အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂) ထိုသို့ဆိုလျှင် သူသည် သူ့ထက် မျိုးဆက်တစ်ဆက် ပိုကြီးမနေဘူးလား
လျူအာကျူးသည် စားဖိုမှူးကြီးများ၏ အမည်များနှင့် အလုပ်ဌာနများကို မှတ်သားထားလိုက်ပြီးနောက် သူတို့ကို လိုက်ပို့လေသည်။
ထိုလူလေးယောက်သည် သူတို့၏အလုပ်ဌာနများကို အထင်ကြီးဖွယ်ရာဟု ခံစားနေရကာ အနည်းငယ် မာနကြီးနေကြသေးကြောင်းကို သူသိထားသည်။ ထို့ကြောင့် သူတို့သည် သူ့အပေါ် ယဉ်ကျေးပျူငှာကြသော်လည်း အတိုင်းအတာတစ်ခုအထိသာ ဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ကိုယ်ပိုင်အဆက်အသွယ်များနှင့် အဆင့်အတန်းရှိကြသော စားဖိုမှူးကြီးများဖြစ်သည့် လူကြီးအတော်များများကို ဆယ်ကျော်သက်လူငယ်တစ်ယောက်အား အလွန်လေးစားမှုပြသလာစေရန် ပြုလုပ်ရန်မှာ တကယ့်ကို မလွယ်ကူလှပေ။
သို့သော်လည်း သူတို့သည် သူ၏ဆေးကို အသုံးပြုပြီး သူတို့၏နာကျင်မှုများ သက်သာပျောက်ကင်းသွားကာ သူ၏ကျွမ်းကျင်မှုကို အတည်ပြုနိုင်သွားသည်နှင့်တစ်ပြိုင်နက်။
ထိုအချိန်ရောက်လျှင် သူတို့က သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကြလိမ့်မည်ဟု မဆိုနိုင်သော်လည်း သူတို့သည် သူ့ကို သခင်တစ်ပါးကဲ့သို့ သေချာပေါက် ဆက်ဆံကြမည် ဖြစ်လသည်။
"ကောင်းပြီ အစ်ကိုလွီ အရာအားလုံး အဆင်ပြေသွားပြီဆိုတော့ ကျွန်တော် သွားတော့မယ်... ကျွန်တော့်ဆရာရဲ့ မိတ်ဆက်စာနဲ့ အိမ်ထောင်စုစာရင်းကိစ္စ ကူညီပေးဖို့ လိုသေးတယ်..."
လျူအာကျူးက လွီရှန့်လီထံမှ နှုတ်ဆက်ထွက်ခွာရင်း ပြောလိုက်သည်။
လွီရှန့်လီသည် လျူအာကျူးကို စက်ရုံပြင်ပသို့ ချက်ချင်းလိုက်ပို့ကာ အားလပ်သည့်အချိန်တိုင်း လာရောက်လည်ပတ်ရန် နွေးထွေးစွာ ဖိတ်ခေါ်လေသည်။
ဤသည်ကို မြင်သောအခါ ဂိတ်စောင့်ကြီး အဘိုးချင်က အပြေးအလွှား လိုက်လာ၏။
"မင်းက ဘာလို့ ပြန်တော့မလို့လဲ... ငါ မင်းကို ထမင်းတောင် မကျွေးရသေးဘူး..."
"ဒီနေ့ ကျွန်တော် တကယ်အရေးတကြီးကိစ္စ ရှိနေလို့ပါ... နောက်တစ်နေ့ကျရင် ကျွန်တော် အရက်နဲ့ အသား နည်းနည်း ယူလာခဲ့ပြီးတော့ ကျွန်တော်တို့နှစ်ယောက် ဂိတ်တဲထဲမှာ စားကြတာပေါ့..."
လျူအာကျူးက တောင်းပန်သည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်... ဒီကလေးက သူ့ဆရာရဲ့ အလုပ်ကိစ္စတွေကို ဖြေရှင်းပေးဖို့ လိုသေးတယ်..."
လွီရှန့်လီက ဝင်ရောက်ကူညီပြောဆိုပေးလိုက်၏။
"အလုပ်ကိစ္စတွေက တကယ်အရေးကြီးတာဆိုတော့ ငါ မင်းကို အချိန်မဆွဲတော့ဘူး..."
