← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆ - အသက်ကယ်ကျေးဇူး အကြွေး၊ တစ်ချက်တည်းနဲ့ အပြတ်ချေဖျက်ခြင်း

အစေခံမလေးက တစ်ကိုယ်လုံး တုန်ရင်သွားပြီး တံခါးဝမှ ခြေလှမ်းများကို အမြန်ဆုတ်လိုက်သည်။

ရွှယ်နင်သည် ခဏလောက် မှင်သက်သွားပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်မိ၏။

ရင်းနှီးနေတဲ့ မီးခိုးပြာရောင် ဝတ်ရုံ။

ပုခုံးပေါ် တစ်ဝက်ခန့် ဝဲကျနေတဲ့ ကတ္တရာစေးကဲ့သို့ နက်မှောင်သည့် ဆံနွယ်များ။

ထို့အပြင် နှင်းပွင့်များ စွန်းထင်းနေသော ဝါးလုံးစိမ်း ကျောက်စိမ်းဆံထိုး။

သူပဲ... သူက လီချန်ချဲ့ပဲ။

ရွှယ်နင် ရုတ်တရက် ကြောင်အမ်းသွားပြီး သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ တဖြည်းဖြည်း ပြည့်လျှံလာတော့သည်။

ထိုအမျိုးသားက သူမဘက်သို့ လှည့်လာပြီး ကြီးမားတဲ့ လက်ဖဝါးကို ကမ်းပေးလိုက်ချိန်တွင်... သူမ အတန်ကြာမှ သတိဝင်လာကာ သူမ၏ တောင့်တင်းအေးစက်နေသော လက်ဖဝါးလေးကို သူ၏ လက်ဖဝါးပြင်ကျယ်ထဲသို့ ရဲရဲဝံ့ဝံ့ ထည့်လိုက်သည်။

သူ့လက်ဖဝါးကနေ ထွက်ပေါ်လာတဲ့ နွေးထွေးသည့် အပူရှိန်က သူမဆီ ကူးစက်လာပြီး လက်ချောင်းထိပ်လေးများအထိ တုန်ရီသွားစေ၏။

သူမ ရင်ထဲတွင် လှိုက်တက်လာကာ မယုံကြည်နိုင်သည့် လေသံဖြင့် မေးလိုက်သည်။

“ရှင်... ရှင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”

လီချန်ချဲ့က သူမကို ဆွဲထူလိုက်ရင်း နှုတ်ခမ်းထောင့်တွင် အလိုလိုက်ရိပ်အပြည့်ရှိသော အပြုံးတစ်ခု ပြုံးလိုက်သည်။

“မင်းအတွက် ကျောထောက်နောက်ခံ လုပ်ပေးဖို့ လာတာ”

ထိုစကားကြောင့် ရွှယ်နင်၏ မျက်ဝန်းထဲမှ မျက်ရည်ဥကြီးများက တပေါက်ပေါက်နှင့် အဆက်မပြတ် လိမ့်ဆင်းလာတော့သည်။

လီချန်ချဲ့က မျက်လုံးပင့်ကြည့်ကာ သူမမျက်ဝန်းထောင့်က မျက်ရည်များကို လက်ဖြင့် ညင်သာစွာ သုတ်ပေးလိုက်သည်။ သူ၏ အမူအရာက တည်ငြိမ်နေပုံရသော်လည်း မျက်ဝန်းများက နက်မှောင်စူးရှနေဆဲ ဖြစ်သည်။

သူက ရွှယ်နင်ကို အနီးနားရှိ ထိုင်ခုံတစ်ခုတွင် အသာလေး ထိုင်ခိုင်းလိုက်ပြီးနောက်မှ... ပျာယာခတ်ခြင်းမရှိဘဲ စုကျန်းရှိရာသို့ အေးအေးလူလူ လျှောက်လှမ်းသွားသည်။

“စောစောက... ငါက လူတစ်ယောက်ကို ကာကွယ်ပေးချင်စိတ် စောသွားလို့ လက်ပါတာ အားနည်းနည်း ပါသွားတယ်။ ဒါက ဒဏ်ရာအသေးအဖွဲလေးပဲဆိုတော့ သခင်လေးစုက စိတ်ထဲထားမှာ မဟုတ်ဘူးလို့ ငါယုံကြည်ပါတယ်”

