← Chapters

အခန်း ၄၂.၁

Vol. 5 Ch. 42.1

အခန်း ၄၂.၁

Vol. 5 Ch. 42.1

အခန်း၄၂.၁ ။ အွန် ၏ ဇာတ်ကြောင်း

အွန်သည် အသက်ရှူသံကို ထိန်းချုပ်ရင်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။ သူ့လက်သည်းများ လက်ဖဝါးအတွင်းသို့ နစ်ဝင်သွားသည်ကိုပင် သူသတိမထားမိချေ။ သူစောင့်နေသော အချိန်ရောက် တော့မည် ဖြစ်ရာ သူ စိတ်ထဲတွင် မရိုးမရွဖြစ်နေသည်။

သူသည် အရှေ့ဘက်ဆိပ်ကမ်းမြို့၏ အပြင်ဘက်ပိုင်းရပ်ကွက်များတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ မိဘမဲ့တစ်ဦး ဖြစ်သည့်အတွက် သူ့ဘဝလမ်းကြောင်းမှာ မည်သည့်အခါကမျှ ချောမောပြေပြစ်ခြင်း မရှိခဲ့‌ ပေ။ အသက်ရှင်သန်ရေးအတွက် ခိုးယူလုယက်ခြင်းဖြင့်ပင် ဖြတ်သန်းခဲ့ရသည့် အချိန်ကာလများစွာ ရှိခဲ့သည်။ သို့သော်လည်း ဤမျှ အမှောင်ထုဖုံးလွှမ်းနေသည့် သူ့ဘဝအခြေအနေများကြားတွင် အွန် ဂုဏ်ယူဝံ့ကြွားစရာ တစ်ခုရှိသည်။

ထိုအရာကား သူ၏ ထူးကဲသော ခွန်အားပင် ဖြစ်သည်။

အွန်သည် ငယ်စဉ်ကတည်းကပင် သူ့၏သန်မာလှသော ခွန်အား လူသိများသူ ဖြစ်သည်။ လူတိုင်းက ထိုသို့ အသိအမှတ်ပြု ပြောဆိုကြသည်။ သူ့ ထိုထူးချွန်သောအရည်အချင်းကို ခက်ခဲကြမ်းတမ်းလှသည့် ဘဝ၏ ရိုက်ခတ်မှုများက ပုံသွင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ သူသည် ဂိုဏ်းဂဏများမှ အလိုလိုက် အကြိုက်ဆောင်ခံထားရသည့် ကလေးငယ်များနှင့် လုံးဝမတူပေ။ အွန်အတွက်မူ နေ့ရက်တိုင်းသည် စားဝတ်နေရေးအတွက် အလုပ်ကြမ်းများကိုလုပ်ရသည်။ သို့ဖြစ်ရာ အွန်၏ဘဝသည် ရုန်းကန်လှုပ်ရှားရသည့် ခက်ခဲလှသော သံသရာတစ်ခုသဖွယ် ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် အထက်အောက် ကွာခြားလှသည့် အသက်ကြီးသော ပြိုင်ဘက်များကိုပင် သူ အနိုင်ယူခဲ့ဖူးသည့် အချိန်အခါများ ရှိခဲ့သည်။ အွန်၏ အရည်အချင်းမှာ ထိုမျှအထိ ထက်မြက်လွန်းလှပေသည်။

နောက်ဆုံးတွင်မူ အွန်၏နာမည်မှာ အပြင်ဘက်ပိုင်းရပ်ကွက်များရှိ ကလေးငယ်များကြားတွင် မည်သူမျှ မယှဉ်နိုင်သော စွမ်းအားရှင်တစ်ဦးအဖြစ် ကျော်ကြားလာခဲ့သည်။ ထိုအချိန်တွင်ပင် သူသည် ရှောင်ဂိုဏ်း ၏ ပညာသင်တပည့်အဖြစ်ခံယူရန်ဆုံးဖြတ်လိုက်သည်။

ရှောင်ဂိုဏ်း၏ ခန့်ညားထည်ဝါလှသော တံခါးကြီးရှေ့တွင် ရပ်နေရင်း အွန်သည် မောဟိုက်စွာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ထိုအချိန်မှာပင် သူ့စိတ်ထဲသို့ ရုတ်တရက် ရောက်လာသော အတွေးတစ်ခုကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားသည်။

'တောက် …ဒီတံခါးကြီးကိုသာ ဖြုတ်ချပြီး ရောင်းစားလိုက်ရင် အိမ်ဘယ်နှလုံးလောက်များ ဆောက်လို့ရမလဲ။'

၎င်းမှာ အသုံးမဝင်သော၊ လျှပ်တစ်ပြက်အတွေးသက်သက်သာ ဖြစ်သော်လည်း၊ အွန်၏ ဦးနှောက်ထဲတွင်မူ ထိုအတွေးက အမှိုက်သရိုက်များပမာ လွှမ်းမိုးထားဆဲပင် ဖြစ်သည်။ သူသည် ခေါင်းကို အသာခါယမ်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သတိပေးလိုက်သည်။

"အာ…ငါ ဘာတွေတွေးနေမိတာလဲ။ အာရုံစိုက် အာရုံစိုက်စမ်း..."

ရှောင်ဂိုဏ်း၏ ဂိုဏ်းတပည့်အသစ် ရွေးချယ်မှု အရည်အချင်းစစ်ပွဲသည် တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပသည်။ အကယ်၍ ယခုတစ်ကြိမ် ကျရှုံးခဲ့လျှင် နောက်နှစ်တွင် ထပ်မံကြိုးစားနိုင်သေးသည်မှာ မှန်သော်လည်း၊ အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ ဂိုဏ်း၏ သတ်မှတ်ချက်များမှာ ပိုမိုတင်းကျပ်လာမည် ဖြစ်သည်။

အသက် (၆) နှစ်တွင် အတွင်းအားစုစည်းခြင် အဆင့်သို့ ရောက်ရှိသူနှင့် အသက် (၁၆) နှစ်ရောက်မှ ရောက်ရှိသူတို့၏ ပါရမီချင်း ကွာခြားချက်မှာ ကောင်းကင်နှင့်မြေပြင်ပမာ ကွာခြားလွန်းလှသည်။ ငယ်ရွယ်စဉ်ကာလမှာပင် ဂိုဏ်းဝင်ခွင့်ရရှိရန် အခွင့်အရေးမှာ အကောင်းဆုံးဖြစ်ကြောင်း အွန် ကောင်းကောင်းသိရှိပြီးဖြစ်ရာ၊ ဤအခွင့်အရေးကို သူ လက်လွတ်ခံမည်မဟုတ်ပေ။

အွန်သည် အသက် (၉) နှစ်မျှသာ ရှိသေးသည်။ လက်ရှိတွင် သူသည် အခြေခံကျင့်စဉ်အဆင့်၌သာ ရှိနေသေးသော်လည်း၊ သူ့ အရွယ်အစားနှင့် အတွေ့အကြုံအတွက်မူ ဤအဆင့်မှာ လက်ခံနိုင်ဖွယ်ရာ ရှိသေးသည်။ ယခုအချိန်တွင် သူ လုပ်ဆောင်ရမည့်အရာမှာ ရိုးရှင်းသည်။ သူ့နှင့် ယှဉ်ပြိုင်မည့် အခြားသူများထက် သူက ပိုမိုသန်မာကြောင်း သက်သေပြနိုင်ရမည်။ ထိုမျှသာဖြစ်သည်။ ထို့ထက်ပို၍ ထူးထူးခြားခြား လုပ်ရန်မလိုပေ။

သူ့ပတ်လည်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်ရင်း အွန်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

“ဟူး အပြောလွယ်သလောက် လက်တွေ့လုပ်ဖို့ကျတော့ တကယ်ခက်ခဲတာပါလား” ဟု သူ တွေးတောမိသည်။

နှစ်စဉ်နှစ်တိုင်း ရှောင်ဂိုဏ်း၏ ရွေးချယ်မှု အရည်အချင်းစစ်ပွဲကို ကျင်းပလေ့ရှိသည်။ သို့ဖြစ်ရာ အရှေ့ပိုင်းဆိပ်ကမ်းမြို့နှင့် အခြားဝေးလံခေါင်သီသော ဒေသအသီးသီးမှ လူပေါင်း ထောင်နှင့်ချီ၍ စုရုံးရောက်ရှိလာကြသည်။ အကြောင်းရင်းမှာ ထင်ရှားလှပေသည်။ ရှောင်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရခြင်းသည် သူ့ဘဝ အတွက် လုံခြုံစိတ်ချရသည့် လမ်းစတစ်ခုဖြစ်ပြီး၊ သူ့အနာဂါတ်အတွက် ပူစရာမလိုတော့ပေ။

သာမန်ဂိုဏ်းအပြင်စည်းတပည့် တစ်ယောက်ဖြစ်လာလျှင်ပင် လူအများ၏ လေးစားအထင်ကြီးမှုကို ခံရမည်ဖြစ်လေသည်။

သို့ဖြစ်ရာ ရှောင်ဂိုဏ်းဝင်းအတွင်း ခြေချနိူင်ပါက အွန်အတွက် ထမင်းငတ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သူတကိုယ်စာနားခိုနေထိုင် ရန် အမိုးအကာရှိသည့် နေရာလေးတခု ၊ ကျင့်ကြံမှု လမ်းညွှန်ချက်များနှင့် ပညာရပ်ဆိုင်ရာ အရင်းအမြစ်များကိုပါ သူ ရရှိပေလိမ့်မည်။ ရှောင်ဂိုဏ်းသို့ ဝင်ရောက်ခြင်းသည် ဘဝတွင် အောင်မြင်မှုရရန် အကောင်းဆုံးသော လှေကားထစ်ပင် ဖြစ်သည်။ သူသည် အခြားဂိုဏ်းတစ်ခုဖြစ်သည့် ‘ယွန်းဂိုဏ်း’ ၏ အရည်အချင်းစစ်ပွဲကိုလည်း ဝင်ရောက်ဖြေဆိုရန်စဉ်းစားမိလိုက်သေးသည်။ သို့ရာတွင် ယွန်းဂိုဏ်းသည် ရှောင်ဂိုဏ်း နှင့် ယှဥ်ပါက ဒုတိယနေရာသို့ ရောက်သွားတတ်သည်။ အွန်သည် ဒုတိယအဆင့်ကိုသာ ရွေးချယ်ကျေနပ်နေမည့်သူမျိုး မဟုတ်ပေ။ သူ့အတွက် အကောင်းဆုံး ကို ရွေးချယ်ဖို့သာလျှင် အဓိက ဖြစ်သည်။

"ငါကတော့ အမြင့်ဆုံးအထိ ရောက်အောင်သွားမှာပဲ၊ ဒါမှမဟုတ်ရင်လဲ ဘာကောင်မှမဟုတ်တဲ့ ဘဝမျိုးနဲ့ပဲ သေသွားလိုက်မယ်။"

စိတ်ထဲတွင် ထိုကဲ့သို့ ရဲရင့်ပြတ်သားသော သန္နိဋ္ဌာန်များ ပဲ့တင်ထပ်နေသော်လည်း အွန်၏ နားထင်စပ်မှနေ၍ အေးစက်စက် ချွေးစေးများ စီးကျလာနေဆဲပင်ဖြစ်သည်။ သူ့လက်ဖဝါးများမှာ ထိန်းမရအောင် တုန်ရီနေသည်။ ထိုတုန်ရင်မှုကို သူ အမိအရ ထိန်းချုပ်လိုက်ချင်သော်လည်း သူ့လက်ချောင်းများကို သူ ထိန်းချုပ်လို့မရဖြစ်နေသည် ။ ပတ်ဝန်းကျင်မှ လာရောက်ယှဉ်ပြိုင်သူများ၏ ခန္ဓာကိုယ်အတွင်းမှ လှိုင်းထန်နေသော ‘ချီစွမ်းအင်’ လှိုင်းများကို အွန် အထင်အရှား ခံစားမိနေချိန်တွင် မည်သို့လျှင် စိတ်အေးလက်အေး ရှိနေနိုင်ပါမည်နည်း။

