← Chapters

အခန်း (၂၈၃၃-၂၈၃၄)

Vol. 284 Ch. 1833-1834

အခန်း (၂၈၃၃-၂၈၃၄)

Vol. 284 Ch. 1833-1834

အခန်း (၂၈၃၃) - ကိုယ်စားလှယ်အရန်နေရာ

​လောထျန်းဝမ်မှာ ဆူဝမ်နှင့် ဘိုင်ဟွမ်တို့နှစ်ဦးစလုံး ထိုမျက်နှာပြောင်သူနှင့် တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။ သူ၏ စိတ်ထဲတွင် ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍သာ ယနေ့တွင် သူတစ်ယောက်တည်းသာ ထိုနေရာသို့ ရောက်လာခဲ့ပါက၊ သူ၏ စွမ်းအားမှာ ယခု လက်ရှိလူအားလုံးထက် သာလွန်နေသည်ဆိုလျှင်တောင် သူတို့သုံးဦး ပူးပေါင်းလာသည့်အခါ အနိုင်ရနိုင်မည်ဟု အာမခံချက် မရှိပေ။

​ထိုအချိန်တွင် ဆူဝမ်နှင့် ဘိုင်ဟွမ်တို့၏ ပူးပေါင်း တိုက်ခိုက်မှုမှာ ဖန့်ချန်ထံသို့ အပြင်းထန်ဆုံး အရှိန်ဖြင့် ရောက်ရှိလာသည်။ ဖန့်ချန်၏ အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်မှုကို ခံထားရ၍ အသက်ရှူပင် ကျပ်နေသော ထိုလူမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ သို့သော် သူက ဆူဝမ်တို့နှင့် ပူးပေါင်းတိုက်ခိုက်ရန် မပြင်ရသေးခင်မှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ အတွင်းကမ္ဘာ စွမ်းအားများမှာ တစ်စုံတစ်ခုသော ဖိအားကြောင့် လုံးဝ လှုပ်ရှား၍ မရတော့ဘဲ စွမ်းအားမဲ့သွားသည်ကို ခံစားလိုက်ရသည်။

​ဘိုင်ဟွမ်နှင့် ဆူဝမ်တို့၏ တိုက်ခိုက်မှုများမှာလည်း မည်သည့်နေရာသို့ ရောက်သွားမှန်းမသိ ပျောက်ကွယ်သွားသည်။ သူတို့မှာလည်း စွမ်းအားများ ရုတ်တရက် ဆုံးရှုံးသွားသောကြောင့် ကိုယ်ခန္ဓာမှာ တည်ငြိမ်မှု မရှိတော့ဘဲ ယိုင်နဲ့သွားကာ အကြိမ်အနည်းငယ် ယိုင်နဲ့ပြီးနောက်မှသာ ဖန့်ချန်၏ ရှေ့တွင် မတ်မတ် ပြန်ရပ်နိုင်တော့သည်။

​"ဆူဝမ်၊ ဘိုင်ဟွမ်... မင်းတို့က သူနဲ့ တစ်ဖွဲ့တည်းပဲပေါ့ ဟုတ်လား"

ဖန့်ချန်က ထိုသူနှစ်ဦးကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

​ဆူဝမ်နှင့် ဘိုင်ဟွမ်တို့၏ အမူအရာမှာ လွန်စွာ လေးနက်သွားသည်။ သူတို့သည် အတွင်းကမ္ဘာ စွမ်းအားများကို အပြင်းအထန် ဆင့်ခေါ်နေကြသော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ ထိုအချိန်တွင် သူတို့သည် ထူးခြားသော စွမ်းအားအားလုံးကို ဆုံးရှုံးသွားခဲ့ရသလိုပင်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူတို့၏ အစစ်အမှန် ခန္ဓာကိုယ်နှင့် နောက်ခံအကြောင်းအရာများမှာလည်း လုံးဝ ပေါ်ပေါက်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူတို့နှစ်ဦးမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။

​မီးခိုးရောင် မြူခိုးများကြားမှ တံခါးပေါက်များအတွင်းရှိ အကြည့်များမှာလည်း အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

​"ဒါ ဘယ်ဘက်က နတ်ဘုရားစွမ်းအားလဲ။"

​"ဒီလူသုံးဦးက လုံးဝ ဖိနှိပ်ခံလိုက်ရပုံပဲ၊ အခုဆိုရင် ဘာနည်းလမ်းမှကို မသုံးနိုင်တော့ဘူး။"

​"ဒီကောင်လေးက မဆိုးဘူးပဲ၊ ဘယ်ကနေ ပေါ်လာတာလဲ။"

​အချင်းချင်း ဆွေးနွေးသံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။ အစောဆုံးတွင် သူတို့ကို လမ်းပြခဲ့သူမှာလည်း ယခုအခါ ဖန့်ချန်ကို လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

​"ဟန်ဧကရာဇ်၊ ဒီကိစ္စကို ငါတို့ ရှင်းပြလို့ ရပါတယ်..."

