← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁ - သူမကို ကာကွယ်ခြင်း

"ကိုယ် အရင်ဆုံး အိမ်က လူကြီးတွေဆီ စာရေးလိုက်မယ်၊ ပြီးရင် နယ်စားမင်းအိမ်တော်ကို လာပြီး တောင်းရမ်းမယ်။ အခုက ဆောင်းနှောင်းပိုင်းရောက်နေပြီဆိုတော့ အမေလည်း မကြာခင် တုန်းကျင်းကို ရောက်လာတော့မှာ။ အမေရောက်လာတာနဲ့ မင်းကို ခေါ်သွားပြီး မိတ်ဆက်ပေးမယ်။ နောက်ဆုံးထားပြီး နွေဦးတော်ဝင်စာမေးပွဲတွေ ပြီးတာနဲ့ မင်းကို သေချာပေါက် လက်ထပ်ပြီး အိမ်ခေါ်သွားမယ်။"

ရွှယ်နင်၏ရင်ထဲက တင်းကျပ်နေတဲ့ ကြိုးလေး အနည်းငယ် လျော့ကျသွားသည်။ သူက သူတို့ရဲ့မင်္ဂလာကိစ္စကို အလေးအနက်ထား ပြောဆိုနေတာကို ကြားလိုက်ရတော့ သူမ ပါးပြင်လေးများ နွေးထွေးလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဟန်ဆောင်လက်ထပ်ကြတာပဲဆိုတော့ မလိုအပ်တဲ့ အဆင့်တွေ အကုန်ကျော်ချလိုက်လို့ရပါတယ်။ ကျွန်မ ကိစ္စမရှိပါဘူး။"

သို့သော် လီချန်ချဲ့က ငြင်းသည်။

"ကိုယ့်ရဲ့ မင်္ဂလာပွဲအတွက် ဘယ်အရာကိုမှ ကျော်ချလို့မရဘူး။ မင်းနဲ့ထိုက်တန်တဲ့ အရာအားလုံးကို ကိုယ် ပေးမယ်။"

ထိုသို့ပြောရင်း သူက မတ်တတ်ရပ်ကာ သူမဆီသို့ လျှောက်လာပြီး လက်ဖဝါးအရွယ်အစားရှိ ခေါက်စာလိပ်လေးတစ်ခုကို လက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

"ဒါက မင်းအတွက်။"

ရွှယ်နင် အံ့သြသွားပြီး သူမ၏ မျက်နှာလေးကို မော့ကြည့်လိုက်၏။

"ဒါက ဘာလဲဟင်။"

လီချန်ချဲ့က ထိုအရာကို သူမ၏ လက်ဖဝါးပေါ် တင်ပေးလိုက်ပြီး ဩရှဆွဲဆောင်မှုရှိသော အသံဖြင့် ပြောလာသည်။

"ကိုယ့်ရဲ့ မွေးဇာတာ။ သေချာ သိမ်းထားဖို့ မှတ်ထားပါ။"

ရွှယ်နင် ပြာယာခတ်သွားသည်။

"ဒါပေမယ့် ကျွန်မရဲ့ မွေးဇာတာက ဒီမှာမရှိဘူး—"

လီချန်ချဲ့၏ နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးတစ်ခု ပေါ်လာသည်။

"ရပါတယ်။ မင်းဆီရောက်လာမှ ကိုယ့်ကို ပေးလို့ရတယ်။"

မင်္ဂလာမဆောင်ခင် အပြန်အလှန် ဖလှယ်ရမယ့် မွေးဇာတာကို သူမအား ဒီလောက်လွယ်လွယ်ကူကူ ပေးအပ်လိုက်တယ်... မင်းသမီးယန်ရန်ကရော ဘယ်လိုလုပ်မလဲ။

ရွှယ်နင်၏ ရင်ထဲတွင် ဗြောင်းဆန်နေပြီး နှလုံးခုန်မြန်နေသည်။ သခင်လေးလီက သူတို့ရဲ့ အိမ်ထောင်ရေးက အမှန်တကယ် ဟန်ဆောင်မှု ဟုတ်၊ မဟုတ် သေချာမရှင်းပြခဲ့တာကို သူမ ရုတ်တရက် သတိရလိုက်သည်။ အရာအားလုံးက ဝေဝေဝါးဝါးနှင့် ပြီးပြတ်သွားခဲ့၏။ သူမ စိတ်တွေ ရှုပ်ထွေးနေတယ်။

"သခင်လေးလီ၊ ကျွန်မတို့ သဘောတူညီချက် စာချုပ်တစ်ခုခု ရေးသင့်လား။"