"ဒါပေမဲ့ ငါက ကျွေးမွေးမှာဆိုတော့ မင်းက ဘာလို့ အရက်နဲ့အသား ယူလာရမှာလဲ... နောက်တစ်ခါလာရင် မင်းလူချည်းသက်သက်ပဲ လာခဲ့..."
အဘိုးချင်သည်လည်း လျူအာကျူးက သူနှင့်အတူ ထမင်းစားရမည်ကို တမင်သက်သက် ရှောင်လွှဲနေခြင်းမဟုတ်ကြောင်းကို သိထားသဖြင့် သူ့ကို သွားခွင့်ပြုလိုက်သည်။
လျူအာကျူးသည် သူ၏စက်ဘီးကို စီးကာ အရှေ့ဂိတ်ရဲစခန်းသို့ တိုက်ရိုက် သွားလိုက်၏။
အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ရန်အတွက် မြို့ပေါ်တွင် တရားဝင်အလုပ်အကိုင်တစ်ခု၊ ကျေးလက်ဒေသမှ မိတ်ဆက်စာတစ်စောင် လိုအပ်ပြီး အချို့က နိုင်ငံရေးစိစစ်မှုဆိုင်ရာ အထောက်အထားများပင် လိုအပ်သေးသည်။
အကယ်၍ သာမန်လူတစ်ယောက်သည် လက်ဆောင်များမပေးဘဲ သို့မဟုတ် လူများကို ထမင်းမကျွေးဘဲ ၎င်းတို့၏မှတ်ပုံတင်ကို ပြောင်းရွှေ့ရန် လာရောက်ပါက အချိန်အကြာကြီး စောင့်ဆိုင်းနေရမည်ဖြစ်သည်။
သို့သော်လည်း လျူအာကျူးတွင် အဆက်အသွယ်များရှိနေသဖြင့် သူ စိုးရိမ်စရာ မလိုချေ။
သူသည် အရှေ့ဂိတ်ရဲစခန်းသို့ ရောက်ရှိသွားပြီး အထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် လီရှန့်ရန်က အပြေးအလွှားရောက်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အိုး.. ကျူးဇီ ရောက်လာပြီပဲ... မြန်မြန် ထိုင်ပါဦး ထိုင်ပါဦး..."
လျူအာကျူးသည် သူ၏ထက်သန်လွန်းလှသော အမူအရာကြောင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
ဤလူက စိတ်ကြွဆေးများ သောက်ထားသလား။
သူက အခြားရဲအရာရှိများကို မေးမြန်းရန် ပြင်လိုက်သော်လည်း အခြားသူများက ပို၍ပင် စိတ်လှုပ်ရှားနေကြသည်ကို သူ မြင်လိုက်ရသည်။
"ကျူးဇီ ရောက်လာပြီပဲ... မြန်မြန် အဘိုးကြီးဝူ လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်စမ်းပါ..."
"လာ... ကျူးဇီ... ဖေးမာ စီးကရက် သောက်လိုက်ဦး... ငါတို့ မနေ့ကမှ ဒါတွေကို ဖမ်းဆီးရမိထားတာ..."
"ဘာလို့ ဖေးမာကို သောက်ရမှာလဲ... ငါ့ဆီမှာ အသစ်တစ်ခုရှိတယ်... မင်း အသေးစားစီးကရက်တွေကို မြင်ဖူးလား... ရွှယ်လျန် စီးကရက်လို့ ခေါ်တယ်ဆိုတာ ငါ ကြားဖူးတယ်... မြည်းစမ်းကြည့်လိုက်ဦး..."
"အရင်က မင်း ဒီကနေ ယူသွားတဲ့ ကျည်ဆန်တွေ လုံလောက်ရဲ့လား... ငါ မင်းကို နည်းနည်း ထပ်ပေးရဦးမလား..."
ရဲအရာရှိများစွာက သူ့ကို ဝိုင်းအုံကာ ပန်ဒါကြီးတစ်ကောင်ကို ဂရုစိုက်နေသကဲ့သို့ တစ်ယောက်တစ်လှည့် သူ့ကို ကျွေးမွေးနေကြသည်ကို ကြည့်ရင်း သူသည် ဤမျက်နှာသာပေးမှုကြောင့် များစွာအံ့ဩသွားပြီး အလွန်ပင် ရှုပ်ထွေးသွားရသည်။
နောက်ဆုံးတွင် သူသည် အခွင့်အရေးတစ်ခုရသွားပြီး အလျင်အမြန် ဝင်ပြောလိုက်၏။
"ခင်ဗျားတို့ အားလုံး ဘာတွေ လုပ်နေကြတာလဲ... ခင်ဗျားတို့ အသား ပြတ်လပ်နေလို့လား... အဲဒီလိုဆိုရင်လည်း ပြောလိုက်လေ... ကျွန်တော့်ဆီမှာ ယူလာလို့ရတဲ့ ပစ္စည်းတချို့ ကျန်သေးတယ်..."