လူအုပ်ကြီးထဲမှ အချို့မှာ ‘အတွင်းအား စုစည်းခြင်းအဆင့်’ သို့ အောင်မြင်စွာ ခြေချနိုင်နေကြပြီဖြစ်သည်။ ထိုသူတို့မှာ အွန်ထက် အသက်အရွယ် ပိုကြီးကြသည်မှာ သေချာသည်။ သို့သော်လည်း သူ့အသက်အရွယ်နှင့် မတိမ်းမယိမ်း ရှိသူအချို့ပင်လျှင် သူ ထင်မှတ်ထားသည်ထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားနေကြသည်ကို မြင်လိုက်ရသည့်အခါ အွန်၏ ယုံကြည်မှုများ တစ်စစီ ယိုင်နဲ့သွားရသည်။

မြို့ပြင်ရပ်ကွက်များတွင် ရှိစဉ်က သူသည် ထူးချွန်သည့် ပါရမီရှင်တစ်ဦးဟု အသတ်မှတ်ခံခဲ့ရသော်လည်း၊ ဤ အနယ်နယ်အရပ်ရပ်မှ ထူးချွန်သူများ စုဝေးရာ လူအုပ်ကြီးထဲတွင်မူ သူသည် လုံးဝကို သာမန်ကာလျှံကာ လူတစ်ယောက်မျှသာ ဖြစ်နေတော့သည်။

“ဟဲ့ နင်အဆင်ပြေရဲ့လား ”

ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် အွန် လန့်ဖျတ်သွားပြီး လှည့်ကြည့်လိုက်သည်။ သူ့ဘေးတွင် ဆံပင်ညိုညိုနှင့် ချစ်စရာကောင်းသော မိန်းကလေးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ဟမ်... ငါ့ကို ပြောတာလား?”

သူ့အသံမှာ သူပြောချင်သည်ထက် ပို၍ မာဆတ်ဆတ် ဖြစ်သွားသည်။ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသည့် သူ့လေသံကို မဖုံးကွယ်နိုင်ခဲ့ပေ။ သို့သော်လည်း ထိုမိန်းကလေးကမူ ဘာမျှမဖြစ်သလို ပြုံးပြရင်း ခေါင်းညိတ်ပြရှာသည်။

“ဟဲ့ နင့်မပြောလို့ ငါကဘယ်သူ့ကိုပြောရမှာလဲ... မျက်နှာကို လဲကြည့်ဦး ၊ ဖြူဖျော့နေတာပဲ…။ စိတ်လှုပ်ရှားနေတာလား ငါလည်း တူတူပဲဟ ..၊ ဒီတပည့်ရွေးချယ်မှု အရည်အချင်းစစ်ပွဲ ကို ပထမဆုံးအကြိမ် ဖြေဖူးတာဆိုတော့လေ..

အော်... ဒါနဲ့ နင် သိလား … ဒီအရည်အချင်းစစ်ပွဲကို အကြိမ်ကြိမ် ဝင်ဖြေလို့ရတယ်ဆိုပေမဲ့ နောက်ပိုင်းကျရင် အောင်ဖို့ မလွယ်တော့ဘူးတဲ့။ အသက်ကြီးလာလေ အရည်အချင်းစစ်ပွဲက ပိုခက်လာလေလေတဲ့ဟ... အင်း... ငါကြားတာကိုပြောပြတာပါ”

“ဘာကိစ္စ ဘာလို့အဲဒါတွေလာပြောနေတာလဲ …” ဟု အွန်က သွားများကို ကြိတ်ကာ မာန်ပါပါ ပြောလိုက်သည်။

ထိုမိန်းကလေးမှာ အားနာသွားဟန်ဖြင့် တစ်ချက်ရယ်မောလိုက်ပြီး၊

“တောင်းပန်ပါတယ်ဟာ ငါ စိတ်လှုပ်ရှားလာရင် စကားတွေ အများကြီး ပြောမိတတ်လို့ပါ။ ... ဒါနဲ့ ငါတို့ နှစ်ယောက် သူငယ်ချင်းလုပ်ရင် မကောင်းဘူးလား။ ကြည့်ရတာ ငါတို့ ကျင့်ကြံခြင်းအဆင့်က သိပ်မကွာဘူးဆိုတော့ အင်အားချင်း ပူးပေါင်းလိုက်ရင် အခွင့်အရေး ပိုများတာပေါ့။ ဘယ်လိုလဲ၊ ”

ဤသည်မှာ အွန်နှင့် 'ဇူအန်' တို့၏ ကံကြမ္မာ အစပျိုးရာ ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းပင်ဖြစ်သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ဦးစလုံး ရွေးချယ်မှု အရည်အချင်းစစ်ပွဲကို အတူတူ အောင်မြင်သွားခဲ့ကြသည်။

ရှောင်ဂိုဏ်းတွင် အွန်၏ ဘဝခရီးလမ်းမှာ ဤသို့ဖြင့် စတင်ခဲ့ရသည်။ သူနှင့် ဇူအန်တို့သည် အောက်ခြေအပြင်စည်း တပည့်များအဖြစ်မှ စတင်ခဲ့ကြခြင်းဖြစ်သည်။ လမ်းဘေးတွင် ရုန်းကန်ခဲ့ရသည့် ကောင်လေးတစ်ယောက်အဖြစ်မှ လွတ်မြောက်သွားပြီ ဖြစ်သော်လည်း၊ အွန်အတွက် အမှန်တကယ် စိန်ခေါ်မှုများမှာ ယခုမှပင် စတင်တော့သည်။

ဂိုဏ်းအတွင်း အခွင့်အရေးများ ရှိသော်လည်း၊ ထိုကဲ့သို့ ဂိုဏ်းကြီးတွင်လည်း သူ မထင်မှတ်ထားသည့် အားနည်းချက်များ၊ ဖိနှိပ်မှုများ ရှိနေပြန်သည်။

“ဟာ ..ဒါတွေက ဘာတွေလဲဗျ”

အွန်သည် သူ့ ရှေ့တွင် သစ်လုံးပုံကြီးကို ပစ်ချလိုက်သော သူ့ထက်လူကောင်ကြီးကာ အသက်လဲကြီးပုံရသည့် ဂိုဏ်းတပည့်တစ်ဦးကို မေးလိုက်သည် ။ သူသည်လည်း အွန်တို့ကဲ့သို့ပင် အပြင်စည်းတပည့် တစ်ဦးသာ ဖြစ်သည်။ သို့သော် သူ့ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ချီစွမ်းအင် မှာ အွန်ထက် ပိုမိုမြင့်မားနေသည်မှာ ငြင်းမရသည့် အချက်ဖြစ်သည်။

“မင်း ဒီနေ့ လုပ်ရမယ့် အလုပ်ဝေစုပဲ။ သေချာနားထောင်ထား... ငါတို့လို အပြင်စည်းတပည့်တွေဆိုတာ ဂိုဏ်းအတွင်းမှာ တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရမယ်ဆိုတာ သိထားဖို့ လိုတယ်။ မင်းက ကိုယ့်ကိုယ်ကို သခင်လေးလို့ ကိုယ့်ကိုယ်ကို ထင်နေလား..ငါ့ကိုမေးခွန်းထုတ်နေမယ့်အစား ဒီသစ်လုံးတွေကို မြန်မြန်သယ်စမ်း”

ရှောင်ဂိုဏ်း၏ အပြင်ဘက်လောကတွင် သူသည် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး အများ၏ လေးစားမှုကို ရရှိထားသူ ဖြစ်သော်လည်း၊ ဂိုဏ်းဝင်းအတွင်း ဝင်ရောက်လာသည့်အခါတွင်မူ သူသည် အဆင့်အတန်းအနိမ့်ဆုံးဖြစ်သည့် အပြင်စည်းတပည့်တစ်ယောက်သာ ဖြစ်နေသည်။ ဂိုဏ်း၏ ကြီးမားခန့်ညားသော တံခါးကြီးကို ဖြတ်ကျော်လာရသည်မှာ ဘဝအတွက် လုံခြုံရေးကို ရှာဖွေခြင်းဖြစ်သည်ဟု သူ ထင်ခဲ့မိသော်လည်း၊ ဤနေရာသည်လည်း အနိုင်ကျင့်မှုများ၊ မတရားမှုများ ပေါများသည့် နေရာတစ်ခုပင် ဖြစ်နေသည်။

“ဒ..ဒါပေမဲ့...” အွန်သည် သူသယ်ဆောင်ရမည့် သစ်လုံးပုံကြီးကို လက်ညှိုးထိုးပြကာ အသံအနည်းငယ် တုန်ယင်စွာဖြင့် ပြောလိုက်သည်။

“ကျွန်တော့်သယ်ရမယ့် သစ်လုံးပုံက တခြားသူတွေထက် အများကြီး ပိုကြီးနေတယ်လေ”

အမှန်ပင်ဖြစ်သည်။ တခြားသော အပြင်စည်းတပည့်များ၏ ဝေစုနှင့် ယှဉ်ကြည့်လိုက်လျှင် အွန်၏ သစ်လုံးပုံမှာ အနည်းဆုံး နှစ်ဆခန့် ပိုမိုကြီးမားနေသည်။

ထိုအသက်ကြီးသော တပည့်က အွန်၏ စကားကို ကြားသောအခါ လှောင်ပြောင်သည့် ရယ်သံဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဟား... မင်း အပုံက ပိုကြီးနေတာတော့ အမှန်ပဲ။ ဒါပေမဲ့ အပင်ပန်းမခံပဲနဲ့ ဘယ်လိုလုပ်ပြီး သန်မာလာမှာလဲ။ ဒါကို ငါတို့လို အကြီးတွေက မင်းကို သက်ညှာပြီး ပေးတဲ့ အထူးလေ့ကျင့်ခန်း အခွင့်အရေးလို့ပဲ သဘောထားလိုက်စမ်းပါ။”

“ဒါပေမဲ့...”

