← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅ - သူမ၏ နှလုံးသွေးကို ဖောက်ထုတ်ခြင်း

မင်းသမီးရှို့နင်းသည် ယိုင်နဲ့နဲ့ဖြင့် ရွှယ်နင်၏ရှေ့တွင် လာရပ်ကာ သူမ၏ လက်လေးကို ဆုပ်ကိုင်ပြီး ထိုင်ခုံမှ အတင်းဆွဲထူလိုက်သည်။

"ညီမလေးရယ်... အစ်မ ကတိပေးပါတယ်။ ညီမလေးကို ရှီဇီရဲ့ ကိုယ်လုပ်တော်အဖြစ် ထားပေးရင် မပြေလည်ဘူးလားဟင်။ ညီမလေး အစ်မကို ဒီလိုမျိုး ဒုက္ခပေးဖို့ တကယ်မလိုပါဘူး... ညီမလေးက ရှီဇီ့ကို သဘောကျပြီး သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးမယ်ဆိုရင် အစ်မလည်း ညီမလေးကို လက်ခံဖို့ အဆင်သင့်ပါပဲ..."

သူမ စကားပြောနေရင်း ရွှယ်နင်၏ လက်ကို ကိုင်ထားလျက်နှင့် ရုတ်တရက် အနောက်သို့ လန်ကျသွားတော့သည်။

"ညီမလေးရွှယ်နင်... ညီမ.. ညီမက ဘာလို့ အစ်မကို ထပ်ပြီး တွန်းထုတ်ရတာလဲ..."

"ရွှယ်နင်!"

စုကျန်းသည် လျှပ်တပြတ်အတွင်း လှမ်းလာပြီး မင်းသမီးရှို့နင်း၏ နုနယ်သော ကိုယ်လုံးလေးကို ဖမ်းထိန်းလိုက်သည်။ ထို့နောက် လက်ဝါးကြီးဖြင့် ရွှယ်နင်ကို ကြမ်းပြင်ပေါ်သို့ ရက်ရက်စက်စက် တွန်းလှဲပစ်လိုက်ပြီးနောက် ရွံရှာစက်ဆုပ်ဖွယ် အပြည့်ရှိသော မျက်လုံးများဖြင့် ငုံ့ကြည့်လာသည်။

"မင်း အဆိပ်ပြင်းတဲ့ မိန်းမ!"

ရွှယ်နင်သည် ကြမ်းပြင်ပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေမိပြီး ဦးနှောက်တစ်ခုလုံး ဝူးဝူးဝါးဝါး ဖြစ်သွားရသည်။

ထိုအခိုက်အတန့်တွင် သူမသည် အရင်ဘဝက မင်းသမီးရှို့နင်း ကိုယ်ဝန်ပျက်ကျခဲ့တဲ့နေ့ဆီသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ထိုစဉ်ကလည်း စုကျန်းက ဒီနေ့လိုမျိုးပဲ အေးစက်ရွံရှာတဲ့ အကြည့်မျိုးဖြင့် သူမကို စိုက်ကြည့်ခဲ့ပြီး သူမရဲ့ ရင်ဘတ်ကို ခြေထောက်ဖြင့် အားပြင်းစွာ ကန်ခဲ့၍ ရက်စက်စွာ မောင်းထုတ်ခဲ့သည်။

သူမ ရှင်းပြရန် ရှေ့သို့ တိုးသွားခဲ့သော်လည်း ထပ်မံ၍သာ ကန်ကျောက်ခြင်း ခံခဲ့ရ၏။

ထို့နောက်တွင် သူမ၏ ဝမ်းဗိုက်ထဲမှ ပြင်းထန်သော နာကျင်မှုတစ်ခု တိုးထွက်လာခဲ့ပြီး သတိမေ့သွားသည်အထိ ငိုကြွေးခဲ့ရသည်။

သူမ သတိပြန်ရလာချိန်တွင် ပေါင်ချန်က သူမ၏ ဝမ်းဗိုက်ထဲက ကလေးလေး ဆုံးရှုံးသွားပြီဖြစ်ကြောင်း ငိုယိုကာ ပြောပြခဲ့သည်။

