← Chapters

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း ၁၂၄

Vol. 13 Ch. 124

အခန်း (၁၂၄) အလုပ်မဝင်ခင် ရာထူးတိုးသွားခြင်း

"ဆရာ... ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့... ရဲစခန်းက ဆရာ့ရဲ့ သန်းခေါင်စာရင်းကို ပြောင်းရွှေ့ပြီးသွားပြီ... ဆရာသာ အလုပ်မသွားရင် အလုပ်ရမှတ်တွေတောင် ရတော့မှာ မဟုတ်ဘူး..."

လျူအာကျူးက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလေသည်။

တာ့ရွှယ်ထိုက လုံးဝ မယုံကြည်ပေ။

"ငါ ထောက်ခံစာတောင် မပို့ရသေးဘူး... သူတို့က ဘယ်လိုလုပ်ပြီး ငါ့သန်းခေါင်စာရင်းကို ပြောင်းရွှေ့နိုင်မှာလဲ... မင်းက မင်းဆရာကို ငတုံးလို့ ထင်နေတာလား..."

"ဒါဆိုရင် ဆရာက ဆရာ့ရဲ့ ပညာသင်တပည့်ကို တကယ် အထင်သေးနေတာပဲ... ရဲစခန်းမှာရှိတဲ့ ကျွန်တော့်ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် ဆရာ့ရဲ့ သန်းခေါင်စာရင်း ပြောင်းရွှေ့ပေးဖို့က ဘာခက်ခဲမှာလဲ..."

"ဒါ့အပြင် အခု ကျွန်တော်က ဆရာ့ကို ထောက်ခံစာ သွားယူပေးမလို့ မဟုတ်ဘူးလား... အဲဒါကို နောက်မှ တင်လိုက်လို့ ရတာပဲ..."

"ပြီးတော့ မငြင်းပါနဲ့... ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဆရာမပါဘဲနဲ့လည်း အဲဒီထောက်ခံစာကို ကျွန်တော် ယူနိုင်တယ်... ရဲစခန်းကို ပို့လိုက်တာနဲ့ ဆရာက ရွာသား မဟုတ်တော့ဘူး... ဆရာ အလုပ်ရမှတ်တွေ လိုချင်ရင်တောင် ရမှာမဟုတ်တော့ဘဲ လေကိုပဲ ထိုင်စားနေရလိမ့်မယ်..."

လျူအာကျူးက ခြိမ်းခြောက်လိုက်လေသည်။

"..."

တာ့ရွှယ်ထိုသည် လျူအာကျူးကို ကြောင်တောင်တောင်ဖြင့်ကြည့်ကာ စကားစမရ ဖြစ်သွားသည်။

ဤဖြောင့်မတ်သော ပညာသင်တပည့်သည် ထိုကဲ့သို့သောအရာကို တကယ်လုပ်နိုင်မည်ဟု သူ ယုံကြည်လေသည်။

သို့သော် တာ့ရွှယ်ထို၏ မျက်လုံးများ အနည်းငယ် နီရဲလာပြီး တုန်ယင်သော အသံဖြင့် ပြောလိုက်၏။

"ကျူးဇီ... ပညာသင်တပည့်က ဆရာ့အတွက် ဘယ်လိုလုပ် အလုပ်ရှာပေးနိုင်မှာလဲ... ပြီးတော့ ဆရာက မင်းကို ကောင်းတာ ဘာတစ်ခုမှ မပေးခဲ့ဖူးဘူးလေ..."

"ဘယ်လိုလုပ် မပေးဖူးရမှာလဲ... ဆရာ့မိသားစုရဲ့ အမွေအနှစ်သာ မရှိရင် ကျွန်တော်က အရွတ်သန်မာ အရိုးခိုင်မာဆေးကို ဖော်စပ်ဖို့ ဘယ်ကနေ သင်ယူနိုင်မှာလဲ... ပြီးတော့ လူကြီးပိုင်းတွေ အများကြီးနဲ့ ကျွန်တော် ဘယ်လိုလုပ် တွေ့ဆုံနိုင်မှာလဲ..."

"ကျွန်တော်ပေးတဲ့ ဆေးလုံးတွေကရတဲ့ အမြတ်ငွေတွေကို ဆရာက မယူဘူးဆိုတော့ ဆရာ့အတွက် အလုပ်တစ်ခု ရှာပေးတာက သိပ်မလွန်ပါဘူး..."

