← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂ - စုကျန်း နေမကောင်းဖြစ်ခြင်း

ယန်ရှီသည် သူမ၏ စိတ်ကူးအတွေးအမြင်ကို အလွန်အမင်း လေးစားမိသည်။

မနေ့က လော်အိမ်တော်မှာ စုကျန်း ပြောသွားခဲ့တဲ့ စကားတွေက တကယ်ကို နားမခံသာစရာ ကောင်းတယ်။

အပြင်လူဖြစ်တဲ့ သူမကိုယ်တိုင်တောင် စိတ်မသက်မသာ ဖြစ်ရတာ ရွှယ်နင်ကိုယ်တိုင်ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။

ရွှယ်နင် မနေ့ကတစ်ညလုံး မအိပ်နိုင်ခဲ့တာလည်း မဆန်းပါဘူးလေ။ သူမကို ရင်ဖွင့်ပြီးတဲ့နောက် အခန်းထဲက ဆီမီးခွက်က တစ်ညလုံး လင်းထိန်နေခဲ့ပြီး ဒီနေ့အထိ သူမမျက်ဝန်းအောက်မှာ ကွင်းမည်းကြီးတွေ ထင်ကျန်နေတုန်းပင်။

သူမသည် စိတ်မကောင်းဖြစ်စွာဖြင့် ရွှယ်နင်၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ထားမိသည်။

"လော်ဝမ်ကျွင်းက ဒီလိုလူစားမျိုး ဖြစ်လိမ့်မယ်လို့ အဒေါ် လုံးဝမထင်ထားခဲ့ဘူး နင်နင်။ စိတ်ထဲ သိပ်ပြီး ထားမနေပါနဲ့တော့။"

ယန်ရှီ၏ မျက်ဝန်းများ နီမြန်းလာတာကို မြင်တော့ ရွှယ်နင်က ပြန်လည်နှစ်သိမ့်လိုက်သည်။

"အဒေါ် စိတ်မပူပါနဲ့။ ကျွန်မ စိတ်မကောင်းမဖြစ်ပါဘူး။ အမှန်အတိုင်းပြောရရင် စိတ်ပေါ့ပါးသွားတာပါ။"

ယန်ရှီက သက်ပြင်းကို မတတ်သာဘဲ ချလိုက်သည်။

"ဒီလိုအခြေအနေမျိုးမှာတောင် သမီးက စိတ်ပေါ့ပါးနိုင်သေးတယ်လား"

ရွှယ်နင်က ပြုံးကာ ပြောလိုက်သည်။

"တချို့အရာတွေကို လက်ထပ်ပြီးမှ သိရတာထက်စာရင် မင်္ဂလာမဆောင်ခင် သိလိုက်ရတာက ပိုကောင်းပါတယ်။ ကောင်းကင်ဘုံက ကျွန်မကို ကူညီလိုက်တာပဲ"

ယန်ရှီက နောက်ထပ်တစ်ကြိမ် သက်ပြင်းချလိုက်ရင်း ရွှယ်နင်၏ အေးစက်နေသော လက်ကလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။

"ကောင်းပါပြီ၊ အခုပဲ နယ်စားမင်းအိမ်တော်ကို ပြန်လိုက်ပါဦး။ မနေ့ကလည်း လေတိုက်ခံထားရသေးတယ်၊ စောစောပြန်ပြီး နားနားနေနေ နေပါ"

"အဒေါ် စိတ်မပူပါနဲ့။ နင်နင် တကယ် အဆင်ပြေပါတယ်။"

"အဒေါ် နားလည်ပါတယ်။ ဒါပေမယ့် သခင်လေးလီနဲ့ ကိစ္စကိုတော့ အပြင်လူတွေကို အသိမပေးဖို့ သတိရဦး။"

ရွှယ်နင်က "ဟုတ်ကဲ့" ဟု ခပ်တိုးတိုး အသံပြုကာ နယ်စားမင်းအိမ်တော်သို့ ပြန်မည့် ရထားလုံးပေါ်သို့ တက်လိုက်သည်။

