အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း ၁၀၃ - စုကျန်း၏ အိပ်မက်ဆိုး
သူမရဲ့ မိခင်က အလွန်နူးညံ့သိမ်မွေ့ပြီး အလိုက်အထိုက် နေတတ်သူဖြစ်ပေမယ့် ဖခင်ဖြစ်သူနောက်သို့ သဲမုန်တိုင်းများ တိုက်ခတ်ရာ နယ်စပ်ဒေသအထိ လိုက်ရဲလောက်အောင် သတ္တိရှိခဲ့သူ ဖြစ်သည်။
ရွှယ်နင် ရင်ထဲ လှုပ်ခတ်သွားပြီး နှာခေါင်းလေး တရှုံ့ရှုံ့နှင့် မျက်ဝန်းများ နီမြန်းလာသည်။
သခင်မကျန်းက ရွှယ်နင် မိဘများကို လွမ်းဆွတ်နေတယ်လို့ ထင်သွားကာ နှစ်သိမ့်လိုက်သည်။
“ကိုယ်တိုင် သိမ်းထားတာလည်း ကောင်းပါတယ်။ သမီးလည်း အရွယ်ရောက်နေပြီပဲ။ ကောင်းကင်ဘုံက မိဘတွေလည်း သမီး ပျော်ပျော်ရွှင်ရွှင် နေထိုင်တာကို မြင်ရင် သေချာပေါက် စိတ်အေးရမှာပါ”
ရွှယ်နင်က “ဟုတ်ကဲ့” ဟု ခပ်တိုးတိုး အသံပြုရင်း မွေးဇာတာကို လက်စွပ်ထဲသို့ သေချာထည့်လိုက်သည်။
“အမေ... သမီး ပြန်နှင့်ပါဦးမယ်။”
သခင်မကျန်းက ပြန်ပြောသည်။
“ကောင်းပါပြီ”
...
မင်ယွဲ့ဆောင်
ပြတင်းပေါက်ဘောင်များကို လာရောက်ရိုက်ခတ်နေသော ဆောင်းလေပြင်းသည် တဝူးဝူးနှင့် သရဲတစ္ဆေများ အော်ဟစ်ငိုကြွေးနေသကဲ့သို့ အေးစက်ခြောက်ခြားဖွယ် ကောင်းသည်။
စုကျန်းသည် တစ်ကိုယ်လုံး အဖျားတက်နေတာကြောင့် စိတ်အာရုံများ ဝေဝါးနေပြီး ကြွက်သားများအားလုံး မီးလောင်တိုက်သွင်းခံထားရသကဲ့သို့ နာကျင်ကိုက်ခဲနေသည်။
မော့ပိုင်သည် အဖျားကျဆေးရည် ပန်းကန်လုံးကို ကိုင်ဆောင်ကာ အခန်းထဲသို့ ဝင်လာပြီး ခုတင်လိုက်ကာကို ပင့်ကာ တိုးတိုးလေး ခေါ်လိုက်၏။
“ရှီဇီ...”