အွန်၏ စကားမဆုံးခင်မှာပင် သူ့ပုခုံးအား ခပ်ကြမ်းကြမ်းအပုတ်ခံလိုက်ရသည် ။ ထို အသက်ကြီးသော တပည့်က အွန်ကို အထက်စီးမှ ငုံ့ကြည့်ကာ အလိုမကျဟန် မျက်မှောင်ကြုတ်လိုက်သည်။

“ဒီဂိုဏ်းမှာ ဘယ်လို စည်းမျဉ်းတွေနဲ့ လည်ပတ်နေလဲဆိုတာကို မင်း နားမလည်ဘူးလား” ဟုပြောရင်း သူက တနေရာသို့မေးငေါ့ပြလိုက်သည်။

“ဟိုမှာ ကြည့်စမ်း... အခုမှ ရောက်လာတဲ့ ကောင်မလေးတောင် တစ်ခွန်းမှ မညည်းညူဘဲ အလုပ်လုပ်နေတာ မဟုတ်လား။”

အွန် လှည့်ကြည့်လိုက်ရာ ဇူအန်သည် သစ်လုံးများကို ချွေးတဒီးဒီးနှင့် သယ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ သစ်လုံးပုံမှာလည်း အွန်နှင့် မခြား၊ တခြားသူများထက် ပိုကြီးနေသည်မှာ ထင်ရှားလှသည်။

သူမ၏ ခိုင်းသမျှ မငြီးမငြူလုပ်နေပုံက အွန်၏ ဒေါသကို ပို၍ပင် တောက်လောင်စေသည်။

“အဲ့ခလေးမဆီက သင်ခန်းစာယူဖို့ ကြိုးစား။ ပြီးတော့ ငါက မင်း အကြီး ၊ အဲ့တော့ ငါ့စကားကို ပြန်ခံမပြောနဲ့ ..၊ ငါ့စေတနာကို တန်ဖိုးထား …သွား..သွား ၊ ဒါတွေ သယ်တော့ ..မြန်မြန်လုပ် ..၊ ”

“ဇူအန် ..၊ နင်...နင် တကယ်ပဲ ထွက်သွားတော့မှာလား”

အွန်၏ အသံမှာ အနည်းငယ် တုန်ယင်နေသည်။

ဇူအန်သည် ပြန်မဖြေဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ယခင်က မတွေ့ဖူးသည့် တောက်ပ၍ ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာသည်။ ထိုအပြုံးသည် သူတို့နှစ်ဦးအတွက် အရေးပါသော အပြောင်းအလဲတစ်ခုကို ဖော်ပြနေသလိုပင်ဖြစ်သည်။

“ဟုတ်တယ် အွန်။ ငါ့ကို အထက်က ခေါ်ထားတယ်။ ဂိုဏ်းအတွင်းစည်းတပည့်အဖြစ်နဲ့ အထူးလေ့ကျင့်ပေးဖို့ တဲ့။ ဒီညပဲ ငါ သွားရတော့မယ်။”

အွန်၏ ရင်ထဲတွင် ဗလာနတ္တိဖြစ်သွားသလို ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်တည်း အားကိုးရာမဲ့ ဘဝမှာ တစ်ယောက်ကိုတစ်ယောက် ထိန်းကျောင်းရင်း ဤမျှအထိ အတူ ဖြတ်သန်းခဲ့ကြသည်။ယခုမူ ဇူအန်က အမြင့်တနေရာကို ခြေလှမ်းလှမ်းတော့မည်။ သူကတော့ ဒီနေရာမှာပင် ကျန်ရစ်ခဲ့ရတော့မည်။

“အေးပါဟာ... ဂုဏ်ယူပါတယ် ဇူအန်။ နင် အဲဒီမှာ အဆင်ပြေအောင် ကြိုးစားပေါ့ဟာ ။”

အွန်သည် သူမ၏ ပျော်ရွှင်မှုကို ဖျက်ဆီးမပစ်ချင်သည့်အတွက် အပြုံးအတုကိုသာ ဖန်တီးပြုံးလိုက်သည်။ ဇူအန်က အွန်၏ လက်ကို ဆွဲကိုင်လိုက်ပြီး သူမ၏ မျက်ဝန်းတို့တွင် မျက်ရည်စများဖြင့် စိုစွတ်လာသည်။

“နင်လည်း ဂရုစိုက်ပါ အွန်ရဲ့..၊ ငါတို့ မကြာမကြာတွေ့ကြတာပေါ့ ..၊ ငါ့ကို မေ့မသွားနဲ့နော် ”

အွန်သည် ဇူအန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရပ်ကျန်ခဲ့သည်။ သူတို့နှစ်ယောက်လုံး မျှော်မှန်းထားသည့် လမ်းကြောင်းမှာ အခုဆိုလျှင် အဝေးကြီး ဝေးသွားခဲ့ပြီဖြစ်သည်။ ဇူအန်အတွက်က အနာဂတ်မှာ တောက်ပနေသော်လည်း၊ အွန်အတွက်မူ အရှေ့မှာ စောင့်ကြိုနေသည်မှာ တစ်ကိုယ်တည်း ရုန်းကန်ရမည့် မှောင်မိုက်သည့် လမ်းကြမ်းကြီးသာ ဖြစ်သည်။

သို့သော်လည်း သူ့ ရင်ထဲတွင် အရှုံးပေးလိုစိတ် မရှိခဲ့ပေ။ ဇူအန်ကို ကျော်တက်နိုင်ရမည်။ ပိုမိုမြင့်မားသည့် ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိအောင် ကြိုးပမ်းရမည်။

"ငါလည်း နင့်နောက်ကို လိုက်လာခဲ့မယ် ဇူအန်။"

အွန်သည် ကောင်းကင်ကို မော့ကြည့်ရင်း သူ့ကိုယ်သူ တိုးတိုးလေး ကတိပေးလိုက်သည်။ ဂိုဏ်း၏ ညဉ့်နက်အချိန်တွင် လေပြေအေးတို့ တိုက်ခတ်နေသော်လည်း အွန်၏ ရင်ထဲတွင်မူ မီးတောက်များ တောက်လောင်နေသည်။

နောက်တစ်နေ့ နံနက်တွင်တော့ အွန်၏ ဘဝသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။

“ဟေ့... မင်းက ဒီမှာ လာအချောင်ခိုနေတာပဲ ၊ ဟိုက သစ်လုံးပုံကို မသယ်ဘူးလား..၊အလုပ်တွေက မပြီးသေးဘူးနော်”

အော်ငေါက်သံအကျယ်ကြီးက အွန်၏ အတွေးစတို့ကို ဖြတ်တောက်လိုက်သည်။ သို့သော်လည်း အွန်သည် ယခင်ကဲ့သို့ ကြောက်ရွံ့ခြင်း မရှိတော့ပေ။ သူ့ မျက်ဝန်းအစုံမှာ အေးစက်စက် တောက်ပနေသည်။ သူသည် သစ်လုံးပုံကြီးဆီသို့ လျှောက်သွားလိုက်ပြီး၊ သာမန်လူတစ်ယောက် မသယ်နိုင်သည့် အလေးချိန်ကို တစ်ချက်တည်းဖြင့် ပခုံးပေါ်သို့ တင်လိုက်သည်။

သူ့ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင် များမှာ ပင်လယ်ပြင်ကဲ့သို့ လှိုင်းထန်လာသည်။ သစ်လုံးများ၏ လေးလံမှုကို သူ လုံးဝ အာရုံမစိုက်တော့ပေ။

'ငါ့လမ်း ငါ ဖောက်ရမယ်။'

အွန်သည် သူ့အား တအံ့တသြကြည့်နေသော ဂိုဏ်သားအကြီးကို တစ်ချက်ပင် မကြည့်တော့ဘဲ၊ တောင်စောင်းလမ်းအတိုင်း တည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။ ပခုံးထက်မှ အလေးချိန်ကြောင့် သူ့ ခြေလှမ်းတိုင်းမှာ မြေပြင်ကိုပင် တုန်ခါသွားသလား ထင်ရသည်။

ထိုနေ့မှစ၍ အွန်သည် ရှောင်ဂိုဏ်း၏ အနိမ့်ဆုံးတပည့်အဖြစ်မှ လွတ်မြောက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သူ့ကို ဖိနှိပ်ထားသော ကန့်သတ်ချက်များကို တစ်ခုပြီးတစ်ခု သူ ချိုးဖျက်ပစ်တော့မည်။

အွန်၏ သိုင်းလောက ခရီးလမ်းသည် ယခုမှ စတင်တော့မည် ဖြစ်သည်။

"ဆရာက ဒီနေ့ပဲ ပြောပြလိုက်တာလေ"

ဇူအန်သည် အလုပ်လုပ်နေရင်း စကားပြောနေသော်လည်း သူမ၏လက်များမှာ ရပ်တန့်မသွားပေ။ သူမ၏ မျက်ဝန်းတို့မှာ တောက်ပနေပြီး စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်နေပုံရသည်။

"ငါ အဆင့်တက်တော့မယ်ဟ…၊ မနက်ဖြန်ကစပြီး ငါက ဂိုဏ်းအတွင်းစည်းတပည့် ဖြစ်သွားပြီ"

ဂိုဏ်းအတွင်းစည်းတပည့် တဲ့လား။

ရှောင်ဂိုဏ်း၏ တပည့်များဆိုသည်မှာ အရှေ့ပိုင်းဆိပ်ကမ်းမြို့ တစ်မြို့လုံးတွင် အလေးစားဆုံး ပုဂ္ဂိုလ်များဖြစ်သည်။ အခြားမြို့နယ်များ၌ပင် ရှောင်ဂိုဏ်း၏ ဂုဏ်သတင်းမှာ ပျံ့နှံ့ကျော်ကြားလှသည်ဟု အွန် ကြားဖူးသည်။ သို့သော် ဂိုဏ်းအတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာခြင်းမှာ ရှောင်ဂိုဏ်း၏ အမာခံပိုင်နက်ထဲသို့ ခြေချခြင်းဖြစ်ပြီး၊ ဂိုဏ်းအတွင်း၌ပင် အထူးအခွင့်အရေးနှင့် လေးစားမှုကို ရရှိခြင်းကို ဆိုလိုသည်။ မိမိ၏ ကြိုးစားအားထုတ်မှုများကို ဂိုဏ်းချုပ်ကိုယ်တိုင် အသိအမှတ်ပြုလိုက်ခြင်း ပင် ဖြစ်သည်။

ယခင်က အလုပ်ကြမ်းများ လုပ်ကိုင်ရင်း အွန်နှင့် ဇူအန်တို့သည် ဂိုဏ်းအတွင်းစည်းတပည့် ဖြစ်လာလျှင် ဘာတွေလုပ်ကြမည်၊ ဘယ်လို အဆင့်မြင့် ကျင့်စဉ်များကို လေ့လာကြမည်ဆိုသည်ကို အမြဲတမ်း စိတ်ကူးယဉ် ပြောဆိုလေ့ရှိကြသည်။ ထိုအချိန်တုန်းကတော့ ထိုရည်မှန်းချက်မှာ လက်လှမ်းမမီနိုင်သော ကြယ်တာရာများကဲ့သို့ အလှမ်းဝေးလွန်းလှသည်။

လက်ရှိတွင် ထို အိပ်မက်သည် တကယ်ဖြစ်လာတော့မည်။

ဇူအန်အတွက်ပေါ့။ သူကတော့ မျှော်ငေးရုံသာ ရှိသည်။

"ငါ နင့်ကိုအားနာတယ် အွန်ရယ် ..."ဟု ဇူအန်က ရုတ်တရက် သတိရလိုက်သလိုမျိုး စိတ်မကောင်းဟန် လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ သူမ၏ အပြုံးမှာလည်း မှေးမှိန်သွားသည်။

"ငါတို့ နှစ်ယောက်လုံး ဂိုဏ်းအတွင်းစည်းတပည့် ဖြစ်အောင် အတူတူကြိုးစားမယ်လို့ ကတိပေးထားတာကို..."

သို့သော်လည်း ရက်စက်သော လက်တွေ့လောကတွင် ထိုသို့ အတူတူဖြစ်လာဖို့ မလွယ်ကူခဲ့ပေ။ ဇူအန်၏ ကျင့်ကြံခြင်းအဆင့်မှာ အွန်ထက် သာလွန်နေသည်မှာ ကြာပြီဖြစ်သည်။ လက်ရှိရလဒ်မှာ သူမ၏ အရည်အချင်းကြောင့် ရရှိလာသည့် သဘာဝကျသော ရလဒ်သာ ဖြစ်သည်။

အွန်သည် ခဏတာ တိတ်ဆိတ်သွားသည်။ သူ့ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ လှိုင်းထန်နေသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"မလိုပါဘူးဟာ ..." ဟုပြောရင်း အွန်က နူးညံ့စွာ ပြုံးပြလိုက်သည်။

"ဒါက ဝမ်းသာစရာကောင်းတဲ့ ကိစ္စပဲလေ။ နင် ကြိုးစားခဲ့သမျှ ရလဒ်တွေပဲဟာ ..၊ ငါ့အတွက် ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့။"

သူ ဘာကိုများ မျှော်လင့်နေမိတာလဲ။ သူမကို ဒီအခွင့်အရေးကို ငြင်းပယ်ဖို့ တားလိုက်ရမတဲ့လား။ အဓိပ္ပာယ်မဲ့လွန်းလှသည်။ သူတို့နှစ်ယောက်လုံး လျှောက်လှမ်းနေသော လမ်းကြောင်းက ရည်မှန်းချက်တစ်ခုတည်းဆီသို့ ဦးတည်နေသည်မဟုတ်ပါလား။

“ဒါဆို နင်တကယ်သွား တော့မှာပေါ့ နော်...”

