← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄ - စုန်းကဝေအတတ်

ထိုနေ့တွင် သခင်မကြီးရှဲ့သည် သမားတော်တစ်ဒါဇင်ကျော်ကို အိမ်တော်သို့ ဆင့်ခေါ်ခဲ့သော်လည်း ဘယ်သူမှ မင်းသမီးမှာ အသက်အန္တရာယ်ဖြစ်စေမယ့် ဘယ်လိုရောဂါမျိုး ခံစားနေရလဲဆိုတာကို အတိအကျ မပြောနိုင်ကြချေ။

မင်းသမီး၏ အစေခံမလေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း စုရှီး အိမ်တော်ကနေ နှင်ထုတ်ခံရသည့်နေ့ကစပြီး မင်းသမီးက စိတ်အာရုံများ ဝေဝါးလာခဲ့ကြောင်း၊ ထိုနေ့က ရွှယ်နင် ပြောခဲ့တဲ့ စကားများကြောင့် လန့်ဖျန့်သွားခဲ့ပုံရကြောင်း တင်ပြသည်။

ထိုနေ့က ရွှယ်နင်သည် ကောင်းကင်ဘုံ၏ သတိပေးချက်များနှင့် ပြစ်ဒဏ်ခတ်ခြင်းများအကြောင်းကို အမှန်တကယ်ပင် ထုတ်ဖော်ပြောဆိုခဲ့၏။

ရာသီဥတုနှင့်မညီဘဲ ဆောင်းတွင်းကြီးတွင် မိုးခြိမ်းသံများနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကလည်း တကယ်ပင် အကျိုးအကြောင်းနှင့် ဆန့်ကျင်နေခဲ့တာ မဟုတ်ပါလား။

ဥတုလေးပါး ထင်ရှားသော ယုံကျိုးဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် မင်းသမီးအတွက် တုန်းကျင်း၏ ရာသီဥတုကို သဘာဝကျကျ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရန် ခဲယဉ်းလိမ့်မည်။

သခင်မကြီးရှဲ့သည် ပို၍ပူပန်လာရတော့သည်။ သာမန်နည်းလမ်းများက အလုပ်မဖြစ်တော့သည့်အဆုံး သူမက လောကီအတတ်ပညာဘက်သို့ ခြေဦးလှည့်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် မင်းသမီးရှို့နင်းကို ကြည့်ရှုစစ်ဆေးပေးရန် အလွန်ပင် လက်စွမ်းထက်သော ဆရာကြီးတစ်ဦးကို ပင့်ဖိတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဆရာကြီး အိမ်တော်သို့ ရောက်ရှိလာတဲ့နေ့တွင် မင်းသမီးရှို့နင်း၏ အိပ်ဆောင်ကို တစ်ချက်မျှ ကြည့်ရုံဖြင့် ကြေညာလိုက်သည်။

“မင်းသမီးက ဖျားနာနေတာမဟုတ်ဘူး၊ မကောင်းဆိုးဝါး စုန်းကဝေအတတ်ရဲ့ တိုက်ခိုက်ခြင်းကို ခံထားရတာ။ အခုလို စိတ်အာရုံတွေ နောက်ကျိဝေဝါးနေတာက မိစ္ဆာပယောဂကြောင့်ပဲ”

ထိုစကားကို ကြားလိုက်ရတော့ သခင်မကြီးရှဲ့၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။

“ဘယ်သူကများ ရွှယ်နင်ကို ဒုက္ခပေးချင်ရတာလဲ”

ဆရာကြီးက နက်နဲဆန်းကြယ်တဲ့ အမူအရာဖြင့် ပြောလိုက်၏။

“တရားခံက ဒီနယ်စားမင်းအိမ်တော်ထဲမှာတင် ရှိပါတယ်။ အကယ်၍ သခင်မကြီးအနေနဲ့ ဒီဆရာ့ရဲ့ အကြံဉာဏ်ကို နာခံမယ်ဆိုရင် မင်းသမီးကို အရင်လို ပြန်ကောင်းလာအောင် လုပ်ပေးနိုင်ပါတယ်”

