← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈ - ပတ်တီးလဲပေးခြင်း

သူမ၏ အသံက တစ်လုံးထက်တစ်လုံး ပို၍ တိုးဖျော့သွားတာကို မြင်လိုက်ရတဲ့အခါ လီချန်ချဲ့က ဆက်သည်းမခံနိုင်တော့ချေ။ သူက ကုတင်လိုက်ကာကို ဆွဲတင်လိုက်ပြီး သူမ၏ ကိုယ်လုံးလေးကို ရင်ခွင်ထဲသို့ ပွေ့ပိုက်ရင်း အပြင်ဘက်သို့ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။

“သမားတော်စွန်း... မာဖေးဆန်း (မေ့ဆေးရည်) တစ်ခွက် အမြန်သွားကျိုပေးပါ!”

သမားတော်စွန်းက ပြန်ဖြေသည်။

“ကောင်းပါပြီ”

ရွှယ်နင်၏ခေါင်းလေးက အမျိုးသားဖြစ်သူ၏ ရင်ခွင်ထဲသို့ ဘေးစောင်းကျသွားပြီး သူမ၏ ကိုယ်လုံးလေးကလည်း သူ၏ ကျယ်ပြန့်သော ရင်အုပ်ကြီးကို မှီတွယ်လျက်သား ဖြစ်သွားသည်။ သူမ သူ့ကို တွန်းဖယ်ချင်သော်လည်း အားအင်ဟူ၍ မြူမှုန်မျှပင် မရှိတော့ချေ။

ထို့အပြင် ဒဏ်ရာကလည်း အလွန်အမင်း နာကျင်လွန်းသဖြင့် ယောကျာ်း မိန်းမကြားက စည်းစနစ်များကို ပူပန်နေရန် သူမမှာ ခွန်အားမရှိတော့တာလည်းပါသည်။

“ဒါ... ဒါက သိပ်မသင့်တော်ဘူး ထင်တယ်...”

“မင်းက ဘာပဲဖြစ်ဖြစ် ကိုယ့်ကို လက်ထပ်ရမှာပဲဥစ္စာ။ ကိုယ့်စေ့စပ်ထားတဲ့ ဇနီးလောင်းရဲ့ ဒဏ်ရာကို ခင်ပွန်းလောင်းဖြစ်သူက ပြုစုပေးတာပဲ... ဘယ်သူက ဘာပြောရဲမှာလဲ”

လီချန်ချဲ့က သူမကို နူးညံ့စွာ ချော့မြူလိုက်သည်။ သူက မိန်းကလေးကို စိုက်ကြည့်နေရင်း မျက်ဝန်းများက ကတ္တရာစေးကဲ့သို့ နက်မှောင်စူးရှလာသည်။ သူမ အရှက်သည်းတတ်တာကို သူသိသဖြင့် စိတ်အေးစေရန်အတွက် ထပ်ပြီး ကတိပေးလိုက်သည်။

“စိတ်မပူပါနဲ့။ ဒီကိစ္စကို ဘယ်သူ့ကိုမှ ကိုယ် အသိပေးမှာ မဟုတ်ဘူး”

ရွှယ်နင်က သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲက အကျိုးစီးပွားအတွက် အပြန်အလှန် အသုံးချရုံသက်သက်သာ ဖြစ်ကြောင်း ငြင်းချက်ထုတ်ချင်နေမိသည်။

နောင်တစ်ချိန်မှာ သူ့ကို မင်းသမီးယန်ရန်ဆီ ပြန်လည်အပ်နှံရန် သူမ စိတ်ကူးထားခဲ့တာ မဟုတ်လား။ သို့သော် အခုအချိန်မှာတော့ စကားတစ်ခွန်း ပြောရန်ပင် သူမတွင် အားအင် တကယ်မရှိတော့ပေ။

သူမ ဝတ်ဆင်ထားသော ရိုးရှင်းသည့် အင်္ကျီတိုလေးပေါ်တွင် ကြီးမားသော သွေးကွက်ကြီးတစ်ခု စွန်းထင်းလျက် နီရဲနေခဲ့ပြီ ဖြစ်သည်။

