အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း (၁၂၈) လိုက်ကာ ဟုတ်လား၊ အဲဒါက ဘာကတ်မျိုးလဲ
လျူအာကျူးသည် ခရိုင်မြို့မှ ထွက်ခွာလာပြီး သူ၏စက်ဘီးကို စီးကာ မှောင်ခိုဈေးကွက်သို့ ဦးစွာ သွားလိုက်သည်။
သူသည် ခွဲတမ်းလက်မှတ်များနှင့် ငွေကြေး ပိုမိုလဲလှယ်ရန် စီစဉ်ထားခြင်း ဖြစ်လေသည်။
မျက်နှာကို ဖုံးအုပ်ထားလျက် မှောင်ခိုဈေးကွက်သို့ ရောက်ရှိပြီးနောက် ဤနေရာတွင် လူပိုများလာသကဲ့သို့ ရှိကြောင်း လျူအာကျူး သတိပြုမိလိုက်သည်။
မှောင်ခိုဈေးကွက် ဖြစ်သော်လည်း လူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေလေပြီ။
သူသည် အနည်းငယ် အံ့သြသွားပြီး မှောင်ခိုဈေးကွက်ထဲသို့ တိုက်ရိုက်ဝင်ရောက်ရန် မဝံ့ရဲဘဲ ဘေးနားမှနေ၍ နားစွင့်နေလေသည်။
ခဏအကြာတွင်တော့ သူ သဘောပေါက်သွားသည်။
ဆောင်းရာသီ နီးကပ်လာပြီဖြစ်ရာ လူများသည် တောဟင်းရွက်ပြုတ် သို့မဟုတ် စားစရာ တစ်စုံတစ်ရာကိုမျှ မရှာဖွေနိုင်ကြတော့သဖြင့် အန္တရာယ်ပြုခံရမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကောက်နှံရိက္ခာများကို အစွမ်းကုန် စုဆောင်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
အစားအစာ ရှာဖွေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြသော အဝတ်အစား စုတ်ပြတ်ကာ ဖြူဖျော့ပိန်လှီနေသည့် ထိုလူများကိုကြည့်ရင်း လျူအာကျူးက တိုးညင်းစွာ သက်ပြင်းချလိုက်မိသည်။
သူသည် မှောင်ခိုဈေးကွက်ထဲသို့ ဝင်လျှောက်သွားသော်လည်း လူအုပ်ကြီး၏ လုယက်ခြင်းကို ခံရမည်စိုးသဖြင့် ကောက်နှံရိက္ခာများဖြင့် ဆိုင်ဖွင့်ရန် မဝံ့ရဲဘဲ ပွဲစားများကိုသာ လိုက်ရှာနေလိုက်သည်။
မကြာမီမှာပင် စစ်သုံးကုတ်အင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို သူ တွေ့လိုက်ရသည်။
ထိုကဲ့သို့သော စစ်သုံးကုတ်အင်္ကျီကို ဝတ်ဆင်နိုင်သူ မည်သူမဆို ကျိန်းသေပေါက် အဆက်အသွယ်ရှိသူဖြစ်ပြီး ထိုလူမှာ ပစ္စတိုတစ်လက်ကိုပင် ကိုင်ဆောင်ထားသေးရာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း ရှင်းလင်းနေသည်။
လျူအာကျူးသည် အနီးသို့ လျှောက်သွားကာ တိုးညင်းသောအသံဖြင့် မေးလိုက်၏။
"ခွဲတမ်းလက်မှတ်တွေရှိလား..."
ထိုအမျိုးသားသည် လျူအာကျူးကို ခေါင်းမှခြေဖျားအထိ အကဲခတ်ကြည့်ရှုလိုက်ပြီး သတိထားကာ ပြောလိုက်သည်။
"ရှိတော့ရှိတယ်... ဒါပေမဲ့ ငါက ကောက်နှံရိက္ခာနဲ့ပဲ လဲတာ..."
လျူအာကျူးသည် သူ၏လွယ်အိတ်ထဲသို့ နှိုက်သကဲ့သို့ ဟန်ဆောင်ကာ ပြောင်းဖူးမှုန့် လက်တစ်ဆုပ်ကို ထုတ်ယူလိုက်လည်။
"ဒါဆိုရင် အဆင်ပြေလား..."
"လာ... တခြားတစ်နေရာ သွားပြောကြမယ်..."