အံ့သြစရာကောင်းသည်မှာ ဤစကားကို ကြားသောအခါ လူတိုင်းက ရယ်မောလိုက်ကြ၏။
လီရှန့်ရန်က သူ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
"မင်းကြောင့် ငါတို့အားလုံး တတိယအဆင့် စွမ်းဆောင်ရည်ဆုကို ရခဲ့ကြတာလေ... မင်းကို နည်းနည်းလောက် ကျေးဇူးတင်တာ ဘာများမှားလို့လဲ..."
"ဒါ့အပြင် မင်းက ညွှန်ကြားရေးမှူးကို မတွေ့ရသေးဘူးမလား... ညွှန်ကြားရေးမှူးက အခု မင်းကို အနမ်းတစ်ပွင့်တောင် ပေးချင်နေလောက်ပြီ... သူ ရာထူးတိုးတော့မယ်လေ... အဲဒါတွေအကုန်လုံးက မင်း ခေါ်လာတဲ့ အဲ့ခွေးသူလျှိုတွေကြောင့်ပဲ..."
လျူအာကျူးသည် ဘာတွေဖြစ်နေသည်ကို နားလည်သွားပြီး သူ့ကို အလျင်အမြန် ပြင်ပြောလိုက်သည်။
"ကျွန်တော်က တစ်ယောက်တည်းကိုပဲ ခေါ်လာတာပါ... ကျန်တဲ့သူတွေက ခင်ဗျားတို့ ရဲအရာရှိတွေအားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖမ်းမိခဲ့တာပါ..."
လီရှန့်ရန်က လက်ကာပြလိုက်သည်။
"နှိမ့်ချမနေပါနဲ့... မင်း ခေါ်လာတဲ့ သူလျှိုသာ မရှိဘူးဆိုရင် ငါတို့မှာ လူဘယ်လောက်ပဲရှိရှိ အဲ့တိရစ္ဆာန်အသိုက်ကို ဖမ်းမိခဲ့မှာ မဟုတ်ဘူး... နောက်ပြီး အရင်က မင်းဖော်စပ်ထားတဲ့ ဆေးတွေ ရှိသေးလား... အကျဉ်းသားတချို့က သိပ်ပြီး ပူးပေါင်းပါဝင်မှု မရှိကြဘူး..."
"လူတွေကို ယားယံစေတဲ့ အဲဒီဆေးလား..."
လျူအာကျူးက မေးလိုက်သည်။
"လူတွေကို ယားယံစေတဲ့ဆေးဆိုတာ ဘာအဓိပ္ပာယ်လဲ... အဲဒါက ဒဏ်ရာတွေကို ကုသဖို့နဲ့ သွေးတိတ်စေဖို့ သုံးတဲ့ဆေးလေ... အဲဒါက အနည်းငယ် ယားယံစေတဲ့ ဘေးထွက်ဆိုးကျိုးပဲ ရှိတာပါ..."
လီရှန့်ရန်က အလျင်အမြန် ပြင်ပြောလိုက်၏။
လျူအာကျူးက လက်မထောင်မပြဘဲ မနေနိုင်တော့ချေ။ ခင်ဗျားတို့ကိုပဲ အပ်လိုက်ပါတော့မယ်။
သူသည် စက္ကူတစ်ရွက်ကို ဆွဲယူကာ ဆေးဖော်စပ်နည်းကို ရေးချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူက အကူအညီတောင်းနေရသဖြင့် အကျိုးခံစားခွင့်အချို့ကို ပေးရမည် ဖြစ်သည်။
လီရှန့်ရန်မှာ အလွန်မြန်ဆန်လှပြီး လျူအာကျူး ရေးသားပြီးစီးသည်နှင့် တစ်ပြိုင်နက် ၎င်းကို သိမ်းဆည်းလိုက်ကာ သူ၏လုပ်ဖော်ကိုင်ဖက်များအား ပြောလိုက်၏။
"ငါ ဆေးသွားယူပြီးရင် နောက်မှ စမ်းကြည့်လိုက်မယ်..."