တစ်ညလုံး အိပ်မက်ဆိုးများရဲ့ ခြောက်လှန့်မှုကို ခံနေရတဲ့ စုကျန်းသည် ထိုအသံကြောင့် လန့်နိုးလာပြီး မျက်လုံးများ ချက်ချင်း ပွင့်လာသည်။
သွေးဆုတ်နေတဲ့ မျက်ဝန်းများဖြင့် ခက်ထန်စွာ စိုက်ကြည့်လာသည့် စုကျန်း၏ အကြည့်ကြောင့် မော့ပိုင် ရင်ထိတ်သွား၏။
“ရှီဇီ... ဘယ်လိုနေသေးလဲ”
စုကျန်း၏ ဝေဝါးနေတဲ့ မျက်ဝန်းများသည် ဖြည်းဖြည်းချင်း အာရုံပြန်ရလာပြီး ခုတင်ဘေးတွင် ထိုင်နေသော မော့ပိုင်ကို မှတ်မိသွားမှ ခက်ထန်တဲ့ အမူအရာက ပြေလျော့သွားသည်။
“အခု ဘယ်အချိန် ရှိပြီလဲ။”
မော့ပိုင်က သူ့ကို ခုတင်ခေါင်းရင်းအမှီတွင် တွဲထူပေးလိုက်သည်။
“ချန်အချိန် ရှိပါပြီ။”
ခဏမျှ စုကျန်း၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းနေခဲ့၏။
ခုတင်ခေါင်းရင်းကို မှီထားပေမယ့် သူ့မျက်နှာက ဖြူဖျော့နေပြီး ချွေးစေးများဖြင့် ရွှဲနစ်နေသည်။
သူက မဆုံးနိုင်သေးတဲ့ အိပ်မက်ဆိုးထဲမှာ ပိတ်မိနေဆဲ ဖြစ်ပုံရတယ်။
ထူးဆန်းလိုက်တာ... သူက ရွှယ်နင်ကို သူ့ဇနီးအဖြစ် လက်ထပ်ထားတဲ့ အိပ်မက်ကို တကယ်မက်ခဲ့တာ။
သူမရဲ့ ပြုံးရွှင်တဲ့ မျက်ဝန်းများက သူ့ကို တမ်းတမ်းတတ စိုက်ကြည့်နေတတ်သည်။
တစ်ခါတရံ သူမက သူ့ခုတင်ထက်တွင် ထိုင်နေတတ်ပြီး၊ တစ်ခါတရံတွင်မူ အဆောင်မကြီးရှိ လိုဟန်ကုတင်ပေါ်တွင် စောင်ကိုပွေ့ကာ အိပ်မောကျနေတတ်၏။ နောက်ပြီး တောင်ဘက်ပြတင်းပေါက်အောက်က ခုံတန်းလျားလေးပေါ်မှာ အပ်ချုပ် အလုပ်လုပ်နေတတ်ပြန်သည်။ ထို့နောက်တွင်။စင်္ကြံရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်ကာ မင်ယွဲ့ဆောင်၏ အိမ်ရှေ့ဂိတ်ဝဆီသို့ သနားစရာကောင်းအောင် ငေးမျှော်ကြည့်နေတတ်သည်။
အိပ်မက်ထဲတွင် သူက သူမအပေါ် ကြင်နာမှု အလွန်နည်းပါးခဲ့ပြီး အိမ်ပြန်ချိန်များလည်း တဖြည်းဖြည်း နောက်ကျခဲ့တယ်။
တစ်ခါတရံ ခန္ဓာကိုယ်ချင်းရင်းနှီးတဲ့ အခိုက်အတန့်များမှာ သူမရဲ့ ခံစားချက်ကို လုံးဝဂရုမစိုက်ဘဲ အော်ဟစ်ငိုကြွေးခြင်း မပြုဖို့အတွက် သူမရဲ့ လည်ပင်းကို လက်ကြီးဖြင့် အသက်ရှူကျပ်လုနီးပါးအထိ ရက်စက်စွာ ညှစ်ထားတတ်၏။
သို့သော် သူမက ကော်ကပ်ထားသကဲ့သို့ သူ့အနားက မခွာဘဲ ပေါင်ချန်ကို လွှတ်ကာ အစားအစာ၊ အဝတ်အစားနှင့် ထီး စသည်တို့ကို ခဏခဏ လာပို့ခိုင်းတတ်သည်။
