အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) - ခင်ပွန်းဖြစ်သူအား ကာကွယ်ခြင်း
ရွှယ်နင်နှင့် လော်ဝမ်ကျွင်းတို့၏ လက်ထပ်ပွဲဆွေးနွေးမှု ပျက်ပြားသွားသည့်ကိစ္စကို တစ်စုံတစ်ယောက်က ဘယ်လိုသတင်းဖြန့်လိုက်လဲမသိပေ။
သူမက တိုင်းပြည်ကိုတောင် မှောက်လှန်နိုင်လောက်သည့် အလှတရားဖြင့် မွေးဖွားလာသူဖြစ်သော်လည်း၊ ဤကိစ္စကို သိသွားကြသည့် မိသားစုများက ထိုနေ့က လော်အိမ်တော်တွင် သူမပြောခဲ့သော ရိုင်းစိုင်းသည့်စကားများကိုပါ ကြားသိသွားကြသည်။ မင်္ဂလာမဆောင်ရသေးခင်မှာပင် သူမက အပြင်ယောက်ျားတစ်ဦးနှင့် ကိုယ်ထိလက်ရောက် ပတ်သက်ခဲ့ပြီးဖြစ်နေသည်။ ထို့ကြောင့် သူမအား သတို့သမီးအဖြစ် လက်ခံလိုသည့် ဂုဏ်သရေရှိ ဩဇာကြီးမားသော မိသားစု သိပ်မရှိတော့ပေ။
စုချင်းက ဤကိစ္စနှင့်ပတ်သက်၍ သူမကိုလှောင်ပြောင်ရန် အခွင့်အရေးကို ဘယ်တုန်းကမှ လက်မလွှတ်ခဲ့ဘဲ သူမကို အလိုမရှိတော့သည့် ပစ္စည်းဟောင်းဟု ခေါ်ဆိုခဲ့သည်။
ရွှယ်နင်က လီချန်ချဲ့နှင့် လက်ထပ်နိုင်တာ မင်းသမီး ရှို့နင်းက စုကျန်းရှေ့တွင် ဝင်ပြောပေးခဲ့တာကြောင့်သာဖြစ်တယ်လို့လည်း သူမက ပြောသေး၏။
"တွေ့လား? ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့။ ရှီဇီအစ်ကို သဘောကျတာက မင်းသမီးကိုပဲ။"
ထိုအချိန်က ရွှယ်နင်သည် ချိုးရွှေခြံဝင်းထဲမှ ယခုလေးတင် ထွက်လာခဲ့ပြီး၊ မင်းသမီး ရှို့နင်းကို သွားရှာမည့် စုချင်းနှင့် စင်္ကြံလမ်းပေါ်တွင် တိုက်ဆိုင်စွာ ဆုံမိခြင်းဖြစ်သည်။
မင်းသမီး ရှို့နင်းသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး မင်ယွဲ့ဆောင်ဘေးရှိ ခြံဝင်းတွင် တည်းခိုနေစဉ်အတွင်း ကောင်းစွာ သက်သာလာခြင်းမရှိသေးဟု ဆိုကြ၏။ သူမက နေ့စဉ် လူများနှင့်တွေ့ရန် အပြင်မထွက်ရဲပေ။ အိပ်စက်သည့်အခါတွင်လည်း တစ်စုံတစ်ယောက်က တစ်ညလုံး မီးဖွင့်ကာ အဖော်ပြုပေးထားရသည်။ သို့မဟုတ်လျှင် သူမက မျက်စိပင် မမှိတ်ရဲချေ။
စုချင်းနှင့် သခင်မတုန်းတို့က မျက်နှာလိုမျက်နှာရလုပ်ခြင်းနှင့် မြှောက်ပင့်ခြင်းတို့တွင် အကျွမ်းကျင်ဆုံးပင်။ သူတို့က မင်းသမီး၏ ခြံဝင်းသို့ နေ့တိုင်းသွားကာ အဖော်ပြုပေးပြီး သူမ၏အကြောက်တရားများ သက်သာလာစေရန် လုပ်ဆောင်ပေးကြသည်။
ယခုအချိန်တွင် လက်ပါးစေဖြစ်သည့် စုချင်းသည် မင်းသမီး ရှို့နင်းအား နွားတစ်ကောင်၊ မြင်းတစ်ကောင်လိုမျိုး ပြုစုခစားရန် သွားနေခြင်းဖြစ်သော်လည်း သူမကိုယ်သူမ ကျေနပ်ဂုဏ်ယူနေဆဲပင်။
စုချင်း၏ နှုတ်ခမ်းထောင့်များက ကျေနပ်စွာ ကွေးတက်သွားသည်။
"နင့်ကို ငါပြောနေတာလေ။ ဆွံ့အသွားတာလား?"