စုကျန်းသည် သူ၏ ပုခုံးက ဒဏ်ရာကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း မတ်တတ်ရပ်လိုက်၏။ သခင်မကြီးရှဲ့နှင့် အခြားသူများ၏ လှမ်းတွဲမှုကို ဖယ်ရှားလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပြုံးကာ လီချန်ချဲ့ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“သခင်လေးလီက ငါ့ရဲ့ရွှမ်းယီနယ်စားမင်းအိမ်တော်ထဲမှာ ဥပဒေမဲ့လွန်းလှချည်လား”

ထိုအမျိုးသားနှစ်ဦးသည် အရပ်အမောင်းချင်းတူညီကြပြီး အေးစက်ခက်ထန်သော အသွင်အပြင်များလည်း တူညီကြသည်။

သို့သော် လီချန်ချဲ့၏ အရှိန်အဝါက ပို၍ ရင့်ကျက်တည်ငြိမ်ပြီး အနက်အဓိပ္ပာယ် ဖော်ရခက်၏။

သူ၏ တည်ငြိမ်အေးစက်သော အကြည့်အောက်တွင် စုကျန်း၏ ရင်ထဲ၌ မဖော်ပြတတ်သည့် ကြောက်ရွံ့တုန်လှုပ်မှုတစ်ခု ရုတ်တရက် ထကြွလာသည်။

လီချန်ချဲ့က ခပ်ပေါ့ပေါ့လေး ရယ်မောလိုက်သည်။

“ငါက သခင်လေးစုရဲ့ မိုက်မဲပုံကို လာပြီး လှောင်ပြောင်ရုံသက်သက်ပါပဲ”

စုကျန်း၏ နှုတ်ခမ်းများ တင်းတင်းစေ့သွားပြီး မျက်ဝန်းထဲတွင် လူသတ်ချင်စိတ် အငွေ့အသက်များ ပျံ့နှံ့သွားတော့သည်။

“မိုက်မဲတယ်ဟုတ်လား။ မင်းက ဘာသိလို့လဲ။”

လီချန်ချဲ့က တည်ငြိမ်မှုကို ဆက်လက်ထိန်းထားရင်း စုကျန်းကို အထင်သေးတဲ့ အကြည့်မျိုးဖြင့် စိုက်ကြည့်လိုက်သည်။

“ငါသိတာကတော့... အခု မင်းတို့ ခေါ်ထားတဲ့ ဆရာကြီးဆိုတဲ့လူက လူလိမ်တစ်ယောက်ပဲ ဆိုတာရယ်၊ ပြီးတော့ မင်းက အဲဒီလူလိမ်အတွက်နဲ့ မင်းရဲ့ကျမ်းကျိန်ထားထားတဲ့ ညီမဆီကနေ နှလုံးသွေးတစ်ခွက်ကို မိုက်မိုက်မဲမဲ ဖောက်ထုတ်ဖို့ ကြံစည်နေတာရယ်ကိုပဲ”

ကျမ်းကျိန်ထားတဲ့ ညီမ...

စုကျန်း၏ ရင်ဘတ်ထဲသို့ စူးရှသော နာကျင်မှုတစ်ခု တိုးဝင်သွားပြီး သူ၏ မျက်ဝန်းများက အနည်းငယ် မှေးစင်းသွားသည်။

“မင်းမှာ အဲဒီလို ပြောပိုင်ခွင့် ဘာရှိလို့လဲ။”

လီချန်ချဲ့၏ အေးစက်သော မျက်ဝန်းများက တစ်ချက်ရွေ့လျားသွားသည်။

“ဖူရှန်း”

ဖူရှန်းက ကျယ်လောင်စွာ ထူးလိုက်ပြီးနောက် သူ၏ ဓားရှည်ကို မြှောက်ကာ ဆရာကြီး၏ လည်ပင်းဆီသို့ အလျားလိုက် ဝေ့ယမ်းလိုက်သည်။

ဖူရှန်း၏ ရက်စက်ပြတ်သားသော အမူအရာနှင့် တဖျတ်ဖျတ် တောက်ပနေသော ဓားသွားကို မြင်လိုက်ရသောအခါ ဆရာကြီးက ထိတ်လန့်တုန်လှုပ်ပြီး မျက်နှာတွင် သွေးဆုတ်သွားကာ သူ၏လည်ပင်းကို အမြန်ကာကွယ်ရင်း အော်ဟစ်တော့သည်။

“ကျွန်တော့်ကို မသတ်ပါနဲ့။ ကျွန်တော်က ပိုက်ဆံရလို့ ခိုင်းတာလုပ်ရုံသက်သက်ပါ!”

