← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀ - သတင်းကောင်းတစ်ခု

ရွှယ်နင်၏ လေသံက အေးစက်တည်ငြိမ်သည်။

"ရှီဇီ စိတ်ပူပေးဖို့ မလိုပါဘူး"

သူမ၏ အေးစက်မှုကြောင့် စုကျန်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူက မျက်မှောင်ကြုတ်ဿ သတိပေးလိုက်၏။

"ရွှယ်နင်... ငါက မင်းရဲ့အစ်ကိုပဲ"

ရွှယ်နင်က မထင်မရှား ပြုံးလိုက်သည်။ သူမ၏ ကြည်လင်တောက်ပပြီး လှပသော မျက်ဝန်းများင အေးစက်စိမ်းကားနေ၏။

"ကျွန်မတို့က သွေးသားမတော်စပ်ပါဘူး... ကျမ်းသစ္စာပြုထားတဲ့ မောင်နှမအဆင့်ပဲလေ။ ကျွန်မ စိတ်ကြိုက် ခေါ်ပိုင်ခွင့်ရှိပါတယ်။ ဒါလေးနဲ့တင် ရှီဇီက စိတ်ဆိုးပြီး ကျွန်မကို နောက်တစ်ကြိမ် ထပ်တွန်းထုတ်ဦးမလို့လား"

စုကျန်း နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ သူမသည် မနေ့က သူ၏ စိတ်မထိန်းနိုင်မှုကို လှောင်ပြောင်နေခြင်းဖြစ်မှန်း သူသိ၏။

သူမရဲ့ ဒဏ်ရာဟာ အစကတည်းက သူကြောင့်ရခဲ့တာဖြစ်ပြီး မနေ့ကလည်း သူကြောင့်ပင် ဒဏ်ရာ ပြန်ပွင့်ခဲ့ရသည်။

ထို့ကြောင့် သူ့ရင်ထဲတွင် အနည်းငယ် အပြစ်မကင်းသလို ခံစားရတာကြောင့် ဒီနေ့ သူမကို တွေ့ဆုံအားပေးရန်နှင့် အဖော်ပြုပေးရန် အဖိုးတန်ဆေးဝါးများကို အထူးတလည် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

"မနေ့က ငါ့ဘက်က မှားသွားတယ်။ ငါ့ကို ဒေါသထွက်အောင် ဒီလိုစကားမျိုးတွေ ပြောဖို့မလိုပါဘူး။ ဒီဆေးတွေက မင်းအတွက်ပဲ။ တချို့ဆို နန်းတော်က ပေးထားတဲ့ အပြင်မှာ ရှာမရနိုင်တဲ့ အဖိုးတန်ဆေးတွေ"

သူမက ဝမ်းသာအားရဖြင့် ကျေးဇူးတင်ကာ အရင်ကလိုမျိုး ကြည်လင်တောက်ပပြီး အရည်လဲ့နေတဲ့ မျက်ဝန်းများဖြင့် သူ့ကို ကြည့်လာလိမ့်မယ်လို့ သူမျှော်လင့်ထား၏။

သို့သော် အခုတော့ ဘာမှမရှိချေ။ သူမက ကုတင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ့ကို ဖျတ်ခနဲမျှပင် လှည့်မကြည့်ချင်တော့ပေ။

"ကျွန်မ အိပ်ချင်ပြီ။ ရှီဇီ့မှာ အသိတရား အနည်းငယ်ရှိသေးရင်... ကျွန်မ ဒဏ်ရာသက်သာအောင် မနှောင့်ယှက်ပါနဲ့တော့"

အဆုံးမှာ ဒီဒဏ်ရာအားလုံးက သူကြောင့်ပဲ ဖြစ်ခဲ့ရတာ မဟုတ်လား။

စုကျန်း၏ ရင်ဘတ်ထဲတွင် မဖော်ပြတတ်အောင် လေးလံဆို့နင့်ပြီး စိတ်ပျက်စရာ ကောင်းသော ဒေါသများ ပြည့်နှက်လာသည်။

သူက အံကြိတ်ကာ လေသံနှိမ့်၍ ပြောလိုက်၏။

"ရွှယ်နင်... ကျေးဇူးမကန်းနဲ့"

ရွှယ်နင်၏ မျက်ခုံးများ တင်းတင်းကျပ်ကျပ် တွန့်ချိုးသွားပြီး နှလုံးသားတစ်ခုလုံး ထုံကျင်သွားသည်။