လီချန်ချဲ့က "မလိုပါဘူး" ဟု ပြန်ဖြေသည်။

ခဏအကြာတွင် သူမ စိတ်ပြောင်းသွားမှာကို စိုးရိမ်သဖြင့် သူက ထပ်ပြောလိုက်၏။

"နောက်မှ ဆက်ပြောကြတာပေါ့"

"ကောင်းပါပြီ။"

ရွှယ်နင် နှုတ်ခမ်းကိုစေ့လိုက်ပြီး မျက်နှာလေး ရဲနီကာ သူ့ကို လိုက်ပို့ရန် တံခါးဝသို့ လျှောက်သွားသည်။

"အဒေါ်ပြန်လာရင် သူ(မ)နဲ့ အရင်ဆုံး တိုင်ပင်လိုက်ပါဦးမယ်..."

လီချန်ချဲ့၏ မျက်ဝန်းများ နူးညံ့သွားသည်။ မထွက်ခွာမီ သူက သူမကို စူးစိုက်၍ အကြိမ်ကြိမ် ကြည့်လိုက်သည်။

"ရွှယ်နင်၊ ကိုယ့်ကို တာဝန်ယူမယ်လို့ ပြောထားပြီးမှတော့ မင်း ကတိတည်ရမယ်နော်။ အဲဒီတုန်းက ကိုယ့်ကို အရင် စနမ်းခဲ့တာ မင်းပဲလေ။"

ရွှယ်နင်သည် အလွန်ရှက်ရွံ့နေတာကြောင့် ထိုအမျိုးသား၏ မျက်ဝန်းထဲတွင် တလက်လက်ဖြစ်သွားသော သိမ်မွေ့သည့် ခံစားချက်များကို သတိမထားမိလိုက်ပေ။

"အဒေါ်တို့ ပြန်လာကြပြီထင်တယ်... သခင်လေးလီ အရင်ပြန်နှင့်ပါတော့။"

လီချန်ချဲ့က သဘောတူကြောင်း အသံပြုလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

"အိမ်ပြန်ရောက်ရင် စုကျန်းကို မကြောက်နဲ့နော်။ ကိုယ်က မင်းရဲ့ စေ့စပ်ထားသူပဲ၊ ကိုယ် မင်းကို ကာကွယ်ပေးမယ်"

ရွှယ်နင်၏ နှလုံးသားလေးက ညင်သာစွာ ပွေ့ဖက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

လေနှင့် နှင်းများကြားရှိ လီချန်ချဲ့ကို သူမ မော့ကြည့်လိုက်ကာ မျက်ရည်များ ဝဲတက်လာ၏။

"ကောင်းပါပြီ။"

လီချန်ချဲ့ ထွက်သွားပြီးနောက် သူမ စင်္ကြံအောက်တွင် တစ်ယောက်တည်း ရပ်ကာ အတွေးနက်နေမိသည်။

စုကျန်းအကြောင်း တွေးမိတော့ မင်းသမီးယန်ရန်ကိုလည်း သူမ သတိရသွားတယ်။

ဖြည်းဖြည်းချင်း သူမ စိတ်ကို တည်ငြိမ်စေလိုက်ပြီး လက်ထဲမှ မွေးဇာတာကို သတိတရ ဆုပ်ကိုင်လိုက်သည်။ သခင်လေးလီအတွက် မင်းသမီးယန်ရန်ကို ကာကွယ်ပေးမယ့် နည်းလမ်းကို ရှာဖွေမှာဖြစ်ပြီး ဒီဘဝမှာ သူမ အစောကြီး သေဆုံးမခံရစေရန် သေချာစေမယ်လို့ သူမကိုယ်သူမ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမနှင့် သခင်လေးလီတို့ ကွာရှင်းပြီးတာနှင့် တရားဝင် ဇနီးမယားနေရာကို မင်းသမီးယန်ရန်ဆီ အပြည့်အဝ အကောင်းပကတိအတိုင်း ပြန်လည်လွှဲပြောင်းပေးမယ်။

ရွှမ်းယီ နယ်စားမင်း အိမ်တော်

ကိုယ်လုပ်တော်နျဲ့သည် ဝမ်ရှိုခန်းမဆောင်တွင် အလုပ်အကျွေးပြုပြီးနောက် နောက်ဆုံးတွင် ပြန်ရောက်လာပြီး ညောင်စောင်းပေါ်တွင် သက်တောင့်သက်သာ မှီထိုင်ကာ အစေခံမလေးအား ခြေထောက်များကို နှိပ်ခိုင်းနေသည်။