သူ့ထံတွင် ကောက်နှံရိက္ခာများ ရှိနေကြောင်း မြင်လိုက်ရသဖြင့် ထိုအမျိုးသား၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းပင် လင်းလက်သွားပြီး အသက်ရှူသံများ ပြင်းပြလာကာ လျူအာကျူးကို ခေါ်ဆောင်သွားသည်။
ယခုအချိန်တွင် လူတိုင်းအတွက် အချိန်ကာလများမှာ ခက်ခဲကြမ်းတမ်းနေပြီး ကောက်နှံရိက္ခာရှိသူတိုင်းသည် ဘုရင်ပင် ဖြစ်၏။
မဟုတ်သေးပေ ဖခင်အရင်းထက်ပင် ပို၍ ရင်းနှီးသေးတော့သည်။
"ခဏနေဦး... ခင်ဗျား ဘယ်လောက်အထိ ယူနိုင်လဲဆိုတာ အရင်ပြော..."
လျူအာကျူးသည် ထိုအမျိုးသား၏နောက်သို့ မလိုက်ဘဲ ဩရှသောအသံဖြင့် မေးလိုက်သည်။
ထိုအမျိုးသားမှာ ပို၍ပင် ဝမ်းသာသွားသည်။ ဤသည်မှာ ပမာဏအများကြီး ရှိနေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
သူသည် ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်ပြီးနောက် အသံကို နှိမ့်ချလိုက်သည်။
"ငါ့ဆီမှာ ကောက်နှံ ၅၀ ကျင်း၊ အသား ၃၀ ကျင်း၊ သကြား ၃၀ ကျင်း၊ မုန့် ၅၀ ကျင်း၊ အဝတ်အထည် ချီ ၁၂၀၊ ကျောက်မီးသွေး ၃၀၀ ကျင်း၊ ဆပ်ပြာလက်မှတ် ၁၀ စောင်၊ ဆီ ၃၀ ကျင်း၊ ငါး ၂၀ ကျင်း၊ ဆံပင်ညှပ်လက်မှတ် ၅ စောင်၊ နှမ်းနှစ်လက်မှတ်တွေ၊ နောက်ပြီး အခြေခံမဟုတ်တဲ့ စားသောက်ကုန် ၆၀ ကျင်းစာအတွက် ခွဲတမ်းလက်မှတ်တွေ ရှိတယ်..."
ဟင်းလျာစာရင်းကို ရွတ်ဆိုနေသည့်အလား အနည်းဆုံး ခွဲတမ်းလက်မှတ် အမျိုးအစား နှစ်ဆယ်ခန့်ကို တတွတ်တွတ် ရွတ်ပြနေသော ထိုလူကို နားထောင်ရင်း လျူအာကျူးက သံသယမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
"ခင်ဗျားက ဒီမှောင်ခိုဈေးကွက်ရဲ့ သူဌေးလား..."
"မဟုတ်ဘူး... ဒါပေမဲ့ ဒီနေရာက သူဌေးက ငါ့ရဲ့ အစ်ကိုကြီးပဲ..."
ထိုအမျိုးသားက ဂုဏ်ယူဝင့်ကြွားဟန် အနည်းငယ်ဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ကိစ္စတွေက ပိုလွယ်သွားပြီ... အခု ကောက်နှံရိက္ခာဈေးက ဘယ်လောက်လဲ..."
လျူအာကျူးက ထပ်မံ၍ မေးလိုက်သည်။
ထိုအမျိုးသားက ချက်ချင်းပင် ပြန်ဖြေလေသည်။
"တစ်ယွမ်ခွဲပဲ ရှိပါသေးတယ်... သူဌေးက ဆင်းရဲသား သာမန်လူတွေမှာ လုံလောက်အောင် ခက်ခဲနေပြီမို့ ဈေးတွေကို သောက်ရမ်း မတင်သင့်ဘူးလို့ ပြောထားတယ်လေ..."
လျူအာကျူးသည် ထိုအမျိုးသားကို ကြည့်လိုက်ရာ သူ၏မျက်နှာတွင် စကားတစ်ခွန်းမျှပင် မဆိုနိုင်လောက်အောင် ဆွံ့အမှုများ ပြည့်နှက်နေသည်။
"ခင်ဗျားက ကျုပ်ကို အရူးလို့ ထင်နေတာလား..."