“ဖြောင်း..”
တစ်စုံတစ်ယောက်က လီရှန့်ရန်ကို ကန်လိုက်သဖြင့် သူက အံ့အားသင့်စွာဖြင့် ထခုန်လိုက်သည်။
"ဘယ်သူလဲ... ဘယ်သူကများ လာပြီးတော့... အဟမ်း... ညွှန်ကြားရေးမှူး..."
ဒေါသတကြီးဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေသော လီရှန့်ရန်သည် သူ၏အနောက်ရှိ ညွှန်ကြားရေးမှူးကို အလျင်အမြန် အတင်းအကျပ် ပြုံးပြလိုက်သည်။
ညွှန်ကြားရေးမှူးလျူက စိတ်ဆိုးမာန်ဆိုးဖြင့် လက်လှမ်းလိုက်၏။
"ဆေးဖော်စပ်နည်းကို ပေးစမ်း..."
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့... ကျွန်တော်က အခုလေးတင် ညွှန်ကြားရေးမှူးဆီကို ယူလာပေးမလို့ စီစဉ်နေတာပါ..."
လီရှန့်ရန်က ပြောလိုက်ပြီး ဆေးဖော်စပ်နည်းကို အပြုံးဖြင့် ချက်ချင်း ကမ်းပေးလိုက်သည်။
"မင်းတို့အားလုံး အလုပ်ပြန်လုပ်ကြတော့... ကျူးဇီ... စကားပြောဖို့ ငါ့ရုံးခန်းထဲကို လာခဲ့..."
ညွှန်ကြားရေးမှူးလျူက လီရှန့်ရန်ကို လျစ်လျူရှုထားလိုက်သည်။ သူက ဤကောင်လေးကို ရာထူးတိုးပေးချင်နေသဖြင့် အခြားသူများက နားလည်မှုလွဲမှားခြင်း သို့မဟုတ် တစ်ခုခုကို သတိပြုမိကာ လျှို့ဝှက်စွာ ပြဿနာရှာမည်ကို စိုးရိမ်သောကြောင့် လွန်ခဲ့သည့်ရက်အနည်းငယ်က သူ့အပေါ် သိပ်ပြီး ကောင်းမွန်စွာ မဆက်ဆံနိုင်ခဲ့ချေ။
လျူအာကျူးက သဘောတူလိုက်ပြီး ညွှန်ကြားရေးမှူးလျူ၏ နောက်မှနေ၍ ရုံးခန်းထဲသို့ လိုက်ဝင်သွားလေသည်။
ရုံးခန်းတံခါး ပိတ်သွားသည်နှင့်တစ်ပြိုင်နက် ညွှန်ကြားရေးမှူးလျူက အလွန်နွေးထွေးသော အပြုံးတစ်ခုကို ချက်ချင်း ပြုံးလိုက်၏။
"ကျူးဇီ ထိုင်ပါဦး... ငါတို့က အဲဒီ အသုံးမကျတဲ့ လက်ဖက်ခြောက်တွေကို မသောက်ဘူး... ငါ မင်းအတွက် နောက်တစ်ခွက် ဖျော်ပေးမယ်... အခုကစပြီး ဒ္နေရာကို မင်းအိမ်လို သဘောထားပြီး မကြာခဏ လာလည်ပါ..."
အလုပ်များနေသော ညွှန်ကြားရေးမှူးလျူကို ကြည့်ရင်း လျူအာကျူးက ခါးသက်သက်အပြုံးဖြင့် ပြောလိုက်သည်။
"ဦးလေးလျူ... အဲ့လောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး..."
"ကောင်းပြီလေ... ငါ ယဉ်ကျေးမနေတော့ဘူး... ဒါဆိုရင် မင်းကို ငါ့တူအရင်းတစ်ယောက်လို ဆက်ဆံမယ်ဆိုရင်လည်း ပြဿနာမရှိဘူးမလား..."
ညွှန်ကြားရေးမှူးလျူက ပူနွေးသော လက်ဖက်ရည်တစ်ခွက်ကို ပြုံးကာ ကမ်းပေးလိုက်သည်။
"ဒီည မပြန်နဲ့တော့... ငါ့အိမ်ကို လာခဲ့ပြီး မင်းအဒေါ်ကို မင်းအတွက် အရသာရှိတာ တစ်ခုခု ချက်ကျွေးခိုင်းလိုက်မယ်..."
