစ်ကိုလျူ ထင်တာ မှားနေပြီနော်။ ဒီသိုင်းကွက်က သဘောတရားပိုင်းမှာ ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ လက်တွေ့သုံးကြည့်ရင် ထည့်စဉ်းစားရမယ့် အချက်တွေ အများကြီးရှိတယ်။ ခြေထောက်မှာ ချီစွမ်းအင်ကို စုစည်းပြီး အရှိန်အဟုန်နဲ့ ပြေးထွက်ဖို့ဆိုတာက အလွယ်ဆုံးအပိုင်းပဲ။ ဒါပေမဲ့ သိုင်းကွက်ကို ထိထိရောက်ရောက် သုံးနိုင်ဖို့ကျတော့ မလွယ်ဘူးရှင့်။ ရုတ်တရက် အရှိန်မြှင့်လိုက်တဲ့အခါ ဖြစ်လာမယ့် တန်ပြန်သက်ရောက်မှုကို ခံနိုင်ရည်ရှိအောင်၊ ကိုယ်ခန္ဓာရဲ့ တခြားအစိတ်အပိုင်းတွေကိုပါ သတိကြီးကြီးထားပြီး အားဖြည့်ပေးထားရဦးမှာပါ...”
ဇူအန်သည် စကားစ ရပ်မသွားဘဲ အမောတကော ဆက်ရှင်းပြနေသည်။
“တကယ်လို့ ခြေထောက်ကိုပဲ အားဖြည့်ထားမယ်ဆိုရင်တော့ အရှိန်လွန်ပြီး ခြေခေါက်လဲကျသွားရုံပဲ ရှိမှာပါ။ အဲဒီလိုပဲ တစ်ကိုယ်လုံးကို တညီတညွတ်တည်း အားဖြည့်လိုက်ပြန်ရင်လည်း လိုချင်တဲ့ အရှိန်အဟုန်မျိုး ထွက်မလာဘဲ သိုင်းကွက်ရဲ့ အစွမ်းက လျော့နည်းသွားတတ်ပါတယ်။ ဒါက တကယ့်ကို သိမ်မွေ့တဲ့ အနုပညာတစ်ခုပါရှင်။”
ဇူအန်သည် ဤစကားကို ပြောဆိုရင်း ခေါင်းကို တက်ကြွစွာ ငြိမ့်ပြနေသည်။ သူမကိုယ်တိုင်လည်း ဤပညာရပ်ကို လေ့ကျင့်စဉ်က အောင်မြင်မှုမရရှိဘဲ အကြိမ်ပေါင်းများစွာ လဲကျခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည်အမှတ်ရနေပုံ ပေါ်သည်။
အနှစ်ချုပ်ပြောရရင်တော့ ‘အခြေခံကိုယ်ဖော့သိုင်း’ ဆိုတာ အရိုးအဆစ်နဲ့ ကြွက်သားတွေအားလုံးကို တိကျတဲ့အချိန်ကိုက် ထိန်းညှိမောင်းနှင်ရတဲ့ မဟာပညာရပ်ကြီးရှင့်..။ အားဖြည့်ရမယ့် ချီစွမ်းအင်ပမာဏကလည်း ကိုယ်အသုံးပြုမယ့် အရှိန်နဲ့ ခရီးအကွာအဝေးအပေါ် မူတည်ပြီး တရိပ်ရိပ် ပြောင်းလဲနေဦးမှာ။ ပြီးတော့... ပိုပြီး ကြောက်စရာကောင်းတာက ရန်သူက ဒီသိုင်းကွက်ရဲ့ ဖြောင့်ဖြောင့်တန်းတန်း သွားရတဲ့ သဘောသဘာဝ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကြားဖြတ်တိုက်ခိုက်လာနိုင်သေးတယ်! ဒါကြောင့် အချိန်မရွေး သိုင်းကွက်ကို ချက်ချင်းရပ်တန့်ပစ်တာမျိုး၊ ဒါမှမဟုတ် လမ်းကြောင်းလွှဲလိုက်တာမျိုး လုပ်နိုင်ဖို့ စိတ်ရောကိုယ်ပါ အမြဲတမ်း အသင့်ပြင်ထားရမှာပါ။ ‘အခြေခံကိုယ်ဖော့သိုင်း’ ဆိုတာ မြင်ရတာ ရိုးရှင်းပေမဲ့... အနှစ်သာရကတော့ အံ့ဩမကုန်နိုင်စရာ ကောင်းလောက်အောင် အလွန်ကို ရှုပ်ထွေးနက်နဲလွန်းတဲ့ ပညာရပ်ကြီးပါရှင်..”