"အဟွတ်... အဟွတ်... ကောင်းပါပြီ... တကယ်တော့ ဈေးတွေ အရမ်းမတန်တဆ ဖြစ်သွားရင် တစ်ယောက်ယောက်က ဒေါသထွက်ပြီး ဒီနေရာကို မီးရှို့ပစ်မှာကို ငါ့သူဌေးက ကြောက်လို့ပါ..."
"ခရိုင်မြို့ထဲမှာ တိုင်ကြားရင် ငါ့သူဌေးက မကြောက်ပေမဲ့ အထက်လူကြီးတွေဆီ တိုင်ကြားမှာကိုတော့ သူ စိုးရိမ်တယ်... ပြဿနာတွေ ကြီးသွားရင် ရှုပ်ထွေးသွားလိမ့်မယ်..."
ထိုအမျိုးသားက အနေခက်စွာဖြင့် ဝန်ခံလေသည်။
"သတိထားတာ ကောင်းပါတယ်... ဒါဆိုရင် ကောက်နှံရိက္ခာတွေ သွားယူဖို့ ကျုပ်နောက်ကိုလိုက်ခဲ့..."
လျူအာကျူးက အတော်လေး ကျေနပ်သွားသည်။ ဤကဲ့သို့သော လူမျိုးနှင့် အရောင်းအဝယ် လုပ်ရသည်မှာ ပို၍ စိတ်ချရသည်ဟု သူ ခံစားရသည်။
သို့သော်လည်း ထိုအမျိုးသားမှာ အနည်းငယ် သတိထားနေဆဲ ဖြစ်သည်။ သူသည် ငွေကြေးများနှင့် ခွဲတမ်းလက်မှတ် အမြောက်အမြားကို သယ်ဆောင်ထားရသဖြင့် လုယက်ခံရမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ထိုအမျိုးသား၏ တုံ့ဆိုင်းနေမှုကို မြင်လိုက်ရသောအခါ လျူအာကျူးက ချက်ချင်းပင် ပြောလိုက်သည်။
"ခင်ဗျားအတွက်တော့ ခွဲတမ်းလက်မှတ်တွေကို ကိုယ်ပေါ်မှာ သယ်ရတာ လွယ်ကူပေမဲ့ ကျုပ်ရဲ့ ကောက်နှံရိက္ခာတွေက ရွှေ့ပြောင်းဖို့ သိပ်မလွယ်ဘူး... ကျုပ်က အဲဒါတွေအားလုံးကို ထမ်းပြီး ခင်ဗျားဆီ ပြေးလာရမယ်လို့ မျှော်လင့်နေတာလား..."
"ဒါလည်း ဟုတ်တာပါပဲ..."
ထို့နောက် ထိုအမျိုးသားသည် စိတ်မပါ့တပါဖြင့် လိုက်ပါလာခဲ့သော်လည်း သူ၏သေနတ်ကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီး မောင်းကိုပင် တင်ထားလိုက်သည်။
လျူအာကျူးသည် သူ သေနတ်ကို ပိုက်ထားသည်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"ကျည်ထွက်သွားမှာကို ခင်ဗျား မကြောက်ဘူးလား..."
ထိုအမျိုးသားသည် အနေခက်စွာ ပြုံးပြလိုက်ပြီး လျူအာကျူး၏နောက်မှနေ၍ တောအုပ်နက်ထဲသို့ လိုက်ပါသွားသည်။
လျူအာကျူးသည် ထူထပ်သော မြက်ခင်းပြင်တစ်ခုကို ရှာတွေ့သွားပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထိုအမျိုးသား မကြည့်နေသည့်အချိန်တွင် သူသည် ကောက်နှံရိက္ခာအိတ်ကြီး တစ်အိတ်ကို မြက်ခင်းထဲသို့ ပစ်ထည့်လိုက်ပြီးမှ ပြန်ဆွဲထုတ်ယူလိုက်သည်။
ထိုအမျိုးသားသည် ကောက်နှံရိက္ခာအိတ်ကြီးကို မြင်လိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားသည်။
သူသည် သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီး အားလုံးမှာ ပြောင်းဖူးမှုန့်များဖြစ်ကာ ကျိန်းသေပေါက် ကျင်းတစ်ရာပြည့်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရိုးရိုးသားသားဆိုရလျှင် ဤမျှကြီးမားသော ပမာဏဖြင့် အရောင်းအဝယ်လုပ်သူကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။ သူသည် လျူအာကျူးအား မကြည့်ဘဲ မနေနိုင်တော့ပေ။
"အစ်ကို... ခင်ဗျားက တကယ့်ကို တော်တာပဲ... ဒီလောက်များတဲ့ ကောက်နှံရိက္ခာတွေကို ဘယ်လိုလုပ် ရလာတာလဲ..."