သူမ နာကျင်မှာကို စိုးရိမ်တာကြောင့် လီချန်ချဲ့သည် မေ့ဆေးအရှိန် တက်လာသည်အထိ အသာအယာ စောင့်ဆိုင်းပြီးမှ... သူမ၏ အဝတ်အစားများကို ဂရုတစိုက် ချွတ်ပေးလိုက်သည်။

မိန်းကလေး၏ အသားအရေက နှင်းပွင့်ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပနေပြီး သူမ၏ ဘယ်ဘက်ရင်ဘတ်ထက်တွင်မူ ဆိုးရွားသော ဒဏ်ရာကြောင်းကြီးက ပြန်ပွင့်လျက်ရှိသည်။ ဒဏ်ရာမှ သွေးစများ စီးကျနေပုံမှာ ကြောက်မက်ဖွယ်ကောင်းသော်လည်း တစ်ဖက်တွင်လည်း ဆွဲဆောင်မှုရှိသော အလှတရားတစ်ခုကဲ့သို့ ဖြစ်နေသည်။

သူ့လည်စလုပ်က တစ်ချက်မျှ လှုပ်ရှားသွားပြီးနောက် သူ၏ ထူထဲနက်မှောင်သော မျက်တောင်ဖျားများကို အောက်သို့ နှိမ့်ချလိုက်သည်။

ရွှယ်နင်သည် လုံးဝသတိမေ့မြောသွားခြင်းမျိုး မဟုတ်ဘဲ ဝေဝါးနေသော ဗာဒံစေ့မျက်ဝန်းလေးများဖြင့် သူ့ကို တည့်တည့် စိုက်ကြည့်နေမိ၏။

သူမ၏ အကြည့်များက ကလေးငယ်တစ်ဦးကဲ့သို့ ဖြူစင်ရိုးသားလွန်းသည်။

သို့သော်လည်း သူမ၏ ကိုယ်လုံးကိုယ်ထည်ကတော့ ကလေးငယ်တစ်ဦးနှင့် လုံးဝမတူဘဲ... အလွန်ပင် မိန်းမဆန်ကာ ဆွဲဆောင်မှု အပြည့်ရှိနေပေသည်။

လီချန်ချဲ့သည် သူ့စိတ်ကို အမြန်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်... ပထမဦးစွာ ရေနွေးနွေးဖြင့် သွေးစများကို သန့်စင်ပေးလိုက်သည်။ ထို့နောက် မျက်လုံးကို ဟိုဟိုဒီဒီ လျှောက်မကြည့်ဘဲ သွေးတိတ်ဆေးမှုန့်များကို အသာအယာ ဖြူးပေးလိုက်ပြီး နောက်ဆုံးတွင် ဒဏ်ရာကို ပတ်တီးဖြူဖြင့် သေသေချာချာ စည်းနှောင်ပေးလိုက်တော့သည်။ သူက သူမရဲ့ ခန္ဓာကိုယ်ကို အနီးကပ် မကြည့်ရဲတာကြောင့် သူ့လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ညင်သာအောင် အားစိုက်ထား၏။

မေ့ဆေးအရှိန်ကြောင့် အိပ်ချင်မူးတူး ဖြစ်နေသော်လည်း ရွှယ်နင်က ထိုအမျိုးသား သူမကို အသည်းအသန် ပြုစုပေးနေသည့် ပုံရိပ်ကို ဝေဝါးစွာ မြင်တွေ့နေရဆဲ ဖြစ်သည်။

သူမ၏ မျက်နှာလေးမှာ ရဲရဲနီနေပြီး နှုတ်ခမ်းလွှာလေးက အနည်းငယ် ဟဟလေး ဖြစ်နေကာ လက်ဖဝါးနုနုလေးကမူ သူ၏ ဝတ်ရုံစွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။

သူမ၏ အဝတ်အစားများကို သူက သေသေချာချာ ပြန်လည်ပြင်ဆင်ပေးပြီးမှသာ သူမ၏ တင်းမာနေသော ခန္ဓာကိုယ်လေးမှာ အနည်းငယ် ပြန်လည်လျော့ပါးသွား၏။

“ပြီး... ပြီးပြီလားဟင်...”