ဇူအန် ပြောတာ မှန်သည်ဟု လျူကျင်း ထောက်ခံလိုက်သည်။ သူကိုယ်တိုင်လည်း လေ့ကျင့်စဉ်က ထိုအချက်အားလုံးကို ထည့်သွင်းစဉ်းစားခဲ့ရသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း ‘ခေါင်းကိုးလုံးပါ မြွေနတ်ဘုရား’ ၏ အဆိပ်ကို အသက်စွန့်ထိန်းချုပ်နေရခြင်းနှင့် ယှဉ်လိုက်လျှင်မူ၊ ထိုသို့သော အသေးအဖွဲ စွမ်းအင်ချိန်ညှိမှုများမှာ သူ့အတွက်တော့ လွယ်ကူလှပေသည်။
“ဒါကြောင့်မို့လို့... ‘အခြေခံကိုယ်ဖော့သိုင်း’ ကို စတင်လေ့ကျင့်သူတွေဟာ အရှိန်မထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ထိခိုက်မိတတ်ကြတာ တကယ်ကို သဘာဝကျလွန်းပါတယ်ရှင်။ ဒါဟာ ဂိုဏ်းအတွင်းစည်းတပည့်တွေကြားထဲမှာတောင် ဖြစ်လေ့ဖြစ်ထရှိတဲ့ အဓိကအမှားကြီးတစ်ခုပေါ့! ပါရမီထူးချွန်လှပါတယ်ဆိုတဲ့... ဟောဒီက ကျွန်မ‘ဇူအန်’ တောင်မှ ‘ပေငါးဆယ်လှမ်း’ အဆင့်ကို စမ်းသပ်ကြည့်နိုင်လောက်တဲ့ ယုံကြည်မှုမျိုးရဖို့... လပေါင်းများစွာတိုင်တိုင် အချိန်ယူပြီး ခက်ခက်ခဲခဲ လေ့ကျင့်ခဲ့ရတာ သိရဲ့လား...”"
ဇူအန်၏ စေတနာပါသော သတိပေးစကားကို ကြားရသည့်အခါ လျူကျင်းသည် ခေါင်းကို အသာညိတ်လိုက်သည်။ သူမ၏ အတွေ့အကြုံများမှာ သာမန်တပည့်တစ်ယောက်အတွက်မူ အလွန်ပင် တန်ဖိုးရှိလှသည်။ သို့သော် လျူကျင်းမှာမူ မိမိ၏ ခန္ဓာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသော ‘ချီ’ စွမ်းအင်ကို နောက်တစ်ကြိမ် ထပ်မံစုစည်းလိုက်သည်။ သူ့ မျက်ဝန်းများတွင် ပြတ်သားသော စိတ်ဓာတ်များ ထင်ဟပ်နေသည်။ လေ့ကျင့်ခန်းကို နောက်တစ်ကြိမ် ထပ်မံစတင်ရန် သူ အသင့်ဖြစ်နေပြီ ဖြစ်သည်။
လျူကျင်းသည် ဟိုဟိုဒီဒီ တွေးတောဟန်ဖြင့် ခေါင်းကို အသာညိတ်လိုက်သည်။
“ဒါကတော့ တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့ စကားပဲ။”
လျူကျင်း၏ စကားကြောင့် ဇူအန်မှာ အံ့ဩလွန်းသဖြင့် ပါးပြင်လေးများပင် နီရဲတက်လာရသည်။ မိမိကိုယ်တိုင် လပေါင်းများစွာ အချိန်ယူခဲ့ရသော ပညာရပ်ကို အစ်ကိုလျူက ရက်ပိုင်းအတွင်း တတ်မြောက်သွားသည်ဟူသော အမှန်တရားအား မယုံကြည်နိုင်ဘဲ သူမ၏ လက်နှစ်ဖက်ကို အလောတကြီး ဝှေ့ယမ်းကာ ငြင်းဆန်ရန် ကြိုးစားလိုက်မိတော့သည်။
“အစ်ကိုလျူ ဒီသိုင်းကွက်ကို သင်နေတာမှ လေးရက်ပဲ ရှိပါသေးတယ် ..ပြောရရင် ဒီလေးရက်အတွင်းမှာ ဒီလောက်အထိ တိုးတက်အောင် လုပ်နိုင်တာဟာ... သာမန်ဂိုဏ်းသားတပည့်တွေဆိုရင် အခြေခံတောင် မရသေးတဲ့ အချိန်မျိုးပါရှင်… ကျွန်မ ဆိုရင် လပေါင်းများစွာ အချိန်ယူခဲ့ရတာကို အစ်ကိုလျူကတော့... တကယ်ကို ပါရမီရှင်ကြီးပဲ!”
ဇူအန်သည် မချင့်မရဲနှင့် အားကျစိတ် ရောပြွန်းလျက် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ ထိုအခါ လျူကျင်းသည် ခေါင်းကို အသာညိတ်ကာ တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည်ပြောကြားလိုက်သည်။
“ငါကလည်း သတိကြီးကြီးထားပြီး အကောင်းဆုံး ကြိုးစားနေလို့လေ...”