သခင်မကြီးရှဲ့ ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် နယ်စားမင်းအိမ်တော်ရှိ လူအားလုံးကို လာရောက်စုဝေးကြရန် အမိန့်ပေးလိုက်သည်။

ရွှယ်နင် ဝမ်ရှိုခန်းမဆောင်သို့ ရောက်ရှိသွားချိန်တွင် အိမ်သားအများစုက စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

သခင်မကျန်းက နေမကောင်းဟု အကြောင်းပြကာ တက်ရောက်ခြင်းမရှိတာကြောင့် လက်ရှိအိမ်တွင်းရေးကို အုပ်ချုပ်နေသော ကိုယ်လုပ်တော်နျဲ့ကသာ အခမ်းအနားကို ဦးဆောင်နေသည်။

သခင်မတုန်းနှင့် စုချင်းတို့က မျက်နှာသေဖြင့် သူတို့ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်နေကြ၏။

စုမန်က အနည်းငယ် ပျာယာခတ်နေပြီး သူမ၏ လက်ဖဝါးလေးများဖြင့် အင်္ကျီလက်စကို ဆုပ်ကိုင်ထားကာ တံခါးဝဆီ ခဏခဏ လှမ်းကြည့်နေမိတာ ရွှယ်နင် ဝင်လာတဲ့အချိန်အထိပင်။

“ညီမလေး အားနင်—”

သူမ လှမ်းခေါ်လိုက်မိတာကို ချက်ချင်းပင် နောင်တရသွား၏။

ဝမ်ရှိုခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်း၏ အကြည့်များက ရွှယ်နင်ဆီသို့ စုပြုံရောက်ရှိသွားကြသည်။

ရွှယ်နင်က သူမ၏ ဝတ်ရုံခေါင်းစွပ်ကို ချလိုက်ပြီး အဝတ်အစားပေါ်က နှင်းပွင့်များကို ခါချကာ အတွင်းဆောင်ထဲသို့ လှမ်းဝင်ခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် စုကျန်းသည် မင်းသမီးရှို့နင်းကို ရင်ခွင်ထဲမှာ ပွေ့ဖက်ထားပြီး သခင်မကြီးရှဲ့၏ ဘေးတွင် ထိုင်နေတာကို မြင်လိုက်ရသည်။ တစ်လသာ ရှိသေးပေမယ့် မင်းသမီးရှို့နင်းက သိသိသာသာ ပိန်ကျသွားပြီး မျက်နှာက သွေးဆုတ်ဖြူဖျော့ကာ မျက်တွင်းများ ဟောက်ပက်ဖြစ်နေ၍ စိတ်အာရုံများလည်း ကစဉ့်ကလျား ဖြစ်နေပုံရသည်။ သူမက အလင်းရောင်ကို မခံနိုင်သကဲ့သို့ အမျိုးသားဖြစ်သူ၏ ရင်ခွင်ထဲမှာ မျက်နှာကို ဝှက်ထားသည်။ စုကျန်းက မင်းသမီးရှို့နင်း၏ ပါးပြင်လေးကို ညင်သာစွာ ပွတ်သပ်ပေးပြီးမှ မျက်လုံးပင့်ကြည့်လိုက်သည်။

သူ၏ ရှည်လျားသော ဖီးနစ်မျက်ဝန်းများတွင် မည်းမှောင်အေးစက်သော အငွေ့အသက်များ ပြည့်နှက်နေသည်။

ရွှယ်နင် မြင်သော်လည်း မမြင်ချင်ယောင်ဆောင်လိုက်သည်။

သူမက သခင်မကြီးရှဲ့ကို ဂါရဝပြုပြီးနောက် သူမနေရာတွင် ဝင်ထိုင်လိုက်၏။

စုကျန်းက ရွှယ်နင်ကို လှမ်းကြည့်လိုက်တဲ့အခါ သူ့ရင်ထဲမှာ မဖော်ပြနိုင်သည့် ဂနာမငြိမ်ဖြစ်မှုများ ရုတ်တရက် ထကြွလာပြန်သည်။