ဆူဝမ်က ဖြည်းဖြည်းချင်း စကားစသည်။

​"နားမထောင်ချင်ဘူး။"

​ဖန့်ချန်က လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။ ဆူဝမ်နှင့် ဘိုင်ဟွမ်တို့၏ ခေါင်းများမှာ ချက်ချင်းပင် မြေပြင်သို့ ပြုတ်ကျသွားသည်။ နောက်ပိုင်းတွင် ခေါင်းနှင့် ကိုယ်ခန္ဓာမှာလည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် ကြယ်တာရာမှုန်များအဖြစ် ပျောက်ကွယ်သွားတော့သည်။ လောထျန်းဝမ်မှာ ရလဒ်ကို ကြိုတင် သိထားသော်လည်း ဤမြင်ကွင်းကို တကယ်တမ်း မြင်လိုက်ရသည့်အခါ စိတ်လှုပ်ရှားမှုများ ရှိနေဆဲပင်။ သူ၏ ကျောနောက်မှ အရိပ်ယောင် သုံးခု၏ စကားပြောသံများမှာလည်း ပို၍ ပြင်းထန်လာသည်။

​အပြင်ဘက်တွင် ရပ်နေသည့် ကျန်ရှိနေသော သုံးဦးမှာလည်း ကြောင်တောင်တောင် ဖြစ်နေကြသည်။

​"ဟန်ဧကရာဇ်၊ မင်းရဲ့ စွမ်းအားက ငါတို့ထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

​ထိုအချိန်တွင် အစောဆုံး ရောက်လာသူက သက်ပြင်းချကာ ပြောသည်။

​"ငါ မင်းရဲ့ အမည်ရင်းကို သိချင်တယ်၊ ပြောပြလို့ ရမလား။"

​"ငါ့ကို ဟန်ဧကရာဇ်လို့ မခေါ်တာက မင်းရဲ့ အထင်ပဲလား"

ဖန့်ချန်က ပြုံး၍ မေးသည်။

​ထိုသူက ခေါင်းအသာညိတ်သည်။

​"မင်းက ဟန်ဧကရာဇ် မဟုတ်ဘူး၊ မင်းကလည်း ဟေးကျား စခန်းက ဖြစ်မလာနိုင်ဘူး။ ဒီနေ့ တိုက်ပွဲမှာ ငါတို့ ရှုံးသွားပါပြီ။ မသေခင်မှာ မင်းရဲ့ အမည်ရင်းကို သိချင်ရုံပါ။"

​"မင်း ခန့်မှန်းတာ မှန်ပါတယ်။ ငါက ဟန်ဧကရာဇ် မဟုတ်ပါဘူး။ ငါ့နာမည်က လောထျန်းဝမ်ပါ၊ ဝူရှန်းပေမြိန့်စခန်းက လာတာပါ။"

​ဖန့်ချန် ပြောပြီးနောက် လက်ကို အသာမြှောက်လိုက်ရာ ထိုသူ၏ ရုပ်ခန္ဓာမှာ တစ်စုံတစ်ခုသော အားပြင်းစွာ ဖိညှစ်ခံရသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။

​လောထျန်းဝမ်မှာ စကားတစ်ခွန်း ပြောချင်သလို ဖြစ်သွားသော်လည်း မပြောလိုက်ရပေ။

​"ကျန်တဲ့ တစ်နေရာအတွက် မင်းတို့ သုံးယောက် တိုက်ခိုက်ကြတော့။"

ဖန့်ချန်က ကျန်ရှိနေသည့် သုံးဦးကို ကြည့်ကာ ပြောသည်။ ထိုသုံးဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အမူအရာမှာ တဖြည်းဖြည်း လေးနက်လာသည်။ ထို့နောက်တွင် ဖန့်ချန်နှင့် လောထျန်းဝမ်မှာ ဘေးနားမှနေ၍ ထိုသုံးဦး၏ ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုနေကြသည်။ အချိန်မည်မျှ ကြာသွားသည်ကို မသိလိုက်ရပေ၊ နောက်ဆုံးတွင် အနိုင်အရှုံး ပေါ်ပေါက်သွားသည်။ တစ်ဦးမှာ ခက်ခက်ခဲခဲ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျန်နှစ်ဦးမှာမူ ထိုနေရာတွင်ပင် သေဆုံးသွားသည်။ ထိုကဲ့သို့ တိုက်ပွဲမျိုးတွင် အလျှော့ပေးရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

​အသက်ရှင်ကျန်ရစ်သူမှာ ခြေဆွဲပြီး ဖန့်ချန်နှင့် လောထျန်းဝမ်ရှေ့သို့ ရောက်လာကာ မျက်နှာတွင် အတင်းပြုံးပြလိုက်သည်။ သူ စကားပြောချင်သော်လည်း လမ်းပြသူက အခွင့်အရေး မပေးခဲ့ပေ။

​"ဝူရှန်းပေမြိန့်စခန်းက ယဲ့ထျန်းဂူ၊ လောထျန်းဝမ် နဲ့ လန့်ယွဲ့စခန်းက မသေမျိုးဧကရာဇ် မင်းတို့ သုံးယောက်က ကြေးနီသူတော်စင်နန်းတော်ရဲ့ ကိုယ်စားလှယ် အရန်နေရာကို ရရှိသွားပါပြီ။"

လမ်းပြသူက အေးစက်စက် ပြောသည်။

​မသေမျိုးဧကရာဇ်မှာ လောထျန်းဝမ်ကို အမှတ်မထင် ကြည့်လိုက်မိသည်။ အော်... ဒီလူက ယဲ့ထျန်းဂူကိုး၊ ဟိုလူကမှ လောထျန်းဝမ်။ သူက ဖန့်ချန်ကို ကြည့်ကာ