သူကတော့ အမြဲတမ်း စိတ်မရှည် ဖြစ်ခဲ့ရပြီး သူမရဲ့ ကိုယ့်ကိုကိုယ် တန်ဖိုးမထားတတ်တဲ့ ပုံစံကို မုန်းတီးတာကြောင့် သူမပေးသမျှ အရာအားလုံးကို ခြေရင်း လွှင့်ပစ်ခဲ့တယ်။
ဒါပေမဲ့ ငိုယိုပြီးတဲ့နောက် သူမ မျက်နှာမော့ကြည့်လာတဲ့အခါ မျက်ဝန်းများမှာ သူ့အပေါ်ထားရှိတဲ့ သံယောဇဉ်နှင့် အချစ်များက တောက်ပနေဆဲပင်။
တောက်ပတဲ့ မင်္ဂလာဝတ်စုံနီကြီးကို ဝတ်ဆင်ထားသည့် သူမက သူ့ဆီ လျှောက်လာပြီး ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
“စုကျန်း.. ကျွန်မကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ်၊ ခဏလေးပဲဖြစ်ဖြစ် ချစ်ပေးလို့မရဘူးလားဟင်”
သူ ဘာစိတ်ပေါက်သွားတာလဲမသိ၊ သူမကို တွန်းထုတ်ပစ်လိုက်၏။
သူမ၏ နုနယ်သော ကိုယ်လုံးလေးသည် ကြမ်းပြင်ပေါ် လဲကျသွားပြီး နဖူးနှင့် အပြာရောင်အုတ်ချပ်တို့ ပွတ်တိုက်မိကာ နီရဲသော ဒဏ်ရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ထိုသွေးအနီရောင်သည် တဖြည်းဖြည်း ကြီးထွားလာပြီး နောက်ဆုံးတွင် သွေးအိုင်ကြီးတစ်ခုအဖြစ် ပြန့်နှံ့သွားသည်။ သူမက ထိုသွေးအိုင်ထဲမှာ လဲလျောင်းနေပြီး မျက်နှာက သရဲတစ္ဆေတစ်ကောင်လို ဖြူဖျော့နေခဲ့၏။
ရုတ်တရက် အိပ်မက်က ထပ်မံပြောင်းလဲသွားပြန်သည် — ပြင်းထန်တဲ့ မီးတောက်များက ယုံကျိုးရှိ အိမ်ဟောင်း၏ ဘေးဆောင်ဝင်းတစ်ခုကို ပြာအတိဖြစ်စေခဲ့သည်။
သူက မီးကျွမ်းနေတဲ့ သစ်သားစများအပေါ် လှမ်းနင်းလိုက်တဲ့အခါ တကျွတ်ကျွတ်နှင့် အက်ကွဲသံကို ကြားလိုက်ရသည်။
တစ်စုံတစ်ယောက်က ပြာယာခတ်ပြေးလာပြီး သူနင်းထားမိသည့်အရာကို မြင်တော့ မျက်နှာပျက်သွား၏။
“သခင်ကြီး... သခင်ကြီး ခြေဖဝါးအောက်မှာ နင်းခြေမိလိုက်တာက... သခင်မလေးရဲ့ ရုပ်ကြွင်းတွေပါ”
သူ့နှလုံးသား တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
အတိအကျ ထိုအခိုက်အတန့်တွင်ပင် မော့ပိုင်က သူ့ကို နှိုးလိုက်ခြင်း ဖြစ်၏။
ရင်ဘတ်ထဲမှ အရေးကြီးတဲ့အရာတစ်ခုခု ပျောက်ဆုံးသွားသလိုမျိုး သူ့နှလုံးသားက တဒိန်းဒိန်း ခုန်နေပြီး အလွန်အမင်း ဟာတာတာဖြစ်မှုကို ခံစားလိုက်ရသည်။
“ရှီဇီ...”