စုရှီး ထွက်သွားပြီးနောက် လျိုရှီသည် စိတ်နှလုံးကြေကွဲကာ ဒုတိယအိမ်‌တော်ထဲမှာ ခိုအောင်းနေပြီး အပြင်သို့ တစ်ဖဝါးမှ မလှမ်းတော့ပေ။

ဆန့်ကျင်ဘက်အနေနှင့် သခင်မတုန်းကတော့ လတ်တလောတွင် တက်ကြွနေပြီး လီယွမ်သို့ ခဏခဏ လာရောက်တတ်သည်။

ဒီနေ့ ရွှယ်နင်က လော်အိမ်တော်ကို သွားခဲ့တဲ့အတွက် သခင်မတုန်းက ရွှယ်နင် အရှက်ရမယ့်အဖြစ်ကို မြင်ချင်ဇောဖြင့် သူမ ပြန်အလာကို စောင့်ဆိုင်းရန် လီယွမ်သို့ စောစောစီးစီး ရောက်နှင့်နေခြင်း ဖြစ်၏။

ကိုယ်လုပ်တော်နျဲ့သည် ပြတင်းပေါက်အပြင်ဘက်သို့ ရံဖန်ရံခါ မျက်လုံးပင့်၍ လှမ်းကြည့်မိသည်။ သို့သော် ရွှယ်နင် အကူအညီလာတောင်းတာကိုတော့ သူမ လုံးဝမတွေ့ရပေ။

သခင်မတုန်းလည်း ထူးဆန်းတယ်လို့ ခံစားရ၏။

"ထူးဆန်းလိုက်တာ။ ဒီနေ့ နယ်စားမင်းအိမ်တော်က ဘယ်သူမှ အပြင်မသွားကြဘူး။ ရွှယ်နင်က တကယ်ပဲ လော်အိမ်တော်ကို တစ်ယောက်တည်း သွားလိုက်တာလား"

ကိုယ်လုပ်တော်နျဲ့က သူမရှေ့ရှိ အစေခံမလေးကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

"ချီယွင်ဆောင်ကို လူလွှတ်ပြီး အခု ဘာတွေဖြစ်နေလဲ သွားကြည့်ခိုင်းလိုက်"

အစေခံမလေးသည် အမြန်ထွက်သွားပြီးနောက် မကြာမီမှာပင် သတင်းနှင့်အတူ ပြန်ရောက်လာကာ လိုက်ကာကိုပင့်၍ ဝင်လာသည်။

"ကိုယ်လုပ်တော်ကို သတင်းပို့ပါတယ်၊ သခင်မလေးရွှယ်က အိမ်တော်ကနေ ထွက်သွားတာ ကြာလှပါပြီ အခုထိ ပြန်မရောက်သေးပါဘူး။"

ကိုယ်လုပ်တော်နျဲ့ အံ့အားသင့်သွား၏။

"ဘာလဲ။ မိန်းကလေးတစ်ယောက်က ဒီလောက်တောင် အရှက်မရှိရဲတာလား။"

သခင်မတုန်းက မျက်မှောင်ကြုတ်လိုက်သည်။

"သေချာ စုံစမ်းခဲ့တာရော ဟုတ်ရဲ့လား"

အစေခံမလေးက ပြန်ဖြေသည်။

"သူ(မ)က ဒီမနက်အစောကြီးကတည်းက လော်အိမ်တော်ကို ရထားလုံးနဲ့ သွားခဲ့တာလို့ ပြောကြပါတယ်။ ကျွန်မ အိမ်ရှေ့ဂိတ်ဝကို သွားပြီး ထပ်မေးကြည့်တော့ ရှီဇီလည်း ပြန်ရောက်နေပြီတဲ့... လော်အိမ်တော်ကနေ ပြန်လာတာလို့ ပြောပါတယ်"

ကိုယ်လုပ်တော်နျဲ့၏ မျက်နှာပျက်သွားပြီး ဆက်၍ မထိုင်နိုင်တော့ဘဲ ကုတင်ပေါ်မှ ကပျာကယာ ထရပ်လိုက်သည်။

"ရှီဇီက ဘာလို့ ပြန်လာတာလဲ။"

အစေခံမလေးက ခေါင်းခါပြသည်။

"ကျွန်မလည်း မသိပါဘူး။ ကျွန်မ ဝင်လာတုန်းက ရှီဇီက မော့ပိုင်နဲ့အတူ ဝမ်ရှိုခန်းမဆောင်ဘက်ကို ဦးတည်သွားနေတာပဲ မြင်လိုက်ရတာပါ။"