သူ ထိုသို့ပြောပြီးနောက် ဝမ်ရှိုခန်းမဆောင်ကြီးတစ်ခုလုံးသည် သုသာန်ကဲ့သို့ လုံးဝ တိတ်ဆိတ်သွားသည်။

စုကျန်းသည် ခဏလောက် မှင်သက်သွားပြီးနောက် ထိုဆရာကြီးကို လှည့်ကြည့်လိုက်သည်။

ဆရာကြီးသည် ထိုအမျိုးသား၏ အေးစက်သော အကြည့်အောက်တွင် ဂနာမငြိမ်ဖြစ်ကာ တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

“မင်းသမီးကိုယ်တိုင်က... မင်းသမီးကိုယ်တိုင်က ကျွန်တော့်ကို ရွှေပြားအချို့ ပေးခဲ့တာပါ—”

“ယုတ်မာလိုက်တာ!”

မင်းသမီးရှို့နင်း၏ မျက်ဝန်းများ နီမြန်းလာပြီး ဒေါသတကြီး ငေါက်ငမ်းတော့သည်။

“နင်က ဘယ်လိုနိမ့်ကျတဲ့လူမလို့ ငါမင်းသမီးကိုပါ ဒီကိစ္စထဲ ဆွဲသွင်းဝံ့တာလဲ။”

မင်းသမီးရှို့နင်း၏ ဆဲဆိုငေါက်ငမ်းမှုကြောင့် ဆရာကြီး၏ မျက်နှာက အရှက်ရမှုနှင့် ဒေါသတို့ကြောင့် နီမြန်းသွားသော်လည်း ဖူရှန်း၏ အေးစက်သော ဓားသွားကို မြင်လိုက်ရပြန်တော့ စိုးရိမ်စိတ်က ပြန်လည်လွှမ်းမိုးသွားပြန်သည်။

“သခင်လေး... ဒါတွေက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး... ကျွန်တော်က သူများဆီက ပိုက်ဆံယူပြီး ပြဿနာကို ရှင်းပေးရုံသက်သက်ပါ...”

“အဲဒီ အဝတ်ရုပ်သေးရုပ်ကရော"

“ဒါလည်း... ဒါလည်း မင်းသမီးရဲ့ အမိန့်အတိုင်း ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။ ဒီကိစ္စ အောင်မြင်သွားရင်... နောက်မှ ရွှေတုံး နှစ်ဆယ် ဆုလာဘ်အဖြစ် ပေးမယ်လို့ မင်းသမီးက ကတိပေးခဲ့လို့... ကျွန်တော်ကလည်း စည်းစိမ်မက်ပြီးတော့... ဒီလို လှည့်ကွက်ကို ဆင်လိုက်ရတာပါ...”

မင်းသမီးရှို့နင်းသည် သူမနှုတ်ခမ်းကို တင်းတင်းကိုက်ထားမိပြီး မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေသည်။

“ရှီဇီအစ်ကို...”

စုကျန်းသည် ရှဲ့နင်းထန်၏ ဖြူစင်ရိုးသားဟန်ဆောင်ထားသော မျက်နှာကို ကြည့်ရင်း ရွံရှာစက်ဆုပ်မှုမှတစ်ပါး အခြားဘာမှ မခံစားရတော့ချေ။

“ငါ့အနားက ထွက်သွားစမ်း။ ငါ့ကို အဲဒီလို လာမခေါ်နဲ့!”

ဒီနေ့ မြင်ကွင်းအတွက် မင်းသမီးရှို့နင်းသည် အစာအငတ်ခံ၊အအေးဒဏ်ခံကာ အသေအချာ ပြင်ဆင်ခဲ့သော်လည်း အခုအချိန်တွင် ဆက်လက်ဟန်မဆောင်ရဲတော့ပေ။ သူမက သခင်မကြီးရှဲ့၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။

“သခင်မကြီး... သမီး တမင်လုပ်ခဲ့တာ မဟုတ်ပါဘူး... သမီး ကြောက်လို့ပါ... ရှီဇီအစ်ကို့ကို ရွှယ်နင် လုယူသွားမှာ စိုးရိမ်လို့ပါ...”