"ယဲ့ထျန်းဂူ၊ နောင်အခါများမှာ လမ်းညွှန်ပေးပါဦး"

ဟု ပြောသည်။

​လမ်းပြသူမှာ သူ့ကို မပြင်ပေးဘဲ အေးစက်စက်နှင့်ပင် ပြောသည်။

​"ကြေးနီသူတော်စင်နန်းတော်ထဲ ဝင်ဖို့ဆိုရင် အထွတ်ထိပ်တာအို အဆင့်ကို ရောက်ရမယ်။ မင်းတို့ အသီးသီး ပြန်သွားပြီး ကြိုးစားကြ။ အထွတ်ထိပ်တာအို သူတော်စင် အဆင့်ကို ရောက်တဲ့အခါမှ စစ်မှန်တဲ့ စာမေးပွဲကို ဖြေဆိုနိုင်လိမ့်မယ်။"

​အထွတ်ထိပ်တာအို အဆင့်ကို ရောက်မှလား

​ဖန့်ချန်မှာ စဉ်းစားခန်း ဝင်သွားသည်။ ဤအရာမှာ သဘာဝကျပါသည်။ ထို့ကြောင့် သူ၏ လက်ရှိ အဆင့်မှာ ကြေးနီသူတော်စင်နန်းတော်၏ ကိုယ်စားလှယ် အရန်လူအဆင့်သာ ဖြစ်သည်။ သူတို့ စဉ်းစားချိန် မရလိုက်ခင်မှာပင် အလင်းတန်းတစ်ခု ပေါ်လာသည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖန့်ချန်နှင့် လောထျန်းဝမ်မှာ ဝူရှန်းပေမြိန့်စခန်း နယ်မြေသို့ ပြန်လည် ရောက်ရှိသွားကြသည်။ သို့သော် သူတို့၏ ခါးတွင် မည်သည့်အချိန်ကတည်းက ရှိနေမှန်းမသိသော ကြေးနီဖြင့် ပြုလုပ်ထားသည့် အမှတ်တံဆိပ်တစ်ခု ရောက်ရှိနေသည်။ အပေါ်တွင် ထူးဆန်းသော သားရဲတစ်ကောင်၏ ခေါင်းကို ထွင်းထုထားသည်။ မြွေတစ်ကောင်နှင့် တူသလို၊ နဂါးတစ်ကောင်နှင့်လည်း တူသည်။

​"ဒါဆို ပြီးသွားပြီလား" လောထျန်းဝမ်က ဖန့်ချန်ကို ကြည့်လိုက်သည်။

​"မဟုတ်ရင်ကော၊ မင်း အထွတ်ထိပ် သူတော်စင် အဆင့်ကို ရောက်မှပဲ နောက်ဆက်တွဲ စာမေးပွဲတွေကို ဖြေရမှာလေ။"

​ဖန့်ချန်က ခါးမှ ကြေးနီတံဆိပ်ကို ဖြုတ်လိုက်သည်။ သူ့စိတ်အာရုံကို ထိုတံဆိပ်ထဲ ထည့်လိုက်သည့်အခါ သူ၏ ရှေ့တွင် မှိန်ဖျော့ဖျော့ ကြေးနီတံခါးပေါက်တစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

​"ဒါက ကြေးနီသူတော်စင်နန်းတော် ဖြစ်မလား"

​"အထွတ်ထိပ်တာအို သူတော်စင် အဆင့်ကို ရောက်မှပဲ အထဲကို ဝင်နိုင်မှာလား"

​ဖန့်ချန် စိတ်ထဲတွင် တွေးတောနေသည်။ လောထျန်းဝမ်မှာလည်း သူ၏ လုပ်ရပ်ကို သတိပြုမိသွားပြီး ကြေးနီတံဆိပ်ကို ကောက်ကိုင်ကာ မှိန်ဖျော့ဖျော့ တံခါးပေါက်ကို မြင်လိုက်ရသည်။

​"သွားကြစို့၊ စခန်းတာဝန်ခံက ဟိုဘက်မှာ စောင့်နေလောက်ပြီ။"

ဖန့်ချန်က တံဆိပ်ကို ခါးတွင် ပြန်ချိတ်ကာ စခန်းတာဝန်ခံ၏ အိမ်တော်ဘက်သို့ လျှောက်သွားသည်။

​လောထျန်းဝမ်မှာ အမြန်လိုက်ပါသွားပြီး မျက်လုံးထဲတွင် ပျော်ရွှင်မှု အနည်းငယ် ရှိနေသည်။ ထိုခရီးစဉ်မှာ ခက်ခဲသော်လည်း ရလဒ်မှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ သူသည် ကြေးနီသူတော်စင်နန်းတော်၏ ကိုယ်စားလှယ် အရန်နေရာကို ရရှိသွားခဲ့ပြီ။

​"ယဲါထျန်းဂူ ၊ ရွှမ်ဟိုင်ကွမ်ယင် ကိစ္စကို မင်း တကယ်ပဲ ဝင်ဖြေရှင်းမှာလား"

လောထျန်းဝမ်က တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။

​"သေချာပေါက်ပေါ့။" ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် ဖြေသည်။

