အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း ၁၀၇ - သူမ၏ မွေးဇာတာ
လီချန်ချဲ့သည် သူမကိုယ်သူမ ဒီလောက်အထိ ညှင်းဆဲလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။ သူက သူ့ဝတ်ရုံပုခုံးစွပ်ကို ချွတ်၍ သူမ၏ နုနယ်သော ကိုယ်လုံးလေးပေါ်သို့ ခြုံပေးလိုက်ရင်း ချောမောသော မျက်နှာထက်တွင် ဒေါသရိပ်အနည်းငယ် ရှိနေသည်။
“ဒါ မင်းအမှားမဟုတ်ဘူး။ ဘာလို့ ကိုယ့်ကိုကိုယ် ဒီလောက်အထိ နှိမ့်ချနေရတာလဲ”
ရွှယ်နင်သည် နှင်းပွင့်ကဲ့သို့ ဖြူဖျော့နေသော မျက်နှာလေးကို မော့လိုက်တဲ့အခါ မျက်ဝန်းများက နီမြန်းလျက်ရှိသည်။
သူမက သူမရှေ့မှာ မတ်တတ်ရပ်နေတဲ့ အရပ်ရှည်ရှည်နှင့် ခန့်ညားသော အမျိုးသားကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်မိပြီး မျက်ဝန်းထဲက အလင်းရောင်များ တဖြည်းဖြည်း ပြန်လည်နိုးထလာခဲ့သည်။
ရေနစ်နေသူတစ်ဦးက ကိုယ့်ဘဝရဲ့ တစ်ခုတည်းသော ကယ်တင်ရှင်ကြိုးမျှင်လေးကို ဖမ်းဆုပ်မိလိုက်သည့်အတိုင်း.. သူမက စုကျန်းလိုမျိုး သူကပါ သူမကို ရွံရှာမုန်းတီးသွားမှာကို စိုးရိမ်နေမိသည်။ သူမ မျက်တောင်လေးများ တုန်ရီစွာဖြင့် သတိထား၍ မေးလိုက်၏။
“သခင်လေးလီ... ပြီးခဲ့တဲ့တစ်ခေါက်က ပေးခဲ့တဲ့ ကတိက အတည်ပဲလားဟင်။”
လီချန်ချဲ့သည် သူမ၏ မျက်ဝန်းထဲက နာကျင်မှုနှင့် အားငယ်တုန်လှုပ်မှုများကို လက်လွတ်မခံဘဲ မြင်တွေ့လိုက်ရပြီး သူ့နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ နာကျင်သွားသည်။
သူက လေးနက်တည်ကြည်စွာဖြင့် ပြန်ဖြေလိုက်သည်။
“သေချာပေါက် အတည်ပေါ့”
ရွှယ်နင်၏ မျက်တောင်ဖျားလေးများတွင် မျက်ရည်စများ ခိုတွဲနေပြီး မျက်ဝန်းများက ရေဆေးထားသည့်အတိုင်း တောက်ပနေသည်။
“ဒါဆို... ရှင် ကျွန်မရဲ့ မွေးဇာတာကို လိုချင်သေးရဲ့လားဟင်။”
လီချန်ချဲ့က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။
“လိုချင်တယ်”
ရွှယ်နင်သည် အင်္ကျီလက်စထဲမှ သူမ၏ မွေးဇာတာကို ထုတ်ယူကာ သူ့ထံသို့ လှမ်းပေးလိုက်သည်။
“ရော့... ဒါကို သေသေချာချာ သိမ်းထားပေးပါ။”
လီချန်ချဲ့သည် ၎င်းကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။
“အင်း”
ရွှယ်နင်၏ မျက်ရည်များက မရပ်မနား ဆက်လက်စီးကျနေဆဲဖြစ်ပြီး သူမ ပြုံးလိုက်ချိန်တွင် မျက်ရည်ဥများက ပို၍ပင် လိမ့်ဆင်းလာတော့သည်။
သူမ သက်ပြင်းကို အားယူချလိုက်သည်။
“သခင်လေးလီ... ကျွန်မ ရင်ဘတ်ထဲက အရမ်းနာကျင်နေတယ်”
လီချန်ချဲ့သည် ထိုအခိုက်အတန့်တွင် စုကျန်းကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ်များ ပေါက်သွားပြီး ချောမောသော မျက်နှာထက်တွင် ဒေါသအငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
“စုကျန်းအတွက်နဲ့ဆိုရင်... ဒါတွေက လုံးဝမတန်ဘူး။”
သို့သော်လည်း ရွှယ်နင်က ရုတ်တရက် ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး လက်ဖဝါးနုနုလေးဖြင့် သူ၏ ဝတ်ရုံစွန်းကို လှမ်းဆွဲကာ သနားစရာကောင်းအောင် ပြောသည်။
“စုကျန်းကြောင့် မဟုတ်ပါဘူး... ကျွန်မရဲ့ ဒဏ်ရာက... ဒဏ်ရာ ပြန်ပွင့်သွားပြီ ထင်တယ်...”