ဤအခြေအနေသို့ ရောက်ရှိလာသောအခါ သခင်မကြီးရှဲ့လည်း ဘာပြောရမှန်း မသိတော့ပေ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ ပြဇာတ်က သူမကြောင့် အစပြုခဲ့တာဖြစ်ပြီး ရွှယ်နင်၏ နှလုံးသွေးကိုပါ ပေးဆပ်ရလုနီးပါး ဖြစ်ခဲ့သည်။ သူမ ရွှယ်နင်ကို လှမ်းကြည့်လိုက်တဲ့အခါ ရင်ထဲတွင် မျှော်လင့်မထားသော အပြစ်မကင်းမှုနှင့် နောင်တများ လှိုက်တက်လာသည်။

“ရွှယ်နင်—”

ရွှယ်နင်သည် သခင်မကြီးရှဲ့ လှမ်းကမ်းလာသော လက်ကို ရှောင်ကွင်းလိုက်ပြီး မတ်တတ်ရပ်လိုက်၏။

အစောပိုင်းက သူမ၏ ခြေထောက်များ အားအင်မရှိခဲ့သော်လည်း ယခုတော့ အားအင်အချို့ ပြန်လည်ပြည့်ဝလာခဲ့ပြီ။

သူမက လက်နှစ်ဖက်ကို ခါးထက်တွင် သပ်ရပ်စွာ ချထားလျက် သခင်မကြီးရှဲ့ကို ယဉ်ကျေးသော်လည်း စိမ်းသက်တဲ့ ဂါရဝပြုခြင်းမျိုးဖြင့် ပြောလိုက်သည်။

“သခင်မကြီး... ဒါကို ကျွန်မ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ သက်သေပြပြီးပြီမလို့ အခု ကျွန်မကို ပြန်ခွင့်ပြုပါဦး။”

သခင်မကြီးရှဲ့က စိတ်မသက်မသာဖြင့် အနေခက်စွာ ပြန်ပြောလိုက်သည်။

“အေး... အေး... ပြန်နိုင်ပြီ"

ရွှယ်နင်သည် ထွက်ခွာရန် ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း စိတ်ပြောင်းသွားဟန်ဖြင့် ခေတ္တတုံ့ဆိုင်းသွားသည်။ သူမက နောက်သို့ပြန်လှည့်ကာ စုကျန်းထံသို့ လျှောက်လှမ်းသွားပြီး သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။

“ရှီဇီစု.. ရှင် စဉ်းစားနေတာက ကျွန်မက ရှင့်ကို အရမ်း ရူးရူးမူးမူး ချစ်မြတ်နိုးလွန်းလို့၊ ရှင်မရှိရင်မဖြစ်နိုင်လို့၊ မနာလိုဝန်တိုစိတ်တွေ ပြင်းထန်ပြီး မင်းသမီးရှို့နင်းကို လုပ်ကြံဖို့ ကြံစည်ခဲ့တာလို့ ထင်နေတာလား။ ကျွန်မက ရှင့်ရဲ့ ကိုယ်လုပ်တော်မဖြစ်ချင်ဘဲ တရားဝင်ဇနီးပဲ ဖြစ်ချင်လို့ အခုလိုတွေ ကြံစည်နေတာလို့ ရှင် ထင်နေတာလား။”

စုကျန်းသည် လည်ချောင်းတစ်ခုလုံး တစ်ဆို့သွားပြီး ဓားသွားကဲ့သို့ ထက်မြက်သော မျက်မှောင်များကို ကုတ်လျက် ရွှယ်နင်၏ စိမ်းသက်သော အကြည့်များကို ရင်ဆိုင်လိုက်သည်။

ငယ်ငယ်ကတည်းက အခုအချိန်အထိ သူမ သူ့ကို ကြည့်ခဲ့သမျှ အကြည့်များထဲမှာ ဒီနေ့လိုမျိုး အေးစက်ခက်ထန်နေတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။

မဖော်ပြတတ်သည့် ထိတ်လန့်တုန်လှုပ်မှုတစ်ခုက စုကျန်း၏ ရင်ထဲတွင် ရုတ်တရက် ထကြွလာပြီး သူက သူမရှိရာသို့ အလိုလို ခြေလှမ်းနှစ်လှမ်း တိုးကပ်သွားမိသည်။