သို့သော် သူမ ဘာမှပြန်မပြောဘဲ စုကျန်းကို စကားမပြောချင်ရုံသာမက ကြည့်ပင်မကြည့်ချင်တော့သဖြင့် မျက်ဝန်းများကို တင်းတင်းမှိတ်ထားပြီး သူအမြန်ဆုံး ထွက်သွားရန်သာ ဆုတောင်းနေမိသည်။

စုကျန်းသည် ကုတင်လိုက်ကာနောက်က ကျောခိုင်းထားသော မိန်းကလေးကို စိုက်ကြည့်ရင်း အသည်းအသန် ဒေါသကို မျိုသိပ်လိုက်ရသည်။

"ရွှယ်နင်... မင်းအတွက် ဆေးတွေ ငါယူလာပေးပြီးပြီ။ မင်းတစ်ချိန်က ငါ့အသက်ကို ကယ်ခဲ့ဖူးရုံတင်နဲ့ ငါ့အထက်ကနေ စိတ်ဆိုးစိတ်ကောက်ပြလို့ ရမယ်မထင်နဲ့။ရွှမ်းယီနယ်စားမင်းအိမ်တော်က မင်းရဲ့ စိတ်အလိုကို လိုက်မယ့်နေရာ မဟုတ်ဘူး။ ပြီးတော့... ပြီးခဲ့တဲ့အကြိမ်က မင်းကို ကိုယ်လုပ်တော်အဖြစ် မြှောက်စားမယ်လို့ ငါပြောခဲ့တဲ့ ကိစ္စကတော့—"

သူ စကားကို ခဏရပ်လိုက်သည်။ သူ့လည်ချောင်းမှာ အကြောင်းရင်းမရှိ ခြောက်သွေ့အက်ကွဲနေ၏။

"အဲဒါ မဖြစ်နိုင်တော့ဘူး"

ရွှယ်နင်သည် မျက်ဝန်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူမ၏ သေးငယ်သော မျက်နှာလေးကို ခေါင်းအုံးပေါ်သို့ အသာအယာ မှီတင်လိုက်သည်။

စုကျန်းက ဆက်ပြောသည်။

"မင်း လက်ထပ်ချင်နေတာ မဟုတ်လား။ ကောင်းပြီလေ... မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"

ရွှယ်နင် နောက်ဆုံးတော့ လှုပ်ရှားလာခဲ့သည်။ သူမသည် ကုတင်လိုက်ကာကို ဆွဲဖွင့်လိုက်တဲ့အခါ ဖြူဖျော့သော်လည်း အလွန်လှပသော မျက်နှာလေး ပေါ်ထွက်လာသည်။

"ဘာကို ဆိုလိုတာလဲ"

စုကျန်း၏ နှုတ်ခမ်းပါးတို့က မျဉ်းဖြောင့်အတိုင်း တင်းတင်းစေ့သွားပြီး သူမ၏ သွေးမရှိဘဲ ဖြူဖျော့နေတဲ့ ပါးပြင်ကို အေးစက်စွာ ကြည့်လိုက်သည်။

"လီချန်ချဲ့နဲ့ မင်းရဲ့ အိမ်ထောင်ရေးကိစ္စကို အဘွားနဲ့ ငါ ပြောဆိုပြီးပြီ"

ရွှယ်နင် ခဏလောက် ကြောင်သွားပြီး သူမ၏ ဝိုင်းစက်သော မျက်ဝန်းများတွင် ဝေခွဲမရမှုများ ပြည့်နှက်သွားသည်။

"ကျွန်မနဲ့... လီချန်ချဲ့ ဟုတ်လား..."

အကြောင်းရင်းကို မသိရဘဲ စုကျန်းသည် သူမ၏ မျှော်လင့်ချက် ပြည့်နှက်နေတဲ့ မျက်နှာအမူအရာကို ကြည့်ရတာကို အလွန်ပင် မုန်းတီးမိသည်။ သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သရော်သော အပြုံးတစ်ခု ပေါ်လာ၏။

"မင်းကိုယ်တိုင်ပဲ လော်အိမ်တော်မှာ မင်းနဲ့ လီချန်ချဲ့တို့ ခန္ဓာကိုယ်ချင်း နီးစပ်ခဲ့တယ်လို့ လူအများရှေ့မှာ အတိအလင်း ကြေညာခဲ့တာ မဟုတ်လား"

