← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း (၁၃၅) ဆန်းသစ်သော မုန့်များ

သူတို့နှစ်ဦး တံခါးခုံကို ကျော်ဖြတ်ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်ခဲလေးသည် အထူးပြု လုပ်ထားသော ထမင်းစားကုလားထိုင်ငယ်လေးပေါ်တွင် ထိုင်လျက် လက်ထဲတွင် အဖြူရောင် မန်ထိုမုန့် တစ်ဝက်ကို ကိုင်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။

ထျန်ရှောင်ယာ၏ ဖြူရော်နေသော မျက်နှာနှင့် နုံးချည့်နေသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ကလေးငယ်သည် သူမ၏ လက်ကို ချက်ချင်း လွှတ်လိုက်ပြီး သူ၏ လက်ထဲရှိ မန်ထိုမုန့်မှာ စားပွဲပေါ်သို့ "ဘုတ်" ခနဲ အသံနှင့်အတူ ကျသွားခဲ့လေသည်။

သူ၏ ပါးစပ်လေးမှာ တွန့်လိမ်သွားပြီး မျက်လုံးများမှာ ချက်ချင်း နီရဲလာကာ မျက်ရည်များ ဝဲတက်လာ လျက် သူမအား သနားစဖွယ် လှမ်းကြည့်နေခဲ့လေ၏။

ဖောင်းအိနေသော လက်နှစ်ဖက်ကို သူမဆီသို့ ဆန့်တန်းထားလျက် မပီမသ အော်ခေါ်လိုက်လေသည်...။

"မားမား... မားမား..."

ထိုစိုးရိမ်ပူပန်နေသော်လည်း ဇဝေဇဝါဖြစ်နေသော မျက်နှာလေးသည် ထျန်ရှောင်ယာ၏ နေမထိထိုင် မသာဖြစ်မှု အားလုံးကို ချက်ချင်းပင် ပြေပျောက်သွားစေခဲ့လေသည်။

သူမသည် ကိုယ်ကိုကိုင်းကာ သားဖြစ်သူ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး သူမ၏ ဝမ်းဗိုက် ထဲသို့ ရောက်ရှိလာတော့မည့် အသက်သွေးကြောလေးကို တွေးမိသောအခါ မျက်လုံးများတွင် နူးညံ့ကြင် နာသော အပြုံးတို့ ပြည့်နှက်သွားခဲ့လေတော့သည်။

ကျောက်ခဲလေးသည် ထျန်ရှောင်ယာက သူ့ကို နောက်ဆုံးတွင် ဂရုစိုက်လာသည်ကို မြင်သောအခါ သူမ ထံသို့ ချက်ချင်း ခေါင်းဖြင့် တိုးဝှေ့လိုက်လေသည်။

အချင်းချင်း မှီခိုနေကြသော ဇနီးနှင့် သားဖြစ်သူတို့၏ မြင်ကွင်းကို ကြည့်ရင်း ကျိုးချန်ယဲ့သည် နက်ရှိုင်း သော ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ကို ခံစားလိုက်ရလေ၏။

သူသည် ရှေ့သို့ အလျင်အမြန် လှမ်းသွားကာ ဇနီးဖြစ်သူ၏ ခါးကို ညင်သာစွာ ထိန်းကိုင်ပေးလိုက်ပြီး ဂရု တစိုက် ကာကွယ်ပေးလိုက်လေသည်။

သူ၏ လေသံတွင် ကြင်နာမှုတို့ ပြည့်နှက်နေခဲ့လေသည်...။

"ထိုင်ပြီး ခဏလောက် နားလိုက်ပါဦး... အန်ပြီးခါစဆိုတော့ အားနည်းနေသေးတယ်လေ... ကိုယ့်ကိုယ် ကိုယ် သိပ်ပြီး ပင်ပန်းအောင် မလုပ်ပါနဲ့..."

ထျန်ရှောင်ယာသည် သူ၏ တွဲကူပေးမှုဖြင့် ထိုင်လိုက်လေ၏။ သူမ၏ ယောကျာ်းဖြစ်သူ မည်မျှ စိုးရိမ်နေ သည်ကို မြင်သောအခါ သူမမှာ မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။

"ကျွန်မက အဲ့ဒီလောက်တောင် နုနယ်တာ မဟုတ်ပါဘူး... အနံ့ကြောင့် နည်းနည်း နေလို့မကောင်းဖြစ် သွားရုံပါ..."

"ကိုယ့်မျက်လုံးထဲမှာတော့ မင်းက အနုနယ်ဆုံးပဲ..."