"စပ်စုမနေနဲ့... ခင်ဗျား ယူနိုင်သလားဆိုတာကိုပဲ ပြောပါ..."
လျူအာကျူးက ပြတ်တောင်းတောင်း မေးလိုက်သည်။
ဤမျှများပြားသော ပမာဏပါဝင်သည့် အရောင်းအဝယ်တစ်ခုအတွက် သူသည် ယုံကြည်မှုရှိရှိ ပြုမူရမည်ဖြစ်သည်။ သို့မဟုတ်ပါက အလွယ်တကူ ပစ်မှတ်ထားခံရနိုင်သည်။
ထို့ကြောင့် လျူအာကျူးသည် အင်တိုက်အားတိုက် ပြောဆိုရုံသာမက သူ၏ ခါးဘေးရှိ ဘရောင်းနင်းသေနတ်ကိုလည်း တမင်တကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ဖော်ပြလိုက်သည်။
ပစ္စတိုသေနတ်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသား၏ မျက်ခွံများက တုန်လှုပ်သွားသည်။
သူတို့ဂိုဏ်းတစ်ခုလုံးတွင် သူဌေးတစ်ဦးတည်းသာ ဤကဲ့သို့သော သေနတ်မျိုးကို ပိုင်ဆိုင်ထားပြီး ၎င်းမှာ အဆင့်အတန်း၏ သင်္ကေတတစ်ခုပင် ဖြစ်သည်။
လျူအာကျူးတွင် ကျောထောက်နောက်ခံရှိရမည်ကို ထိုအမျိုးသား သိရှိသွားသဖြင့် နောက်ထပ် ဘာမျှမပြောရဲတော့ပေ။ သူသည် သူ၏ ခွဲတမ်းလက်မှတ်များ အားလုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
"ငါ စောစောက ပြောခဲ့တဲ့ ခွဲတမ်းလက်မှတ်တွေထဲက တစ်ဝက်က ဒ္နေရာမှာ ရှိတယ်... ကျန်တာတွေကို ယူလာဖို့ လူတစ်ယောက်ကို ခေါ်လိုက်ရင် အဆင်ပြေမလား..."
"ခေါ်လိုက်လေ..."
လျူအာကျူးသည် သူ၏သေနတ်ကို ထုတ်ယူလိုက်ပြီး သတိရှိရှိဖြင့် နေနေလေသည်။
"ဟုတ်ပြီ..."
ထိုအမျိုးသားသည် ခပ်လှမ်းလှမ်းရှိ တောအုပ်ဆီသို့ ချက်ချင်းပင် ဥဩငှက်အော်သံ နှစ်ကြိမ် တုပကာ အော်လိုက်သည်။
တစ်ဖက်မှ ဥဩငှက်အော်သံ နှစ်ကြိမ် ပြန်လည် ထွက်ပေါ်လာပြီးနောက် သစ်ပင်များ အနည်းငယ် ယိမ်းယိုင်သွားကာ လူတစ်ယောက် ထွက်ခွာသွားကြောင်း ညွှန်ပြနေသည်။
ဆယ်မိနစ်ခန့် အကြာတွင် လူတစ်ယောက်သည် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း ပြသရန် လက်နှစ်ဖက်ကို မြှောက်လျက် လျှောက်လာသည်။ သူသည် ခွဲတမ်းလက်မှတ် အပုံလိုက် ပါဝင်သော ထမင်းချိုင့်တစ်လုံးကို ချထားလိုက်သည်။
လျူအာကျူးသည် ခွဲတမ်းလက်မှတ်များကို ရေတွက်လိုက်ပြီး ဈေးနှုန်းကို တိတ်တဆိတ် တွက်ချက်ကြည့်ရာ ၁၅၀ ယွမ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
အဓိကအားဖြင့် စက်ချုပ်စက်လက်မှတ် တစ်စောင်က အများစုကို နေရာယူထားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤခွဲတမ်းလက်မှတ်များသည် တစ်ရာကျော် တန်ကြေးရှိမည် မဟုတ်ပေ။
"ဒါဆိုရင် ငါတို့ အကုန်ရှင်းသွားပြီ... ငါ သွားတော့မယ်..."