“ပြီးပြီ။ နာနေသေးလား။”

“နည်းနည်းပဲ နာတော့တယ်... အရင်ကလောက် မပြင်းထန်တော့ဘူး။”

“အင်း... မေ့ဆေးအရှိန် ပြလာလို့ပါ။”

ရွှယ်နင်က ဖြူဖျော့သောအပြုံးလေးတစ်ခုကို ပြုံးလိုက်ပြီး ကုတင်ပေါ်သို့ ပြန်လှဲလိုက်သည်။

လီချန်ချဲ့သည် သေတ္တာထဲမှ စောင်အသစ်တစ်ထည်ကို ကျွမ်းကျင်စွာ ထုတ်ယူလိုက်ပြီး လဲလှယ်ရန် အဝတ်အစားသစ်တစ်စုံကိုပါ ရွေးချယ်ပေးလိုက်၏။

“ကိုယ် အဝတ်လဲပေးရမလား။"

“မ... မလိုပါဘူး...”

ရွှယ်နင်က အနည်းငယ် ရှက်ရွံ့နေမိဆဲ ဖြစ်သည်။ ငယ်ငယ်ကတည်းက သူမ အနီးကပ်ဆုံး ထိတွေ့ဖူးတဲ့ တစ်ဦးတည်းသော အမျိုးသားမှာ စုကျန်းသာ ရှိခဲ့ဖူးပြီး လီချန်ချဲ့ကတော့ စုကျန်းပြီးလျှင် ဒုတိယမြောက် အမျိုးသား ဖြစ်သည်။

နောင်တစ်ချိန်တွင် သူမတို့နှစ်ဦးက လင်မယားအရာ မြောက်ကြမည် ဖြစ်သော်လည်း...

သူမ၏ ရင်ထဲတွင် သူ့ကို တရားဝင် ခင်ပွန်းလောင်းတစ်ယောက်အနေနှင့် ရဲရဲဝံ့ဝံ့ မသတ်မှတ်ရဲသေးချေ။

သူမ သူ့ကို လက်ထပ်ရန် သဘောတူခဲ့တာက... အခြားလျှို့ဝှက်ချက် ရည်ရွယ်ချက်တစ်ခုကြောင့်ပဲ မဟုတ်လား။

ထို့အပြင်... သူ အမှန်တကယ် ချစ်မြတ်နိုးတာက မင်းသမီးယန်ရန်ပဲလေ။

ရွှယ်နင် အခုလိုမျိုး အခြေအနေဖြင့် ကောင်းမွန်စွာ အိပ်ပျော်နိုင်မှာ မဟုတ်ကြောင်း လီချန်ချဲ့ သိသည်—သူမ၏ အတွင်းခံအဝတ်အစားများက သွေးများဖြင့် စွန်းထင်းနေခဲ့ပြီ ဖြစ်ရာ ဤအတိုင်း အနားယူရန် အဆင်မပြေနိုင်ချေ။ ကုတင်ထက်က မိန်းကလေးမှာ မာဖေးဆန်း (မေ့ဆေး) အရှိန်ကြောင့် အိပ်ချင်မူးတူး ဖြစ်နေသည်။

သူက ဝတ်ရုံအသစ်ကိုပဲ ယူဆောင်လာပြီး သူမအား တိုက်ရိုက် လဲလှယ်ပေးလိုက်သည်။

“လိမ္မာတယ်... ငြိမ်ငြိမ်လေးနေနော်”

ရွှယ်နင်၏ လှပသော မျက်နှာလေးက ပိုမို၍ နီမြန်းလာပြီး မျက်ဝန်းများကလည်း ဘယ်ကြည့်ညာကြည့်ဖြင့် ပြာယာခတ်နေကာ သူ၏ ချောမောသော မျက်နှာကို တည့်တည့်မကြည့်ရဲပေ။

အမျိုးသားဖြစ်သူထံမှ ထွက်ပေါ်လာသော အေးမြဆန်းသစ်သည့် ကိုယ်သင်းရနံ့က သူမ၏ နှာခေါင်းဝဆီသို့ တိုးဝင်လာပြီး ပါးပြင်နှစ်ဖက်ကို မီးတောက်တစ်ခုကဲ့သို့ ပူထူလာစေသည်။