လီချန်ချဲ့ ခဏလောက် မှင်သက်သွားပြီးနောက် သူ၏ အေးစက်ခက်ထန်သော အမူအရာများ ချက်ချင်းပင် ပျောက်ကွယ်သွားကာ စိုးရိမ်ပူပန်မှုများ အစားထိုးဝင်ရောက်လာသည်။
“မင်းကို သမားတော်ဆီ ခေါ်သွားမယ်။”
ထိုသို့ပြောပြီးသည်နှင့် သူသည် သူမ၏ ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ ပွေ့ချီလိုက်ပြီး ချီယွင်ဆောင်ရှိရာဘက်သို့ အမြန်ဆုံး ဦးတည်လျှောက်လှမ်းသွားတော့သည်။
“ဝါး... ဝူးးး..”
ပေါင်ချန်က ထိုနေရာမှာတင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ပြီး သူမ၏ ငိုသံက ပို၍ပို၍ ကျယ်လောင်လာတော့သည်။
သူမ၏ ဦးခေါင်းထက်တွင် နှင်းပွင့်များ လာရောက်စွန်းထင်းနေသဖြင့် နှင်းရုပ်သေးရုပ်လေးတစ်ခုနှင့်ပင် တူနေ၏။
ဖူရှန်းသည် သူ့သခင်က ရွှယ်နင်ကို ပွေ့ချီခေါ်ဆောင်သွားတာကို ကြည့်ကာ စိတ်ကျေနပ်မှု အပြည့် ရှိနေသည်။ သို့သော် အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ပေါင်ချန်တစ်ယောက် ရင်ကွဲမတတ် ရှိုက်ကြီးတငင် ငိုကြွေးနေတာကို မြင်တွေ့လိုက်ရသည်။
သူက သူ့နားရွက်ကို ကုတ်လိုက်၏။
“နင်က ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ။ လူတွေမြင်ရင် နင့်အိမ်ကလူတစ်ယောက်ယောက် သေလို့ ငိုနေတယ်လို့ ထင်ကြဦးမယ်”
ပေါင်ချန်က ငိုတာကို ရပ်လိုက်ပြီး ဖူရှန်းကို စူးစူးစိုက်စိုက် စောင်းမြန်းကြည့်သည်။
“ရှင်က ဘာသိလို့လဲ။ ကျွန်မက ကျွန်မတို့ သခင်မလေးအတွက် စိတ်မကောင်းလို့ ငိုနေတာ။ သခင်မလေးက ရှီဇီ့ကို နှစ်ပေါင်းများစွာ ဒီလောက်တောင် ချစ်ခဲ့ရတာကို... အခုတော့ ရှီဇီက သခင်မလေးရဲ့ နှလုံးသွေးကိုပါ ဖောက်ထုတ်ဖို့ လုပ်ရက်တယ်လေ”
ဖူရှန်းက မျက်ခုံးပင့်လိုက်သည်။
“ဒါပေမဲ့ သူ တကယ်မှ မဖောက်ထုတ်လိုက်ရတာပဲ မဟုတ်ဘူးလား”
ပေါင်ချန်က သူမ၏ မျက်ရည်များကို သုတ်လိုက်၏။
“ရှင် မသိပါဘူး။ ရှီဇီ့ရဲ့ ဓားဖျားက သခင်မလေးရဲ့ နှလုံးသားဆီ တည့်တည့်မရောက်ခဲ့ပေမယ့် သခင်မလေးရဲ့ စိတ်ဝိညာဉ်ကိုတော့ နက်နက်ရှိုင်းရှိုင်း ပိုင်းဖြတ်သွားခဲ့ပြီ”