စုကျန်း၏ ဝေဝါးနေတဲ့ မျက်ဝန်းများက အနည်းငယ် ရွေ့လျားသွားပြီး ရုတ်တရက် ခေါင်းကိုက်ဝေဒနာက ပြင်းထန်စွာ ထိုးကိုက်လာသည်။
သူ မျက်မှောင်ကုတ်ထားပြီး လက်ဖြင့် နားထင်ကို ဖိထားရင်း မေးလိုက်သည်။
“သူ(မ)ဘယ်မှာလဲ”
“ရှီဇီ ဘယ်သူ့ကို ပြောတာလဲ"
“ရွှယ်နင်။”
“သခင်မလေးရွှယ်က ဒီမနက်အစောကြီး ပြန်ရောက်ပါတယ်။ သခင်မကြီးရဲ့ အဆောင်ဝင်းကို အရင်သွားပြီး ဂါရဝပြုတယ်၊ ပြီးတော့ ချိုးရွှေဉယျာဉ်ကို သွားပါတယ်။ အခုလောက်ဆို ချီယွင်ဆောင်ကို ပြန်ရောက်လောက်ပါပြီ။”
ရွှယ်နင်က နယ်စားမင်းအိမ်တော်သို့ ဘေးအန္တရာယ်ကင်းကင်းနှင့် ပြန်ရောက်နေပြီဖြစ်ကြောင်း ကြားရမှ စုကျန်းသည် နှာခေါင်းအောက်ခြေကို ညှစ်လိုက်ရင်း ဝေဒနာများ တဖြည်းဖြည်း သက်သာသွားတော့သည်။
သူ ခဏလောက် အသက်ရှူ စည်းချက်မှန်အောင် လုပ်လိုက်ပြီးနောက် မော့ပိုင်၏ လက်ထဲမှ ဆေးရည်ပန်းကန်ကို လှမ်းယူကာ အနည်းငယ် သောက်လိုက်သည်။
အိပ်မက်ထဲက မြင်ကွင်းတွေကို ပြန်တွေးဖို့ ကြိုးစားကြည့်တဲ့အခါ ဝေဝါးသော အပိုင်းအစအချို့သာ ကျန်ရှိတော့၏။
သို့သော် သူ့အောက်မှာ ရုန်းမထွက်နိုင်ဘဲ ရှက်သွေးဖြာနေသည့် ရွှယ်နင်၏ မျက်နှာလေးကတော့ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အတိုင်း ထင်ကျန်နေသဖြင့် သူ့ကို ရင်ပူပြီး ဂနာမငြိမ် ဖြစ်စေသည်။
သူ စိတ်ပျက်လက်ပျက်ဖြင့် ဆေးရည်များကို တစ်ကျိုက်တည်း သောက်ပစ်လိုက်စဉ် ခန္ဓာကိုယ်၏ တစ်နေရာရာမှ နိုးကြွလာမှုကို သတိပြုမိသွားပြီး မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
အခုတလော သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ပိုဆုံးရှုံးလာနေတယ် — ရွှယ်နင်ရဲ့ လှည့်ကွက်ငယ်လေးတွေက တဖြည်းဖြည်း အလုပ်ဖြစ်လာပုံရတယ်။
သူ့ဘဝမှာ အမုန်းဆုံးအရာမှာ ကစားစရာအရုပ်လို အသုံးချခံရတာဖြစ်ပြီး အထူးသဖြင့် သူ့ကို ကြိုးကိုင်လှည့်စားဖို့အတွက် မနားတမ်း လှည့်ကွက်ဆင်တတ်သည့် အမျိုးသမီးများကို ဖြစ်သည်။ ထိုအရာက သူ့ကို အတိုင်းထက်အလွန် ရွံရှာစေပြီး ရွှယ်နင်လည်း ချွင်းချက်မဟုတ်ပေ။
သူမက ဆွေမျိုးတော်စပ်မှုကို ကိုယ်တိုင် စီစဉ်ပြီး လော်ဝမ်ကျွင်းနှင့် တမင်တကာ ရင်းနှီးအောင်လုပ်ပြတာက သူ့နှလုံးသားကို လှုပ်ခတ်စေပြီးတော့ သူမအပေါ် ပိုပြီး အာရုံစိုက်လာအောင် လုပ်နိုင်လိမ့်မယ်လို့ ထင်နေတယ်။ တကယ့်ကို ရိုးအလွန်းတယ်။