​"အေးလေ၊ အဲဒီ အခြေခံ အကြောင်းပြချက်တွေအတွက် ငါ့နောက်က အကြီးကဲတွေနဲ့ ညှိပြီး ခဏ ရပ်နားထားလိုက်မယ်။ မင်းမျက်နှာကို ထောက်ထားလို့ပါ။"

လောထျန်းဝမ်ကလည်း ရိုးသားစွာ ခေါင်းညိတ်သည်။

​"ဒါဆို အဆင်ပြေတာပေါ့။"

​ထိုအချိန်တွင် ကောင်းကင်မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းမှာ ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ ရှူးဖူမှာ ပိုမို အသေးစိတ်သော ကိစ္စများကို မေးမြန်းနေပြီး လီတောက်ယဲ့မှာလည်း တစ်ခုချင်းစီ ဖြေကြားနေသည်။ ရုတ်တရက် ရှူးဖူမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ခါးတွင် ချိတ်ထားသော ကြေးနီတံဆိပ်ကို ပွတ်သပ်လိုက်ပြီးနောက် ခေါင်းမော့ကာ လာလမ်းကို စူးစိုက်ကြည့်လိုက်သည်။ လီတောက်ယဲ့တို့မှာလည်း သတိပြုမိသွားပြီး ကြည့်လိုက်ရာ ဖန့်ချန်နှင့် လောထျန်းဝမ်တို့ နှစ်ဦးအတူတူ လျှောက်လာသည်ကို မြင်လိုက်ရသည်။

​"ဒီလောက် မြန်မြန်ဆန်ဆန်ပဲလား" လီတောက်ယဲ့ စိတ်ထဲတွင် အံ့ဩသွားသည်။

​ထိုအချိန်တွင် ထိုနေရာ၌ ရှိနေသူများ၏ အကြည့်များမှာ ဖန့်ချန်နှင့် လောထျန်းဝမ်တို့ဆီသို့ စုပြုံရောက်ရှိသွားသည်။ လောထျန်းဝမ်ကို ကြည့်သည့် အကြည့်များမှာ ထူးဆန်းပြီး ရှုပ်ထွေးသည်။ ဖန့်ချန်ကို ကြည့်သည့် အကြည့်မှာမူ လုံးဝ မတူညီပေ။ ထိုအကြည့်များထဲတွင် ကြောက်ရွံ့ရိုသေမှုများ ရှိနေပြီး ကောင်းကင်ကြီးကို ငေးမောကြည့်နေရသည့် ပုရွက်ဆိတ်ငယ်တစ်ကောင်ကဲ့သို့ ခံစားချက်များ ပါဝင်နေသည်။ ရှူးဖူက သူတို့ခါးတွင် ချိတ်ထားသည့် ကြေးနီတံဆိပ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

​"မင်းတို့နှစ်ယောက် စာမေးပွဲကို အောင်မြင်ပြီး ကြေးနီသူတော်စင်နန်းတော်ရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်တွေ ဖြစ်လာကြပြီပေါ့။"

​ကြေးနီသူတော်စင်နန်းတော်ရဲ့ အရန်ကိုယ်စားလှယ်သူတော်စင်

​ဒါဆို ပြီးသွားပြီလား

​လီတောက်ယဲ့နှင့် တုံယိုဧကရာဇ်တို့မှာ နားမလည်နိုင်သလို ဖြစ်နေသည်။ အကြီးကဲငါးပါးတို့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် အောင်ပွဲခံသည့် ရူးသွပ်သော ပျော်ရွှင်မှုများကို ဖုံးကွယ်မရနိုင် ဖြစ်နေကြသည်။

​အခန်း (၂၈၃၄) - ရိတ်သိမ်းမှုနှင့် ပြန်လည်သုံးသပ်ခြင်း

​ဝူရှန်းပေမြိန့်စခန်းမှ သူတော်စင်နှစ်ဦး ကြေးနီသူတော်စင်နန်းတော်၏ ကိုယ်စားလှယ် အရန်နေရာကို ရရှိသွားပြီဆိုသည့် သတင်းမှာ အချိန်တိုအတွင်းမှာပင် ပျံ့နှံ့သွားခဲ့သည်။ ဤသတင်းကြောင့် စောစောပိုင်းက သံသယဖြစ်ကာ စိုးရိမ်ပူပန်နေကြသည့် အဖွဲ့အစည်း အသီးသီးတို့မှာ ဤကမ္ဘာကြီးသည် တကယ်ပင် ပြောင်းလဲသွားပြီဖြစ်ကြောင်း ရိပ်မိသွားကြသည်။

​ဖန့်ချန်နှင့် လောထျန်းဝမ်တို့သည် ရှူးဖူ၏ အိမ်တော်ထဲသို့ ဝင်ရောက်သွားပြီး တစ်နာရီကျော်ခန့် စကားပြောဆိုပြီးနောက် အသီးသီး ပြန်သွားကြသည်။ နောက်ပိုင်း ရက်အနည်းငယ်မှာတော့ တည်ငြိမ်နေခဲ့သည်။ သို့သော်လည်း ရက်အနည်းငယ်သာ ကြာမြင့်သည့်အချိန်တွင် နာမည်ကြီး ဘေးအန္တရာယ်ကြယ်များမှာ တစ်ဦးပြီးတစ်ဦး လာရောက် ဂါရဝပြုကြသည်။