ရွှယ်နင် မှတ်မိသွားတယ်။ အဲ့ဒီနေ့တုန်းက သူမ ဒေါသအရမ်းထွက်ပြီး လူအများရှေ့မှာ ထိုစကားများကို ပြောဆိုမိရင်း သခင်လေးလီကိုပါ ဆွဲထည့်မိခဲ့တာ ဖြစ်သည်။

သို့သော် သခင်လေးလီနှင့် သူမကို ပေးစားရန် စုကျန်းက ကိုယ်တိုင်ဦးဆောင်ပြီး စီစဉ်ပေးလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။

"မင်းဆန္ဒအတိုင်းပဲ... လီချန်ချဲ့ကသာ မင်းကို ယူချင်တယ်ဆိုရင် မင်း သူ့ကို လက်ထပ်နိုင်တယ်"

စုကျန်း၏ လေသံထဲတွင် ပါဝင်နေသော လှောင်ပြောင်သရော်မှုများကို ရွှယ်နင် အထင်အရှား သိရှိနိုင်သည်။

သို့သော် သူမ ဘာမှပြန်လည်ချေပခြင်းမရှိဘဲ မျက်ဝန်းများကို ကွေးညွတ်ကာ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

"စုကျန်း.. ရှင် နောက်ဆုံးတော့ ကျွန်မကို ပျော်ရွှင်စေမယ့် အလုပ်တစ်ခု လုပ်ပေးခဲ့တာပဲ"

သူမရဲ့ စကားကြောင့် စုကျန်း၏ နှလုံးသား တစ်ချက်တွန့်သွားပြီး မျက်နှာတစ်ခုလုံး မုန်တိုင်းထန်တော့မည့်အတိုင်း မှောင်မည်းသွား၏။

ရွှယ်နင်ကတော့ သူ ဘာတွေးတွေး ဂရုမစိုက်တော့ဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကို ပြုံးထားဆဲပင်။

"နောက်ထပ် ပြောစရာ ရှိသေးလား"

စုကျန်း၏ မျက်ဝန်းများ မှုန်မှိုင်းသွားသည်။

"ဒဏ်ရာသက်သာအောင်ပဲ အာရုံစိုက်ထားပါ။ နယ်စားမင်းအိမ်တော်က မင်းကို မတရား မဆက်ဆံပါဘူး"

ရွှယ်နင်၏ အပြုံးက ပိုမိုတောက်ပလာသည်။

"နားလည်ပါပြီ။ အခု သွားလို့ရပါပြီ။ ကျွန်မ ဒဏ်ရာကုသနေတုန်း လာမနှောင့်ယှက်ပါနဲ့... အဲဒါဆိုရင် ကျွန်မရဲ့ဒဏ်ရာက ပိုပြီးမြန်မြန် သက်သာလာလိမ့်မယ်လို့ ယုံကြည်တယ်"

အတိတ်က ရွှယ်နင်သည် နူးညံ့သိမ်မွေ့ပြီး အလိုက်သိတတ်သော်လည်း ယနေ့ ရွှယ်နင်၏ စကားလုံးတိုင်းတွင်မူ ဆူးခက်များ ပါဝင်နေသည်။

စုကျန်း၏ ရင်ထဲ၌ အနည်းငယ်သော အပြစ်မကင်းသည့် စိတ်သာ ကျန်ရှိမနေခဲ့လျှင် သူ သူမကို ဒီလောက်လွယ်လွယ်နှင့် လွှတ်ပေးမှာ မဟုတ်ပေ။

သို့သော် သူမ၏ ဒဏ်ရာက သူ့အတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်တာကို သတိရမိသဖြင့် သူမအပေါ် စိတ်ရှည်သည်းခံမှုကို အနည်းငယ် ပိုပေးလိုက်မိသည်။

သူ့နှုတ်ခမ်းထောင့်တို့က လှောင်ပြောင်သည့်အတိုင်း ကွေးညွတ်သွား၏။ သူမ၏ ပျော်ရွှင်နေတဲ့ ပုံစံက ဟန်ဆောင်မှုတစ်ခုပဲ ဖြစ်ရမယ်လို့ သူ မတွေးဘဲမနေနိုင်ပေ။