သူမက သူမ၏ တောင့်တင်းအေးစက်နေသော လက်ဖဝါးလေးကို မြှောက်ကာ ဘယ်ဘက် ရင်အုံပေါ်သို့ ဖြည်းညှင်းစွာ ဖိထားလိုက်မိသည်။

လေးလံထိုင်းမှိုင်းသော ဖိအားတစ်ခုက သူမ၏ နှလုံးသားကို လာရောက်ဖိနှိပ်ထားတာကြောင့် အသက်ရှူရန်ပင် ခက်ခဲ၏။

သူမ ရင်ဘတ်က ဒဏ်ရာက အသားနုတက်ကာ သက်သာခါစပဲ ရှိသေးတဲ့အတွက် ထိုအမျိုးသား၏ ပြင်းထန်တဲ့ တွန်းထုတ်မှုကြောင့် ယခု ပြင်းထန်စွာ ပြန်လည်ကိုက်ခဲလာတော့သည်။

အသက်ကယ်ခဲ့ဖူးတဲ့ ကျေးဇူးတဲ့လား... ဒါတွေက ပြက်လုံးတစ်ခုကလွဲလို့ ဘာမှမဟုတ်ပါဘူးလေ။

သူက သူမအပေါ် အမြဲတမ်း ဒီလိုပဲ ပြုမူခဲ့ပြီး အနည်းငယ်တောင် ယုံကြည်မှု မရှိခဲ့ဘူး။

သူမ သက်ပြင်းကို ပြင်းပြင်းချလိုက်ရင်း နှုတ်ခမ်းလွှာများက နှင်းပွင့်ကဲ့သို့ ဖြူဖျော့နေကာ ကြမ်းပြင်ပေါ်ကနေ မနည်းရုန်းကန်၍ မတ်တတ်ရပ်လိုက်သည်။

စုကျန်းကတော့ မင်းသမီးရှို့နင်းကို ပွေ့ချီပြီး လိုဟန်ကုတင်ပေါ်တွင် သွားတင်ထားပြီးဖြစ်သည်။

မင်းသမီး၏ မျက်နှာတစ်ခြမ်းက အမျိုးသားဖြစ်သူ၏ ရင်ခွင်ထဲတွင် ဝှက်ထားသော်လည်း ကျန်ရှိနေသော မျက်နှာတစ်ခြမ်း၌ ရွှယ်နင်အား အောင်နိုင်သူအသွင်ဖြင့် ခနဲ့တဲ့တဲ့ ပြုံးပြနေလေသည်။

ရွှယ်နင်သည် သူမနှင့် မျက်နှာချင်းဆိုင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းထဲက လှည့်ကွက်ဆင်မှုကို အထင်အရှား မြင်တွေ့လိုက်ရ၏။

ဒီကိစ္စက မင်းသမီးရှို့နင်း ကိုယ်တိုင် စီစဉ်ထားပြီး ကိုယ်တိုင်သရုပ်ဆောင်နေတဲ့ ပြဇာတ်တစ်ခုမှန်း သူမ သိတယ်။

ဒါပေမဲ့လည်း ဒီနေရာမှာရှိနေတဲ့ လူအားလုံးထဲမှာ သူမပြောတာကို ယုံကြည်မယ့်သူ တစ်ယောက်မှ ရှိမနေဘူး။

ရွှယ်နင် မတတ်သာသကဲ့သို့ ခံစားရပြီး ရယ်ပင်ရယ်ချင်မိသွားသည်။

သူမက အဆောင်မကြီးအလယ်တွင် အားကိုးရာမဲ့စွာဖြင့် တစ်ကိုယ်တည်း ခြောက်ကပ်စွာ ရပ်နေမိသည်။ သူမ နှုတ်ခမ်းကို ဟလိုက်ပြီး တစ်စုံတစ်ခုကို ပြောရန် ကြိုးစားမိသော်လည်း ဒီကိစ္စက သူမကို ဒုက္ခပေးရန် မင်းသမီးရှို့နင်း ဆင်ထားသည့် လှည့်ကွက်တစ်ခုသာဖြစ်ကြောင်း လူတိုင်းနားလည်အောင် ဘယ်လိုစကားလုံးမျိုးဖြင့် ပြောရမလဲဆိုတာကို မသိတော့ပေ။