သို့သော်လည်း သူမ တစ်ချက်တစ်ချက် လှမ်းကြည့်မိသည့် အခါတိုင်းတွင်.. သူ၏ မျက်နှာအမူအရာက အလွန်ပင် တည်ငြိမ်အေးဆေးနေပြီး ဆွဲဆောင်မှုပြင်းသော မျက်ဝန်းများကြားတွင်လည်း ရမ္မက်လှိုင်းတံပိုး အရိပ်အယောင်မျှပင် ရှိမနေတာကို တွေ့ရသဖြင့်... သူမလည်း သူ့ကို ဆက်လက်လုပ်ဆောင်ခွင့် ပြုလိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် သူမရဲ့ခန္ဓာကိုယ်က သူတစ်ပါး အချိန်ပေးကြည့်လောက်စရာ အဖိုးတန်တာလည်း မဟုတ်ပါ။

သူမက စုကျန်းနှင့် ဆယ်စုနှစ်နီးပါး လက်ထပ်ပေါင်းသင်းခဲ့ဖူးပေမယ့် ထိုဆယ်စုနှစ်နီးပါး ကာလပတ်လုံး သူက သူမကို အမြဲအထင်သေးခဲ့တာ မဟုတ်လား။

သူ တစ်ချိန်က ပြောခဲ့ဖူးသကဲ့သို့ပင်... ဘယ်လိုယောကျာ်းမျိုးကများ သူမလို မိန်းမမျိုးကို စိတ်ဝင်စားမှာတဲ့လဲ။

သူမလို ပျင်းစရာကောင်းပြီး တောင့်တောင့်ကြီးဖြစ်နေတဲ့ မိန်းမကို ဘယ်သူကမှ တကယ်နှစ်သက်မှာ မဟုတ်ပါဘူး။

သူမသည် သူမကိုယ်သူမ သရော်ပြုံး ပြုံးလိုက်မိရင်း ခေါင်းလေးကို ဘေးသို့စောင်းကာ မေ့ဆေးအရှိန်ဖြင့် နှစ်ခြိုက်စွာ အိပ်မောကျသွားတော့သည်။

လီချန်ချဲ့၏ မျက်ဝန်းများက နက်ရှိုင်းလျက် ရှိသည်။ ရွှယ်နင် အိပ်ပျော်သွားတာကို မြင်မှသာ သူက သူ့လက်ဖဝါးကို မိန်းကလေး၏ နုနယ်သော ပုခုံးလေးထက်သို့ တင်ကာ ခပ်ဖွဖွလေး ပုတ်ပေးလိုက်၏။

ရွှယ်နင်က နှုတ်ခမ်းလေးလှုပ်ရုံ ညည်းတွားလိုက်ပြီး ပါးပြင်ထက်တွင် ဆွဲဆောင်မှုရှိသော နီမြန်းမှုအဝိုင်းလေးနှစ်ခု ထင်ကျန်နေဆဲ ဖြစ်သည်။

သူလည်း သွေးသားပြည့်စုံတဲ့ ယောကျာ်းတစ်ယောက်ဖြစ်ပြီး အရွယ်ကောင်း အချိန်ကောင်း ရောက်ရှိနေသူ မဟုတ်လား။

ယခုအချိန်တွင် သူ၏အသိစိတ်ထဲ၌ ရွှယ်နင်၏ ကောက်ကြောင်းအလှတရားများကသာ လွှမ်းမိုးထားခဲ့ပြီ ဖြစ်သည်။

သူမ၏ ရုပ်ရည်က တောင်ကျစမ်းရေနံဘေးတွင် ပွင့်လန်းနေသည့် နွေဦးမက်မွန်ပွင့်ကဲ့သို့ ဖြူစင်လွန်းသော်လည်း... သူမ၏ ခန္ဓာကိုယ်ကမူ အိထွားမှည့်ဝင်းနေသော မက်မွန်သီးတစ်လုံးကဲ့သို့ ညှို့ဓာတ်ပြင်းလိမ့်မည်ဟု သူ တကယ်မထင်ထားခဲ့မိပေ။

မိန်းကလေး၏ အသက်ရှူသံက တဖြည်းဖြည်း မှန်ကန်သွားပြီး ရင်အုပ်လေးမှာ ညင်သာစွာ နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။