ဖူရှန်းက ဇဝေဇဝါမျက်နှာထားဖြင့် ပြန်ပြောသည်။
“ငါ သိပ်နားမလည်ဘူး”
ပေါင်ချန်က သက်ပြင်းချလိုက်၏။
“ထားလိုက်ပါတော့၊ ရှင်လည်း နားလည်မှာ မဟုတ်ပါဘူး။ ကျွန်မသိတာကတော့... ဒီတစ်ကြိမ်မှာတော့ ကျွန်မတို့သခင်မလေး တကယ်ကို အသည်းကွဲနာကျင်သွားပြီ ဆိုတာပဲ”
ဖူရှန်းက သည်းမခံနိုင်ဘဲ ပြန်ငြင်းလိုက်သည်။
“အသည်းကွဲစရာ ဘာရှိလဲ။ နင်တို့သခင်မလေးက ငါတို့သခင်လေးနဲ့ လက်ထပ်တော့မှာကို”
ပေါင်ချန်က နားကြားမှားတယ်လို့ ထင်သွားသည်။
“ရှင်... ရှင် ဘာပြောလိုက်တာလဲ”
ဖူရှန်း၏ နှုတ်ခမ်းထောင့်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ပေါ်လာ၏။
“နင်တို့သခင်မလေးက နင့်ကို မပြောပြဘူးလား။ ငါ့သခင်လေးက ဟယ်ကျန့်ဒေသ လီမိသားစုကပဲ၊ မျိုးရိုးစဉ်ဆက် စာပေတတ်မြောက်ပြီး အထက်တန်းကျတဲ့ မျိုးနွယ်စုကြီးလေ။ သခင်လေးက အကြီးဆုံးအိမ်တော်ရဲ့ တရားဝင် သားအကြီးဆုံးနဲ့မြေးအကြီးဆုံးပဲ။ ငါတို့မိသားစုရဲ့ အိမ်တော်သခင်က သာ့ယုံနိုင်ငံတော် တည်ထောင်စကတည်းက ဧကရာဇ်ကိုယ်တိုင် အစဉ်အဆက် ဆက်ခံခွင့်ပေးထားတဲ့ ကျန်းကော်နယ်စားမင်းကြီး။ တုန်းကျင်းမှာလည်း ကျန်းကော်နယ်စားမင်းအိမ်တော် ရှိတယ်၊ ငါတို့သခင်က အဲဒီမှာ သိပ်မနေလို့သာပေါ့။ နင်တို့သခင်မလေး ငါတို့မိသားစုထဲ လက်ထပ်ဝင်လာရင် ဘာတစ်ခုမှ နစ်နာစရာ မရှိဘူး”
ပေါင်ချန်က သခင်မလေး သူမကို ပြောပြတာ၊ မပြောပြတာကို စဉ်းစားမနေတော့ဘဲ ထိုသတင်းကို ကြားလိုက်ရုံမျှဖြင့် မျက်နှာတစ်ခုလုံး ဝမ်းသာအားရဖြစ်သွားကာ ငိုနေရာမှ ချက်ချင်း ရပ်သွားတော့သည်။
“ကျန်းကော်နယ်စားမင်း ဟုတ်လား။”
ဖူရှန်းက ပြောသည်။
“ငါက နင့်ကို လိမ်ပြောစရာလား”
ပေါင်ချန်က သိချင်စိတ်ဖြင့် မေးပြန်သည်။
“ဒါဆို ရှင်တို့တုန်းကျင်းကို လာတုန်းက ဘာလို့ ကိုယ့်အိမ်တော်မှာ မနေဘဲ ဒီမှာ လာနေရတာလဲ”
“အဲဒါ... အဲဒါကတော့...”
