အခန်း ၁၂၃
Vol. 13 Ch. 123
အခန်း (၁၂၃) အလုပ်အကိုင်များ စီစဉ်ပေးခြင်း
လျူအာကျူး ကုသနိုင်ကြောင်းကို ညွှန်ကြားရေးမှူးလျူ ကြားလိုက်ရသော်လည်း သူသည် အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။
"မင်းဆရာရဲ့ သန်းခေါင်စာရင်း ကိစ္စကို အရင်လုပ်ပေးမယ့်လူ ငါရှာပေးမယ်... ပြီးမှ မင်းဆရာကို ခေါ်လာပြီး တစ်ချက်လောက် ကြည့်ခိုင်းလိုက်ပါလား..."
ထိုအခါ လျူအာကျူးက ချက်ချင်းပင် နားလည်သွားလေသည်။ ယခင်တစ်ခေါက်က သူ ဆေးပညာ တတ်ကျွမ်းကြောင်း ကြားလိုက်ရချိန်တွင် ညွှန်ကြားရေးမှူးလျူသည် သူ့အား တစ်ခုခုအကူအညီတောင်းချင်သော်လည်း တုံ့ဆိုင်းနေခဲ့ခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။
ယခုလည်း သူ့ကို ရောဂါကုသပေးရန် တောင်းဆိုနေသော်လည်း သူ၏ဆရာကိုပါ ခေါ်လာရန် ပြောနေခြင်းဖြစ်၏။ တကယ်တမ်း၌ ညွှန်ကြားရေးမှူးလျူက သူ့ကို မယုံကြည်ခြင်းသာ ဖြစ်သည်။
ဖျားနာနေသူမှာ သူမဟုတ်သောကြောင့် လျူအာကျူးသည် စကားများများမပြောတော့ပေ။
"ကောင်းပါပြီ... ဒါဆိုရင် ကျွန်တော် ရွာကိုအရင်ပြန်ပြီး ဆရာ့အတွက် ထောက်ခံစာ သွားလုပ်လိုက်ပါဦးမယ်..."
ညွှန်ကြားရေးမှူးလျူသည်လည်း သူ၏ အပြုအမူမှာ အနည်းငယ် မသင့်တော်ကြောင်း သိရှိသွားကာ အနေခက်စွာဖြင့် ပြောလိုက်သည်။
"မင်းကို မယုံလို့တော့ မဟုတ်ပါဘူး...
ဒါပေမဲ့..."
"ကျွန်တော် နားလည်ပါတယ်... ဆရာဝန်တွေက တစ်ယောက်နဲ့တစ်ယောက် အားသာချက်တွေ ကိုယ်စီရှိကြတာပဲလေ... တစ်ခါတလေ ဆရာဝန် အများကြီးကို လိုက်ရှာတာက ပစ္စည်းဝယ်တဲ့အခါ ဈေးနှုန်းနှိုင်းယှဉ်သလိုမျိုး မှန်ကန်တဲ့ လုပ်ရပ်ပါ..."
လျူအာကျူးသည် ထိုကိစ္စကို စိတ်ထဲ၌ လုံးဝမထားခဲ့ပေ။
သူ့နေရာတွင်သာဆိုလျှင်လည်း ဆေးပညာတတ်ကျွမ်းသည်ဟု ဆိုလာသော လူငယ်တစ်ယောက်ကို တွေ့ရပါက အနည်းငယ် စိုးရိမ်မိမည်သာ ဖြစ်သည်။
နောင်ခေတ်များရှိ ရုပ်မြင်သံကြားစက်များတွင် ပြသသော လိမ်လည်သည့် ဆေးကြော်ငြာများပင်လျှင် သာမန်လူများသည် အသက်ကြီးသူများကို အထူးယုံကြည်တတ်ကြောင်း သိထားကြသောကြောင့် လူအိုများကို ဆရာဝန်အဖြစ် ဟန်ဆောင်ကာ လိမ်လည်လေ့ရှိကြသည်။
လျူအာကျူး တကယ် ဒေါသမထွက်ကြောင်း မြင်လိုက်ရမှသာ ညွှန်ကြားရေးမှူးလျူသည် သက်ပြင်းချနိုင်သွားပြီး သူ့ကို ရုံးခန်းအပြင်သို့ အမြန်ခေါ်ဆောင်သွားသည်။
"လီရှန့်ရန်... ကျူးဇီဆရာရဲ့ သန်းခေါင်စာရင်းကို ပြောင်းပေးလိုက်... ပြီးရင် ရပ်ကွက်ရုံးကို သွားပြီး ရိက္ခာမှတ်တမ်းစာအုပ် သွားလုပ်ပေးလိုက်ဦး... ထောက်ခံစာကိုတော့ နောက်မှ ကျူးဇီကို ယူလာခိုင်းလိုက်... အမြန်ဆုံး သွားလုပ်လိုက်စမ်း..."