"ဒီညတော့ တကယ့်ကို အဆင်မပြေဘူး... ကျွန်တော်က တကယ်တော့ ရဲစခန်းကို အကူအညီတစ်ခု လာတောင်းတာပါ..."
လျူအာကျူးက အကြောင်းအရာကို အလျင်အမြန် စတင်လိုက်သည်။
"ကျွန်တော်က အထည်အလိပ်စက်ရုံက အစ်ကိုလွီကို ခရိုင်ဆေးရုံမှာ ကျွန်တော့်ဆရာအတွက် အလုပ်တစ်ခု စီစဉ်ပေးဖို့ အကူအညီတောင်းထားလို့ ကျွန်တော့်ဆရာရဲ့ အိမ်ထောင်စုစာရင်းကို ဒီနေရာကို ပြောင်းချင်နေတာပါ... ဘယ်လိုလုပ်ထုံးလုပ်နည်းတွေ လိုအပ်လဲဆိုတာ လာမေးတာပါ..."
ညွှန်ကြားရေးမှူးလျူမှာ အတွေးနက်သွားသည်။
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လျူအာကျူး၏ ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားပြီး သူက ဂရုတစိုက်ဖြင့် မေးလိုက်သည်။
"ဖြေရှင်းဖို့ အရမ်းခက်ခဲနေလို့လား..."
"မဟုတ်ပါဘူး... ငါ မင်းကို မေးချင်တာက မင်း အခုလေးတင် ပြောလိုက်တဲ့ အစ်ကိုလွီဆိုတာ လွီရှန့်လီလား..."
ညွှန်ကြားရေးမှူးလျူက အတည်ပြုလိုက်သည်။
လျူအာကျူးက တွေဝေစွာဖြင့် ခေါင်းညိတ်လိုက၏။
"ဟုတ်တယ်... ဘာဖြစ်လို့လဲ..."
"ဟားဟားဟားဟား... မင်းက လွီရှန့်လီကို အစ်ကိုလို့ ခေါ်တယ်ပေါ့... ငါက မင်းရဲ့ဦးလေးဆိုတော့ ငါက အဲ့အဘိုးကြီးထက် မျိုးဆက်တစ်ဆက် ပိုကြီးမနေဘူးလား..."
"နောက်မှ သူ့ကို တွေ့တဲ့အခါ ငါ့ကို ဦးလေးလို့ ခေါ်ခိုင်းရမယ်..."
ညွှန်ကြားရေးမှူးလျူသည် သူတစ်ပါး၏ ဖိနပ်များပေါ်သို့ တမင်သက်သက် သေးပန်းချထားသော အငြိမ်မနေတတ်သည့် ကလေးဆိုးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေလေသည်။
"..."
လျူအာကျူးမှာ စကားပြောရခက်သွားသလို ဖြစ်သွား၏။
"ဦးလေးလျူ... ကျွန်တော် ခင်ဗျားနဲ့ အရေးကြီးတဲ့ကိစ္စကို ပြောနေတာပါ..."
"ဘာအရေးကြီးကိစ္စလဲ... အဲ့ကိစ္စလေးက မင်း ကိုယ်တိုင်လာဖို့ တန်လို့လား..."
ညွှန်ကြားရေးမှူးလျူ ဆက်တိုက် ရယ်မောနေသည်။
"အဲဒီအတွက် စိတ်မပူပါနဲ့... ဒီနေ့ မင်းအတွက် လီရှန့်ရန်ကို ငါ ဖြေရှင်းခိုင်းလိုက်မယ်... နောက်မှ မင်းဆရာရဲ့ မိတ်ဆက်စာကို ပေးခိုင်းလိုက်ရုံပဲ..."
"အဲဒါ အဆင်ပြေပါ့မလား... ခင်ဗျားအတွက် အခက်အခဲ မဖြစ်စေဘူးမလား..."
လျူအာကျူးမှာ အနည်းငယ် အနေရခက်သွားရသည်။
"ဘာတွေများ ခက်ခဲနေလို့လဲ... ငါ့ဘက်က အခြေအနေကို ထားလိုက်ပါဦး... ပြည်သူ့လုံခြုံရေးဗျူရိုကတောင် မင်းကိစ္စဆိုတာကိုကြားရင် သူတို့က အခက်အခဲဖြစ်အောင် လုပ်မှာမဟုတ်ဘူး..."