လျူကျင်းက သူမ၏ အဓိက ဆိုလိုရင်းကို ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုရင်း ငြိမ်သက်စွာ ပြန်ဖြေလိုက်သည်။ သူ့ စွမ်းအင်ထိန်းချုပ်နိုင်စွမ်းမှာ မည်သည့်အတွက်ကြောင့် ဤမျှ ထူးခြားနေရသလဲဆိုသည်ကို ရှင်းပြမိပါက မေးခွန်းထုတ်စရာများ တစ်ပုံတစ်ပင် ပေါ်လာလိမ့်မည်။ ထိုသို့သော မိမိ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ကို ဇူအန်အား ယုံကြည်ပြီး ပြောပြရန် လျူကျင်းတွင် စိတ်ကူးမရှိသေးပေ။
တစ်ဖက်တွင်မူ ဇူအန်၏ အံ့ဩတကြီး တုံ့ပြန်မှုများကို ကြည့်ရသည်မှာ ပျော်စရာပင် ကောင်းနေသေးသည်။ အရှင်သခင်ဖြစ်သူက မိမိအပေါ် အဘယ်ကြောင့် ဤသို့သော အပြုအမူမျိုး ပြုလုပ်တတ်သည်ကို လျူကျင်း အခုမှပင် အနည်းငယ် နားလည်သလို ရှိလာသည်။
“ကဲ... ဆက်ပြီး လေ့ကျင့်ကြရအောင်။ ပိုဝေးတဲ့ အကွာအဝေးကို မသွားခင် ဒီသိုင်းကွက်ကိုနောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်ပြီး စမ်းသပ်ကြည့်ချင်သေးတယ်။”
သူတို့နှစ်ဦးသည် လျူကျင်း၏ အစီအစဉ်အတိုင်း လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်ကြသည်။ ထိုနေ့တွင် လျူကျင်းသည် ပေတစ်ရာအကွာအဝေးကို နောက်ထပ် အကြိမ်နှစ်ဆယ်ခန့် စမ်းသပ်ပြေးလွှားခဲ့သည်။ ဇူအန်မှာမူ လျူကျင်းတစ်စုံတစ်ရာ အမှားအယွင်းဖြစ်ကာ ဒဏ်ရာရသွားမည်ကို စိုးရိမ်လွန်း၍ သူ့ကို ဖမ်းဆုပ်ပေးရန် အနားကပ်၍သာ စောင့်ကြည့်နေခဲ့သည်။
သို့သော် ထင်ထားသည်နှင့်မတူဘဲ မည်သည့်အမှားအယွင်းမှ မဖြစ်ပေါ်ခဲ့ပေ။ အပြန်အလှန်အားဖြင့် လျူကျင်း၏ ကိုယ်ဖော့သိုင်းမှာ လေ့ကျင့်လေ ပိုမိုကျွမ်းကျင်လာလေ ဖြစ်သည်။ နေဝင်ခါနီးတွင် လျူကျင်းမှာ ‘ပေတစ်ရာ့ငါးဆယ်လှမ်း’ ကို စမ်းသပ်ရန်အတွက်ပင် စိတ်သန်နေပြီ ဖြစ်သည်။ သူသည် ထိုအကွာအဝေးကို အောင်မြင်စွာ ခုန်ကူးနိုင်ခဲ့သော်လည်း ရောက်သည့်နေရာတွင် အနည်းငယ် ယိုင်နဲ့သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ သူ့ စွမ်းဆောင်ရည်ကို မြင်လိုက်ရသည့် ဇူအန်မှာမူ မျက်လုံးအဝိုင်းသားနှင့် အံ့ဩတကြီး ငေးကြည့်နေတော့သည်။
ကျွန်မ တစ်ခုလောက် မေးခွင့်ပြုပါဦး... အစ်ကိုလျူက တကယ်ပဲ ‘အတွင်းအားစုစည်းခြင်း’ ရဲ့ ပထမအဆင့်မှာပဲ ရှိနေတာလားဟင်။"
"ဘာတွေလာမေးနေတာလဲ ..၊ မင်းလည်း ငါ့ ‘ချီစွမ်းအင်’ ကို ခံစားမိနေတာပဲလေ။ ထူးထူးခြားခြား ဘာမှ မရှိပါဘူး။
လျူကျင်းက အေးဆေးစွာ ပြန်ဖြေလိုက်သည်။ သူ့အမြင်အရဆိုလျှင် ၎င်းမှာ လုံးဝအမှန်တရားပင် ဖြစ်သည်။ ‘ခေါင်းကိုးလုံးပါ မြွေနတ်ဘုရား’ ၏ အဆိပ်သင့်ဒဏ်ကို အပြီးတိုင် မကုစားနိုင်သေးသမျှ သူသည် ‘အတွင်းအား စုစည်းခြင်းအဆင့်’ ၏ တံခါးဝတွင်သာ ပိတ်မိနေဦးမည်ဖြစ်သည်။
“ဒီနေ့အတွက်တော့ ‘အခြေခံ ကိုယ်ဖော့သိုင်း’ လေ့ကျင့်တာ ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်။ နောက်တစ်ဆင့်ကို ဆက်ကြမယ်။”
ဇူအန်က မျက်နှာကို ရှုံ့မဲ့ကာ သက်ပြင်းချလိုက်သည်။
“တကယ်ပဲလား အကိုလျူ ရယ်။ အဲဒီအန္တရာယ်များတဲ့ သိုင်းကွက်ကို စမ်းမနေပါနဲ့တော့။ 'အခြေခံ ကိုယ်ဖော့သိုင်း' ကိုပဲ အချိန်ပေးပြီး ဆက်လေ့ကျင့်တာ ပိုမကောင်းဘူးလားရှင်။”
သူမ ပါးစပ်ကသာ တားမြစ်နေသော်လည်း ခန္ဓာကိုယ်ကတော့ သိုင်းကွက်တစ်ခုကို အသုံးချရန် အသင့်အနေအထားသို့ ရောက်နှင့်နေပြီဖြစ်သည်။