သူသည် သူ့အကြည့်များကို တည်ငြိမ်စွာ လွှဲဖယ်လိုက်ပြီး စိတ်အေးသွားစေရန် အပြင်ဘက်သို့ လျှောက်လှမ်းခဲ့တော့သည်။

ထိုအချိန်တွင် ပေါင်ချန်နှင့် ဖူရှန်းတို့ ပြန်လည်ရောက်ရှိလာကြ၏။

“သခင်လေးလီ... ကျွန်မတို့ သခင်မလေး သက်သာရဲ့လား။”

လီချန်ချဲ့က တိုးညှင်းစွာ “အင်း” ဟုသာ ပြန်ထူးလိုက်ပြီး သူ့လက်ချောင်းများက မိန်းကလေး၏ မွေးဇာတာကို ညင်သာစွာ ပွတ်သပ်နေမိသည်။

“အထဲဝင်ပြီး သူ(မ)ကို သွားကြည့်လိုက်ဦး။”

ပေါင်ချန်က လီချန်ချဲ့ကို ခိုး၍ အကဲခတ်ကြည့်လိုက်သည်။

သူမ ထွက်မသွားသေးဘဲ တုံ့ဆိုင်းနေတာကို မြင်ရသဖြင့် လီချန်ချဲ့က မေးလိုက်သည်။

“မေးစရာရှိလို့လား”

ပေါင်ချန်က တွန့်‌ဆုတ်နေသည်။

“သခင်လေးလီ... သခင်လေးက ကျွန်မတို့ သခင်မလေးကို တကယ်ပဲ လက်ထပ်မှာလားဟင်”

လီချန်ချဲ့က လေးနက်တည်ကြည်စွာဖြင့် ပြန်ဖြေသည်။

“သေချာပေါက် လက်ထပ်မှာပါ”

ပေါင်ချန်၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေးများ ဖြတ်ပြေးသွားပြီး ဝမ်းသာသွားမိသော်လည်း စောစောစီးစီး မပျော်ရဲသေးချေ။

သူမရဲ့သခင်မလေး နယ်စားမင်းအိမ်တော်မှာ နေထိုင်ခဲ့ရတဲ့ ဘဝက ဘယ်လောက်အထိ ခက်ခဲကြမ်းတမ်းခဲ့ရလဲဆိုတာကို သူမ အသိဆုံးဖြစ်သည်။

ငယ်စဉ်ကတည်းက သခင်မကြီးနှင့် စတုတ္ထမိန်းကလေးတို့၏ နှိပ်စက်ညှင်းဆဲတာကို မကြာခဏ ခံခဲ့ရပြီး ရှီဇီတစ်ယောက်သာ သူမဘက်က တစ်ခါတစ်ရံ ရပ်တည်ပေးခဲ့ဖူးသည်။ ထိုစဉ်က ရှီဇီလည်း ငယ်ရွယ်သေးသဖြင့် ကြီးလာလျှင် သူမကို လက်ထပ်ပါမည်ဟုပင် ကတိပေးခဲ့ဖူးသေး၏။ သို့သော်လည်း အချိန်တန်၍ အရွယ်ရောက်လာတဲ့အခါ ထိုရှီဇီက သူ့ကတိကို မေ့လျော့သွားခဲ့ပြီး... သခင်မလေးတစ်ယောက်ပဲ အတိတ်ထဲမှာ ပိတ်မိကျန်ရစ်ကာ လူများ၏ လှောင်ပြောင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ရသည်။

မကြာသေးမီကလည်း သူမ၏ သခင်မလေးက လော်ဝမ်ကျွင်း၏ သစ္စာဖောက်တာကို ခံခဲ့ရသေး၏။

ကောင်းမွန်လှပါတယ်ဆိုသည့် အိမ်ထောင်ရေးကတိကလည်း လေထဲက မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည်။

မိန်းမတစ်ယောက်အပေါ် ထားရှိသည့် ယောကျာ်းတစ်ယောက်၏ ခံစားချက်ဆိုတာ အမြဲတမ်း ပျော့ကွက်များလှပြီး စမ်းသပ်မှုဒဏ်ကို မခံနိုင်ကြပေ။