“ငါ အရင်ဦးအောင် သွားတာလို့သဘောထားပါ အွန်ရယ် ”

ဇူအန်က မျက်ဝန်းတို့ ရွှန်းလဲ့တောက်ပလျက် သူ့ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွလေး ထုလိုက်သည်။

“စိတ်ချ အွန်... ငါ နင့်ကို ဟိုမှာ စောင့်နေမှာပါ။ နင်လည်း မကြာခင် ငါ့နောက်ကို လိုက်လာခဲ့မယ်ဆိုတာ ငါယုံပီးသား”

ဇူအန်၏ အပြုံးသည် နူးညံ့ပြီး လှပလွန်းလှသည်။ အမြဲလိုလိုပင် ထိုအပြုံးကို မြင်လိုက်ရသည့်အခါတိုင်း သူ့ရင်ထဲတွင် တသိမ့်သိမ့်လှုပ်ခတ်သွားတတ်သည်။ သူမကို သူ အားလုံးဖွင့်ပြောချင်သည်။ သူတို့နှစ်ဦးကြားက ရင်းနှီးမှုထက်ပိုသော ခံစားချက်တို့ကို ထုတ်ဖော်ပြသချင်သည်။

သို့သော်လည်း ယခုအချိန်မှာ ပြောရမည့် အချိန်မဟုတ်သေးပေ။ သူသည် သာမန်အပြင်စည်းတပည့် တစ်ယောက်သာ ရှိသေးသည်။

“ကြားလား အွန် .. ငါနင့်ကိုစောင့်နေမယ်လို့ ..”

အွန်သည် မိမိကိုယ်ကို တင်းတင်းမာမာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ဂိုဏ်းအတွင်းစည်းတပည့် ဖြစ်လာသည့်နေ့၊ ထိုနေ့မှာမှ သူ သူမကို အားလုံး ဖွင့်ပြောတော့မည်။ အရာရာကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီဟု ခံယူထားခဲ့သည်။

ကံဆိုးစွာဖြင့်ပင်... ကံကြမ္မာသည် သူ့မျှော်လင့်ချက်ကို လက်တွေ့နှင့် တစ်ထပ်တည်း မကျစေခဲ့ပေ။

အွန်သည် နေ့ရောညပါ အပတ်တကုတ် ကျင့်ကြံခဲ့သည်။ သို့သော် သူ မည်မျှပင် တိုးတက်လာပါစေ၊ လုံလောက်မှု မရှိခဲ့ပေ။ အပြင်စည်းတပည့်တစ်ယောက်အနေဖြင့် သူသည် အတော်ဆုံးဟု အသိအမှတ်ပြုခံရသော်လည်း၊ ဂိုဏ်းအတွင်းစည်း တပည့်အဆင့်သို့ တက်လှမ်းရန်အတွက်မူ အမြဲတမ်း တစ်ခုခု လိုအပ်နေခဲ့သည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အွန်သည် ရှောင်ဂိုဏ်း၏ အတော်ဆုံး အပြင်စည်းတပည့်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့သည်။ သို့သော်လည်း အတွင်းပိုင်းသို့ တက်လှမ်းရန် ကြိုးပမ်းတိုင်း သူသည် အမြဲတမ်း ရှုံးနိမ့်နေခဲ့ရသည်။

“အသက်ကြီးပီးအချိန်မစီးတဲ့ အီးပေါလောကြီး...”

လူအများ၏ တိုးတိုးတိတ်တိတ် ဝေဖန်သံများက သူ့ ဂုဏ်သိက္ခာကို တဖြည်းဖြည်းချင်း တိုက်စားသွားသည်။ ထိုသို့သော စကားလုံးများအောက်တွင် သူသည် တစ်နှစ်ပြီးတစ်နှစ် သူ့ထက်ငယ်ရွယ်ပြီး ပါရမီပိုထက်မြက်သည့် တပည့်များ အတွင်းစည်းသို့ တက်လှမ်းသွားသည်ကို ကြည့်နေခဲ့ရသည်။ မြို့ပြင်ရပ်ကွက်တွင် ပါရမီရှင်ဟု သတ်မှတ်ခံခဲ့ရသူသည် လက်ရှိ ရှောင်ဂိုဏ်း၏ ခန်းမများထဲတွင်မူ သာမန်လူတစ်ယောက်ထက် မပိုတော့သည့်အဖြစ်သို့ ရောက်နေခဲ့သည်။

သို့သော်လည်း အနည်းဆုံးတော့ အပြင်စည်းတပည့်များကြားတွင် သူ့ကို အနိုင်ကျင့်ရဲသူဟူ၍ မရှိတော့ပေ။ အခြေအနေမှာ တစ်ဖက်လှည့်၍ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး၊ ယခင်က အနိုင်ကျင့်ခံခဲ့ရသော အွန်သည် ယခုမူ သူတစ်ပါးကို အနိုင်ယူသည့် အနေအထားသို့ ရောက်ရှိနေလေပြီ။

“ဒ..ဒါပေမဲ့ ကျွန်တော့်ရဲ့ သစ်လုံးပုံက တခြားသူတွေထက် အများကြီး ပိုကြီးနေတယ်လေ”

နှာခေါင်းလုံးလုံးနှင့် အပြင်စည်းတပည့်လေးတစ်ယောက်က မျက်ရည်ဝဲလျက် အော်ပြောလိုက်သည်။ သူသည် ရှောင်ဂိုဏ်းသို့ အသစ်ရောက်ရှိလာသူ ဖြစ်သဖြင့် ဂိုဏ်း၏ ရက်စက်သော စည်းမျဉ်းသဘာဝကို နားလည်အောင် သင်ယူရန် လိုအပ်နေသူ ဖြစ်သည်။ ထို လူသစ်ကို လမ်းမှန်ပြပေးရမည့် တာဝန်မှာ ယခုအချိန်တွင် အွန်၏ တာဝန်သာ ဖြစ်သည်။

“ပိုကြီးတာပေါ့ကွ။ မင်းက မျက်စိကန်းနေတာလား” အွန်က လက်ပိုက်လျက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

“ငါတို့လို အကြီးကောင်တွေက မင်းကို မေတ္တာထားပြီး လမ်းပြပေးနေတာ။ မင်းသာ အခုထက် ပိုမကြိုးစားရင် ငါတို့နောက်ကို ဘယ်လိုလုပ် လိုက်မီတော့မှာလဲ။ အောင်မာ ..ဘာကြည့်တာလဲ..၊ ငါ့ကိုကျေးဇူးတင်စမ်း..”

ထိုနေ့နှောင်းပိုင်းတွင် လူငယ်လေးကို အပိုအလုပ်များ ခိုင်းစေပြီးနောက်၊ အွန်၏ အပေါင်းအသင်းတယောက်က သူ့ကို လှမ်းပြောလိုက်သည်။

“ အွန်... အဲဒီလိုခိုင်းတာ သိပ်မကောင်းဘူးထင်တယ်နော် လူတွေကြားထဲမှာ စကားပြောစရာ ဖြစ်နေဦးမယ်။”

“ဘာလို့ မကောင်းရမှာလဲ။ သူကလည်း အခြား အသစ်ရောက်လာတဲ့ တပည့်လေးတစ်ယောက်ပဲလေ။ ဂိုဏ်းရဲ့ သဘာဝကို သင်ပေးနေတာလေ၊ ဒါက ထုံးစံပဲမလား။”

အွန်သည် သူ့လုပ်ရပ်သူ မှန်သည်ဟု အတင်းတွေးလိုက်သည် ။ သူသည် အသစ်ရောက်လာသူအား ဂိုဏ်း၏ ရက်စက်ကြမ်းတမ်းသော သဘောသဘာဝကို သင်ပေးနေရုံမျှသာ ဖြစ်သည်ဟု ခံယူထားသည်။

သို့သော်လည်း သူ့ အပေါင်းအသင်းမှာမူ စိတ်ထဲမပါသလို မျက်နှာပျက်နေသည်။ သူသည် အွန်ကို အနီးကပ်တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။

“အွန်... မင်း သတိထားသင့်တယ်ကွ၊ အဲဒီကောင်လေးရဲ့ အစ်ကိုက ရှောင်ဂိုဏ်းမှာ ဝင်နေတာ ကြာပြီလို့ ကြားမိတယ်။ သူ့အစ်ကိုက ဂိုဏ်းအတွင်းစည်းတပည့် တစ်ယောက် ဖြစ်နေနိုင်တယ်...”

အွန်က မဲ့ပြုံးတစ်ချက်သာ ပြုံးလိုက်သည်။

"ငါက ဘာလုပ်ရမှာလဲ ..၊ တကယ်သာ အဲဒီလိုမျိုး ဆိုရင် လည်း ဂိုဏ်းအတွင်းစည်းတပည့်တွေထဲမှာ ငါ့သူငယ်ချင်းတွေ ရှိသားပဲ။"

စင်စစ်... ဇူအန်နှင့် စကားမပြောဖြစ်သည်မှာ ကြာပြီဖြစ်သည်။ အစပိုင်းတွင် သူမ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသော်လည်း၊ ဂိုဏ်းအတွင်းစည်းတပည့်တစ်ယောက်၏ တာဝန်ဝတ္တရားများမှာ ပိုမိုများပြားလာသည့်အလျောက် ခဏ ခဏလာရန် အချိန်အခါ မပေးနိုင်တော့ပေ။ သူတို့နှစ်ဦးမှာ တဖြည်းဖြည်းချင်း အလှမ်းဝေးကွာသွားခဲ့ကြသည်။ သို့သော်လည်း အွန်၏ စိတ်ထဲတွင်တော့ တစ်ခုခုဆိုလျှင် သူမ ကူညီပေးမည်ဟု အခိုင်အမာ ယုံကြည်ထားဆဲပင်ဖြစ်သည်။

သို့သော် ထိုယုံကြည်ချက်မှာ မည်မျှအထိ မှန်ကန်နိုင်မည်နည်း။ အွန်သည် ထိုအကြောင်းကို စုံစမ်းဖို့ပင် အခွင့်အရေး မရလိုက်ပေ။ ထိုနှာခေါင်းလုံးလုံး ကောင်လေး၏ အစ်ကိုမှာသာမန် ဂိုဏ်းအတွင်းစည်းတပည့် မျှသာ မဟုတ်ခဲ့ပေ။

သူသည် ဂိုဏ်း၏ အရေးပါဆုံးသော ‘ဂိုဏ်းအမွေခံတပည့်’ တစ်ဦး ဖြစ်နေခဲ့သည်။

အွန်၏ ဘဝတစ်လျှောက်လုံးတွင် ယခုလောက် ကြီးမားသည့် အမှားမျိုးကို တစ်ခါမျှ မကျူးလွန်ခဲ့ဖူးပေ။ ဂိုဏ်းအမွေခံတပည့် ဆိုသည်မှာ သိကျွမ်းရန်မပြောနှင့် ၊ အနီးသို့ ချဉ်းကပ်ရန်ပင် လွယ်ကူသည့်သူများ မဟုတ်ကြပေ။ သူတို့သည် ဂိုဏ်း၏ အလေးစားဆုံး ပုဂ္ဂိုလ်များဖြစ်ကြပြီး၊ ထိုဂုဏ်သတင်းနှင့်အညီ ပိုင်ဆိုင်ထားသော ကျင့်ကြံခြင်းစွမ်းအားမှာလည်း မိုးနှင့်မြေပမာ ခြားနားလှသည်။