“မင်းမြင်ရတာ ထူးဆန်းပြီး အန္တရာယ်များတယ်လို့ ထင်နေပေမဲ့ ငါ့အတွက်တော့ ဒါက အရေးအကြီးဆုံး လေ့ကျင့်ခန်းတစ်ခုပဲ။”
လျူကျင်းက တိုက်ခိုက်ရန် အနေအထားကို ပြင်ဆင်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
“လာခဲ့..မညှာနဲ့နော် ”
ဇူအန်သည်လည်း ချီတုံချတုံ ဖြစ်မနေတော့ဘဲ ချက်ချင်းပင် လှုပ်ရှားလိုက်တော့သည်။ သူမ၏ အစွမ်းအစ တစ်ဝက်မျှကိုပင် ထုတ်မသုံးထားသော်လည်း၊ ဂိုဏ်းအတွင်းစည်းတပည့်တစ်ဦး၏ လျင်မြန်လှသော ကိုယ်ဟန်လှုပ်ရှားမှုမှာ လျူကျင်းအတွက်မူ မျက်စိဖြင့်ပင် အမိအရ မလိုက်နိုင်လောက်အောင် မြန်ဆန်လွန်းလှပေသည်။
လျူကျင်းသည်လည်း ခန္ဓာကိုယ်အတွင်းမှ ‘ချီစွမ်းအင်’ ကို အမိအရ ဆွဲထုတ်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လိုအပ်သလို အားဖြည့်ပုံဖော်လိုက်၏။ ထိုခဏ၌ မိမိ၏ ပတ်ဝန်းကျင်တွင် စွမ်းအင်များ လှိုင်းတံပိုးတမျှ တုန်ခါစီးဆင်းနေမှုကို ကောင်းစွာ အာရုံခံမိလိုက်သည်။
သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်မိသည်။
ထိုစဉ်မှာပင်... ဇူအန်၏ လက်ချောင်းမှာ သူ့နဖူးဆီသို့ လျှပ်စီးပမာ လျှပ်တစ်ပြက် ပုတ်ခတ်သွားခဲ့လေပြီ။
“အင့်...”
လျူကျင်းမှာ အော်ဟစ်သံပြုလျက် နောက်သို့ ယိုင်နဲ့စွာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ မလဲမကျသွားခြင်းမှာ ဇူအန်က ထိုမျှအထိ အားကို ထိန်းချုပ်ပြီး ညှာတာပေးထားခဲ့သောကြောင့်သာ ဖြစ်သည်။ စတင်ချိန်ကတည်းကပင် ဂိုဏ်းအတွင်းစည်းတပည့်ဖြစ်သည့် သူမအနေဖြင့်၊ အပြင်စည်းတပည့်သက်သက်သာ ရှိသေးသော လျူကျင်းကို အစွမ်းကုန် တိုက်ခိုက်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်ဖြစ်သည်။
သို့သော် ဤအတိုင်းအတာအထိ သူ ရောက်ရှိအောင် ကြိုးပမ်းနိုင်ခြင်းမှာပင် ထူးခြားလှပေပြီ။
“အကိုလျူ ... နောက်တစ်ခေါက် ထပ်စမ်းကြည့်ချင်သေးလား”
လျူကျင်း နဖူးကို အသာပွတ်သပ်နေစဉ် ဇူအန်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် မေးလိုက်သည်။ သူမ၏ အသံမှာ “မစမ်းပါနဲ့တော့” ဟု တားမြစ်လိုက်ချင်နေသည့် စိုးရိမ်စိတ်တို့ ရောထွေးနေသည်။ ဂိုဏ်းချုပ်ကြီး၏ သမက် လျူကျင်း အားနာကျင်အောင် တိုက်ခိုက်လိုက်ရသည့်အတွက် သူမ၏ စိတ်ထဲတွင် အနေရခက်နေပုံရသည်။ လျူကျင်း က သူမအပေါ် အငြိုးထားသွားမည်ကို စိုးရိမ်နေသည့်အလား မျက်လုံးများကိုပင် သေချာမကြည့်ရဲပေ။
“အေး ထပ်လုပ်မယ်။”
လျူကျင်းက အနည်းငယ်နာကျင်နေသည့် နဖူးကို လျစ်လျူရှုကာ တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြန်လည်ဝင်ရောက်ရင်း ခပ်ပြတ်ပြတ် ပြောလိုက်သည်။
စင်စစ်မူ ‘အခြေခံ ကိုယ်ဖော့သိုင်း’ ပညာရပ်မှာ အဆင်ပြေချောမွေ့စွာ တိုးတက်နေပေပြီ။ သို့သော် လျူကျင်း လေ့ကျင့်နေသည့် နောက်ထပ်ပညာရပ်တစ်ခုဖြစ်သော ‘လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း သိုင်းကွက် မှာမူ လေ့ကျင့်ရ လွယ်ကူလှသည့်အရာ မဟုတ်ပေ။
သူ့ ဆရာသခင် သင်ကြားပေးခဲ့သော ထို သိုင်းကွက်မှာမှာ ရှောင်ဂိုဏ်း၏ ထုံးတမ်းစဉ်လာ လှုပ်ရှားမှုပညာရပ်ထက်ပင် ပိုမိုနက်ရှိုင်း ရှုပ်ထွေးလှသည်။ ‘အခြေခံ ကိုယ်ဖော့သိုင်း’ တွင် ကိုယ်ခန္ဓာကို မည်သို့အားဖြည့်ရမည်ကိုသာ အဓိကထား အာရုံစိုက်ရန် လိုအပ်သော်လည်း၊ ‘လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း သိုင်း’ ပညာရပ်မှာမူ လှုပ်ရှားမှုများ၏ ရှုပ်ထွေးမှုသာမက ပတ်ဝန်းကျင်ရှိ ချီစွမ်းအင် စီးဆင်းမှုကိုပါ အမိအရ ဖတ်ရှုတတ်ရန် လိုအပ်သည်။