သူမ၏ သခင်မလေး နှစ်ပေါင်းများစွာ ပေးဆပ်ခဲ့ရသည့် စိတ်ရင်းမှန်များအတွက် ရင်နာမိသလို... တစ်ဖက်တွင်လည်း သူမ၏ သခင်မလေး ထပ်မံ၍ လှည့်စားခြင်းနှင့် စွန့်ပစ်ခြင်း ခံရမှာကို စိုးရိမ်နေမိပြန်သည်။

သခင်လေးလီက မြင့်မြတ်တဲ့အသိုင်းအဝိုင်းက လာသူဖြစ်ပြီး လူကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ သူမ သိတယ်။

ဒါပေမဲ့လည်း ထိုကဲ့သို့သော ဂုဏ်သရေရှိ မိသားစုကြီးဖြစ်နေခြင်းကြောင့်ပင် သူမ ပို၍ ပူပန်နေရခြင်း ဖြစ်သည်။

သို့သော် သခင်လေးလီကို သူမ၏ သခင်မလေးအပေါ် ပို၍ ကောင်းမွန်စွာ ဆက်ဆံလာစေရန်အတွက် ဘယ်လိုပြောရမလဲဆိုတာကို သူမ မသိချေ။

ယောကျာ်းတစ်ယောက်၏ စိတ်ဆိုတာ ပြောင်းလဲလွယ်၏။ ယနေ့တွင် သခင်လေးလီက သူမ၏ သခင်မလေးအပေါ် စိတ်ဝင်စားနေသေးသော်လည်း လက်ထပ်ပြီးသွားပါက ဟောင်းနွမ်းသွားသော ဖိနပ်တစ်စုံကဲ့သို့ ဘေးဖယ်ထားမည်လား မပြောနိုင်ချေ။

ထိုသို့ တွေးမိသည်နှင့် ပေါင်ချန် နှုတ်ခမ်းကို ပြန်စေ့ထားလိုက်မိသည်။ သခင်လေးလီကို ကတိသစ္စာကြီးမားစွာ တိုင်တည်ခိုင်းရန်လည်း သူမမှာ အခွင့်အရေးမရှိသလို... ကတိပေးခဲ့လျှင်ပင် ဘာများ အသုံးဝင်ဦးမှာတဲ့လဲ။

နယ်စားမင်းကတော်ကျန်း နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်လာစဉ်ကလည်း... သူတို့နှစ်ယောက်က အလွန်အမင်း ချစ်ခင်ကြင်နာခဲ့ကြဖူးတာပဲ မဟုတ်လား။ ဒါပေမဲ့ အခုအချိန်မှာ.. နယ်စားမင်း၏ ဘေးနားတွင် အလိုလိုက်ခံထားရတဲ့ ကိုယ်လုပ်တော်နျဲ့ သာ ရှိနေတော့သည်။

ထို့ကြောင့် ပေါင်ချန်သည် မချိပြုံး ပြုံးလိုက်ရင်း ဘာမှ ထပ်မပြောတော့‌ပေ။

“ဒါဆိုရင်... ကျွန်မ သခင်မလေးကို ပြုစုဖို့ အထဲဝင်လိုက်ပါဦးမယ်”

“သခင်လေး...”

ဖူရှန်းက အနားသို့ တိုးကပ်လာသည်။

“ကျွန်တော် ခုနက လာခဲ့တုန်းက ရှီဇီစုရဲ့ လူတွေ ကျွန်တော်တို့ရဲ့ အဝတ်အစား သေတ္တာတွေကို ထုတ်ပိုးနေတာ တွေ့ခဲ့တယ်။ သူတို့တွေ ကျွန်တော်တို့ပစ္စည်းတွေကို အပြင်ကို မကြာခင် လွှင့်ပစ်ကြတော့မယ် ထင်တယ်။ သခင်လေး... ကျွန်တော်တို့တွေ ရွှမ်းယီနယ်စားမင်းအိမ်တော်မှာ ဆက်နေဦးမှာလား”

စုကျန်း၏ အရှက်ရ ဒေါသထွက်မှုများက လီချန်ချဲ့အတွက် အံ့သြစရာ ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။

“ဆက်နေစရာ မလိုတော့ဘူး။”