အိမ်တော်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် နှင်းဖုံးနေသော မြေပြင်ပေါ်တွင် ဖြတ်ပြေးသွားသော မြစိမ်းရောင် ဂါဝန်စလေးကို ဖျတ်ခနဲ မြင်လိုက်ရသည်။

ပေါင်ချန်က ထိုဂါဝန်ပိုင်ရှင်၏ အစေခံမလေးကို မှတ်မိသဖြင့် ပျာပျာသလဲ ရေရွတ်လိုက်သည်။

"သခင်မလေး၊ အဲဒါ ကျင်းကျူးပဲ။"

ရွှယ်နင် မော့ကြည့်လိုက်သော်လည်း ဂါဝန်ပိုင်ရှင်က ဝေးဝေးသို့ ရောက်ရှိနေပြီဖြစ်ကာ ဒုတိယအိမ်တော်ဘက်သို့ ဦးတည်သွားနေသည့် ကျောပြင်ကိုသာ မြင်တွေ့လိုက်ရသည်။

"သူ(မ)ကိုး။"

ပေါင်ချန်က နှုတ်ခမ်းကို ကိုက်လျက်-

"ဘာလို့ ဒုတိယသခင်မလေး ဖြစ်နေရတာလဲ"

ရွှယ်နင်၏ နှုတ်ခမ်းထောင့်များ ခပ်ရေးရေး ကွေးညွတ်သွား၏။

"သူ(မ)အစ်မအတွက် ကလဲ့စားချေပေးချင်လို့ ဖြစ်မှာပေါ့။"

ဘယ်လိုပဲဖြစ်ဖြစ်၊ လော်ဝမ်ကျွင်းရဲ့ စိတ်ရင်းမှန်ကို စောစောစီးစီး စမ်းသပ်ပေးခဲ့တဲ့အတွက် စုယင်ကို သူမ ကျေးဇူးတင်ရမယ်။

အဲ့လိုသာမဖြစ်ခဲ့လျှင် သူမ သူ့ကို လက်ထပ်ပြီးသည့်တိုင်အောင် အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။

"သခင်လေးလော်က တကယ်ပဲ ဒုတိယသခင်မလေးလို လူမျိုးကို သဘောကျတာလား။ ဒါပေမယ့် သူတို့နှစ်ယောက်က ဘယ်တုန်းကတည်းက ပတ်သက်နေကြတာလဲ။ တွေးလေလေ ပိုပြီး ရှုပ်ထွေးလေလေပဲ။"

ရွှယ်နင်၏ ရင်ထဲတွင် လေးလံတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ယခုရက်ပိုင်းအတွင်း သူမက အိမ်ထောင်ပြုခြင်းဆိုတဲ့ အတွေးနှင့် ပို၍ပင် ဝေးကွာလာခဲ့သည်။

အကယ်၍ စုကျန်းနှင့် နယ်စားမင်းအိမ်တော်ကနေ ရုန်းထွက်ရန်အတွက် လက်ထပ်ဖို့ မလိုအပ်ခဲ့ပါက သူမ အိမ်ထောင်ပြုဖို့ကို လုံးဝ လက်လျှော့ထားပြီးလောက်ပြီ။

ကံကောင်းထောက်မစွာဖြင့် သခင်လေးလီနှင့် သူမ၏ အိမ်ထောင်ရေးက သဘောတူညီချက်တစ်ခုမျှသာ ဖြစ်သည်။

မျှော်လင့်ချက်မရှိရင် စိတ်ပျက်စရာလည်း ရှိလာမည်မဟုတ်ပေ။

သူမက သခင်လေးလီနှင့် လက်ထပ်ပြီးနောက် လမ်းခွဲမည့်နေ့ရက်ကို မျှော်လင့်နေမိပြီ။

သူမအတွက်တော့ ထိုအရာကပဲ စစ်မှန်တဲ့ လွတ်လပ်မှု ဖြစ်လိမ့်မယ်။

စုယင်ကို ဂရုမစိုက်တော့ဘဲ ရွှယ်နင်သည် ပေါင်ချန်ကို ခေါ်ကာ သခင်မကျန်းကို သွားရောက်တွေ့ဆုံရန် ဘိုးဘေးခန်းမဆီသို့ ဦးတည်လိုက်သည်။