လျူကျင်းသည် တိတ်ဆိတ်သည့်နေရာတွင် တစ်ယောက်တည်း သီးသန့်လေ့ကျင့်ပါက ထိုပညာရပ်ကို တသမတ်တည်း အသုံးပြုနိုင်သော်လည်း၊ ဤကဲ့သို့ ပြင်ပလောက၏ မတည်ငြိမ်မှုများကြားတွင် လက်တွေ့အသုံးချရန်မှာ လွန်စွာ ခက်ခဲလှပေသည်။
သို့သော်လည်း တစ်ယောက်တည်း တိတ်တဆိတ် လေ့ကျင့်နေရုံဖြင့်ကား မလုံလောက်သေးပေ။
‘အခြေခံ ကိုယ်ဖော့သိုင်း’ နှင့် မတူညီသည်မှာ ‘လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း’ပညာရပ်သည် ရန်သူကို ရင်ဆိုင်တိုက်ခိုက်သည့်အခါတွင် အသုံးပြုရန် သီးသန့်ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စေရန် အကောင်းဆုံးနည်းလမ်းမှာ ရန်သူတစ်ဦးကို ရင်ဆိုင်ရင်း လက်တွေ့အသုံးပြုခြင်းသာ ဖြစ်သည်။ လျူကျင်းတစ်ယောက် ဇူအန်ကို အတိုက်ခိုက်ခံရန် ညွှန်ကြားထားခြင်းမှာ ထိုအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။ ဂိုဏ်းအတွင်းစည်းတပည့်တစ်ဦးနှင့် လေ့ကျင့်ရခြင်းမှာ လျူကျင်း၏ လက်ရှိအဆင့်အတန်းအတွက် စံပြမဟုတ်သော်လည်း၊ လက်ရှိ အခြေအနေတွင်မူ သူရနိုင်သည့် အကောင်းဆုံးသော လေ့ကျင့်မှုပုံစံ ဖြစ်နေသည်။
အပတ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း လျူကျင်းတစ်ယောက် သူမကို ရင်ဆိုင်ရင်း ထိုပညာရပ်ကို အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သည်မှာ အကြိမ်ဆယ်ကြိမ်ပင် မပြည့်သေးချေ။ ထို့ကြောင့်ပင် သူမက ‘အခြေခံ ကိုယ်ဖော့သိုင်း’ ကိုသာ အာရုံစိုက်လေ့ကျင့်ရန် တိုက်တွန်းနေခြင်း ဖြစ်သည်။ လက်ထဲတွင် ပိုမိုလွယ်ကူပြီး ထိရောက်သည့် ပေါ့ပေါ့ပါးပါးပညာရပ်တစ်ခု ရရှိသွားပြီဖြစ်၍ ‘လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း’ ကို လျူကျင်း စွန့်လွှတ်လိုက်တော့မည်ဟု သူမ ထင်မှတ်ထားပုံရသည်။
သို့ရာတွင် လျူကျင်းမှာ ဤခက်ခဲနက်နဲသော ပညာရပ်ကို စွန့်လွှတ်ရန် လုံးဝ စိတ်မဝင်စားပေ။
သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး၊ တုန်ရီနေသော ကြွက်သားများကို ပြန်လည်ထိန်းချုပ်ကာ တိုက်ခိုက်ရန် အသင့်အနေအထားသို့ ပြန်ဝင်လိုက်သည်။
“လာလေ…ထပ်လုပ်မယ်..”
ဇူအန်ကို ဘေးနားတွင် ခေါ်ထားခြင်းမှာ အလွန်ပင် အသုံးဝင်လှသည်။ တကယ်တမ်းမှာလည်း လျူကျင်းအတွက် သူမ၏ တည်ရှိမှုသည် အထောက်အကူများစွာ ဖြစ်စေသည်။ ဂိုဏ်းအတွင်း လျူကျင်းကို စိတ်အနှောင့်အယှက်ပေးတတ်သူများကို ခြောက်လှန့်ဖယ်ရှားရာတွင် ဤဂိုဏ်းအတွင်းစည်းတပည့်မလေးမှာ အလွန်ပင် ရဲတင်းလွန်းလှသည်။ သို့သော်လည်း… အချို့အခြေအနေမျိုးတွင်မူ အနည်းငယ် ခေါင်းကိုက်စရာ ဖြစ်လာသည်။
“မင်းက ငါ့ကို အဲဒီလို ပြောရဲတယ်ပေါ့လေ...”
တစ်ဖက်လူက ဒေါသတကြီး ကြုံးဝါးလိုက်သော်လည်း ဇူအန်ကမူ ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ပက်ပက်စက်စက် တုံ့ပြန်လိုက်သည်။
“ငါ ပြောချင်သလောက် ပြောမှာပဲ! နင့်နှာခေါင်းကြီးကို အစ်ကိုလျူရဲ့ ကိစ္စတွေထဲကနေ အဝေးကြီးမှာ ဖယ်ထားလိုက်တာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့...”