ဖူရှန်းသည် ရွှမ်းယီနယ်စားမင်းအိမ်တော်တွင် ဆက်လက်နေထိုင်ပြီး စုကျန်း၏ အထင်သေးမှုများကို ခံနေရခြင်းအား စိတ်ကုန်နေခဲ့တာ ကြာပြီဖြစ်ရာ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်... ကျွန်တော်တို့ရဲ့ အဝတ်အစား သေတ္တာတွေကို အခုချက်ချင်း သွားယူလိုက်တော့မယ်”

လီချန်ချဲ့က သူ့ကို တားမြစ်လိုက်ပြီး သူ၏ မျက်ဝန်းများက နက်ရှိုင်းကာ လေးနက်နေသည်။

“ငါတို့တွေ မထွက်ခွာခင်... အရင်ဆုံး လုပ်စရာ ရှိသေးတယ်။”

ဖူရှန်းက မျက်ခုံးပင့်လိုက်၏။

“ဘာကိစ္စလဲ သခင်လေး... အမိန့်ပေးပါ”

...

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် လေပြင်းများ တဝူးဝူးတိုက်ခတ်နေပြီး ဆီးနှင်းများကလည်း အေးစက်ခဲပိတ်လှသည်။

ရှဲ့နင်းထန်သည် အအေးဒဏ်ကို ကာကွယ်ရန် မြေခွေးသားမွေးဝတ်ရုံကြီးပင် ဝတ်ဆင်ထားခြင်းမရှိဘဲ မင်ယွဲ့ဆောင်၏ စာကြည့်ခန်းအပြင်ဘက်တွင် ဒူးထောက်၍ အပြစ်ဝန်ခံ တောင်းပန်နေသည်။

စင်္ကြံလမ်းတစ်လျှောက်တွင် ဆီးနှင်းပွင့်များက ညင်သာစွာ ကျဆင်းနေပြီး နန်းတွင်းမီးအိမ်အချို့မှာမူ လေတိုးသဖြင့် ယိမ်းထိုးလှုပ်ရှားနေကြသည်။

သူမ၏ အနောက်တွင် ရပ်နေကြသော အစေခံမိန်းကလေးများနှင့် အဘွားအိုအချို့သည် စိုးရိမ်ပူပန်စွာဖြင့်... အရင်ဆုံး အဆောင်သို့ ပြန်ရန်၊ နွေးထွေးသော ဆန်ပြုတ်တစ်ခွက် သို့မဟုတ် ဂျင်းရည်ပူပူတစ်ခွက် သောက်ရန် အသည်းအသန် တိုက်တွန်းနေကြသည်။ ရှီဇီသည် သူမ၏ စေ့စပ်ထားသူဖြစ်တာကြောင့် လောလောဆယ် ဒေါသထွက်နေရုံသာ ဖြစ်ပြီး သူမကို တကယ်ကြီး အပြစ်တင်လိမ့်မည် မဟုတ်ကြောင်း လူတိုင်းက ဝိုင်းပြောနေကြသော်လည်း...

သူမကတော့ အခြေအနေက အဲ့လိုမဟုတ်ကြောင်း အသိဆုံးပင်။

ခုနက စုကျန်း သူမကို ကြည့်ခဲ့တဲ့ အကြည့်များက အေးစက်ခက်ထန်လွန်းပြီး စိမ်းကားလွန်းကာ မည်သည့် ခံစားချက်အရိပ်အယောင်မျှ ရှိမနေခဲ့ချေ။

အကယ်၍ သူမသာ အမှားကို အမြန်ဆုံးလာရောက် မတောင်းပန်ပါက ဒီအဖြစ်အပျက်က သူ့ရင်ထဲကနေ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။

ဝမ်ရှိုဆောင်မှ ထွက်လာကတည်းက သူမသည် ထိုအမျိုးသား၏ စာကြည့်ခန်းတံခါးဝတွင် လာရောက်ဒူးထောက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဒူးထောက်လွန်းသဖြင့် သူမ၏ ဒူးနှစ်ဖက်စလုံး အေးစက်ပြီး ထုံကျင်လာသည်အထိ... စာကြည့်ခန်းအတွင်းမှ မည်သည့် ခြေသံမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

All Chapters