အွန်သည် ဂိုဏ်းအမွေခံတပည့် တဦး၏ညီငယ်ကို စော်ကားမိကြောင်း သိလိုက်ရသည့်အခါ သူ့ တည်ဆောက်ထားသမျှ ဂုဏ်သတင်းမှာ မီးခိုးအလား အပြီးတိုင် ပျက်သုဉ်းသွားတော့သည်။ သူ့ မိတ်ဆွေအများစုမှာ အန္တရာယ်ကို ရှောင်ရှားသည့်အနေဖြင့် သူ့ကို ကျောခိုင်းသွားကြသည်။ ပိုဆိုးသည်မှာ ထိုနှာခေါင်းလုံးလုံးကောင်လေး ‘လီ’ သည် မည်သို့လုပ်လိုက်သည်မသိ၊ ဂိုဏ်း၏ ဩဇာအကြီးဆုံးဖြစ်သော ‘သခင်လေး ရှောင်ဖန်း’ နှင့် မိတ်ဆွေဖြစ်သွားခဲ့ရာ အပြင်စည်းတပည့်အားလုံးမှာ အွန်ကို မျက်စိထဲပင် မထည့်တော့ဘဲ လီ၏ ဘက်တော်သားများ ဖြစ်သွားကြတော့သည်။

တစ်နှစ်ပင် မပြည့်ခင်မှာပင် အွန်သည် သူတည်ဆောက်ထားသမျှ သြဇာအာဏာ၊ ပတ်ဝန်းကျင်၏ အလေးထားမှု အားလုံးကို ဆုံးရှုံးသွားရသည်။

ထိုအချိန်တွင် 'လျူကျင်း' ပေါ်လာသည်။

ချီစွမ်းအင် ချို့တဲ့ကာ အသုံးမပြုနိူင် သော သမားတော်တစ်ဦး၏ သား။

အွန်ပင်လျှင် သူ့အကြောင်းကို ရံဖန်ရံခါကြားဖူးသည်။ ထိုကဲ့သို့ ဒုက္ခိတ တဦး၏သားက ရှောင်ဂိုဏ်းထဲသို့ မည်သို့ဝင်ရောက်လာသည်ကို သူ လုံးဝ နားမလည်နိုင်ပေ။ ထိုကိစ္စနှင့် ပတ်သက်၍ ကောလာဟလများစွာ ပျံ့နှံ့နေသော်လည်း အွန်ကတော့ မည်သည်ကိုမျှ ယုံကြည်နိုင်စွမ်း မရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ မထူးတော့ပေ။ ရှောင်ဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်မှုကို ထိုကောင်လေး တစ်ကိုယ်တည်း ကြုံတွေ့ရပြီး မကြာမီပင် အရိပ်မည်းသဖွယ် ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုသို့ပင် ဖြစ်လာလိမ့်မည်ဟု အွန်သည် သေချာပေါက် ယုံကြည်ထားခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် နှာခေါင်းလုံးလုံးနှင့် လီက လျူကျင်းကို အပိုအလုပ်များ ခိုင်းစေရန် ပစ်မှတ်ထားလာခဲ့သည်။လီသည် အသစ်ရောက်လာသော တပည့်များထဲမှ တစ်ဦးဦးကို အမြဲတမ်း အနိုင်ကျင့်လေ့ရှိသဖြင့် လျူကျင်း အားအနိူင်ကျင့်သည်မှာလဲ သဘာဝကျလှသည်။ အွန် အပါအဝင် အခြားသူများ လုပ်ခဲ့ရသလိုပင် သူလည်းသည်းခံပြီး သေဝပ်စွာ လုပ်ရပေလိမ့်မည်။

သို့သော်လည်း အခြေအနေမှာ အွန် ထင်ထားသလို မဖြစ်ခဲ့ပေ။

လျူကျင်းကို ကာကွယ်ပေးရန်အတွက် ‘သခင်လေး ရှောင်နန်' ကိုယ်တိုင် ထိုနေ့က ရောက်ရှိလာခဲ့သည်။

ရှောင်နန်။ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ တူ ။ သူ့ မျိုးဆက်တွင် အသန်မာဆုံး ကျင့်ကြံသူ။ အရှေ့ပိုင်းဆိပ်ကမ်းမြို့၏ အထူးချွန်ဆုံး ပါရမီရှင်။ အွန်တို့ကဲ့သို့ လူမျိုးကို ဂရုစိုက်ရန်ပင် မလိုသူမျိုး။ အပြင်စည်းတပည့်များကို အလေးထားရန် အကြောင်းပြချက် လုံးဝမရှိသူဖြစ်သည် ။ သခင်လေးရှောင်နန်ကဲ့သို့သော လူသည် အခြားအရေးကြီးသည့် ကိစ္စများစွာ ရှိနေသူဖြစ်သည်။

သို့သော်လည်း ရှောင်နန်သည် လျူကျင်းကို ကာကွယ်ပေးရန် လူအများရှေ့တွင် ရောက်လာခဲ့ပြီး၊ အွန်တို့တစ်ခါက ခါးသီးစွာ ကြုံခဲ့ရသည့် အခက်အခဲများမှ လျူကျင်းကို လွတ်မြောက်သွားစေခဲ့သည်။

ထိုအချိန်မှစ၍ အွန်သည် လျူကျင်းကို ကြည့်မရအောင် စတင်မုန်းတီးမိတော့သည်။

“ဟေ ..သူထပ်ရောက်လာပြန်ဘီလား”

“ဟုတ်တယ်၊ သခင်လေး ရှောင်နန်က ဒီကောင့်ကိုကာကွယ်ဖို့ ထပ်ရောက်လာပြန်ပြီ။”

သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာသော ထိုစကားဝိုင်းကို မကြားချင်ယောင်ဆောင်နေရသော်လည်း အွန်၏ အံသွားများမှာ ဒေါသကြောင့် တင်းကြပ်စွာ ကျိတ်မိနေသည်။ လီတစ်ယောက် ဂိုဏ်းအတွင်းစည်းတပည့်အဖြစ်သို့ အဆင့်တိုးသွားသည်ကို မြင်ရခြင်းကပင် သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ သို့သော် လျူကျင်းကဲ့သို့ ဘာမဟုတ်သည့်သူက ရှောင်နန်ကဲ့သို့သော ပါရမီရှင်ထံမှ ထိုမျှလောက်အထိ အထူးအခွင့်အရေးများ ရရှိနေခြင်းမှာမူ သူ လုံးဝ နားမလည်နိုင်စရာပင်ဖြစ်နေသည်။

ထိုကဲ့သို့သော သာမန်လူစားမျိုးက အဘယ်အရည်အချင်းကြောင့် ထိုမျှအထိ အလေးထားဆက်ဆံမှုကို ရရှိနေရပါသနည်း။

သူ ပိုကြည့်မရသည်မှာ လျူကျင်း၏ ခပ်တည်တည် ဟန်ပန်ပင်ဖြစ်သည်။ သူသည် အခြားတပည့်များကို သူ့ထက် အဆင့်နိမ့်သူများဟူသည့် အကြည့်မျိုးဖြင့် ကြည့်တတ်ပြီး အမြဲတမ်း အကွာအဝေးတစ်ခု ထားလေ့ရှိသည်။

"ကိစ္စမရှိပါဘူး... ငါ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းအတွင်းစည်းတပည့်တစ်ဦး ဖြစ်လာအောင် လုပ်ပြမယ်။"

အွန်သည် သူ့ကိုယ်သူ အကြိမ်ကြိမ် အားပေးခဲ့သည်။ သို့သော် အွန်တစ်ယောက် ကျရှုံးမှုများကြားတွင် လုံးပန်းနေချိန်၌ပင် လီက ဂိုဏ်းအတွင်းစည်းတပည့်များကြား၌ ဩဇာတိက္ကမ ကြီးမားလာခဲ့သည်။ ဇူအန် သည်လည်း အတွင်းပိုင်းတွင် အဆင်ပြေနေကြောင်း ကြားနေရသည်။သို့ရာတွင် အွန်၏၊ လက်ရှိအနေအထားဖြင့် သူမကို မျက်နှာချင်းဆိုင်ရမည်ကို ရှက်ရွံ့နေမိသဖြင့် သူမထံ မသွားရဲခဲ့ပေ။

တနေ့တွင်တော့ ထိုအဖြစ်အပျက် ပေါ်ပေါက်လာခဲ့သည်။

သခင်လေး ရှောင်နန်သည် လျူကျင်းအား ဂိုဏ်းမှ ပေးအပ်သော တာဝန်တစ်ခုဖြင့် အဖော် ခေါ်ဆောင်သွားခဲ့သည်။

ထိုအကြောင်းမှာ ရက်သတ္တပတ်ပေါင်းများစွာတိုင်အောင် အပြင်စည်းတပည့်များကြား၌ စကားပြောစရာ ဖြစ်နေခဲ့သည်။ မကြာခင် နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာသောအခါတွင်တော့ အွန်၏ ပို၍ မခံမရပ်နိုင် ဖြစ်သွားခဲ့သည်။

လျူကျင်းသည် ဂိုဏ်းချုပ် ရှောင်ကျန်း ၏ သမီးတော်နှင့် စေ့စပ်ထားသည်ဟူသော သတင်းပင်ဖြစ်သည်။

အတွင်းအားစုစည်းခြင်း ပထမ အဆင့် တွင် တစ်နှစ်ခွဲကျော်ကြာအောင် ရုန်းကန်နေရသည့် အပြင်စည်းတပည့်တစ်ဦးက မကြာမီတွင် သူ့ထက် အပုံကြီးသာသည့် ဘဝသို့ နေ့ချင်းညချင်းရောက်တော့မည်ဖြစ်သည်။

" အဓိပ္ပာယ်မရှိလိုက်တာကွာ ..၊ လောကကြီးက မတရားလိုက်တာ ... ဒီလိုမျိုး တွေ ဘယ်ကနေဘယ်လိုဖြစ်သွားတာလဲ .."