ဝမ်ရှိုခန်းမဆောင်၏ အိမ်ရှေ့ဂိတ်ဝအပြင်ဘက်တွင် ယဇ်ပလ္လင်တစ်ခုကို ပြင်ဆင်ထားရှိသည်။ ဆရာကြီးက အပြင်ဘက်မှာ အစီအရင်များကို ပြုလုပ်ပြီးနောက် လက်ထဲတွင် သံလိုက်အိမ်မြှောင်ကို ကိုင်ဆောင်ကာ လေနှင့်နှင်းများကို အန်တုလျက် အထဲသို့ လှမ်းဝင်လာခဲ့သည်။

“သခင်မကြီး—”

ဆရာကြီးလက်ထဲက သံလိုက်အိမ်မြှောင်သည် ရုတ်တရက် တရစပ် လည်ပတ်သွားတော့၏။

“တရားခံက ဒီခန်းမဆောင်ထဲမှာပဲ ရှိနေတယ်။”

သခင်မကြီးရှဲ့က ပျာယာခတ်သွားသည်။

“ဆရာကြီး... ဘယ်သူကများ ရှို့နင်းကို ဒုက္ခပေးဖို့ ကြံစည်နေတာလဲ"

ဆရာကြီးက သူ၏ စူးရှသော အကြည့်ဖြင့် တစ်ခန်းလုံးကို ဝေ့ဝဲကြည့်လိုက်တဲ့အခါ လက်ထဲက သံလိုက်အိမ်မြှောင်လည်း မရပ်မနား လည်ပတ်နေပြီး နောက်ဆုံးတွင် ၎င်း၏ အပ်ကလေးက ရွှယ်နင် ထိုင်နေသည့် နေရာသို့ တည့်တည့်မတ်မတ် ညွှန်ပြသွားတော့သည်။

သူက ရွှယ်နင်၏ ရှေ့သို့ လျှောက်လှမ်းလာတဲ့အခါ သံလိုက်အိမ်မြှောင် လည်ပတ်နေခြင်းလည်း ရပ်တန့်သွားခဲ့သည်။

အဖြူ‌ရောင်အပ်က ရွှယ်နင်ဆီ စူးစူးစိုက်စိုက် ဦးတည်နေလေသည်။

ဆရာကြီးက သူမကို ကြည့်ကာ တည်ကြည်လေးနက်စွာ ကြေညာလိုက်၏။

“တရားခံက မင်းပဲ။”

စုကျန်း၏ မျက်ဝန်းများက ချက်ချင်းပင် အန္တရာယ်ရှိစွာ မှေးစင်းသွားပြီး ရွှယ်နင်အပေါ်ထားရှိသည့် သူ၏ အကြည့်များက ပို၍ပင် အေးစက်မည်းမှောင်လာသည်။

ဝမ်ရှိုခန်းမဆောင်တစ်ခုလုံးတွင်လည်း လူအများက တိုးတိုးတိတ်တိတ် ရေရွတ်ရင်း အချင်းချင်း လက်တို့ပြောဆိုသံများဖြင့် ဆူညံသွား၏။

ဒီနေရာကို မလာခင်ကတည်းက ဒီနေ့ဟာ ပုံမှန်မဟုတ်ဘူးဆိုတာ ရွှယ်နင် ရိပ်မိထားခဲ့ပေမယ့် သူမကို စောင့်ကြိုနေမယ့် မြင်ကွင်းက ဒီလောက်အထိ ကြီးကျယ်ခမ်းနားလိမ့်မယ်လို့တော့ မထင်ထားခဲ့မိပေ။

သူမက တည်ငြိမ်တဲ့ အမူအရာကို ဆက်လက်ထိန်းထားရင်း မေးလိုက်သည်။

“ဘာတရားခံလဲ”