"ဒါ့အပြင် ဆရာ့ကိုယ်ဆရာ မတွေးရင်တောင်မှ လီလီနဲ့ လဲ့လဲ့တို့အတွက် ဆရာ တွေးပေးရမယ်..."

"ဆရာက အသက်ကြီးလာပြီ... ဆရာသာ ငွေတချို့ ချန်မထားခဲ့ရင် သူတို့နှစ်ယောက် ရှေ့ဆက် ဘယ်လို အသက်ရှင်ကြမလဲ..."

"ကျွန်တော့်အစ်ကို ရွှမ်းဇီကိုပဲ သူ့ကလေးတွေကိုရော သူ့ညီလေးကိုပါ ပြုစုပျိုးထောင်ခိုင်းတော့မလို့လား..."

"မရီးက သူတော်စင်တစ်ယောက် ဖြစ်နေရင်တောင် အဲဒီလို ဒုက္ခမျိုး မခံစားသင့်ဘူး မဟုတ်လား..."

"ဒါမှမဟုတ် ကျွန်တော့်ကို ပြုစုပျိုးထောင်စေချင်တာလား... ကျွန်တော်က အရမ်းပျင်းတာ... ဆရာ့ကလေးတွေကို ကျွန်တော် ပြုစုပျိုးထောင်ပေးမှာ မဟုတ်ဘူး... ဟီးဟီး..."

လျူအာကျူး၏ စကားများကြောင့် တာ့ရွှယ်ထိုမှာ ငြင်းဆန်နိုင်ခြင်း မရှိတော့ဘဲ သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာလေသည်။

လျူအာကျူး၏ နောက်ဆုံးစကားမှာ သူ့ကို နှစ်သိမ့်ရန်ဖြစ်ပြီး မြို့တွင် သူ့ကို အလုပ်လုပ်စေရန် ရည်ရွယ်ချက်ဖြင့် ပြောခြင်းဖြစ်ကြောင်း သူ သိပေသည်။

သို့သော် ဤသည်မှာ မြို့သို့သွားရုံသက်သက်ကဲ့သို့ မရိုးရှင်းပေ။ လျူအာကျူးသည် သူနှင့် သူ၏ ကလေးနှစ်ယောက် အသက်ရှင်ရပ်တည်နိုင်ရန် နည်းလမ်းရှာပေးနေခြင်းဖြစ်သည်။

အနာဂတ်တွင် လဲ့လဲ့သည် သူ၏ နေရာကိုပင် ဆက်ခံနိုင်ပြီး သူ ဘယ်သောအခါမှ ဆာလောင်မွတ်သိပ်မည် မဟုတ်ကြောင်း သေချာစေလေသည်။

သူတို့၏ အခြေအနေများသာ မသင့်တော်မှု မရှိခဲ့လျှင် တာ့ရွှယ်ထိုသည် လျူအာကျူးကို သုံးကြိမ်ပျပ်ဝပ်ပြီး ကိုးကြိမ်ခေါင်းချကာ အရိုအသေပေးခြင်းမှာ လွန်ကဲမည်မဟုတ်ဟု ခံစားမိသည်။

သူ၏ဆရာမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်ကို မြင်သောအခါ လျူအာကျူးက သူ့ကို စဉ်းစားရန် အချိန်သိပ်မပေးတော့ပေ။

"ဆရာ... ကျွန်တော့်ကို ဘယ်လိုပဲ ကျေးဇူးတင်ချင်နေပါစေ အရင်ဆုံး အလုပ်ကိစ္စကို ရှင်းကြရအောင်... ရဲစခန်းက သန်းခေါင်စာရင်းကို ကိုင်တွယ်ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ မြန်မြန်သွားပြီး ထောက်ခံစာ ပို့ရမယ်... ကျွန်တော့်ကို အခက်မတွေ့စေပါနဲ့..."

"ကောင်းပြီ... ကောင်းပြီ..."