သူမ တခြားသူတစ်ယောက်ကို တကယ်လက်ထပ်ရမယ့်နေ့ ရောက်လာရင် သူ့ကိုယ်လုပ်တော် မဖြစ်ခဲ့ရလေခြင်းဆိုပြီး သေချာပေါက် နောင်တရလိမ့်မယ်။

သူမက လှည့်စားတတ်လွန်းတဲ့အမျိုးသမီး... လိမ်ညာသူတစ်ယောက်သာဖြစ်သည်။

စုကျန်း ထွက်ခွာသွားပြီးနောက် အခန်းတွင်းရှိ အသက်ရှူကျပ်ဖွယ်ရာ လေထုမှာ နောက်ဆုံးတော့ အနည်းငယ် လျော့ပါးသွားခဲ့သည်။

ဤဝမ်းမြောက်စရာ သတင်းကောင်းကို ကြားရသဖြင့် ရွှယ်နင် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး ရုတ်တရက် ဗိုက်ဆာလာတော့သည်။

"ပေါင်ချန်... ငါ့ကို ရန်ချွမ်းခေါက်ဆွဲတစ်ပန်းကန်လောက် လုပ်ပေးပါဦး"

ပေါင်ချန်က ပြုံးလိုက်သည်။

"ဒါက ကျွန်မ ခုနက ပြောမလို့ပြင်နေတဲ့ သတင်းကောင်းပဲ သခင်မလေး။ သခင်မကြီးက ရှီဇီရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီ။ သခင်လေးလီနဲ့ သခင်မလေးရဲ့ အိမ်ထောင်ရေးကိစ္စကို စီစဉ်ဖို့ သခင်မကျန်းကို လွှဲအပ်လိုက်ပြီတဲ့"

ရွှယ်နင် ဇဝေဇဝါ ဖြစ်သွားတယ်။

"သခင်မကျန်း ဟုတ်လား..."

ပေါင်ချန်က နှုတ်ခမ်းကို စူလိုက်သည်။

"ဘာလို့လဲတော့ မသိဘူး... သခင်မကြီးက သခင်လေးလီကို နိမ့်ပါးတဲ့ နောက်ခံကလာတာဆိုပြီး အထင်သေးနေတာ။ သူက သင့်တော်တဲ့ တင်တောင်းပစ္စည်းတွေ ပေးနိုင်မှာမဟုတ်ဘူးလို့ စိုးရိမ်နေတာလေ။ ဒါကြောင့် အခုလောလောဆယ် အလုပ်မရှိဘဲ အားနေတဲ့ သခင်မကျန်းကို ဒီကိစ္စကို ကိုင်တွယ်ခိုင်းပြီး ကိုယ်လုပ်တော်နျဲ့ကို ဝင်မစွက်ဖက်အောင် တားထားတာ။ ပြီးတော့... လီမိသားစုဘက်က သိက္ခာရှိတဲ့ တင်တောင်းပစ္စည်း မပေးနိုင်ရင် နယ်စားမင်းအိမ်တော်ဘက်ကလည်း မင်္ဂလာဆောင်အသုံးအဆောင် ပစ္စည်းအများကြီး ထည့်ပေးမှာမဟုတ်ဘူးလို့ ပြောသေးတယ်။ အားလုံးက သခင်လေးလီကို ဆင်းရဲတယ်ဆိုပြီး အထင်သေးနေကြတာပဲ၊ ဒါပေမဲ့ သခင်မလေးကိုကျတော့ သူ့ကိုပဲ လက်ထပ်စေချင်နေကြပြန်ရော။ သူတို့ ဘာတွေတွေးနေလဲဆိုတာ ကျွန်မဖြင့် စဉ်းစားလို့မရဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့... ဒါက သခင်မလေးရဲ့ အကျိုးစီးပွားအတွက် လုံးဝမဟုတ်တာပဲ"