ကိုယ်လုပ်တော်နျဲ့သည် ရုတ်တရက် ထိတ်လန့်ခြောက်ခြားသွား၏။ ရှီဇီက ယခုအခါ တရားရေးဝန်ကြီးဌာနမှာ ရာထူးကြီးကြီးမားမား ရရှိထားပြီး နယ်စားမင်းအိမ်တော်ရဲ့ ကျောရိုးတိုင်လည်း ဖြစ်တယ်။ သားဖြစ်သူက မိခင်အတွက် အကြီးမားဆုံး အားကိုးရာ မဟုတ်လား။ အကယ်၍ သူ့မိခင် သခင်မကျန်းက ဘိုးဘေးခန်းမမှာ ဒူးထောက်အပြစ်ပေးခံထားရတာကို သိသွားပါက သူ သေချာပေါက် ဒေါသပေါက်ကွဲလိမ့်မယ်။ ထိုအရာက နယ်စားမင်းရဲ့ အမိန့်ကြောင့်ပဲဖြစ်ပါစေ သူမက ကိုယ်လုပ်တော်တစ်ယောက်ပဲ ဖြစ်တာကြောင့် သူတို့ကြား ညှပ်ပူးညှပ်ပိတ် ခံရနိုင်ခြေ ရှိ၏။

"ဝမ်ရှိုခန်းမဆောင်ကို သွားကြည့်ကြစို့။"

သို့သော် တံခါးဝသို့ ရောက်သောအခါ သူမ၏ သတ္တိများ လျော့ပါးသွားသည်။

"ထားလိုက်ပါတော့။ အဖေနဲ့သား အချင်းချင်းပဲ ငြင်းခုံကြပါစေ။"

သခင်မတုန်းက ထရပ်ပြီး ကိုယ်လုပ်တော်နျဲ့၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလျက် ပြောလိုက်သည်။

"အစ်မ၊ စိတ်မပူပါနဲ့။ နယ်စားမင်းက အမြဲတမ်း အစ်မဘက်မှာ ရှိနေမှာပါ။ သခင်မကျန်းမှာ တော်တဲ့သားတစ်ယောက် ရှိနေရင်တောင် နယ်စားမင်းအိမ်တော်ရဲ့ အရှင်သခင်က နယ်စားမင်းပဲလေ"

သခင်မတုန်း၏ စကားများကို ကြားရမှ ကိုယ်လုပ်တော်နျဲ့လည်း စိတ်အနည်းငယ် တည်ငြိမ်သွားပြီး စင်္ကြံရှိ အစေခံမလေးများကို အမိန့်ပေးလိုက်သည်။

“ဒီနေ့ ငါ ဘယ်သူ့ကိုမှ အတွေ့မခံဘူး။ နင်တို့အားလုံး အိမ်ရှေ့ဂိတ်ဝမှာ သွားစောင့်နေကြ”

အစေခံမလေးများက အမိန့်ကို နာခံကာ အဆောင်ဝင်းတံခါးကို တင်းကျပ်စွာ ပိတ်လိုက်ကြသည်။

အပြင်ဘက်တွင် မြောက်ပြန်လေက တဝူးဝူးတိုက်ခတ်နေပြီး အအေးဓာတ်ကို သယ်ဆောင်လာ၏။

ထို့နောက်တွင် ကိုယ်လုပ်တော်နျဲ့သည် လှည့်ပြန်လာကာ သခင်မတုန်းနှင့်အတူ ထိုင်၍ လက်ဖက်ရည် ဆက်သောက်နေလိုက်သည်။

“နှမြောစရာပဲ။ ရွှယ်နင် ငါ့ရှေ့မှာ ခေါင်းငုံ့ရတာကို မမြင်လိုက်ရဘူး။ သူ(မ) အရှက်တကွဲ အကျိုးနည်းဖြစ်တာကို ငါ မြင်ချင်ခဲ့တာ။”

သခင်မတုန်းက ပြောသည်။

“အစ်မက အခု နယ်စားမင်းအိမ်တော်ရဲ့ အိမ်တွင်းရေးကို အုပ်ချုပ်နေရတာပဲ၊ နောင်ကျရင် အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ”

ကိုယ်လုပ်တော်နျဲ့က ထိုစကားကို သဘောကျတာကြောင့် မျက်လုံးလေးများ မှေးစင်းသွားသည်အထိ ပြုံးလိုက်သည်။