ရွှယ်နင်က ခံစားချက်မပါဘဲ ပြုံးလိုက်ပြီး စုချင်းကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်သည်။
"အစ်မ... သခင်လေးလီနဲ့ ကျွန်မရဲ့ မင်္ဂလာပွဲမှာ အရက်လာသောက်ဖို့ မမေ့နဲ့ဦး။"
စုချင်း၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားသည်။
"ရွှယ်နင်... နင်က အဖိုးတန်ရတနာကြီးကို လက်ထပ်လိုက်ရတယ်လို့ မထင်နဲ့။ ငါပြောလိုက်မယ်၊ ရွှမ်းယီနယ်စားမင်းအိမ်တော်ကနေ ထွက်သွားတာနဲ့ နင်က ဘာမှမဟုတ်တော့ဘူး။ ပြီးတော့ နင့်ရဲ့အဲ့ဒီသခင်လေးလီဆိုတာက ပိုပြီးတော့တောင် ဘာမှမဟုတ်သေးတယ်!"
ရွှယ်နင်းက အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ပြသလိုက်၏။
"အဲဒါက စတုတ္ထအစ်မ စိတ်ပူနေဖို့ မလိုပါဘူး။"
စုချင်းသည် ဝါဂွမ်းကို ထိုးကြိတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမက ရွှယ်နင်ကို ဒေါသထွက်အောင် မစနိုင်ခဲ့သော်လည်း ရွှယ်နင် လူရယ်စရာဖြစ်လာမည့်အချိန်ကို စောင့်ကြည့်နေဆဲဖြစ်၏။
ဘာပဲဖြစ်ဖြစ် လီချန်ချဲ့က ဆင်းရဲသည့် စာပေပညာရှင်တစ်ယောက်ဖြစ်ရုံသာမက မင်းသမီးယန်ရန်၏ သဘောကျခြင်းကိုပါ ခံနေရကြောင်း စုရှီးက စောစောစီးစီးကတည်းက စုံစမ်းသိရှိထားပြီးဖြစ်သည်။
စာကျက်ဖို့လောက်သာ သိပြီး ဆင်းရဲမွဲတေနေတဲ့ အသုံးမကျသော စာသင်သားတစ်ယောက်က... အာဏာနှင့် ရွှယ်နင်ကြားမှာ ဘယ်အရာကို ရွေးချယ်မလဲဆိုတာကို လူတိုင်းသိတယ်။
သူမက ရွှယ်နင်ကို အခြားသူများ စွန့်ပစ်သွားတာကို မြင်ချင်လှပြီ။ လက်ထပ်ပြီးမှ စွန့်ပစ်ခံရမယ်ဆိုရင် ပိုပြီးတော့တောင် ကျေနပ်စရာကောင်းလိမ့်မယ်။
"ကဲပါလေ... ငါကတော့ မင်းသမီး ပျင်းရိမနေအောင် သွားပြီး အဖော်လုပ်ပေးရဦးမယ်။ နင်ကတော့ နင့်ရဲ့ ချီယွင်ဆောင်ကိုပြန်ပြီး ဒဏ်ရာတွေ သက်သာအောင် ဖြည်းဖြည်းချင်းပဲ ကုသနေလိုက်တော့။"
ရွှယ်နင် လှည့်လိုက်စဉ် သူမ၏အပြုံးက ပေါ့ပါးပြီး ရှင်းလင်းနေသည်။
"စတုတ္ထအစ်မက မင်းသမီးကို အစေခံတစ်ယောက်လို ခစားနေတာက... ကျွန်မထက် ပိုပြီး မြင့်မြတ်နေလို့လား?"
စုချင်းက ဟန်မဆောင်နိုင်တော့ပေ။
"ရွှယ်နင်.. နင် ဘာတွေ လျှောက်ပြောနေတာလဲ!"