ဖူရှန်း သူ့နှာခေါင်းထိပ်ကို ကုတ်လိုက်မိသည်။ သခင်လေးက ရွှယ်နင်နှင့် ပိုနီးစပ်ချင်တာကြောင့် နယ်စားမင်းအိမ်တော်မှာ တမင်တကာ လာနေတယ်ဆိုတာကို သူ သိပေမယ့် သခင်လေး၏ သိက္ခာကြောင့် ထုတ်မပြောဝံ့ချေ။
“နယ်စားမင်းအိမ်တော်မှာ နောက်မှ နေလို့ရတာပဲ၊ ဒါပေမဲ့ လီမိသားစုရဲ့ ဆက်ဆံရေးတွေက နည်းနည်းရှုပ်ထွေးတယ်။ နင် လက်ထပ်ဝင်လာရင် နားလည်သွားလိမ့်မယ်။”
ပေါင်ချန်က ရိုးအသူဖြစ်တာကြောင့် ပြောလိုက်သည်။
“အဲဒါ တကယ်ဆိုရင်တော့... ကျွန်မ အခုချက်ချင်းပဲ အဆောင်ပြန်ပြီး ဗုဒ္ဓဘုရားဆီ အမွှေးတိုင်ထွန်းပြီး ဆုတောင်းရတော့မယ်!”
ဖူရှန်းက မတတ်သာသလို ပြုံးလိုက်၏။
“ကဲပါ... ငါလည်း နင်နဲ့အတူ လိုက်ခဲ့ပေးမယ်”
...
ရွှယ်နင်သည် ဒဏ်ရာဟောင်း ပြန်ပွင့်သွားသည့် နာကျင်မှုက အစပထမ ဒဏ်ရာရစဉ်ကထက် ပိုမိုပြင်းထန်လိမ့်မည်ဟု တကယ်မထင်ထားခဲ့ပေ။
ထိုအချိန်က သူမ သတိမေ့မြောနေပြီး သေလုမတတ် ဖြစ်နေခဲ့၍ နာကျင်မှုကို မခံစားခဲ့ရခြင်း ဖြစ်နိုင်သည်။ ယခု အနာဖေးကွာပြီး သွေးများ ပန်းထွက်လာတာကို မြင်လိုက်ရုံနှင့်ပင် သူမ ခေါင်းတစ်ခုလုံး မူးဝေသွား၏။
သမားတော်စွန်းက သွေးတိတ်ဆေးများကို ယူဆောင်လာသည်။
“သခင်မလေး... မင်းအတွက် ဆေးလူးပေးမယ့်လူ လိုလိမ့်မယ်။ ငါ့လို အဖိုးကြီးတစ်ယောက်အတွက်ကျတော့ နည်းနည်း အဆင်မပြေဘူးလေ”
ရွှယ်နင်က ဆေးဗူးများနှင့် ပတ်တီးဖြူများ တင်ထားသည့် ဆေးလင်ဗန်းကို လှမ်းကြည့်လိုက်၏။
“ပေါင်ချန် ပြန်ရောက်ပြီလား"
သမားတော်စွန်းက နွေးထွေးစွာ ပြုံးလိုက်သည်။
“မရောက်သေးဘူး၊ ဒါပေမဲ့ သခင်လေးလီကတော့ တံခါးအပြင်မှာ စောင့်နေတုန်းပဲ”
ရွှယ်နင် နှုတ်ခမ်းကို အနည်းငယ် စေ့ထားလိုက်မိသည်။ သခင်လေးလီကို သူမအတွက် ဆေးလူးပေးရန် သူမ ဘယ်လိုမှ အကူအညီမတောင်းရဲပေ။
ရွှယ်နင်၏ ဝေခွဲမရဖြစ်နေမှုကို သမားတော်စွန်းက ရိပ်မိကာ ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်၏။
“ပြီးခဲ့တဲ့အကြိမ်က မင်း ပထမဆုံး ဒဏ်ရာရတုန်းကလည်း သခင်လေးလီကိုယ်တိုင် ဒဏ်ရာကို ကုသပေးခဲ့တာလေ။ ပြီးတော့ မင်း သတိမေ့နေတဲ့ ရက်တွေတုန်းကလည်း သခင်လေးလီပဲ နေ့တိုင်း ပတ်တီးလဲပေးခဲ့တာ မဟုတ်ဘူးလား။ ရှက်မနေပါနဲ့ မိန်းကလေးရယ်”