ထိုဆရာကြီးက ထုတ်ဖော်ပြောဆိုသည်။

“မင်းသမီးရှို့နင်းကို ပယောဂအတတ်နဲ့ လုပ်ကြံဖို့ ကြံစည်ခဲ့တဲ့ လူသတ်သမားပဲ”

သူမ၏ နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေးအပြုံးတစ်ခု ပေါ်လာသည်။

“ကျွန်မကို လူသတ်သမားလို့ စွပ်စွဲဖို့ ဆရာကြီးမှာ ဘာအထောက်အထား ရှိလို့လဲ”

ဆရာကြီးက နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ဂါထာမန္တန်အချို့ကို တတွတ်တွတ် ရွတ်ဆိုလိုက်သည်။ ရုတ်တရက်ဆိုသလို သူက မိစ္ဆာပူးကပ်ခံထားရသည့်အတိုင်း မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး အော်ဟစ်တော့သည်။

“အစောင့်တွေ... မင်းသမီးရဲ့ အိပ်ရာဆီ သွားပြီး ဟောဒီက မိစ္ဆာရုပ်ကို အမြန်သွားယူခဲ့ကြစမ်း။”

ထိုဆရာကြီးကို အလွန်အမင်း ယုံကြည်ကိုးကွယ်တဲ့ သခင်မကြီးရှဲ့သည် မော့မော့ယဲ့အား လူအုပ်ကို ကိုယ်တိုင်ဦးဆောင်၍ သွားရောက်ရှာဖွေရန် အလျင်အမြန် အမိန့်ပေးလိုက်တော့သည်။

မင်းသမီးရှို့နင်း၏ အဆောင်က သခင်မကြီးရှဲ့၏ အိပ်ခန်းနှင့် ကပ်လျက်တွင် ရှိနေသည်။

မကြာမီမှာပင် မော့မော့ယဲ့သည် ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားဖြင့် သွေးကွက်များ ပေကျံနေသည့် အဝတ် ရုပ်သေးရုပ်တစ်ခုကို ကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုရုပ်သေးရုပ်၏ တစ်ကိုယ်လုံးတွင် ငွေအပ်များဖြင့် အနှံ့အပြား ထိုးစိုက်ထားပြီး ၎င်း၏ ကျောဘက်တွင်မူ မင်းသမီးရှို့နင်း၏ မွေးသက္ကရာဇ်နှင့် မွေးချိန်နာရီတို့ကို ရေးထိုးထားသည့် အဝါရောင် စက္ကူစလေး ကပ်ထားသည်။

လူတိုင်းက ပြိုင်တူပင် အံ့အားသင့်ကာ အသက်ရှူမှားမတတ် ဖြစ်သွားကြ၏။

“ဒါ... ဒါက စုန်းကဝေ အစီအရင်ပဲ။”

ရွှယ်နင်က စုကျန်းကို ရရှိပိုင်ဆိုင်နိုင်ရေးအတွက် နယ်စားမင်းအိမ်တော်ထဲမှာ ဒီလောက်အထိ ရက်စက်ယုတ်မာပြီး သွေးအေးတဲ့ စုန်းကဝေအတတ်ကို လုပ်ရဲလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ကြပေ။

အစောပိုင်းက စိတ်လွင့်မျောနေခဲ့တဲ့ မင်းသမီးရှို့နင်းပင်လျှင် မှီနေရာကနေ ထထိုင်လိုက်ပြီး မျက်လုံးများ ပြူးကျယ်ကာ အံ့သြမှင်သက်သွားသည်။

ရုပ်သေးရုပ်၏ ကျောဘက်က နာမည်နှင့် မွေးဇာတာ အသေးစိတ်ကို သေသေချာချာ မြင်တွေ့လိုက်ရပြီးနောက် သူမ တစ်ကိုယ်လုံး တုန်ရင်လာကာ ရွှယ်နင်၏ ရှေ့သို့ လျှောက်လှမ်းလာပြီး ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