ရွှယ်နင်က သူမ၏ မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားဟန်ပြုလိုက်သည်။
"ကျွန်မထင်တာ မမှားဘူးဆိုရင် စတုတ္ထအစ်မ ခေါင်းပေါ်က လက်ဝတ်ရတနာတွေအားလုံးက မင်းသမီး ပေးထားတာတွေမှတ်လား? ဒီ လိပ်ပြာကျောက်စိမ်းဆံထိုးလေးက တော်တော်လေး ရင်းနှီးနေသလိုပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းသမီးရဲ့ ခေါင်းပေါ်မှာ မြင်ခဲ့ဖူးသလိုပဲ။ ဘာပဲဖြစ်ဖြစ် စတုတ္ထအစ်မက စံအိမ်တော်ရဲ့ ဂုဏ်သရေရှိ တရားဝင်သခင်မလေးပဲလေ။ ဘာလို့ သုံးနေတဲ့အရာတွေ အကုန်လုံးက တခြားသူတွေ မလိုချင်တော့တဲ့ပစ္စည်းတွေ ဖြစ်နေရတာလဲ? ဒါမှမဟုတ် စတုတ္ထအစ်မက ဒီလိုပစ္စည်းမျိုးတွေနဲ့ပဲ ထိုက်တန်လို့လား?"
စုချင်း၏ မျက်နှာမှာ ရုပ်ဆိုးသွားပြီး ပါးရိုက်ရန် လက်လွှဲလိုက်သည်။
"ဒီ မိန်းမယုတ်..."
"ရိုက်ရဲရင် ရိုက်ကြည့်လိုက်လေ။"
ရွှယ်နင်က မေးစေ့ကိုမော့ထားလိုက်ပြီး သူမ၏မျက်လုံးများတွင် အားနည်းသည့်အရိပ်အယောင် အနည်းငယ်မျှပင် မရှိဘဲ သူမ၏သူငယ်အိမ်များက နက်ရှိုင်းသောရေကန်တစ်ခုပမာ ကြည်လင်နေသည်။
"ကျွန်မက လေးလံတဲ့အရာတွေ မ,မနိုင်သလို ပခုံးပေါ်မှာလည်း ဝန်မထမ်းနိုင်ဘူး။ ပြီးတော့ အစ်မရဲ့ ရှီဇီအစ်ကိုကို ကယ်ခဲ့တဲ့ ဒဏ်ရာတွေလည်း ရှိနေသေးတယ်။ အကယ်၍ ကျွန်မသာ အရိုက်ခံရရင် သခင်မကြီးရှေ့သွားပြီး ငိုယိုပြမှာသေချာတယ်။ စံအိမ်တော်တစ်ခုလုံး ဗြောင်းဆန်သွားတဲ့အထိ ပြဿနာရှာပစ်မယ်!"
စုချင်းသည် အံကြိတ်ထားရင်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏။
"ကောင်းပြီလေ ရွှယ်နင်... နင်က ပိုပိုပြီး အာသွက်လျှာသွက် ဖြစ်လာပါလား!"