ရွှယ်နင် မှင်သက်သွားသည်။
"သမားတော်စွန်း... အခု ဘာပြောလိုက်တာလဲ”
သမားတော်စွန်းက တံခါးအပြင်ဘက်သို့ လက်ညှိုးညွှန်ပြသည်။
“သခင်လေးလီက မင်းရဲ့ဒဏ်ရာကို ကုသပေးခဲ့ပြီး ပတ်တီးလဲပေးခဲ့တာ။ သူက လက်ရာသိပ်ပြောင်မြောက်လွန်းလို့ ငါ့လိုလူတောင် သူ့ကို မမီဘူးလို့ ခံစားရတယ်”
ထိုအခါမှ ရွှယ်နင် အားလုံးကို နားလည်သွားတော့သည်။ သူမရဲ့ဒဏ်ရာက ဘယ်ဘက်ရင်ဘတ်မှာ ရှိနေတာဖြစ်တဲ့အတွက် ထိုအမျိုးသားက ဒဏ်ရာကို ကုသရန် သူမ၏အဝတ်အစားများကို အကုန်ချွတ်ခဲ့ရမည်ဖြစ်ကြောင်း တွေးမိသွားသည်။ သူမ၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် အပူရှိန်တက်ကာ နီမြန်းသွား၏။
“မ... မဟုတ်ပါဘူး... ကျွန်မကို ပတ်တီးလဲပေးတာ ပေါင်ချန် မဟုတ်ဘူးလား။ ဘယ်... ဘယ်လိုလုပ်ပြီး သခင်လေးလီ ဖြစ်နိုင်မှာလဲ”
သမားတော်စွန်းက အဓိပ္ပာယ်ပါပါဖြင့် ခပ်ဖွဖွရယ်မောလိုက်သည်။
“ဘယ်လိုလုပ် အဲဒီလိုဖြစ်ရမှာလဲ။ ပေါင်ချန်ဆိုတဲ့ ကောင်မလေးက လက်ကြမ်းခြေကြမ်းနဲ့လေ။ မင်းရဲ့ဒဏ်ရာကို ကြည့်ရုံနဲ့တင် သူ(မ)လက်တွေ တုန်နေပါတယ်ဆိုမှ... ဘယ်လိုလုပ် ပတ်တီးလဲပေးနိုင်မှာလဲ”
ရွှယ်နင်သည် အလွန်အမင်း အရှက်သည်းစွာဖြင့် သူမနှုတ်ခမ်းကို တင်းတင်းကိုက်ထားမိပြီး မြေကြီးထဲ ငုံ့ဝင်တော့မတတ် အရှက်ရနေသည်။
ရွှယ်နင် တွေးလို့မဆုံးခင်မှာပင် သမားတော်စွန်းက အခြေအနေကို စောင့်မနေတော့ဘဲ အပြင်သို့ထွက်ကာ သခင်လေးလီကို တိုက်ရိုက် အထဲသို့ ခေါ်သွင်းလိုက်သည်။
ရွှယ်နင်က ညည်းတွားရင်း နာကျင်မှုကို အောင့်အည်းကာ စောင်ထဲသို့ အမြန်ဆုံး ဝင်ပုန်းလိုက်မိတော့သည်။
လီချန်ချဲ့သည် မီးခိုးခရမ်းရောင် ပိုးဝတ်ရုံကြီးကို ဝတ်ဆင်ထားပြီး သူမ၏ ကုတင်လိုက်ကာအပြင်ဘက်တွင် ဝင်ထိုင်လိုက်သည်။
ထိုအမျိုးသား၏ နက်ရှိုင်းသော အသံက ထွက်ပေါ်လာသည်။
“ထွက်ခဲ့တော့။”
ရွှယ်နင်တစ်ကိုယ်လုံး တင်းမာသွားပြီး နာကျင်မှုကို အံကြိတ်ကာ အားယူ၍ ပြောလိုက်၏။
“ကျွန်မ... ကျွန်မဘာသာ ဆေးလူးလို့ ရပါတယ်... ဒါမှမဟုတ် ပေါင်ချန်ပြန်လာတာကို စောင့်ပြီးမှ ဒဏ်ရာကို ကုလည်း မနောက်ကျပါဘူး...”