တာ့ရွှယ်ထိုသည် ယာဉ်ပေါ်သို့ ပြန်တက်ကာ ထုတ်လုပ်ရေးအဖွဲ့ရုံးသို့ လိုက်ပါသွားပြီး လမ်းတစ်လျှောက်လုံး မျက်ရည်များကို သုတ်နေလေသည်။

ရွာသားများက ဤသည်ကို မြင်သောအခါ ဘာတွေဖြစ်နေသလဲဟု တွေးကာ အားလုံး အနည်းငယ် နားမလည်နိုင် ဖြစ်သွားကြသည်။

ထိုစပ်စုတတ်သူများသည် ဘာဖြစ်နေသည်ကို ကြည့်ရန် တပ်မဟာရုံးချုပ်အထိ လိုက်သွားကြ၏။

တပ်မဟာရုံးချုပ်သို့ မဝင်မီ တာ့ရွှယ်ထိုသည် ရုတ်တရက် စိုးရိမ်စိတ်ဝင်လာပြီး မေးလိုက်သည်။

"လျူဟိုင်က ငါ့ကို မသွားခိုင်းချင်ရင် ဘယ်လိုလုပ်မလဲ..."

လျူကျေးရွာ၏ ယခင် ဆရာဝန်တစ်ဦးအနေဖြင့် တာ့ရွှယ်ထိုသည် လူများစွာကို ကယ်တင်ခဲ့ပြီး ပတ်ဝန်းကျင် ကျေးရွာအားလုံးမှ လူများသည် သူ့ထံတွင် ဆေးလာကုကြသည်။ လျူဟိုင်က သူ့ကို မလွှတ်ချင်ခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။

လျူအာကျူးသည်လည်း အနည်းငယ် စိုးရိမ်နေပြီး အကယ်၍ အားလုံး အဆင်မပြေပါက တပ်မဟာရုံးချုပ်ကို အသားများများပေးကာ ရွာအတွက် အချို့သောအရာများကို လုပ်ဆောင်ပေးပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးနိုင်မည့် ရွေးချယ်မှုကို ချိန်ဆနေမိသည်။

မည်သို့ပင်ဆိုစေကာမူ သူ့ဆရာကို စေလွှတ်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက အနာဂတ်တွင် ထိုသို့သော လူကောင်းတစ်ယောက် ကွယ်လွန်သွားပါက လျူအာကျူးသည် အလွန်ဆိုးရွားစွာ ခံစားရမည် ဖြစ်သည်။

တပ်မဟာရုံးချုပ်သို့ ရောက်ပြီးနောက် လျူအာကျူးက လျူဟိုင်ကို အခြေအနေများအကြောင်း ပြောပြလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဤသည်ကို ကြားသောအခါ လျူဟိုင်သည် လျူအာကျူးကို အနည်းငယ် စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။

"မင်းဆရာက မြို့မှာ အလုပ်သွားလုပ်တော့မလို့လား... ဒါဆိုရင် ငါတို့ရွာမှာ ဆရာဝန် မရှိတော့ဘူးပေါ့..."

"ကျွန်တော်က မထွက်သွားပါဘူး..."

လျူအာကျူးက အလျင်အမြန် ပြောလိုက်သည်။

"ဪ... ဒါဆိုရင်လည်း ရပါတယ်..."

လျူဟိုင်က ထောက်ခံစာကို အလွယ်တကူ ထုတ်ပေးလိုက်လေသည်။

သူသည် တာ့ရွှယ်ထို ထွက်သွားမည်ကို မကြောက်ပေ။ လျူအာကျူးပါ ထွက်သွားမည်ကိုသာ ကြောက်ရွံ့ခြင်း ဖြစ်လေသည်။ ဤပါရမီရှင်သာ ထွက်သွားပါက ရွာအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။

လျူဟိုင်က ထောက်ခံစာကို အလွယ်တကူ ထုတ်ပေးလိုက်သည်ကို ကြည့်ရင်း တာ့ရွှယ်ထိုမှာ လုံးလုံးလျားလျား ရှက်ရွံ့မှုကို မအောင့်အည်းနိုင်တော့ပေ။

သူက ရွာထဲတွင် သူ့ကိုယ်သူ အရမ်းအရေးပါသည်ဟု ထင်ခဲ့မိသည်။

လျူဟိုင်သည် လျူအာကျူးကိုသာ ဂရုစိုက်ပြီး သူ့ကို လုံးဝ ဂရုမစိုက်ကြောင်း သူ မထင်မှတ်ထားခဲ့ပေ။