ရွှယ်နင်ကတော့ အနောက်သို့ ဆုတ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှတစ်ဆင့် စိတ်ကူးများကို ဖတ်လိုက်နိုင်သည်။

သူမ၏ နှုတ်ခမ်းထောင့်တွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။

“ရှီဇီစု... စိတ်ကူးယဉ်လွန်းတာလည်း ရောဂါတစ်မျိုးပဲ၊ ဆေးကုသဖို့ လိုအပ်နေပြီပုံရတယ်”

စုကျန်း၏ အသံက တင်းမာသွား၏။

“ရွှယ်နင်... မင်း ဘာပြောလိုက်တာလဲ”

ရွှယ်နင်က ခပ်ပေါ့ပေါ့လေး ရယ်မောလိုက်သည်။

“ရှင် မင်းသမီးရှို့နင်းကို လက်ထပ်တာကို ကျွန်မ မနာလိုမဖြစ်ရုံတင်မကဘူး၊ တစ်နှစ်ကို ကလေးသုံးယောက်ပဲ မွေးမွေး ကျွန်မကတော့ ‘တော်လိုက်တာ’ လို့ပဲ ချီးကျူးပြီး သားသမီးတွေ အများကြီး ရပါစေလို့ပဲ ဆုတောင်းပေးမှာ”

သူမ၏ ရယ်မောသံများ ရပ်တန့်သွားပြီးနောက် သခင်မကြီးရှဲ့နှင့် အခြားသူများဘက်သို့ လှည့်ကာ ညင်သာစွာ ဆက်ပြောလိုက်သည်။

“ရှီဇီစုအပေါ် ထားရှိခဲ့တဲ့ ကျွန်မရဲ့ အသက်ကယ်ကျေးဇူး အကြွေးကတော့... ဒီနေ့ကစပြီး အပြီးအပိုင် ကျေအေးသွားပါပြီ။”

သူမ၏ မျက်ဝန်းများက ကြည်လင်အေးစက်နေပြီး အရင်ကရှိခဲ့ဖူးသည့် နူးညံ့မှုနှင့် သံယောဇဉ် အရိပ်အယောင်များ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“နောက်နောင်... ရှီဇီစုအနေနဲ့ ကျွန်မနဲ့ ဝေးဝေးမှာ နေပေးဖို့ မျှော်လင့်ပါတယ်။”

ထိုသို့ပြောပြီးနောက် သူမသည် ပေါင်ချန်ကို အမြန်လွှတ်ပေးရန် အမိန့်ပေးလိုက်ပြီး ဝမ်ရှိုခန်းမဆောင်ကြီးထဲမှ တိုက်ရိုက် လှည့်ထွက်ခဲ့သည်။

အခန်းထဲတွင် လူတိုင်း အချင်းချင်း အကြည့်ချင်းဖလှယ်ကာ အနေခက်တဲ့ အခြေအနေတစ်ခု ကြီးစိုးသွားသည်။ မင်းသမီးရှို့နင်း၏ မျက်နှာတွင်လည်း ဖျားနာနေသည့် အရိပ်အယောင်များ လုံးဝမရှိတော့ဘဲ အပြစ်ရှိစိတ်ဖြင့် တုန်လှုပ်နေသော မျက်နှာထားသာ ကျန်ရှိတော့သည်။

သခင်မကြီးရှဲ့သည် နယ်စားမင်းအိမ်တော်၏ မိခင်သခင်မကြီးပီပီ သူမ၏ ဂုဏ်သိက္ခာကို မနည်းထိန်းသိမ်းနေရပြီး စုကျန်းကတော့ ထိုနေရာမှာတင် ကျောက်ရုပ်တစ်ခုလိုမျိုး အတန်ကြာသည်အထိ မတ်တတ်ရပ်ကာ တောင့်တောင့်ကြီး ဖြစ်နေသည်။

လီချန်ချဲ့သည် ဒီမြင်ကွင်းကို ကြည့်ကာ စိတ်ဝင်စားစရာကောင်းတယ်လို့ တွေးမိပြီး ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့ချေ။ သူ မထွက်သွားခင် စုကျန်း၏ ပုခုံးကို တိုက်မိလုနီးပါး ဖြတ်လျှောက်သွားပြီး သူ၏ ခန့်ညားသော မျက်နှာဘေးတိုက်ကို လှည့်ကာ မျက်နှာသေဖြင့် ပြောဆိုလိုက်သည်။