ရွှယ်နင်၏ အကြည့်က ခပ်ဖျော့ဖျော့ရှိနေဆဲဖြစ်ပြီး သူမ၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။
"ကျွန်မရဲ့ခင်ပွန်းလောင်းအကြောင်းကို အမြဲတမ်း အတင်းအဖျင်းပြောဖို့ စတုတ္ထအစ်မကို ဘယ်သူက သင်ပေးထားလို့လဲ? ကျွန်မမှာ အရည်အချင်းတွေ သိပ်အများကြီး မရှိပေမယ့် ကိုယ့်လူကိုတော့ ကာကွယ်တတ်တယ်။"
တစ်ချိန်က သူမသည် စုကျန်းကို ကာကွယ်ပေးခဲ့သော်လည်း၊ ယခု သူမ အကာအကွယ်ပေးမည့်သူမှာ လီချန်ချဲ့ ဖြစ်သည်။
သခင်လေးလီက သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီး ဘဝနှစ်ဆက်တိုင်တိုင် သူမရဲ့အသက်ကို ကယ်တင်ပေးခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူမက သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံသွားမယ်။
စုချင်းသည် ဒေါသထွက်နေသော်လည်း တကယ်တမ်းတော့ မရိုက်ရဲပေ။
ရွှယ်နင်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ပေါင်ချန်ကိုခေါ်ကာ ထွက်သွားခဲ့သည်။
စုချင်းလိုလူမျိုးက ပိုးဟပ်တစ်ကောင်နှင့်တူတယ်။ ရွံစရာကောင်းပေမယ့် အသက်အန္တရာယ်တော့ မပေးနိုင်ဘူး။
သူမ ပြဿနာမရှာသရွေ့၊ သူမအတွက် အချိန်ဖြုန်းနေစရာ မလိုပေ။
သို့သော် ထိုအချိန်က သူမသည် အရမ်းကို အလျင်စလို ထွက်ခွာသွားခဲ့သဖြင့် အနီးအနားရှိ အမိုးပါသောစင်္ကြံကို သတိမပြုမိခဲ့ပေ။
ဝေ့ဝဲကျဆင်းနေသော နှင်းပွင့်များကြားတွင် စုကျန်း၏ ချောမောသော မျက်နှာမှာ မည်းမှောင်နေပြီး သုံးပုံမှာ လှောင်ပြောင်မှုများပါဝင်ကာ ခုနစ်ပုံမှာ ဂရုမစိုက်ခြင်းများ ပါဝင်နေသည်။
ထိုနေ့နောက်ပိုင်းတွင် ရွှယ်နင်သည် ဒဏ်ရာသက်သာအောင် အနားယူမည်ဟူသော အကြောင်းပြချက်ဖြင့် သူမ၏ ချီယွင်ဆောင်တွင်သာ နေထိုင်ခဲ့ပြီး သခင်မကျန်းမှလွဲ၍ ဘယ်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်းမရှိခဲ့ပေ။
လီချန်ချဲ့နှင့် သူမ၏ လက်ထပ်ပွဲကိစ္စက သူမကိုယ်တိုင်ပင် အံ့ဩရလောက်အောင် ချောမွေ့စွာ အဆင်ပြေနေခဲ့၏။
တစ်လပိုင်း လကုန်တွင် နှစ်သစ်ကူးရောက်တော့မည်ဖြစ်တဲ့အတွက် သခင်မကြီးရှဲ့က အချိန်ကပ်လွန်းနေသည်ဟု ခံစားခဲ့ရသည်။
တစ်လပိုင်း လလယ်တွင် သခင်မကြီးရှဲ့နှင့် နယ်စားမင်းတို့က လက်ထပ်ပွဲအတွက် ဆွေးနွေးရန် လီချန်ချဲ့နှင့် ကိုယ်တိုင်တွေ့ဆုံခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ မိသားစုနှစ်စုလုံးက သိုသိုသိပ်သိပ်သာနေခဲ့ကြပြီး၊ ခမ်းနားကြီးကျယ်သော ဖိတ်ကြားမှုများကို ရှောင်ကြဉ်ကာ လူကြီးအနည်းငယ်နှင့် လီချန်ချဲ့တို့သာ သီးသန့်တွေ့ဆုံ၍ ကိစ္စပြတ်အောင် ဆွေးနွေးခဲ့ကြသည်။ သူတို့က လီမိသားစုဘက်မှ စေ့စပ်ကြောင်းလမ်းသည့် လက်ဖွဲ့ပစ္စည်းများနှင့်အတူ အောင်သွယ်တော် စေလွှတ်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခဲ့ကြ၏။
လီချန်ချဲ့က များများစားစား မပေးနိုင်မှာကို သခင်မကြီးရှဲ့ သိထားပြီး သူ့အပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