ကျိုးချန်ယဲ့သည် စကားတစ်ခွန်းမျှ မဆိုဘဲ စားပွဲပေါ်ရှိ ဝက်အူမဲနှပ်ကို မီးဖိုချောင်ထဲသို့ ယူသွားခဲ့ပြီး နောက် လှည့်ကာ ပူနွေးသော သကြားရည်တစ်ခွက်ကို ယူဆောင်လာခဲ့လေသည်...။

"ရော့... ရင်အေးသွားအောင် သကြားရည်လေး နည်းနည်း သောက်လိုက်ဦး... မနက်ခင်း ကိုယ်ဝန်ဆောင် လက္ခဏာတွေက ဆိုးတယ်လေ... အချိုလေး တစ်ငုံနှစ်ငုံလောက် သောက်လိုက်ရင် သက်သာသွားလိမ့် မယ်..."

ထိုသို့ ပြောဆိုရင်း သူသည် ဇနီးဖြစ်သူ၏ အင်္ကျီလက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သော သား ဖြစ်သူအား လှည့်ကြည့်လိုက်ပြီး လေသံကို လျှော့ကာ ပြောလိုက်လေသည်...။

"သားသား... မေမေ နေမကောင်းဖြစ်နေရင် သားက ဆိုးလို့ မရဘူးနော်... မေမေ့နားမှာ နေပြီး လိမ္မာတဲ့ ကလေးလေး လုပ်ရမယ် ကြားလား..."

ကျောက်ခဲလေးသည် နားလည်သည့်အလား ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လက်သေးသေးလေးများမှာ ထျန်ရှောင်ယာ၏ အင်္ကျီကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ကာ ချစ်စရာကောင်းလောက်အောင် အလေးအနက်ထားသည့် ပုံပေါ်နေခဲ့လေတော့သည်။

ထျန်ရှောင်ယာသည် ချိုမြိန်သော သကြားရည်ကို သောက်လိုက်ရင်း သူမ အချစ်ရဆုံး လူသားနှစ်ဦးဖြစ် သည့် အကြီးတစ်ယောက်နှင့် အငယ်တစ်ယောက်တို့ကို ကြည့်ကာ ရင်ထဲတွင် နွေးထွေးသော ခံစားမှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

သူမ၏ ဘဝသည် ပြည့်စုံနေပြီဟု ထင်မှတ်ထားခဲ့သော်လည်း အသက်သွေးကြောအသစ်လေးတစ်ခု ရောက်ရှိလာခြင်းက သူမ၏ မိသားစုအတွက် ပို၍ပင် မျှော်လင့်ချက်များကို ယူဆောင်လာပေးခဲ့ပေ သည်။

ကျိုးချန်ယဲ့သည် သူမ၏ဘေးတွင် ထိုင်နေပြီး သူ၏ မျက်လုံးများတွင် ဖုံးကွယ်ထား၍မရသော မျှော်လင့် ချက်နှင့် ပြတ်သားမှုတို့ ပြည့်နှက်နေခဲ့လေသည်...။

"မနက်ဖြန် ကိုယ် ထောက်ပံ့ရေးနှင့် အရောင်းသမဝါယမဆိုင်ကို သွားပြီး ဆီးသီးချဉ်တွေရယ် ဆီးသီးနီ တွေရယ် သွားဝယ်မယ်... ပြီးတော့ မင်း အားပြန်ပြည့်လာအောင် ကြက်သားစွပ်ပြုတ် ချက်ပေးမယ်..."

"မင်းက ကိုယ်ဝန်ကိုပဲ အာရုံစိုက်ထားပြီး တခြားဘာကိုမှ စိတ်ပူမနေနဲ့... အရာအားလုံးကို ကိုယ် တာဝန် ယူပါ့မယ်..."

သူသည် စိတ်ထဲမှ တိတ်တဆိတ် ကတိပြုလိုက်လေ၏...။ ဤဘဝတွင် သူသည် သူ၏ ဇနီးနှင့် ကလေး နှစ်ဦးကို ကောင်းစွာ ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး ၎င်းတို့ သုံးဦးစလုံး စားဝတ်နေရေးအတွက် ပူပန် မှုကင်းမဲ့သော ဘဝကို ဖြတ်သန်းနိုင်စေရန်နှင့် ငြိမ်းချမ်းပျော်ရွှင်မှုကို ခံစားနိုင်စေရန် သေချာပေါက်ပင် ဆောင်ရွက်မည်ဖြစ်ပေသည်။