“သာ့ယုံနိုင်ငံတော်ရဲ့ အငယ်ဆုံး တရားရေးဒုတိယဝန်ကြီးဆိုတာ... ငါကြည့်ရသလောက်တော့... ဒီလောက်တင်ပဲကိုး။”

ထိုအမျိုးသားရဲ့ လှောင်‌ပြောင်တဲ့စကားလုံးများ ထွက်ကျလာသည်နှင့် စုကျန်း၏ ရင်ဘတ်ထဲသို့ စူးရှသော နာကျင်မှုတစ်ခု တိုးဝင်သွားပြီး သူ၏ ပုခုံးက ဒဏ်ရာထက်ပင် ပိုမိုပြင်းထန်စွာ ခံစားလိုက်ရသည်။

ဖူရှန်းကလည်း ပြုံး၍ မျက်ခုံးပင့်လိုက်သည်။

“ဒီလို ကိစ္စအသေးအဖွဲလေးကိုတောင် အမှားအမှန်နဲ့ ရန်သူမိတ်ဆွေကို မခွဲခြားနိုင်တာ... သခင်လေးပဲ တရားရေးဒုတိယဝန်ကြီးနေရာကို ဝင်ယူလိုက်တာ ပိုကောင်းမယ် ထင်တယ်!”

လီချန်ချဲ့၏ နှုတ်ခမ်းများ ခပ်ဖွဖွ ကွေးညွတ်သွား၏။

“ဖူရှန်း... သွားကြစို့”

ဖူရှန်းက တက်ကြွစွာဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။ သခင်မလေးရွှယ်ဆီ သွားကြည့်ကြမယ်!"

လီချန်ချဲ့ ထွက်ခွာသွားပြီးနောက် စုကျန်းသည် သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး မျက်ခုံးများကြားတွင် ဒေါသများ ပြည့်နှက်လာတော့သည်။

ရင်ထဲက အောင့်အည်းမခံနိုင်တဲ့ ဒေါသများကို ဖောက်ထွက်ရန် နေရာမရှိသဖြင့် သူက ပုခုံးမှာ စိုက်နေသော ဓားမြှောင်ကို အားဖြင့် ဆွဲထုတ်လိုက်ပြီး မျက်ဝန်းများ နီမြန်းနေသည်။

“လီချန်ချဲ့ကို နယ်စားမင်းအိမ်တော်ထဲကနေ အမြန်မောင်းထုတ်စမ်း!”

...

ရွှယ်နင်၏ ရင်ဘတ်တစ်ခုလုံး ပြင်းထန်စွာ အောင့်တက်လာသည်။ သူမ ဝမ်ရှိုခန်းမဆောင်ထဲကနေ ထွက်လာသည်နှင့် လေပြင်းများနှင့် နှင်းပွင့်များကြားထဲသို့ တိုက်ရိုက် တိုးဝင်ခဲ့သည်။

အေးစက်သော လေပြင်းများ သူမရဲ့ မျက်နှာကို လာရောက်ရိုက်ခတ်မှသာ သူမ ရင်ထဲက ဆူပွက်နေတဲ့ အသွေးအသားများ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။

ခြေထောက်အောက်က နှင်းထုက အလွန်နက်ရှိုင်းပြီး ထူထပ်လွန်းတာကြောင့် သူမသည် မျက်လုံးများကို အားယူကာ တစ်လှမ်းချင်းစီ ခက်ခဲစွာ လျှောက်လှမ်းနေရသည်။

အဝေးမှ တစ်စုံတစ်ဦးက သူမ၏နာမည်ကို လှမ်းခေါ်လိုက်မှသာ သူမက ထုံထိုင်းစွာဖြင့် လမ်းလျှောက်တာကို ရပ်တန့်လိုက်ပြီး အနောက်သို့ လှည့်ကြည့်မိ၏။

ဖြူဖွေးသော နှင်းပွင့်များ ဝေဝါးနေသည့် ကြားထဲတွင် ပေါင်ချန်က သူမ၏နောက်သို့ အမီမလိုက်နိုင်သေးသော်လည်း လီချန်ချဲ့ကတော့ လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် သူမ၏ရှေ့တွင် အဆင်သင့် လာရောက်ရပ်တန့်နေခဲ့ပြီ။

All Chapters