ဒါပေမဲ့ ဒီအတိုင်း အပြစ်မရှိဘဲ ခေါင်းငုံ့ခံလိုက်ဖို့အတွက်တော့ ဒီလိုမျိုး ညစ်ပတ်တဲ့ မတရားစွပ်စွဲချက်ကို သူမ ရင်ဘတ်ထဲ မြိုမချနိုင်ချေ။

"ဒီမိစ္ဆာရုပ်သေးရုပ်ကို ကျွန်မ လုပ်ခဲ့တာ မဟုတ်ပါဘူး။ သခင်မကြီးနဲ့ ရှီဇီတို့က ကျွန်မကို သံသယဝင်နေကြတယ်ဆိုရင် ဘာလို့ အာဏာပိုင်တွေဆီ အမှုမဖွင့်ဘဲ ဒီကိစ္စကို သေသေချာချာ အစအဆုံး စုံစမ်းမစစ်ဆေးတာလဲ!"

စုကျန်းသည် မင်းသမီးရှို့နင်းကို နေရာချပေးပြီးနောက် ခန့်ညားထည်ဝါသော မျက်နှာထားဖြင့် သူမဆီသို့ လှမ်းလာခဲ့သည်။

သူက အရပ်အမောင်း အလွန်မြင့်မားသူဖြစ်တာကြောင့် ရွှယ်နင်၏ ရှေ့တွင် ကျော်ဖြတ်ရခက်ခဲသော တောင်ကြီးတစ်လုံးကဲ့သို့ မတ်တတ်ရပ်နေလေသည်။

"အာဏာပိုင်တွေဆီ အမှုဖွင့်မလို့လား။ ငါကိုယ်တိုင်က အာဏာပဲ။ မင်းက တခြားဘယ်သူ့ဆီ သွားပြီး အမှုဖွင့်ချင်သေးတာလဲ။"

ထိုအမျိုးသား၏ တည်ရှိမှုက ဖိအားပေးလွန်းပြီး တရားရေးကိစ္စရပ်များကို နှစ်ရှည်လများ ကိုင်တွယ်ဖြေရှင်းလာခဲ့သည့် အရှိန်အဝါကြောင့် ဒေါသမထွက်ဘဲနှင့်ပင် ကြောက်မက်ဖွယ်ကောင်းသော ခက်ထန်မှုများ လျှံထွက်နေသည်။ ရွှယ်နင် အံကြိတ်လိုက်၏။

“ကျွန်မ မင်းသမီးကို ဒုက္ခမပေးခဲ့ဘူးလို့ ပြောပြီးပြီပဲ။ တရားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတစ်ယောက်အနေနဲ့ ရှီဇီက ဒီလောက်အောက်တန်းကျတဲ့ လှည့်ကွက်လေးကိုတောင် မခွဲခြားနိုင်ဘူးလား"

စုကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ရွှယ်နင်အပေါ် ထားရှိသည့် သူ၏ အကြည့်များတွင် အေးစက်သော သားကောင်ဖမ်းလိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည်။

“မင်း သူ(မ)ကို တွန်းထုတ်လိုက်တာကို ငါ့မျက်စိနဲ့တပ်အပ် မြင်လိုက်တာ။ အဲဒါ ငါ့ဘက်က မှားစရာ အကြောင်းမရှိဘူး။”

ရွှယ်နင် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

“ရှီဇီ မှားနေတာပါ။ ကျွန်မ သူ(မ)ကို မတွန်းခဲ့ဘူး၊ သူ(မ)ဘာသာ သူ(မ) နောက်ကို လန်ကျသွားတာ”

ရွှယ်နင်က ဒီလောက်အထိ ခေါင်းမာပြီး ဆင်ခြင်တုံတရား ကင်းမဲ့လိမ့်မယ်လို့ စုကျန်း မထင်ထားခဲ့ပေ။

သူ့အပေါ် သဝန်တိုနေတဲ့ သူမ၏ ပုံစံက သူ့ကို ခဏလောက် ကျေနပ်မှု ပေးနိုင်တယ်ဆိုဦးတော့၊ ထိုအရာက ရှဲ့နင်းထန်ကို ဒုက္ခပေးရန် အကြောင်းပြချက် ဖြစ်မလာသင့်ပေ။