ထိုအငြင်းအခုံမှာ ပတ်ဝန်းကျင်ရှိ လူအချို့၏ အကြည့်ကို ဆွဲဆောင်မိနေပြီ ဖြစ်သည်။ ပါဝင်ပတ်သက်နေသူများကို ကြည့်လိုက်လျှင်မူ အံ့ဩစရာ မရှိတော့ပေ။ တစ်ဖက်တွင် ပြောပေါက်ဆိုးလှသည့်ဇူအန် ဖြစ်ပြီး၊ နောက်တစ်ဖက်တွင်မူ ဂိုဏ်းအတွင်း၌ နာမည်ဆိုးဖြင့် ကျော်ကြားသော ‘နှာခေါင်းကြီးလီ’ ဖြစ်နေသည်။
လျူကျင်း ရှောင်ဂိုဏ်းသို့ စတင်ရောက်ရှိသည့်နေ့က နှာခေါင်းကြီးလီသည် ရှောင်ဖန်း၏ အမိန့်ဖြင့် သူ့ကို အနိုင်ကျင့်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ရှောင်နန်၏ ကြားဝင်တားဆီးမှုကြောင့် ထိုအစီအစဉ်မှာ ပျက်ပြားသွားခဲ့ရ၏။ ထိုဖြစ်ရပ်ပြီးနောက် မကြာမီတွင်ပင် နှာခေါင်းကြီးလီသည် ဂိုဏ်းအတွင်း အဆင့်အတန်း တိုးမြှင့်ခံရကာ ဂိုဏ်းအတွင်းစည်းတပည့်တစ်ဦး ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် လျူကျင်းသည် သူ့ကို ရှောင်ဖန်း၏ ဘေးနားတွင် အရိပ်ပမာ အမြဲလိုလို တွေ့မြင်နေရခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်၏ ပတ်သက်မှုကို သူငယ်ချင်းဟု ခေါ်ဆိုနိုင်သော်လည်း၊ အမှန်စင်စစ်၌မူ ‘ခိုင်းဖော်ခိုင်းဖက်’ ဟု သုံးနှုန်းခြင်းက ပို၍ ပီပြင်တိကျပေလိမ့်မည်။
လျူကျင်းသည် တွေးတောရင်း တစ်ချက်မျှ ငေးခနဲ ဖြစ်သွားမိသည်။ ဇူအန်နှင့် မိမိကြားရှိ ဆက်ဆံရေးမှာလည်း အထူးတလည် ထူးခြားလှသည်တော့ မဟုတ်ပေ။ သို့ဆိုလျှင် ဇူအန်သည်လည်း မိမိ၏ ခိုင်းဖော်ခိုင်းဖက် ဖြစ်သွားခဲ့ပြီလော။ မိမိတွင်လည်း တကယ်ပဲ ထိုကဲ့သို့သော ခိုင်းဖော်ခိုင်းဖက်တစ်ယောက် ရှိနေခဲ့ပြီလော။
“ဇူ အန်….၊ မင်းက တော်တော်လေး ရဲတင်းတာပဲ... မင်း ဘယ်သူနဲ့ စကားပြောနေသလဲဆိုတာကိုရော ကောင်းကောင်းသိရဲ့လား!”
နှာခေါင်းကြီးလီက ဒေါသတကြီးဖြင့် သွားများကို ကြိတ်ကာ မေးလိုက်သည်။
ဇူအန်ကမူ မောက်မာဝင့်ကြွားသော မျက်နှာပေးဖြင့် အေးစက်စက် နှာခေါင်းရှုံ့ကာ ရယ်မောလိုက်ပြီး—
“အဟက် ..၊ သခင်လေး ရှောင်ဖန်းရဲ့ဘေးနားမှာ ခွေးလိုတကောက်ကောက်လိုက်နေတဲ့ နှာခေါင်းကြီးကို ဘယ်သူမှ မမှတ်မိဘူးလို့တော့ မထင်နဲ့ပေါ့။ ငါ့မျက်လုံးထဲမှာတော့... နင်က ဘာကောင်မှမဟုတ်ဘူး..!”