ထျန်ရှောင်ယာသည် သူ၏ ပခုံးပေါ်သို့ မှီလိုက်ပြီး သဘောတူသည့်အနေဖြင့် တိုးညှင်းစွာ အသံပြုလိုက် ရာ သူမ၏ လေသံမှာ နူးညံ့ကာ စိတ်အေးသက်သာစေခဲ့လေ၏။

ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာသော နေဝင်ဆည်းဆာ အလင်းတန်းသည် မိသားစု ဝင် သုံးဦးအပေါ်သို့ ညင်သာစွာ ကျရောက်နေပြီး အလွန်တရာ နွေးထွေးလှသဖြင့် မျက်လုံးမလွှဲနိုင် အောင်ပင် ဖြစ်ခဲ့ရလေသည်။

————————————

နောက်တစ်နေ့…။

ထျန်ရှောင်ယာသည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိတွေ့လိုက်ကာ မျက်လုံးများမှာ အနည်းငယ် ဝေဝါးနေဆဲဖြစ်ပြီး...၊

"အာယဲ့... ဒါက တကယ်မဟုတ်ဘူးလို့ ကျွန်မ ခံစားနေရတုန်းပဲ..."

ကျိုးချန်ယဲ့က သူမ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်..။

"လာပါ... ဆေးရုံသွားပြီး စစ်ကြည့်လိုက်ရင် စိတ်အေးသွားလိမ့်မယ်..."

သူသည် ပထမဆုံးအနေဖြင့် ကျောက်ခဲလေးကို ဒုတိယအစ်ကို၏ အိမ်သို့ သွားပို့ကာ အပ်နှံထားခဲ့ပြီး နောက် ဇနီးဖြစ်သူ၏ လက်ကိုဆွဲလျက် ဆေးရုံသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့လေသည်။

ဆေးရုံသို့ ရောက်ရှိသောအခါ ဆရာဝန်က သွေးခုန်နှုန်းများကို စမ်းသပ်ကာ မေးခွန်းအနည်းငယ် မေး မြန်းပြီးနောက် ၎င်းတို့အား ပြုံးလျက် ခေါင်းညိတ်ပြလိုက်လေသည်။

"မှန်ပါတယ်... သူ့မှာ ကိုယ်ဝန်ရှိနေပြီ... ဒါပေမယ့် ကိုယ်ဝန်နုသေးတယ်... တစ်လကျော်ကျော်လောက်ပဲ ရှိသေးတာ..."

"ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကျန်းမာရေးက ကောင်းမွန်ပါတယ်... ပိုပြီး အနားယူဖို့နဲ့ ပုံမှန် လာပြဖို့ပဲ လိုပါ တယ်..."

ဆရာဝန်၏ ပြတ်သားသော စကားများကို ကြားရသောအခါ ထျန်ရှောင်ယာ၏ ပါးပြင်များမှာ အနည်း ငယ် နီမြန်းသွားခဲ့ပြီး အချိန်အတော်ကြာ လွှမ်းမိုးနေခဲ့သော မရေရာမှုများမှာ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေတော့သည်။

ကျိုးချန်ယဲ့မှာ ပြုံးရွှင်မှုတို့ကို မထိန်းချုပ်နိုင်တော့ဘဲ ဆရာဝန်အား ထပ်တလဲလဲ ကျေးဇူးတင်စကား ဆိုနေခဲ့ပြီး သူမ တစ်ခုခုနှင့် တိုက်မိမည်ကို စိုးရိမ်သဖြင့် အချိန်တစ်လျှောက်လုံး ထျန်ရှောင်ယာအား တင်းကျပ်စွာ ဖက်တွယ်ထားခဲ့လေသည်။

ဆေးရုံမှ ထွက်လာစဉ် သူသည် ဇနီးဖြစ်သူအား ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ဖုံးကွယ်ထား ၍မရသော ဝမ်းသာပျော်ရွှင်မှုတို့ ပြည့်နှက်နေခဲ့ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"ကြားတယ်မလား... ဆရာဝန်က တကယ်လို့ ပြောတယ်လေ... အခုတော့ မင်း နောက်ဆုံးမှာ စိတ်အေး သွားပြီမလား..."

ထျန်ရှောင်ယာက သူ၏ လက်မောင်းကို ညင်သာစွာ ထိုးလိုက်ကာ ရှက်လည်းရှက် ရယ်လည်းရယ် ချင်ဖြစ်လျက်...၊

"သိပါတယ်... ရှင် ဘယ်လောက်တောင် ပျော်နေလဲဆိုတာ ကြည့်ပါဦး..."