နွေဦး တော်ဝင်စာမေးပွဲများ ပြီးစီးပြီးနောက် ရွှယ်နင်ကို တတ်နိုင်သမျှ အမြန်ဆုံး လက်ထပ်ရန်နှင့် နယ်စားမင်းအိမ်တော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် စေ့စပ်ကြောင်းလမ်းသည့် လက်ဖွဲ့စာရင်းကို အလွန်အမင်း နည်းပါးမနေစေရန်သာ သူမက တောင်းဆိုခဲ့သည်။ ဟန်ပြသက်သက်ဖြစ်နေလျှင်တောင်မှ စာရင်းကို များများစားစား ဖြည့်ထားရမည်။ တကယ့်လက်တွေ့တွင် ပစ္စည်းများ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အခြားကိစ္စတစ်ခုသာဖြစ်၏။
အကြောင်းမှာ နယ်စားမင်းအိမ်တော်က ထိုကဲ့သို့သော အရာများကို ဂရုမစိုက်တာကြောင့်ဖြစ်သည်။
စုကျန်းက သူမဘက်မှနေ၍ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ မကြာသေးမီက သူသည် တရားရေးဝန်ကြီးဌာနတွင် နေ့တိုင်း အလုပ်များနေခဲ့ပြီး တစ်ခါတစ်ရံမှသာ မင်းသမီး ရှို့နင်းအား လာကြည့်ရန် နယ်စားမင်းအိမ်တော်သို့ ပြန်လာတတ်ကြောင်း ပြောကြသည်။
နယ်စားမင်းအိမ်တော်က သူမ၏ လက်ထပ်ပွဲကို စီစဉ်ပေးနေကြောင်း သိထားလျက်နှင့်ပင် သူက ဂရုမစိုက်သည့်ဟန်ဖြင့် အပြင်လူများကို ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့သည်။
"အရှက်မရှိဘဲ ဒီလို ဖြစ်ကတတ်ဆန်း လက်ထပ်လိုက်တာ... တစ်နေ့ကျရင် သူ(မ) နောင်တရလိမ့်မယ်။ ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး။ သူ(မ)အစ်ကိုတစ်ယောက်အနေနဲ့ သူ(မ)ပြန်လာတဲ့အခါကျရင် ငါ ပြန်လက်ခံပေးမှာပါ။ ရွှမ်းယီနယ်စားမင်းအိမ်တော်က ရွှယ်နင်တစ်ယောက်ကိုတော့ ကျွေးမွေးထားနိုင်စွမ်း ရှိပါတယ်။"
အဲ့လိုမျိုး သနားကြင်နာဟန်နှင့် အထက်စီးဆန်တဲ့ သဘောထားကြောင့် ရှီဇီ၏ သဘောထားကြီးမှုကို ဘယ်သူကများ မချီးကျူးဘဲ နေမှာလဲ။
ထိုအချိန်တွင် မင်းသမီး ရှို့နင်းနှင့် သူ၏ ခမ်းနားကြီးကျယ်သော မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများလည်း တဖြည်းဖြည်း စတင်လာခဲ့သည်။
မင်းသမီး ရှို့နင်း၏ မင်္ဂလာပွဲမှာ သဘာဝကျစွာပင် သူမကဲ့သို့ မွေးစားသမီးတစ်ယောက်၏ မင်္ဂလာပွဲနှင့် ကွဲပြားခြားနား၏။ နယ်စားမင်းအိမ်တော်သည် ငွေကြေးအကုန်အကျခံကာ စည်ကားသိုက်မြိုက်ပြီး ခမ်းနားထည်ဝါသော ပွဲတစ်ပွဲဖြစ်လာစေရန် ဖန်တီးပေးလေသည်။
မင်းသားရီလည်း သင်္ဘောသုံးစင်းစာ အပြည့်ပါဝင်သော မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို ယူဆောင်ကာ တုန်းကျင်းသို့ လာနေပြီ။
စုမိသားစုက မင်းသမီးရှို့နင်းကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးအဖြစ် ဆက်ဆံကြပြီး ရွှယ်နင်ကိုတော့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို စွန့်ပစ်လိုက်သကဲ့သို့ သခင်လေးလီထံသို့ ထိုးအပ်လိုက်ကြသည်။
အရောင်းအဝယ်တစ်ခုအနေဖြင့် တင်စားရလျှင် ယင်းမှာ ဈေးပေါပေါနှင့် အရှုံးခံရောင်းချလိုက်ခြင်းပင်။
ထိုကောလာဟလများကို ကြားတဲ့အခါ ရွှယ်နင်က ဘယ်လိုမှ မှတ်ချက်မပေးဘဲ ပြုံးရုံသာ ပြုံးနေခဲ့၏။
သူမ နောင်တရမှာလား?