သို့သော် ထိုနေရာ ရောက်တဲ့အခါ သခင်မကျန်းက ချိုးရွှေဥယျာဉ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

စုကျန်းက သခင်မကျန်းအတွက် သခင်မကြီးရှဲ့ဆီမှာ အသနားခံပေးခဲ့တာ ဖြစ်နိုင်သလို သခင်မကျန်းနဲ့ နယ်စားမင်းတို့ စိတ်ဝမ်းကွဲနေကြတာ တစ်လနီးပါး ရှိနေပြီဖြစ်လို့ တစ်ယောက်ယောက်က ကြားဝင်စေ့စပ်ပေးဖို့ အချိန်တန်နေပြီလည်း ဖြစ်သည်။ စုကျန်းက ထိုအရာအတွက် အသင့်တော်ဆုံးလူ ဖြစ်၏။

သခင်မကျန်းက ချိုးရွှေဥယျာဉ်သို့ ပြန်ရောက်သွားပြီဖြစ်သဖြင့် ရွှယ်နင်သည် သခင်မကြီးရှဲ့ထံသို့ သွားရောက်ဂါရဝပြုလိုက်သည်။

သခင်မကြီးရှဲ့က သူမအပေါ် အေးစက်စက်နိုင်သည်။ လော်အိမ်တော်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို သူမ သဘာဝကျကျ ကြားသိထားပြီးသား ဖြစ်ပေမယ့် ဝတ္တရားအရ အနည်းငယ် မေးမြန်းရန် လိုအပ်တယ်လို့ ခံစားမိ၏။

"အဲဒီအမျိုးသမီးက ဘယ်သူလဲဆိုတာ နင် သိလား။"

ရွှယ်နင်က ခေါင်းခါပြရင်း မျက်လွှာချလိုက်ကာ အနိုင်ကျင့်ရလွယ်သော ပုံစံလေးဖြင့်-

"မသိပါဘူး"

သခင်မကြီးရှဲ့က သူမအား အသုံးမကျသူတစ်ယောက်လို ကြည့်လိုက်သည်။

"ကောင်းပြီလေ။ နင်တို့နှစ်ယောက်က ရေစက်မပါဘူးဆိုတော့ ဒီစေ့စပ်ပွဲက ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်တော့။ နောက်မှ နင့်အမေကို နင်နဲ့ သင့်တော်မယ့် တခြားလက်ထပ်ပွဲတစ်ခု ထပ်ရှာခိုင်းလိုက်မယ်"

ထိုစကား၏ နောက်ကွယ်က အဓိပ္ပာယ်က ရှင်းလင်းသည် — ဘယ်လိုလက်ထပ်ပွဲမျိုးပဲ ဖြစ်ပါစေ၊ သူမရဲ့ အချစ်ဆုံး မြေးဦး စုကျန်းနှင့်တော့ မပတ်သက်ရပေ။

ရွှယ်နင်ကလည်း သခင်မကြီး၏ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သဖြင့် ပြုံးကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဘွား"

သူမ၏ မျက်နှာပေါ်တွင် နာကျည်းခံပြင်းရိပ် အနည်းငယ်မျှပင် မရှိဘဲ နုနယ်လှပသော မျက်နှာလေးက စိတ်တိုင်းကျ စီမံခန့်ခွဲရလွယ်ကူပြီး လိမ္မာရေးခြားရှိသည့် ပုံစံအတိုင်း ဖြစ်နေတာကို မြင်ရမှ သခင်မကြီးရှဲ့ စိတ်အေးသွားတော့သည်။

"ကြီးမြတ်တဲ့ဖူးစာတိုင်းက ကိုယ်နဲ့ ကိုက်ညီတာ မဟုတ်ဘူး။ အဘွားက နင့်ကို မငဲ့ကွက်လို့ မဟုတ်ပါဘူး၊ ဒါပေမယ့် နင့်ရဲ့ လက်ရှိအခြေအနေကိုလည်း နင်နားလည်ရမယ်။ ရွှမ်းယီ နယ်စားမင်းအိမ်တော်ရဲ့ ဂုဏ်သတင်းကို မှီခိုနေရလို့သာ နင်က အခုလို အဆင့်အတန်းနဲ့ လေးစားမှုကို ခံစားနေရတာ။ အကယ်၍ နင်သာ ရွှမ်းယီ နယ်စားမင်းအိမ်တော်ကနေ ထွက်သွားရင် လော်ဝမ်ကျွင်းလို ပညာတတ်မိသားစုမျိုးတောင် ရှာတွေ့နိုင်ပါ့မလား မသိဘူး။"