“ညီမ‌ လေး ရွှယ်နင်... အစ်မက... အစ်မက ညီမလေးအပေါ် ဘာတွေများ ပြစ်မှားမိလို့... ညီမက တို့ကို ဒီလောက်တောင် ရက်ရက်စက်စက် ဒုက္ခပေးရတာလဲဟင်။”

ရွှယ်နင် မျက်မှောင်ကြုတ်လိုက်သည်။

“ကျွန်မ မင်းသမီးကို ဒုက္ခမပေးခဲ့ပါဘူး။ မင်းသမီးရဲ့ မွေးဇာတာ အသေးစိတ်ကိုလည်း ကျွန်မ ဘာတစ်ခုမှ မသိဘူး”

မင်းသမီးရှို့နင်းက နှာခေါင်းရှုံ့လိုက်ရင်း ပိုမိုသနားစရာကောင်းအောင် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။ သူမက နီမြန်းနေတဲ့ မျက်ဝန်းများဖြင့် ပြောလိုက်၏။

“တို့က ရှီဇီအစ်ကို့ကို လုယူသွားတဲ့အတွက် ညီမလေး မုန်းနေမှန်း သိပါတယ်... ဒါပေမဲ့ ရှီဇီအစ်ကိုနဲ့ အစ်မက ‘စာသုံးစောင်၊ ကျင့်ဝတ်ခြောက်ခု’ နဲ့ စေ့စပ်ထားကြတာလေ... အကယ်၍ ညီမက ရှီဇီအစ်ကိုရဲ့ တရားဝင်ဇနီး ဖြစ်ချင်တယ်ဆိုရင်တောင် အစ်မကို ပွင့်ပွင့်လင်းလင်း ပြောလို့ရတာပဲ... ကွယ်ရာမှာ ဒီလိုနည်းလမ်းယုတ်တွေ သုံးပြီး ဒုက္ခပေးဖို့ မလိုပါဘူး"

သူမ ထိုသို့ပြောလိုက်သည်နှင့် ရွှယ်နင်အပေါ် ထားရှိကြသော လူတိုင်း၏ အကြည့်များက ပိုမိုရှုပ်ထွေးလာသည်။

သူမ စုကျန်းကို ချစ်မြတ်နိုးတာကို လူတိုင်းသိကြပေမယ့် စုန်းကဝေအတတ်ကို သုံးစွဲတာက အကြီးမားဆုံးသော တားမြစ်ချက် မဟုတ်လား။

ထို့အပြင် သူမက မင်းသမီးရှို့နင်းကိုပါ အသက်အန္တရာယ်ပြုရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။

အကယ်၍ မင်းသမီးသာ သေဆုံးသွားခဲ့လျှင် မင်းသားရီက ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားပါ့မလား။

ရွှယ်နင်သည် နယ်စားမင်းအိမ်တော်တစ်ခုလုံး၏ ဘေးအန္တရာယ်ကို လုံးဝငဲ့ကွက်ခြင်း မရှိခဲ့တာ ထင်ရှားသည်။

သူမ၏ ပတ်ပတ်လည်တွင် ဆဲဆိုကဲ့ရဲ့သံများ တဖြည်းဖြည်း ကျယ်လောင်လာသည်။ စုချင်းနှင့် သခင်မတုန်းက ရွှယ်နင်၏ အမှားကို အခွင့်ကောင်းယူကာ ရက်ရက်စက်စက် ဝိုင်းဝန်းစွပ်စွဲကြတော့သည်။