​ပထမဦးဆုံးအဖြစ် ကမ္ဘာတည်ဆောက်ခြင်းအဆင့် ရှိသည့် ဘေးအန္တရာယ်များ ရောက်ရှိလာသည်။ ဖန့်ချန်က သူတို့ကို ဆွေ့ထျန်းဟွမ် နှင့် စာချုပ်ပါ အသေးစိတ်အချက်အလက်များကို ညှိနှိုင်းရန် တာဝန်ပေးလိုက်သည်။ သူတို့တစ်ဦးစီသည် "နိဗ္ဗာန်တားမြစ်နယ်မြေ" နှစ်ခုစီ လျော်ကြေးပေးရုံသာမက၊ အဆင့် ၁ ကြယ်တာရာမျက်ရည်စက် တစ်စက်ကိုပါ ထပ်မံပေးအပ်ရမည် ဖြစ်သည်။ သူတို့၏ နောက်ကွယ်ရှိ နတ်ဘုရားအင်ပါယာ များသည် လုံရှန်းနတ်ဘုရားအင်ပါယာထက်ပင် ပိုမိုအားကောင်းကြပြီး ရွှမ်ဟိုင်ကွမ်ယင်ကဲ့သို့ပင် အဆင့်၁ ကြယ်တာရာမျက်ရည်များကို ထုတ်လုပ်နိုင်စွမ်း ရှိကြသည်။

​ကမ္ဘာတည်ဆောက်ခြင်း အဆင့် ဘေးအန္တရာယ်ကြယ်များနှင့် စာချုပ်များ ချုပ်ဆိုပြီးသည့်နောက်တွင် တုံယိုဧကရာဇ်က ​ကမ္ဘာတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်း ရှိသည့် ဘေအန္တရယ်ကြယ်များကို ခေါ်ဆောင်ကာ လာရောက် ဂါရဝပြုသည်။

​"အစ်ကိုကြီး ကျွန်တော်တို့ဘက်က အဓိပ္ပာယ်ကတော့ ဒီလိုပါ။ အခု အစ်ကိုကြီးက ​ကမ္ဘာတည်ဆောက်ခြင်း အဆင့် အလယ်ပိုင်းမှာပဲ ရှိသေးတယ်ဆိုတော့ မကြာခင်မှာပဲ ​ကမ္ဘာတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်းကို တက်လှမ်းရမှာ သေချာနေပြီ။"

​"အဲဒီအချိန်ကျရင်လည်း ကျွန်တော်တို့ကို အဆင့်သတ်မှတ်ပွဲတွေ ဘာတွေ ခေါ်ပြီး တိုက်ခိုက်မနေပါနဲ့တော့။ ကျွန်တော်တို့က အစ်ကိုကြီးကို ဘယ်လိုမှ တိုက်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေလို့ပါ။"

​"အခု လီဖန်နဲ့ လောထျန်းဝမ်ကလွဲရင် ကျန်တဲ့ ​ကမ္ဘာတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်းက ဘေးအန္တရာယ််ကြယ်ကိုးဦးလုံးကို ကျွန်တော် ခေါ်လာခဲ့ပါတယ်။"

​"ကျွန်တော်တို့ရဲ့ အဓိပ္ပာယ်ကတော့ အစ်ကိုကြီး ကြေးနီသူတော်စင်နန်းတော်ရဲ့ ကိုယ်စားလှယ် အရန်နေရာကို ရရှိတာကို ဂုဏ်ပြုတဲ့အနေနဲ့၊ တစ်ဦးစီတိုင်းက အစ်ကိုကြီးအတွက် နိဗ္ဗာန်တားမြစ်နယ်မြေ နှစ်ခုနဲ့ အဆင့် ၁ ကြယ်တာရာမျက်ရည် နှစ်စက်စီ ပြင်ဆင်ထားပါတယ်။"

​"ကျွန်တော်ကတော့ ငါးစက်ပေးပါ့မယ်၊ ဘာပဲဖြစ်ဖြစ် အရင်က ပြောထားတဲ့အတိုင်းပေါ့။"

​တုံယိုဧကရာဇ်က ဖန့်ချန်ကို ကြည့်ကာ သတိကြီးစွာဖြင့် မေးလိုက်သည်။

​"အစ်ကိုကြီး ဘယ်လို သဘောရပါသလဲ ခင်ဗျာ"

​ကျန်ရှိနေသော ဘေးအန္တရာယ်ကြယ် များမှာလည်း စိုးရိမ်တကြီး ဖြစ်နေကြသည်။ သူတို့ရှေ့တွင် ရှိနေသူမှာ လူမဟုတ်ဘဲ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေကြောင်း၊ အနာဂတ်တွင်လည်း အကန့်အသတ်မဲ့ ထွန်းတောက်လာမည့်သူ ဖြစ်ကြောင်း သူတို့ သိရှိသွားကြပြီဖြစ်ရာ ရန်သူအဖြစ် သတ်မှတ်ရန် စိတ်ကူးပင် မရှိတော့ပေ။

​ထိုအချိန်တွင် အကြီးကဲငါးပါး ၊ ဝမ်ချုန်းစန်းနှင့် ဆွေ့ထျန်းဟွမ် တို့မှာလည်း အတူရှိနေကြသည်။ တုံယိုဧကရာဇ် ပေးအပ်ထားသည့် အခြေအနေများကို နားထောင်ရင်း သူတို့စိတ်ထဲတွင် လျှို့ဝှက်စွာဖြင့် တွက်ချက်ကြည့်လိုက်ကြသည်။