ညွှန်ကြားရေးမှူးလျူက အမိန့်ပေးလိုက်သည်။
လျူအာကျူးမှာ အနည်းငယ် အားနာသွားမိသည်။ သူသည် လီရှန့်ရန်ကို သူ၏ဆရာအမည်အား ပြောပြပြီးနောက် ကျုံးဟွာ စီးကရက်တစ်ဘူးကို ထိုးပေးလိုက်သည်။
"အစ်ကိုလီ... ဒါလေး ယူသောက်လိုက်ပါဦး..."
လီရှန့်ရန်သည် စီးကရက်တစ်လိပ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ နားရွက်ကြားတွင် ညှပ်လိုက်သည်။
"ညီအစ်ကိုတွေကြားမှာ ဘာတွေပြောနေတာလဲ... ဒါတွေက ကိစ္စသေးသေးလေးတွေပါ..."
ထိုသို့ပြောပြီးနောက် သူသည် သန်းခေါင်စာရင်းရဲအရာရှိထံသို့ ပြေးသွားကာ အလုပ်များနေတော့သည်။
လျူအာကျူးသည် ကျုံးဟွာစီးကရက်ဘူးကို ထပ်ပေးလိုက်ပြန်သည်။
"နောက်ပိုင်းလည်း အစ်ကို့ကို အကူအညီတောင်းစရာတွေ ရှိသေးတယ်... ရက်အနည်းငယ်နေရင် ခရိုင်မြို့က ပရိဘောဂစက်ရုံမှာ အစ်ကိုကြီးကို အလုပ်သွင်းပေးဖို့ ရှိတယ်... နောက်ပြီး မရီးကလည်း ကုန်တိုက်ကို သွားရမှာဆိုတော့ သူတို့ရဲ့ သန်းခေါင်စာရင်းတွေအတွက် အစ်ကို့အကူအညီ လိုအပ်လိမ့်မယ်..."
"မင်းရဲ့မရီးက ကုန်တိုက်ကို သွားမှာလား..."
လီရှန့်ရန်၏ မျက်လုံးများမှာ အရောင်လက်သွားသည်။
"ဒါဆိုရင် မင်းရဲ့ပစ္စည်းတွေကို ငါ လုံးဝယူလို့မဖြစ်တော့ဘူး... နောက်ပိုင်း ပစ္စည်းဝယ်တဲ့အခါ မင်းရဲ့မရီးကို အကူအညီတောင်းရဦးမှာ..."
ညွှန်ကြားရေးမှူးလျူသည်လည်း အလွန်အံ့သြသွား၏။
"ကျူးဇီ... မင်းပြောတာ တကယ်လား... ကုန်တိုက်ဆိုတာ အဆက်အသွယ်ရှိတဲ့သူတွေနဲ့ အပြည့်ပဲလေ... ငါတောင် ငါ့တူမကို အလုပ်သွင်းပေးဖို့ အဆက်အသွယ်ရှာတာ မရခဲ့ဘူး... မင်းက ဘယ်လိုလုပ်လိုက်တာလဲ..."
"ကုန်တိုက်မန်နေဂျာကို ကျွန်တော် သိတယ်လေ... သူ့ကို ဦးလေးလို့ ခေါ်တယ်..."