ရွှယ်နင်က ခပ်ရေးရေး ပြုံးလိုက်၏။

"ဟုတ်ကဲ့ပါ"

သခင်မကြီးရှဲ့က ရွှယ်နင်ကို အနည်းငယ် အထင်သေးမိတာမလို့ သူမကို ကြာကြာမထားတော့ပေ။

"ကဲ... ငါလည်း ပင်ပန်းနေပြီ။ နင့်အမေဆီ သွားတွေ့ဦး။"

ရွှယ်နင်၏ အသံလေးက နူးညံ့သည်။

"ဟုတ်ကဲ့ပါ။"

ဝမ်ရှိုခန်းမဆောင်မှ ထွက်လာပြီးနောက် ရွှယ်နင်သည် စုကျန်း သူမဆီ လိုက်လာရှာမှာကို စိုးရိမ်ပူပန်နေမိ၏။

သို့သော် မမျှော်လင့်ဘဲ အပြင်သို့အထွက်တွင် စုကျန်း နေမကောင်းဖြစ်ကာ လဲနေပြီဖြစ်ကြောင်း ကြားလိုက်ရသည်။

စုကျန်းက ဖျားနာနေပြီး မင်းသမီးရှို့နင်းကလည်း အစောပိုင်းကတည်းက နေမကောင်း ဖြစ်နေခဲ့တယ်။

ဒီ ဇနီးမောင်နှံ နှစ်ယောက်စလုံးက ပြိုင်တူ ဖျားနာနေကြ၏။

ထိုသတင်းကို ကြားလိုက်ရတော့ ပေါင်ချန်က နှုတ်ခမ်းကို စေ့လိုက်သည်။

"ရှီဇီ နေမကောင်းဖြစ်တာကတော့ နားလည်ပေးလို့ရပေမယ့် မင်းသမီးပါ ပြိုင်တူဖျားနာနေတာကတော့ စဉ်းစားစရာပဲ။ သခင်မလေး... သတိထားမှဖြစ်မယ်နော်"

စုရှီးနှင့် လုအိမ်တော်တို့၏ စေ့စပ်ပွဲပြီးကတည်းက မင်းသမီးရှို့နင်းသည် အိပ်ရာထဲလဲနေခဲ့ပြီး အခုထက်ထိ ပြန်မထနိုင်သေးပေ။

အိမ်တော်ရှိ ညီအစ်မများအားလုံး သူမဆီ သွားရောက်မေးမြန်းခဲ့ကြပြီး ရွှယ်နင်လည်း တစ်ခေါက် သွားခဲ့သော်လည်း တံခါးဝတွင် မင်းသမီး၏ အစေခံမလေးက တားဆီးထားသဖြင့် တွေ့ခွင့်မရခဲ့ပေ။

ထို့နောက် သူမက ကိုယ့်ကိစ္စများနှင့် ရှုပ်နေခဲ့တာကြောင့် မင်းသမီးရှို့နင်းအကြောင်းကို စိတ်ထဲကနေ မေ့ပျောက်နေခဲ့တာ ကြာပြီ။

ဒီဘဝမှာ သူမက စုကျန်းကို မချစ်တော့သလို မင်းသမီးရှို့နင်းအပေါ်လည်း နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ မရှိတော့ဟု ခံစားရသည်။ သူ့အသက်ကို ကယ်တင်ခဲ့မိသည့် လုပ်ရပ်ကြောင့်သာ စုကျန်းက သူမကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုစိတ် ပြင်းပြလာခဲ့ပြီး ထိုအရာက မင်းသမီးကို ဒေါသထွက်စေကာ ရွှယ်နင်အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေခဲ့ခြင်းသာ ဖြစ်သည်။