ထောက်ခံစာ အဆင်သင့်ဖြစ်သွားသောအခါ…

လျူအာကျူးသည် ၎င်းကို သေချာစွာ သိမ်းဆည်းလိုက်ပြီးနောက် သူ၏ဆရာကို တပ်မဟာရုံးချုပ်မှ အလျင်အမြန် ခေါ်ဆောင်လာကာ ခရိုင်မြို့သို့ တိုက်ရိုက် ထွက်ခွာသွားလေသည်။

လုပ်ငန်းစဉ် တစ်ခုလုံးတွင် တာ့ရွှယ်ထိုမှာ ကြောင်အမ်းအမ်းနှင့် တွေဝေနေခဲ့ပြီး အထူးသဖြင့် ခရိုင်ရဲစခန်းသို့ ရောက်ပြီးနောက် သူသည် လူတိုင်းကို နှိမ့်ချမှုအပြည့်ဖြင့် အရိုအသေပေးနေခဲ့သည်။

သို့သော် အရှေ့ဂိတ်ရဲစခန်းမှ လူများက သူ့အပေါ်တွင် ပို၍ပင် နှိမ့်ချဆက်ဆံကြသည်။

တာ့ရွှယ်ထိုက "ပင်ပန်းသွားပါပြီ ကျေးဇူးတင်ပါတယ်..." သို့မဟုတ် "ကျေးဇူးတင်ပါတယ် အရာရှိ..." ဟု ပြောတိုင်း တစ်ဖက်လူက ပို၍ ယဉ်ကျေးသော သဘောထားဖြင့် တုံ့ပြန်လေသည်။

အဆုံးတွင် လျူအာကျူးသည် မခံစားနိုင်တော့ဘဲ တာ့ရွှယ်ထိုကို အမြန်ခေါ်ထုတ်သွားတော့သည်။

ရှေးစကားအရ ဆရာနှင့် ပညာသင်တပည့်ဆိုသည်မှာ သားအဖများကဲ့သို့ပင် ဖြစ်သည်။

လျူအာကျူးသည် တာ့ရွှယ်ထိုကို သူ၏ ဖခင်အရင်းကဲ့သို့ တကယ်ပင် ဆက်ဆံခဲ့ပြီး ဦးစွာ သူ့ကို အထည်အလိပ်စက်ရုံသို့ ခေါ်သွားကာ ထို့နောက် ညွှန်ကြားရေးမှူးကျိုးရှိသော ထောက်ပံ့ရေးနှင့်သမဝါယမအသင်းသို့ ခေါ်ဆောင်သွားပြီး သူ၏ အဆက်အသွယ်အားလုံးကို တာ့ရွှယ်ထိုနှင့် မိတ်ဆက်ပေးလေသည်။

ရည်ရွယ်ချက်မှာ တာ့ရွှယ်ထိုတွင် ပြဿနာတစ်စုံတစ်ရာရှိပြီး သူ့ကို ရှာမတွေ့ပါက ဤလူများထံ သွားနိုင်ရန် ဖြစ်သည်။

နောက်ဆုံးတွင် လျူအာကျူးသည် တာ့ရွှယ်ထိုကို ခရိုင်ဆေးရုံသို့ ခေါ်ဆောင်သွားလေသည်။

လွီရှန့်လီက သူတို့နှင့် လိုက်ပါလာပြီး ခရိုင်ဆေးရုံ၏ ဒုတိယဆေးရုံအုပ်က သူတို့ကို ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သည်။

သူတို့ တွေ့ဆုံသည်နှင့် ဒုတိယဆေးရုံအုပ် ရွှီကွမ်ထောင်းက တာ့ရွှယ်ထို၏ လက်ကိုဆွဲခါ၍ လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော်တို့ ခရိုင်ဆေးရုံက ခင်ဗျားလို ပါရမီရှင်မျိုး လိုအပ်နေတာ... နောက်ဆုံးတော့ ခင်ဗျား ကျွန်တော်တို့ဆီ ရောက်လာလို့ ကျွန်တော်တို့ တကယ် ကံကောင်းတာပါပဲ..."

"ကျွန်တော် မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး... အနာဂတ်မှာ ကျွန်တော် ခင်ဗျားဆီကနေ သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်..."