​ပြိုင်ပွဲကြီး မစတင်မီတွင် ကောင်းကင်ငါးပါးသည် ဆန်းနယဲ့စစ်မြေပြင်တွင် နိဗ္ဗာန်တားမြစ်နယ်မြေ ၂၆ ခု ရရှိထားပြီးဖြစ်သည်။ ယခုအခါ ​ကမ္ဘာတည်ဆောက်ခြင်း အဆင့် အလယ်ပိုင်းမှ ဘေးအန္တရာယ်ကြယ် ၁၂ ဦးက တစ်ဦးလျှင် နှစ်ခုစီ လျော်ကြေးပေးမည်ဆိုလျှင် နယ်မြေ ၅၀ ရရှိမည် ဖြစ်သည်။ ဤနေရာတွင် ​ကမ္ဘာတည်ဆောက်ခြင်း အဆင့် နောက်ဆုံးပိုင်းမှ ဘေးအန္တရာယ်ကြယ် ၁၀ ဦးပေးမည့် နယ်မြေ ၂၀ ကို ထပ်ပေါင်းလိုက်လျှင်...

​"နိဗ္ဗာန်တားမြစ်နယ်မြေ ၇၀ "

အကြီးကဲငါးပါးတို့၏ အမူအရာမှာ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားမှုများ ဖုံးကွယ်မရနိုင်အောင် ဖြစ်လာသည်။ မည်မျှပင် တည်ငြိမ်သူဖြစ်ပါစေ၊ ဤကဲ့သို့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြတော့ပေ။ ထိုမျှသာမက ကြယ်တာရာမျက်ရည် ၃၅ စက်ကိုပါ ရရှိဦးမည်ဖြစ်သည်။ နိဗ္ဗာန်တားမြစ်နယ်မြေနှင့် ကြယ်တာရာမျက်ရည်တို့သည် အင်ပါယာအသီးသီး၏ အခြေခံ အင်အားကို တိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ကောင်းကင်ငါးပါး အနေဖြင့် ဤမျှ ကြီးမားသော အင်အားကို ရရှိသွားပါက နောင်တွင် ခုန်ပျံကျော်လွှားပြီး ဖွံ့ဖြိုးတိုးတက်လာမည်မှာ သေချာသည်။ ဥပမာအားဖြင့် နေမင်းခုနှစ်ပါး ကျောင်းသားများ၏ အရည်အသွေးမှာလည်း အဆမတန် မြင့်တက်သွားလိမ့်မည်။ ယခင်က ထိပ်တန်းနေမင်းခုနှစ်ပါး ကျောင်းသားများ၏ စံနှုန်းမှာ နောင်တွင် "အရည်အချင်းပြည့်မီသည်" ဟူသော အဆင့်သို့သာ ကျဆင်းသွားလိမ့်မည်။

​"မင်းတို့အားလုံးက ငါ့ကို အစ်ကိုကြီးလို့ ခေါ်ဆိုကြတာပဲ၊ ဒီမျက်နှာသာကိုတော့ ပေးရမှာပေါ့။ မင်းတို့ ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။"

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်သည်။

​"ဘာပြဿနာမှ မရှိဘူးဆိုရင် ဒီနေ့ပဲ စာချုပ် ချုပ်ကြတာပေါ့။ နောက်ထပ် နှစ်ပေါင်း ၅၀၀ ပြည့်ဖို့လည်း နီးကပ်လာပြီဆိုတော့ ငါ အရင် ပြန်သွားဦးမယ်။ နောက်တစ်ခါ ပြန်လာတဲ့အခါ မင်းတို့က ကြယ်တာရာမျက်ရည်တွေကို ယူလာခဲ့ကြပါ။ နိဗ္ဗာန်တားမြစ်နယ်မြေအတွက်ကတော့ ဆန်းနယဲ့စစ်မြေပြင်ဘက်က မင်းတို့ကို လာပြီး စေ့စပ်လိမ့်မယ်။"

​"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ နိဗ္ဗာန်တားမြစ်နယ်မြေ ကိစ္စကို ဆန်းနယဲ့စစ်မြေပြင်ကပဲ စေ့စပ်ပါလိမ့်မယ်။"

တုံယိုဧကရာဇ်က ခေါင်းဆက်တိုက် ညိတ်သည်။

​"ဒါဆို အစ်ကိုကြီး စာချုပ် ချုပ်ဖို့ သွားကြရအောင်။"