လျူအာကျူးက ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်။
မမျှော်လင့်ဘဲ ခွဲတမ်းလက်မှတ်များကို လာပို့ပေးသော သူက တိုးညင်းစွာ လှမ်းခေါ်လိုက်သည်။
"အစ်ကို... ငါ့သူဌေးက စကားတစ်ခွန်း ပါးလိုက်တယ်..."
လျူအာကျူးသည် သေနတ်ကို ဆုပ်ကိုင်ထားလျက် နောက်သို့ လှည့်ကြည့်လိုက်၏။
"ဘာစကားလဲ..."
"နောင်လာမယ့် အချိန်တွေမှာ ခင်ဗျားဆီမှာ ရှိတာမှန်သမျှ ငါတို့ဆီကို အားမနာတမ်း ပို့ပေးပါ... ငါတို့က အကုန်လုံးကို ဖြေရှင်းပေးနိုင်ပါတယ်..."
ထိုအမျိုးသားက ဖားယားသော အပြုံးဖြင့် ပြောလေသည်။
မှောင်ခိုဈေးကွက်ကို ဖွင့်လှစ်ရဲသူများမှာ ကျိန်းသေပေါက် နောက်ခံအင်အား တစ်စုံတစ်ရာ ရှိကြပေမည်။
အထူးသဖြင့် လုံခြုံရေးအရာရှိများက ဤနေရာကို ယခင်က တစ်ကြိမ် ဝင်ရောက်စီးနင်းခဲ့ဖူးသော်လည်း သူတို့က ပြန်ဖွင့်ရဲသေးရာ သူတို့၏ နောက်ခံအင်အားမှာ တောင့်တင်းခိုင်မာရမည် ဖြစ်သည်။
လျူအာကျူးသည် သဘာဝကျစွာပင် ထိုကဲ့သို့သော လူများကို မပြစ်မှားလိုသဖြင့် ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"ရတာပေါ့... ရတာပေါ့... ခင်ဗျားတို့ သူဌေးရဲ့ မျိုးရိုးနာမည်က ဘာများလဲလို့ မေးလို့ရမလား..."
သတင်းပို့သူမှာ ရှင်းလင်းစွာ ညွှန်ကြားခံထားရသဖြင့် ချက်ချင်းပင် ပြောလေသည်။
"ငါတို့သူဌေးရဲ့ မျိုးရိုးနာမည်က ချန် ပါ... ငါ နောက်နေတာ မဟုတ်ဘူးနော်... အဲဒါက တကယ့်ကို သူ့ရဲ့ မျိုးရိုးနာမည်ပါ..."
ချန် ဆိုသော မျိုးရိုးနာမည်မှာ ပုံမှန်ပင် ဖြစ်သော်လည်း စီးပွားရေးသမားတစ်ဦးက ပြောသောအခါ ငွေကိုသာ ဂရုစိုက်ကြောင်း သတိပေးချက်တစ်ခုနှင့် အနည်းငယ် တူနေသဖြင့် ရှင်းပြရန် လိုအပ်ခြင်းဖြစ်သည်။ ဤသည်က တစ်ဖက်လူ၏ ရိုးသားမှုကိုလည်း ပြသနေလေသည်။
"ကောင်းပြီ... ကျုပ်ရဲ့ မျိုးရိုးနာမည်က လျူပါ... အစ်ကိုချန်ကို ကျုပ်အတွက် ထူးထူးဆန်းဆန်း ပစ္စည်းလေးတွေရှိရင် စောင့်ကြည့်ပေးဖို့ ပြောလိုက်ပါ..."