“ဒါလည်း ဟုတ်တာပဲ။ သူ(မ)မှာ သူ(မ)ဘက်က ရပ်တည်ပေးမယ့် လူကြီးမိဘတစ်ယောက်မှ မရှိဘူး။ လော်အိမ်တော်နဲ့ သူ(မ)ရဲ့ စေ့စပ်ပွဲက အထမြောက်မှာမဟုတ်ဘူးလို့ ငါ ထင်တယ်။ လော်ဝမ်ကျွင်းက တုန်းကျင်းရဲ့ ထိပ်သီးပါရမီရှင်စာရင်းမှာ ထိပ်ဆုံးသုံးယောက်ထဲပါတဲ့သူ။ ဒီလောက် ကောင်းမွန်တဲ့ သမက်လောင်းကို... သခင်မကျန်းကတော့ သူမရဲ့ မွေးစားသမီးအပေါ် တကယ်ကို ရက်စက်တာပဲ”

သခင်မတုန်းကလည်း ရွှယ်နင်နှင့် လော်ဝမ်ကျွင်းတို့၏ ဖူးစာကို အထင်မကြီးပေ။ သူမ၏ မျက်ဝန်းထဲတွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု စွဲထင်နေ၏။

“ကျွန်မအမြင် ပြောရရင်တော့ သူ(မ)ကို ဖြစ်သလိုပဲ တစ်ယောက်ယောက်နဲ့ ပေးစားလိုက်ရုံပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ(မ)က နယ်စားမင်းအိမ်တော်ရဲ့ မွေးစားသမီးတစ်ယောက်ပဲ"

သူမရဲ့ သမီးအရင်း စုချင်းတောင် အိမ်ထောင်ဖက်ကောင်း မရတာ ရွှယ်နင်က ဘာလို့ အိမ်ထောင်ကောင်း ရရမှာလဲ။

သခင်မတုန်းသည် ရွှယ်နင်ကို မနှစ်မြို့ရုံသာမက သူမ၏ သားအရင်းကိုတောင် မြှူဆွယ်နိုင်လောက်သည့် ဆွဲဆောင်မှုရှိသော ရုပ်ရည်ကိုလည်း ကြည့်မရပေ။

ကိုယ်လုပ်တော်နျဲ့လည်း ထိုနည်းတူ တွေးမိသဖြင့် ခပ်တိုးတိုး ရယ်မောလိုက်၏။

“သခင်မကြီးက ခွင့်ပြုပါ့မလား မသိဘူး။”

သခင်မတုန်းလည်း စိတ်ရှုပ်သွားရတယ်။ အကယ်၍ ရွှယ်နင်သာ အိမ်ထောင်မကျပါက နောက်ဆုံးမတတ်သာတဲ့အဆုံး သူမရဲ့သား စုမိုင်နှင့် ပေးစားခံရမှာကို စိုးရိမ်တယ်။

...

ရွှယ်နင်သည် လော်အိမ်တော်တွင် တစ်ညတာ တည်းခိုခဲ့ပြီး နောက်ဆုံးတွင် ယန်ရှီနှင့် သဘောတူညီချက် ရရှိခဲ့သည်။

သို့သော် သူမ၏ မွေးဇာတာက သခင်မကျန်း၏ လက်ထဲတွင် ရှိနေတာကြောင့် ၎င်းကို ပြန်ယူရန် နယ်စားမင်းအိမ်တော်သို့ ပြန်ရဦးမည်။ လီချန်ချဲ့နှင့် သူမ၏ မင်္ဂလာကိစ္စကိုလည်း သခင်မကျန်းနှင့် ဆွေးနွေးရမည် ဖြစ်၏။

“လီချန်ချဲ့က လူကောင်းလေးတစ်ယောက်ပါ။ မင်းရဲ့ အစ်ကိုကြီးလုနဲ့လည်း သွေးသောက်ညီအစ်ကိုတွေလေ။ မင်း သူ့ကို လက်ထပ်မယ့်ကိစ္စကို မင်းရဲ့ဦးလေးနဲ့ အစ်ကိုတို့က စိတ်အေးရပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တို့တွေ လျှို့ဝှက်ထားဖို့ သင်ယူရမယ်၊ မင်္ဂလာပွဲကို အထင်အရှား မလုပ်ရဘူး။ မဟုတ်ရင် မကောင်းကြံချင်တဲ့သူတွေက ထပ်ပြီး ဖျက်ဆီးဖို့ ကြိုးစားကြလိမ့်မယ်။”

ရွှယ်နင်သည် ထိုမြစိမ်းရောင် ဝတ်စုံကို တွေးမိသွားပြီး အလေးအနက် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

All Chapters