"ဒါပေါ့..."

ကျိုးချန်ယဲ့က ပကတိအမှန်အတိုင်း ပြောလိုက်လေသည်...။

"ငါ့မှာ ကလေးနှစ်ယောက် ရတော့မှာလေ... ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာလဲ..."

ခင်ပွန်းဖြစ်သူ၏ ကျေနပ်ဂုဏ်ယူနေသော အမူအရာကို မြင်သောအခါ ထျန်ရှောင်ယာသည် ရင်ထဲတွင် ချိုမြိန်သော နွေးထွေးမှုကို ခံစားလိုက်ရပြီး နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာ လျက် ပြောလိုက်လေသည်...။

"သွားကြစို့... ဒုတိယအစ်ကို့ အိမ်သွားပြီး ကျောက်ခဲလေးကို သွားခေါ်ကြမယ်..."

ထိုအခါမှ ကျိုးချန်ယဲ့သည် သတိပြန်ဝင်လာကာ သူ၏ နဖူးကို ညင်သာစွာ ပုတ်လိုက်ပြီး...

"ငါ့မှတ်ဉာဏ်ကို ကြည့်ပါဦး... အရမ်းပျော်သွားလို့ အရေးကြီးတဲ့ ကိစ္စကိုတောင် မေ့သွားတယ်..."

သူသည် တခစ်ခစ် ရယ်မောလိုက်ကာ ဇနီးဖြစ်သူ၏ ခါးကို ကာကွယ်ရန် အလိုအလျောက် လက်ဆန့် ထုတ်လိုက်ပြီး မုန့်ဆိုင် ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့လေသည်။

သူက တစ်ယောက်တည်း ရေရွတ်နေခဲ့လေသည်...။

"ဖြည်းဖြည်း လျှောက်နော်... ခြေလှမ်းကို သတိထား... ဒီနေရာမှာ ကျောက်ခဲလေး တစ်လုံး ရှိတယ်... မထိခိုက်စေနဲ့ဦး..."

ကျိုးချန်ယဲ့၏ အဆက်မပြတ် သတိပေးပြောဆိုနေမှုများနှင့်အတူ နောက်ဆုံးတွင် သူတို့နှစ်ဦးသည် မုန့်ဆိုင်အပေါက်ဝသို့ ရောက်ရှိသွားခဲ့လေသည်။

သူတို့နှစ်ဦး အထဲသို့ ဝင်မည်ပြုစဉ်မှာပင် ဒုတိယအစ်ကို ထျန်ချင်းလင်းသည် လူငယ်တစ်ဦးအတွက် မုန့် များကို ချိန်တွယ်ပေးရန် အလုပ်များနေသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုအမျိုးသားသည် သပ်ရပ်သော ဆံပင်တိုနှင့် ခန့်ညားသော ရုပ်ရည်ရှိပြီး သပ်ရပ်သော စက်ရုံဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏ ဖိနပ်များမှာလည်း တောက်ပြောင်နေအောင် တိုက်ချွတ်ထားခလေ၏။ သူသည် လေးစားဖွယ်ကောင်းသော အလုပ်အကိုင်နှင့် ကောင်းမွန်သော မိသားစုနောက်ခံရှိသူတစ်ဦးနှင့် တူနေခဲ့ပေသည်။

လူငယ်သည် ဆီစိမ်စက္ကူထုပ်ကို ယူလိုက်ကာ ပြုံးလျက် ချီးကျူးလိုက်လေသည်...။

"သူဌေး... ခင်ဗျားရဲ့ တိုစ့်က တကယ်ကို စစ်မှန်တဲ့ အရသာပဲ..."

"နူးညံ့ပေမယ့် ဝါးလို့ကောင်းတယ်... ကျွန်တော့် ယောက္ခထီးက အစာဝါးဖို့ အခက်အခဲ ရှိပေမယ့် ဒီတိုစ့် ကို ဝယ်သွားကတည်းက သူ နေ့တိုင်း နှစ်ချပ် စားနိုင်သွားလို့ မိသားစု တစ်ခုလုံး အရမ်းကို ပျော်နေကြ တာ..."

စကားအရာကို ပြောင်းလိုက်ကာ သူသည် အနီးသို့ တိုးကပ်လာပြီး မျှော်လင့်ချက်နှင့် အခက်အခဲ ရော ယှက်နေလျက် မေးလိုက်လေသည်...။

"ဒါပေမယ့် သူဌေး... ခင်ဗျားကို ကျွန်တော် မေးစရာ နောက်တစ်ခု ရှိသေးတယ်..."