သူမက ကိုယ်လုပ်တော်အဖြစ် အလိုက်သင့် လက်ခံရန်သာ အေးအေးဆေးဆေး စောင့်ဆိုင်းနေရမှာဖြစ်ပြီး၊ တရားဝင်ဇနီးနေရာကို ရယူချင်တဲ့ စိတ်ကူးယဉ်မှုဖြင့် သူ့ရဲ့စေ့စပ်ထားသူကို သတ်ဖြတ်ဖို့အတွက် မကြံစည်သင့်ဘူး။

သူမက မထိုက်တန်ဘူး။ ဘယ်တော့မှလည်း ထိုက်တန်လာမှာ မဟုတ်ဘူး။

စုကျန်း၏ အမူအရာက တည်ကြည်ခက်ထန်နေပြီး ရွှယ်နင်ကို ဒေါသရိပ်များဖြင့် စိုက်ကြည့်နေသည်။

“ဆရာကြီး... အခု တရားခံကိုလည်း မိပြီဆိုတော့ ရှို့နင်းရဲ့ ကျန်းမာရေး ပြန်ကောင်းလာဖို့အတွက် နောက်ထပ် ဘာတွေလုပ်ရဦးမလဲ”

ဆရာကြီးက ခဏမျှ တွေးတောပြီးမှ ဖြည်းဖြည်းချင်းပြောလာသည်။

“တရားခံက မင်းသမီးကို ပြုစားဖို့အတွက် သွေးကို သုံးခဲ့တာဖြစ်လို့ ဒါကို ပြန်ဖြေဖို့ဆိုရင် သဘာဝကျကျ သွေးနဲ့ပဲ ဖြေရပါမယ်။”

စုကျန်း၏ မျက်ဝန်းများ အေးစက်မည်းမှောင်သွားသည်။

“ဘာကို ဆိုလိုတာလဲ။”

ဆရာကြီးက ပြန်ဖြေသည်။

“တကယ်တော့ အရမ်းရိုးရှင်းပါတယ်။ တရားခံရဲ့ နှလုံးသွေးကို ဆေးညွှန်းအဖြစ် အသုံးပြုရုံပါပဲ။ ပြီးရင် ဒီဆေးလုံးကို ရေနွေးနဲ့ ဖျော်ပြီး မင်းသမီးကို တိုက်လိုက်ပါ။ သုံးရက်အတွင်းမှာ သူ(မ)ရဲ့ ကျန်းမာရေးက သေချာပေါက် ပြန်ကောင်းလာပါလိမ့်မယ်”

မင်းသမီးရှို့နင်း၏ ငိုရှိုက်သံက အားနည်းပြီး မခံချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

သခင်မကြီးရှဲ့၏ မျက်နှာကလည်း ရေခဲကဲ့သို့ အေးစက်နေတော့သည်။

“ကျန်းအာ... မင်း ဘာကို စောင့်နေတာလဲ။ ရှို့နင်းကို ကုသဖို့အတွက် ရွှယ်နင်ရဲ့ နှလုံးသွေးကို အမြန်သွားယူစမ်း။”

ရွှယ်နင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မျက်တောင်လေးများ တုန်ရီသွားသည်။

သူမ၏ မျက်နှာတွင် သွေးဆုတ်သွားကာ အပြင်သို့ ထွက်ပြေးရန် လှည့်လိုက်တော့သည်။

သို့သော် တံခါးကို အိမ်တော်က အထိန်းတော်ကြီးအချို့က တင်းကျပ်စွာ ပိတ်ဆို့ထားနှင့်ပြီးပြီ ဖြစ်၏။

ပေါင်ချန်ကတော့ အပြင်ဘက်မှာ တစ်ယောက်ယောက်က ပါးစပ်ပိတ်ထားသည့်အတိုင်း တရှုံ့ရှုံ့နှင့် ငိုကြွေးသံသာ ထွက်ပေါ်နေပြီး ခန်းမဆောင်ကြီး၏ တံခါးက ပိတ်ဆို့ခြင်း ခံထားရသည်။

အခန်းထဲတွင် မီးသွေးနံ့နှင့် အမျိုးသမီးများ၏ အမွှေးနံ့များ ရောယှက်နေသဖြင့် လူကို အသက်ရှူကျပ်မတတ် ဖိအားပေးနေသည်။