တာ့ရွှယ်ထိုသည် ထူးချွန်သော ဆေးပညာစွမ်းရည်များ ရှိသော်လည်း ခရိုင်ဆေးရုံ၏ ခေါင်းဆောင်တစ်ဦးအပေါ် မွေးရာပါ လေးစားမှုကို ခံစားနေရဆဲဖြစ်ပြီး ဒုတိယဆေးရုံအုပ်ကို နှိမ့်ချစွာဖြင့် အလျင်အမြန် ချီးကျူးလိုက်သည်။

ရွှီကွမ်ထောင်းသည် လွီရှန့်လီအတွက်ကြောင့် တာ့ရွှယ်ထိုအပေါ် ဤမျှယဉ်ကျေးနေခြင်းပင် ဖြစ်သည်။

ထို့ပြင် လွီရှန့်လီက ရွှီကွမ်ထောင်းကို ကတိပေးထားသည်မှာ လျူအာကျူးသည် အစားအစာ အမြောက်အမြား အထူးသဖြင့် အသားများကို ယူဆောင်လာနိုင်သည်ဟူ၍ ဖြစ်သည်။

တာ့ရွှယ်ထိုနှင့် နှုတ်ဆက်စကားများ ပြောဆိုပြီးနောက် ရွှီကွမ်ထောင်းသည် လျူအာကျူးကို ကြည့်ကာ နွေးထွေးစွာ ပြောလိုက်သည်။

"ဒါက ရဲဘော် လျူအာကျူးပဲ ဖြစ်ရမယ်... မင်းက အရမ်းအရည်အချင်းရှိတယ်လို့ ငါ ကြားထားတယ်... နောင်ကို မကြာခဏ လာလည်ရမယ်နော်..."

လျူအာကျူးသည်လည်း ရွှီကွမ်ထောင်းကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

"စိတ်ချပါ ဆေးရုံအုပ်ရွှီ... ဒါက ကျွန်တော့်ရဲ့ ဆရာအရင်းပါ... ကျွန်တော်က သူ့ကို လာကြည့်ဖို့ မကြာခဏ လာမှာပေါ့... ပြီးတော့ ဆရာ့မှာ ခင်ဗျားတို့ ဆေးရုံကို ရောင်းဖို့လိုတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေ အများကြီးရှိတယ်ဆိုတော့ ကျွန်တော် မကြာခဏ မလာဘဲ နေပါ့မလား..."

ဤသို့ပြောပြီးနောက် လျူအာကျူးက အသံကိုနှိမ့်ကာ ကတိပေးလိုက်သည်။

"စိတ်ချပါ ဆေးရုံအုပ်ရွှီ... ခရိုင်ဆေးရုံက အစားအစာတိုင်းအတွက် အသားပါမယ်လို့တော့ ကျွန်တော် အာမမခံနိုင်ဘူး... ဒါပေမဲ့ ဒီနေ့ကစပြီး ခင်ဗျားတို့ မိသားစုရဲ့ အသားထောက်ပံ့မှု ပြတ်တောက်သွားတဲ့နေ့ဆိုတာရှိလာရင် ကျွန်တော့် မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်..."

ဤသည်ကို ကြားသောအခါ ရွှီကွမ်ထောင်းမှာ ပို၍ စိတ်လှုပ်ရှားသွားပြီး ရယ်မောရင်း လျူအာကျူး၏ လက်ကို အားရပါးရ ဆွဲခါလေတော့သည်။

"ရဲဘော်လျူအာကျူးက အရမ်း အရည်အချင်းရှိတယ်လို့ ငါ ကြားထားတာကြာပြီ... အခု ဒီနေ့ မင်းကို မြင်လိုက်ရတော့ တကယ့်ကို လူငယ်ကောင်းတစ်ယောက်ပါပဲ... အခုကစပြီး မင်းဆရာက ငါတို့ ခရိုင်ဆေးရုံရဲ့ ထောက်ပံ့ရေးဌာနမှူး ဖြစ်လာပြီဆိုတော့ ငါတို့ အားလုံးက မိသားစုဝင်တွေ ဖြစ်သွားပြီပေါ့... မင်း မကြာခဏ လာရမယ်နော်..."