ဒါပေမဲ့ မင်းသမီးရှို့နင်းက ရွှယ်နင်ဟာ စုကျန်းအပေါ် ဘာစိတ်မှမရှိကြောင်းကို မကြာခင်မှာပင် သိရှိသွားရလိမ့်မယ်။

သူမ စိတ်ချလက်ချ နေနိုင်တယ် — ရွှယ်နင်က သူမနှင့် ခင်ပွန်းပြိုင်လုမှာ မဟုတ်ဘူး။

"အခုမှ စောသေးတာပဲ၊ ချိုးရွှေဥယျာဉ်ကို သွားကြစို့။"

ပေါင်ချန်က မေးသည်။

"သခင်မလေးက မင်ယွဲ့ဆောင်ကို သွားပြီး ရှီဇီကို မကြည့်တော့ဘူးလားဟင်"

ရွှယ်နင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"မသွားဘူး"

သူ ဖျားပြီး သေသွားရင်တောင် သူမနှင့် ဘာမှမပတ်သက်ပေ။

ထို့နောက် သူမက ချိုးရွှေဥယျာဉ်သို့ သွားရောက်ကာ မင်ယွဲ့ဆောင်မှ လတ်တလောတင် ပြန်ရောက်လာသည့် သခင်မကျန်းကို ဂါရဝပြုလိုက်သည်။ သခင်မကျန်း၏ ဝတ်ရုံပုခုံးပေါ်တွင် ဆောင်းနှင်းပွင့်များ ကပ်ကျန်နေဆဲဖြစ်ပြီး အအေးဓာတ်များ သယ်ဆောင်လာဆဲ ဖြစ်သည်။

သခင်မကျန်းသည် အခန်းထဲသို့ လှမ်းဝင်လာပြီး ဝတ်ရုံကို ချွတ်ကာ လက်ဖက်ရည်ပူပူတစ်ငုံ သောက်လိုက်ပြီးနောက် ရွှယ်နင်ကို ပြောသည်။

"မင်းရဲ့ အစ်ကိုကြီးက ညတွင်းချင်း တုန်းကျင်းကို ပြန်လာတာ လမ်းမှာ အအေးမိသွားပုံရတယ်။ မနေ့ညကတည်းက ကိုယ်ပူကြီးပြီး အခုထိ အဖျားမကျသေးဘူး။ သတိလည်း မရသေးဘူး။ မွန်းလွဲပိုင်းကျရင် အမေ သူ့ဆီ ထပ်သွားကြည့်ဦးမယ်။"

ရွှယ်နင်သည် မီးဖိုဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး စုကျန်းက လော်အိမ်တော်မှာ သူမကို ဘာတွေပြောခဲ့လဲဆိုတာကို တစ်လုံးမှ ထုတ်မပြောပေ။

သခင်မကျန်းသည် ကိုယ်ငွေ့နွေးလာမှ ရွှယ်နင်၏ ဘေးတွင် ဝင်ထိုင်ကာ မေတ္တာအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"အမေ အကြောင်းစုံ ကြားပြီးပါပြီ။ အခု သမီးမှာ ဘာအစီအစဉ် ရှိလဲ နင်နင်"

ရွှယ်နင်က သူမ၏ ကြည်လင်သော မျက်ဝန်းများကို ပင့်လျက် သခင်မကျန်းကို ကြည့်လိုက်သည်။

"အမေ... သမီးရဲ့ မွေးဇာတာက အမေ့ဆီမှာ ရှိနေတာလားဟင်"

သခင်မကျန်း ဇဝေဇဝါဖြစ်သွားတယ်။

"မွေးဇာတာအကြောင်းကို ဘာလို့ ရုတ်တရက် မေးရတာလဲ နင်နင်။"

ရွှယ်နင်က ပြုံးလိုက်၏။

"အမေ... အစ်ကိုကြီးလည်း တုန်းကျင်းကို ပြန်ရောက်နေပြီဆိုတော့ သမီး သေချာစဉ်းစားပြီးပါပြီ။ သမီးရဲ့ မွေးဇာတာကို သမီးကိုယ်တိုင်ပဲ သိမ်းထားတာ ပိုကောင်းမယ်လို့ ထင်လို့ပါ"