စုကျန်း မျက်လုံးများကို မှိတ်လိုက်တဲ့အခါ ခန့်ညားသော မျက်နှာထက်တွင် မလိုမုန်းထားရိပ်များ ပြည့်နှက်သွားသည်။
အထူးသဖြင့် မိန်းမတစ်ယောက်ကြောင့် အခုလို ထိန်းချုပ်မှု ကင်းမဲ့သွားရတဲ့ ခံစားချက်ကို သူ အရမ်းမုန်းတယ်။
သူက မည်းမှောင်သော မျက်နှာထားဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
“နောင်ကျရင် ရွှယ်နင်ကို မင်ယွဲ့ဆောင်ထဲ ပေးမဝင်စေနဲ့တော့။”
မော့ပိုင်က အံ့အားသင့်သွားပြီး သခင်မလေးရွှယ် မင်ယွဲ့ဆောင်ဘက်ကို ခြေမလှမ်းတာ ကြာပြီဖြစ်ကြောင်း၊ အခုမှ ဘာလို့ တားမြစ်ရသလဲဆိုတာ တွေးမိလိုက်သည်။
သို့သော် ရှီဇီက နေမကောင်းဖြစ်နေဆဲမလို့ သူ ပြန်မပြောရဲပေ။
"နားလည်ပါပြီ"
စုကျန်းက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်၏။ ရွှယ်နင်က နယ်စားမင်းအိမ်တော်ကို လိုလိုလားလား ပြန်လာခဲ့တယ်ဆိုကတည်းက မနေ့က လော်မိသားစုမှာ လုပ်ခဲ့သမျှက ဟန်ဆောင်မှုတစ်ခုပဲ ဖြစ်တယ်ဆိုတာ သက်သေပြနေတယ်။
ဟဟ... နှမြောစရာပဲ။ သူမ စိတ်တိုင်းကျ ဖြစ်ခွင့်ပေးပြီး အသက်ကယ်ခဲ့ဖူးရုံနဲ့ စိတ်ဆိုးစိတ်ကောက်ပြီး မာနထောင်လွှားခွင့်ရှိတယ်လို့ သူမကို အထင်မခံနိုင်ဘူး။
လက်ရှိအနေအထားအရ သူမကို လျစ်လျူရှုထားပြီး အရင်ဆုံး သင်ခန်းစာတစ်ခု ပေးရမယ့်ပုံပဲ။
မော့ပိုင်က ဆေးပန်းကန်လုံးကို လှမ်းယူရင်း ပြုံးလိုက်သည်။
"ရှီဇီ သတိမေ့နေတုန်းက မင်းသမီးရှို့နင်းလည်း လာကြည့်သွားပါသေးတယ်။ ဒါပေမယ့် မင်းသမီးကိုယ်တိုင်လည်း နေမကောင်းဖြစ်နေတာမလို့ မင်ယွဲ့ဆောင်မှာ အကြာကြီးမနေရဲဘဲ ပြန်သွားပါတယ်"
စုကျန်းက မည်းမှောင်သော မျက်ဝန်းများကို ပင့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"သူ(မ)က ဘာဖြစ်လို့လဲ"
မော့ပိုင်က ပြန်ဖြေသည်။
"ကျွန်တော်လည်း သေချာမသိပါဘူး။ မင်းသမီးရဲ့ မျက်နှာက ဖြူဖျော့နေပြီး လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်ဘဲ ယိုင်နဲ့နဲ့ ဖြစ်နေတာပဲ မြင်လိုက်ရပါတယ်"
ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့ရဲ့စေ့စပ်ထားသူဖြစ်တာကြောင့် စုကျန်း အနည်းငယ်တော့ ဂရုစိုက်သည်။
ဒါ့အပြင် မင်းသမီးကို ဘေးကင်းအောင် စောင့်ရှောက်ပါ့မယ်လို့ မင်းသားရီကိုလည်း ကတိပေးထားခဲ့၏။