ဟင့်အင်း။
အနာဂတ်မှာ သူမ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးသွားရမယ်ဆိုရင်တောင်မှ တစ်ခဏလေးပင် နောင်တရမည်မဟုတ်ပေ။
တစ်လပိုင်း နှောင်းပိုင်းတွင် ရွှမ်းယီနယ်စားမင်းအိမ်တော်သည် နေ့စဉ်နှင့်အမျှ အလုပ်များစွာဖြင့် ရှုပ်ထွေးနေခဲ့သည်။
အိမ်တော်၏ စာရင်းဇယားများကို တာဝန်ယူထားရသော ကိုယ်လုပ်တော်နျဲ့သည် စာရင်းစာအုပ်များကို စစ်ဆေးခြင်းနှင့် အိမ်တော်ခွဲအသီးသီးအတွက် လစဉ်စရိတ်များ တွက်ချက်ခြင်းတို့ဖြင့် အလုပ်များနေခဲ့သည်။
သခင်မကျန်းက စုကျန်း၏ မင်္ဂလာပွဲအတွက် ပြင်ဆင်မှုများကို တာဝန်ယူရသည်။
အပြင်လူတစ်ယောက်အနေဖြင့် လက်ထပ်ပြီးထွက်သွားမည်ဖြစ်တာကြောင့် သူမ၏ မင်္ဂလာလက်ဖွဲ့ပစ္စည်းများ ပြင်ဆင်ရတာ အတော်လေး ရိုးရှင်းသည်။
သတို့သားဖြစ်သူ စုကျန်းတွင်မူ လုပ်ဆောင်စရာများစွာ ရှိနေလေ၏။
မင်းသမီးရှို့နင်း၏ ချန်ယင်ဆောင်တွင် နေ့စဉ်နှင့်အမျှ ဧည့်သည်များ စဉ်ဆက်မပြတ် လာရောက်ကြပြီး စုချင်းနှင့် စုယင်ကဲ့သို့သော ညီအစ်မများက မျက်နှာချိုသွေးကာ မြှောက်ပင့်ဖားယားနေကြသည်။
အခြား ဂုဏ်သရေရှိ မိသားစုများကလည်း မင်္ဂလာသတင်းကို ကြားသည်နှင့် မင်းသမီးရှို့နင်းထံ လာရောက်လည်ပတ်ကာ မိတ်ဆွေဖွဲ့ရန် အလုအယက် ရောက်လာကြသည်။
ရွှယ်နင်၏ ချီယွင်ဆောင်ကတော့ အားလုံးက မေ့လျော့သွားကြသည့်အတိုင်း ခြောက်ကပ်ပြီး တိတ်ဆိတ်နေ၏။
သူမလည်း မကြာမီ လက်ထပ်တော့မယ်ဆိုတာ လူတိုင်း မေ့သွားကြပုံရတယ်။
သို့သော် သူမ၏ နာမည်ဂုဏ်သတင်းက ကျဆင်းနေသဖြင့် သူမတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အကျင့်စာရိတ္တများ ညစ်နွမ်းသွားကာ ကောင်းမွန်သောအိမ်ထောင်ဖက် ရနိုင်မည့်အခွင့်အရေးများ ပျက်စီးသွားမှာကို စိုးရိမ်သောကြောင့် စုမန်နှင့် ဝေ့ကျန့်ယန့်မှလွဲ၍ ဘယ်သူကမှ သူမကို မိတ်ဆွေမဖွဲ့ချင်ကြပေ။
ထိုနေ့က သူမ စကားလွန်သွားခဲ့တာကို ရွှယ်နင် သိပေမယ့် လော်ဝမ်ကျွင်းက ဒီလိုမျိုးအောက်တန်းကျတဲ့ကောင် ဖြစ်လိမ့်မယ်လို့ သူမ လုံးဝ မထင်ထားခဲ့ဘူး။
ရွှယ်နင်နှင့် သူ၏ လက်ထပ်ပွဲ ဘာကြောင့် ပျက်သွားရတာလဲဆိုပြီး တစ်စုံတစ်ယောက်က မေးလာတိုင်း၊ ရွှယ်နင်က သူ့ကွယ်ရာတွင် ဆင်းရဲသော စာသင်သားတစ်ဦးနှင့် အိပ်ခဲ့သည်ဟုသာ ပြောလေ့ရှိပြီး သူ့အမှားများကိုတော့ လုံးဝ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။