နှာခေါင်းကြီးလီ၏ မျက်နှာမှာ ဒေါသကြောင့် ခရမ်းရောင်သမ်းသွားပြီး နီရဲလာသည်။ ကြည့်ရှုနေသူများကြားမှ တခွိခွိနှင့် ရယ်သံအချို့ ထွက်ပေါ်လာသည်။ လျူကျင်းက မျက်လုံးကို တစ်ချက်မျှ အသာလှန်ကြည့်လိုက်မိပြီး၊ ဇူအန်၏ ထက်မြက်လှသော လျှာစွမ်းကို အသိအမှတ်ပြုသည့်အနေဖြင့် စိတ်ထဲမှ အမှတ်တစ်မှတ် ပေးလိုက်မိသည်။ သို့သော်လည်း... ‘ဒီအငြင်းအခုံက ဘယ်လိုကနေ စဖြစ်ခဲ့တာလဲ’ ဟု ပြန်လည်တွေးတောမိရင်း သူ စိတ်လည်းညစ်၊ ရယ်လည်းရယ်ချင်နေမိတော့သည်။
“တောက်... ဒီမိန်းမပျက်ကတော့ ပါးစပ်သရမ်းလွန်းလှချည်လား!” ဟု နှာခေါင်းကြီးလီက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“အို… မိန်းမပျက် ဟုတ်လား။”
ဇူအန်၏ မျက်နှာထက်မှ အပြုံးရိပ်တို့ ချက်ချင်း ပျောက်ကွယ်သွားသည်။ လျူကျင်း ကြည့်နေတုန်းမှာပင် သူမ၏ လက်သီးနှစ်ဖက်မှာ ကျစ်ခနဲ ဆုပ်မိသွားပြီး၊ ဇူအန်သည် လေသံကို လျှော့ကာ ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
““အိုး... နင့်မျက်စိထဲမှာ ငါ့ကို အဲဒီလိုပဲ မြင်နေတာလား။ ငါက ဒီရှောင်ဂိုဏ်းကြီးရဲ့ မိသားစုဝင်လို့ ပြောလို့ရမယ့် အစ်ကိုလျူ့လက်အောက်မှာ သစ္စာရှိရှိနဲ့ လိုလေသေးမရှိ တာဝန်ကျေပွန်အောင် လုပ်ပေးနေတာလေ! ဒီလိုမျိုး ဂိုဏ်း မောင်နှမသံယောဇဉ်နဲ့ အပြန်အလှန် ကူညီနေတဲ့ လူနှစ်ယောက်ကိုမှ ဒီလိုအောက်တန်းကျကျ အပုပ်ချပြောဆိုရအောင်... နင့်မျက်စိတွေက တော်တော်လေး ကန်းနေတာပဲ!”
ဇူအန်၏ တုံ့ပြန်ပုံမှာ ခါတိုင်းထက် အနည်းငယ် ပြင်းထန်လွန်းနေသော်လည်း၊ ယခုကဲ့သို့ လူအများရှေ့တွင် နှာခေါင်းကြီးလီ အကာအကွယ်မဲ့သွားအောင် စကားလုံးများဖြင့် ခပ်နာနာ ထိုးနှက်လိုက်ခြင်းမှာ အလွန်ပင် ထိရောက်လှသည်။
သို့ရာတွင် ဇူအန်သည် ဤမျှနှင့်မရပ်သေးပဲ စကားတစ်ခွန်းဖြင့် ထပ်မံ ဖိနှိပ်လိုက်သည်။
“ဟုတ်တယ်... နင့်မျက်စိတွေတင် ကန်းနေတာ မဟုတ်ဘူး၊ နင့် စိတ်ဓာတ်တွေကပါ အရမ်းအောက်တန်းကျနေတာ ..၊ ရှောင်ဂိုဏ်းချုပ်ကြီးရဲ့သမက်တော် အကိုလျူက သူ့ဇနီးသည် သခင်မလေးအပေါ် သစ္စာဖောက်လိမ့်မယ်လို့ နင်က ဘယ်လိုစိတ်နဲ့ စွပ်စွဲရဲတာလဲ!”
နှာခေါင်းကြီးလီသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးအဝိုင်းသား ဖြစ်သွားတော့သည်။ သူစကားလွန်ကျွံသွားခဲ့ကြောင်းကို နောက်ဆုံးတွင် သဘောပေါက်သွားပုံရ၏။ ထို့အတူ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထဲမှ တယောက်တပေါက် ဝေဖန်သံများနှင့် အပြစ်တင်သံများမှာလည်း တမဟုတ်ချင်း မြင့်တက်လာခဲ့သည်။
ထိုအငြင်းအခုံမှာ နောက်ထပ် အပြန်အလှန် စကားအနည်းငယ် ဖြင့် ထပ်မံပြင်းထန်လာပြီးနောက် နှာခေါင်းကြီးလီတစ်ယောက် လူအများ၏ အကြည့်များကို မခံမရပ်နိုင်ဖြစ်ကာ အရှက်တကွဲဖြင့် ထွက်ခွာသွားခဲ့ရသည်။ သို့သော် သူ မသွားခင် လျူကျင်းတို့ဘက်သို့ အငြိုးတကြီး လှည့်ကြည့်ရင်း စိန်ခေါ်စကားတစ်ခွန်းကို ပစ်လွှတ်သွားခဲ့သေး၏။
“အစ်ကိုကြီး ရှောင်ဖန်းနဲ့ နင့်အစ်ကိုလျူတို့ လက်ရည်စမ်းပွဲမှာ တွေ့ကြတဲ့အခါကျရင်တော့... နင်ဘယ်လောက်အထိ ကူညီပေးနိုင်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့..”