ရွှယ်နင် နောက်ဆုံးတော့ သဘောပေါက်သွားသည်။

သခင်လေးလီသည် အစ်ကိုလု၏ စစ်တပ်မှတစ်ဆင့် တုန်းကျင်းသို့ စတင်ရောက်ရှိလာစဉ်က သူ၏ ဝတ်စားဆင်ယင်မှုက အလွန်ပင် နွမ်းပါး၏။ သူ့အမူအရာတွင် မြင့်မြတ်တဲ့ ဂုဏ်သရေရှိသော်လည်း ငွေကြေးအများကြီး မရှိပုံပေါ်သည်။ ထို့အပြင် မြို့တော်သို့ ဝင်ရောက်ပြီးနောက်တွင်လည်း သူက တမင်တကာ ဖုံးကွယ်ထားပြီး သူ၏ အစစ်အမှန် ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို လုံးဝ ထုတ်မပြောခဲ့ပေ။ ထို့ကြောင့် သခင်မကြီးရှဲ့နှင့် အခြားသူများက သူ့ကို ဆင်းရဲတဲ့ မိသားစုမှ လာသူ... လုစစ်လင်နှင့် ခင်မင်ရင်းနှီးမှုရှိတာကလွဲပြီး အာဏာရှိတဲ့ နောက်ခံ သို့မဟုတ် အဆက်အသွယ် လုံးဝမရှိသည့် ဆင်းရဲနွမ်းပါးသော စာသင်သားတစ်ဦးအဖြစ်သာ မှတ်ယူထားကြခြင်း ဖြစ်သည်။

သူမဘက်ကို ကြည့်ပြန်လျှင်လည်း... ဂရုစိုက်ခြင်း မခံရသည့် မွေးစားသမီးတစ်ယောက်ဖြစ်ပြီး လော်မိသားစုနှင့် စေ့စပ်ညှိနှိုင်းမှု ပျက်ပြားခဲ့ခြင်းက သူမ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့ပြီးသား ဖြစ်သည်။

သူမ စုကျန်းကို လက်မထပ်သရွေ့... ဘယ်သူနှင့် လက်ထပ်ရသည်ဖြစ်စေ သူတို့အတွက် ဘာမှထူးခြားမည်မဟုတ်ပေ။

ဒါ့အပြင်... လီချန်ချဲ့ကလည်း အားကိုးထိုက်တဲ့ အရည်အချင်းတွေ မရှိတဲ့လူမှ မဟုတ်ဘဲလေ။

သူက ထက်မြက်သော ဉာဏ်ပညာနှင့် မပေါ်လွင်အောင် ဖုံးကွယ်ထားသည့် ထူးချွန်ထက်မြက်မှုများကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

အကယ်၍ သူသာ နောက်နှစ် နွေဦးတော်ဝင်စာမေးပွဲမှာ အောင်မြင်ပြီး အရာရှိတစ်ဦး ဖြစ်လာခဲ့ရင်... နယ်စားမင်းအိမ်တော်နှင့် ရရှိခဲ့တဲ့ ဤအိမ်ထောင်ရေး ကျေးဇူးတရားကို သတိရကာ ပြန်လည်ပံ့ပိုးကူညီလိမ့်မည်။

သခင်မကြီးရှဲ့က ငတုံး မဟုတ်ပေ။ အကျိုးအမြတ်တစ်ခုခုကို မမျှော်လင့်ဘဲနှင့် သူမ ဒီလိုမျိုး လုပ်ဆောင်မည်မဟုတ်ချေ။

ထို့ကြောင့် လီချန်ချဲ့နှင့် သူမ၏ အိမ်ထောင်ရေးကို စုကျန်းက တင်ပြလာသောအခါ သခင်မကြီးသည် တစ်ချက်မျှပင် မတွေးဘဲ ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်ပုံရသည်။

ဘယ်လိုပဲဖြစ်ဖြစ်.. အရာအားလုံးက ရွှယ်နင်၏ ဆန္ဒအတိုင်း ဖြစ်မြောက်လာခဲ့ပြီဖြစ်သည်။ သူမက အလွန်အမင်း ဝမ်းသာနေပြီး စုမိသားစု၏ ရင်ထဲ၌ ဘယ်လိုအကြံအစည်များ ကြံစည်နေကြလဲဆိုတာကို လုံးဝ ဂရုမစိုက်တော့ပေ။

"ဒါပေမဲ့ သခင်မလေး..."

ပေါင်ချန်က စိုးရိမ်တကြီးဖြင့် ပြောလာသည်။

"သခင်လေးလီက မနေ့က သဘောတူခဲ့တယ်ဆိုပေမဲ့ တခြားတစ်ယောက်ယောက်က လာပြီး ထပ်ဖျက်ဆီးဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲဟင်"

ဤတစ်ကြိမ်တွင်မူ အခြေအနေက ကွဲပြားခြားနားသွားခဲ့ပြီဖြစ်ကြောင်း ရွှယ်နင် သေချာပေါက် သိနေသည်။