​သူနှင့် အတူရှိနေသော ဘေးအန္တရာယ်ကြယ်များမှာ စိတ်ထဲတွင် သက်ပြင်းချနိုင်ကြပြီ ဖြစ်သည်။ သူတို့ အကြောက်ဆုံးအရာမှာ ဤလူက စကားပြောပြီးနောက် ပြန်လှန်ပြီး အသက်သေစေသည်အထိ ဖိအားပေးမည်ကို ဖြစ်သည်။ ထိုသို့သာ ဖြစ်ခဲ့ပါက သူတို့ ပေးအပ်ရမည့်အရာမှာ နယ်မြေနှစ်ခု၊ ကြယ်တာရာမျက်ရည် နှစ်စက်မျှသာ ဖြစ်တော့မည် မဟုတ်ပေ။ အဆပေါင်းဆယ်ဆကျော် ပေးအပ်ရလိမ့်မည်။ ယခုမူ သူတို့ အရှုံးနှင့် ရင်ဆိုင်ရသယောင် ဖြစ်နေသော်လည်း စိတ်ထဲတွင်မူ အမြတ်ထုတ်နိုင်မည့် အကြောင်းကို တွေးတောနေကြသည်။ ကြေးနီသူတော်စင်နန်းတော်၏ ကိုယ်စားလှယ် အရန်သူတော်စင်နှင့် မိတ်ဖွဲ့နိုင်ရန် ဤမျှပေးဆပ်ရခြင်းမှာ ဘာမှမဟုတ်ပေ။ အကယ်၍သာ ထိုသူက အနာဂတ်တွင် ကြေးနီသူတော်စင်နန်းတော်၏ အဖွဲ့ဝင် ဖြစ်လာပါက၊ သူတို့နောက်ကွယ်ရှိ အင်ပါယာများသည်လည်း ကျောထောက်နောက်ခံကောင်း ရရှိသွားပေလိမ့်မည်။

နောင်တွင် မည်သည့် အင်အားကြီး အင်ပါယာကမှ လာရောက်ပြီး အင်အားလုပွဲများ မပြုလုပ်တော့ပေ။ ဤသည်မှာ သူတို့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သည့် ရည်ရွယ်ချက် မဟုတ်ပါလား။ သူတို့ တောင်းဆိုခဲ့သည်မှာ ထိုကဲ့သို့သော ငြိမ်းချမ်းမှုမျိုးသာ ဖြစ်သည်။

​စာချုပ်ကို အမြန်ပင် ချုပ်ဆိုလိုက်သည်။ တုံယိုဧကရာဇ်တို့မှာ နစ်နာသည်ဟု မခံစားရသည့်အပြင် စာချုပ်ကို အလွန်ပင် တန်ဖိုးထားစွာဖြင့် ပွတ်သပ်ကြည့်ရှုနေကြသည်။ ဤသည်မှာ သူတို့၏ အနာဂတ်အတွက် အာမခံချက် ဖြစ်သည်။

​...

​...

အကြီးကဲငါးပါးတို့သည် တုံယိုဧကရာဇ်တို့နှင့် စာချုပ်ချုပ်ဆိုပြီးသည်ကိုပင် ကောင်းကင်ငါးပါး အတွက် အကြီးမားဆုံး အမြတ်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဆန်းနယဲ့စစ်မြေပြင်မှ သူတော်စင်များစွာမှာ ဘေးအန္တရာယ်ကြယ်များ ဖြစ်စေ၊ သာမန် သူတော်စင်များ ဖြစ်စေ ဖန့်ချန်ကို လာရောက်တွေ့ဆုံရန် တောင်းဆိုလာကြသည်။ အားလုံးက "အစ်ကိုကြီး" ဟု ခေါ်ဆိုကာ တရားမျှတမှုကို စီရင်ပေးပြီး အင်အားလုပွဲများကို ပြေလည်စေရန် တောင်းဆိုကြသည်။ တည်းခိုခန်း၌ ဧည့်သည်များ တရစပ် ရောက်လာမှသာ အကြီးကဲငါးပါးတို့သည် ဆန်းနယဲ့စစ်မြေပြင်၏ အင်အားလုပွဲများမှာ သူတို့ထင်သည်ထက် များစွာ ပိုမိုကြီးမားကြောင်း အံ့အားသင့်စွာ သိလိုက်ရသည်။ လုံရှန်းအင်ပါယာ မှာ ထိုထဲတွင် ကံဆိုးသည့် အဖွဲ့တစ်ခုသာ ဖြစ်သည်။ အချို့မှာ လုံရှန်းထက်ပင် ကံဆိုးကြသည်။ ဖန့်ချန်သည် ညှိနှိုင်းမှု တစ်ခုပြီးတိုင်း အကျိုးအမြတ် အချို့ကို ရရှိနေသည်။ တဖြည်းဖြည်းနှင့် ကောင်းကင်ငါးပါး ရရှိမည့် နိဗ္ဗာန်တားမြစ်နယ်မြေ အရေအတွက်မှာ တစ်ခုပြီးတစ်ခု တိုးပွားလာသည်။ ထိုအချိန်အတွင်း သာမန် ကြယ်တာရာမျက်ရည် အချို့ကိုလည်း ရရှိခဲ့သည်။

​နှစ်ပေါင်း ၅၀၀ ပြည့်ရန် နီးကပ်လာသည့်အခါ ဖန့်ချန်နှင့် ကောင်းကင်ငါးပါး မှ သူတော်စင်များ စုဝေးပြီး အစည်းအဝေး အသေးစားတစ်ခု ပြုလုပ်ကြသည်။ ဆွေ့ထျန်းဟွမ် က နှစ်ပေါင်းများစွာ၏ ရိတ်သိမ်းမှုကို တင်ပြသည်။

​"အခြေအနေက ဒီလိုပါခင်ဗျာ။"

​"ဆန်းနယဲ့စစ်မြေပြင်ဘက်မှာ ကျွန်တော်တို့ စုစုပေါင်း နိဗ္ဗာန်တားမြစ်နယ်မြေ ၁၀၇ ခု ရရှိထားပါတယ်။ ကျွန်တော်တို့ အရင်က ရှိပြီးသား တစ်ခုနဲ့ဆိုရင် ၁၀၈ ခု ဖြစ်သွားပါပြီ "