"ဒါနဲ့ မင်းဆရာက မင်းကို ဘာတွေသင်ပေးတာလဲ... ဘာလို့ သူက ခရိုင်ဆေးရုံကို သွားမှာလဲ... အကယ်၍ သူက မင်းကို သိုင်းပညာတွေ ဒါမှမဟုတ် အမဲလိုက်တာတွေကို သင်ပေးတယ်ဆိုရင် သူက ရဲစခန်းကို လာလို့ရတယ်လေ..."
ညွှန်ကြားရေးမှူးလျူက စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။
"သူက ကျွန်တော့်ကို ဆေးပညာ သင်ပေးတဲ့ ဆရာပါ... သူ့မိသားစုက ဆေးပညာကို မျိုးဆက်အဆက်ဆက် လေ့လာလိုက်စားလာကြတာဆိုတော့ သူ့အတွက် ဆေးရုံမှာ စီစဉ်ပေးတာက အသင့်တော်ဆုံးပါပဲ..."
လျူအာကျူးက ရှင်းပြလိုက်လေသည်။
ညွှန်ကြားရေးမှူးလျူက ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။
"ဆေးပညာကို မျိုးဆက်အဆက်ဆက် လေ့လာလိုက်စားကြတယ်ပေါ့... ဒါဆို သူ့ရဲ့ ဆေးပညာစွမ်းရည်တွေက တော်တော်လေး ကောင်းမွန်ရမယ်မလား... မင်းကရော ဘယ်လောက်အထိ သင်ယူထားပြီးပြီလဲ..."
လျူအာကျူးက တွေဝေသွားလေသည်။ သူသည် သူ့ဆရာကို လုံးဝကျော်လွန်သွားပြီဖြစ်ကြောင်း ပြောချင်သော်လည်း ထိုသို့ပြောခြင်းက အလွန်မာနကြီးရာကျမည်ဟု ခံစားရသဖြင့် သူက နှိမ့်ချစွာဖြင့် ပြောလိုက်သည်။
"အဲဒါကို ပြောဖို့တော့ ခက်တယ်... ဒါပေမဲ့ ရောဂါတွေကို ကုသပေးဖို့ကတော့ ပြဿနာမရှိပါဘူး..."
"ဒါဆို မင်းက လေးဘက်နာရောဂါကို ကုသနိုင်လား... ပိုတိတိကျကျ ပြောရရင် မင်းဆရာက အဲဒါကို ကုသပေးနိုင်လား..."
ညွှန်ကြားရေးမှူးလျူက မေးလိုက်၏။
သူသည် ပြီးခဲ့သည့်အကြိမ်က လျူအာကျူးကို မေးချင်ခဲ့သော်လည်း လျူအာကျူးက ပြည်နယ်ဆေးရုံသို့ ဝင်ရောက်နိုင်မည်ဟု ခံစားရကြောင်း ပြောဆိုချက်ကြောင့် သူ စကားပြောရခက်သွားကာ နှုတ်ဆိတ်နေခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင် လျူအာကျူးသည် ဆေးပညာရှင်မိသားစုမှ သမားတော်အိုကြီးတစ်ဦးထံတွင် ဆေးပညာသင်ယူခဲ့ကြောင်းကို ကြားသောအခါ သူ မမေးဘဲ မနေနိုင်တော့ချေ။
လျူအာကျူး မကုသနိုင်လျှင်တောင်မှ သူ့ဆရာကတော့ သေချာပေါက် ကုသပေးနိုင်လိမ့်မည် ဖြစ်သည်။
လျူအာကျူးက စဉ်းစားဆင်ခြင်လိုက်ပြီး ပြောလိုက်၏။
"လေးဘက်နာရောဂါမှာ အမျိုးအစားတွေ အများကြီးရှိလို့ အဲ့ကိစ္စအတွက် ကျွန်တော် ခင်ဗျားကို အပြည့်အဝ အာမခံချက်တော့ မပေးနိုင်ပါဘူး... အဲဒါက တိကျတဲ့ အမျိုးအစားပေါ်မှာ မူတည်ပါတယ်... ဒါပေမဲ့ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် နာကျင်မှုကို သက်သာစေဖို့တော့ ကျွန်တော် အာမခံနိုင်ပါတယ်... လူနာက ဆေးကို သောက်နေသရွေ့ သူတို့က သာမန်လူတစ်ယောက်လိုပဲ ဖြစ်နေမှာပါ... အလွန်ဆုံး လိုအပ်ရင် ရေရှည် ဆေးသောက်ဖို့ပဲ လိုတာပါ..."