← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉ - သူတို့နှစ်ယောက်ပဲ တစ်ယောက်နဲ့တစ်ယောက် ရကြပါစေ

ရှဲ့နင်းထန်သည် အလွန်အမင်း ဝမ်းနည်းပူဆွေးစွာဖြင့် မျက်ရည်စက်လက် ငိုကြွေးနေသည်။

"ရှီဇီအစ်ကို... ကျွန်မ တကယ်မှားမှန်းသိပါပြီ... နောက်နောင် ဒီလိုမိုက်မဲတဲ့အလုပ်မျိုး ဘယ်တော့မှမလုပ်တော့ဘူးလို့ ကျိန်ဆိုရဲပါတယ်... ဒီတစ်ကြိမ်တင်ပဲ ခွင့်လွှတ်ပေးလို့မရဘူးလား... ပြီးတော့... ကျွန်မ ဒါတွေလုပ်ခဲ့တာလည်း ရှီဇီအစ်ကို့အတွက်ကြောင့်ပါ... ရွှယ်နင်က ရှီဇီအစ်ကို့ကို လုယူသွားမှာ ကြောက်လို့ပါ... ရှီဇီအစ်ကိုသာ ကျွန်မကို လုံခြုံမှုအပြည့်အဝ ပေးခဲ့မယ်ဆိုရင် ကျွန်မ ဒီလောက်အထိ မိုက်မဲတဲ့အလုပ်မျိုး လုပ်မိမှာမဟုတ်ဘူး..."

စုကျန်းသည် တံခါးကို ဝုန်းကနဲ တွန်းဖွင့်လာခဲ့သည်။ သူ၏ခန့်ညားသော မျက်နှာထက်တွင် ဆီးနှင်းကဲ့သို့ အေးစက်တင်းမာမှုများ ဖုံးလွှမ်းနေ၏။

ရှဲ့နင်းထန်၏မျက်နှာတွင် ဝမ်းသာအားရ အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ရှီဇီအစ်ကို... နောက်ဆုံးတော့ နင်းထန်ကို တွေ့ဖို့ သဘောတူလိုက်ပြီပေါ့!"

စုကျန်းက နှာခေါင်းရှုံ့ကာ အထက်စီးမှနေ၍ ရှဲ့နင်းထန်ကို စိုက်ကြည့်လိုက်သည်။

"ငါက မင်းကို ဘယ်နေရာမှာ လုံခြုံမှုမပေးနိုင်ခဲ့လို့လဲ"

ရှဲ့နင်းထန်က မလျှော့သောဇွဲဖြင့် ပြန်လည်ပြောဆိုသည်။

"ရှီဇီအစ်ကိုက ရွှယ်နင်ကို ကိုယ်လုပ်တော်အဖြစ် မြှောက်စားချင်တယ်လို့ ပြောခဲ့တယ်လေ"

စုကျန်း မျက်မှောင်ကြုတ်သွားသည်။

"သူ(မ)ကို ကိုယ်လုပ်တော်အဖြစ်ပဲ ထားမှာလေ။ မင်းကတော့ အမြဲတမ်း ငါ့ရဲ့အဓိကဇနီး ဖြစ်နေမှာပဲ။ မင်းက ဒါထက်ပိုပြီး ဘာတွေလိုချင်နေသေးတာလဲ"

ရှဲ့နင်းထန်၏ မျက်ဝန်းများ နီမြန်းလာသည်။

"ဒါပေမဲ့ နင်းထန်က ရှီဇီအစ်ကို့ကို တကယ်ချစ်တာလေ။ ရှီဇီအစ်ကို့ကို နောက်ထပ်မိန်းမတစ်ယောက်နဲ့ မမျှဝေချင်ဘူး။ တစ်စုံတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင် အဲဒီလူကို နောက်မိန်းမတစ်ယောက် ယူခွင့်ပေးမှာမဟုတ်ဘူး"