လျူအာကျူးက ရှင်းပြလိုက်သည်။
"ဘုရားရေ... မင်းမှာ တစ်ကမ္ဘာလုံးက ဦးလေးတွေ ရှိနေတာပဲ..."
ညွှန်ကြားရေးမှူးလျူသည် ရယ်ချင်သွားသော်လည်း သူ ဘာကြောင့် ရယ်ချင်နေရသနည်းဟု ပြန်တွေးမိသွားသည်။ ထိုအရာများအားလုံးမှာ ဤကောင်လေး၏ အဆက်အသွယ်များပင် ဖြစ်သည်။
ရဲစခန်း၏ ညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်သော်လည်း သူသည် ဤကောင်လေးလောက်ပင် အရည်အချင်းမရှိပေ။
"ဒါနဲ့... မင်းက တကယ့်ကို စီစဉ်တတ်တာပဲ... ပထမက မင်းဆရာရဲ့ မိသားစု... နောက်တော့ မင်းရဲ့မိသားစု... တစ်ရွာလုံးကို မြို့ထဲခေါ်လာမှာတော့ မဟုတ်ပါဘူးနော်... ရွာထဲက လမ်းဘေးခွေးတွေကိုတောင် ရဲခွေးအဖြစ် ခေါ်လာဦးမယ် ထင်တယ်..."
ညွှန်ကြားရေးမှူးလျူက မနေနိုင်ဘဲ နောက်ပြောင်လိုက်သည်။
တကယ်တမ်း၌ လျူအာကျူးသည်လည်း ထိုသို့တွေးထားပြီးဖြစ်ရာ ဖုံးကွယ်မထားခဲ့ပေ။
"အလုပ်ကောင်းတွေရှိရင်တော့ ကျွန်တော် အရင်ဦးဆုံး ယူရမှာပေါ့... မဟုတ်ရင် နောက်ကျသွားတဲ့အခါ တခြားသူတွေ ယူသွားလို့ ကျွန်တော်တို့အတွက် ကျန်တော့မှာမဟုတ်ဘူး..."
နှစ်အနည်းငယ်ကြာလျှင် ကျောင်းသားအများအပြား ဘွဲ့ရပြီး လူကြီးများဖြစ်လာသောအခါ အလုပ်အကိုင်များ စီစဉ်ပေးရမည့်အချိန် ရောက်လာပေမည်။ ထိုအခါ လူအများအပြား ရှိနေသည်ကို တွေ့ရမည်ဖြစ်ပြီး ပြည်တွင်းစက်မှုလုပ်ငန်းများမှာ လူဦးရေတိုးတက်မှုကို အမီမလိုက်နိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ လုံလောက်မည်မဟုတ်ပေ။
နိုင်ငံပိုင်ဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများတွင် လူတစ်ယောက်သာ လိုအပ်သော နေရာအတွက် လူသုံးယောက်ခန့် ခန့်အပ်ပြီး သုံးယောက်လိုအပ်သော နေရာအတွက် လူငါးယောက်ခန့် ခန့်အပ်ရသည်အထိ ဖြစ်လာပေလိမ့်မည်။ ထိုသို့ဖြစ်လင့်ကစား လုံလောက်မှု မရှိသေးသောကြောင့် ပညာတတ်လူငယ်များကို ကျေးလက်ဒေသသို့ စေလွှတ်ရခြင်းဖြစ်သည်။
မြို့ပြက သူတို့ကို မထောက်ပံ့နိုင်ပါက တောင်သူလယ်သမားများက ထောက်ပံ့ပေးကြလိမ့်မည်။ ထို့ကြောင့် သူတို့ကို တောင်သူလယ်သမား အဘိုးကြီးများဟု ခေါ်ဆိုကြခြင်းမှာ အံ့သြစရာမဟုတ်ပေ။