“မင်းရဲ့ဒဏ်ရာက ပေါင်ချန်ပြန်လာတာကို စောင့်နေလို့ မရဘူး”
လီချန်ချဲ့က တည်ငြိမ်စွာဖြင့် ဆက်ပြောသည်။
“ကိုယ် အရင်ကလည်း မင်းကို ကုပေးဖူးတာပဲ။ ကိုယ့်မှာ အတွေ့အကြုံရှိပါတယ်။”
ရွှယ်နင် မျက်မှောင်ကြုတ်မိသွားသည်။ အခုအချိန်မှာ သူမရဲ့မျက်နှာ ဘယ်လောက်အထိ နီမြန်းနေမလဲဆိုတာကို သူမကိုယ်တိုင် မမြင်ရပေမယ့် နားရွက်များနှင့် ပါးပြင်များ ပူထူနေပြီ ဖြစ်သည်။
“မ... မဟုတ်သေးပါဘူး... ယောက်ျားနဲ့ မိန်းမကြားမှာ... သင့်တော်တဲ့ အကွာအဝေး ရှိသင့်တာပေါ့...”
လီချန်ချဲ့က ခပ်ဖွဖွ ရယ်မောလိုက်၏။
“သမားတော်တစ်ယောက်ရဲ့ မျက်စိထဲမှာတော့ ယောက်ျား မိန်းမဆိုပြီး ခွဲခြားမှုမရှိဘူး... ဒဏ်ရာနဲ့ ရောဂါ ဘယ်လောက်ပြင်းထန်လဲ ဆိုတာပဲ ရှိတယ်”
ရွှယ်နင်က ပြန်ပြောသည်။
“ဒါပေမဲ့ ရှင်က သမားတော်မှ မဟုတ်တာ...”
လီချန်ချဲ့က သူမကို ကလေးတစ်ယောက်လို ချော့မြူသည့် လေသံဖြင့်-
“ကိုယ် မင်းအစ်ကိုရဲ့ စစ်တပ်ထဲမှာ စစ်ဘက်ဆိုင်ရာ ဆေးပညာကို လအနည်းငယ်ကြာ လေ့လာခဲ့ဖူးတယ်။ အဲဒီတုန်းက စစ်သည်တော် အကြီးအငယ်တွေရဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ ကိုယ်ပဲ တာဝန်ယူခဲ့ရတာ"
ရွှယ်နင် ခေတ္တမျှ တိတ်ဆိတ်သွားတော့သည်။
“...”
ထိုအချိန်တိုလေးအတွင်းမှာပင် သူမ၏ဒဏ်ရာမှ ထွက်လာသော သွေးစများက စောင်ဖြူလေးကို နီရဲစွာ စွန်းထင်းစေခဲ့ပြီ ဖြစ်၏။
သူမ၏ အမြင်အာရုံများ ဝေဝါးလာပြီး စိတ်အာရုံကလည်း စတင်၍ မှုန်မှိုင်းလာရသည်။
သူမက ကုတင်ပေါ်မှာ လဲလျောင်းနေရင်း လက်ဖဝါးများထဲက အားအင်များ တဖြည်းဖြည်း ကုန်ခမ်းလာနေသော်လည်း မပီမသ ဆက်လက် ညည်းတွားနေမိဆဲပင်။
“မ... မဟုတ်ဘူး... ပေါင်ချန် ပြန်လာတဲ့အထိ စောင့်... စောင့်ပါဦး...”