မိန်းကလေးငယ်၏ စကားလုံးများတွင် စစ်မှန်သော ခံစားချက်များ ပါဝင်နေပြီး ယုတ္တိလည်း ရှိနေသည်။

စုကျန်းသည် စိတ်မရှည်စွာဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိပြီး ခဏလောက် ပြန်လည်ချေပရန် စကားလုံး ရှာမရဖြစ်သွား၏။

ထိုအချိန်တုန်းက... သူသည် ရွှယ်နင်ကို ပိုင်ဆိုင်လိုသည့် စိတ်ကူးများ တကယ်ပင် ရှိခဲ့ဖူးသည်။

နောက်ပိုင်းညများတွင်ပင် သူမနှင့် ရင်းနှီးကျွမ်းဝင်ရသည့် အိပ်မက်များကို မကြာခဏ မက်ခဲ့သေး၏။

ထိုအိပ်မက်များထဲတွင် သူက ရွှယ်နင်ကို မုန်းတီးဖို့နေနေသာသာ... သူမကို သူ့အရိုးထဲအထိ ကြေမွမတတ် ဖက်တွယ်ထားချင်ပြီး၊ သူ့အောက်မှာ ချုပ်နှောင်ကာ အမြဲတမ်း ဘေးနားမှာပဲ ရှိနေစေချင်ခဲ့တယ်။ သူမက အခြားသူတစ်ယောက်ကို ဖျတ်ခနဲ ကြည့်လိုက်ရုံမျှဖြင့်ပင် သူ့ဒေါသကို နှိုးဆွပေးသလို ဖြစ်ခဲ့တယ်။

စုကျန်းသည် ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်မရသော အတွေးများကြောင့် လန့်ဖျန့်သွားရပြီး မျက်မှောင်ကို ပိုမိုတွန့်ချိုးလိုက်မိသည်။

သူက အေးစက်စွာ ပြောလိုက်၏။

"ငါ့ဘေးမှာ မင်းရဲ့အဆင့်အတန်းကို ဘယ်သူမှ ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူးလို့ ငါကတိပေးပြီးပြီပဲ"

ရှဲ့နင်းထန်၏ မျက်ဝန်းများတွင် မကျေနပ်ချက်များဖြင့် မျက်ရည်များ ဝဲတက်လာသည်။

"ရှီဇီအစ်ကိုက ကျွန်မကို တကယ်လက်ထပ်ချင်တယ်ဆိုရင် ရွှယ်နင်ကို တခြားသူတစ်ယောက်ယောက်နဲ့ လက်ထပ်ဖို့ ကိုယ်တိုင် စီစဉ်ပေးလိုက်ပါ"

စုကျန်း၏ မျက်နှာတစ်ခုလုံး မှောင်မည်းသွားသည်။

"ရှို့နင်း... မင်း လွန်မလာနဲ့"

ရှဲ့နင်းထန်က ခါးသီးစွာ ပြုံးလျက် လှောင်ပြောင်သရော်လိုက်သည်။

"ရှီဇီအစ်ကို့ရဲ့ စိတ်ထဲမှာ သူ(မ)အပေါ် ခံစားချက်တွေ ရှိနေတာ မဟုတ်လား"

စုကျန်းက စိတ်မရှည်စွာဖြင့် ပြန်ပြောသည်။

"မရှိဘူး"

ရှဲ့နင်းထန် နှုတ်ခမ်းကို ကိုက်လိုက်သည်။

"အဲလိုဆိုရင်လည်း... ရွှယ်နင်နဲ့ လီချန်ချဲ့တို့ကိုပဲ အတူတူရှိခွင့် ပေးလိုက်ပါတော့"

စုကျန်း မျက်မှောင်ကုတ်သွားသည်။

"မင်း ဘာကို ဆိုလိုတာလဲ"