ပညာတတ်လူငယ်များ ကျေးလက်သို့ သွားရောက်သည့် လှုပ်ရှားမှုကို လျူအာကျူး မထိန်းချုပ်နိုင်သော်လည်း သူ၏ဆွေမျိုးများနှင့် သူငယ်ချင်းများ ငတ်မသေစေရန် ရနိုင်သောရာထူးများကို အရင်ရယူထားရန် သူ တွေးထားသည်။
'မိသားစုကို ထိန်းကျောင်းပါ၊ နိုင်ငံတော်ကို အုပ်ချုပ်ပါ၊ ပြီးလျှင် ကမ္ဘာလောကကို ငြိမ်းချမ်းစေပါ' ဟူသော ရှေးစကားပုံအတိုင်း မိမိ၏မိသားစုကိုပင် ဂရုမစိုက်နိုင်ပါက အခြားအဓိပ္ပာယ်မရှိသော စကားများပြောနေ၍ ဘာအကျိုးရှိမည်နည်း။
ညွှန်ကြားရေးမှူးလျူသည်လည်း အလွန်သဘောတူမိသော်လည်း သူ၏ ရာထူးအဆင့်အတန်းအရ ထိုအကြောင်းကို ထုတ်ပြောရန် မလွယ်ကူပေ။ သူက လျူအာကျူး၏ ပခုံးကိုသာ ပုတ်ပေးလိုက်နိုင်သည်။
"ငါ့တူမက တော်တော်လေး လှတယ်... ဒီနေ့ည အတူတူ ညစာစားရင်း မင်း သူ့ကို တွေ့ကြည့်ပါလား..."
"..."
*နေပါဦး.. စကားပြောနေရင်းနဲ့ ဘယ်လိုလုပ်ပြီး ကြင်ဖက်တွေ့ဆုံခြင်း အဖြစ် ပြောင်းသွားရတာလဲ..*
လျူအာကျူးက အမြန်ပင် ငြင်းဆန်လိုက်ရသည်။
"အင်း... ကျွန်တော့်ဆရာကို အရင်သွားခေါ်လိုက်ပါဦးမယ်..."
သူ စက်ဘီးကို အမြန်နင်း၍ ထွက်သွားသည်ကို ကြည့်ကာ ညွှန်ကြားရေးမှူးလျူသည် မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"မင်း တကယ်ပဲ ထွက်ပြေးနိုင်လို့လား ကောင်လေး... အဆုံးကျရင် ထောက်ခံစာ ယူလာပေးရမှာပဲ မဟုတ်လား..."
ထိုသို့ပြောပြီးနောက် ညွှန်ကြားရေးမှူးလျူသည်လည်း သူ၏စက်ဘီးပေါ်သို့ တက်ကာ ညီမဖြစ်သူ၏အိမ်သို့ တိုက်ရိုက်သွားပြီး သူ၏တူမကို လှပအောင် ပြင်ဆင်ထားရန် ပြောလေတော့သည်။
အရာရာတိုင်းတွင် ကောင်းမွန်သောအရာများ ရှိလာပါက သူတို့၏တူမများကို ချက်ချင်း သတိရတတ်သောကြောင့် မိခင်ဘက်မှ ဦးလေးဟု ခေါ်ဆိုကြခြင်းမှာ အံ့သြစရာမဟုတ်ပေ။
လျူအာကျူးသည် သူ၏ရွာဘက်သို့ စက်ဘီးစီး၍ ထွက်လာခဲ့သည်။
လျူကျေးရွာသို့ ဝင်ရောက်လာပြီးနောက် လျူအာကျူးသည် တာ့ရွှယ်ထို၏အိမ်သို့ အရင်သွားခဲ့သည်။ အိမ်ထဲသို့ ဝင်သွားပြီးနောက် စွန်းလျူက သူ၏ဆရာကတော်အတွက် အလုပ်လုပ်ပေးနေသည်ကို မြင်လိုက်ရသည်။
ဆရာကတော်သည် အိမ်၌ စောင်များကို ချုပ်လုပ်နေလေသည်။
တာ့ရွှယ်ထိုသည်လည်း ဆေးပင်များနှင့် အလုပ်များနေ၏။ လျူအာကျူး ရောက်လာသည်ကို မြင်သောအခါ သူက နှုတ်ဆက်လိုက်သည်။
"ကျူးဇီ... ဆေးပင်တွေ အသင့်ဖြစ်နေပြီ... မင်း ဆေးစဖော်လို့ရပြီ..."