ဤအရာအားလုံးမှာ ဟာသတစ်ခုသာ ဖြစ်ကြောင်း တစ်စုံတစ်ယောက်က သူ့ကို ပြောပြစေချင်လှသည်။ သို့သော်လည်း မည်သူကမျှ ထိုသို့ မပြောခဲ့ကြပါ။

အကြောင်းမူ ထိုသတင်းသည် မှန်ကန်ကြောင်း အွန် လက်မခံချင်လည်း လက်ခံလိုက်ရသည့် နေ့သို့ရောက်လာသည်။ ထိုနေ့သည် လျူကျင်းနှင့် ရှောင်ကျန်း၏ ဂိုဏ်းချုပ်ကြီး၏ သမီးတို့ လက်ထပ်ထိမ်းမြားလိုက်သောနေ့ ပင် ဖြစ်သည်။

အွန်သည် လက်ရှိအခြင်းအရာများထက် ပို၍ဆိုးရွားစရာ အကြောင်းမရှိတော့ဟု တွေးမိသည်။ လျူကျင်းအပေါ် သူထားရှိသော မနာလိုမုန်းတီးမှုများမှာ အဆုံးစွန်ထိ ရောက်သွားခဲသည်။ အတွင်းအားစုစည်းခြင်း ပထမအဆင့် ၌သာ တဝဲလည်လည်ဖြစ်နေသော ကောင်လေးတစ်ယောက်က သူတို့ ဂိုဏ်းချုပ်ကြီး ရှောင်ကျန်း၏ သားမက်ဖြစ်လာသည်တဲ့လား။ နေ့စဉ်ရက်ဆက် အပတ်တကုတ် ကျင့်ကြံနေသော သူကိုယ်တိုင်မှာမူ အပြင်စည်းတပည့်အဆင့်ဖြင့်သာ လည်ပတ်နေရဆဲ ဖြစ်နေသည်။

မှန်ပေသည်။ လျူကျင်းအပေါ် သူ့ မုန်းတီးမှုများမှာ ယခုထက် ပိုစရာမရှိတော့‌အောင် အဆုံးစွန် ထိ ရောက်သွားခဲ့ပြီဟု သူထင်လိုက်သည်။

သို့ရာတွင် ။

သူ ထိုသို့ တွေးထင်ထားခဲ့မိသော်လည်း၊ မမျှော်လင့်သော အဖြစ်ကို သူ မျက်စိနှင့် ကွက်ကွက်ကွင်းကွင်းတွေ့လိုက်ရသည် ။ ထိုနေ့က သူ့သူငယ်ချင်း သို့မဟုတ် သူတဖက်သတ်ချစ်နေရသူ ဇူအန် အား လျူကျင်း၏ နောက်ကွယ်တွင် ကပ်ပါလာသည်ကို တွေ့လိုက်ရသည်။

ထိုမြင်ကွင်းအား သူမျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့်အချိန်တွင် စိတ်နာကျင်ခြင်း၊ အံ့သြခြင်း၊ သိမ်ငယ်ခြင်း၊ မနာလိုခြင်းနှင့် အခြား ခံစားချက်မျိုးစုံ သူ့ရင်ထဲသို့ အလုံးအရင်းနှင့် ဝင်လာကာ သူ ခေတ္တကျောက်ရုပ်ကဲ့သို့ တောင့်တင်းသွားခဲ့သည်။ သူ့ မျှော်လင့်ချက်များမှာ ဖုန်မှုန့်များပမာ လွင့်စင်ပျက်သုဉ်းသွားရတော့သည်။

"ဒီအခြေအနေက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်လို့ မင်းမမြင်မိဘူးလား။"

ရုတ်တရက် ကြားလိုက်ရသော အသံအေးအေးကြောင့် အွန် ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်သည်။ သူ့ဘေးတွင် အကြီးအကဲဟွေ့ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“အ..အကြီးအကဲဟွေ့ ..”

အွန်သည် မည်သို့တုံ့ပြန်ရမှန်းမသိဘဲ အကြံအိုက်သွားသည်။ သူသည် အမြဲတမ်း ပြုလုပ်နေကျအတိုင်း တစ်ယောက်တည်း တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်နေစဉ် အကြီးအကဲဟွေ့က သူ့ဆီသို့ ကိုယ်တိုင် ချဉ်းကပ်လာခြင်းဖြစ်သည်။ သူ အပြင်စည်းတပည့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်များအတွင်း ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အကြီးအကဲဟွေ့သည် အပြင်စည်းတပည့်များ၏ အုပ်ချုပ်သူဖြစ်သော်လည်း၊ သူတို့နှင့် အမြဲတမ်း ခြားနားသည့် ကမ္ဘာတစ်ခုတွင် နေထိုင်သူပမာ အကွာအဝေးတစ်ခု ထားလေ့ရှိသူဖြစ်သည်။ အွန် ဂိုဏ်းသို့ စတင်ဝင်ရောက်ခဲ့သည့် အချိန်မှစ၍ ယနေ့တိုင် ထိုအတိုင်းပင် ဖြစ်သည်။

"မင်းတို့တပည့် အချင်းချင်း ပြောနေကြတဲ့ စကားတွေကို ငါ အမှတ်မထင် ကြားမိသွားလို့ပါ။"

အွန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားသည်။ လျူကျင်းနှင့်အတူ ဇူအန် လိုက်ပါလာသည်ကို မြင်လိုက်ရပြီးနောက် သူ့ ရင်ထဲတွင် မီးတောက်များ တောက်လောင်နေခဲ့သဖြင့်၊ ကိုယ့်စိတ်ထဲရှိသည်ကို ပုံမှန်ထက် ပို၍ ပေါ်လွင်အောင် ပြောမိလိုက်ခြင်းဖြစ်သည်။ သူ ပြောလိုက်သည့် စကားများအတွက် နောင်တမရသော်လည်း၊ ဂိုဏ်းချုပ်၏ သားမက်အကြောင်းကို ထိုသို့ အများရှေ့တွင် ဝေဖန်ပြောဆိုမိခြင်းမှာ သူ့ကို အခက်တွေ့စေနိုင်ကြောင်း အွန် ကောင်းကောင်း သိလိုက်သည်။

အကြီးအကဲဟွေ့၏ အသံမှာ ပိုးဖဲကဲ့သို့ နူးညံ့နေသော်လည်း အွန်၏ နားထဲတွင်မူ မြွေတစ်ကောင်၏ တိုးတိုးသံပမာ စူးရှနေသည်။ သူသည် အွန်၏ ပခုံးကို အသာအယာပုတ်ရင်း နားဝင်ချိုသော အသံဖြင့် ပြောလိုက်သည်။

"အွန်... မင်းလို ထက်မြက်ပြီး ဂိုဏ်းအပေါ် သစ္စာရှိတဲ့ တပည့်မျိုး ရှောင်ဂိုဏ်းမှာ တကယ့်ကို ရှားပါတယ်။ တကယ်တော့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ဆိုရင် တစ်ခါတလေမှာ အနစ်နာခံတတ်ဖို့ လိုသလို၊ အမြော်အမြင်ရှိတဲ့ တပည့်တွေရဲ့ အကူအညီလည်း လိုအပ်တာပေါ့။ လျူကျင်းနဲ့ ပတ်သက်ပြီး မင်း စိတ်ထဲမှာ ဘာတွေတွေးနေလဲဆိုတာ ငါသိတယ်၊ အဲဒီကောင်လေးကြောင့် ရှောင်ဂိုဏ်းရဲ့ ပုံရိပ် ထိခိုက်မှာကို မင်း စိုးရိမ်နေတာ မဟုတ်လား။"

အွန်သည် အကြီးအကဲ၏ စကားလုံးများအောက်တွင် နှလုံးခုန်သံများမြန်ဆန်လာသည်။ သူသည် အကြီးအကဲဟွေ့၏ စကားကို တသီတတန်းကြီး နားထောင်နေရင်း၊ သူ့ နှလုံးသားထဲတွင် မီးခိုး ကြွက်လျှောက် အစီအရီခိုအောင်းနေသော မကျေနပ်မှုများမှာ အရှိန်ပြင်းစွာ တောက်လောင်လာတော့သည်။

“မှန်ပါတယ် အကြီးအကဲဟွေ့... ကျွန်တော် အဲဒီလိုပဲ တွေးနေတာပါ။ သူက ဘာအရည်အချင်းမှ မရှိဘဲ ကံကောင်းတာတစ်ခုတည်းနဲ့ ဂိုဏ်းရဲ့ အဖိုးတန် အရင်းအမြစ်တွေကို အလကား ဖြုန်းတီးနေတာ။ ဒါက တခြားတပည့်တွေအတွက် တရားမျှတမှု မရှိဘူးလို့ ခံစားရတယ်။"

အကြီးအကဲဟွေ့သည် အွန်၏ စကားကို ကြားသောအခါ တစ်ချက်ရယ်မောလိုက်သည်။ သို့သော် ထိုရယ်သံမှာ ယခင်ကကဲ့သို့ နွေးထွေးခြင်းမရှိတော့ဘဲ ပဟေဠိ ဆန်သော အဓိပ္ပာယ်များ ခိုအောင်းနေသည်။

"ဟုတ်တယ်... တရားမျှတမှုဆိုတာ အဓိပ္ပာယ်မရှိတဲ့စကားလုံးသက်သက်ပဲ။ တကယ်တမ်းကျတော့... ဂိုဏ်းမှာ ဘယ်သူက တန်ဖိုးရှိပြီး ဘယ်သူက မလိုအပ်ဘူးလဲဆိုတာ သက်သေပြဖို့ အခွင့်အရေးပဲ လိုအပ်တာ။ ကဲ... မင်း အခွင့်အရေးတစ်ခု လိုချင်သလား။ မင်းရဲ့ အရည်အချင်းကို ပြပြီး ဂိုဏ်းရဲ့ ပုံရိပ်ကို ကာကွယ်ပေးနိုင်မယ့် အခွင့်အရေးမျိုးလေ။"

အွန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ သွေးတို့ ဆူပွက်လာသည်။ သူသည် ဂိုဏ်းသို့ ဝင်ရောက်စကတည်းက မျှော်လင့်ခဲ့ရသော အခွင့်အရေးမှာ ဤသို့ပင် ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ကျွန်တော် လုပ်နိုင်ပါတယ် အကြီးအကဲ ဘာပဲလုပ်ခိုင်းလုပ်ခိုင်း ကျွန်တော် လုပ်ပါ့မယ် "

အကြီးအကဲဟွေ့သည် အွန်၏ နားနားသို့ တိုးကပ်လာပြီး အလွန်တိုးညင်းသော လေသံဖြင့် အမိန့်ပေးလိုက်သည်။

"လျူကျင်းက မကြာခင်မှာ ဂိုဏ်းရဲ့ လျှို့ဝှက်ခန်းမကို သွားဖို့ ရှိတယ်။ အဲဒီနေရာက မင်းရဲ့ စွမ်းရည်ကို ပြသနိုင်မယ့် အခွင့်အရေးပဲ။ ဒါပေမဲ့... တစ်ခုတော့ သတိထား။ အဲဒီနေရာမှာ ဖြစ်ပျက်သမျှက ဂိုဏ်းရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်ဖြစ်ရမယ်။ မင်း လုပ်နိုင်မလား၊ မလုပ်နိုင်ဘူးလားဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်.."

အွန်၏ မျက်လုံးများတွင် လောဘနှင့် ဒေါသတို့ ရောထွေးလျက် တောက်ပနေသည်။ ဤသည်မှာ သူ့ ဘဝကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးဖြစ်သလို၊ သူကြည့်မရသည့် လျူကျင်းအား အပြီးတိုင် ဖယ်ရှားပစ်နိုင်မည့် လမ်းစလည်း ဖြစ်သည်။

"ကျွန်တော် နားလည်ပါပြီ အကြီးအကဲ။ ဒီတစ်ခါတော့... ဘယ်လို အမှားအယွင်းမျိုးမှ ရှိစေရမှာ မဟုတ်ပါဘူး။"

အကြီးအကဲဟွေ့သည် အွန်ကို တစ်ချက်ကြည့်ပြီးနောက် တောင်စောင်းလမ်းအတိုင်း ငြိမ်သက်စွာ လျှောက်လှမ်းသွားတော့သည်။ အွန်သည် သူ့ လက်သီးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း၊ လျူကျင်း၏ ဘဝကို အဆုံးသတ်ပေးရန်နှင့် သူ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် နောက်ဆုံးသော စစ်ပွဲကို စတင်ရန် ပြင်ဆင်လိုက်လေတော့သည်။

လျူကျင်းဆိုသည်မှာ ရှောင်ဂိုဏ်း၏ အနာဂတ်အတွက်တော့ အနာစိမ်းတစ်ခုပမာပင် ဖြစ်သည်။ သူရှိနေခြင်းသည် နောင်တစ်ချိန်တွင် ဂိုဏ်း၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်ဟု အွန် ပြတ်ပြတ်သားသား ယုံကြည်နေသည်။ ထို့ကြောင့် အွန်၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည့် အမုန်းတရားများမှာ အဓိပ္ပာယ်မဲ့နေခြင်းမဟုတ်ဘဲ၊ ဂိုဏ်းကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်တစ်ခုသာ ဖြစ်သည်ဟု သူ တွေးလိုက်သည်။

တကယ်တမ်း ပြောရလျှင် သူ့ ဤခံစားချက်မှာ မည်သို့မျှ အပြစ်ပြောစရာမရှိ၊ လုံးဝ တရားမျှတနေခြင်းပင်ဖြစ်သည်။