စုကျန်းက သူမအနားသို့ တဖြည်းဖြည်း တိုးကပ်လာပြီး သူ၏ အေးစက်သော အရှိန်အဝါက လူ့နှလုံးသားကို တုန်လှုပ်ခြောက်ခြားစေသည်။

ရွှယ်နင် အနောက်ကို လှည့်လိုက်ပေမယ့် သူမ၏ ကိုယ်လုံးလေးက နံရံနှင့် အသည်းအသန် ကပ်နေခဲ့ပြီ ဖြစ်သည်။

အခန်းထဲတွင် လူပေါင်းများစွာ စောင့်ကြည့်နေကြသော်လည်း ဘယ်တစ်ဦးတစ်ယောက်မှ သူမကို ကူညီရန် အလိုမရှိကြချေ။

စုကျန်းက သူမ၏ရှေ့သို့ လျှောက်လှမ်းလာပြီး သူ့လက်ကြီးဖြင့် သူမ၏ နုနယ်သော လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ မျက်ဝန်းများက ဝဲဂယက်တစ်ခုကဲ့သို့ နက်မှောင်နေသည်။

“ရွှယ်နင်... ဒါတွေအားလုံးက မင်းကိုယ်တိုင် ရှာဖွေခဲ့တာပဲ”

ရွှယ်နင် ရုန်းကန်လိုက်ပေမယ့် သူ၏ မှောင်မိုက်သော အကြည့်များကြောင့် အသက်ရှူရန်ပင် ခက်ခဲလာရသည်။

သူမက သူမရဲ့ ခေါင်းမာတဲ့ မျက်နှာလေးကို မော့ပင့်လိုက်ပြီး မျက်ဝန်းများက မထိန်းချုပ်နိုင်ဘဲ နီမြန်းလာတော့သည်။

“စုကျန်း... ရှင့်ကို ကျွန်မ မုန်းတယ်။”

ထိုမိန်းကလေး၏ နီမြန်းနေသော မျက်ဝန်းများက စုကျန်း၏ နှလုံးသားကို စူးစိုက်သွားသကဲ့သို့ ခံစားလိုက်ရသော်လည်း ထိုနာကျင်မှုက မြန်ဆန်လွန်းသဖြင့် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ထိုနာကျင်မှုက ဘယ်နေရာကနေ ရောက်ရှိလာမှန်း သူ သေသေချာချာ မတွေးတောနိုင်ခင်မှာပင်... သူ့စိတ်ထဲမှာ ဘယ်လိုပဲဖြစ်ပါစေ ရှို့နင်းကို ကျန်းမာရွှင်လန်းစွာဖြင့် သူ့ဆီ အရောက်လက်ထပ်နိုင်ရေးကိုသာ အာရုံစိုက်နေမိတော့သည်။

ရွှယ်နင်အတွက်ကတော့ ရင်ဘတ်က နှလုံးသွေး အနည်းငယ်ပဲ မဟုတ်လား။ သူမကို အရမ်းထိခိုက်ဒဏ်ရာမရစေဖို့အတွက် သူ့လက်အင်အားကို ထိန်းချုပ်ပေးမှာဖြစ်ပြီး၊ ကိစ္စပြီးပါက ငွေကြေး၊ ရတနာပစ္စည်းများများဖြင့် ပြန်လည်ကုစားပေးနိုင်သလို သူမ ပျော်ရွှင်စေဖို့အတွက် သူမအနားမှာ အချိန်ပေးပြီးလည်း ချော့မြူနိုင်တယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သူမ လိုလိုလားလားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှလုံးသွေးကို မဖြစ်မနေ ပေးဆပ်ရမယ်။

သူသည် နက်မှောင်သော မျက်ဝန်းများကို ဖြည်းညှင်းစွာ မှေးစင်းလိုက်ပြီး မော့ပိုင် လှမ်းပေးလာသော မြှားမြှောင်ကို ဆုပ်ကိုင်ကာ ရွှယ်နင်၏ ရင်ဘတ်ဆီသို့ ရက်ရက်စက်စက် ထိုးစိုက်ချလိုက်တော့သည်—