သခင်မကျန်းသည် ရွှယ်နင် ဘာကို စိုးရိမ်နေလဲဆိုတာကို နားလည်သွား၏။ ကျန်းအာရဲ့

စရိုက်က ဗိုလ်ကျစိုးမိုးတတ်ပြီး ဇွတ်တရွတ်နိုင်တယ်။ အကယ်၍ သူက ရွှယ်နင်ကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ဖို့ တကယ်ပဲ စိတ်ဆုံးဖြတ်ထားရင် မဟုတ်တာတွေပါ လုပ်ရဲတယ်။

ထိုမွေးဇာတာကို သူမဆီမှာ ဆက်ထားနေရင်လည်း စိတ်မချရပေ။

ထို့ကြောင့် သခင်မကျန်းသည် သေတ္တာထဲမှ ရွှယ်နင်၏ မွေးဇာတာကို ထုတ်ယူကာ သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရွှယ်နင်သည် ၎င်းကို လှမ်းယူပြီး စာလိပ်လေးကို ဖြန့်၍ တစ်ချက်ကြည့်လိုက်၏။ ထိုစာလိပ်ပေါ်တွင် သူမ၏ အမည်၊ မွေးသက္ကရာဇ်နှင့် သုံးဆက်မြောက် မိဘဘိုးဘွားများ၏ အမည်နာမများ ရေးထိုးထားသည်။

မိဘများ ကွယ်လွန်တဲ့အချိန်တုန်းက သူမ အသက်ငယ်ရွယ်လွန်းခဲ့ပြီး အခု ဒုတိယအကြိမ်မြောက် ဘဝကို ဖြတ်သန်းနေရတာဖြစ်လို့ သူမ၏ စိတ်ထဲမှာ မိဘများ၏ မျက်နှာသွင်ပြင်က ဝေဝါးလုနီးပါး ဖြစ်နေခဲ့ပြီ။

ငယ်ငယ်တုန်းက ဖခင်ဖြစ်သူက သူမကို ပွေ့ဖက်ရတာ အမြဲသဘောကျပြီး မီးထွန်းပွဲတော် သွားကြည့်တိုင်း ပုခုံးပေါ် ချီပိုးထားတတ်တာကိုပဲ သူမ မှတ်မိတော့သည်။

ထိုစဉ်က မိခင်ဖြစ်သူက အစ်ကိုဖြစ်သူ၏ လက်ကိုဆွဲကာ သူတို့ဘေးတွင် လျှောက်လှမ်းရင်း ဖခင်ဖြစ်သူကို အမြဲတမ်း သတိပေးတတ်သည်။

"သတိထားဦး၊ နင်နင်လေး ပြုတ်ကျသွားပါဦးမယ်"

ဖခင်ဖြစ်သူကတော့ မိခင်၏ စိုးရိမ်ပူပန်မှုများကို မလိုအပ်တာတွေ လျှောက်တွေးနေတယ်ဆိုပြီး ပယ်ချလေ့ရှိသည်။

"ကိုယ့်လို စစ်သူကြီးတစ်ယောက်က ကိုယ့်သမီးလေးတစ်ယောက်ကိုတောင် ကာကွယ်မပေးနိုင်ဘဲ နေမလား။ အပိုတွေ စိုးရိမ်မနေပါနဲ့။ ဒီအပင်ပေါက်လေးတင်မကဘူး မင်းကိုပါ ကိုယ် ချီထားနိုင်သေးတယ်"

ထိုအခါ မိခင်ဖြစ်သူက မျက်နှာနီရဲသွားခဲ့၏။

"ကလေးတွေရှေ့မှာ လျှောက်မပြောနဲ့"

မိခင်ဖြစ်သူ ရှက်သွေးဖြာနေတာကို မြင်တော့ ဖခင်က အနားသို့ တိုးကပ်ကာ စကားတစ်ခွန်းကို တိုးတိုးလေး ကပ်ပြောလိုက်ရာ မိခင်ဖြစ်သူ၏ မျက်နှာက ပို၍ပင် နီမြန်းသွားခဲ့ရသည်။

All Chapters