"ငါ နေကောင်းတာနဲ့ သူ(မ)ဆီ သွားကြည့်မယ်။"
မော့ပိုင်က ပြောလိုက်သည်။
"ဟုတ်ကဲ့။ ဒါဆို ကျွန်တော် မင်းသမီးဆီ လူလွှတ်ပြီး အရင်အကြောင်းကြားခိုင်းလိုက်ပါ့မယ်"
စုကျန်း မျက်လုံးမှိတ်ထားရင်း အမိန့်ပေးလိုက်သည်။
"ထွက်သွားတော့"
မော့ပိုင်သည် ခုတင်လိုက်ကာကို ချပေးပြီးနောက် ဆုတ်ခွာသွားခဲ့၏။
သူ ထွက်သွားသည်နှင့် အခန်းတစ်ခုလုံး ခြောက်ကပ်သွားတော့သည်။
စုကျန်း မျက်လုံးမှိတ်လိုက်သည်နှင့် ရွှယ်နင်၏ ပြုံးရွှင်တဲ့ မျက်ဝန်းများကို ပြန်လည်မြင်ယောင်လာပြန်သည်။
သူမက ရှက်သွေးဖြာနေတဲ့ မျက်နှာလေးဖြင့် သူ့ကို လှမ်းခေါ်သည်။
"ယောကျာ်း... ဒီနေ့ ကောက်ညှင်းဆန် သကြားနီမုန့်လုံးရေပေါ် သောက်မလားဟင်"
သူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းကာ ရွှယ်နင်၏ မျက်နှာကို စိတ်ထဲကနေ အတင်းမောင်းထုတ်လိုက်ရသည်။
...
ရွှယ်နင်သည် ချီယွင်ဆောင်ထဲတွင်ပဲ အောင်းနေပြီး ရက်အနည်းငယ်မျှ စိုးရိမ်ထိတ်လန့်စွာ ဖြတ်သန်းခဲ့ရသည်။
စုကျန်းက သူမကို လာရောက်နှောင့်ယှက်ခြင်း မရှိတော့မှသာ သူမ နောက်ဆုံးတွင် သက်ပြင်းချနိုင်တော့၏။
သူမရဲ့ မွေးဇာတာကို သခင်လေးလီဆီ အမြန်ဆုံး လွှဲပြောင်းပေးချင်သော်လည်း လောလောဆယ်တွင် သင့်တော်မည့် အခွင့်အရေးကို ရှာမတွေ့သေးပေ။
ဖူရှန်းက သူမဆီ အကြိမ်အနည်းငယ် လာရောက်ခဲ့ပေမယ့် စုကျန်း ရိပ်မိသွားမှာကို စိုးရိမ်တာကြောင့် လီချန်ချဲ့နှင့် တိတ်တဆိတ် တွေ့ဆုံရန် သူမ မဝံ့ရဲခဲ့ပေ။
သခင်လေးလီက အိမ်ကလူကြီးတွေဆီ စာရေးလိုက်ပြီဖြစ်ကြောင်းနှင့် မကြာမီမှာပင် သခင်မဝမ် တုန်းကျင်းသို့ ရောက်ရှိလာတော့မည်ဖြစ်တာကြောင့် ထိုအချိန်ကျမှ အိမ်တော်သခင်မနှင့် မင်္ဂလာကိစ္စကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဖူရှန်းက ပြောပြခဲ့သည်။
ရွှယ်နင် စိုးရိမ်ပူပန်မှုများ ရှိနေပေမယ့် ရင်ထဲမှာတော့ အတိုင်းထက်အလွန် ဝမ်းသာနေမိသည်။
သူမက နယ်စားမင်းအိမ်တော်၏ ချီယွင်ဆောင်ထဲတွင် တတ်နိုင်သမျှ လူမသိသူမသိအောင် သတိထား၍ နေထိုင်ခဲ့သည်။
သို့သော်လည်း သူမ၏ အေးချမ်းမှုက ကြာကြာမခံခဲ့ပေ။ မင်းသမီးရှို့နင်း၏ ဝေဒနာက တဖြည်းဖြည်း ပိုမိုပြင်းထန်လာပြီး သခင်မကြီးကိုပါ ထိတ်လန့်တုန်လှုပ်သွားစေကြောင်း မကြာမီမှာပင် ကြားသိလိုက်ရတော့သည်။