လျူအာကျူးကလည်း ရိုးသားမှု၏ သင်္ကေတတစ်ခုအနေဖြင့် သူ၏ မျိုးရိုးနာမည်ကို ပေးလိုက်သည်။ သူသည် အမှန်တကယ် ငြီးငွေ့နေပြီး အချိန်ဖြုန်းရန်အတွက် ထူးခြားဆန်းသစ်သော ပစ္စည်းအချို့ကို စုဆောင်းရန် စီစဉ်ထားခြင်းဖြစ်သည်။
သူတို့နှစ်ဦးတွင် နောက်ထပ် ပြောစရာစကား မရှိတော့သည်ကို မြင်လိုက်ရသဖြင့် လျူအာကျူးသည် လှည့်၍ ထွက်ခွာသွားလေသည်။
ထိုအမျိုးသား နှစ်ဦးသည် ကောက်နှံရိက္ခာများကို တောအုပ်ထဲသို့ အမြန်သယ်ဆောင်သွားကြပြီး ဖျံမွေးကုတ်အင်္ကျီကို ခြုံထားသော အမျိုးသားတစ်ဦးထံသို့ သွားကာ ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို သေချာစွာ ပြန်လည်ပြောပြလေသည်။
ထိုအမျိုးသားက လှည့်ကြည့်လိုက်၏။ သူသည် ထိပ်ပြောင်နေပြီး မျက်နှာတွင် ရှည်လျားသော အမာရွတ်တစ်ခု ရှိလေသည်။
သူသည် လက်ကို လှမ်း၍ ကောက်နှံရိက္ခာများကို ဆွဲယူလိုက်သည်။ ပြောင်းဖူးမှုန့် ကျင်းတစ်ရာပါသော အိတ်ကြီးမှာ သူ၏လက်ထဲတွင် ကြက်ပေါက်စလေး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး လွယ်ကူစွာပင် မ,တင်နိုင်ပေသည်။
အရာအားလုံး မှန်ကန်ကြောင်း စစ်ဆေးပြီး အတည်ပြုပြီးနောက် သူက ဩတရှရှ အသံဖြင့် ပြောလိုက်သည်။
"အဲ့ကောင်လေးက ငါ့ရဲ့ သူငယ်ချင်း ဖြစ်ချင်နေတာလား..."
"ဟုတ်ပါတယ် သခင်ကြီးချန်... သူ့ရဲ့ မျိုးရိုးနာမည်က လျူ လို့ သူက ပြောသွားပါတယ်..."
သတင်းပို့သူက ချက်ချင်းပင် ပြောလေသည်။
သခင်ကြီးချန်သည် ကျေနပ်သော အပြုံးတစ်ခုကို ပြသလိုက်သော်လည်း အမာရွတ်ကြောင့် အနည်းငယ် ခြိမ်းခြောက်နေပုံ ပေါက်နေသည်။
"ကောင်းတယ်... သူက ပွင့်လင်းမြင်သာတဲ့ကောင်ပဲ... သူ ပြန်လာတဲ့အခါကျရင် ငါနဲ့ တိုက်ရိုက် အရောင်းအဝယ်လာလုပ်ဖို့ ဒီနေရာကိုခေါ်ခဲ့... အဲ့ကောင်လေးဆီမှာ ကောင်းတဲ့ပစ္စည်းတွေ ကျိန်းသေပေါက် ရှိနေမှာပဲ..."
"သခင်ကြီးချန်... အဲ့ကောင်လေးက ခွဲတမ်းလက်မှတ်တွေကိုပဲ သဘောကျပြီး ငွေကြေး လိုအပ်နေပုံ မပေါ်ဘူးဆိုတာကို ကျွန်တော် သတိထားမိတယ်... ပြီးတော့ ထူးခြားဆန်းသစ်တဲ့ ပစ္စည်းတွေကိုတောင် စောင့်ကြည့်ပေးဖို့ သူက သခင်ကြီးကို တောင်းဆိုသွားသေးတယ်..."
သတင်းပို့သူက ပြောလေသည်။
"ထူးခြားဆန်းသစ်တဲ့ ပစ္စည်းတွေ ဟုတ်လား... ကောင်းပြီလေ... နောက်တစ်ခါ သူလာရင် ငါ့ဆီမှာ အဆင့်မြင့် နိုင်ငံခြားဖြစ် ပစ္စည်းတချို့ ရှိတယ်လို့ သူ့ကို ပြောလိုက်..."
"အဲဒါတွေက ဘာလဲလို့ သူက မေးရင် လိုက်ကာလို့ပဲ ပြောလိုက်... သူ မသိဘူးလို့ ပြောရင် ငါ ဘာမှမပြောခဲ့သလိုပဲ ဟန်ဆောင်လိုက်... သူက အရောင်းအဝယ် လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ငါ့ဆီကို ခေါ်လာခဲ့..."
သခင်ကြီးချန်က ညွှန်ကြားလိုက်သည်။
လက်အောက်ငယ်သားများက တစ်ပြိုင်နက်တည်း သဘောတူလိုက်ကြသော်လည်း သူတို့အားလုံး၏ မျက်နှာများမှာ တွေဝေနေကြလေသည်။
လိုက်ကာ ဟုတ်လား။
အဲဒါက ဘာကတ်မျိုးလဲ။