​"ဒါက နောက်ဆုံး ရလဒ်တော့ မဟုတ်သေးပါဘူး။ ဖန့်သူတော်စင်ဘိုးဘေးသာ နောင်အခါမှာ ဝူရှန်းပေမြိန့်စခန်းကို ထပ်လာမယ်ဆိုရင်၊ ဘယ်ဘက်ကပဲ အခက်အခဲ ရှိရှိ ဖန့်ဘိုးဘေးကိုပဲ အကူအညီတောင်းမှာမို့လို့ နိဗ္ဗာန်တားမြစ်နယ်မြေတွေ ထပ်တိုးလာဦးမှာပါ။"

​"ဒါ့အပြင် အဖွဲ့အစည်းအသီးသီးက ပေးအပ်ဖို့ ကတိပြုထားတဲ့ ကြယ်တာရာမျက်ရည်မှာ သာမန်အဆင့် ၅၂ စက် ရှိပါတယ်။"

​"အဆင့် ၁ ကြယ်တာရာမျက်ရည်က ၄၇ စက် ရှိပါတယ်။"

​"ဒါလည်း နောက်ဆုံး ရိတ်သိမ်းမှု မဟုတ်သေးပါဘူး၊ ဒီနှစ် ၅၀၀ အတွင်း ရိတ်သိမ်းမှုသာ ဖြစ်ပါတယ်။"

​ဤသို့ ပြောပြီးနောက် ဆွေ့ထျန်းဟွမ် က ဖန့်ချန်ကို တစ်ချက်ကြည့်ပြီး စကားကို ရပ်လိုက်သည်။ အကြီးကဲငါးပါးတို့၏ အမူအရာမှာလည်း စိုးရိမ်တကြီး ဖြစ်လာသည်။ သူတော်စင်များအားလုံး သိကြသည်မှာ နောက်ဆုံးအပိုင်းမှာ အရေးအကြီးဆုံးဖြစ်သည်။ ဤအကျိုးအမြတ်အားလုံးကို ဖန့်ချန်တစ်ဦးတည်းသာ စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ နိဗ္ဗာန်တားမြစ်နယ်မြေများကို ကောင်းကင်ငါးပါးက အများပိုင်အဖြစ် သုံးနိုင်သော်လည်း၊ ဤ ကြယ်တာရာမျက်ရည်များကို မည်သို့ ခွဲဝေမည်နည်း။

​"မင်းတို့ ငါ့ကို ဘာလို့ ဒီလို ကြည့်နေတာလဲ" ဖန့်ချန်က ပြုံး၍ မေးသည်။

​"ပြန်ရောက်တဲ့အခါ ငါ့လူတွေကို အရင် ခွဲဝေပေးလိုက်မယ်။ အခု ရှိတဲ့ အရေအတွက်နဲ့ဆိုရင် အားလုံးကို အကုန် ခွဲပေးလိုက်ရင် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး။ ဒါကြောင့် ငါ သတ်မှတ်ပေးမယ့် သူအနည်းငယ်ကို ပေးပြီးရင် ကျန်တဲ့ အစိတ်အပိုင်းကို သိမ်းထားမယ်။ အဲဒီကျရင် ကောင်းကင်ငါးပါးထဲမှာ ကြယ်တာရာမျက်ရည် ရယူပွဲတစ်ခု ကျင်းပမယ်။ အဆင့်သတ်မှတ်ချက်အလိုက် ကြယ်တာရာမျက်ရည်စက်ကို ဆုလာဘ်အဖြစ် ပေးမယ်။ အသေးစိတ်ကိုတော့ ပြန်ရောက်မှပဲ ဆွေးနွေးကြတာပေါ့။"

​အကြီးကဲငါးပါးတို့၏ မျက်လုံးထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။ ကြယ်တာရာမျက်ရည် ရယူပွဲသာ ကျင်းပမည်ဆိုလျှင် သူတို့ ပါဝင်နိုင်မည်မှာ သေချာသည်။ ဆွေ့ထျန်းဟွမ် တို့မှာမူ လျှို့ဝှက်စွာ သက်ပြင်းချလိုက်သည်။ သိသာနေသည်မှာ သူတို့အနေဖြင့် ဤကြယ်တာရာမျက်ရည်များကို ခဏတာ ခံစားခွင့် မရှိသေးပေ။

​"ပြီးတော့၊ ငါတို့က စပွန်ဆာတွေ ရှာပြီး ကြယ်တာရာမျက်ရည်စက်တွေ ပိုရအောင် စီစဉ်နိုင်မလား စဉ်းစားကြည့်ရအောင်။"

​ဖန့်ချန်က စိတ်လှုပ်ရှားကာ ဆွေ့ထျန်းဟွမ်ကို ကြည့်ပြီး ပြောသည်။

​"ကျန့်ဆီးလုံ က အမြင့်မြတ်ဆုံး နတ်ဘုရားအင်ပါယာ ပြန်မရောက်သေးဘူးမလား သူ့ကို ချိန်းလိုက်ပါ၊ ငါ သူ့ကို တွေ့ချင်တယ်လို့ ပြောလိုက်ပါ။"

​ဆွေ့ထျန်းဟွမ် ၏ မျက်လုံးများ အရောင်လက်သွားသည်။

​"ဟုတ်ကဲ့"

All Chapters