ဤစကားမှာ အင်မတန် အန္တရာယ်ကြီးသည့် စကားဖြစ်သည်။ ရှောင်ဖန်းမှာ ဤစကားကြောင့် ဂိုဏ်းအတွင်း အမြင်မကြည်လင်မှုများ ဖြစ်ပေါ်လာတော့မည်မှာ သေချာပြီး၊ ထို့အတွက်ကြောင့် နှာခေါင်းကြီးလီမှာလည်း ရှောင်ဖန်း၏ အဆူအပူကို ခံရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
“အောက်တန်းစားကောင်” ဇူအန်က နှာခေါင်းရှုံ့ကာ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။ ထို့နောက် သူမသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ စပ်စပ်စုစုရပ်ကြည့်နေသော လူအုပ်ကြီးကိုတွေ့လိုက်ရသည်။
“ဟဲ့ နင်တို့ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ.. ရှောင်ဂိုဏ်းရဲ့ တပည့်တွေဆိုတာ လုပ်စရာကိစ္စ ပိုကောင်းတာတွေ မရှိကြဘူးလား” ဟု အသံကို မြှင့်၍ အော်ဟစ်လိုက်သည်။
သူမ၏ ကျယ်လောင်ပြတ်သားသော အသံအဆုံးတွင် စုဝေးနေသော လူအုပ်မှာ ကြောက်လန့်တကြားဖြင့် ဟိုတစ်စဒီတစ်စ ပြန့်ကျဲသွားကြသည်။ လျူကျင်းမှာမူ ထိုအငြင်းအခုံ ဖြစ်ပွားနေစဉ်ကတည်းကပင် ထိုနေရာမှ လှည့်ထွက်သွားနှင့်ပြီဖြစ်သည်။ ဇူအန်က လျူကျင်း၏ နောက်သို့ အလျင်အမြန်ပင် ခြေလှမ်းကျဲကြီးများဖြင့် လိုက်ပါလာသည်။
“အကိုလျူ ... တစ်ခုလောက် ပြောချင်လို့” ဇူအန်၏ အသံမှာ ပတ်ဝန်းကျင်မှ သူစိမ်းများ မကြားနိုင်စေရန် အလွန်တိုးညင်းလွန်းလှသည်။
“ ပြော လေ… ” ဟု လျူကျင်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“အကိုလျူ နဲ့ သခင်လေး ရှောင်ဖန်းတို့အကြောင်း ဂိုဏ်းထဲမှာ ကောလာဟလတွေ ထွက်နေပါတယ်ရှင်။”
သူမ ပြောဆိုနေသည့် ကောလာဟလများမှာ မည်သည့်အကြောင်းအရာဖြစ်ကြောင်း လျူကျင်း ကောင်းကောင်းသိသည်။ သူတို့နှစ်ဦးစလုံးက ဤကိစ္စကို လူသိရှင်ကြား မဖြစ်စေရန် အထူးဂရုစိုက်ခဲ့ကြသော်လည်း၊ မကြာမီ ဖြစ်လာမည့် သူတို့နှစ်ဦး၏ အားပြိုင်မည့်တိုက်ခိုက်မှုအကြောင်းမှာ ရှောင်ဂိုဏ်းတစ်ဝန်း ပျံ့နှံ့နေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဤသတင်းမှာ တစ်နေ့မဟုတ်တစ်နေ့ ပေါက်ကြားလာရမည်သာ ဖြစ်သည်။ လူတွေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူ့အတွက် အရေးမကြီးဟု ပြောလိုက်ချင်သော်လည်း အမှန်တရားမှာမူ တစ်ခြားစီပင် ဖြစ်သည်။ လူတွေ သိထားကြခြင်းက သူ့အား စိုးရိမ်စိတ်များကို ပိုမိုမြင့်တက်လာစေသည်။
သူ မကြာသေးမီက ‘အခြေခံ ကိုယ်ဖော့သိုင်း’ နှင့် ‘လေလွင့်သူခိုး လျှို့ဝှက်ခြေလှမ်း’ ပညာရပ်များကို အသက်ကိုပင် ပဓာနမထားဘဲ အသည်းအသန် လေ့ကျင့်နေခြင်းမှာလည်း အကြောင်းရင်း ရှိသည်။
သိုင်းကွက် သုံးကွက် ၊
သူ ခံနိုင်ရည်ရှိရမည့် သိုင်းကွက်မှာ ထိုမျှသာ ဖြစ်သည်။ ထိုတိုက်ခိုက်မှုများက သူ့ကို ထိမှန်သည်ဖြစ်စေ၊ မထိမှန်သည်ဖြစ်စေ အရေးမကြီးတော့ပေ။
လက်ရှိ ဇူ အန်မေးလာသောအခါ သူ ရေငုံနှုတ်ပိတ်ရန်အစီအစဉ်မရှိပဲ အမှန်အတိုင်းအတည်ပြုပေးလိုက်သည်။
“အဲဒီသတင်းတွေက အမှန်ပဲ..”
လျူကျင်းက အလားတူပင် အသံတိုးတိုးဖြင့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူ့ဘေးတွင် လျှောက်လှမ်းနေသော ဇူအန်မှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ရုတ်တရက် တောင့်တင်းသွားသည်ကို လျူကျင်း ခံစားမိလိုက်သည်။
“အကိုလျူ ... အဲဒီလက်ရည်စမ်းပွဲမှာ အဆင်ပြေပါ့မ လားရှင်…”
“ ရှုံးသွားမှာကို စိုးရိမ်တာဆိုရင်တော့... ငါ ရှုံးဖို့ လုံးဝ စိတ်ကူးမရှိဘူး။”
လျူကျင်း၏ အသံမှာ တိုးသော်လည်း ခိုင်မာပြတ်သားလှသည်။
အမှန်ပင်... သူ ရှုံးဖို့ လုံးဝ စိတ်ကူးမရှိပေ။ လုံးဝ စိတ်ကူးမရှိသည့်အပြင် ရှုံးနိမ့်ခြင်းဆိုသည့် စကားလုံးကိုပင် သူ့ စိတ်အာရုံထဲ၌ နေရာပေးထားခြင်း မရှိချေ။