"ဆရာ... ကျွန်တော် ဆရာ့ကို ပြောစရာတစ်ခုရှိတယ်... ထုတ်လုပ်ရေးအဖွဲ့ရုံးကို သွားရအောင်... လမ်းလျှောက်ရင်း ပြောကြတာပေါ့..."
လျူအာကျူးက တံခါးဝမှပင် အော်ပြောလိုက်သည်။
သူ၏ အရေးတကြီးဖြစ်နေပုံကို မြင်သောအခါ တာ့ရွှယ်ထိုသည် များများစားစား မတွေးတော့ပေ။ သူသည် ချွေးမဖြစ်သူ စွန်းလျူကို အနည်းငယ် မှာကြားပြီးနောက် တံခါးအပြင်သို့ အမြန်လျှောက်ထွက်လာခဲ့သည်။
"ကျူးဇီ... ဘာဖြစ်လို့လဲ... ဆေးတွေ ပြဿနာတစ်ခုခုဖြစ်လို့လား... ဒါမှမဟုတ်
မှောင်ခိုဈေးကွက်မှာ အဖမ်းခံရလို့လား..."
တာ့ရွှယ်ထိုမှာ အနည်းငယ် စိုးရိမ်နေလေသည်။
"ဆေးနဲ့ပတ်သက်ရင် ငါ့အပေါ် အပြစ်ပုံချလိုက်လို့ရတယ်... မှောင်ခိုဈေးကွက်ကိစ္စကတော့ သိပ်မဆိုးလောက်ပါဘူး... လျူဟိုင်ကို မင်းအတွက် ကူပြောပေးခိုင်းရင် ငါတို့ ပြဿနာကို ဖြေရှင်းလို့ ရလောက်ပါတယ်..."
လျူအာကျူးမှာ စကားပြောရခက်သွားသည်။
"ဆရာ့မျက်လုံးထဲမှာ ကျွန်တော်က အဲဒီလောက်တောင် ယုံကြည်ရခက်နေတာလား... ဆရာ့ကို လာရှာတာ ကျွန်တော် အမှားတစ်ခုခု လုပ်မိလို့ပဲ ဖြစ်ရမှာလား..."
တာ့ရွှယ်ထိုက အလေးအနက်ထား၍ ပြောလိုက်သည်။
"မင်းက ပုံမှန်ဆို ယုံကြည်ရလို့ပဲ ရုတ်တရက်ကြီး အရေးတကြီးဖြစ်နေတဲ့အခါ ငါ စိတ်ပူသွားတာလေ..."
လျူအာကျူးလည်း ပြုံးလိုက်၏။
"အဲဒီရှင်းပြချက်ကို ကျွန်တော် သဘောကျတယ်... ဒါပေမဲ့ ဆိုးရွားတဲ့ကိစ္စ မဟုတ်ပါဘူး... တကယ်တော့ သတင်းကောင်းပါ... ဆရာ... ခရိုင်ဆေးရုံမှာ ဆရာ့အတွက် ထောက်ပံ့ရေးအလုပ်တစ်ခု ရထားတယ်... ကန်တင်းကို တာဝန်ယူရမှာ... အလုပ်စဝင်ပြီးရင် လစာက ၃၅ ယွမ် ရလိမ့်မယ်..."
တာ့ရွှယ်ထိုသည် စက်ဘီးနောက်ခုံမှ ရုတ်တရက် ခုန်ဆင်းလိုက်မိသည်။
"ဘာ... မင်း ဘာပြောလိုက်တာလဲ..."
လျူအာကျူးမှာ အလန့်တကြားဖြစ်သွားပြီး ဘရိတ်ကို အမြန်ဆွဲလိုက်သည်။
"ဆရာရယ်... ကျွန်တော်တော့ လန့်သေတော့မှာပဲ... ဒီအသက်အရွယ်ကြီးနဲ့ ဘာလို့ ခုန်ဆင်းရတာလဲ..."
"မင်းဆရာ အသက်ကြီးပြီဆိုတာ မင်းသိသားပဲ... အဲဒီလို နောက်ပြောင်တာတွေ မလုပ်စမ်းပါနဲ့..."