ရွှယ်နင်နှင့်မတူဘဲ ရှဲ့နင်းထန်တွင် ရီဝမ်ဖူ (ရီမင်းသားအိမ်တော်) ဟူသော နောက်ခံအင်အား ရှိနေသည်။ ထို့ကြောင့် သူမက လက်ထဲရှိ ဖဲချပ်အားလုံးကို စားပွဲပေါ်တင်ကာ အပြတ်အသတ် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည်။

"သူ(မ) ဓားဒဏ်ရာရတုန်းက ဒဏ်ရာကို ဆေးထည့်ပေးဖို့ အဝတ်အစားတွေ ချွတ်ပေးခဲ့တာ လီချန်ချဲ့ဆိုတာ ကျွန်မ ကြားသိခဲ့ရတာ ကြာပြီ။ ဒီနေ့ ရွှယ်နင်ရဲ့ဒဏ်ရာ ပြန်ပွင့်သွားတုန်းကလည်း ချီယွင်ဆောင်မှာ ကူညီပေးခဲ့တာ လီချန်ချဲ့တစ်ယောက်တည်းပဲ ရှိတာ။ သူ(မ)နဲ့ လီချန်ချဲ့က ခန္ဓာကိုယ်ချင်း နီးစပ်လွန်ကျူးခဲ့ပြီးပြီမလို့ လက်ထပ်သင့်နေပါပြီ။ ရှီဇီအစ်ကိုက နင်းထန်နဲ့ လက်ထပ်ချင်သေးတယ်ဆိုရင် ရွှယ်နင်ကို လီချန်ချဲ့နဲ့ပဲ လက်ထပ်ခွင့်ပြုလိုက်ပါ။ ဒါမှသာ နင်းထန်လည်း စိတ်အေးလက်အေးနဲ့ လက်ထပ်နိုင်မှာ။ မဟုတ်ရင်တော့...ကျွန်မ မနက်ဖြန်ပဲ အထုပ်အပိုးတွေပြင်ပြီး ယုံကျိုးကို ပြန်တော့မယ်!"

ပြောပြောဆိုဆိုဖြင့် သူမသည် မျက်ရည်များ တရဟောစီးကျလျက် ကြမ်းပြင်မှ ထရပ်လိုက်သည်။

သူမ၏ ဒူးနှစ်ဖက်စလုံးမှာ နာကျင်ကိုက်ခဲကာ ထုံကျင်နေသော်လည်း စုကျန်းကို သူမ၏ ပြတ်သားသော ဆန္ဒကို ပြသရန်အတွက် ညည်းတွားသံတစ်ချက်မျှပင် မပြုခဲ့ပေ။

ရွှယ်နင်က သူမရဲ့ယောက်ျားကို လုယူသွားမယ့်အစား သူမ လက်မထပ်ဘဲ နေလိုက်မယ်။

စုကျန်းသည် နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ရင်ထဲတွင် အလွန်အမင်း စိတ်ရှုပ်ထွေး လှုပ်ခတ်သွားသည်။ သို့သော် ရှဲ့နင်းထန်နှင့် ရီဝမ်ဖူကို နှစ်သိမ့်ရန်အတွက် လောလောဆယ်တွင် လိုက်လျောရန်မှတစ်ပါး အခြားမရှိတော့ချေ။

"ကောင်းပြီ... ငါ သဘောတူတယ်"

ရှဲ့နင်းထန်၏ နှလုံးသားသည် ဝမ်းသာအားရဖြင့် ခုန်ပေါက်သွားသော်လည်း မျက်နှာကို တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

"ရှီဇီအစ်ကို... တကယ်ပြောတာလား"

စုကျန်းက စိတ်မကျေနပ်မှုများကို မျိုသိပ်ထားပြီး မျက်နှာကို အေးစက်စွာ ထားရင်း ပြန်ဖြေလိုက်သည်။

"အင်း"