"ရပါတယ်... ငါ ဒီကိစ္စကို သခင်လေးလီနဲ့ ဆွေးနွေးပြီးပြီ။ ငါတို့နှစ်ယောက် သေချာပေါက် လက်ထပ်ဖြစ်မှာပါ"

ပေါင်ချန်က စိုးရိမ်နေဆဲပင်။

"သခင်လေးလီက တကယ်ကြီး သဘောတူခဲ့တာလားဟင်"

ရွှယ်နင်က ခေါင်းညိတ်ပြ၏။

"အင်း... ဟုတ်တယ်"

ပေါင်ချန် အလွန်အမင်း ဝမ်းသာသွားပြီး သူမ၏မျက်နှာထက်တွင် မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်သွားသည်။

"သိပ်ကောင်းတာပဲ သခင်မလေး။ ဒါဆို ကျွန်မ သခင်မလေးအတွက် ခေါက်ဆွဲ သွားလုပ်ပေးတော့မယ်နော်"

"သွားလေ..."

ရွှယ်နင်၏ မျက်ဝန်းများက အရည်လဲ့ကာ တောက်ပနေသည်။ သူမ အလွန်အမင်း ဝမ်းမြောက်ကြည်နူးနေလို့ ဖြစ်ရမယ်... ဒဏ်ရာမှ နာကျင်မှုကိုပင် မခံစားရတော့ချေ။

သူမသည် ကုတင်ပေါ်မှ ထထိုင်ကာ ရင်ဘတ်ကို အသာလေး ဖိထားပြီး စာရေးစားပွဲဆီသို့ လျှောက်လှမ်းသွားသည်။ ခဏလောက် တွေးတောပြီးနောက် ဤကိစ္စကို လီချန်ချဲ့ထံ အရင်ဆုံး အကြောင်းကြားထားရန် ဆုံးဖြတ်လိုက်၏။

မဟုတ်ပါက စုယင်နှင့် အခြားသူများက နည်းလမ်းမျိုးစုံသုံးကာ နှောင့်ယှက်ပြီး သူမ၏ အိမ်ထောင်ရေးအစီအစဉ်ကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်မိသည်။

သို့သော် စာရေးစက္ကူကို ဖြန့်ခင်းလိုက်သည့်အခါတွင် ဘယ်လိုစရေးရမှန်း မသိဘဲ စကားလုံး ဆွံ့အသွားရပြန်သည်။

အကယ်၍... အခြားအမျိုးသမီးတစ်ယောက်က လီချန်ချဲ့ကို ဖြားယောင်းသွေးဆောင်ဖို့ ကြိုးစားလာရင်... သူမ ဘယ်လိုလုပ်ရပါ့မလဲ။

သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တင်းကျပ်သွားပြီး ရင်ဘတ်ထဲမှ ရုတ်တရက် ပူလောင်နာကျင်မှုကို ခံစားလိုက်ရသည်။

လော်ဝမ်ကျွင်း၏ သစ္စာဖောက်မှုက သူမကို ဒေါသနှင့် မကျေနပ်မှုကိုသာ ပေးစွမ်းခဲ့သော်လည်း နောက်ပိုင်းတွင် သူမ ဘာမှမဖြစ်ခဲ့ပေ။ အဆုံး၌ သူမက သူ့ကို ချစ်ခဲ့တာမဟုတ်ဘဲ သင့်တော်တယ်လို့ပဲ ယူဆခဲ့တာဖြစ်သည်။

သို့သော်... အကယ်၍ သခင်လေးလီသာ ဆိုလျှင်ရော.....

သူမ စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း... ရင်ထဲတွင် လေးလံဆို့နင့်မှုကိုသာ ခံစားနေရသည်။

ဒါပေမဲ့ တစ်ဖန်ပြန်တွေးကြည့်ပြန်ရလည်း... သူတို့ရဲ့ အိမ်ထောင်ရေးဟာ အစကတည်းက သဘောတူညီချက်တစ်ခုပဲ မဟုတ်လား။ သူမ ဘာလို့ ဒီလောက်အထိ လေးလေးနက်နက် တွေးတောနေမိရတာလဲ။

ထို့ကြောင့် သူမသည် စုတ်တံကို ကောက်ကိုင်ကာ ရိုးရှင်းသော စာသားအချို့ကို ရေးသားလိုက်ပြီးနောက် ထိုစာကို လုမိသားစုအိမ်တော်သို့ ပို့ဆောင်ပေးရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

All Chapters