"ခင်ဗျားရဲ့ တိုစ့်နဲ့ ခရိုဆွန့်က အရမ်းကို အရသာရှိတာပဲ... ရှားပါးတဲ့ ထူးခြားတဲ့ မုန့်တွေရော... ရှိသေး လား..."

"အဲ့ဒါက တခြားနေရာတွေမှာ ရှားပါးတဲ့ အရာမျိုး ဖြစ်ရင် ပိုကောင်းမယ်... ဖြစ်နိုင်ရင်... ရှန်းကျန့်မှာ တောင် ဝယ်လို့မရနိုင်တဲ့ အမျိုးအစားမျိုးပေါ့..."

ဒုတိယအစ်ကို ထျန်ချင်းလင်းသည် သူ၏ လုပ်လက်စကို ရပ်တန့်လိုက်ပြီး သတိမထားမိဘဲ မျက်မှောင် ကြုတ်သွားကာ တိုးညှင်းစွာ မေးလိုက်လေသည်...။

"ဆန်းသစ်တဲ့ မုန့်..."

"ဟုတ်တယ်... ဘယ်နေရာမှာမှ ဝယ်လို့မရတဲ့ အမျိုးအစားမျိုးပေါ့... အထူးသဖြင့်... ရှန်းကျန့်မှာတောင် မရှိတဲ့ အမျိုးအစားမျိုး..."

လူငယ်သည် ရှေ့သို့ ထပ်မံ ကိုင်းညွတ်လိုက်ရာ သူ၏ လေသံတွင် မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှု တို့ ပြည့်နှက်နေခဲ့လေသည်။

"ဟင်..."

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ လုံးဝကို ဆွံ့အမှင်သက်သွားခဲ့လေသည်။

"ရှန်းကျန့်... အဲ့ဒါက အထူးစီးပွားရေးဇုန်လေ... အဲ့ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ အများ ကြီး ရှိတယ်လို့ ငါ ကြားဖူးပါတယ်..."

လူငယ်သည် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ နာကြည်းမှုနှင့် မကျေနပ်မှုတို့ ရောယှက်နေသော အမူအရာဖြင့် ပြောလိုက်လေသည်...။

"သူဌေး... ပွင့်ပွင့်လင်းလင်း ပြောရရင် ရှန်းကျန့်မှာ နေတဲ့ ကျွန်တော့် အန်တီက ရက်အနည်းငယ်ကြာရင် ပီကင်းကို ပြန်လာတော့မှာ..."

"သူမ ပြန်လာတိုင်း အမြဲတမ်း မောက်မာတဲ့ပုံစံ ဖမ်းပြီး သူမ ယူလာတဲ့ ဘာကိုမဆို ကြွားလုံးထုတ်နေ တတ်တယ်လေ... ပြီးတော့ ကျွန်တော်တို့ နေရာက ခေတ်နောက်ကျပြီး ရှန်းကျန့်လောက် မစည်ကားဘူး လို့ အမြဲ ပြောတတ်သေးတယ်..."

"ဒါပေမယ့် သူက အစားအသောက်အသစ်တွေကို စူးစမ်းရတာ ကြိုက်တော့ သူ့ရဲ့ စိတ်အားထက်သန်မှု ကို ချိုးနှိမ်ဖို့အတွက် ဒီနေရာမှာ ထူးခြားတဲ့ မုန့်အချို့ကို ရှာတွေ့နိုင်မလားလို့ ကျွန်တော် မျှော်လင့်နေခဲ့ တာ..."

"ဒါက..."

ဒုတိယအစ်ကို ထျန်ချင်းလင်းမှာ ချက်ချင်းပင် အကြပ်ရိုက်သွားခဲ့လေ၏။ သူ၏ မိသားစု အခြေအနေကို သူ အသိဆုံးဖြစ်ပြီး ရှန်းကျန့်တွင်တောင် မရှိသော ရှားပါးသည့် အရာများကို ထုတ်လုပ်နိုင်သည်ဟု ပြော ရန် မဝံ့ရဲခဲ့ချေ။

*အဲ့ဒါက ကြွားလုံးထုတ်နေသလို ဖြစ်မနေဘူးလား...*

သူသည် ယဉ်ကျေးစွာ ငြင်းဆန်ရန် ပါးစပ်ဟလိုက်စဉ်မှာပင် တံခါးပေါက်ဆီမှ ကြည်လင်ပြီး ယုံကြည်မှု ရှိသော အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်...။

"ရှိပါတယ်..."

All Chapters