"အကြီးအကဲဟွေ့... ကျွန်တော့်စိတ်ထဲမှာ တွေးလို့မရတဲ့ အချက်တစ်ခု ရှိလို့ပါ။ လျူကျင်းလိုကောင်က ဘာလို့များ ဂိုဏ်းချုပ်ကြီး သမီးနဲ့ စေ့စပ်ခွင့် ရသွားတာလဲ။ အဆင့်အတန်းချင်းက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတာ မဟုတ်ဘူးလားခင်ဗျာ။"

လျူကျင်း၏ ဖခင်သည် တစ်ချိန်က ဂိုဏ်းချုပ် ရှောင်ကျန်းကို ကြီးမားသော ကျေးဇူးတင်စရာတစ်ခု ပြုလုပ်ပေးခဲ့ဖူးသည်ဆိုသော ကောလာဟလများ ရှိခဲ့သည်။ သို့သော် အွန်ကတော့ ထိုအချက်ကို အမြဲတမ်း သံသယဝင်နေခဲ့သည်။ ချီစွမ်အင် ချို့တဲ့နေသည့် သမားတော်တစ်ဦးက အဘယ်ကြောင့် ရှောင်ဂိုဏ်းချုပ်ကဲ့သို့ ထိပ်တန်းသိုင်းသမားကို ကူညီနိုင်ပါမည်နည်း။ ဤသည်မှာ ကောလာဟလသက်သက်သာ ဖြစ်ရမည်။

အကြီးအကဲဟွေ့က အွန်၏ မေးခွန်းကို ကြားသောအခါ အေးစက်စက် ပြုံးလိုက်သည်။

"မင်းကြားဖူးတဲ့ ကောလာဟလတွေထဲမှာ အမှန်တရားတချို့တော့ ပါနေတာပေါ့။ တစ်ချိန်က ဂိုဏ်းချုပ် ရှောင်ကျန်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရလောက်အောင် အကူအညီ လိုအပ်ခဲ့ဖူးတယ်။ အဲဒီအချိန်မှာ နာမည်ကြီး ဆေးဆရာတွေနဲ့ သမားတော်တွေအားလုံးက အန္တရာယ်ကို ကြောက်ပြီး ဘယ်သူမှ လက်မခံရဲခဲ့ကြဘူး။ အဲဒီလိုအချိန်မျိုးမှာ လျူကျင်းရဲ့ ဖခင်ကပဲ အဲဒီအကူအညီကို ပေးခဲ့တာလေ။"

အွန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါဆိုရင်... သူ ဂိုဏ်းချုပ် ရှောင်ကျန်းကို တကယ်ပဲ ကုသပေးခဲ့တာပေါ့နော်.."

"အေးပေါ့... အဲ့လိုပဲပြောရမှာပေါ့ကွာ .." အကြီးအကဲဟွေ့က ခပ်အေးအေးလေး ပြန်ပြောသည်။

"သူက ဂိုဏ်းထဲမှာ ရှိပြီးသား ဆေးဖက်ဝင်ပစ္စည်းတွေကိုပဲ အခြေအနေအရ ရောစပ်ပေးခဲ့တာ။ ဆေးကတော့ ထိရောက်မှု ရှိခဲ့ပေမဲ့ အဲဒီတုန်းက သုံးခဲ့တဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေတော့ ရှိခဲ့တာပေါ့။ ဘာပဲဖြစ်ဖြစ်... အဲဒီဖြစ်ရပ်က ဂိုဏ်းချုပ် ရှောင်ကျန်းရဲ့ စိတ်ထဲမှာ လျူကျင်းတို့ မိသားစုအပေါ် နက်ရှိုင်းတဲ့ ကျေးဇူးတရားတွေ ကျန်ရစ်စေခဲ့တာပဲ။ ဒါကြောင့်လည်း ဒီနေ့ဒီအချိန်မှာ ဒီလို ဆက်ဆံရေးမျိုး ဖြစ်လာတာပေါ့။"

"အော် ကျွန်တော် သဘောပေါက်ဘီ ... အခြေအနေက ဒီလိုဖြစ်သွားတာကိုး။"

အွန်သည် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျေးဇူးတရား... ။ ထိုစကားလုံးသည် အွန်အတွက်မူ မျက်လုံးထဲတွင် သဲမှုန်ဝင်သကဲ့သို့ ခံစားရစေသည်။ အကယ်၍ ထိုကျေးဇူးတရားသာ မရှိခဲ့လျှင် လျူကျင်းသည် သူတို့နှင့်အတူ ရွှံ့နွံထဲတွင်သာ လူးလှိမ့်နေရမည့် ကောင်လေးတစ်ယောက်သာ ဖြစ်လိမ့်မည်။

သို့သော်လည်း အခွင့်အရေးဆိုသည်မှာ ပေးမှရသည်မဟုတ်၊ လုယူရသည်ဟု အွန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ လျူကျင်းရရှိထားသည့် အရာအားလုံးသည် သူ့ထံမှ ပြန်လည်လုယူရမည့် ရပိုင်ခွင့်များသာ ဖြစ်သည်။ ဤဂိုဏ်းထဲတွင် အားနည်းသူသည် အခွင့်အရေးကို မပိုင်ဆိုင်သင့်ပေ။

အချုပ်ပြောရလျှင် လျူကျင်း၏ ဖခင်က ကံကောင်းသွားခြင်းသာ ဖြစ်သည်။ ရှောင်ဂိုဏ်း၏ အဆင့်မြင့် ဆေးဖက်ဝင် ပစ္စည်းများကိုသာ အလကားရယူ သုံးစွဲခွင့်ရမည်ဆိုလျှင် မြို့ထဲမှ မည်သည့်သမားတော်မဆို ဂိုဏ်းချုပ်ကို ကုသနိုင်မည်ဟု အွန် ပြတ်ပြတ်သားသား ယုံကြည်နေသည်။ လျူကျင်း၏ ဖခင်ဆိုသူက ထိုကံကောင်းခြင်းကို အမှတ်မထင် ရသွားခြင်းသာ ဖြစ်သည်။

"အခု ဖြစ်နေတဲ့ အခြေအနေက တော်တော်လေး စိတ်ပျက်စရာ ကောင်းတာပေါ့” ဟု အကြီးအကဲဟွေ့က သက်ပြင်းချရင်း ဆိုသည်။

လျူကျင်းလို လူငယ်တစ်ယောက်က ဂိုဏ်းချုပ် ရှောင်ကျန်းရဲ့ သားမက်အဖြစ်နဲ့ဆိုရင် အရမ်း အားနည်းလွန်းတယ်။ သူ့ရဲ့ အရည်အချင်းနဲ့ကတော့ ဂိုဏ်းချုပ်ရဲ့ ဩဇာကို ခံနိုင်ဖို့ ဝေးပါသေးတယ်။"

အွန်သည် ထိုစကားကို အပြည့်အဝ ထောက်ခံလိုက်သည်။

"အကြီးအကဲ ပြောတာ မှန်ပါတယ်။ ဒါနဲ့... ဇူအန်ကရော ဘာလို့ သူ့ဘေးနား အမြဲရောက်နေရတာလဲခင်ဗျာ"

"ဇူအန်က လျူကျင်းဆီ ရောက်သွားတာလည်း အဲဒီအကြောင်းရင်းကြောင့်ပဲ ဖြစ်မှာပါ။ သူက စိတ်ထားကောင်းတဲ့ မိန်းကလေးလေ။ အားနည်းတဲ့သူကို ကူညီချင်တဲ့ စေတနာပေါ့။"

အွန်၏ စိတ်ထဲတွင် ခံပြင်းစိတ်နှင့်အတူ တောက်ခေါက်မိမတတ် ဖြစ်နေသည်..။

“ဟုတ်တာပေါ့... ဇူအန်က သနားတတ်လွန်းလို့ အဲဒီအမှိုက်ကောင်ကို ဝင်ကူညီနေတာပဲ ဖြစ်ရမယ်။ လျူကျင်းလို ဘာကောင်မှမဟုတ်တဲ့ အရှုံးသမားက ဇူအန်ရဲ့ သနားစိတ်ကို အသုံးချပြီး ကပ်တွယ်နေတာပေါ့။ တောက်... ဇူအန်လို ပါရမီရှင် မိန်းကလေးတစ်ယောက်က အဲဒီလို အဆင့်မရှိတဲ့ကောင်ရဲ့အနားမှာ နေနေရတာဟာ မတန်ဘူး။ ဇူအန်ရဲ့ဘေးမှာ ရှိနေရမှာက ငါပဲ ဖြစ်သင့်တာ” ဟု အွန် တထစ်ချတွေးလိုက်သည်

"ဒါပေမဲ့ အဲဒီလို လုပ်ရပ်မျိုးကြောင့် ဇူအန်ကိုယ်တိုင်လည်း အန္တရာယ်ထဲ ရောက်သွားနိုင်တယ်"

"ဟင် ..၊ အကြီးအကဲဟွေ့... ဘာကို ဆိုလိုတာလဲခင်ဗျာ?"

အကြီးအကဲဟွေ့က အွန်ကို စိုက်ကြည့်ရင်း အသံကို တိုးလိုက်သည်။

"ငယ်ရွယ်တဲ့ လျူကျင်းကို မကောင်းကြံချင်တဲ့သူတွေ အပြင်မှာ အများကြီး ရှိနေလိမ့်မယ်ဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ်။ သူက အခုအချိန်မှာ အင်မတန် အားနည်းလွန်းနေတာ။ မင်းတို့လို အပြင်စည်းတပည့်တစ်ယောက်ကတောင် သူ့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နိုင်တာပေါ့။ တပည့်အွန်... မင်း ဒီကိစ္စတွေကို သေချာစဉ်းစားပြီး ဂိုဏ်းအတွက် အကောင်းဆုံးဖြစ်မယ့် လမ်းကိုပဲ ရွေးချယ်စမ်းပါ။"

ဂိုဏ်းအတွက် အကောင်းဆုံးဖြစ်မည့် လမ်း …။

အွန်၏ မျက်ဝန်းတို့ တောက်ပလာသည်။ အကြီးအကဲ၏ စကားလုံးများနောက်ကွယ်မှ အဓိပ္ပာယ်ကို သူ အမိအရ ဖမ်းဆုပ်လိုက်မိပြီ ဖြစ်သည်။

"မင်းရဲ့ လုပ်ရပ်အပေါ်မူတည်ပြီးတော့... ငါတို့ရဲ့ အပြင်စည်းတပည့်လေး တစ်ယောက် ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်လာနိုင်မယ့် အခွင့်အရေးလည်း ရှိတာပေါ့ကွာ…။"

ဤသည်မှာ အွန်နှင့် အကြီးအကဲဟွေ့တို့ သုံးကြိမ်တိုင်တိုင် စကားပြောခဲ့ကြသည့်အထဲမှ ပထမဆုံးအကြိမ် ဖြစ်သည်။ ထိုစကားပြောဆိုမှု အားလုံးသည် လျှို့ဝှက်စွာဖြင့်သာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ အွန်တစ်ယောက် မည်သည့်တာဝန်ကို လွှဲအပ်ခံထားရသည်ကို ဂိုဏ်းအတွင်း မည်သူမျှ မသိရှိနိုင်ပေ။ သို့သော်လည်း အွန်၏ ရင်ထဲတွင်မူ မီးတောက်များ တောက်လောင်နေပြီ ဖြစ်သည်။ ဤတာဝန်သည်သာ သူ့ကို အမြင့်တနေရာသို့ ပို့ဆောင်ပေးမည့် တစ်ခုတည်းသော တံခါးပေါက် ဖြစ်လာမည်ဟု အွန်တယောက် တထစ်ချ တွေးလိုက်မိတော့သည်။