လျူအာကျူးမှာ အံ့အားသင့်သွားရသည်။ အလုပ်အကိုင်သက်သေခံကတ်က ကန်တင်းအုပ်ချုပ်ရေးမှူးလို့ ရေးထားတာ မဟုတ်ဘူးလား။

သူက ဘယ်လိုလုပ် ဌာနမှူးဖြစ်သွားတာလဲ။

ခရိုင်ဆေးရုံ၏ ထောက်ပံ့ရေးဌာနမှူးသည် အဆင့်(၁၅) မှ အဆင့်(၁၉) အထိ လစာရရှိသော်လည်း များသောအားဖြင့် ၈၇.၅ ယွမ်ဖြစ်သော အဆင့်(၁၈) ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။

ထိုပမာဏသည် ယွမ်သုံးဆယ်ကျော်ရရှိသော ကန်တင်းအုပ်ချုပ်ရေးမှူး၏ လစာထက် နှစ်ဆကျော် များပြာသသည်။

လျူအာကျူး မည်သို့ သိနိုင်မည်နည်း။ ဒုတိယဆေးရုံအုပ်သည် တာ့ရွှယ်ထို မရောက်လာမီကပင် သူ၏ သန်းခေါင်စာရင်းကို ဖြေရှင်းပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ ရဲစခန်းက ခရိုင်ဆေးရုံသို့ ကိုယ်တိုင်လာရောက်၍ သူ့အတွက် သီးသန့်ခြံဝင်းပါသော အဆောင်တစ်ခု စီစဉ်ပေးရန်ပင် အသိပေးခဲ့သည်။ ထို့ကြောင့် သူသည် လျူအာကျူး၏ စွမ်းဆောင်ရည်ကို ပို၍ပင် ယုံကြည်လာခဲ့ပြီး လျူအာကျူး၏ ကတိစကားနှင့်အတူ သူ့ကို ထိုနေရာတွင်ပင် ရာထူးတိုးပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် လျူအာကျူးသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်းပင် ပြောလိုက်၏။

"သေချာတာပေါ့... ကျွန်တော့်ဆရာကိုကြည့်ဖို့ ခရိုင်မြို့ကို မကြာခဏ လာမှာပါ... ပြီးတော့ ကျွန်တော် အကူအညီတစ်ခု တောင်းစရာ ရှိသေးတယ်... မကြာသေးခင်က လျူကျေးရွာရဲ့ တောင်တွေပေါ်မှာ တောပန်းသီးတွေ အရမ်းများနေလို့ ရွာမှာတောင် အကုန်မထားနိုင်တော့ဘူး... အဲဒါ ခင်ဗျားက အရင်ဆုံး ကျင်းတစ်ရာလောက် ယူပြီး ကူညီပေးရမယ်..."

ဆရာဝန်တစ်ဦးအနေဖြင့် ရွှီကွမ်ထောင်းသည် ပန်းသီး၏ အကျိုးကျေးဇူးများကို အလွန် ကောင်းစွာ သိထားသည်။ ၎င်းတို့မှာ အမှန်တကယ်ပင် ကောင်းမွန်သောအရာများ ဖြစ်သည်။

၎င်းတို့သည် အာဟာရပြည့်ဝပြီး နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ကုသရာတွင် အကျိုးပြုသည့်အပြင် အနည်းငယ်စားရုံဖြင့်ပင် ဆီးချိုရောဂါအတွက်ပသ် အလွန်ကောင်းမွန်သည်။ အများကြီးစားမိပါက လေခံစေနိုင်သော်လည်း ခရိုင်ဆေးရုံသည် များသောအားဖြင့် ဝမ်းချုပ်စေသော ကောက်နှံကြမ်းများနှင့် ကောက်နှံအစားထိုးများကို စားသုံးလေ့ရှိသောကြောင့် ၎င်းတို့သည် ပန်းသီးကဲ့သို့သော အရာများကို အမှန်တကယ် လိုလားတောင့်တကြလေသည်။ ထို့ကြောင့် ရွှီကွမ်ထောင်းမှာ အလွန် ဝမ်းသာသွားသည်။

"ပြဿနာ မရှိပါဘူး... ပြဿနာ မရှိပါဘူး... မင်းနဲ့ မင်းဆရာပဲ ဈေးနှုန်း သတ်မှတ်လိုက်ပါ... တောင်သူလယ်သမားထုကို အရှုံးပေါ်စေမှာတော့ မဟုတ်ပါဘူး..."

All Chapters