ရှဲ့နင်းထန်သည် မျက်ဝန်းထောင့်မှ မျက်ရည်များကို အမြန်သုတ်ကာ စုကျန်းအနားသို့ တိုးကပ်သွားပြီး ခြေဖနောင့်မြှောက်ကာ သူ့ကို နမ်းလိုက်သည်။

စုကျန်း သတိမမူမိခင်မှာပင် သူမက ရှက်သွေးဖြာစွာဖြင့် ဂါဝန်စကိုပင့်မကာ ထွက်ပြေးသွာ၏။

စုကျန်းက ရှဲ့နင်းထန် နမ်းသွားသည့်နေရာကို လက်ချောင်းထိပ်ဖြင့် သုတ်လိုက်ပြီး သူ့မျက်ဝန်းများတွင် စူးရှပြီး အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

မင်ယွဲ့ဆောင်မှ ဝမ်ရှိုခန်းမသို့ အပြန်လမ်းတွင် ရှဲ့နင်းထန်၏ မျက်နှာထက်၌ ရှက်သွေးဖြာမှုများ လွှမ်းမိုးနေဆဲပင်။

သူမသည် ရေနွေးအိုး အမြန်ပြင်ခိုင်းပြီးနောက် ရေချိုးကာ အဝတ်အစားလဲ၍ ကုတင်ပေါ်တွင် လှဲလိုက်၏။

သူမရဲ့ အနမ်းကြောင့် ကြောင်အသွားတဲ့ စုကျန်း၏ ပုံစံကို တွေးမိတိုင်း သူမ ရင်ထဲတွင် ကြည်နူးမှုများဖြင့် လှုပ်ခတ်နေမိသည်။

အခန်းထဲရှိ အစေခံမများ အားလုံး ထွက်ခွာသွားကြပြီဖြစ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး မီးမှိန်မှိန်သာ လင်းနေတော့သည်။

သူမသည် နီမြန်းနေသော သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ‘ရှီဇီအစ်ကိုလည်း ဒီည ငါ့လိုပဲ အိပ်မပျော်နိုင် ဖြစ်နေမလား’ ဟု ရှက်ကိုးရှက်ကန်း တွေးတောနေစဉ် အပေါ်ဘက်ရှိ ကုတင်မျက်နှာကြက်မှ အရာတစ်ခု စိမ့်ထွက်လာတာကို ခံစားလိုက်ရသည်။

တောက်... တောက်... ဟူသော အသံသဲ့သဲ့ ထွက်ပေါ်လာ၏။

သူမ လက်များကို ဖြည်းညှင်းစွာ ဖယ်လိုက်သော်လည်း မှေးမှိန်နေသော မီးရောင်အောက်တွင် သဲသဲကွဲကွဲမမြင်ရဘဲ ကုတင်မျက်နှာကြက်ပေါ်၌ ကြောက်မက်ဖွယ်ရာ အမှောင်ရိပ်တစ်ခု ဖြန့်ကျက်လာတာကိုပဲ အာရုံခံမိသည်။

အပေါ်မှ အရာတစ်ခုသည် ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူမ သတိမမူမိခင်မှာပင် သူမ၏ မေးစေ့ကို တင်းတင်းကျပ်ကျပ် ညှစ်ပိတ်လိုက်သည်။

မေးရိုးပြုတ်ထွက်မတတ် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူမ ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေမိသည်။ အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်စဉ်မှာပင် ထိုတစ္ဆေကဲ့သို့ အမှောင်ရိပ်က ညှီစော်နံလှသော သွေးတစ်ခွက်ကို သူမ၏ မေးစေ့ကိုဆွဲဖြဲကာ အတင်းအဓမ္မ လောင်းထည့်လိုက်တော့သည်။ ၎င်း၏အရသာမှာ အလွန်ပင် ရွံရှာဖွယ်ကောင်း၏။ သူမ အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း အများစုကို မျိုချမိသွားသည်။