အချိန်အနည်းငယ်ကြာပြီးနောက်တွင် အွန်၏ ဆုံးဖြတ်ချက်မှာ သံမဏိကဲ့သို့ ခိုင်မာသွားခဲ့သည်။ ယခု သူ့ရှေ့တွင် ပေါ်နေသော လမ်းကြောင်းမှာ ရှင်းလင်းပြတ်သားလှသည်။ အမြင်ချင်းတူကာ စိတ်သဘောထားချင်း ရိုင်းပင်းကြသည့် တပည့်အချို့နှင့် လျှို့ဝှက်စွာ တိုင်ပင်ပြီးနောက် အစီအစဉ်တစ်ခုကို သူ ရေးဆွဲပြီးစီးသွားခဲ့သည်။

ညဉ့်ယံ၏ မှောင်မိုက်သော အကာအကွယ်အောက်တွင် အွန်သည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ စောင့်ဆိုင်းနေလိုက်သည်။ ယနေ့ညတွင် လျူကျင်းသည် သူ့နေအိမ်သို့ တစ်ယောက်တည်း ပြန်လာမည်ဖြစ်သည်။ ဤအခွင့်အရေးသည် အကောင်းဆုံး ဖြစ်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဇူအန်က လိုက်ပါလေ့ရှိသော်လည်း၊ ယနေ့ညတွင်တော့ သူမသည် အရေးကြီးသည့် ကိစ္စတစ်ခုဖြင့် အလုပ်ရှုပ်နေသည်။ ဤအခြေအနေမျိုးကို ဖန်တီးခဲ့သူမှာလည်း အွန်ကိုယ်တိုင်ပင် ဖြစ်သည်။

အချိန်တန်လျှင်တော့ အားလုံး ပြီးဆုံးသွားလိမ့်မည်။ သူ့၏ ကြံရာပါ တပည့်အချို့မှာလည်း အမှောင်ထဲမှနေ၍ တိတ်တဆိတ် ရောက်ရှိလာကြတော့မည်။ ထိုအခါ သူရထိုက်သည့် အကျိုးကျေးဇူး၊ သူ တောင့်တနေသည့် ဂိုဏ်းအတွင်းစည်းတပည့်နေရာကို သူ ပိုင်ဆိုင်နိုင်တော့ပေလိမ့်မည်။

ထိုစဉ်

အို... သနားစရာကောင်းတဲ့ တပည့်အွန်ရယ်။ မင်း ဘာတွေများ လုပ်မိလိုက်တာလဲ…"

မှောင်ရိပ်ခိုရာ အရပ်တစ်ခုဆီမှ ရုတ်တရက် ပေါ်ထွက်လာသော ထိုအသံကြောင့် အွန်မှာ တစ်ကိုယ်လုံး သွေးလန့်တုန်လှုပ်သွားရသည်။

"အ... အကြီးအကဲဟွေ့"

အွန်တစ်ယောက် အံ့ဩတကြီး အော်ဟစ်လိုက်မိ၏။ အကြီးအကဲဟွေ့ သူ့အနားသို့ ရောက်ရှိနေသည်ကို သူ လုံးဝ မရိပ်မိလိုက်ပေ။ ခြေသံပင် မကြားရဘဲ လေပွေသဖွယ် ရောက်ရှိလာသည့် ထိုသိုင်းပညာရှင်၏ နက်နဲသော စွမ်းပကားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

"မင်း ဘာတွေများ လုပ်မိလိုက်တာလဲ တပည့်အွန်ရယ်..၊ ဂိုဏ်းတူတပည့်အချင်းချင်း တိတ်တဆိတ် လုပ်ကြံဖို့ ကြံစည်ရက်တယ်ပေါ့လေ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရက်စက်ရတာလဲ။"

အကြီးအကဲဟွေ့၏ စကားသံမှာ ရေခဲပြင်ကဲ့သို့ အေးစက်လှသလို နှလုံးအိမ်ကို တုန်လှုပ်ချောက်ချားစေနိုင်စွမ်းသည်။ အွန်မှာ ခေါင်းထဲတွင် ဗလာနတ္တိဖြစ်သွားကာ နှုတ်ခမ်းအစုံ တုန်ရီလျက် လေသံပင် မထွက်နိုင်အောင် ဖြစ်သွားရရှာသည်။

"ဒါပေမဲ့... ဒါပေမဲ့... အကြီးအကဲပဲ ကျွန်တော့်ကို..."

သူ့နှုတ်ဖျားမှ စကားလုံးများမှာ တုန်ယင်နေသည်။ အကြီးအကဲကိုယ်တိုင် တွန်းအားပေးခဲ့သည့် အစီအစဉ်မဟုတ်ပါလော။ အကြီးအကဲကိုယ်တိုင် လျူကျင်းကို ဖယ်ရှားပစ်ရန် လမ်းပြပေးခဲ့ခြင်း မဟုတ်ပါလော။ အွန်၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့်အတူ အမှန်တရားကို မယုံကြည်နိုင်သည့် အရိပ်အယောင်တို့ လွှမ်းခြုံသွားတော့သည်။

"စိတ်မကောင်းစရာပဲ... ဒီကိစ္စကို ငါ သိလိုက်ရတဲ့အချိန်မှာ တကယ့်ကို တုန်လှုပ်ချောက်ချားသွားရတယ်။"

အကြီးအကဲဟွေ့က ဝမ်းနည်းဟန်ဆောင်ကာ ခေါင်းခါယမ်းလိုက်၏။ သူ့မျက်ဝန်းအစုံတွင် အယောင်ဆောင်ထားသော ကရုဏာနှင့် စာနာထောက်ထားမှုများက လွှမ်းခြုံလျက် ရှိနေသည်။

"မင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်ထဲကို ဆွဲသွင်းဖို့ ကြိုးစားခဲ့တဲ့ တပည့်တွေထဲက တစ်ယောက်က သူ့ရဲ့ အထက်အရာရှိဆီကို သတင်းပေးလိုက်လို့သာ တော်တော့တယ်။ မဟုတ်ရင် ဂိုဏ်းအတွင်းမှာ ဘယ်လောက်တောင် ရှက်စရာကောင်းတဲ့ သွေးထွက်သံယိုကိစ္စတွေ ဖြစ်လာမလဲဆိုတာ မင်းကိုယ်တိုင် တွေးကြည့်စမ်း။"

သစ္စာဖောက်ခံလိုက်ရပြီ ဖြစ်သည်။

အွန်၏ ရင်ဘတ်တစ်ခုလုံးတွင် မီးခဲများ ကျောက်ချိန်းပစ်လိုက်သကဲ့သို့ ပြင်းစွာ ပူလောင်လာရသည်။ မိမိသည် ထိုမြေခွေးအိုကြီးကို အယုံလွယ်ခဲ့မိလေစွ။

သူ... အမှန်တကယ် သစ္စာဖောက်ခံလိုက်ရပြီ ဖြစ်သည်။

"ငါက အပြင်စည်းတပည့်အားလုံးရဲ့ တာဝန်ခံ ဖြစ်နေတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ တာဝန်ယူလိုက်တာ ကောင်းပါတယ်၊ သနားစရာကောင်းလိုက်တာ တပည့်အွန်ရယ်... တကယ် သနားစရာပဲ။ ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းကို ကြိုးစားခဲ့တာ မင်းရဲ့ အမှားပဲ။ ခက်တာက... လျူကျင်းရဲ့ လုံခြုံရေးက မင်းထင်ထားတာထက် အများကြီး ပိုမိုတင်းကျပ်နေခဲ့တာကို မင်း သိထားသင့်တာပေါ့။"

သူ အသုံးချခံလိုက်ရပြီ ဖြစ်သည်။

အွန်၏ စိတ်အစုံမှာ သွေးပျက်မတတ် ခံပြင်းသွားရသည်။ ဒီအဖိုကြီး... ဒဤကောက်ကျစ်လှသော မြေခွေးအိုကြီးသည် သူ့အား ကောက်ရိုးတစ်မျှင်ကဲ့သို့ လှည့်စားကာ အသုံးချသွားခဲ့ခြင်းပဲ ဖြစ်တော့သည်။

လျူကျင်းအား လုပ်ကြံရန် ဖြစ်နိုင်ခြေ ရှိမရှိကို စမ်းသပ်ဖို့အတွက် သူ့ကို မြှားဦးအဖြစ် အသုံးချလိုက်ခြင်းဖြစ်သည်။ သူ တစ်စုံတစ်ယောက်ကို ပြောပြမှ ဖြစ်မည်။ ဒီကိစ္စကို ဖော်ထုတ်မှ ဖြစ်မည်

သို့သော်...

“ဟင် ငါ ဘာလို့ လှုပ်လို့ မရတာလဲ..”

ခြေဖျားလက်ဖျားတို့သည် ရုတ်ချည်း ထုံကျင်သွားပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှာ အလေးအပင်ကြီးတစ်ခုက ဖိနှိပ်ထားသကဲ့သို့ လေးလံထိုင်းမှိုင်းသွားရသည်။

"သနားစရာကောင်းလိုက်တာ။ မင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်ကို ဖော်ထုတ်ပေးခဲ့တဲ့သူကတော့ ဆုလာဘ်ကောင်းကောင်း ရသွားမှာ အသေအချာပါပဲ။ ဂိုဏ်းရဲ့ အကျိုးအတွက် အနစ်နာခံသူတွေကို အမြဲတမ်း ဆုချလေ့ရှိတယ်လေ။"

“ဆုလာဘ်တဲ့လား..”

ဆုလာဘ်ရသင့်သူက မိမိဖြစ်ရမည် မဟုတ်ပါလား။ ဇူအန်၏ ဘေးနားတွင် ရပ်တည်သင့်သူမှာလည်း မိမိသာလျှင် ဖြစ်ရပေမည်။

ယခုမူ... ... မိမိကဲ့သို့သောသူက ဤနေရာ၌ အရာမထင် သေဆုံးရတော့မည်လော။ အွန်၏ ရင်ထဲတွင် မတရားမှုအတွက် ခံပြင်းနာကျည်းခြင်းတို့က လွှမ်းမိုးလာသည်။

"မင်းနဲ့ ပတ်သက်ရင်တော့... မင်း ပျောက်ကွယ်သွားတာကို ဘယ်သူမှ သတိထားမိကြလိမ့်မယ်လို့ ငါ မထင်ပါဘူး။ ပိုးကောင်တစ်ကောင် သေသွားတာကို ဘယ်သူက လိုက်ရှာနေမှာလဲ၊ ဟုတ်တယ်မလား.."

အကြီးအကဲဟွေ့သည် လေပြေအေးတစ်ချက် မှုတ်ထုတ်လိုက်သကဲ့သို့ သူ့လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။

ထိုတစ်ချက်မျှ ဝှေ့ယမ်းမှုနှင့်အတူ ပြင်းထန်လှသော ချီစွမ်းအင်တိုက်ခတ်မှုကြီးက အွန်၏ ကိုယ်ခန္ဓာအတွင်းပိုင်းကို စုတ်ပြတ်သတ်သွားအောင် ဖျက်ဆီးပစ်လိုက်တော့သည်။ ရှောင်ဂိုဏ်း၏ အတော်ဆုံး အပြင်စည်းတပည့်ဟု သတ်မှတ်ခံခဲ့ရသူ၊ မိမိ၏ ကံကြမ္မာကို ပြောင်းပြန်လှန်ရန် အားသွန်ခွန်စိုက် ရုန်းကန်ခဲ့သူ အွန်၏ ဘဝခရီးလမ်းသည်ကား ထိုညဉ့်၏ မှောင်မိုက်မှုထဲတွင်ပင် အပြီးတိုင် အဆုံးသတ်သွားခဲ့ရလေတော့သည်။

All Chapters