တာ့ရွှယ်ထိုက လျူအာကျူးကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။
"ကိုယ့်ဆရာကို ဘယ်လိုလုပ် နောက်ပြောင်ရမှာလဲ... တကယ်ပြောနေတာပေါ့..."
လျူအာကျူးက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"မူလက ဆရာ့အတွက် ဆရာဝန်ရာထူးရအောင် လုပ်ပေးမလို့ပဲ... ဒါပေမဲ့ ဆရာဝန်ရာထူးတွေက ရဖို့ခက်တယ်... နောက်ပြီး ကျွန်တော်ရှိနေတော့ ထောက်ပံ့ရေးအလုပ်အတွက် ဆရာစိတ်ပူစရာမလိုဘူးလေ... ပြီးတော့ ရာထူးက ခံစားခွင့်တွေ အများကြီးရှိတယ်... ဒါကြောင့် ဆရာ့အတွက် ကျွန်တော့်သဘောနဲ့ကျွန်တော် ဆုံးဖြတ်လိုက်တာ... အဲဒီအတွက် စိတ်မခုပါနဲ့..."
တာ့ရွှယ်ထိုက ခါးသီးစွာ ပြုံးလိုက်မိသည်။
"ငါက စိတ်ခုရမှာလား... အဲဒီလိုလုပ်ဖို့ ငါ့မှာ အခွင့်အရေးရောရှိလို့လား... အဲဒါ ခရိုင်မြို့က တရားဝင်အလုပ်ကြီးလေ... တစ်လကို ယွမ်သုံးဆယ်ကျော်တောင်ရမှာ... တစ်နှစ်လုံးနေလို့တောင် အဲဒီလောက် မရှာနိုင်ဘူး... ပြီးတော့ အပိုခံစားခွင့်တွေလည်း ရှိသေးတယ်ဆိုတော့ လူအများကြီး အိပ်မက်မက်နေပေမဲ့ မရနိုင်တဲ့အရာပဲ..."
"ဒါပေမဲ့ ကျူးဇီ... ငါ အလုပ်ကို လက်မခံနိုင်ဘူး... ငါက အသက်အတော်ကြီးနေပြီကို ဘာလို့ အလုပ်လုပ်နေရဦးမှာလဲ... မင်းပဲ သွားလုပ်သင့်တယ်... ဒါမှမဟုတ် မင်းရဲ့အစ်ကိုကြီးကိုတောင် ပေးလိုက်လို့ရတာပဲ..."
လျူအာကျူးက စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"အစ်ကိုကြီးကို ပရိဘောဂစက်ရုံမှာ အလုပ်သမားအဖြစ် ဝင်လုပ်ဖို့ စီစဉ်ထားတယ်... အလုပ်သမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် ကျွန်တော်တို့ မိသားစုရဲ့ မြေရှင်ကြီးဆိုတဲ့ အဆင့်အတန်းကို ဘယ်သူမှ ထပ်ပြောကြတော့မှာ မဟုတ်ဘူး..."
"ကုန်တိုက်က ဌာနမှူးအလုပ်ကိုလည်း မရီးအတွက် ဖယ်ထားတယ်... အဲဒီအလုပ်က ဆရာ့အလုပ်ထက်တောင် ခံစားခွင့် ပိုများသေးတယ်... စိတ်မပူပါနဲ့..."
တာ့ရွှယ်ထိုသည် လျူအာကျူးကို သေချာစွာ စိုက်ကြည့်နေမိသည်။ သူသည် တည်တည်ငြိမ်ငြိမ်ရှိနေပြီး လိမ်ပြောနေပုံမပေါ်ကြောင်း မြင်လိုက်ရသောအခါ သူ၏စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသော်လည်း အိမ်ဘက်သို့ လှည့်ကာ ပြန်လျှောက်သွားလိုက်သည်။
"ငါ မသွားချင်ဘူး... အဲဒီအလုပ်ကို မင်းဘာသာမင်းပဲ သွားလုပ်လိုက်ပါ..."