သူမက ဒေါသတကြီးဖြင့် ပျို့အန်မတတ် ဖြစ်သွားပြီး ဘယ်သူက ဒီလိုမျိုး ယုတ်မာတဲ့ ပြက်လုံးမျိုး လာကစားနေလဲဆိုတာကို ကြည့်ရန် အတင်းထထိုင်ရန် ကြိုးစားလိုက်သည်။

သို့သော် သူမ ကိုယ်ကို မတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်သီးချက်တစ်ခု ကျရောက်လာပြီး သတိလစ် မေ့မြောသွားခဲ့သည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် မင်းသမီးကို ပြုစုစောင့်ရှောက်ရသည့် အစေခံမလေးသည် မင်းသမီး နိုးမလာသေးတာကို မြင်သဖြင့် အတွင်းခန်းတံခါးကို တွန်းဖွင့်ကာ ကုတင်လိုက်ကာများကို ဆွဲဖွင့်လိုက်လေသည်။ ကုတင်ထက်တွင် တစ်မျက်နှာလုံး သွေးများပေပွနေသော အမျိုးသမီးကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမသည် တစ်အိမ်တော်လုံး တုန်လှုပ်သွားလောက်အောင် စူးစူးဝါးဝါး အော်ဟစ်လိုက်တော၏။

"အားးးးး—"

.........

"တကယ်ကြီး။ မင်းသမီးရှို့နင်းက မနေ့ညက သရဲနဲ့တိုးတာတဲ့။ သရဲက ကုတင်ပေါ်အထိ တက်လာပြီး ဝက်သွေးအိုးကြီးတစ်လုံးကို အတင်းတိုတိုက်သွားတာတဲ့လေ"

ရွှယ်နင်သည် တိတ်ဆိတ်စွာ နားထောင်နေရင်း သူမ၏ မျက်တောင်ရှည်များက အနည်းငယ် တုန်ခါသွားသည်။

"ဝက်သွေး ဟုတ်လား..."

"ဟုတ်တယ်သခင်မလေး"

ပေါင်ချန်က ဆေးပန်းကန်ကို ကိုင်ဆောင်ကာ ကုတင်ဘေးတွင် ဝင်ထိုင်ရင်း စိတ်ထဲမှ တိတ်တဆိတ် ဝမ်းသာအားရဖြင့် ပြန်ဖြေသည်။

"အဲဒီအစေခံမလေး အော်လိုက်တဲ့အသံကို သခင်မလေး မကြားလိုက်ရဘူး။ ကျွန်မဆို ဝေးဝေးကနေတောင် ကြားရတယ်။ မင်းသမီးရဲ့ မျက်နှာတစ်ခုလုံး သွေးတွေပေပွနေပြီး ညှီစော်နံတာမှ မိုင်ပေါင်းများစွာအထိ ရောက်တယ်လို့ ပြောကြတယ်"

ရွှယ်နင်၏ စိတ်ထဲတွင် အဖြေတစ်ခု ရှိနေနှင့်ပြီးသား ဖြစ်ရာ သူမ၏ နှုတ်ခမ်းထောင့်တွင် မထင်မရှား အပြုံးတစ်ခု ပေါ်လာသည်။

သွေးအလွန်အမင်း ထွက်ထားသဖြင့် သူမ၏ နှုတ်ခမ်းများမှာ ဖြူဖျော့နေ၏။ သူမသည် ခါးသက်သော ဆေးရည်ကို တစ်ငုံချင်း အသာအယာ သောက်ရင်း အားနည်းသောအသံဖြင့် မေးလိုက်သည်။

"ဒါကို ဘယ်သူက နောက်ပြောင်ကျီစယ်ခဲ့တာလဲဆိုတာ စုံစမ်းလို့ ရပြီလား"