ရွှယ်နင်က အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး တစ်ကိုယ်လုံး တုန်ရီလျက် မျက်နှာတွင် သွေးစက်မျှပင် မရှိတော့ချေ။

သူမ၏ ရင်ဘတ်ဆီသို့ ဦးတည်ရွေ့လျားလာသော ထိုစူးရှသည့် ဓားသွားကို အားကိုးရာမဲ့စွာဖြင့်သာ စိုက်ကြည့်နေမိ၏။

သူမ ကြောက်လန့်တကြား မျက်လုံးများကို မှိတ်ထားလိုက်မိရာ နားထဲတွင် ဝူးဝူးဝါးဝါး အသံများသာ ကြားနေရသည်။

သို့သော် အတန်ကြာသည်အထိ နှလုံးသားကို ဓားဖြင့် ထိုးစိုက်ခံရသည့် ပြင်းထန်သော နာကျင်မှုကို သူမ မခံစားရပေ။

ထိုအစား အံ့သြတုန်လှုပ်သွားသည့် အော်ဟစ်သံအချို့ကိုသာ ကြားလိုက်ရသည်။

သူမ၏ မျက်တောင်လေးများ တုန်ရီသွားကာ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တဲ့အခါ အရပ်အမောင်း မြင့်မားသော ကျောပြင်ကြီးတစ်ခုက သူမရှေ့မှာ ဘယ်လိုလုပ် ရောက်ရှိနေမှန်းမသိ ပေါ်ပေါက်နေသည်။ ပွင့်ဟသွားသော တံခါးဝမှတစ်ဆင့် ပြင်းထန်သော လေပြင်းများ တိုးဝှေ့ဝင်ရောက်လာသဖြင့် ထိုအမျိုးသား၏ ဝတ်ရုံစများက တဖျတ်ဖျတ် လွင့်ပျံနေပြီး သူ၏ တည်ရှိမှုက မြင့်မြတ်ထည်ဝါလွန်းသည်။

စုကျန်းက ကြမ်းပြင်ပေါ် ကန်ချခံထားရတာကြောင့် လဲကျနေပြီး မော့ပိုင်၊ သခင်မကြီးရှဲ့နှင့် အခြားသူများက သူ့ကို ဝိုင်းအုံနေကြသည်။ မင်းသမီးရှို့နင်းကလည်း စုကျန်း၏ ဘေးတွင် စိုးရိမ်တကြီးဖြင့် ဆောင့်ကြောင့်ထိုင်နေသည်။

စုကျန်းသည် ဒဏ်ရာရသွားပုံရပြီး သူ့ပုခုံးပေါ်မှ သွေးများ စိမ့်ထွက်နေ၏။

သခင်မကြီးရှဲ့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

“ဘယ်သူရှိလဲ... သမားတော်ကို အမြန်သွားပင့်ကြစမ်း”

သို့သော် လီချန်ချဲ့က အမိန့်ပေးလိုက်၏။

“ဖူရှန်း... ဒီနေ့ ဒီထဲက လူတစ်ယောက်မှ အပြင်ကို မထွက်စေနဲ့”

သူ့အသံက ကျယ်လောင်လှသည်မဟုတ်သော်လည်း လူတိုင်းကို ဖိနှိပ်ချုပ်ချယ်နိုင်သည့် အရှိန်အဝါ အပြည့်အဝ ပါရှိနေသည်။

သခင်မကြီးရှဲ့ ဘာလုပ်ရမှန်းမသိ တုံ့ဆိုင်းနေစဉ်မှာပင် ဖူရှန်းသည် သူ၏ ရှည်လျားသော ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ခန်းမဆောင်ကြီး၏ တံခါးကို ပိတ်ကာ ဓားသွားကို တံခါးဘောင်တွင် ခပ်ပေါ့ပေါ့လေး ထိုးစိုက်လိုက်သည်။ ထိုဓားသွားက သမားတော်သွားပင့်ရန် ပြင်နေတဲ့ အစေခံမလေး၏ လမ်းကို ပိတ်ဆို့သွားသည်။

“ငါ့သခင် ပြောတာကို နင်တို့ မကြားဘူးလား။ လောလောဆယ် ဘယ်သူမှ အပြင်မထွက်ရဘူး။ ငါ့သခင်က ပြောစရာ စကားရှိတယ်!”

All Chapters