“သူ(မ)မှာ မကောင်းတဲ့ စိတ်ပုပ်စိတ်ယုတ်တွေ ရှိနေမှန်း ကျွန်မ အမြဲသိနေခဲ့တာ။ ငယ်ငယ်ကတည်းက ရှီဇီအစ်ကို့အနားကို ကပ်တွယ်ဖို့ပဲ တစ်ချိန်လုံး ကြံစည်နေခဲ့တာလေ။ အခု ရှီဇီအစ်ကို့မှာ စေ့စပ်ထားသူ ရှိနေတာကို မြင်တော့ မနာလိုဝန်တိုဖြစ်ပြီး မင်းသမီးကို ဒုက္ခပေးဖို့ ကြံစည်တာပဲ။ ဒါမှ သူ(မ)က ရှီဇီအစ်ကို့ရဲ့ တရားဝင်ဇနီးအဖြစ် လက်ထပ်ရမှာကိုး။ အဘွား... မင်းသမီးအတွက် တရားမျှတမှု ရှာပေးရပါမယ်။”

သခင်မတုန်းကလည်း ချက်ချင်းပင် ဝင်ထောက်ခံသည်။

“မှန်လိုက်တာ။ ဒီမိန်းကလေးက ငယ်ငယ်ကတည်းက အိန္ဒြေသိက္ခာကို မသင်ယူခဲ့ဘဲ ယောကျာ်းတွေကို မြှူဆွယ်ဖို့ပဲ အာရုံစိုက်ခဲ့တာ။ အရင်က ရှီဇီကို မြှူဆွယ်ခဲ့တာက ထားပါဦး၊ အခုတော့ မင်းသမီးကိုပါ စုန်းကဝေအတတ်နဲ့ လုပ်ကြံရဲနေပြီ။ သခင်မကြီး... ဒီလိုမိန်းကလေးမျိုးက တကယ်ကို ယုတ်မာတဲ့စိတ်ထားနဲ့ ရက်စက်လွန်းပါတယ်။”

“ဒါက မင်းသားရီကို စိတ်ဆိုးဒေါသထွက်အောင် လုပ်လိုက်သလို ဖြစ်နေပြီ။ အရှင်မင်းသားက တို့ နယ်စားမင်းအိမ်တော်ကို အပြစ်တင်နေပါဦးမယ်။”

“ဒီရွှယ်မိသားစုမှာ တကယ်ပဲ လူကောင်းဆိုတာ မရှိဘူး။ ဆင်းရဲဒုက္ခတွေကို ကယ်တင်ပြီး အသက်တွေကို ကယ်ခဲ့တဲ့ စစ်သူကြီးတဲ့လား။ အဲဒီတုန်းက စစ်သူကြီးရွှယ်က နိုင်ငံတော်ကို သစ္စာဖောက်ပြီး ရန်သူ့ဆီ ပူးပေါင်းသွားခဲ့တာလို့ ကောလာဟလတွေ ထွက်ခဲ့သေးတာပဲ။ ကျင်းထဲမှာ မြေမြှုပ်ခံခဲ့ရတဲ့ လူသောင်းချီကလည်း သူ့ကြောင့် သေခဲ့ရတာ။ ဧကရာဇ်မင်းမြတ်ရဲ့ အပြစ်ပေးတာကို ကြောက်လို့ သူနဲ့သူ့ဇနီးက စစ်တပ်သုံးတပ်ရှေ့မှာ အပြစ်ပေးဆပ်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ကြတာ။”

ရွှယ်နင်၏ မျက်နှာလေးက သွေးဆုတ်ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး စိမ့်ခနဲ အေးစက်သွားသည်။

လျိုရှီက နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော အသံဖြင့် နှာခေါင်းရှုံကာ ပြောလိုက်၏။

“ဟုတ်တယ်၊ စစ်နတ်ဘုရား စစ်သူကြီးရဲ့ မိဘမဲ့ကလေးဆိုပြီး အမွှမ်းတင်နေကြတာ၊ တကယ်တော့ ဒီလောက် ယုတ်မာကောက်ကျစ်တဲ့ နှလုံးသား ရှိနေတာပဲ။ သူ(မ)က ဘေးဒုက္ခတွေ သယ်ဆောင်လာတဲ့ မိစ္ဆာမပဲ။ မဟုတ်ရင် ငါ့ရဲ့ အားရှီးလေးကို ဒုက္ခပေးပါ့မလား”

All Chapters