ပေါင်ချန်က တဟီးဟီး ရယ်သည်။

"မရသေးဘူးသခင်မလေး။ အဲဒီလူမည်းက အရိပ်အယောင်မပြဘဲ ဖမ်းရခက်လွန်းလို့ ရှီဇီကိုယ်တိုင်တောင် ဘာခြေရာလက်ရာမှ ရှာမတွေ့ဘူးတဲ့။ မင်းသမီးရှို့နင်းကတော့ ငိုလိုက်တာမှ အကြာကြီးပဲ။ သခင်မကြီးလည်း မနက်ခင်းတစ်ခုလုံး သူ(မ)ကိုပဲ ချော့မော့နေရတယ်လို့ ကြားတယ်။ အခုတော့ သူ(မ)အတွက် ရှီဇီရဲ့ မင်ယွဲ့ဆောင် ဘေးမှာပဲ အဆောင်အသစ်တစ်ခု ပြင်ပေးနေကြပြီ"

ရွှယ်နင်၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။ သူမသည် ခါးသက်သော ဆေးရည်ကို နောက်ဆုံးတစ်ဇွန်းအထိ သောက်လိုက်၏။

"ကောင်းတာပေါ့"

သူမ၏သခင်မလေး စိတ်မကောင်းမဖြစ်တာကို မြင်သဖြင့် ပေါင်ချန်က ပြုံးလိုက်သည်။

"ဒါနဲ့ သခင်မလေး... နောက်ထပ် သတင်းကောင်းတစ်ခု ရှိသေးတယ်"

ယနေ့တွင် ရွှယ်နင်သည် အလွန်ပင် မောပန်းနွမ်းနယ်နေပြီး သူမ၏ အကြည့်များလည်း မကြာခဏ အဝေးသို့ ရောက်ရှိကာ အာရုံမစိုက်နိုင် ဖြစ်နေသည်။ သူမက ပေါင်ချန်ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးပြသည်။

"ဘာသတင်းလဲ"

ပေါင်ချန်က နှုတ်ခမ်းကို ကွေးညွတ်ကာ ပြောရန်ပြင်စဉ်မှာပင် အပြင်ဘက်မှ ပေါင်ယွီ၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။

"သခင်မလေး... ရှီဇီ ရောက်လာပါတယ်"

ရွှယ်နင်၏ နုနယ်သော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ သူမက ဆေးပန်းကန်ကို ပေါင်ချန်ထံ ကမ်းပေးလိုက်၏။

"သွားတားလိုက်။ သူ့ကို အထဲပေးမဝင်နဲ့"

ပေါင်ချန်က အလျင်အမြန် ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ သခင်မလေး"

သို့သော် သူမ၏ အင်အားက အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်သည့် စုကျန်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပေ။

ထို့အပြင် စုကျန်း၏ဘေးတွင် အလွန်ထက်မြက်သော သိုင်းပညာရှင် မော့ပိုင်လည်း ပါဝင်နေသေး၏။

ပေါင်ချန်သည် ပူပန်သောက ရောက်နေသော မျက်နှာဖြင့် အခန်းထဲသို့ အလောတကြီး ပြန်ဝင်လာသည်။

"သခင်မလေး... ကျွန်မ... ကျွန်မ သူ့ကို တားမရလိုက်ဘူး..."

ရွှယ်နင် မျက်ဝန်းများကို မှိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ရပါတယ်... ဘာမှမဖြစ်ဘူး"

စုကျန်းသည် ကုတင်ဘေးသို့ လျှောက်လှမ်းလာသော်လည်း ဝင်မထိုင်ခဲ့ပေ။

သူက ထူထဲသော ကုတင်လိုက်ကာကို ဖြတ်ကျော်လျက် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အတွင်းခန်းရှိ မိန်းကလေးကို လှမ်း၍ ပြောလိုက်သည်။

"မနေ့က မင်းရဲ့ဒဏ်ရာ ပြန်ပွင့်သွားတယ်လို့ ငါကြားတယ်"

All Chapters